အပိုင်း၉၄
Viewers 12k

Chapter 94

Chapter 94


-----------------------


ဟယ့်ကျိုး ပြောခဲ့သော ဘူဖေးဆိုင်က ကြယ်ငါးပွင့် ဟိုတယ်၏ ဒုတိယထပ်တွင် ဖြစ်ပြီး တခြားဟိုတယ်များ ကဲ့သို့ပင် ဖြစ်ကာ ထူးခြားမှု မရှိပေ။ ပိုကောင်းသောအချက်က လူနည်းသောကြောင့် သူတို့ လူတန်းဆီစရာ မလိုတော့ပေ။ 


ကျင်းစစ်နှင့် ယင်းကျောင်းရောက်သောအခါ ဟယ့်ကျိုးနှင့် တခြားသူများက ခုံနေရာတစ်ဝက်ကို ယူထားပြီး ဖြစ်၏။


သူတို့နှစ်ယောက်ကို တွေ့သောအခါ ဟယ့်ကျိုးမှာ မထိန်းနိုင်ဘဲ ညည်းညူမိ၏။


" မင်းတို့တွေ အရမ်းကြာတာပဲ မိတ်ကပ်တွေ နေကာခရင်တွေ ကို အပြင် မထွက်ခင် လိမ်းဖို့ လိုနေလို့လား"


စားပွဲထိုးက ထိုအချိန်တွင် အနည်းငယ်နွေးနေသော လက်သုတ်ပဝါ နှစ်ခုကို ယူလာပေးသည်။ ယင်းကျောင်းက သူ့လက်ကို သုတ်လိုက်ရင်းပြောလိုက်သည်။


" လမ်းပိတ်နေလို့"


"သီအိုရီအရတော့ မဖြစ်နိုင်ဘူး" 


ဟယ့်ကျိုး ခွန်းတုံ့ပြန်ကာ ပြောလိုက်သည်။


" ဒီအချိန်က ရှုပ်တဲ့ အချိန်မှ မဟုတ်တာ"


ယင်းကျောင်းက လက်သုတ်ပဝါကို ချလိုက်ပြီး နှာမှုတ်လိုက်သည်။


 " သီအိုရီအရပြောရမယ်ဆိုရင် နိုင်ငံ့ ဘောလုံးအသင်းကလည်း ကမ္ဘာ့ဖလားကို ရနိုင်တယ်လေ"


သူက ဟယ့်ကျိုးကို လျစ်လျူရှုလိုက်ကာ မတ်တပ်ရပ်ပြီး ကျင်းစစ်ကို ဆွဲကာ ပြောလိုက်၏။


 " သွားရအောင် အစားအစာတွေ သွားယူရအောင် "


ယင်းကျောင်းက ရှည်လျားသောအရပ်ဖြင့် ထိပ်ဖက်မှ ပန်းကန် နှစ်ချပ်ကို ယူလိုက်ပြီး ကျင်းစစ်ကို ပန်းကန်တစ်ချပ်ကို လှမ်းပေးပြီး မေးလိုက်သည်။


" ဆယ်လမွန်လား ဂဏန်းအကြီးလား"


ကျင်းစစ်က ကျောက်ပုဇွန်ကို ပန်းကန်ထဲထည့်လိုက်ပြီး သူခေါင်းကို ခါကာ ပြောလိုက်သည်။


"ဟင့်အင်း"


ယင်းကျောင်းက ပြုံးလိုက်ပြီး သူ့ကို ဖိအားမပေးဘဲ သူ့ဝေစုကို ယူလိုက်သည်။ ကျင်းစစ်က ပင်လယ်စာများကို သိပ်မကြိုက်ကြောင်း အရင်တည်းက သိသည်။ သူက ငါးနှင့် ပုဇွန်ကို အနည်းငယ်သာ ကြိုက်သော်လည်း ခရုယောက်သွားနှင့် ဂဏန်းတို့ကို ထိလိမ့်မည် မဟုတ်ပေ။


ထိုနှစ်ယောက်က ရွေးပြီးရင်းရွေးနေကာ ပန်းကန်အနည်းငယ်ကို အသားနှင့် အသီးအရွက်တို့ ထည့်ရန် ယူလိုက်လေသည်။ ထို့နောက် သောက်ရန် အချိုရည်တို့ကို ယူလိုက်ပြီး စားရန် ထိုင်လိုက်ကြသည်။


ထိုထမင်းစားပွဲတွင် မည်သူမျှအဖေကျင်းအကြောင်းကို မမေးပေ။ ကျန့်ချွယ်က ကြက်သားဖတ်ကို သူ့ပါးစပ်ထဲထည့်လိုက်ပြီးနောက် သူ့ခေါင်းကို မော့ကာ ယင်းကျောင်းကို မေးလိုက်သည်။


" အစ်ကိုကျောင်း ဒီနှစ် ဆောင်းတွင်း အားလပ်ရက်ရော ခရီးထွက်မှာလား"


ယင်းကျောင်းသည် ငယ်စဥ်က တရုတ်မှ အင်္ဂလန်သို့ သွားခဲ့ရသော အကျင့်ကြောင့် ယင်းကျောင်းက ခရီးထွက်ရတာကို အလွန်နှစ်သက်ပြီး အားလပ်ရက်များတွင် တခါတရံ ခရီးထွက်တတ်သည်။


"မထွက်ဘူး" 


ယင်းကျောင်းက ကျောက်ပုဇွန်အသားကို အခွံမှ ယူရန် ခက်ရင်းကို သုံးလိုက်ပြီး ထိုအသားကို ကျင်းစစ် ပန်းကန်လုံးထဲသို့ ထည့်ပေးနေရင်းမှ ခေါင်းမမော့ဘဲ ပြောလိုက်သည်။


" ငါ့မှာ အချိန်မရှိဘူး"


ကျန့်ချွယ်က နားမလည်နိုင်ပေ။


" အားလပ်ရက်က တစ်လကျော်တောင်လေ ဘာတွေအလုပ်ရှုပ်နေလို့လဲ"


ယင်းကျောင်းက ပြုံးလိုက်ပြီး သူ့အသံထဲတွင်မူ ဂုဏ်ယူဝံ့ကြွား ဘဝင်ခိုက်မှုများပါဝင်နေကာ မာန်အနည်းငယ်တက်နေဟန်ဖြင့် ပြောလိုက်သည်။


" အချစ်မှာ ကျရှုံးနေတယ် ပြီးတော့ စာလေ့လာရမယ်"


ကျန့်ချွယ် : "..."


ဟယ့်ကျိုးက မျက်လုံးလိမ့်ပြီး သိုးသားတစ်ပိုင်းကို ခက်ရင်းဖြင့် ထိုးကာ ကိုက်ရင်းပြောလိုက်၏။


" ငါတို့အစားကောင်းစားနေတုန်း အဓိပ္ပာယ် မရှိတာတွေ ပြောတာရပ်ပေးလို့ ရမလား"


ယင်းကျောင်းက သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး " ငါ့မှာက ချစ်သူကောင်လေး ရှိပြီးသားလေ အဲ့စကားနှစ်လုံးကို ပြောတာ ဘာဖြစ်လို့လဲ"


ဟယ့်ကျိုးမှာ သည်းမခံနိုင်တော့သဖြင့် ကျင်းစစ် ဘက်ကို လှည့်ကာမေးလိုက်သည်။


" အစ်ကိုစစ် သူ့ကို ထိန်းထားပေးလို့ ရမလား"


ကျင်းစစ် နားရွက်များမှာ အနည်းငယ်နီရဲနေပြီး ယင်းကျောင်း ကြိုက်သော ဆယ်လမွန်ကို သူ့ရှေ့ချပေးလိုက်ပြီးနောက် သူ့မျက်ခွံကို ချကာ ပြောလိုက်သည်။


" စားရအောင်"


"အိုကေ စားမယ် " 


ယင်းကျောင်းက ချက်ချင်းပင် ရပ်တန့်လိုက်ပြီး ဆယ်လမွန် အသားပိုင်းလေးကို ယူလိုက်ကာ ပဲငံပြာရည်ထဲ နှစ်ပြီး သူ့ပါးစပ်ထဲထည့်လိုက်သည်။


ထိုဘူဖေးတွင် အခြားဟင်းလျာများက သာမန်သာဖြစ်သော်လည်း သိုးသားကင်တစ်ခုတည်းကသာ မဖြစ်မနေစားသင့်သောအရာဖြစ်၏။ သိုးသားကင်သည် ပြင်သစ်နည်းဖြင့် ကင်ထားခြင်း ဖြစ်ပြီး အဆီနည်းကာ ထင်းမီးသွေးဖြင့် မဟုတ်လျှင် ၎င်းတို့က ရှားပါး၏။ ၎င်းတို့က မွှေးကာ နူးညံ့နေပြီးလတ်လတ်ဆတ်ဆတ်ကင်ထားသောကြောင့် အသားမှာ ပူနေသေးကာ သိုးသားအနံ့ကို မရပေ။ 


ကျင်းစစ်က ၎င်းကို အရမ်းကြိုက်သောကြောင့် တချိန်တည်းတွင် နှစ်ခု တစ်ပြိုင်နက်တည်း စားလိုက်သည်။


ယင်းကျောင်းက သူ့အကြိုက်များကို မှတ်လိုက်ပြီး သူအရိုးကို အမှိုက်ပုံးထဲထည့်သည့်အချိန်အထိ ကြည့်နေမိသည်။ 


ယင်းကျောင်းက ပန်းကန်ထဲရှိ နောက်ဆုံး သိုးသားကို ခက်ရင်းဖြင့် လှမ်းယူလိုက်၏။


တိုက်ဆိုင်စွာပင် ဟယ်ံကျိုးကလည်း သူနှင့်အတူ ထိုအသားကို တချိန်တည်းတွင် လှမ်းယူလေသည်။


ဟယ့်ကျိုးက သိုးသားကို သူ့ဘက်သို့ အသည်းအသန် ဆွဲလိုက်ပြီး " အစ်ကိုကျောင်း ကျွန်တော့်ကို လှည့်စားဖို့ မကြိုးစားနဲ့ ကျွန်တော်က အစ်ကို့ထက် တစ်စက္ကန့် ပိုမြန်တဲ့အတွက် ကျွန်တော်ဟာပဲ"


"အိုး" ယင်းကျောင်းက ပေါ့ပေါ့ပါးပါးပြုံး၍ ပြောလိုက်၏။


" ဒီလောက်အသားတွေ အများကြီး စားနေတာ မင်းက ဒီလ ဆူမိုပြိုင်ပွဲ ဝင်ပြိုင်ရမှာ မလို့လား"


ဟယ့်ကျိုး အံ့အားသင့်နေတာကို အခွင့်ကောင်းယူကာ သူ့လက်ကို အားပိုထည့်ပြီး သိုးသားကို ခက်ရင်းဖြင့် အောင်မြင်စွာ ယူလိုက်ပြီးနောက် ကျင်းစစ် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။


 " စားလိုက် သူကြောင့် အနှောက်အယှက် ဖြစ်မနေနဲ့"


"ယင်းကျောင်း မင်း ခွေးကောင်..." 


ဟယ့်ကျိုးက ဒေါသတကြီး မတ်တပ်ရပ်လိုက်ပြီး ခက်ရင်းကို ကိုင်ကာ ယင်းကျောင်းဆီသို့ သွားကာ တိုက်ခိုက်တော့မလို ဖြစ်နေလေသည်။


" မင်းပြောတာ ဘယ်သူက ဆူမိုပြိုင်ပွဲမှာ သွားပြိုင်မှာလဲ"


သူကအာရုံ မစိုက်ပေ။ 


ရုတ်တရက်ပင် ဗနီလာကြက်ကင်ပါသော ပန်းကန်ကို စောင်းလိုက်မိပြီး ဆီများဖြင့် ကြက်သားပိုင်းက သူ့ဘောင်းဘီပေါ်သို့ ကျသွားပြီး ကြမ်းပြင်ပေါ် ကျသွားလေသည်။


ယင်းကျောင်းက ချက်ချင်း မျက်မှောင် ကြုံ့လိုက်မိသည်။


သူ့က သန့်ရှင်းမှုကို စွဲလန်းနေခြင်းမျိုး မဟုတ်ဘဲ၊ အစားအစာများ သူ့ကိုယ်ပေါ် ထိနေသည့် ခံစားချက်ကို မုန်းတီးခြင်းဖြစ်၏။


"ကိုယ်သန့်စင်ခန်း သွားလိုက်ဦးမယ်" 


သူက ကျင်းစစ်ပေးသော တစ်ရှူးဖြင့် နှစ်ကြိမ်တိုင်တိုင် သုတ်လိုက်သော်လည်း မသက်မသာ ခံစားနေရသေးသဖြင့် မတ်တပ်ရပ်ကာ စကားတစ်ခွန်းပြောပြီးနောက် ထွက်သွားလိုက်သည်။


"မဟုတ်သေးပါဘူး အစ်ကိုစစ် သူရဲ့ ချေးများတဲ့ ပြသနာတွေနဲ့ အစ်ကို ဘယ်လိုများ သူ့ကို သည်းခံနိုင်တာလဲ" 


ဟယ့်ကျိုးက သူရဲ့ သိုးသားအတွက် ကလဲ့စားချေရန် သတိရနေတုန်း ဖြစ်ပြီး ယင်းကျောင်း အနားတွင် မရှိချိန်တွင် ကျင်းစစ်ကို မျက်စိဖွင့် နားဖွင့် ပေးရန် ကြိုးစားလိုက်သည်။


သူ့လက်ကို အကြောဆန့်လိုက်ပြီးနောက် ကျင်းစစ်ကို ပြောလိုက်သည်။


" ဘယ်သူမှ သူ့အဝတ်အစားတွေ အိပ်ယာတွေကို ထိတာ မကြိုက်ဘူး နောက်ပြီး အမဲဆီနံ့ကိုလည်း မခံနိုင်ဘူး ရှင်းရှင်းပြောရရင် အစ်ကို သူနဲ့ မနေနိုင်လောက်ဘူး"


ကျင်းစစ်မှာ အလန့်တကြား ဖြစ်သွားရသည်။


 " သူ့အိပ်ယာတွေ အဝတ်တွေကို မထိရဘူးလား"


"အင်းလေ" 


ကျန့်ချွယ်က သူ့လက်ထဲမှ အသားတုံးကို စားနေရင်း ပြောလိုက်သည်။


" အကိုစစ် မသိဘူးလား ဒါဆို သူက အစ်ကို့ရှေ့မှာ ကောင်းကောင်းဖုံးကွယ်နိုင်တာပဲ"


" မနှစ်ကလေ ဆောင်းဦးလား နွေဦးလာတော့ မမှတ်မိတော့ဘူး" 


ကျန့်ချွယ်က ပြန်တွေးကာ ပြောလိုက်သည်။


 " ကျွန်တော်တို့က ကစားကွင်းမှာ ကစားနေတာ သူ့ကို ကြိတ်ကြိုက်နေတဲ့ ကောင်မလေးက သူ့ချွတ်ခဲ့တဲ့ ကျောင်းယူနီဖောင်းကို တိတ်တိတ်လေး ခိုးဝတ်ခဲ့တာ သူဘာမှ မပြောဘဲ အဲ့အင်္ကျီကို လွှင့်ပစ်လိုက်တယ်လေ"


ဖန်ချန်းချန်း ကြားဖြတ်ပြောလိုက်၏။


" သူက တခြားလူတွေရဲ့ အဝတ်ကိုလည်း ယူမဝတ်ဘူး"


ဟယ့်ကျိုးက ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်ပြလိုက်သည်။


 "ဟုတ်တယ် ဟုတ်တယ် အဲ့ဒါကြောင့် ကျွန်တော်တို့ သူ့အိမ်ကို ကစားဖို့ သွားရင် သူ့ရေချိုးခန်းကို မသွားရဘူး"


ကျင်းစစ်က သူ့မျက်လွှာချလိုက်မိပြီး ခက်ရင်းကို ကိုင်ထားကာ အချိန်အတော်ကြာသည်အထိ မလှုပ်တော့ပေ။


သူက ယင်းကျောင်းရဲ့ ရေချိုးခန်းကိုလည်း သုံးတယ်...သူ့အင်္ကျီတွေလည်း ဝတ်တယ် သူ့အိပ်ယာမှာလည်း အိပ်သေးတယ်


အတိတ်တွင် ထိုအရာများက သာမန်ထက်မပိုနိုင်သော အသေးအဖွဲ ကိစ္စများ ဖြစ်သည်ဟု သူထင်ခဲ့၏။ မထင်မှတ်ထားစွာပင် ၎င်းတို့မှာ ယင်းကျောင်းက သူတစ်ယောက်တည်း အတွက်သာ ပေးသော အထူးအခွင့်အရေးများ ဖြစ်နေလေသည်။


ကျင်းစစ် နှလုံးသားလေးမှာ နွေးထွေးသွားရသည်။


ယင်းကျောင်းအတွက် သူက ထူးခြား၏။ ယင်းမှာ သူတို့ ချစ်သူမဖြစ်ခင်တည်းက အခုချိန်အထိ ဖြစ်၏။


ထိုနောက်တွင် ယင်းကျောင်းမှာ ကျင်းစစ်သူ့ကို ကြည့်နေတာ တမျိုးဖြစ်နေသော်လည်း ဘာဖြစ်နေမှန်းကို သူမပြောနိုင်ပေ။ ကျင်းစစ်ကို ထိုသို့ မြင်နေရခြင်း​က ကျင်းစစ်ကို သူနမ်းချင်လာအောင် လုပ်နေသလိုပင်။


ယင်းကျောင်းက ထိုအကြောင်းကို အတော်ကြာတွေးနေသော်လည်း နားမလည်နိုင်ပေ။ နောက်ဆုံးတွင် သူ့ခန္တာကိုယ်ထဲရှိ ယန်ချီ၏ အာရုံခြောက်ခြားမှုကြောင့် ငွေ့ရည်ဖွဲ့ကာ မပျောက်ကွယ်ခြင်းကသာ အကြောင်းအရင်းဟု မှတ်ယူလိုက်လေသည်။


စားပြီးသောအခါ ဟယ့်ကျိုးနှင့် အခြားသူများက ယင်းကျောင်း၏ အိမ်သို့ ကစားရန် လိုက်လာချင်ကြသည်။ ယင်းကျောင်းက သူတို့ရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆန်ကာ ကျင်းစစ်နှင့် အိမ်စာလုပ်ရန် အိမ်ကို ပြန်လာလိုက်ကြသည်။


သူတို့ လာခဲ့တုန်းကလိုပင် တက္ကဆီ ငှားသွားချင်သော်လည်း ကျင်းစစ်က ယခုတစ်ကြိမ်တွင်မူ သူ့စကား နားမထောင်တော့ပေ။ 


"ငါတို့မှ အလျင်လို မနေတာ မြေအောက်ရထားစီးသွားရအောင်" 


ကျင်းစစ်က သူ့ဖုန်းကို ထုတ်လိုက်ပြီး ယင်းကျောင်းကို ပြလိုက်သည်။


" မြေအောက်ရထားဝင်ပေါက်က ရှေးဟောင်းမြို့တော် ရဲ့ တခြားတစ်ဖက်မှာ အရမ်းနီးတယ်"


မြေအောက်ရထားစီးလျှင် လူနှစ်ယောက်စာ ဆယ်ယွမ်ပင် မကုန်ကျသော်လည်း တက္ကဆီ စီးလျှင် ယွမ်သုံးဆယ်ထက်ပင် ပို၍ ကုန်လေ၏။


"အိုကေ" ယင်းကျောင်းက ခေါင်းငြိမ့်ပြလိုက်ပြီး " ကိုယ်က မင်းဦးဆောင်တဲ့အနောက်ကိုလိုက်မယ်"


သူတိ့နှစ်ယောက်က လမ်းကြောင်းရဲ့ လမ်းညွှန်မှုဖြင့် ရှေးဟောင်းမြို့တော်သို့ ဝင်လိုက်ကြသည်။


၎င်းက ရှေးဟောင်းမြို့တော်ဟုသာ ပြောကြသော်လည်း အမှန်တွင် ၎င်းမှာ စီးပွားရေး လမ်းဖြစ်၏။ နေ့လည်စာစားချိန်ကို ကျော်လာပြီ ဖြစ်သောကြောင့် အလုပ်သမားများမှာ အိပ်နေကြဆဲဖြစ်ပြီး အတွင်းတွင် လူအနည်းငယ်သာ ရှိပြီး တိတ်ဆိတ်နေလေသည်။


ကျင်းစစ်နှင့် ယင်းကျောင်းက ပင်မ လမ်းမကြီးကို ဖြတ်ပြီး ညာဘက်သို့ သွားတော့မည့်အချိန်တွင် နောက်ဘက်မှ ရုတ်တရက် ရယ်သံကို ကြားလိုက်ရသည်။


" ဘယ်သူလဲလို့ ကြည့်စမ်းပါဦး မင်းဘယ်သွားမလို့လဲ"


ယင်းရှန့်ကျွင်းက နောက်လိုက် ငါးယောက်ခြောက်ယောက်နှင့် လျှောက်လာပြီး ယင်းကျောင်းကို မျက်စိမှေးကာ ကြည့်ပြီး ပြောလိုက်သည်။


" မင်းဘာလို့ ပြန်လာတာလဲ မင်းပေါ်လာတာနဲ့ကို ငါ့မျက်လုံးတွေတော့ ညစ်ညမ်းကုန်တော့မှာပဲ"


ယင်းကျောင်းက ကျင်းစစ်ကို သူ့နောက်တွင် ထားတာ ရှေ့တစ်လှမ်းတိုးပြီး သရော်လိုက်သည်။


" ညစ်ပတ်သွားရင် ဖောက်ထုတ်လိုက်လေ"


သူ့မျက်ခုံးကို ပင့်ကာ ယင်းရှန့်ကျွင်းကို ကြည့်လိုက်ရင်း ပေါ့ပါးစွာ ပြောလိုက်၏။


" အိုး မဖြစ်သေးဘူး မင်းကိုယ်ထဲက သွေးတွေက ညစ်ပတ်တယ် မင်းက မီးသင်္ဂြိုဟ်ဖို့ ကိုယ့်ဖာသာကို လျှောက်သွားသင့်တာ"


"မင်း" 


ယင်းကျောင်းကြောင့် ယင်းရှန့်ကျွင်းက ဒေါသထွက်သွားကာ  အသက်ရှူတာကို အကြာကြီး ရပ်တန့်ထားမိပြီး ယခုတွင် သူ့ဘဝ တွေ့ကြုံရသည်များကို သရော်ခံလိုက်ရပြီးနောက် ရုတ်တရက် ဒေါသမီးတောက်များ တောက်လောင်လာရသည်။


သူကအေးစက်စွာ နှာမှုတ်လိုက်ပြီး ခက်ထန်စွာ ပြောလိုက်၏။


" မင်ကတော့ မညစ်ပတ်ဘူးတဲ့လား... အဲ့တော့ ဘာဖြစ်လဲ  မင်းကအိမ်ကိုတောင် မပြန်နိုင်ဘူးလေ"


ယင်းကျောင်းက သူကိုယ်တိုင်လက်ဦးမှုယူကာ အိမ်မှ ထွက်သွားခြင်း ဖြစ်ပြီး ယင်းကို အဖေယင်း တစ်ယောက်သာ သိလေသည်။ ယင်းရှန့်ကျွင်းနှင့် ရဲ့လီလီတို့က ယင်းကျောင်း အကန်ထုတ်ခံလိုကိရသည်ဟုသာ ထင်ကြပြီး သူတို့က ၎င်းကို အကြောင်းပြု၍ သူ့ကို ဟာသလုပ်လေ့ရှိသည်။


ယင်းကျောင်းက လုံးဝ ဂရုမစိုက်ပေ။ သူ့ဘောင်းဘီအိတ်ထဲသို့ လက်တစ်ဘက်တည့်လိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။


 " အဲ့တော့ မင်းက အမှိုက်တွင်းကြီးထဲမှာ နေ့တိုင်းနေရတာကို တော်တော်လေး ဂုဏ်ယူနေတယ်ပေါ့"


ယင်းရှန့်ကျွင်းက လည်ချောင်းတွင် ပါးစပ်အပြည့် သွေးများဖြင့်ပြည့်နေကာ သူရဲ့တင်းကျပ်နေသော မျက်နှာက နီရဲနေလေသည်။


" မင်းဘာလို့ မတိုက်ခိုက်တာလဲ" 


ဆံပင် အနီနှင့်လူက ယင်းကျောင်းကို လက်ညှိုးထိုးလိုက်ကာ ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်၏။


" ငတုံးကောင် မင်းဒီနေ့ တည့်တည့်မတ်မတ်ထွက်လာတယ်ပေါ့ ငါမင်းကို ဘေးစောင်းပြီးသွားရအောင် လုပ်ပေးမယ်"


ယင်းရှန့်ကျွင်းက ယင်းကျောင်းကို မလိုမုန်းထားစွာ ကြည့်လိုက်ပြီး ဆံပင်အနီနှင့် လူ စကားအတိုင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။


သူက ယင်းကျောင်းကို တစ်ယောက်တည်း ရင်မဆိုင်ရဲပေ။ သို့သော် ယခု သူ့ဘက်တွင် လူခြောက်ယောက်ရှိပြီး ယင်းကျောင်းဘက်တွင်တော့ ယင်းကျောင်းအပါအဝင်မှ နှစ်ယောက်သာ ရှိလေသည်။ ယင်းကျောင်းဘက်မှ တစ်ယောက်ကမူ မျက်နှာဖြူဖျော့ပြီး ပိန်ပါးကာ အကြည့်တစ်ချက်ဖြင့်ပင် အားနည်းကြောင်း ပြောနိုင်လေ၏။


တိုက်ခိုက်ရာတွင် ယင်းကျောင်းက မည်သူ့ကိုမျှ မကြောက်ပေ။ ကျင်းစစ် ပါဝင်လာမည်ကိုသာ သူကြောက်မိ၏။


"မင်းပုန်းဖို့ ဆိုင်တစ်ဆိုင် အရင်ရှာလိုက်"


ယင်းကျောင်းက သူ့ခေါင်းကို စောင်းကာ ကျင်းစစ်ကို ကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။


 " ကိုယ်ပြီးသွားရင် မင်းကို လာရှာမယ်"


သူ မလှုပ်တာကို တွေ့သောအခါ ယင်းကျောင်းက ထပ်ပြောလိုက်သည်။


" လိမ္မာပါကွာ မင်းဒီမှာ ရှိနေရင် ကိုယ်အာရုံ ပျက်လိမ့်မယ်"


ကျင်းစစ်ကသူ့ကို မော့ကြည့်လိုက်ပြီးနောက် ယင်းရှန့်ကျွင်း၏ အဖွဲ့သို့ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး စားသောက်ဆိုင်စီသို့ မရပ်ဘဲ တန်းတန်း လျောက်သွားလိုက်သည် ။


ယင်းကျောင်းက သူဆိုင်ထဲ ဝင်သွားသည်အထိ ကြည့်နေပြီးမှ ဒီဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။


ယင်းရှန့်ကျွင်းက ကျင်းစစ်ကို လုံးဝ ဂရုမစိုက်ပေ။ သူက ယင်းကျောင်းကိုပဲ ရိုက်ချင်ခြင်းသာဖြစ်၏။ သူက ယင်းကျောင်းကို ရှာရန်ပူပင်နေတုန်းပင်ဖြစ်ပြီး မထင်မှတ်ဘဲ သူ့ကို တွေ့ရမည်ဟု မမျှော်လင့်ထားပေ။ 


ဘုရားကပေးတဲ့ အခွင့်အရေးကို ယူပြီး သူ့ကို မရိုက်ရင် ဝမ်းနည်းနေရဦးမယ်


အနက်ရောင် ဝတ်ထားသောသူက ရှေ့ထွက်လာပြီး ယင်းကျောင်းကို အပေါ်အောက်ကြည့်ကာ ယင်းရှန့်ကျွင်းကို မေးလိုက်သည်။


" ဒါကအမေမရှိတော့တဲ့ မင်းရဲ့ အပေါစားညီလေးလား"


ယင်းရှန့်ကျွင်းက "အင်း" လို့ အသံပြုလိုက်သည်။


ယင်းကျောင်း၏ မျက်လုံးတွေက သူ့ဆီသို့ ရွေ့သွားကာ သူ့မျက်လုံးများတွင် ဒေါသများ ချက်ချင်း စွန်းထင်းသွားလေသည်။ သူစကားတစ်လုံးမျှ မပြောတော့ဘဲ လျှောက်သွားလိုက်ကာ သူ့ခြေထောက်ကို မြှောက်ပြီး အနက်ရောင် ဝတ်စုံနှင့် လူ၏ ဗိုက်ကို ကန်ထည့်လိုက်သည်။


ထိုလူက ရုတ်တရက် တိုက်ခိုက်မှုအတွက် မပြင်ဆင်ထားရသေးသဖြင့် မချိတင်ကဲ အော်ဟစ်ပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွားတော့သည်။


ယင်းရှန့်ကျွင်းနှင့် သူရဲ့ ဂန်းစတားအဖွဲ့သည် သူတို့သူငယ်ချင်း အရိုက်ခံနေရတာကို မြင်သောအခါ သူတို့က ကျိန်ဆဲကာ ယင်းကျောင်းကို ဝိုင်းထားရန် ပြေးလာကြသည်။ ထိုအချိန်တွင် စေးကပ်သော အဝါဖျော့ရာင် အရည်များက ကောင်းကင်ပေါ်မှ ကျလာကာ သူတို့မျက်နှာများကို ဖုံးအုပ်သွားလေသည်။


မြေပဲဆီ ဆွဲပုံးကြီးကို ကိုင်ထားရင်း ကျင်းစစ်က ယင်းကျောင်း အရှေ့တွင် အမူအရာမဲ့စွာ ရပ်နေလေသည်။ ကျင်းစစ်က ၎င်းတို့ကို သူတို့၏ မျက်နှာပေါ်သို့ တိကျစွာ တွက်ချက်ထားသော နေရာမှ ချိန်၍ လောင်းချနေလေသည်။


" မိုးမေလင်းလိုက် ! " 


ဆီများက ယင်းရှန့်ကျွင်း မျက်နှာပေါ်မှ မေးစေ့အထိ စည်းကျနေလေသည်။ သူ့မျက်တောင်များက ပူးကပ်နေသဖြင့် မဖွင့်နိုင်တော့ပေ။ သူ့လက်ဖြင့် မျက်နှာကို သုတ်လိုက်ပြီးနောက် တံတွေး နှစ်ခါထွေးကာ သူ့တစ်ကိုယ်လုံး ကြက်သီးထနေသည်။ 


သူက အံတင်းတင်းကြိတ်လိုက်ပြီး ကျင်းစစ်ဘက်သို့ လှည့်ကာအော်ပြောလိုက်သည်။


" မင်းသေဖို့ ဆုတောင်းနေတာလား"


သူက ကျင်းစစ်ကို ရိုက်ချင်၍ လက်ကို မြှောက်လိုက်​သည်။ သို့သော် သူခြေတစ်လှမ်းလှမ်းလိုက်ချိန်တွင် သူကခြေချော်သွားပြီး ဆံပင်အနီနှင့်လူကို ပြင်းပြင်းထန်ထန် ရိုက်မိသွားသည်။