အပိုင်း၁၃၈
Viewers 31k

Chapter 138

Chapter 138

အိမ်​ဆောက်ရန် ​မြေဝယ်ယူခြင်း




ဟယ်​ချောင်စီရင်စု၏ တရားသူကြီးက ရာထူးတက်ရန် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သူ့နာမည်က လုံးဝ ရှင်းလင်း​နေသည်​တော့ မဟုတ်​သော်ငြား သူ့လူများအ​ပေါ် ​ကောင်း​နေဆဲ ဖြစ်သည်။ လူများကသာ တရားလာစွဲပါက ​သေချာကြည့်ရှု​ပေးမည် ဖြစ်​သည်။


၎င်းကို ကြား​သောအခါ ရမန်အရာရှိက ​မေးလိုက်သည်။


"ခင်ဗျားရဲ့ အကြီးဆုံးသားက ဘယ်သူလဲ... စာရွက်စာတမ်း​တွေ​ရော ပါလား"


"ကျွန်မရဲ့ အကြီးဆုံးသားက ဟယ့်ရှီရွာရဲ့ လူမိုက် ကျန်းကျန့်​ဝေပါ... ဒါ​ပေ​မယ့် အခု​တော့ သူ့နာမည်ကို ကျန်းကျန့်လို့ ​ပြောင်းထားတယ်" အဘွားကြီးကျန်းက ကျန်း​ချောင်ရှန့်​ ​ရေး​ပေးခဲ့​သော စာရွက်ကို ထုတ်လိုက်သည်။


"ကျန်းကျန့်လား"


အရာရှိက အဘွားကြီးကျန်းကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်ပြီး စာရွက်ကို ယူကာ အထဲဝင်သွားသည်။


ယမန်​နေ့က ကျန်းကျန့်က သူတို့ကို ညစာစားရန်နှင့် အရက်​သောက်ရန် ဖိတ်ကြားခဲ့ပြီး ယ​​​နေ့တွင်​တော့ တစ်​ယောက်​ယောက်က သူ့အား တရားလာစွဲ​နေသည်။ ဘယ်လို​တောင် တိုက်ဆိုင်တာလဲ...


ရမန်အရာရှိက ကျန်းကျန့်ကို အချိန်အကြာကြီး ကတည်းက သိကျွမ်းခဲ့သည့် ယန်ကျင်းထံ သွားလိုက်သည်။


ယမန်အရာရှိ ဝင်သွားသည်ကို မြင်​သောအခါ အဘွားကြီးကျန်းက အပြင်ဘက်တွင် စိတ်လှုပ်ရှားစွာဖြင့် ​စောင့်​နေခဲ့သည်။ ရလဒ်အ​နေဖြင့် အချိန်အကြာကြီး ​စောင့်​နေခဲ့ပါ​သော်လည်း ထိုအရာရှိ ထွက်လာသည်ကို မ​တွေ့ရ​သေး​ပေ။


အပြင်ဘက်က ​အေးစက်​နေသည်။ သူမက အပြင်တွင် ​လေစိမ်းတိုက်ခံကာ အချိန်အကြာကြီး ရပ်​နေခဲ့ရသဖြင့် သူမ၏ မျက်လုံးများက မျက်ရည်များ ကျလာပြီး နှာရည်များလည်း ထွက်လာ​လေ​တော့သည်။ သူမက အဝတ်စုတ်များကို တမင်သက်သက် ဝတ်လာခဲ့ခြင်း ဖြစ်၍ ​နွေး​ထွးမ​နေခဲ့​ပေ။ သူမက အရဲစွန့်ကာ ​နောက်ထပ် အရာရှိတစ်​ယောက်ကို တား၍ ​မေးလိုက်သည်။


"အရာရှိကြီး... ကျွန်မက တိုင်ကြားဖို့ ​ရောက်လာတာပါ"


"လမ်းကို လာမရှုပ်နဲ့" ရမန်အရာရှိက မျက်​မှောင်ကျုံ့၍ အဘွားကြီးကျန်းကို ကြည့်ကာ ​ပြောလိုက်သည်။


"ပြီး​တော့ တိုင်ကြားစာ မ​ရေးခင် ကိုယ့်ကိုယ်ကိုယ် ပြန်ချိန်ကြည့်မှ​ပေါ့... သူများကို စွပ်စွဲပြီး ကိုယ့်ဘဝကို ဆုံးရှုံးသွားမယ်​နော်"


"ဘာများ..." အဘွားကြီးကျန်းက အံ့အားသင့်သွား​လေသည်။


အဆုံးတွင် သူမက အဘွားကြီးတစ်​ယောက်သာ ဖြစ်၍ အရာရှိက သူမကို သတိ​ပေးလိုက်သည်။


"ကျန်းကျန့်... မဟုတ်​သေးဘူး ​ဘောစ့်ကျန်းက မ​နေ့က ရမန်ရုံးကိုလာပြီး စီရင်စု တရားသူကြီးနဲ့ လက်ဖက်ရည် လာ​သောက်သွားတာ​လေ... ခင်ဗျား သူ့ကို တရားစွဲချင်​သေးလား"


"ဘယ်လို"


အဘွားကြီးကျန်းက ကျန်းကျန့် တရားသူကြီးနှင့်ပင် လက်ဖက်ရည်​သောက်နိုင်ခဲ့သည်ဟူ​သော အ​ပြောကို အလွန် ​ကြောက်လန့်သွားခဲ့​လေသည်။ ဒါက... ဒါက...


"ပြီး​တော့ ခင်ဗျားက သူ့ကို မမျှမတ ဆက်ဆံပြီး ကန်ထုတ်ခဲ့တယ်ဆိုတာ ဘယ်သူက မသိလို့လဲ"

ရမန်အရာရှိက ​ပြောလိုက်သည်။


"ဒီ​နေရာမှာ ဘယ်အချိန်ထိ ဆက်​နေဦးမှာလဲ... မကြာခင် ​ဘောစ့်ကျန်းရဲ့ လူ​တွေ ​ရောက်လာ​တော့မှာ"


တိုက်တိုက်ဆိုင်ဆိုင်ပင် အဘွားကြီးကျန်းမှာ ရမန်အရာရှိ၏ စကားကို ကြားပြီးသည်နှင့် ​အ​ဝေးတစ်​နေရာမှ အတူတူ ​လျှောက်လာ​နေကြသည့် ဟယ်ချွန်းရှန့်နှင့် ကျန်းမင်တို့ကို ​တွေ့လိုက်ရ​လေသည်။


အဘွားကြီးကျန်း ရောက်လာစဥ်က ဆင်းရဲပြီး ဝဝလင်လင်မစားရသူနှင့် တူ​​စေရန် အဝတ်စုတ်များ ဝတ်ထားခဲ့သည်။ ​အေးစက်​နေသည့် ​နေရာတွင် အချိန်အ​တော်ကြာ ရပ်​နေပြီး​နောက် ​လေတိုက်သည်နှင့်ပင် လဲသွား​တော့မည်ဟု ထင်ရ​သော်လည်း ယခုတွင်မူ... မြန်နိုင်သမျှ မြန်​စေရန် ဖ​နှောင့်နှင့် တင်ပါး တသားတည်းကျ​အောင် ​ပြေးသွား​လေရာ ထိုအရှိန်ဖြင့်ဆိုလျှင် သန်မာလှ​သော လူငယ်​လေး တစ်​ယောက်ပင် သူမကို လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်​​ပေ။


ထိုအချိန်တွင် ကျန်းကျန့်က အဘွားကြီးကျန်း၏ ကိစ္စကို မသိခဲ့​ပေ။ ယ​နေ့တွင် လုပ်စရာ မရှိသဖြင့် ​ကျောက်ကျင်း​ကော၏ ဗိုက်က​လေးကို ကိုယ်ဝန်​ဆောင် အသိပညာ​ပေးခြင်း လုပ်​ဆောင်​လေ​တော့သည်။ သူက ​ကျောက်ကျင်း​ကော၏ ဗိုက်က​လေးကို ကိုင်ကာ ဗိုက်ထဲမှ က​လေး​လေးကို ကဗျာဖတ်ပြသည်။ ဗိုက်ထဲမှ က​လေး​လေးက ကဗျာ နား​ထောင်ရသည်ကို သ​ဘောကျ​နေသည်လား ဆန္ဒပြ​ချင်သည်လား မသိ​​​ပေ။ သို့​သော်လည်း သူဖတ်ပြတိုင်း က​လေးက အလွန် လူးလွန့်လာတတ်​ပေသည်။


"ငါ့က​လေး​လေးရဲ့ ​ခြေ​ထောက်​တွေက တကယ် သန်တာပဲ"


ကျန်းကျန့်က ဗိုက်ထဲမှ က​လေး​လေး ကန်လိုက်သည်ကို အကြိမ်အနည်းငယ် ခံစားလိုက်ရ​သောအခါ မ​နေနိုင်ဘဲ ကိုယ်ရည်​သွေးလိုက်ပြီး​နောက် ​ကျောက်ကျင်း​ကောကို ​မေးလိုက်သည်။


"က​လေးကန်ရင် နာသလား"


"မနာပါဘူး" ​ကျောက်ကျင်း​​ကောက ​ပြောစရာမဲ့သွား​လေသည်။ က​လေးက နည်းနည်း​လောက် လူးလွန့်ရုံ​လေးပဲကို ကျန်းကျန့်က ဘာလို့များ ကန်​နေတယ်လို့ ထင်လဲ ဆိုတာ မသိ​တော့ပါဘူး...


က​လေးက ဟိုဘက် သည်ဘက် လှည့်​နေတာလည်း ဖြစ်နိုင်တာပဲ​လေ...


"မနာရင် ရပြီ" ကျန်းကျန့်က ပြုံး၍ ​ပြောလိုက်​လေသည်။ "ကိုယ် ​နောက်ထပ် စာအုပ် ဖတ်ပြမယ်"


ကျန်းကျန့်က မကြာခင် စပြီး ဖတ်ပြလိုက်ပါ​သော်လည်း စကားလုံး အနည်းငယ်သာ ဖတ်ပြီးချိန်တွင် ​အပြင်ဘက်မှ ​ကျောက်လျူ၏ အသံ ထွက်​ပေါ်လာသည်ကို ကြားလိုက်ရသည်။


"ကျန်းကျန့်... ဘာ​တွေ ​ပြော​နေတာလဲ... ဘာလို့ ထူးထူးဆန်းဆန်း စကား​တွေ ​ပြော​နေရတာလဲ"


ကျန်းကျန်က စာဖတ်ပြချိန်တွင် မန်ဒရင်းကို အသုံးပြုခဲ့သဖြင့် သဘာဝကျကျပင် ​ကျောက်လျူက နားမလည်နိုင်ခဲ့ပါ​​ပေ။


"အ​မေ... ကျန်းကျန့်က မန်ဒရင်းဆိုတဲ့ မြို့​တော်ရဲ့ တရားဝင်ဘာသာစကားကို သုံး​နေတာ... မြို့​တော်က လူတိုင်း ဒီလိုပဲ ​ပြောကြတာ​လေ" ​


ကျောက်ကျင်း​ကောက ​ကျောက်လျူကို ​ပြောပြလိုက်သည်။


"မန်ဒရင်းလား... မြို့​တော်က လူ​တွေက ဒီလိုပဲ ​ပြောကြတာတဲ့လား" ​ကျောက်လျူက အံ့အားသင့်သွား​ခဲ့​လေသည်။


"အရာရှိ​တွေအားလုံး ဒီလိုပဲ ​ပြောကြတာလို့ ​ပြောရမှာ​ပေါ့" ​ကျောက်ကျင်း​ကောက တ​လေးတနက် ​ခေါင်းငြိမ့်ပြလိုက်သည်။


"ကျန်းကျန့်က တကယ်​တော်တာပဲ" ​ကျောက်လျူက စိတ်ခံစားမှုမျိုးစုံဖြင့် သက်ပြင်းချလိုက်သည်။ သူမက တစ်ဖက်သို့ လှည့်လိုက်သည်နှင့် အခြားသူများနှင့် မျှ​ဝေရန် မ​စောင့်နိုင်​တော့​ပေ။


"ရှင်တို့ သိကြလား... ကျန်းကျန့်က အရာရှိ​တွေပဲ ​ပြောနိုင်တဲ့ မန်ဒရင်းဆိုတဲ့ ဟာကို ​ပြောနိုင်တယ်တဲ့"


သူမက အိမ်ထဲမှ ​ငွေများအ​ကြောင်း မ​ပြောပြနိုင်ပါ​သော်လည်း ထိုအ​ကြောင်းကို ​ပြောပြနိုင်သဖြင့် ဤကဲ့သို့လည်း ထပ်ဖြည့်​ပြောလိုက်​သေးသည်။


"သူက မန်ဒရင်းလိုလည်း ​ရေးတတ် ဖတ်တတ်​သေးတယ်"


"တကယ်လား" ​ကျောက်လျူနှင့် စကား​ပြော​နေကြသူများမှာ ကြက်​​သေ​သေသွားကြ​​လေသည်။


"တကယ်​​ပေါ့... အမှန်​ပြော​နေတာ" ​ကျောက်လျူက အခိုင်အမာ​ ​ပြော​နေခဲ့သည်။


"သူက​လေ ကျင်း​ကောရဲ့ ဗိုက်​​လေးကိုလည်း စာဖတ်ပြ​​သေးတယ်... အထဲက က​​လေးက အရမ်းကြီး​နေတာ​​တောင်မှ​လေ... သူက ဗိုက်ထဲက က​လေးကို စပြီး သင်​ပေးချင်​နေလို့ တစ်​နေ့လုံး ကျင်း​ကောရဲ့ ဗိုက်​လေးကို စာဖတ်ပြ​နေတာ... အဲ့မန်ဒရင်းဆိုတာ ဘယ်​လောက်​တောင် တန်ခိုးကြီးလိုက်လဲ... ဗိုက်ထဲက က​​လေးကို​တောင် သင်​ပေးလို့ ရတယ်တဲ့"


​"​ကျောက်လျူ... ​ကျန်းကျန့်က တစ်ခါမှ စာမသင်ဖူးဘူး​နော်... ဘယ်လိုလုပ်ပြီး မန်ဒရင်းကို ​ရေးတတ် ဖတ်တတ်မှာလဲ" ​ယောကျ်ားတစ်​ယောက်က ကျောက်လျူ၏ စကားကို ဖြတ်​ပြောလိုက်ပြီး သံသယရှိစွာဖြင့် ​မေးလိုက်သည်။


"သူက မ​​သေမျိုး တစ်ပါးဆီက​​နေ အလင်းပြခံရတာ ​နေမှာ​ပေါ့" ​ကျောက်လျူက သာမန်ကာလျှံကာ ဆိုကာ ဆက်​ပြောလိုက်သည်။


"ကျန်းကျန့်က​ပြောတာ က​လေးက ဗိုက်ထဲမှာပဲ ရှိ​သေး​ပေမယ့် အပြင်က အသံ​တွေ ကြားနိုင်​နေပြီတဲ့... ဒါ​ကြောင့် ကျင်း​ကောရဲ့ ဗိုက်က​လေးကို ​နေ့တိုင်း စာဖတ်ပြ​နေတာ... ​နောက်ဆိုရင် ငါတို့ရွာထဲမှာ စာသင်သား အ​ကျော်အ​မော်တစ်​ယောက် ထွက်လာနိုင်တာပဲ"


​ကျောက်လျူက ပညာအနည်းငယ်သာ ရှိသဖြင့် စာသင်သား တစ်​ယောက် ဖြစ်လာသည်ကပင် အ​လွန် ​ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်​နေပြီဟု ​တွေး​နေခဲ့သည်။ သူမနှင့် စကား​ပြော​နေကြသူများမှာ သူမ​နောက်ထပ် ​ပြောလိုက်​သောစကားများကို နားမ​ထောင်ကြ​လေဘဲ " မ​သေမျိုး​တွေဆီက​နေ အလင်းပြခံရတယ်" ဟူ​သော စကားကိုသာ ​တွေး​နေခဲ့ကြသည်။


ကျန်းကျန့်၏ ဗဟုသုတ မရှိဘဲနှင့် ဟယ့်ရှီရွာသားများက သူ့​ပြောင်းလဲမှုများအတွက် အ​ကြောင်းပြချက် တစ်ခုကို အ​လိုအ​​လျောက် ရှာ​ဖွေ​ပေးလိုက်ကြ​လေသည်။ အကြီးဆုံးကျန်း ရုတ်တရက်ကြီး အင်အားကြီးလာတာ မ​သေမျိုးတစ်​ယောက်နဲ့ ​တွေ့ပြီး အလင်းပြခံလိုက်ရလို့ကိုး... သူက တကယ် ​ကောင်းချီး​ပေးခံထားရတာပဲ...


အဆုံးတွင် ထိုအ​ကြောင်းက လူတိုင်း တိုးတိုးတိတ်တိတ် ​ပြောကြသည့်စကားသာ ဖြစ်​​သော်လည်း ရက်အနည်းငယ်အကြာတွင် ဟယ်​ချောင်မှ အမှုထမ်းများ ​ရောက်ချလာကြ​သောအခါ အမှန်ပင် ​ရှောခ့်ရသွားကြသည်။


ကျန်းကျန့်က ဒီ​လောက်ကျယ်တဲ့ ​မြေကို ဝယ်လိုက်တာလား... သူက မကြာခင် ​ကျောက်တဟူ ထက်တောင် ​မြေပိုပြီး ပိုင်​သွားတော့မှာပဲ.. ဒါ​ပေမယ့်... အဲ့​မြေက စိုက်ပျိုးဖို့ မ​ကောင်းဘူးလားလို့...


​ကျောက်တဟူအိမ်၏ အနီးတွင် ​မြစ်ကမ်း​​​ဘေး ​မြေ​နေရာကျယ်ကြီး ရှိ​သော်လည်း ထို​မြေက ​ကောက်ပဲသီးနှံများ စိုက်ပျိုးရန် မ​ကောင်းသည့်အတွက် မည်သူကမှ စိတ်မဝင်စားကြ။ သို့​သော်လည်း ရွာထဲတွင် ​မြေအနည်းငယ်သာ ရှိပြီး အတန်ငယ် အားလပ်​နေကြသူ အချို့လည်း ရှိ​နေကြ​သေးရာ သူတို့က ထို​နေရာသို့သွား၍ ပဲကြီးနှင့် ​ရွှေဖရုံများ စိုက်ပျိုးတတ်ကြသည်။ အထွက်နှုန်းက ​သေးငယ်လျှင်​တောင် အနည်းငယ် ရှိ​သေးသည်က ဘာမှမရှိသည်ထက်​တော့ ပို​ကောင်း​ပေသည်။


ယခုတွင် ​အနီးအနား၌ ​တောအုပ်​လေး ရှိ​နေသည့် ထို​​မြေအားလုံးကို ကျန်းကျန့်က ပိုင်ဆိုင်သွား​လေပြီ။


ကျန်းကျန့်က ရမန် အမှုထမ်း ​ပေးလာသည့် စာရွက်စာတမ်းများကို ယူကာ ​မြေလာ တိုင်းပြီး စာရွက်လာ​​ပေးကြ​သော အမှုထမ်းများကို သူ့အိမ်တွင် စား​သောက်ရန် ဖိတ်ကြားလိုက်သည်။ ထို့​နောက် သူတို့ကို ဘဲတစ်​ကောင်စီ ​ပေးကာ စီရင်စုမြို့ကို ပြန်​ပို့​ပေးရန် ​လှေတစ်စီး ရှာ​ပေးလိုက်သည်။


"ကျန်းကျန့်က တကယ် အင်အားကြီးသွားပြီ... ဒီရမန်အမှုထမ်း​တွေ သူ့ကို ဘယ်​လောက် ယဥ်​ကျေး​နေကြလဲ ​​တွေ့တယ်မလား"


"သူဘာလို့ ဒီ​လောက်ကြီးတဲ့ ​မြေကို လိုချင်​နေမှန်း မသိဘူး..."


"​​ပြောကြည့်... သူ​နောက်ထပ် လူ​တွေ လိုချင်​နေတယ်လို့ ထင်လား... ငါ့သားငယ်​လေးကလည်း သူ့​နောက် လိုက်ချင်​နေတာ"


"နင့်သား လီယွမ်လို အဆုံးသတ်သွားမှာ မ​ကြောက်ဘူးလား"


"ငါ့သားငယ်​လေးက ဒီ​လောက်ထိ ကံမဆိုး​လောက်ပါဘူး​လေ... နင်လည်း ငါတို့ မိသားစု အ​ခြေအ​နေကို သိတာပဲ... ငါတို့မှာ စားဖို့​တောင် အနိုင်နိုင်ရယ်... သူ့ဘာသာ အပြင်ထွက်ပြီး အလုပ်မလုပ်ရင် ​နောက်ဆို ​ကောင်း​ကောင်းမွန်မွန် ​နေနိုင်ဖို့ မဖြစ်နိုင်​လောက်ဘူး"


. . .


တစ်ရွာလုံးက ကျန်းကျန့်အ​ကြောင်း ​ပြော​နေ​ကြ​လေသည်။ တစ်ဖက်တွင် ကျန်းမိသားစုက ​နောက်ထပ် အကြံဥာဏ်ဆိုးများ မထုတ်ရဲ​တော့​ပေ။ သူတို့ တစ်​​ယောက်ချင်းစီက ကျန်းကျန့် သူတို့အား ပြဿနာ လာရှာမည်ကို ​ကြောက်လွန်း၍ ​​ခေါင်းများကိုပင် ကျုံ့ထားကြ​လေသည်။


သူတို့က ကျန်းကျန့်အား တရားစွဲရန်အတွက် အဘွားကြီးကျန်းကို ရမန်ရုံး​တော်သို့ သွားခိုင်းခဲ့ကြသည်။ ထို့​ကြောင့် ကျန်းကျန့် ထိုအ​ကြောင်းကို သိပြီးသား ဖြစ်မည်ဟု ခန့်မှန်းထားမိပြီးသား ဖြစ်​သော်လည်း ကျန်းကျန့်က သူတို့အား မည်သို့ ကိုင်တွယ်လာမည်ကို မသိကြပေ။


ထိုအ​ကြောင်းကို စဥ်းစားမိသည်နှင့် မတတ်နိုင်ဘဲ စိုးရိမ်ပူပန်လာရ​တော့သည်။ ထို​​နေ့ ​က အေးစက်​နေ​​သော ရာသီဥတုတွင် ရမန်ရုံး​တော်​ရှေ့၌ အချိန်အ​တော်ကြာ ​စောင့်​နေခဲ့ရသော အဘွားကြီးကျန်းမှာ အဖျားဝင်သွား​လေ​တော့သည်။ ဟွမ်မင်သည် အနွေးကုတင်ပေါ်မှ မထစတမ်း လဲ​နေသည့်သူမကို မရပ်မနား ငြူစူ​နေ​လေ​တော့သည်။


အဘွားကြီးကျန်းက ယခုတွင် သူတို့နှင့် အတူ​​နေထိုင်ပါ​​သော်လည်း အလုပ်များ မလုပ်နိုင်သည့်အပြင် သူမကပါ လူနာ​စောင့်​ပေး​နေရသည်။ ကံအား​လျော်စွာဖြင့် ကျန်း​ချောင်ရှန့်၏ အိမ်တွင် ​နေထိုင်သည့် သားသတ်သမားကျန်းက သူမကို အနားယူနိုင်​စေရန်အလို့ငှာ သူတို့၏ လယ်များကို ကူကြည့်​ပေးရန် သ​ဘောတူခဲ့သည်​ကြောင့်သာ။


ကျန်းမိသားစု၏ ​​နေ့ရက်များမှာ အ​ကြောက်တရားများဖြင့် ဖြတ်သန်း​နေရ​သော်လည်း ကျန်းကျန့်က သူတို့အ​ပေါ် မည်သည်ကိုမှ လုပ်ရန် ရည်ရွယ်မထား​ပေ။ အကြီးဆုံးကျန်း၏ အသိစိတ်က ထွက်သွားခဲ့ပြီ ဖြစ်၍ ထိုလူများမှာ သူ့အတွက် စိတ်ရှုပ်စရာ ​ကောင်း​သော သူစိမ်းများသာ ဖြစ်ကြသည်။ ထို့အပြင် ယခုက ​ရှေး​ခေတ် ဖြစ်​နေသည်။


​ဤခေတ်တွင် က​လေးများ၏ မိဘများမှာ မကြင်နာကြ​သော်လည်း သူတို့ထံတွင် သူတို့၏ မိဘများကို ​​ထောက်ပံ့ရန် တာဝန်ရှိ​နေဆဲဖြစ်သည်။ သို့မဟုတ်လျှင် လူများက သူတို့ကို သားသမီးဝတ် မ​ကျေပွန်ဟု စွပ်စွဲကြ​​ပေလိမ့်မည်။ ထို​ရှေး​ခေတ်အချိန်ကို အသာထား။ အဆုံးတွင် လူများ၏ မျက်လုံးထဲတွင် အဘွားကြီးကျန်းနှင့် သားသတ်သမားကျန်းက တစ်ချိန်လုံး သူ့ကို ပျိုး​ထောင်​ပေးခဲ့ရသည်။ သူတို့က သူ့အ​ပေါ် မ​ကောင်း​​ပေးခဲ့ရုံသာ။ သို့​​သော်လည်း ၎င်းက သူတို့နှင့် ဆက်နွယ်မှုကို ဖြတ်​တောက်ရန် အ​ကြောင်းပြချက်​ကောင်း မဟုတ်​ပေ။


သူ ဤကမ္ဘာသို့ ပထမဆုံးအကြိမ် ​ရောက်လာစဥ်က တစ်ကိုယ်တည်းသမား ဖြစ်၍ မည်သည်ကိုမှ သူမ​ကြောက်​ပေ။ သို့​​သော်လည်း သူက ဤ​ခေတ် ဤ​နေရာတွင် ​ကောင်း​ကောင်းမွန်မွန် ရှင်သန်ရန် ရည်ရွယ်ထားပြီး မကြာခင်လည်း က​လေးရှိလာ​တော့မည်။ ကျန်းကျန့်က ကျန်းမိသားစုအ​ပေါ် မည်သည့်အရာကိုမှ မလုပ်ခဲ့ဘဲ လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့သည်။ အမှန်မှာ သူ့သ​ဘောထားက သူတို့အ​ပါ် ခက်ခဲ​စေရန် လုပ်​ပေးထားခြင်းသာ ဖြစ်သည်။


ဟယ့်ရှီရွာသားများလည်း ဖြစ်​သော သူ့လက်​အောက်ငယ်သားများမှာ သားသမီးဝတ်အ​ပေါ် အထူး အ​လေးထားကြ​​သော ထိုစာသင်သားများလို မဟုတ်ကြ။ ကျန်းကျန့်က ကျန်းမိသားစုအား သ​ဘောမကျသည်ကို ​တွေ့​သောအခါ သူတို့အ​ပေါ် မျက်နှာသာ မ​ပေးကြ​တော့​​ပေ။ ထို့​ကြောင့် သူတို့က ကျန်းတို့ကို အနိုင်ကျင့်ကြ​လေ​တော့သည်။ ​ကောများနှင့် အမျိုးသမီးများပင် သူတို့ကို စကားမ​ပြောလိုကြ။


ကျန်းမိသားစုက ဖယ်ကြဥ် ခံထားရသဖြင့် ရွာထဲတွင် သူတို့၏ ​​နေ့ရက်များမှာလည်း ဆိုးသထက် ဆိုးလာ​တော့သည်။


မကြာမီပင် လီယွမ်၏ စျာပနပွဲကို ကျင်းပခဲ့သည်။ ဟယ့်ရှီရွာတွင် စျာပနပွဲတက်သည်ကို "တိုဖူး စားသည်" သို့မဟုတ် "တိုဖူး ထမင်း စားသည်" ဟု ​ခေါ်ကြသည်။ အ​ကြောင်းမှာ ရွာထဲရှိ စျာပနပွဲများတွင် တိုဖူးကို အဓိကဟင်းလျာအဖြစ် ​​တည်ခင်းခြင်း​ကြောင့် ဖြစ်သည်။


ထိုအချိန်များ၌ ​အ​လောင်းများကို ကြာရှည်ထိန်းသိမ်းထားရန် ခက်ခဲသည်​ကြောင့် ရွာသားများက ​သေဆုံးခြင်းကိစ္စကို အ​လေးအနက် သိပ်မထားသည်လည်း ဖြစ်နိုင်သည်။


ပုံမှန်အားဖြင့် တစ်​ယောက်​​ယောက် သေဆုံးသွားပါက မျိုးနွယ်အတွင်းရှိ လူများက အသုဘကိစ္စ​ဆောင်ရွက်ခြင်း ကိစ္စများအတွက် ​ဆွေး​နွေးရန် ​ခေါ်ယူကြသည်။ ထို့​နောက် သူတို့က အသုဘပစ္စည်းများကို စတင် ပြင်ဆင်ကြသည်။ ဥပမာအားဖြင့် ဝတ္တရား ​​ကျေပွန်မှုကို ပြသရန်အတွက် အဝတ်အစားများပင် ဖြစ်လေသည်။ ၎င်းတို့မှာ သားသမီးဝတ်သိတတ်သည့် သားတစ်​ယောက်အတွက် အိတ်တစ်လုံးကို ဖြတ်ကာ ဦးထုပ်လုပ်​ပေးခြင်းနှင့် အဝတ်အဖြူစ ကြိုးများ၊ အပြာ​ရောင်နှင့် အနီ​ရောင် အဝတ်စများ ပြင်ဆင်​ပေးခြင်းတို့ ဖြစ်သည်။


ထိုအထည်စကြိုးများမှာ ဝမ်းနည်းပူ​ဆွေး​ကြောင်း ပြသရန် လာ​ရောက်ကြ​သော ဧည့်သည်များ၏ ​ခေါင်းတွင် ဝတ်ဆင်ရန် ဖြစ်သည်။ ​ယေဘုယျအားဖြင့် ကွယ်လွန်သူ၏ က​လေးများ၊ တူ၊ တူမများနှင့် အရွယ်တူကြသူများက အဖြူ​ရောင် အဝတ်စများ ဝတ်ထားကြချိန်တွင် ​မြေးများက အပြာရင့်​ရောင် ကြိုးများ ဝတ်ထားရကာ မြစ်များက အနီ​ရောင်အစဖြစ်ပြီး ထိုမျိုးဆက်ပြီး​နောက် ​နောက်မျိုးဆက်တို့က အနက်​ရောင်စဖြစ်သည်။


မိသားစုတိုင်းက ထိုကဲ့သို့​​သော ကြိုးစများကို အသင့်ပြင်ထား​လေ့ ရှိကြသဖြင့် များများ ဖြတ်​တောက်ရန် မလိုအပ်ပေ။ ​ငွေမပြတ်လပ်ကြ​သော အချို့မိသားစုများက တိုဖူးလာစားကြသူများ အားလုံးအတွက် အ​ရောင်နှင့်အလိုက် ဦးထုပ်များနှင့် ခါးပတ်တို့ကို ပြင်ဆင်​​ပေးတတ်ကြသည်။


အမျိုးသမီးများက ထိုပစ္စည်းများကို ပြင်ဆင်​ပေးကြချိန်တွင် အမျိုးသားများက အသုဘကိစ္စကို တစ်အိမ်ဝင် တစ်အိမ်ထွက် ​ပြောပြကြရပြီး အစားအ​သောက်များ ဝယ်ခြမ်းခြင်း၊ စားပွဲ၊ ကုလားထိုင်၊ ပန်းကန်နှင့် တူများ လိုက်လံငှားရမ်းခြင်းများ ပြုကြရ​လေသည်။ သာမန်အားဖြင့် အလုပ်များ​သော တ​စ်​နေ့တာ ပြီး​နောက် စျာပနကို ကျင်းပကြရ​လေသည်။