Chapter 139
ချက်ပြုတ် စားသောက်ကြခြင်း
နောက်တစ်နေ့ ညနေတွင် ဆွေမျိုး မိတ်သဟများအားလုံးက အကူပစ္စည်းများ လာရောက် ပို့ဆောင်ပေးကြပြီး ကွယ်လွန်သူကို အရိုသေပေးကာ အိမ်ထဲတွင် တိုဖူး ဟင်းပွဲများစားသောက်ကြလေသည်။ တတိယနေ့တွင် ကွယ်လွန်သူကို မြှုပ်နှံရသည်။
လီယွမ် မြှုပ်နှံသည့် ရက်တွင် လူတိုင်းက စျာပနကိစ္စတွင် ပါဝင်ဆောင်ရွက်ကြပြီး စျာပနပွဲပြီးနောက် အသုဘအိမ်သို့ သွားကာ တိုဖူးထမင်းစားရန် လိုအပ်နေဆဲ ဖြစ်သည်။အချို့လူများက မိသားစုဝင် အနည်းငယ်သာ ရှိသည့်အတွက် ပြင်ဆင်ချိန်က ပိုကြာနိုင်ပေသည်။
လီယွမ် သေဆုံးခဲ့သည်မှာ ကြာလေပြီ ဖြစ်၍ သူ့အဝတ်များကိုသာ ပြန်ယူလာနိုင်ခဲ့သည်။ ထို့ကြောင့် လီမိသားစုက သူ့ခန္ဓါကိုယ် ယိုယွင်းလာမည်ကို စိုးရိမ်စရာ မလိုခဲ့ပေ။ ထို့ကြောင့် သူတို့က စျာပနပွဲကို ချက်ချင်း မလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအစား သူတို့က ရက်ကောင်းရက်သာတွင် လုပ်ဆောင်ရန် မျက်မမြင်ရှေ့ဖြစ်ဟောသမားကိုပင် သွားမေးခဲ့ကြသည်။
လီယွမ်က ကျန်းကျန့်၏ အဖွဲ့ထဲသို့ နောက်ကျမှ ဝင်ရောက်ခဲ့သည် ဖြစ်၍ ကျန်းကျန့်က သူနှင့် သိပ်မရင်းနှီးခဲ့ပါသော်လည်း သူ့လူများထဲမှ တစ်ယောက် ဖြစ်သည့်အတွက် လီမိသားစုက စျာပနပွဲအတွက် သူ့ကို လာရောက် အကြောင်းကြားခဲ့သည်။
လီယွမ်၏ စျာပနပွဲ ညနေခင်းတွင် ကျန်းကျန့်က ကျောက်ကျင်းကောကို ခေါ်ကာ လီအိမ်သို့ ရောက်လာခဲ့သည်။ ဟယ့်ရှီရွာထဲမှ သူ့လူများအားလုံးလည်း ရောက်လာခဲ့ကြသည်။
ဒေသတွင်း ထုံးတမ်းအရ စျာပနပွဲသို့ လာရောက်ကြသူများမှာ အမွှေးနံ့သာနှင့် ဖယောင်းတိုင်များ၊ အသားတစ်တွဲ သို့မဟုတ် ကြက်ဥများ၊ ဆန်နှင့် ခေါက်ဆွဲများ ကဲ့သို့သော အကူပစ္စည်းများကို ယူဆောင်လာရသည်။ လီမိသားစုအိမ်တံခါးဝတွင် စာတတ်ပေတတ် ဖြစ်ပြီး တစ်ရွာလုံးကို သိသည့် ကျန်းဖျင်နှင့် အနီးအနားရွာက လူများက စာရင်စာအုပ်ထုတ်ကာ မိသားစုတစ်စုတိုင်း၏ အကူခြင်းတောင်းများကို စုတ်တံတစ်ချောင်းဖြင့် ချရေးနေလေသည်။
ပေးပို့ထားသော အချို့ပစ္စည်းများကို မိသားစုက စျာပနပွဲကျင်းပရာ၌ အသုံးပြုမည် ဖြစ်သည်။ ဆင်းရဲသော အချို့မိသားစုများက စျာပနပွဲတစ်ခုလုံး ဖြစ်မြောက်ရန်အတွက် ဤပစ္စည်းများကိုပင် မှီခိုအားထားကြရသည်။
သို့သော်လည်း အိမ်ရှင်က ပစ္စည်းအားလုံး သုံးလိမ့်မည် မဟုတ်ဘဲ ဓလေ့ထုံးတမ်းအရ အချို့ကို ပြန်လည်ပေးပို့ရသည်။ ထို့ကြောင့် သူတို့က မည်သူက မည်သည့် ပစ္စည်းကို ပေးပို့ထားသည့်အကြောင်းကို မှတ်ထားရန် လိုအပ်ပေသည်။ ပြီးနောက်တွင် အိမ်ရှင်မိသားစုက ထိုအိမ်ထံသို့ "တိုဖူးထမင်း စားရန်" သွားရောက်ကာ အကူပစ္စည်းများကို ပြန်ပေးရလေသည်။
အတိတ်တွင် ဟယ့်ရှီရွာ၌ တစ်စုံတစ်ယောက်၏ အိမ်သို့ သွားရောက် စားသောက်တိုင်း ကြက်ဥနှစ်လုံးနှင့် ဆန်လက်တစ်ဆုပ်သာ ပေးတတ်သည့် အလွန်ကပ်စေးကုတ်သော မိသားစု တစ်စု ရှိခဲ့သည်။ နောက်ပိုင်းတွင် သူတို့၏ မိသားစုက နောက်ထပ် စျာပနပွဲတစ်ခု ကျင်းပသောအခါ လူများက ထိုပစ္စည်းများကိုသာ ပြန်ပေးခဲ့ကြသဖြင့် စျာပနပွဲကြီးတစ်ခုလုံး မဖြစ်မြောက်လုနီးပါး ဖြစ်သွားခဲ့သည်။
ကျန်းကျန့်က ထိုအကြောင်းနှင့် ပတ်သက်၍ မည်သည်ကိုမှ မသိခဲ့သော်လည်း ကျောက်လျူက အလွန် ကျွမ်းကျင်လှသည် ဖြစ်ရာ ကျန်းကျန့်အတွက် ဆီတစ်အိုး၊ ဖယောင်တိုင်ကြီး နှစ်ချောင်း၊ ကြက်နှစ်ကောင်နှင့် ကြက်ဥတစ်ခြင်းပါသည့် ရက်ရောလှသော လက်ဆောင်ပစ္စည်းများကို ပြင်ပေးလိုက်လေသည်။ ကျန်းကျန့်က ထိုပစ္စည်းများကို ချကာ နောက်ထပ် ငွေနှစ်စ ပေးလိုက်သည်။
ကျန်းဖျင်က ၎င်းကို မှတ်တမ်းတင်ထားခဲ့သည်။ ထိုအချိန်၌ လီမိသားစုသို့ လာရောက်ကြသူများမှာ စျာပနအခမ်းအနားအကြောင်း ပြောနေကြပြီး လီမိသားစုက စျာပနကို ခမ်းခမ်းနားနား ဆောင်ရွက်ထားသည်ဟု စိတ်ရင်းဖြင့် ခံစားလိုက်ရသည်။
"အခေါင်းကို ဆေးခြယ်ထားတယ်"
"ဖယောင်းတိုင်နှစ်ချောင်းနဲ့ ဆီမီးအိမ်ရှစ်ခု ထွန်းထားတာ တွေ့လား... တကယ်ကလေ အဲ့ဒါတွေကို လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက တစ်ချိန်လုံး ထွန်းထားတာ မငြိမ်းရသေးဘူးတဲ့"
"လီမိသားစုက ထမင်းချက် တစ်ယောက် ဖိတ်ထားပြီး စွတ်နာ့လည်း မှုတ်ခိုင်းထားတယ်နော်"
[T/N Suona တရုတ်ရိုးရာ နှဲတစ်မျိုး]
"လီမိသားက လူငယ်တွေအားလုံးက အပြာရောင် ဦးထုပ်နဲ့ အပြာရောင် ခါးပတ်တွေ ဝတ်ထားကြတယ်... လီယွမ်ရဲ့ ညီအစ်ကိုတွေ ဝတ်ထားတဲ့ ဂါရဝဝတ်စုံတွေကလည်း အသစ် ချုပ်ထားတာတွေဟဲ့“
. . .
"လီမိသားစု ဒီလို လုပ်နိုင်တာက လီယွမ် သေသွားပြီးတော့ ကျန်းကျန့်က သူတို့ကို ငွေတွေ အများကြီး ပေးခဲ့တာကြောင့်လို့ ပြောကြတာပဲ"
"ငါလည်း ကြားတယ်... လီမိသားစုက သားတစ်ယောက် ဆုံးရှုံးသွားပေမယ့် နောက်ဆိုရင် သူတို့ရဲ့ ဘဝတွေ ပိုပြီး လွယ်ကူလာတော့မယ်"
"တကယ်တော့... ဆုံးရှုံးတာတောင် မဟုတ်ဘူး"
"အသံတိုးတိုးပြောလေ... ကျန်းကျန့်နဲ့ သူ့လူတွေ ရှိနေတယ်"
ထိုမှတ်ချက်များအားလုံးကို ကြားလိုက်ရသည့် ကျန်းကျန့်မှာ စိတ်ရှုပ်ထွေးလာရလေသည်။
ဒီခေတ်က လူတွေက ခေတ်သစ်ကလောက် လူသားဘဝကို တန်ဖိုး မထားကြပါလား... သေချာတာပေါ့... ဒါက သူ့အတွက် ဆိုးတဲ့အရာတော့ မဟုတ်ဘူးလေ... ဒီရက်တွေထဲမှာ မရေတွက်နိုင်တဲ့လူတွေ သူ့လက်အောက်ငယ်သား ဖြစ်ချင်နေကြတာကို ကြည့်စမ်းပါဦး...
လူတစ်ယောက် ရောက်လာသည့်အချိန်တိုင်း စွတ်နာ့ကို တစ်ခဏမျှ မှုတ်စေပြီး လူတိုင်း ရောက်ရှိလာသည်နှင့် ပွဲကို စတင်မည် ဖြစ်သည်။
ဟယ့်ရှီရွာ၏ ထုံးတမ်းတွင် အသီးအရွက်ဟင်းပွဲများကိုသာ စားသုံးရသည့် ဓလေ့မရှိဘဲ ယေဘုယျအားဖြင့် စျာပန၏ ပထမဆုံးရက်တွင် တိုဖူးထမင်းကိုသာ တည်ခင်းလေ့ ရှိကြသည်။ မြှုပ်နှံသည့် ရက်၏ ညနေခင်းမှသာ စားပွဲပေါ်၌ အသားဟင်းတစ်ခွက် ပေါ်လာတတ်ပေသည်။ အဆုံးတွင် လူတိုင်းက ဆင်းရဲကြပေသည်။
သို့သော်လည်း လီမိသားစုက ကွဲပြားလေသည်။ စားသောက်ပွဲ စတင်သည်နှင့် စားပွဲတိုင်းကို အသီးအရွက်နှင့် တိုဖူးဟင်းလေးခွက်ကို ပထမဆုံး တည်ခင်းလိုက်ပြီး တိုဖူးဟင်းပွဲများ၏ အပေါ်တွင် ဝက်ဆီဖတ်အနှစ်များ ထည့်ထားခဲ့လေသည်။ နောက်ပိုင်း ချလာသည့် ပဲပိစပ်တိုဖူးဟင်းတွင်လည်း အသားပါပြီး တိုဖူးစွပ်ပြုတ်ဟင်းတွင်လည်း ကြက်ဥဖတ်လေးများနှင့် အသားမျှင်လေးများ ထည့်ထားလေသည်။
အသီးအရွက်စိမ်းနှင့် တိုဖူးဟင်းလေးခွက်၊ တိုဖူးနှပ် နှစ်ခွက်နှင့် တိုဖူးစွပ်ပြုတ် နှစ်ခွက် စသည့် စုစုပေါင်း ဟင်းရှစ်ခွက်ကို စားပွဲတိုင်းတွင် တည်ခင်းထားပြီး ဟင်းပွဲတိုင်းတွင် အသားအချို့ပါကာ အထူးသဖြင့် တိုဖူးထမင်းတွင် ဖြစ်သည်။ ၎င်းက သေချာပေါက် ရက်ရောလှပေသည်။
ဆီနှင့် အသားစားရပြီးနောက် ကသောင်းကနင်း ဖြစ်လာကြသည့် ကလေးများ ရှိကြသော်လည်း ကျန်းကျန့်ကမူ ဟယ့်ရှီရွာမှ သူ့လူများနှင့်သာ စားပွဲအတူ ထိုင်ခဲ့လေသည်။ သူတို့က ဤရက်များအတွင်း ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ရသဖြင့် အစားအစာများကို အလျင်စလို လှမ်းနှိုက်မနေကြ။
လူတိုင်းက တိတ်တဆိတ် စားသောက်နေကြပြီး အမြဲတမ်း ခုန်ပေါက်နေတတ်သည့် ကျန်းမင်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့လေသည်။
"ဒီအသီးအရွက်တိုဖူးက စားကောင်းတယ်" ကျန်းကျန့်က ကျောက်ကျင်းကောကို ပြောလိုက်ပြီးနောက် သူ့ရှေ့မှ အသီးအရွက်တိုဖူးပန်းကန်ကို လှမ်းခပ်ကာ ကျောက်ကျင်းကော၏ ထမင်းပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ တို့ဖူးက နူးညံ့လှသဖြင့် တူနှင့် လှမ်းယူရန် မလွယ်ကူပေ။
"အင်း" ကျောက်ကျင်းကောက ခေါင်းငြိမ့်ပြလိုက်ပြီး ခေါင်းကို ငုံ့ကာ ထမင်းစားလိုက်ချိန်တွင် ကျန်းကျန့်သည်လည်း စတင်စားသောက်လေတော့သည်။
ကျန်းကျန့်၏တူ လှုပ်ရှားလိုက်စဥ်မှာပင် ယောကျ်ားတစ်ယောက်က ကျန်းကျန့်၏ အနားသို့ ရောက်လာပြီး ခေါင်းကို ငုံ့၍ အသံတိုးတိုးဖြင့် အသနား ခံလိုက်လေသည်။
"ဘောစ့် ကျွန်တော့်ကို မထုတ်လို့ရမလား... အရင်က ကျွန်တော်မှားသွားပါတယ်... ကျွန်တော် ဘောစ့်နောက်ကို လိုက်ချင်တယ်"
"ငါက အမြဲတမ်း စကားတည်တယ်" ကျန်းကျန့်က တစ်ဖက်လူကို ကြည့်လိုက်သည်။
ထိုသူက ဟယ့်ရှီရွာကပင် ဖြစ်ကာ သူ့လက်အောက်ငယ်သားများထဲမှ တစ်ယောက် ဖြစ်သည်။ သူတို့ ပင်လယ်ဓါးပြများနှင့် တွေ့ခဲ့ရချိန်တွင် လီယွမ်နှင့် အခြားဟယ့်ရှီရွာသားများ ဆိုးဆိုးဝါးဝါး ထိခိုက်သွားကြရပြီးနောက် ထိုလူမှာ စိတ်ပျက်အားလျော့စေသည့် စကားများစွာ ပြောခဲ့ပြီး ကျန်းကျန့်နောက် လိုက်ခဲ့ရသည်ကို နောင်တရသည်ဟု ပြောခဲ့သူ ဖြစ်သည်။
ထိုအချိန်က ကျန်းကျန့်က မပျော်မရွှင် ဖြစ်နေသဖြင့် နောက်တွင် ထိုသူကို သူ့နောက် ထပ်မလိုက်တော့ရန် ပြောခဲ့သည်။ သူက ထိုသို့ ပြောခဲ့ခြင်း ဖြစ်ပါသော်လည်း ထိုအချိန်က ခရီးဝေးတွင် ရှိနေစဥ်ဖြစ်၍ လူတိုင်းကို သူ့လက်အောက်ငယ်သားများအဖြစ် မှတ်ယူထားဆဲ ဖြစ်သည်။
ထိုအချိန်တွင် ထိုလူက ပေါ့ပေါ့ပါးပါး ဒဏ်ရာများ ရခဲ့သဖြင့် နောက်ပိုင်းတွင် ကျန်းကျန့်နောက် လိုက်ကာ ပင်လယ်ဓါးပြများနှင့် သွားရောက်တိုက်ခိုက်ခြင်းလည်း မပြုခဲ့ပေ။ သူက ကျန့်ရီထံမှ လျော်ကြေးငွေများ ရခဲ့သေးပြီး နောက်ပိုင်းတွင် ကျန်းကျန့်က လူတိုင်းကို ဆုကြေးအနည်းငယ်လည်း ပေးခဲ့သဖြင့် သူ့ထံတွင် ငွေမပြတ်လပ်တော့ပေ... ထိုမျှလောက် များပြားသည့် ငွေကို တွေ့နေရသဖြင့် သူက ကျန်းကျန့်နောက် ဆက်ပြီး လိုက်ချင်နေခဲ့သည်။
နောက်ပိုင်းတွင် ကျန်းကျန့်က သူ့ကို မလိုချင်တော့သည့်အကြောင်း မပြောခဲ့သဖြင့် ကျန်းကျန့် ထိုအကြောင်းကို မေ့သွားလေပြီဟု သူတွေးခဲ့သည်။ သို့သော်လည်း ဟယ့်ရှီရွာသို့ ပြန်ရောက်သည်နှင့် ကျန်းကျန့်က သူ့အား သူ့(ကျန်းကျန့်)လက်အောက်မှလူ ထပ်မဖြစ်နိုင်တော့ဟု ပြောခဲ့မည်ဟု မထင်ထားခဲ့ပေ။
မြို့တော်မှ ပြန်လာသောအခါ သူက ပစ္စည်းအများအပြားနှင့် ငွေစများစွာ ပြန်ယူလာနိုင်ခဲ့သည်။ လူတိုင်းက သူ့ကို မနာလို ဖြစ်နေကြပြီး သူကလည်း ဝမ်းသာအားရ ဖြစ်နေခဲ့ရပါသော်လည်း ထို့နောက်တွင်... ကျန်းကျန့်က သူ့ကို မောင်းထုတ်လိုက်တာလား...
သူက ၎င်းကို မလိုလားသဖြင့် ယနေ့တွင် ထိုအကြောင်းကို ကျန်းကျန့်နှင့် စကားပြောရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူက တောင်းပန်တိုးရှိုးလိုက်သည်။
"ဘောစ့်... နောက်ဆို ကျွန်တော် သေချာပေါက် အမိန့်နာခံပါ့မယ်"
"အခုအချိန် လာပြောလည်း အသုံးမဝင်ဘူး" ကျန်းကျန့်၏ အေးတိအေးစက် အမူအယာကို တွေ့သောအခါ နောက်ထပ် ဆက်မပြောရဲတော့ဘဲ တုန်လှုပ်ချောက်ချားစွာ ထွက်သွားလေသည်။
"သူ အနှေးနဲ့ အမြန် နောင်တရလာမယ်ဆိုတာ ငါသိသားပဲ" ကျန်းမင်က ဆိုလိုက်သည်။
"ဘောစ့်နောက် လိုက်ရတာ အကောင်းဆုံးပဲ... ပူပူလောင်လောင် ဟင်းလျာလေးတွေလည်း စားလို့သောက်လို့ ရတယ်"
ကျန်းကျန့်က ကျန်းမင်ကို ကြည့်လိုက်လေသည်။
"ငါ မင်းတို့ကို လေ့ကျင့်ရေး ပိုတိုးပေးတော့မယ်... မင်းတို့ မပြီးနိုင်ရင် နောက်ဆို အစားကောင်း အသောက်ကောင်းတွေ စားခွင့်မပြုဘူး"
မြို့တော်သို့ ခရီးစဥ်တွင် ကျန်းကျန့်က သူ့ကိုယ်အတွင်း ချို့တဲ့မှုများစွာကို ရှာတွေ့ခဲ့ရသည်။ သူ့လူများကတော့ ဆိုဖွယ်ရာပင် မရှိ။ သူတို့၏ လေ့ကျင့်မှု သက်တမ်းက အတော်လေး တိုတောင်းခဲ့သည်။ သူက ငွေမပြတ်လပ်သည့်အတွက် ကျောက်ကျင်းကောကို ကောင်းကောင်းမွန်မွန် ထားနိုင်ပြီ ဖြစ်၍ တိတ်တဆိတ်နေကာ သူ့လူများကို လေ့ကျင့်ပေးပြီး အုတ်မြစ်ခိုင်မာအောင် လုပ်ပေးရမည်။ ထို့မှသာ နောင်တွင် ပိုပြီး တိုးတက်လာနိုင်မည် ဖြစ်သည်။ သေချာပေါက်ပင် ထိုကိစ္စ မလုပ်မီ မြို့တော်မှ ဝယ်လာသည့် ပစ္စည်းများကို ရောင်းချကာ အိမ် ဆောက်ရပေမည်။
နောက်တစ်နေ့ မနက်စောစောတွင် လူများစွာက လီယွမ်၏ မိသားစုအိမ်၌ စုဝေးနေခဲ့ကြသည်။ လူတိုင်းက လီယွမ်၏ အဝတ်အစားများ ပါဝင်သည့် အခေါင်းကို မြှုပ်နှံရန်အတွက် လီမိသားစု ရွေးချယ်ထားသည့် မြေပေါ်တွင် ကျင်းတစ်ကျင်းတူးရန် ကူညီပေးခဲ့ကြပြီးနောက် ရိုးရာဓလေ့များကို ဆောင်ရွက်လေသည်။ နောက်ထပ် ထမင်းနှစ်နပ် စားပြီးနောက် လီယွမ်၏ စျာပန ပြီးဆုံးသွားလေပြီ။
လီမိသားစု၏ တိုဖူးထမင်းက ရွာသားများအတွက် အလွန် ကြွယ်ဝလွန်းလှပြီး အထူးသဖြင့် နောက်ဆုံးတစ်နပ်တွင် ဝက်သားနှပ်သာမက ကြက်သားလွှာများပင် တည်ခင်းခဲ့လေသည်။ ပြီးတော့ တိုဖူးစွပ်ပြုတ်က ကြက်သားနဲ့ ချက်ထားတာကွ...
သို့သော်ငြား ထိုကဲ့သို့သော ဟင်းပွဲများက ကျန်းကျန့်အတွက် သာမန်မျှသာ ဖြစ်သည်။ အဆုံးတွင် ဤရက်များ၌ ကျောက်မိသားစု၏ ဟင်းလျာများကလည်း အလွန်ကောင်းမွန်လှပေသည်။
သို့သော်လည်း သူက ကျောက်လျူ၏ အစားအသောက်များကို အချိန်တစ်ခုအထိ မစားခဲ့ရပေ။ လီယွမ်၏ စျာပနပြီးနောက် ကျန်းကျန့်က ဖုချောင်သို့ သွားကာ မြို့တော်မှ သယ်လာသော ပစ္စည်းများရောင်းချရန် စီစဥ်ထားသည်။
ထိုညတွင် "သေန္ဓသားလောင်းအား အသိပညာပေးခြင်း" ပြီးဆုံးပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောအား သူ့အစီအစဥ်များကို ပြောပြခဲ့သည်။
"ကျွန်တော်လည်း လိုက်မယ်" ကျောက်ကျင်းကောက ချက်ချင်း ပြောလိုက်သည်။
"ကျင်းကော... မင်းမှာ ကလေးနဲ့လေ" ကျန်းကျန့်က ချီတုံချတုံဖြင့် ပြောလိုက်သည်။ ဤတစ်ကြိမ်၌ ကျောက်ကျင်းကောကို ခေါ်သွားရန် မရည်ရွယ်ထားပေ။ အဆုံးတွင် သူက ရက်အနည်းငယ်သာ သွားရမည် ဖြစ်သည်။ ကျန့်ရီက သူ့ကို ကုန်သည်များစွာနှင့် မိတ်ဆက်ပေးထားသဖြင့် ကုန်ပစ္စည်းများ ရောင်းချရန်လည်း လွယ်ကူသည်။ သူက ကုန်ပစ္စည်းများ ရောင်းချရမည်ကို လုံးဝ စိုးရိမ်မနေပေ။
"ကျွန်တော်လည်း လိုက်ချင်တယ်" ကျောက်ကျင်းကောကထပ်ပြောလိုက်လေသည်။
ကျန်းကျန့်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် သဘောတူလိုက်သည်။ ထို့နောက် သူက ကျောက်ကျင်းကောအနားသို့ တိုးကပ်လိုက်လေသည်။
"ကျင်းကော... ကိုယ်နဲ့ မခွဲချင်လို့လား"
ကျောက်ကျင်းကောက "အင်း" ဟုသာ ပြောလိုက်လေသည်။ ဒါပေါ့... သူက ကျန်းကျန့်နဲ့ မခွဲနိုင်ဘူးလေ... ပြီးတော့ သူမရှိရင် မှင်စာလိုဟာတွေ ကျန်းကျန့်ကို ဆွဲဆောင်ကြမှာကိုလည်း စိုးရိမ်ရသေးတယ်...
ကျန်းကျန့်က ကျောက်ကျင်းကော၏ ပြန်ဖြေသံကို ကြားသောအခါ အလွန် ပျော်ရွှင်သွားလေသည်။ သူက သူ့ကိုယ်သူ ကျောက်ကျင်းကောဆီ ပစ်ဝင်ကာ အကြိမ်များစွာ အနမ်းပေးလိုက်လေသည်။
"ဂရုစိုက်" ကျောက်ကျင်းကောက သူ့ဗိုက်လေးကို ဖက်ထားသည်။
"ကိုယ်က အရမ်းဂရုစိုက်ထားပြီးသားပါ"
ကျန်းကျန့်က ပြောလိုက်ပြီးနောက် ခေါင်းငုံ့ကာ ကျောက်ကျင်းကော၏ ဗိုက်လေးကို နမ်းလိုက်ပြီးနောက် ကျောက်ကျင်းကော၏ အဝတ်များကို စတင် ဆွဲချွတ်လေတော့သည်။
ကျောက်ကျင်းကောက သူ့ခန္ဓါကိုယ်မှာ ကြည့်မကောင်းဟု အမြဲတမ်း ခံစားနေရပြီး ကိုယ်ဝန်ရှိလာသောအခါ ပို၍ပင် ရုပ်ဆိုးလာသည်ဟု ခံစားရသည်။ ကံအားလျော်စွာဖြင့် ရာသီဥတုက အေးနေသဖြင့် စောင်များအောက်တွင်သာ အမြဲ နေနေရသည့်အတွက် ကျန်းကျန့်က မတွေ့နိုင်ခဲ့ပေ။
ထိုနေ့က ပုံမှန်နေ့များလိုပင် တစ်ခဏမျှကြာပြီးနောက် ကျောက်ကျင်းကော၏ အဝတ်များကို ကျန်းကျန့်က ဆွဲချွတ်ပြီးသွား၍ စောင်အောက်မှာပင် ကိုယ်တုံးလုံး လှဲနေခဲ့ရသည်။
ကျန်းကျန့်၏ လက်များက ကျောက်ကျင်းကောကို ထိတွေ့နေပြီးနောက် အဆုံးတွင် ရပ်တန့်သွားလေသည်။