Chapter 141
ကျန်းမင်က လက်ခံကြောင်း ပြန်ဖြေပြီးနောက် ပြေးထွက်သွားလေသည်။ ကျောက်လျူနှင့်အတူ ပြန်လာကြသူများမှာလည်း ထွက်ပြေးသွားကြလေပြီ။ သူတို့က အံ့သြဖွယ်ကောင်းစွာပင် ကျန်းကျန့် အဝတ်များ လျှော်နေသည်ကို တွေ့ခဲ့ကြရသည်။ ထိုမိန်းမနှစ်ယောက်မှာ ရုတ်တရက်ပင် အိမ်တွင် မည်သည့် အိမ်မှုကိစ္စ အဝဝကိုမှ လုပ်မပေးကြသည့် ယောကျ်ားများအပေါ် ပြဿနာ ရှိသွားကြလေသည်။
"ကျန်းကျန့်... အခင်းတွေကို ဘာလို့ ကိုယ်တိုင် လျှော်နေရတာလဲကွယ်... အမေလျှော်ဖို့ ထားထားလို့ ရပါတယ်" မိန်းမ နှစ်ယောက် ထွက်သွားပြီးနောက် ကျောက်လျူက ကျန်းကျန့်ကို အမြန် ပြောလိုက်သည်။
"ဒီအတိုင်း လျှော်လိုက်တာပါ" ကျန်းကျန့်က ပြောလိုက်သော်လည်း အခင်းများမှာ မည်သည့်အတွက်ကြောင့် ပေရေသွားခဲ့ရသည်ကို ထုတ်မပြောလိုက်ပေ။ ပြောရမည် ဆိုပါက ကျောက်လျူအနေနှင့်လည်း အခင်းလျှော်ရန် မလွယ်ကူပါပေ။ သူမက အခင်းများကို ရေခြောက်သွားသည်အထိ မညှစ်နိုင်ပါပေ။
"အခုကစပြီး ထားလိုက်တော့... မလျှော်နဲ့တော့" ကျောက်လျူက ပြောလိုက်သည်။ သူမ၏ စကားအဆုံးတွင် သူ့ဘေးမှ မြေအိုးများကို တွေ့လိုက်ရသည်။ "မြေအိုးတွေက ဘာလို့ ပြာတွေ ပြည့်နေရတာလဲ"
"နေစမ်းပါအုံး မြေအိုးက ကွဲသွားတာလား" ကျောက်လျူက အလွန် စိတ်ထိခိုက်သွားလေသည်။ "ဘယ်သူက အထဲမှာ မီးမွှေးလိုက်တာလဲ... ဒါ တမင်သက်သက် အိုးကို မီးမြှိုက်လိုက်တာပဲ မဟုတ်ဘူးလား"
ကျန်းကျန့်: “. . .”
ကျောက်လျူက နှစ်ကြိမ်မျှ ငြီးတွားလိုက်ပြီးနောက် သူမ၏ မိသားစုထဲတွင် ကျန်းကျန့်မှလွဲ၍ မည်သူကမှ ထိုကဲ့သို့ လုပ်လိမ့်မည် မဟုတ်ကြောင်း သတိရသွားလေသည်။
"ကျန်းကျန့်... အိုးကို ဘာလို့ မီးရှို့လိုက်တာလဲ" ကျောက်လျူက မေးလေသည်။
"မနေ့က ကျွန်တော်တို့အခန်းက နည်းနည်းအေးနေလို့လေ... မီးလင်းဖိုလည်း မရှိတာနဲ့"
ကျန်းကျန့်က ကသိကအောက် ဖြစ်နေဟန်ဖြင့် နှာခေါင်းကို ထိလိုက်သည်။
ကျန်းကျန့်က ကြီးကောင့်ကြီးမား ဖြစ်၍ အအေးကြောက်လိမ့်မည် မဟုတ်။ ထို့ကြောင့် သူမ၏ သားအတွက်သာဖြစ်ရပေမည်။ ကျောက်လျူက ကျန်းကျန့်ကို ဒေါသမထွက်ပါသော်လည်း ကျန်းကျန့် ထွက်သွားသောအခါ သူမသား၏ အခန်းတံခါးကို ခေါက်ကာ အပြင်ဘက်တွင် ရပ်နေရင်း မေးလိုက်သည်။
"ကျင်းကော... သားတို့ရဲ့ အိပ်ရာခင်းက အရမ်းပါးနေလား..."
နိုးနှင့်နေပြီးသားဖြစ်ပြီး စောင်ထဲတွင် ရစ်ပတ်ထားကာ သေတ္တာထဲမှ အဝတ်များ ထုတ်ယူနေသည့် ကျောက်ကျင်းကောက တောင့်သွားလေတော့သည်။
# Ugly Husband
CHAPTER 105.1 - လက်ထပ်ခွင့် တောင်းဆိုမှု ကျရှုံးသွား
ကျောက်ကျင်းကောက ထိုနေရာမှာပင် မတုန်မလှုပ် ရပ်နေပြီး ပြန်လည်း မဖြေရဲပေ။
ကျောက်လျူက ထပ်ပြောလိုက်သည်။ "အေးတာကို ဘာလို့ အမေ့ကို မပြောရတာလဲ... ကျန်းကျန့်ကို အိမ်ထဲက မီးသွေးတွေ အားလုံး မီးမမြှိုက်ခိုင်းလိုက်သင့်ဘူးလေ... သူအခု ချမ်းသာနေရင်တောင် အဲ့လောက်ထိ မဖြုန်းတီးသင့်ဘူး"
ကျောက်ကျင်းကောက မဖြေသေးဘဲ တစ်ခဏမျှ လဲချလိုက်ရန် ရည်ရွယ်ကာ အိပ်ရာပေါ်တွင် တဖြည်းဖြည်း လှုပ်ရှားနေသည်။ ကျန်းကျန့်က သူထွက်သွားချိန်တွင် တံခါးပိတ်သွားခဲ့ပါသော်လည်း ပိတ်ထားသည် ဆိုရုံသာ။ အထဲမှ တံခါးမင်းတုန်းကိုသာ ထည့်မထားပါက တစ်ချက်တွန်းရုံဖြင့် တံခါးပွင့်သွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် သူမပြောချင်သည်ကို ပြောပြီးနောက် ကျောက်လျူက ပြန်ဖြေသံ တစ်ခုမှပင် မကြားလိုက်ရဘဲ ထွက်သွားလေတော့သည်။ သူမက ကျောက်ကျင်းကော အိပ်နေဆဲ ဖြစ်သည်ဟုသာ တွေးလိုက်သဖြင့် သူမသား အိပ်နေသည်ကို မနှောက်ယှက်ချင်ခဲ့ပေ။
ကျောက်ကျင်ကောက အိပ်ရာပေါ်တွင် ထိုင်နေပြီး သူ့အမေ ထွက်သွားသည်ကို တွေ့လိုက်ရသောအခါ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူပတ်ထားသော စောင်မှာ အနက်ရောင် ပြာများဖြင့် ဖုံးနေသည်ကို တွေ့လိုက်ရလေတော့သည်။
ကျန်းကျန့်က မနေ့ညက မီးမွှေးပြီးနောက် ဤမနက်တွင်လည်း သာမန်ကာလျှံကာသာ ရှင်းလင်းထားခဲ့သဖြင့် မြေပေါ်မှ ပြာများကို တံမြက်စည်း လှည်းမထားခဲ့ပေ။ သူက ယခုတွင် အနည်းငယ် တုန်လှုပ်နေခဲ့သဖြင့် စောင်ကို မြေပေါ်သို့ မတော်တဆ ဆွဲချမိသွားခဲ့သည်။
စောင်မှာ မြေပေါ်သို့ ဆွဲချခံလိုက်ရသည့်အတွက် သေချာပေါက်ပင် ပြာများ စွန်းထင်းသွားခဲ့ပြီး ထောင့်များမှာလည်း မည်းတူးသွားခဲ့လေသည်။
သူ့ကိုယ်သူ စောင်ဖြင့် ထပ်လွှမ်းလိုက်ပြီးနောက် အဝတ်များ ယူလိုက်သည်။ ထို့နောက် စောင်ကို ခွာကာ အဝတ် ဝတ်လိုက်ပြီး စောင်လျှော်ရန် ပြင်လိုက်လေသည်။
ထိုအခိုက်တွင် ကျောက်လျူက မနေ့ညက ကျန်းကျန့်မှာ မြေအိုး တစ်လုံးထက်ပင် မကဘဲ အတော်များများ ဆုံးရှုံးခဲ့ပုံရကြောင်း သိလိုက်ရလေသည်။
မီးဖိုချောင်ထဲတွင် ကြက်ဥနှင့် အသားဆားနယ်ခြောက်များ ပိုနည်းနေပြီး ကျန်နေသော ထမင်းများမှာလည်း ပျောက်ဆုံးနေကာ မီးသွေးတစ်အိတ်လည်း အပါအဝင်ပါပေ။ မနေ့ညက သူမ၏ သားအခန်းမှ ဝေ့ဝဲလာသော ဟင်းချက်သည့် အနံ့ဖျော့ဖျော့ကို ရခဲ့သည်။ သူတို့နှစ်ယောက် ညကြီးသန်းခေါင် ချက်ပြုတ်နေကြတာလား... ဒါတော့ တော်တော်များသွားပြီ...
ကျောက်လျူက အငြိမ်မနေနိုင်သဖြင့် ဆန်သွားဆေးရန်အတွက် လက်ဦးမှု ယူလာခဲ့သည်။ ချက်ပြုတ်မှုအားလုံးကို ထမင်းချက်လီကသာ ပြုလုပ်ပြီး မီးကိုလည်း ကျန်းရှောင်မိန်ကမွှေးကာ ရှောင်ရို့က အသီးအရွက်များ သင်ရန် ကူညီပေးသည်။ ကျောက်လျူက အားလပ်ချိန်ရနေသဖြင့် အပြင်ဘက်သို့ ထွက်ကာ သူမ၏သား စောင်များ လျှော်နေသည်ကို သွားကြည့်လိုက်သည်။
"ကျင်းကော ဒီစောင်ကို အရင်က အမေ လျှော်ပေးထားပြီးသားလေ... ဘာလို့ ပြန်လျှော်နေရတာလဲ" ကျောက်လျူက မျက်ခုံးကျုံ့လျက် မေးလိုက်သည်။
"နည်းနည်း ပေသွားလို့" ကျောက်ကျင်းကောက ဖြေလေသည်။
ကျောက်လျူက တစ်ချက် ကြည့်လိုက်ရာ လျှော်ထားသော ရေများက မဲညစ်နေသဖြင့် ထိုစောင်များမှာ ပြာများ စွန်းပေထားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
"ဒီနေ့ မနက်တုန်းက ကျန်းကျန့် အိပ်ရာခင်းတွေ ထလျှော်နေတာလည်း ပြာတွေ စွန်းသွားလို့ပေါ့လေ ဟုတ်လား... သားတို့က ခြေထောက် အပူပေးတဲ့ ကြေးမီးဖိုကြီးကို ကုတင်ပေါ် တင်ထားကြတာလား... နောက်ဆို ပိုပြီး ဂရုစိုက်မှရမယ်နော်"
"ဟုတ်" ကျောက်ကျင်းကောက ခေါင်းငုံ့ကာ ဖြေလိုက်ရင်း ကျန်းကျန့် အခင်းများကို လျှော်ပြီးသွားသည့်အကြောင်း ကြားလိုက်ရသောအခါ တိတ်တဆိတ် စိတ်သက်သာရာ ရသွားလေသည်။
"ပြီးတော့... နောက်ဆို ကျန်းကျန့်ကို အခင်းတွေ မလျှော်ခိုင်းနဲ့နော်... လူတွေက ငါတို့ရဲ့ သမက်အပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံတယ်လို့ ထင်သွားကြဦးမယ်... ဘယ်လိုလုပ်ပြီး ကြီးကောင့်ကြီးမားကြီးကို အခင်းလျှော်ခိုင်းရမှာလဲ"
ကျောက်လျူက ကျောက်ကျင်းကောကို ကူညီပေးရန်အတွက် ခွေးခြေလေးကို ရွှေ့လာခဲ့လေသည်။ ရေကအေးနေသည်ကို တွေ့သွားသောအခါ မျက်ခုံးကျုံ့သွားပြန်သည်။
"ဘာလို့ ရေအေးတွေနဲ့ လျှော်နေရတာလဲ... ဒီလောက်အေးတဲ့ နေ့မှာ အအေးမိမှာ မကြောက်ဘူးလား"
ကျောက်ကျင်းကောက အိမ်ထဲသို့ တွန်းလွှတ်ခံလိုက်ရပြီး ကျောက်လျူက စောင်ကို သူမနှင့်အတူ ရေဆေးကူပေးရန် ရှောင်ရို့ကို ခေါ်လိုက်သည်။ သူတို့နှစ်ယောက်က အားနည်းနည်းသာ ရှိကြသော်လည်း တစ်ယောက်စီက စောင်အစွန်းတစ်ခုစီကိုင်ကာ တဖြည်းဖြည်း ညှစ်နေခဲ့ကြသည်။ ထို့နောက် ကျန်းကျန့် လျှော်ထားသော အိပ်ယာခင်းများနှင့်အတူ နေလှမ်းလိုက်ကြသည်။
ကျန်းကျန့် အိမ်ပြန်လာသောအခါ အိပ်ရာခင်းနှင့် စောင်များမှာ လေ၏ တိုက်ခတ်မှုကြောင့် ခြောက်သွေ့နေကြလေသည်ကို တွေ့လိုက်ရသည်။
ဟယ့်ရှီရွာက မနက်စာ အစားအသောက်များကို အာရုံသိပ်မထားကြပေ။ အတိတ်တွင် ကျောက်လျူ၏ မနက်စာမှာ အမြဲတမ်းလိုလို ယာဂုသာ ဖြစ်ခဲ့သည်။ သို့သော်လည်း သူမ၏ နေရာကို ထမင်းချက်လီ အစားထိုးလာပြီးနောက် ဟင်းပွဲများမှာ ပြောင်းလဲသွားပြီး ပို၍ အမျိုးစား စုံလာသည်။ ဥပမာအားဖြင့် ဤနေ့တွင် သူတို့က ဆန်ပြုတ်ကို အသီးအရွက်စိမ်း ဘန်းမုန့်များဖြင့် စားကြခြင်း ဖြစ်လေသည်။ အသီးအရွက်စိမ်းများမှာ လက်ဖြင့် နယ်ကာ တစ်ညလုံး အချဥ်သိပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုတွင် ၎င်းတို့က လတ်ဆတ်သော အသီးအရွက်စိမ်း ရနံ့လေးရမနေပေ။
ကျောက်ကျင်းကောက ထိုဘန်းမုန့်ပေါင်းကို အလွန်ကြိုက်သဖြင့် ဆန်ပြုတ်နှင့် အတူတွဲစားသည်။
ကျန်းကျန့်ကလည်း ဘန်းမုန့်ပေါင်းကို ကြိုက်သဖြင့် များများ စားခဲ့သည်။ စားပြီးသွားသောအခါ သူနှင့် ကျောက်ကျင်းကောတို့ ဖုချောင်သို့ သွားကြမည့်အကြောင်း ပြောပြခဲ့သည်။
"ဒီပစ္စည်းတွေကို တတ်နိုင်သမျှ မြန်မြန် ရောင်းသင့်တာပေါ့" ကျောက်ဖူကွေ့က ကန့်ကွက်ခြင်း အလျင်းမရှိ ခေါင်းငြိမ့်ပြလိုက်သည်။
သို့သော်လည်း ကျောက်လျူက ကျောက်ကျင်းကောကို အပြစ်တင်နေသည်။
"ဘာလို့ ကျောက်ကျင်းကောကို မင်းနဲ့ အတူ ခေါ်ချင်နေသေးတာလဲ... သူက မင်းသွားဖို့ကို အနှောက်အယှက်ပေးနေလို့လား... ကောတစ်ယောက်က ဒီလောက်ကြီးတဲ့ ဗိုက်ကြီးနဲ့ ပြေးလွှားနေရတာ မကောင်းဘူး"
"အမေ... ဖုချောင်ကို သွားရုံလေးပါ... အဆင်ပြေပါတယ်" ကျန်းကျန့်အတွက်မူ သူတို့သာ အတော်ဝေးဝေးနေရာသို့ သွားပါက ကျောက်ကျင်းကောအတွက် မသင့်တော်သော်လည်း တစ်ရက်တာ ခရီးသာ သွားရမည့် ဖုချောင်အထိသာ ဖြစ်၍ ပြဿနာ မရှိနိုင်ပေ။
ကျောက်ကျင်းကော: “. . .” အမေရေ... အမေပဲ ကျွန်တော့်ကို လိုက်သွားဖို့ ပြောခဲ့တာလေ...
ကျောက်လျူက ကျောက်ကျင်းကောကို စကားအချို့ ပြောပြီးနောက် သူ သယ်သွားသင့်သည့် ပစ္စည်းများအကြောင်း စတင်ပြောပြလေတော့သည်။
"အခု အေးနေပြီ ဆိုတော့ နောက်ထပ် အိပ်ရာခင်းတွေ စောင်တွေ အများကြီး ပိုယူသွားရမယ်... အမေ စောင်တွေ ကူချုပ်ပေးဖို့ တစ်ယောက်ယောက် ရှာပေးထားမယ်... နောက်ပြီးတော့ စားသောက်စရာ နည်းနည်းလောက် ယူသွားသင့်တယ်နော်"
ကျောက်လျူက ပြောသည့်အတိုင်း လုပ်ခဲ့ပြီး မနက်စာစားပြီးသည်နှင့် ရွာထဲမှ ရင်းနှီးသူများအား စောင်ကူချုပ်ပေးရန် ခေါ်လိုက်သည်။
ဟယ့်ရှီရွာထဲမှ မိသားစုတိုင်းက ပိုးကောင်များ မွေးထားကြသော်လည်း ဝါဂွမ်းကိုမူ များများ မစိုက်ကြ။ အိပ်ယာလွှမ်းများမှာ အားလုံး ပိုးသားများသာ ဖြစ်သော်လည်း ပိုးသားက အိပ်ရာပြုလုပ်ရန် မသင့်တော်လေရာ အခြေခံအားဖြင့် ဂွမ်းကပ်ဖြင့်သာ ပြုလုပ်ကြခြင်း ဖြစ်သည်။
ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ လက်ထပ်သောအခါ ကျောက်လျူက ဂွမ်းကပ်အိပ်ရာများနှင့် ပိုးသား အိပ်ရာလွှမ်း နှစ်ခု ပြုလုပ်ရန် လူငှားခဲ့သည်။
ဟယ့်ရှီရွာ၌ မွေးမြူသော ပိုးကောင်များမှာ ၎င်းတို့က ပိုးအိမ်များ ထုတ်ပေးပြီးနောက် ရောင်းချလေ့ရှိကြသော်လည်း အချို့ကိုမူ ကိုယ်ပိုင်အသုံးပြုရန်အတွက် သိမ်းထားလေ့ ရှိကြသည်။ သူတို့က ပိုးအိမ်များကို အိုးထဲတွင် ပြုတ်ပြီးနောက် ရေထဲတွင် ရက်အနည်းငယ် စိမ်ထားပေးရသည်။
ထိုရက်အနည်းငယ်ပြီးနောက် အမျိုးသမီး သို့မဟုတ် ကောများက ရေစိမ်ထားပြီး နူးညံ့နေသော ပိုးအိမ်များကို ခွာကာ အထဲမှ ပိုးလုံးကောင်လေးကို ထူးထုတ်ရသည်။ ၎င်းတို့ကို ဖွင့်ပြီးနောက် လက်ထဲတွင် ထား၍ အလွှာပေါင်းများစွာ ဖြစ်လာစေရန် စုပြီးချိန်တွင် စတုရန်းပုံစံ ပိုးချည်အပိုင်းလေးများ ဖြစ်လာစေရန် ဆွဲထုတ်လိုက်ရသည်။
အခြောက်လှမ်းပြီးချိန်တွင် ထိုပစ္စည်းက ရွာသားများအတွက် ဂွမ်းကပ်အိတ် ဖြစ်လာသည်။ အိပ်ရာလွှမ်း သို့မဟုတ် ပိုးချည်များ သိပ်ထည့်ထားသော အပေါ်ဝတ်အင်္ကျီ ပြုလုပ်သောအခါ ၎င်းကို ပြန်ထုတ်လာပြီး တံခါးဘောင်တွင် ဂွမ်းကပ်အိတ် တစ်ခု သို့မဟုတ် နှစ်ခုကို ထပ်ကာ လူနှစ်ယောက်က ထိုဂွမ်းကပ်အိတ်အပေါ် ရပ်နေပြီး ဂွမ်းကပ်အိတ်ကပ် ဖြစ်လာစေရန် ဆွဲထုတ်ပေးရလေသည်။ တံခါးဘောင်တွင် တစ်ထပ်ပြီး တစ်ထပ် ထပ်ကာ အိပ်ရာလွှမ်းဖြင့် ဖုံးထား၍လည်း ပိုးသား အိပ်ရာလွှမ်း တစ်ခုပြုလုပ်နိုင်သည်။
ကျောက်မိသားစုက ပိုးကောင် မမွေးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်၍ ကျောက်လျူက ဂွမ်းအိတ်များ မပြင်ထားရရုံသာမက အိပ်ယာလွှမ်း ဆွဲရသည့် နည်းလမ်းများလည်း မေ့သွားလေပြီ။ ထို့ကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ ဂွမ်းကပ်အိတ်များ ဝယ်ရန်နှင့် အိပ်ရာလွှမ်း ကူဆွဲပေးရန်အတွက် လူများ ရှာရန် ပိုက်ဆံသုံးလိုက်ရလေတော့သည်။
မြောက်ပိုင်းတွင် ပိုးသားက စျေးကြီးလှပြီး ဟယ့်ရှီတွင်လည်း ဂွမ်းအိတ်များ၏ စျေးနှုန်းက မနိမ့်လှပေ။ အိပ်ယာလွှမ်း ကူလုပ်ပေးရန် လူခေါ်ခြင်းက ငွေပေးရရုံမက သူတို့၏ အစားအစာအတွက်လည်း ဂရုစိုက်ပေးရသေးသည်။
ကျောက်မိသားစု၏ အစားအစာက ကောင်းလိမ့်မည်ဟူသော အချက်ကို မြင်ကြသည့် ရွာထဲမှ မိန်းမများက အလျင်အမြန် ပြေးလာခဲ့ကြသည်။
ကျောက်မိသားစုက ချက်ချင်းပင် သက်ဝင်လှုပ်ရှားသွားသည် ကျောက်လျူက ဂွမ်းကပ် အပေါ်ဝတ်အင်္ကျီအချို့ကို တွေ့လိုက်ရသောအခါ သူမသည်လည်း အသစ်များ လုပ်ပေးရန် ပြောလိုက်လေသည်။
"အစ်မကြီးလျူ... ရှင့်ဘဝကတော့ အခု တကယ့်ကို ကောင်းပြီးရင်း ကောင်းလာတာပဲနော်" ကျောက်လျူ ရွှေဆံထိုး ထိုးထားသည်ကို တွေ့သောအခါ တစ်ယောက်ယောက်က စတင်သက်ပြင်းချလေတော့သည်။
"ဟုတ်တယ်" ကျောက်လျူက မပြုံးမိဘဲ မနေနိုင်။
"ရှင့်ရဲ့ ကျင်းကောက လက်ထပ်တာ နောက်ကျပေမယ့်လည်း ကောင်းချီးပေးခံရတာပါပဲ... သူ့ဘဝကတော့ နောင်များမှာ ကောင်းပြီးရင်း ကောင်းလာတော့မှာ အသေအချာပဲ" အခြားလူတစ်ယောက်က ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်လျူက ချက်ချင်းပင် လက်ခံသည့်ဟန် ခေါင်းငြိမ့်လိုက်သည်။ မူလတွင် သူမက မကြွားဝါချင်ပါသော်လည်း မြှောက်ပင့်စကားများ ကြားလိုက်ရသောအခါ မနေနိုင်ဘဲ ပြောမိသွားပြန်သည်။
"ငါ့ရဲ့ ကျင်းကောက တကယ် ကံကောင်းတယ်... အရင်က အောင်သွယ်တော်ဟယ်က သူ့ကို ကလေးမြန်မြန် ရနိုင်တယ်ဆိုပြီး ပြောခဲ့သေးတယ်လေ... ဒါပေမယ့် သူ လက်ထပ်တာ ဘယ်လောက်ကြာသေးလို့လဲ ကြည့်စမ်းပါဦး... ကိုယ်ဝန် က တကယ့်မြန်မြန် ရလာတာပဲလေ... ပြီးတော့ သူက ပိုပြီးတော့ အထိမခံ ဖြစ်လာသေးတယ်... မနေ့ညက သူက အေးလို့ဆိုပြီး ကျန်းကျန့်ကို မီးမွှေးခိုင်းလိုက်တာ မီးသွေးတစ်အိတ် ကုန်ပါလေရော... ညလယ်ခေါင်ကြီးမှာ ဝက်သားနဲ့ ကြက်ဥတွေ ချက်စားကြသေးတယ်... သာမန်လူတွေ သူ့ကို သည်းခံနိုင်ကြမှာမဟုတ်ဘူး"
. . .
ကျောက်လျူက တပျော်တပါး ပြောဆိုနေစဥ် တစ်ယောက်ယောက်က သူမကို ရုတ်တရက် တံတောင်ဖြင့် တွတ်လိုက်လေသည်။
"ဘာကိစ္စလဲ" ကျောက်လျူက မေးလိုက်သည်။
"ကျောက်လျူ... ကျန်းကျန့်က ကျောက်ကျင်းကောအပေါ် အရမ်း ကြင်နာတာ ကျွန်မတို့အားလုံး သိပါတယ်... ဒါပေမယ့် ကျွန်မတို့ အမှန်ကိုပဲ ပြောတော့မယ်... ကျန်းကျန့်က ကြီးကောင့်ကြီးမား ယောကျ်ားတစ်ယောက် ဖြစ်နေပြီးတော့ ဒီလောက် အလားအလာကောင်းနေတာ... ရှင် သူ့အပေါ် ကြင်နာမှ ဖြစ်မယ်"
"ဟုတ်တယ်... ရှင် သူ့ကို အဝတ်တွေ လျှော်ခိုင်းနေတယ်လို့ ကျွန်မလည်း ကြားတယ်... ဒါက တော်တော်လေး မသင့်တော်ဘူးနော်"
"သူ့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါနဲ့... မဟုတ်ရင် သူ ထွက်ပြေးသွားလိမ့်မည်။
. . .
ကျောက်လျူမှာ ရုတ်တရက် ဆိုသလို မှားယွင်းစွပ်စွဲခံလိုက်ရသည်ဟု ခံစားလိုက်ရလေသည်။
ကျောက်လျူက သူမ၏ သူငယ်ချင်းပေါင်းများစွာထံမှ ဆွဲခေါ်ခံထားရပြီး တစ်ခုခု ပြောဟန် ပြင်နေကြစဥ်တွင် ကျန်းရှောင်မိန်က ရုတ်တရက် အပြင်ဘက်မှ စိတ်လှုပ်ရှားစွာဖြင့် အပြေးရောက်လာခဲ့သည်။
"အဒေါ်ကျောက်... ကျွန်မရဲ့ အစ်ကိုက မြင်းတစ်ကောင် ခေါ်လာခဲ့တယ်... တကယ့်မြင်းကြီး... ကျွန်မတစ်သက်မှာ မြင်းကို ပထမဆုံး မြင်ဖူးတာပဲ"
"မြင်းလား" ကျောက်လျူလည်း အံ့အားသင့်သွားသည်။ မူလတွင် အိပ်ရာခင်း ဆွဲနေကြသော အခြားသူများကလည်း သိလိုစိတ် ပြင်းပြလာကြလေသည်။
"မြင်းက ရွာထဲ ရောက်လာပြီ" ကျန်းရှောင်မိန်က ထပ်ပြောလိုက်သည်။
အခန်းထဲမှ လူများက ချက်ချင်း ဆိုသလို တပြုံတမကြီး ထွက်လာကြပြီး အပြင်မရောက်ခင်မှာပင် ကျောက်မိသားစု၏ မနီးမဝေးတွင် ရပ်နေသည့် ကြီးကျယ်ခန့်ညားလှသော မြင်းကြီး တစ်ကောင်ကို တွေ့လိုက်ရလေသည်။
ဟယ့်ရှီရွာ၏ ဤဘက်ပိုင်းတွင် ကျွဲနွားများကို မြင်တွေ့နိုင်ပေသည်။ သူတို့၏ ရွာထဲတွင် ကျွဲနွား တစ်ကောင်မှ မရှိသော်လည်း ဘေးရွာက လူအချို့က မွေးမြူထားကြသည်။ သို့သော်လည်း မြင်းများက တွေ့ရခဲပြီး ရံဖန်ရံခါတွင် ရထားလုံးဆွဲလာသည့် မြင်းများကို စီရင်စုမြို့ထဲတွင်သာ တွေ့နိုင်ပေသည်။
ထို့ကြောင့် လူတိုင်း၏ မျက်လုံးထဲတွင် မြင်းများက အလွန် တန်ဖိုးထားဖွယ်ရာ ပစ္စည်းများ ဖြစ်ကြသည်။ သို့သော်လည်း ကျန်းကျန့်က ထင်မှတ်မထားစွာပင် မြင်းတစ်ကောင် ဝယ်လာခဲ့လေသည်။
မနီးမဝေးတွင် ရပ်နေကြသူများမှာ မြင်းနားသို့ မသွားရဲကြသော်လည်း ထွက်သွားရန် တွန့်ဆုတ်နေကြဆဲ ဖြစ်သည်။ ဤမြင်းကို ကျန်းကျန့်က ဝယ်လာခဲ့ခြင်း ဖြစ်လေသည်။
မြင်းနှင့် ရထားလုံးကို မြို့တော်မှ ဟယ်ချောင်စီရင်စုသို့ ပြန်သယ်လာပြီးနောက် ကျန်းကျန့်မှာ ရထားလုံးကို ဤနေရာ၌ လုံးဝ အသုံးပြု၍ မရကြောင်း တွေ့လိုက်ရသည်။ ထိုမျှမကသေး။ မြင်းက သင်္ဘောပေါ်တွင် အချိန်အတော်ကြာ ကုန်ဆုံးပြီးနောက် ထိန်းရမလွယ် ဖြစ်နေခဲ့သည်။ သို့သော်လည်း သူ့လက်အောက်လူများတွင် မြင်းကို ထိန်းနိုင်သူ မရှိပေ။ ကျန်းကျန့်က စဥ်စားကြည့်လိုက်ပြီးနောက် မြင်းကို ကျန့်အိမ်တွင် ထားထားပြီး သူကယ်ခဲ့သူများထဲမှ တစ်ယောက်ကို ရွေးချယ်ကာ ကျန့်မိသားစု မြင်းထိန်းများထဲမှ တစ်ယောက်ထံတွင် မြင်းကို မည်ကဲ့သို့ စောင့်ရှောက်ရမည်ကို သင်ယူစေခဲ့သည်။