အခန်း ၉၅
Viewers 8k

Chapter 95

(ချစ်သူနှစ်ယောက်၏ အနမ်း)


ယေဘူယျအားဖြင့်ပြောရလျှင် ယောက်ျားနှင့်မိန်းမသည် တရားဝင်ချစ်သူဖြစ်သွားသောအခါ တစ်ယောက်က မျက်လုံးမှိတ်ခိုင်းခြင်းမှာ "နမ်းချင်တယ်" ဟု ဆိုလိုခြင်းဖြစ်သည်။


 ကြယ်တာရာခေတ်မှာတောင် ထိုကဲ့သို့ ထုံးတမ်းများက ရိုးအီနေပြီဖြစ်ကာ အချစ်ဒရမ်မာများ တစ်ခါမှ မကြည့်ဖူးသော လင်းရွှမ် ပင်လျှင် ကြားဖူးထားသည်။


လင်းရွှမ် ၏ အေးစက်တင်းမာပြီး ချောမောသော မျက်နှာသည် ချက်ချင်းပင် ပေါ့ပါးပြီး နူးညံ့သော အပြုံးဖြင့် ခိုတွဲကာ အလွန်လှပ နေတော့သည်။ကြယ်လေးများကဲ့သို့ သူ့မျက်လုံးများသည် မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုတို့ဖြင့် တောက်ပနေသည်။ သူ လင်းယောင်ယောင် ကို လေးလေးနက်နက် ကြည့်လိုက်သည်။ မိန်းကလေး၏ Star Network မှ ချစ်စရာကောင်းပြီး ချိုမြိန်သည့် မျက်နှာလေးမှာ နီမြန်းနေသည်ကို မြင်လိုက်ရလျှင် သူက ပြုံးပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။


 ' ကလေးဆိုးလေး'


 သူ့စိတ်ထဲတွင် တွေးနေသော်လည်း အပြင်မှာ ဘာမှ မပြောဖြစ်ပေ။ သူ့စကားတွေက ယခုဖြစ်နေသည့် ကြည်နူးစရာခံစားချက်များအား ချိုးဖျက်သွားမှာကို စိုးရွံ့ပြီး ပိန်ပိန်ပါးပါး ကလေးမလေးက ဒေါသထွက်ပြီး အော့ဖ်လိုင်းဖြစ်သွားနိုင်ပေသည်။သူမသည် ဒေါသထွက်တတ်ပြီး တစ်ခါတစ်ရံကလေးဆန်တတ်သဖြင့် အနည်းငယ် အချိန်ကြန့်ကြာသွားမှာစိုးရွံ့မိ၏။


လင်းယောင်ယောင်သည် သူ့ကို စနမ်းချင်ခဲ့သည်။ တစ်ခုကတော့ သူမသဘောဆန္ဒမပါဘဲ နောက်ဆုံးအကြိမ်က အတင်းနမ်းခဲ့သည့်အတွက် သူ့ကို လက်စားချေဖို့ဖြစ်သည်။ ထိုအကြွေးကို ယခုထက်ထိ မှတ်ထားသေးသည်။ ထို့အပြင် လင်းရွှမ် သည် သူမ၏ သဘောဆန္ဒမပါဘဲ လက်ချောင်းလေးတစ်ချောင်းကိုပင် ဘယ်သောအခါမှ မထိမိစေရန် ကတိပြုထားကာ သူမအား ယုံကြည်စိတ်ချစေခဲ့သည်။ သူသည် ရံဖန်ရံခါ ကိုယ်ခန္ဓာချင်း နီးကပ်စွာရှိနေကြသော်လည်း သူမ၏ အရိပ်အခြည်ကို ကြည့်ပြီးနောက်မှသာ ပွေ့ဖက်၊လက်ကိုင်ရဲသူဖြစ်သည်။ ထို့ကြောင့် သူမကစ၍ နမ်းခြင်းသည် တရားမျှတသည်။


သူမသည် ယခင်ဘဝက ပုံပန်းသဏ္ဍာန်ကို အသုံးပြု၍ ယခု Star Network တွင် ရောက်ရှိနေခြင်းဖြစ်သည်။ထိုကိစ္စနှင့်ပတ်သတ်၍ လင်းရွှမ်၊ ဝေ့ယွမ်၊ ချောင်းမင်ယောင် နှင့် အခြားသူများကို မက်ခါပြိုင်ပွဲပလက်ဖောင်း တွင် သူမ၏မျက်နှာကို မည်သူ့ကိုမျှ ထုတ်ဖော်ပြောကြားလိုခြင်းမရှိတာကြောင့် ဤမျက်နှာကို သုံးထားခြင်းဟု ပြောခဲ့သည်။အမှန်က သူမသာလျှင် သိပေသည်။ 


လင်းရွှမ် ကသာ သူမ၏ ယခင်ဘဝက မျက်နှာနှင့်နမ်းသည့် အနမ်းကို မခံနိုင်လျှင် တစ်ကယ်တမ်း သူ့စိတ်ထဲမှာလည်း ညီမဖြစ်သူ လင်းယောင်ယောင်ကို မဟုတ်ဘဲ သူမကို လက်ခံပေးနိုင်သည်ဟု ဆိုနိုင်ပေသည်။


 မကြာသေးမီက လင်းယောင်ယောင် သည် တစ်ခါတစ်ရံ စိတ်ပူပင်အံ့ဩနေရသည်။ အခြားကမ္ဘာမှ "သူစိမ်း" သည် လင်းယောင်ယောင်နှင့် လင်းမိသားစု၏ ကံကြမ္မာကို လုံးဝပြောင်းလဲလိုက်သည်နှင့် သူမ ပျောက်ကွယ်သွားတော့မည်လား ဆိုသည်ကို ခေါင်းစားနေခဲ့ရ၏။ ဇာတ်လမ်းက မူလလမ်းကြောင်းကနေ လွဲသွားပြီး အားလုံး ပြေလည်သွားသည့်အခါ ဤကမ္ဘာမှလာသော လင်းယောင်ယောင် အစစ်အမှန်က နောက်ဆုံး ပြန်ရမှာလား ဆိုသည့် အကြောင်းကို သိချင်နေမိတော့သည်။ဤသည်မှာ အခြေအမြစ်မရှိသော စိုးရိမ်ပူပန်မှုတစ်ခုသာ ဖြစ်နိုင်သော်လည်း ‌အထင်သေး၍မရချေ။


ထို့ကြောင့် သူမ တွန့်ဆုတ်မနေတော့ဘဲ ဆုံးဖြတ်လိုက်သည်။ သူမသည် လင်းရွှမ် ကို ချစ်သောကြောင့်၊ ထိုလူနှင့် ဆက်ဆံရေးကောင်းကောင်းတစ်ခု ရှိနိုင်ကာ ဤအခိုက်အတန့်ကို ဆုပ်ကိုင်ထားနိုင်မည်ဖြစ်သည်။ ချစ်ခြင်းမေတ္တာက တစ်ယောက်နှင့်တစ်ယောက် ပိုသိလာဖို့ အခွင့်အရေးပေးနိုင်သည်။ သူတို့၏ ခံစားချက်နှင့် ယုံကြည်မှုများသည် နက်နဲလာသောအခါ၊ လင်းရွှမ် အား သူမ၏ မူလဇစ်မြစ်ကို ဝန်ခံရန်ပင် စပြောနိုင်လိမ့်မည်ဖြစ်သည်။ တိုက်ရိုက်ဝိညာဉ်ရေးရာ အကြံပေးခြင်း သို့မဟုတ်... အိမ်ထောင်ရေးကဲ့သို့သော နက်နဲသည့်ဆက်ဆံရေးတစ်မျိုး ဆက်သွား၍ရ၊မရကို သူမ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။သို့သော်၊ထိုအရာတို့က အဝေးကြီးမှာ ရှိနေတုန်းဖြစ်ကာ ယခုမူ သူမ သူ့ကို နမ်းချင်ရုံလေးတင်ဖြစ်ပေသည်။


သို့သော်၊ သူမသည် နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရ၏။ Star Network တွင်သူမ၏အရပ်သည် 168 စင်တီမီတာသာရှိကာ လက်တွေ့ကမ္ဘာနှင့်အတူတူပင်ဖြစ်ပြီး လင်းရွှမ် သည် 195 စင်တီမီတာဖြစ်သည်။အရပ်ကွာခြားချက်က 27 စင်တီမီတာရှိသည်။ထို့ကြောင့်၊ သူမခြေဖျားထောက်လျှင်တောင် သူ့ကိုမမှီသေးပေ။သူမ ခေါင်းကို မြှင့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ၏ ပြီးပြည့်စုံသည့် မေးစေ့ကလေးကို နမ်းရုံသာ တတ်နိုင်ခဲ့သည်။


ရှက်စရာကောင်းလိုက်တာ…


ကလေးမလေးက လင်းရွှမ် ရင်ဘတ်မှာ မျက်နှာကို ရှက်ရွံ့စွာ မြှုပ်ထားလိုက်ပြီး


 "ဒီလောက်ကြီး အရပ်ရှည်ဖို့ မလိုပါဘူး… ဒီလောက် အရပ်မြင့်တာ ဘာလုပ်ရမှာလဲ"


လင်းရွှမ် သည် မျက်လုံးကို မှိတ်ထားပြီး အချိန်အတော်ကြာအောင် စောင့်ရင်း မေးစေ့ပေါ်မှ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရမှ ပျော်ရွှင်သွားသည်။ ၎င်းသည် သူမျှော်လင့်ထားသည့်အရာလောက် မနီးစပ်သေးသော်လည်း သူ့ကိုစနမ်းတာနှင့်ပင် ကျေနပ်နေတော့သည်။ သူ့နှုတ်ခမ်းကိုလည်း မနမ်းချင်ခဲ့တာ မဟုတ်၊ သူမလက်လှမ်းမမီနိုင်လို့သာ မနမ်းခြင်းဖြစ်နိုင်၏။သူ မရယ်ဘဲ မနေနိုင်တော့‌ေပ။


သူမက ဘယ်လိုများ ချစ်စရာကောင်းနေတာလဲ…


ထို့နောက် လင်းယောင်ယောင် အနီးကို နှစ်လှမ်း လှမ်းလာခဲ့ပြီး မောင်းနှင်သူ ခန်းရှိ ဒရိုင်ဘာထိုင်ခုံတွင် သူအရင် ထိုင်ပြီး သူမအား သူ့ပေါင်ပေါ်တွင်ထိုင်စေခဲ့သည်။


လင်းယောင်ယောင် အလွန်ရှက်သွားသဖြင့် သူမ မျက်နှာကို လင်းရွှမ် ရင်ဘတ်မှာ မျက်နှာအပ်ထားသော်လည်း သူ၏ အနည်းငယ်ကြမ်းတမ်းသော လက်ချောင်းများက သူမ၏ ဖြူဖွေး နူးညံ့သော မေးစေ့ကို ပင့်ကိုင်ထား၍ သူမ မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်နေသော သူ၏ နက်နဲသောမျက်လုံးများကိုသာ မျှော်ကြည့်နိုင်သည်။


 ဤမျက်နှာက လင်းယောင်ယောင် နှင့် မတူသော်လည်း လင်းရွှမ် အတွက်တော့ ဤမျက်နှာမှ သူမ၏ မျက်လုံးများကို ပိုပိုပြီးသဘောကျလာသလိုပင်။


 မျက်လုံးချင်းဆုံလိုက်သောအခါ သူမသည် လင်းရွှမ် ၏ မျက်လုံးများတွင်ရှိသော စိတ်အားထက်သန်မှုနှင့် ဆန္ဒကြောင့် အံ့အားသင့်ခဲ့ရသော်လည်း သူမ မရှောင်တိမ်းနိုင်ပေ။ ထိုလူသည် ရှေ့သို့ ကိုင်းလာ၍ အနည်းငယ်ပွင့်နေသော သူမ၏ အနီရောင်နှုတ်ခမ်းများကို ရုတ်တရက် နမ်းပစ်လိုက်သည်။ ထို့နောက် သူက မေးစေ့ကို ပြန်လွှတ်လိုက်ပြီး နောက်ပြန်မရွေ့ဘဲ သူမခေါင်းနောက်ကို ထောက်ဖို့ သူ့လက်အနေအထားကို ပြောင်းလိုက်၏။


ပထမတော့ လင်းရွှမ် သည် သူမ၏ နူးညံ့သော နှုတ်ခမ်းများပေါ်တွင် သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်ခြင်းဖြစ်သည်။ သူမ ဘက်မှလည်း ဘာမှ မငြင်းဆိုလာပေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့လည်ပင်းကို သွယ်လျသောလက်တစ်စုံက ရစ်ပတ်ချုပ်နှောင်ထားပေသည်။ လင်းရွှမ် သည် လွှတ်ရန် တွန့်ဆုတ်နေပြီး သူမ၏ နှုတ်ခမ်းများကို ပို၍ ရူးရူးမိုက်မိုက် စုပ်နမ်းလိုက်သည်။


ကလေးမလေးကလည်း ဘာအန္တရာယ်မှ မသိဘဲ ပန်းနုရောင် လျှာလေးကို ရွှတ်ကနဲ ထုတ်လိုက်ပြီး အနီရောင် နှုတ်ခမ်းနီနီလေးကို နမ်းလိုက်သည်။


လင်းရွှမ် သည် ခဏတာ အသက်ပြင်းပြင်းရှူလိုက်၍ ပန်းနုရောင်လျှာကို သူ့ပါးစပ်ထဲသို့ ထိုးသွင်းကာ သူမလျှာကို သူနှင့်အတူ ကခုန်ခိုင်းလိုက်သည်။ သူမ၏ နှုတ်ခမ်းများသည် နူးညံ့ပြီး ချိုမြိန်သောကြောင့် သူ့ကို စွဲလန်းသွားစေသည်။ သူပို၍ တောင့်တရုံမှတစ်ပါး တခြားမသိနိုင်တော့။ သူမနှုတ်ခမ်းများကိုစားပြီး သူမ၏ ကိုယ်လုံးလေးကိုတစ်နေမှမလွတ်အောင် နမ်းပစ်ဖို့ မစောင့်နိုင်တော့ပေ။


 သို့သော် သူ၏လျှို့ဝှက်ချက်နှင့် ပြင်းပြသောဆန္ဒများကို ထုတ်မပြနိုင်သေးကြောင်း လင်းရွှမ် သိထားသည်။ သို့မဟုတ်လျှင် ကလေးမလေးက သူ့ကို ကြောက်လန့်ပြီး လွတ်မြောက်ချင်လာနိုင်သည်။သူ၏ ပြောမပြနိုင်သော ဆန္ဒအားလုံးသည် ဤအနမ်းထဲတွင်သာ အရည်ပျော်သွားဝင်သွားကြသည်။


 ဤအနမ်းကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးမှာ မောင်နှမအဖြစ်ကနေ ချစ်သူတွေအဖြစ် တရားဝင် ပြောင်းလဲသွားခဲ့တာ ဖြစ်သည်။ သို့နှင့်၊ မောင်းနှင်သူအခန်း၏ ကျဉ်းမြောင်းသောနေရာ၌ ချစ်လှစွာသော ချစ်သူနှစ်ယောက်သည် မခွဲမခွာဘဲ အပြင်းအထန် နမ်းခဲ့ကြသည်။


 မက်ခါ၏ ပင်မကိုယ်ထည်နှင့် သပ်သပ်ခွဲထားသော မောင်းနှင်သူအခန်းသည် ကြယ်ရောင်စုံသော ကောင်းကင်တွင် ဖြည်းညှင်းစွာ ပေါ်နေသည်။ အနီးနားရှိ ဥက္ကာခဲများနှင့် အဝေးရှိကြယ်ရောင်များက အခန်းထဲရှိ လူနှစ်ဦး၏ အာရုံကို မဆွဲဆောင်နိုင်ပေ။


 Star Network တွင် အာကာသထဲတွင်ဖြစ်သော်လည်း၊အသက်ရှုခြင်း သို့မဟုတ် အဆုတ်စွမ်းရည်ဆိုင်ရာ ပြဿနာများကို ထည့်သွင်းစဉ်းစားရန် မလိုအပ်သောကြောင့် အနမ်းက လုံးဝ အဆုံးမရှိနိုင်ဟု ထင်ရသည်။ လင်းယောင်ယောင် ၏ နှုတ်ခမ်းများသည် နီရဲရောင်ရမ်းနေပြီး သူမ၏ ကြည်လင်သော မျက်လုံးများသည် မျက်ရည်များဖြင့် ရစ်ဝဲနေတာကြောင့် ပို၍ပင် သိမ်မွေ့ပြီး ဆွဲဆောင်မှု ရှိနေသည်။


သို့သော် ၊သူမ အတော်အသက်ရှူမွန်းကြပ်နေပြီဖြစ်သည်။


ဘာလို့ သူမကို နမ်းရတာလဲ...


သူမလည်း သူ့ကို ပြန်နမ်းနိုင်သော်ငြား၊ ထိုသူက သူမ ပြန်နမ်းလိုက်တိုင်း သူ့အနမ်းကပိုပိုကြမ်းတမ်းလာတတ်သည်။ လင်းရွှမ် သည် အေးခဲ၊ မာကြောဟန်ရှိသော်လည်း သူ့ကို ပို၍ ခြိမ်းခြောက်လေ၊ ပို၍ ကြောက်စရာ ကောင်းလာလေလေပင် ဖြစ်တော့သည်။


သူမ နမ်းတာကို မခံနိုင်တော့၍အတင်း ငိုယိုပြီး ပြောလိုက်သည်။


"ညီမလေးကို ထပ်နမ်းရင် အော့ဖ်လိုင်းဖြစ်သွားလိမ့်မယ်နော်"


လင်းရွှမ် သည် အနမ်းကို ကျေကျေနပ်နပ်ကြီး အဆုံးသတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို တစ်ဖန် နှစ်သိမ့်စွာ ဖွဖွနမ်းလိုက်သည်။


 "မင်းက အရမ်းအရသာရှိ နေတာကိုး…ကိုယ်က အဲ့တာကို ဆာလောင်နေတာ ကြာပြီ... မင်း ရုတ်တရက် အော့ဖ်လိုင်းလုပ်ရဲရင် ကိုယ် မင်းကို အပေါ်ထပ်ခေါ်ပြီး ဆက်နမ်းဖို့ ဒီအခန်းထဲက ဆွဲထုတ်လိုက်မယ်..."


လင်းယောင်ယောင်: "..."


 အစ်ကိုကြီးသည် ရည်းစားဖြစ်သွားသောအခါ သူ့ပုံစံက အဘိုးကြီးတစ်ယောက်အဖြစ်ကနေ ဝံပုလွေကြီးတစ်ကောင်အဖြစ် ရုတ်တရက် ပြောင်းလဲသွားလေတော့သည်။


 သူတို့နှစ်ယောက် တရားဝင် လက်တွဲပြီးနောက် နှစ်ယောက်သား၏ အဓိက ကွာခြားချက်မှာ နှစ်ယောက်တည်း နေချိန်တိုင်း လင်းရွှမ် သည် ဆာလောင်နေတာကိုပင်။သူက အမြဲ သူမကို ကပ်တတ်သည်။သို့သော်လည်း၊ တစ်မိုးအောက်မှာ အတူတူရှိနေနိုင်သည့် အချိန်က အများကြီးမရှိခြင်းက သနားစရာပင်။


မနက်ဖြန်တွင် လင်းရွှမ် သည် လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တည်ရှိရာ စစ်တပ်ကြယ်ပွင့်ထံ သတင်းပို့ရမည်ဖြစ်သည်။ ထို့နောက်၊ ဧကရာဇ်မြို့တော်ရှိ လာမည့် ဇာ့ခ်တိုက်ခိုက်မှုအတွက် ပိုမိုပြည့်စုံသော ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သည်။


လင်းယောင်ယောင် သည် ပညာဆက်လက်သင်ကြားရန်နှင့် အရန်ကုထုံးပြိုင်ပွဲ ဒုတိယအကျော့တွင် ပါဝင်ရန်အတွက် စစ်ပညာရေးအကယ်ဒမီသို့ ပြန်သွားမည်ဖြစ်သည်။


တိုက်ပွဲမဟုတ်သောကာလတွင် လင်းရွှမ် သည် များသောအားဖြင့် တစ်ပတ်လျှင် နှစ်ရက် အနားယူနိုင်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို အတည်ပြုလိုက်သည်ကမှ မကြာသေး၊ ယခု ခွဲနေရဦးမည်ဖြစ်ပေတော့သည်။ 


လင်းရွှမ် သည် အလွန်ဝန်လေးနေမိတော့သည်။ စစ်ရေးကိစ္စများသည် အရေးကြီးသောကြောင့် ညတိုင်း Star Network တွင် တွေ့ရန်သာ သူမကို ကတိပေးနိုင်သည်။


လင်းယောင်ယောင် သည်လည်း ဝေ့ယွမ် ၊ချောင်းမင်ယောင် တို့နှင့် ဆက်သွယ်ခဲ့ပြီး သူမတို့ကိစ္စအား လျှို့ဝှက်ထားရန် တောင်းဆိုခဲ့သည်။ လောလောဆယ် နှစ်ဖက်မိသားစုကို မပြောပြစေချင်သေးပေ။သူမ နှစ်ဖက်စလုံးကို ဘယ်လိုပြောရမှန်းမသိသေးသလိုအဆင်သင့်မဖြစ်သေး‌ပေ။ ယခုအချိန်တွင် လင်းရွှမ် နှင့် သူမ၏ ဆက်ဆံရေးသည် နက်ရှိုင်းလှသည်မဟုတ်ပေ။ ထို့အပြင် ဝေ့မိသားစု၏ အမြင်သည် သူမအတွက် အရေးမကြီးသေးပေ။သို့သော် သူတို့၏ထင်မြင်ယူဆချက်များကို တန်ဖိုးထားမည်ဖြစ်ပြီး သူတို့ထံမှ ကောင်းချီးများရရှိရန် မျှော်လင့်သော်လည်း ကန့်ကွက်ပါက သူမ နာခံမည်မဟုတ်ပေ။


သို့သော်၊ လင်းမိသားစု၏ မိဘများနှင့် အဘိုးလင်းက အပြင်းအထန်ကန့်ကွက်လာလျှင် သူမ လင်းရွှမ် ကို လက်မလျှော့ဘဲ ဆက်တွဲနိုင်မလားဆိုသည်ကို မသိသေးပေ။ ဤလူကြီးကို အလွန်ချစ်သော်လည်း ဆွေမျိုးသားချင်းတွေရှိနေသေးသည်က အတော်ပင် စိတ်ပျက်ဖို့ကောင်းသည်။


လင်းရွှမ် သည် သူမ၏ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိသော်လည်း ဂရုတစိုက် နားလည်လေးစားဆဲဖြစ်သည်။ သူ့မိဘများက သူတို့အကြောင်းကို သိထားတာကြာပြီဖြစ်ကြောင်း သူမအား မပြောခဲ့ပေ။သူမက ဆွေမျိုးများ၊မိဘများဆိုလျှင်အတော်လေး ဂရုတစိုက်ရှိလှသောကြောင့် သူ့မိဘများနှင့် အဖိုးတို့ လုံးဝပြေလည်သွားသောအခါမှ သူမအား ပြောပြမည်။ထိုအခါ ၊တစ်ခါတည်း မိဘများအား ဖွင့်ပြောရင်း အိမ်ထောင်ပြုရန်အတွက် ခွင့်ပြုချက်လည်း တောင်းရမည်ဖြစ်ပေသည်။


သူမနှင့် ချစ်သူဖြစ်ရခြင်းသည် သူ့အတွက် အလွန်ကောင်းသည်ဟု ထင်ရသော်လည်း မကျေနပ်မှုအချို့ကတော့ ရှိနေဆဲပင်။ ချစ်သူရည်းစားများကို အချိန်မရွေး ပြောင်းလဲနိုင်သော်လည်း စေ့စပ်ထားသူအဖြစ် ပြောင်းလဲနိုင်လျှင် ကွဲပြားလိမ့်မည် ။


 ကျောင်းတက်နေဆဲ လင်းယောင်ယောင် အတွက်မဟုတ်ပဲ၊ ကြယ်တာရာနိုင်ငံသားသည် အသက် 25 နှစ်မတိုင်မီ လက်ထပ်ရန် အုပ်ထိန်းသူ၏ လက်မှတ်ကို ရယူခဲ့ရပါက တိုက်ရိုက်လက်ထပ်ခြင်းက ပိုကောင်းမည်ဟုပင် သူထင်ခဲ့သည်။


 နောက်နေ့တွင်၊လင်းယောင်ယောင်သည် အစားအသောက်သီအိုရီ စာသင်ခန်းကို ပထမဆုံးသွားခဲ့၏။ ပထမနှစ် စာသင်ခန်းထဲ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူမသည် မကြုံစဖူး နွေးထွေးသော ကြိုဆိုမှုများ ရရှိခဲ့သည်။


 " ယောင်ယောင် က အံ့သြစရာကောင်းတယ်နော်…ဇာ့ခ်အသားက အရမ်းအရသာရှိတယ် သိလား"


 "တိုက်ခိုက်ရေးသမားတွေက ယဲ့ရှီ အသားကို မြည်းကြည့်ပြီးသွားတော့ သူတို့အားလုံးက ငါတို့နဲ့ အရမ်းတက်ကြွပြီး စိတ်ပါလက်ပါ စကားပြောလာကြတယ်…ငါတို့ရဲ့ အစားအသောက်ကုထုံးဌာနကလည်း အဲဒီအချိန်ကတည်းက နာမည်ကြီးလာတယ်… ယောင်ယောင်၊ ငါတို့ကို အတူတူ အကျိုးရှိဖို့ လက်တွဲ ခေါ်သွားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"


 "ငါ အခု ဇာ့ခ်ကို လုံးဝ မကြောက်ဘူး…ဆာနေချိန်များ ဇာ့ခ်လေးတွေ လာလိုက်ရင် ဘယ်လောက်ကောင်းမလဲ…အသားတွေကို ကိုက်စားပစ်မှာ"


 " ယောင်ယောင်…မြင်ဖူးလား… ဇာ့ခ် အသားကို အခု Star Network ရဲ့ အဆင့်မြင့် virtual ပါဝင်ပစ္စည်းတွေထဲက တစ်ခုအဖြစ် စာရင်းသွင်းထားတယ်…အရန်ကုထုံးပြိုင်ပွဲရဲ့ တရားဝင်ဝဘ်ဆိုဒ်က အစားအသောက်ကုထုံးအဖွဲ့ရဲ့ ဒုတိယအကျော့ ပြိုင်ပွဲက ရှေးတရုတ်စားစရာအိမ်" အစားအစာ ဒါမှမဟုတ် ဇာ့ခ်အသား အစားအစာတဲ့...နှစ်မျိုးလုံလည်းရတယ်.တစ်မျိုးပဲလည်းရတယ်…အခုဆို အရသာက ကုထုံးအာနိသင်ထက် ပိုအရေးကြီးလာကြတယ်မလား…ငါတို့ ဌာနရဲ့ ဆောင်ပုဒ်က ဖြည့်စွက်အစားအစာကို လူတိုင်း သဘောကျစေပြီး မကောင်းတဲ့ဟာတွေကို လူတိုင်း မစားကြဖို့တဲ့"


 "ပြိုင်ပွဲရဲ့ ဒုတိယအကျော့က ပြင်ဆင်ဖို့ သုံးရက်ပဲ လိုတော့တယ်… Star Network မှာ တိုက်ရိုက် တင်ဆက်မှုတွေ လုပ်ရမယ်လို့ကြားတယ်…ငါဆို အရမ်းစိတ်လှုပ်ရှားနေပြီ… ယောင်ယောင်က ဇာ့ခ်အသားကို နောက်ထပ် ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ သင်ပေးနိုင်မလား"


အစားအသောက်ကုထုံးဌာနက ကျောင်းသားများသည် စိတ်လှုပ်ရှားပျော်ရွှင်မှုအပြည့်နှင့် သူမကို ပြောနေကြသည်။ မနေ့က အရသာမြည်းစမ်းပွဲမှာ ပါဝင်ခွင့်ရလောက်အောင် ကံကောင်းသည့် တိုက်ခိုက်ရေးသမားများသည် ဇာ့ခ်အသား၏ အရသာကြောင့် လုံး၀ စွဲလန်းသွားခဲ့သည်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာနယ်ပယ်ပျက်စီးသွားသော တိုက်ခိုက်ရေးသမားများသည် ဇာ့ခ်အသား၏ တန်ဖိုးကို သူတို့အတော်လေး နားလည်လာကြသည်။ မမြည်းနိုင်သော အခြားတိုက်ခိုက်ရေးသမားများသည် မြည်းခွင့်ရသူများကို အလွန်ငြူစူပြီး မုန်းတီးနေကြသည်။ ဇာ့ခ်များက လူသားတို့အတွက်အစာဖြစ်လာနိုင်သည်ဟု ကြားသိရသောအခါတွင် သူတို့ရင်ထဲက ကြောက်ရွံ့မှုကို လုံး၀ မေ့သွားကြပြီး ဇာ့ခ်များကို ခေတ်ရေစီးကြောင်းတစ်ခုလို ထင်မြင်လာကြသည်။


 လူကြီးများစွာသည် စစ်ပညာရေးအကယ်ဒမီရှိ အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း ၏ အပေါ်ဆုံးထပ်ရှိ VIP အခန်း သို့ လာရောက်မြည်းစမ်းကြည့်ကြသည်။ ဤကိစ္စကို လူသိရှင်ကြား ထုတ်မပြသော်လည်း တမင် ဖုံးကွယ်ထားတာမျိုး မရှိပေ။ ထိုစစ်ဘက်ဆိုင်ရာ အာကာသယာဉ်များနှင့် ဇိမ်ခံအမြန်ကားများကို အဝေးမှ မြင်ရုံဖြင့် VIP အခန်းအတွက် ဧည့်သည်များဟု အများက အထင်ကြီးနေကြသည်။


ထို့ကြောင့် ဇာ့ခ်အသား၏ စွမ်းဆောင်ရည်မှာ ပိုမိုမြင့်မားလာသည်။ မြည်းစမ်းဖို့ ရွေးချယ်ခံရသူများမှာ လူတိုင်းလေးစားရသည့် ကံကောင်းသူတွေ ဖြစ်လာကြသည်။သို့သော် ဇာ့ခ်အသားသည် အကန့်အသတ်ရှိသည်။  


သူတို့အတွက် ဒီလိုကောင်းတဲ့အရာကို ဘယ်အချိန်မှာ ရနိုင်မလဲ…


တိုက်ပွဲဝင်သူများသည် အစားအသောက်ကုထုံး စက်ဝိုင်းအတွင်း မငြိမ်မသက်ဖြစ်မှုကို အမြဲအာရုံစိုက်နေကြသည်။ ဇာ့ခ်အသားများသည် Star Network ၏ အမြန်သုံး ပါဝင်ပစ္စည်းများထဲမှတစ်ခုဖြစ်လာနိုင်ဖို့ရာအတွက် ထိုလူကြီးများ၏ပံ့ပိုးမှုသည် မရှိမဖြစ်လိုအပ်သည်။


ထို့ကြောင့် ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲ၏ ခေါင်းစဉ်ကို ဇာ့ခ်အသားအဖြစ် ထည့်သွင်းကြေငြာသောအခါတွင် အပျော်ဆုံးသူများက အစားအသောက်ကုထုံးဌာနမဟုတ်ဘဲ တိုက်ပွဲဝင်သူများပင်။


သူတို့သည် အရသာရှိ‌သော ဇာ့ခ်အသားကို မြည်းခွင့်ရဖို့ ပြိုင်ပွဲကို စောင့်မျှော်နေကြသည်။ Star Network တွင်သာ မြည်းနိုင်မည် ဖြစ်သော်လည်း၊ အနည်းဆုံး ဒဏ္ဍာရီလာ ဇာ့ခ်အသားကို မြည်းစမ်းနိုင်မည်ဖြစ်သည်။  


"ဘယ်လောက်အရသာရှိလဲ မြည်းကြည့်ဖူးတဲ့သူတွေက ချဲ့ကားနေတာလား...."


ဇာ့ခ်အသားကို လက်မခံနိုင်သည့် လူတစ်ချို့တောင်မှ ပြိုင်ပွဲ ဒုတိယအကျော့၏ ခေါင်းစဉ်ဖြစ်သော ရှေးဟောင်း တရုတ်ဟင်းလျာကို စောင့်မျှော်ရကျိုးနပ်ကြောင်း ယူဆကြလေတော့သည်။



xxxx