Chapter 101
"မင်းရဲ့ စာတွေကိုသာ အာရုံစိုက် ကိုယ့်ကို စိတ်မပူနဲ့"
ရထားဘူတာတွင် ယင်းကျောင်းက ကျင်းစစ်လက်ထဲသို့ ဓါတ်ဆားရည်ဘူးအား ထည့်ပေးလိုက်ကာ လက်လှမ်းပြီး ကျင်းစစ်ရဲ့ခေါင်းကို ပွတ်ပေးလိုက်သည်။
" ကိုယ်မင်းကို အိမ်မှာစောင့်နေမယ်"
သူက ရပ်တန့်လိုက်ပြီးနောက် အပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။
" စိတ်မပူပါနဲ့ ကိုယ်မင်းပေးထားတဲ့ အချိန်ဇယားအတိုင်း စာတွေကို လုပ်မှာပါ ပျင်းရိမနေပါဘူးလို့ ကတိပေးပါတယ်"
သူတို့ မခွဲခွာခင်တွင်ပင် ကျင်းစစ်ကယင်းကျောင်း၏ အကြောင်းကို တွေးနေမိလေသည်။ သူခေါင်းငြိမ့်ပြလိုက်ကာ တစ်ခုခုပြောရန် ပြင်လိုက်ပြီးမှ ပါးစပ်နားသို့ ရောက်လာသောအခါတွင်မူ စကားတစ်ခွန်းကိုသာ ဆိုလိုက်မိလေသည်။
" ဒါဆို ငါ့အရင်သွားနှင့်မယ် ကျောင်းမှာတွေ့မယ်"
သူပြောပြီးသွားသောအခါ ကြက်သေသေသွားရသည်။ သူအတွက် ထိုမြင်ကွင်းက ရင်းနှီးနေပေမဲ့ သူဘယ်အချိန်က ကြုံဖူးခဲ့သလဲဆိုတာကို အတော်ကြာသည်အထိ မမှတ်မိနိုင်ပေ။
လက်မှတ်ဖြတ်ပြီးသောအခါ သူက ယင်းကျောင်းကို နှုတ်ဆက်ရန် စိတ်လှုပ်ရှားနေသောကြောင့် ထိုအကြောင်းကို လေးလေးနက်နက် မတွေးတော့ပေ။
သူ့အင်္ကျီလက်အောက်၏အကွယ်အောက်တွင် ယင်းကျောင်းက သူ့လက်ကို တင်းတင်းဆုတ်ကိုင်လိုက်ကာ ပြောလိုက်သည်။
" ကျောင်းမှာ ပြန်တွေ့မယ်"
လက်မှတ်ဖြတ်သည့် ဂိတ်မှ ကျင်းစစ်၏ အရိပ်လေး ပျောက်ကွယ်သွားမှ ယင်းကျောင်းက အိမ်ကို လှည့်ကာ ပြန်သွားလိုက်သည်။
လူတစ်ယောက်သာ ပျောက်သွားသော်လည်း အိမ်က ဟင်းလင်းပြင်ကဲ့သို့ ဗလာဖြစ်နေလေသည်။ သူက စာကြည့်ထိုင်ခုံကို ဗလာသက်သက်အကြည့်ဖြင့် ကြည့်လိုက်မိသည်။ အချိန်အများစုတွင် ကျင်းစစ်က ထိုနေရာတွင် တိတ်တိတ်လေးထိုင်ကာ စာဖတ်နေမည် ဖြစ်လေသည်။ သူ့မျက်လုံးများကို မှိတ်လိုက်လျှင်ပင် သူ့ကို မြင်နိုင်လေသည်။
ယင်းကျောင်းက သူ့ခုံတွင် ထိုင်လိုက်ကာ အံဆွဲကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ့ရဲ့အာရုံကို ပြောင်းစေရန် လေ့ကျင့်ခန်းစာအုပ်ကို ထုတ်လိုက်သည်။
ယင်းကျောင်း ရုတ်တရက် ကြက်သေသေသွားရသည်။
အံဆွဲထဲတွင် သေသပ်စွာထုတ်ပိုးထားသော လှပသည့် ချိုချဥ်ဘူးလေးများ ထည့်ထားလေသည်။ အပေါ်တွင် ကပ်ထားသော စာရွက်လေးကို ဖြေးဖြေးလေး ခွာကာ ဖတ်ကြည့်လိုက်သည်။
ကောကော ဆေးလိပ်သောက်ချင်ရင် ချိုချဥ်စားနော်
" မင်းတစ်ခုခုလိုချင်လို့လား"
"ကိုယ်အခုရက်ပိုင်း ဆေးလိပ်ဖြတ်ထားတော့ ပါးစပ်ကနေသားမကျသေးတော့ ချိုချဥ်စားချင်တယ် "
၎င်းမှာ သူ ကျင်းစစ်ကို ပျော်ရွှင်စေရန်အတွက် ထိုအချိန်က တမင်တကာ ပြောခဲ့ခြင်းဖြစ်၏။
သူမေ့သွားခဲ့သည်မှာ ကြာနေလေပြီ။
သို့သော် ကျင်းစစ်ကမူ အမြဲတမ်း အမှတ်တရ ရှိနေခဲ့သည်။
...........
ကျင်းစစ် ကားထဲသို့ ဝင်လိုက်သည်နှင့် wechat မှ မက်ဆေ့ချ် အသစ် ဝင်လာလေသည်။ ဖုန်းကို ကောက်၍ ကြည့်လိုက်သောအခါ ရှောင်လှယ့်ယွဲ့ ဆီမှ ဖြစ်နေပြီး ငါးနာရီခွဲ တုန်းက ကျင်းစစ်သည် ဘူတာရုံတွင် ရှိနေတာလားဟု မေးခြင်းဖြစ်၏။
[ရှောင်လေ့ယွဲ့] : ဦးလေးကျောက်က မင်းရဲ့ အချိန်ဇယားကို အစ်ကို့ကို ပြောတယ် မင်းကို ပိုပြီးဂရုစိုက်ပေးဖို့လည်း မှာသေးတယ်
[ရှောင်လေ့ယွဲ့] : မင်းရဲ့လေ့ကျင့်ရေးအသင်းတည်နေရာက ယန်ချန်းကောလိပ်နဲ့ ပူးပေါင်းထားတဲ့ အထက်တန်းကျောင်းမှာလား? အစ်ကို မင်းကို ဘူတာရုံမှာလာကြိုမယ်လေ
နှစ်သစ်ကူးအကြိုရက် ဖြစ်နေသောကြောင့် ကျင်းစစ် သူ့အား အနှောက်အယှက်မပေးချင်ပေ။ ထို့အပြင် မြေအောက်မီးရထားလမ်းကြောင်းအား အိမ်မှာတည်းက ကြည့်ပြီးပြီ ဖြစ်၍ စာပြန်လိုက်လေသည်။
[ကျင်း] : မလိုပါဘူး ကျေးဇူးပါ အစ်ကိုရှောင် ကျွန်တော် ကြိုတင်စာရင်းသွင်းထားတဲ့ ဟိုတယ်နဲ့ ဘူတာရုံနဲ့က အတော်လေးနီးတယ် ကျွန်တော်ဘာ့သာ လမ်းလျှောက်သွားလိုက်မယ်
[ရှောင်လေ့ယွဲ့] : အားနာမနေပါနဲ့ အစ်ကိုလည်း အိမ်မှာ ပျင်းနေတာ အပြင်ထွက်ပြီး စိတ်အပန်းဖြေတယ် လို့ပဲ သဘောထားတယ်
သူက ထိုသို့ပြောနေသောကြောင့် ကျင်းစစ်သည် ဆက်၍ ငြင်းမနေတော့ဘဲ လက်ခံလိုက်လေသည်။
တရုတ်နှစ်သစ်ကူး၏ တတိယရက်ဖြစ်သောကြောင့် နွေဦး၏ အဓိက အချိန်ကာလကို ဖြတ်ကျော်လာပြီ ဖြစ်ပြီး ဘူတာရုံတွင် လူသိပ်မရှိပေ။ ကျင်းစစ် ဘူတာရုံမှ ထွက်လာသောအခါ သူသည် လုံခြုံဘေးကင်းကြောင်း ယင်းကျောင်းကို မက်ဆေ့ချ် ပို့လိုက်လေသည်။ မော့ကြည့်လိုက်ချိန်တွင် သူ့ကို အသည်းအသန် လက်ဝှေ့ယမ်းပြနေသော ရှောင်လှယ့်ယွဲ့ကိုတွေ့လိုက်ရလေသည်။
"ပျော်စရာနှစ်သစ်ပါ အစ်ကိုရှောင်" ကျင်းစစ်သည် သူ၏ ခရီးဆောင် အိတ်ကို ဆွဲသွားရင်း သူ့ကို နှုတ်ဆက်လိုက်လေသည်။
"ပျော်စရာနှစ်သစ်ပါ" ရှောင်လေ့ယွဲ့က မီးဖုတ်ထားသော ကန်စွန်းဥ ထည့်ထားသည့် စက္ကူအိတ်အား ကျင်းစစ်ကို ပေးလိုက်လေသည် " စားကြည့် အစ်ကို အပြင်ကနေ ဝယ်လာတာ တော်တော်လေးချိုတယ်"
ကျင်းစစ် သူ့ကို ကျေးဇူးတင်လိုက်ကာ ကန်စွန်းဥကို ယူလိုက်သည်။
"ပြောရဦးမယ် ငါအပြင်ထွက်ပြီး လေကောင်းလေသန့်လေးရှူဖို့ လောနေတာ" ရှောင်လေ့ယွဲ့သည် သူ့အား မြေအောက်ရထားဝင်ပေါ်ဆီသို့ ခေါ်သွားကာ ညည်းညူရင်းပြောလိုက်လေသည်
" လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆွေမျိုးတွေနဲ့ အတူတူညစာစားတဲ့ အချိန်မှာလေ သူတို့က သူတို့ကလေးတွေရဲ့ အိမ်စာတွေကို ငါ့ကို ကူလုပ်ခိုင်းလိုက် သူတို့ရဲ့ ပျက်နေတဲ့ ဖုန်းတွေ ကွန်ပျူတာတွေကို ပြင်ခိုင်းလိုက်နဲ့"
ရှောင်းလေ့ယွဲ့သည် ကန်စွန်းဥ အခွံကို ခွာကာ အမှိုက်ပုံးထဲသို့ ပစ်လိုက်လေသည်။ ကျင်းစစ် မစားသေးသည်ကို တွေ့သောအခါ သူမတတ်နိုင်ဘဲ ပြောလိုက်လေသည် " ပူတုန်း မြန်မြန်စားလိုက် မင်းအပြင်ရောက်မှ စားရင် အေးသွားလိမ့်မယ်"
ကျင်းစစ် ခရီးဆောင် အိတ်ကို လက်ဖြင့် ဆွဲနေရသောကြောင့် လမ်းလျှောက်နေရင်း စားမရဖြစ်ကာ အမှိုက်ပုံးနားတွင် ရပ်နေလိုက်ပြီး ကန်စွန်းဥ အခွံများကို ခွာနေလေသည်။
"အစ်ကို့ရဲ့ အိမ်က တော်တော်လေး စည်သားပဲ"
"မပြောစမ်းပါနဲ့ သူတို့ အငြင်းပွားရင် ငါခေါင်းတွေ ကိုက်တယ်" ရှောင်လှယ့်ယွဲ့သည် ကန်စွန်းဥ၏ သုံးပုံ တစ်ပုံကို တစ်ကိုက်တည်း ကိုက်ကာ ဝါးရင်း မသဲကွဲသောအသံဖြင့် မေးလိုက်လေသည် " အစ်ကို မင်းကို အရင်တစ်ခေါက်က ပေးလိုက်တဲ့ မေးခွန်းတွေ လုပ်ပြီးပြီလား?"
ကျင်းစစ် ခေါင်းငြိမ့်ပြလိုက်ကာ သူ၏ အတွေးအမြင်များကို တိုတိုပြတ်ပြတ် ပြောပြလိုက်လေသည်။
သူ့အတွေးများကို ပိုနားထောင်လေ ရှောင်လေ့ယွဲ့၏ မျက်လုံးများသည် ပိုတောက်ပလာလေပင် " ဟုတ်တယ် အမှန်ပဲ အစ်ကိုက အဆုံးနားမှ မရဖြစ်နေတာ ဘယ်လိုစဥ်းစားစဥ်းစား အဖြေမထွက်ဘူး"
သူ ကျစ်ခနဲ မြည်အောင် စုတ်သတ်လိုက်ကာ သက်ပြင်းချလိုက်လေသည် " အစ်ကိုက အသက်ကြီးနေပြီ မင်းတို့လို လူငယ်တွေရဲ့ ဦးနှောက်လောက် မကောင်းတော့ဘူး"
စကားပြောနေရင်း ကျင်းစစ်သည် အခွံခွာပြီးသွားသောကြောင့် သူတို့ ဆက်၍ လမ်းလျှောက်ကြလေသည်။
ရှောင်လေ့ယွဲ့က ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိလိုက်ကာ ကျင်းစစ်၏ မျက်နှာကို ကြည့်ရင်း မဝံ့မရဲ မေးလိုက်လေသည် " မင်းကောင်မလေးနဲ့ အဆင်ပြေရဲ့လား.."
ကျင်းစစ်သည် ခတ္တမျှ တောင့်ခဲသွားပြီး ကောင်မလေးဆိုသော စကားကို ကြားလိုက်မိသည်နှင့် သူ့နှုတ်ခမ်းထောင့်စွန်းများသည် အလိုအလျောက် မြင့်တက်သွားကာ ပြောလိုက်လသည် " ပြေပါတယ်"
ရှောင်လေ့ယွဲ့သည် မတတ်နိုင်ဘဲ သူ့ဘက်ကို လှည့်ကာ သေချာ ကြည့်လိုက်လေသည်
ကျင်းစစ် နားမလည်နိုင် ဖြစ်သွားလေသည် " ဘာဖြစ်လို့လဲ..."
"မင်းရဲ့ လက်ဆောင်တွေကို သူမ ကြိုက်ရောကြိုက်ရဲ့လား..."
ကျင်းစစ် ခေါင်းငြိမ့်ပြလိုက်၏ " ကြိုက်ပါတယ် " ယင်းကျောင်းသည် သူ၏ စာအုပ်များကို ကြိုက်ရုံသာမက သေချာသိမ်းဆည်းထားပြီး စာရွက်တစ်ရွက်မျှကိုပင် ခေါက်ရိုးမကျိုးစေပေ။
ရှောင်လေ့ယွဲ့ : "..."
ရှောင်လေ့ယွဲ့ နားမလည်နိုင်ပေ။ သူသည်လည်း စာအုပ်တစ်အုပ်ပေးခဲ့လေသည်။ ကျင်းစစ်က ထိုအချိန်တွင် ရယ်နေပေမဲ့ ရှောင်လေ့ယွဲ့၏ နှလုံးသားထဲတွင်တော့ ခါးသက်စွာ ငိုချင်နေလေသည်။
သူတို့၏ ခြံဝင်းထဲက အလှလေးအား နှစ်သစ်ကူးလက်ဆောင် ပေးချင်သည်ကို ပြောလိုက်ချိန်တွင် သူမသည် ပျော်ရွှင်သွားသော်လည်း ကိန်းဂဏန်းမြင့် ပို့ချချက် စာအုပ် ဖြစ်ကြောင်း သိသွားသောအခါ သူမသည် ပြောဆိုခဲ့ပြီး ဘယ်တော့မှ ထပ်၍ သူ့အား အာရုံမစိုက်တော့ပေ။
"ဘာမှ မဖြစ်ပါဘူး" ရှောင်လေ့ယွဲ့သည် ကံကောင်းသော လူသား ကျင်းစစ်အား ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်လိုက်ပြီး သူသည် ပို၍နက်နက်ရှိုင်းရှိုင်း မေးမိမည်ကို စိုးသောကြောင့် လျင်မြန်စွာ စကားလမ်းကြောင်း လွှဲလိုက်လေသည်
"ဒါနဲ့ မင်းရဲ့ နေစဥ်သုံးပစ္စည်းတွေနဲ့ အဆာပြေမုန့်တွေကို ပိုပိုသာသာလေး ပြင်ထားလိုက်ဦးနော်"
ရှောင်လေ့ယွဲ့က ကန်စွန်းဥကို ကိုင်ထား၍ ပေကျံနေသော လက်နှစ်ချောင်းကို စက္ကူအိတ်တွင် သုတ်လိုက်ကာ ပြောလိုက်လေသည်
" လေ့ကျင့်ရေးအသင်းရဲ့ လေ့ကျင့်အားက အရမ်းပြင်းတယ် တစ်နေ့ကို အနည်းဆုံး ဆယ့်လေးနာရီ လောက် လေ့ကျင့်ရမှာ မင်း အဲ့အချိန်ကျရင် အိမ်သာခဏခဏ သွားရပြီး အချိန်ကုန်မှာစိုးလို့ ရေတောင် အများကြီးသောက်ရဲမှာမဟုတ်ဘူး"
ထိုနေ့ရက်များကို ပြန်တွေးလိုက်မိသောအခါ ရှောင်လေ့ယွဲ့သည် စုပ်သတ်လိုက်လေသည်။ သူသည် ကောလိပ်ဘွဲ့အတွက် သုတေသနစာတမ်းများကို ရေးနေချိန်တွင်ပင် အရမ်းမပင်ပန်းခဲ့ပေ " လူရော စိတ်ရော ဖိအားတွေကြောင့် ပင်ပန်းလိမ့်မယ် ရှောင်ကျင်း တောင့်ခံထားနော် အစ်ကို မင်းကို ယုံတယ်"
ကျင်းစစ် သူ့အား တစ်ရှူးလှမ်းပေးကာ ပြုံးပြီး ပြောလိုက်လေသည် " ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ"
....
လေ့ကျင့်ရေးအသင်းသည် အချိန်မှန်စွာ ရှစ်နာရီတွင် ရောက်လာလေသည်။ ကျင်းစစ်သည် နှစ်သစ်ကူး လေးရက်မြောက်နေ့တွင် တစ်ရက်ကြို၍ ရောက်နှင့်နေသည်။ ခရီးဆောင် အိတ်အား ဟိုတယ်တွင် ထားပြီးသောအခါ သူ ရှောင်လေ့ယွဲ့အား အတူတူအပြင်ထွက်စားရန် ဖိတ်လိုက်လေသည်။ စားပြီးသောအခါ သူတို့ အကြာကြီးအပြင်တွင်မနေဘဲ ရှောင်းလေ့ယွဲ့က ကျင်းစစ်အား သူ၏ အခန်းသို့ ပြန်ပို့ပေးခဲ့လေသည်။
ရှောင်းလေ့ယွဲ့ ရှိနေတုန်းတွင် ကျင်းစစ်သည် ဖုန်းကို အချိန်ပြည့်ကြည့်နေ၍ မရသောကြောင့် ယင်းကျောင်းနှင့် စကားမပြောခဲ့ရပေ။ ယခု သူ အားလပ်သွားပြီ ဖြစ်သောကြောင့် စာအုပ်စင်၏ အောက်တွင် ထားခဲ့သည်များကို တွေးမိသောအခါ မထိန်းနိုင်ဘဲ ယင်းကျောင်းကို ဖုန်းခေါ်လိုက်လေသည်။
ဖုန်းသည် နှစ်ခါသာ မြည်ပြီးနောက်တွင် ယင်းကျောင်း၏ ရင်းနှီးနေသော အသံကို ဖုန်းမှတဆင့် ကြားလိုက်ရလေသည် " စားပြီးပြီလား..."
ကျင်းစစ် " အင်း" ဟုပြောလိုက်သည် ။
"ကောင်းတယ်" ယင်းကျောင်း ခပ်တိုးတိုးရယ်လိုက်လေသည် " မင်း ပြန်ရောက်ရောက်ချင်း ကိုယ့်ကို ဖုန်းခေါ်တာဆိုတော့ ကိုယ်မင်းကို တစ်ခုခု ဆုချရမလား..."
"ဆုမချနဲ့" ယင်းကျောင်းသည် နားမလည်ပေ။ သူသည် မျက်စိပဒါသဖြစ်သည်ကို တွေ့လျှင် အသုံးဝင်သည် ဖြစ်စေ မဝင်သည်ဖြစ်စေ ဝယ်တတ်၏။ ကျင်းစစ်သည် ယင်းကျောင်း လက်လွတ်စပယ် ပိုက်ဆံဖြုန်းမည်ကို စိုးရိမ်သောကြောင့် အမြန်ပြောလိုက်လေသည်
" ငါ တစ်ခုမှ မလိုချင်ဘူး အာရုံနောက်ခံမနေနဲ့..."
" ဘယ်လိုလုပ် အာရုံနောက်ပါ့မလဲ..."
ယင်းကျောင်း သူ၏ အောက်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး လက်ထဲမှ ဘောပင်ကို ဘေးသို့ချလိုက်ကာ ထိုင်ခုံပေါ်တွင် ပျင်းရိစွာ မှီလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်
" မင်းလည်း အရသာရှိတာတွေကို ကြိုက်တယ် ကိုယ်လည်း ကြိုက်တာပဲလေ အဲ့ဒါက နှစ်ဖက်လုံး အပေးအယူမျှတယ်လေ မဟုတ်ဘူးလား..."
သူသည် "အရသာရှိတယ် " ဆိုသောစကားသံနေရာတွင် အနည်းငယ် ဖိကာ ပြောလိုက်လေသည်။
ကျင်းစစ် ကြက်သေသေသွားပြီး ပြန်လည် တုံ့ပြန်လိုက်ချိန်တွင် သူ၏ ပါးပြင်များသည် ရှက်ရွံ့မှုကြောင့် ပူနွေးသွားပြီး သူ၏ ဦးခေါင်းမှပင် အငွေ့များ ပျံလာသလို ခံစားလိုက်ရလေသည်
" မင်း...မင်း လျောက်ပြောမနေနဲ့..."
ဒါက အတည်ပြောတာနဲ့ မတူလိုလား..
သူ့ရဲ့ ခွန်အားကိုတောင် ထုတ်မပြရသေးဘူးလေ
ယင်းကျောင်း သက်ပြင်းချလိုက်လေသည်။ သူ့အတန်းဖော်လေးက အရှက်တတ်နေတုန်းပင် သူ အိပ်ယာထဲတွင် လေ့ကျင့်သည်မှာ နည်းနေသေးလို့ ဖြစ်လောက်မည်။ သို့သော် ကျင်းစစ်သည် မနက်ဖြန်မနက်အစောပိုင်းတွင် လေ့ကျင့်ရေး ရှိသေးကာ သူ၏ စနောက်မှုများကြောင့် ကျင်းစစ်ကို အာရုံလွင့်စေမည်အား တွေးမိလိုက်ပြီးနောက် သူ့ပါးစပ်ဖျားသို့ရောက်လာသော ညစ်ညမ်းသည့်စကားလုံးများကို ပြန်လည်၍ မျိုချလိုက်ကာ ပြောလိုက်၏
" အိုကေ မင်းပြောတာ နားထောင်မယ် မင်းဘာမှလည်း မပြောသေးဘူး"
ကျင်းစစ် မတ်တတ်ရပ်လိုက်ကာ ပြတင်းပေါက်ကို ဖွင့်လိုက်သောကြောင့် လေအေးများသည် ချက်ချင်း တိုးဝှေ့ဝင်လာကာ သူ၏ မျက်နှာပေါ်မှ အပူချိန်ကို သက်သာစေလေသည်။
"ငါ... မင်းကို ပြောဖို့မေ့နေတာ"
"အင်း..."
ကျင်းစစ်သည် သူ၏ အသက်ရှူသံများကို ပြင်လိုက်ပြီး ပုံမှန်ဖြစ်သလို ဟန်ဆောင်ကာ ပြောလိုက်၏ " ငါမင်းရဲ့ စာအုပ်တွေထားတဲ့ နေရာမှာ အိမ်ခြံမြေစာအုပ်ကို ထားခဲ့တယ်"
ကျင်းစစ်သည် အိမ်ခြံမြေစာအုပ်ကို နှစ်သစ်ကူးမတိုင်ခင်က ပြောင်းလဲထားခဲ့၏။ သူ၏အသက်ပြည့်ကာ လူကြီးဖြစ်လာသည်ကိုသာ စောင့်ပြီး ယင်းကျောင်းကို အကူအညီမတောင်းချင်ခဲ့ပေ။ အစပိုင်းတွင် သူသည် ယင်းကျောင်း၏ အကောင့်စာအုပ်ကိုသာ တောင်းဆိုခဲ့လေသည်။
ယင်းကျောင်းသည် ၎င်းအား ထူးဆန်းသည်ဟု မခံစားရဘဲ သာမန်သာ ပြောလိုက်လေသည် " အိုကေ"
သူဘာမှ မသိသေးဘူး ...
ကျင်းစစ် အနည်းငယ် စိတ်ပျက်အားလျော့သွားလေသည်။ ထိုနေရာရှိ ရတနာလေးအား ရှာတွေ့သွားစေချင်သည့် မျှော်လင့်ချက်ဖြင့် ကျင်းစစ် အလေးအနက်ထားကာ ထပ်မံ ပြောလိုက်လေသည် " ငါမင်းကို ပြောပြီးပြီနော် မင်းအသုံးလိုရင် အဲ့နေရာမှာ သွားရှာ"
သူဘယ်တော့ရှာတွေ့မလဲ မသိဘူး သူရှာတွေ့သွားရင်ရော ဘယ်လို အမူအရာ ဖြစ်မလဲ...
ကျင်းစစ် ဖုန်းကို ကိုင်ထားကာ တိတ်တခိုးလေး ပြုံးလိုက်လေသည်။
" ကောင်းပါပြီ ကိုယ်သိပြီ"
ယင်းကျောင်းက အကောင့်စာအုပ်ကို စိတ်မဝင်စားပေ။ ထို့အပြင် သူသည် ထိုစာအုပ်အား အရင်နှစ်အတောအတွင်း တစ်ကြိမ်ထက် ပိုမသုံးခဲ့ပေ။ သူ ထိုစာအုပ်ကို သွားကြည့်ရန် စိတ်မဝင်စားဘဲ ကျင်းစစ်ကို တခြားအကြောင်းအရာအား မေးလိုက်လေသည်
" မင်း မနက်ဖြန်အတွက် ကြောက်နေလား..."
ကြောက်ရွံ့သည်ထက် ကျင်းစစ်သည် ဗဟုသုတအသစ်များကို ကြုံတွေ့ရတော့မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေ၏။ သူသည် ရိုးရိုးသားသား ပြန်ဖြေလိုက်လေသည်
" လုံးဝကိုပဲ"
ယင်းကျောင်း ပြုံးလိုက်သည်။ ၎င်းသည် ကျင်းစစ် ဖြေမည့် အဖြေပင် ဖြစ်ပြီး သူ၏ အကြိုက်ဆုံးဘာသာရပ်အတွက် စောင့်မျှော်နေခြင်းပင်။ ထို့အပြင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်လည်း ရှိ၏။
သူတို့နှစ်ယောက်သည် အတော်ကြာသည်အထိ စကားပြောနေပြီး ကျင်းစစ်၏ စိတ်အခြေအနေတည်ငြိမ်ကာ သက်တောင့်သက်သာ ဖြစ်နေသည်ကို အတည်ပြုပြီးသောအခါ ယင်းကျောင်း သူ့ကို ဆက်၍ အနှောက်အယှက်မပေးတော့ဘဲ သူ့ကို ဖုန်းချတော့မည်အား ပြောလိုက်လေသည်။
ထိုနေ့ညတွင် ကျင်းစစ်သည် ကောင်းကောင်း အိပ်ပျော်ခဲ့ပြီး မနက်ခင်းတွင် စောစောထကာ ယန်ချန်းနှင့် ပူးပေါင်းထားသော အထက်တန်းကျောင်းအား သတင်းပို့ရန် ထွက်ခွာခဲ့လေသည်။
အမှတ်သင်္ကေတနှင့် အချိန်ဇယားကို လက်ခံရရှိပြီးနောက် ဝန်ထမ်းသည် သူ့အား အဆောင်ခန်းသို့ ခေါ်သွားလေသည်။
အဆောင်ခန်းသည် လေးယောက်ခန်းဖြစ်ပြီး အလွန်အလေးပေးထားသည်မှာ သိသာလေသည်။ ပြိုင်ပွဲဝင်များသည် အိပ်ယာကို မှားယူမိပြီး အငြင်းပွားမည့်အရေးမှ ကာကွယ်ရန် အိပ်ယာတစ်ခုချင်းစီတွင် ပြိုင်ပွဲဝင်၏ နာမည်ကို ကပ်ပေးထားသည်သာမက အဆောင်ခန်းကိုလည်း သေချာ သန့်ရှင်းထားလေသည်။
ကျင်းစစ် အဆောင်ခန်းသို့ ရောက်သောအခါ အခြားအခန်းဖော် သုံးယောက်သည် အရင်ရောက်နှင့်နေပြီး သူတို့၏ အသုံးအဆောင်များကို အဝတ်ဗီဒိုထဲသို့ ထည့်နေကြလေသည်။ ကျင်းစစ်ကို တွေ့သောအခါ သူတို့နှုတ်ဆက်လေသည်။
ထိုသုံးယောက်ထဲတွင် အနည်းငယ်ဝပြီး ဝမ်ချုံး ဟုခေါ်သောလူသည် ကျင်းစစ်အကြောင်းကို အထူးစိတ်ဝင်စားသောကြောင့် အနားရောက်လာကာ မေးလေသည်
" မင်းက တုန်းဟိုင်ပြည်နယ်စုက ဟုတ်တယ်မလား..."
ကျင်းစစ် ခရီးဆောင်အိတ်ကို ဖွင့်လိုက်ကာ အထဲရှိ အရာများကို ထုတ်ရင်း ပြောလိုက်လေသည်
" ဟုတ်တယ်"
" ငါမင်းအကြောင်း သတင်းတွေ အများကြီး ဖတ်ခဲ့ရတယ် " ဝမ်ချုံး ပြုံးပြလိုက်လေသည် " မင်းက အရမ်းတော်တာပဲ"
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး" ကျင်းစစ် ပြုံးလိုက်လေသည်။ သူအခုလေးတင် ဝမ်ချုံး၏ နိုင့်ငံ့လေ့ကျင့်ရေး ဖိုင်နယ်အတွက် အမှတ်များကို သိခဲ့ရလေသည် " ငါတို့အမှတ်တွေက တူတူလောက်ပါဘဲ"
"မတူပါဘူး" ဝမ်ချုံးသည် သူ၏ အဝတ်များကို လှမ်းပေးလိုက်ပြီး ခေါင့်မော့ကြည့်ရင်း ပြောလိုက်လေသည် " ငါတို့ကျောင်းက ပြိုင်ပွဲမှာ အားသာချက်ရှိတယ် ဒီတစ်ခါ ငါတို့ကျောင်းက သုံးယောက်ပါပေမဲ့ ကံမကောင်းတာက ငါတို့အဆောင်တူတူ မကျဘူး"
ကျင်းစစ် ထိုနေရာသို့ မလာခင်က ဆရာလျှိုသည် အနားတွင် ရှိသောလူများအား နွေးနွေးထွေးထွေးဆက်ဆံရန် မှာကြားခဲ့သောကြောင့် ဝမ်ချုံးသည် သူ့အား သံလွင်အခက်ကို ပေးသည်အား ယူလိုက်လေသည်။ ခဏအကြာတွင် ထိုနှစ်ယောက်အကြားရှိ ခပ်တန်းတန်း ဖြစ်နေမှုသည် ပျောက်ကွယ်သွားကာ နေ့လည်စာအတူ စားရန်ပင် ချိန်းဆိုခဲ့လေသည်။
(သံလွင်ခက်=ငြိမ်းချမ်းရေး)