Chapter 103
အင်တာနက် ကုမ္ပဏီများတွင် မြင့်မားကောင်းမွန်သောလစာ အခမဲ့ပူးပေါင်းသည့် ယဉ်ကျေးမှု နှင့် အကျိုးကျေးဇူးများစွာ ရှိလေသည်။ထိုကဲ့သို့ အင်တာနက်ကုမ္ပဏီများတွင် လုပ်ခဲ့သူများသည် အခြားကုမ္ပဏီများတွင် အဆင်မပြေနိုင်ပေ။
ထိုသို့ဖြင့် အဖေကျင်းသည် သူ၏ အလုပ်လက်မဲ့ဘဝကြီးကို စတင်ရတော့လေသည်။ သူအလုပ်လည်းမလုပ် ပိုက်ဆံလည်း မရှာနိုင်တော့သဖြင့် ကျောင်းကျင်းဖုန် နှင့် သူသည် ပို၍ ပဋိပက္ခဖြစ်ပွားလာတော့လေသည်။
ထိုအပြင် ကျင်းမိသားစုသည် ယခုရက်ပိုင်းတွင် အဆင်မပြေမှုများ ဖြစ်နေလေသည်။ တိုးတိုးတိတ်တိတ်ဖြင့် နှစ်ရက်ကြာရန်ဖြစ်၍ သော်လည်းကောင်း အသံကျယ်ကျယ်ဖြင့် သုံးရက်ကြာရန်ဖြစ်၍သော်လည်းကောင်း ဖြစ်နေကြ၏။ ၎င်းသည် အကုန်မဟုတ်သေးပေ။ အဖေကျင်းသည် ကျင်းစစ်ကြောင့် မျက်နှာမဖော်ရဲတော့သောကြောင့် ပို၍ ရက်စက်လာကာ အခြားကျန်သော သားတစ်ယောက်အား ချင်းဟွာ တက္ကသိုလ်သို့ ဝင်နိုင်စေရမည်ဟု ကျိန်ဆိုခဲ့သောကြောင့် ကျင်းမြောင် ဒုက္ခရောက်နေလေသည်။
သူစာလုပ်နေချိန်တွင် တစ်ချိန်လုံး ထိုင်ကြည့်ခံနေရပြီး ယခင်ကနားချိန်များကိုပင် ခွင့်မပြုတော့ချေ။
ကျင်းမြောင်သည် အာဏာဖြင့် ဖိစီးခံနေရပြီး စည်းကမ်းတင်းကျပ်စွာ ကြီးကျပ်ခံနေရသောကြောင့် သူ၏အဆင့်များသည် ပိုမကောင်းလာရုံသာမက အလွန်အမင်းပင် ကျဆင်းသွားလေသည်။
ထိုနေ့တွင် ကျင်းမြောင်သည် မထိန်းနိုင်ဘဲ အထက်တန်းကျောင်း ဖိုရမ်ထဲသို့ တိတ်တိတ်လေး ဝင်ကာ ကျင်းစစ်၏ သတင်းများကို ရှာကြည့်လေသည်။ သူသည် ပိုစ့်တစ်ခုကို ဖွင်ွကြည့်နေတုန်းတွင် သူ၏ ဖုန်းအား အဖေကျင်းမှ ဆွဲယူခံလိုက်ရလေသည်။
"မင်းရဲ့ အရမ်းကို ကောင်းလှပါတယ်ဆိုတဲ့ ဖိုင်နယ်စာမေးပွဲက အဆင့်တွေနဲ့တောင် ဖုန်းကစားရဲသေးတယ်ပေါ့" အဖေကျင်းသည် ကျင်းမြောင်ကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်လေသည် "အိမ်စာတွေ ပြန်သွားလုပ်စမ်း"
ကျင်းမြောင်သည် မှုန်မှိုင်းနေသောမျက်နှာ အမူအရာဖြင့် ခေါင်းအုံးအား ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေသည်။
"ဒီကလေးကတော့ ကြီးလာလေ ပိုရိုင်းလာလေပါ့လား" အဖေကျင်းသည် ညည်းညူလိုက်ကာ ဖုန်းမျက်နှာပြင်သို့ ကြည့်လိုက်လေသည်။
အဖေကျင်းသည် သရော်လိုက်ပြီး ဖုန်းကို ကော်ဖီစားပွဲပေါ်တွင် တင်လိုက်လေသည်။
ကျောင်းကျင်းဖုန်သည်လည်း ၎င်းအားမြင်လိုက်သောကြောင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည် " ဘယ်လိုဖြစ်လို့ ဒေါသကြီးနေတာလဲ"
"အဆင်ပြေပါတယ်" အဖေကျင်းသည် သူ၏ မျက်နှာကို ပွတ်လိုက်ပြီး ပြောလိုက်၏
" လေ့ကျင့်ရေးအသင်းအကြောင်း ပြောနေတဲ့ တစ်ယောက်ကို တွေ့လိုက်တယ် သူပြောတာတော့ ကျင်းစစ်က နောက်ထပ် တစ်ကျော့ကို ကျိန်းသေ ဝင်နိုင်မယ်တဲ့"
အဖေကျင်း အထင်သေးစွာ ပြောလိုက်လေသည်
" သူပဲလား..."
အရင်တစ်ခေါက် ဆရာလျိုထံမှ အလှောင်ခံရပြီးနောက် အဖေကျင်းသည် လွတ်သွားသော သင်္ချာပြိုင်ပွဲအကြောင်း ကို ရှာဖွေကြည့်ခဲ့ပြီးနောက် ကျင်းစစ်၏ လက်ရှိအခြေအနေကို သိရှိခဲ့ရလေသည်။
" အဲ့ဒါက ဘာမှမဟုတ်တဲ့ ပြိုင်ပွဲပဲကို ဘာကိစ္စ သူ့ကို ရတနာလို ဆက်ဆံနေကြတာလဲ" ကျောင်းကျင်းဖုန်သည် မနာလိုလွန်တိုဖြစ်နေကာ ချဥ်တူးစွာ ပြောလိုက်လေသည် " ဒီတစ်ကြိမ်ရှုံးရင် သူဘယ်လိုလုပ်မလဲ ကြည့်ကြတာပေါ့"
နွေဦးပွဲတော်၌ ဆွေမျိုးများသည် နှစ်သစ်အတွက် နှုတ်ဆက်ကြရာတွင် သူတို့အားလုံးသည် ကျင်းစစ်၏ သတင်းကို တိတ်တိတ်လေး မေးမြန်းကြကာ မည်သူမျှ ကျင်းမြောင်ကို အရေးမလုပ်ခဲ့ပေ။ ကျောင်းကျင်းဖုန်သည် အလွန်စိတ်ဆိုးသွားကာ တစ်ရက်လုံး ထမင်းမစားဘဲ ကျင်းစစ်တွင် မမျှော်လင့်ထားသောအရာများဖြစ်လာစေရန်နှင့် အမြင့်မှ ပြုတ်ကျစေရန် ဆုတောင်းခဲ့လေသည်။
"ဒီတစ်ကြိမ်တော့ သူကံကောင်းဦးမယ်လို့ ကျွန်မတော့ မယုံဘူး"
ကျောင်းကျင်းဖုန်ကဲ့သို့ အတွေးရှိသော လူများလည်း ရှိပြီး ကျင်းစစ် ကောင်းကောင်းလုပ်နိုင်မည်ဟု စိတ်ရင်းအမှန်ဖြင့် မျှော်လင့်နေသော လူများလည်း ရှိလေသည်။
ကျင်းစစ်၏ လေ့ကျင့်ရေးစခန်းတွင် နောက်ဆုံးနေ့သည် လပြည့်လ၏ တစ်ဆယ့်ခုနှစ်ရက်မြောက်နေ့ဖြစ်ပြီး တုန်းဟိုင်စီရင်စုအထက်တန်းကျောင်း၏ ဒုတိယမြောက်နေ့လည်းဖြစ်လေသည်။
မနက်ခင်းအတန်းဆင်းသည်နှင့် ဟယ်ကျိုးနှင့် အခြားသူများသည် ယင်းကျောင်းဘေးနားသို့ ပြေးသွားကာ မေးလိုက်လေသည် " အစ်ကိုကျောင်း အစ်ကိုစစ်က ပြိုင်ပွဲရဲ့ ပိတ်တဲ့ အခမ်းအနားမှာလား..."
"ဟုတ်တယ်" ယင်းကျောင်းသည် browser ကိုဖွင့်လိုက်ပြီး လေ့ကျင့်ရေးအသင်း၏ ပိတ်ပွဲအခမ်းအနားနှင့် ဆိုင်သော သတင်းများအား ရှာကြည့်နေရင်း ပြောလိုက်လေသည်
" ပိတ်ပွဲအခမ်းအနားက ကိုးနာရီမှာစတာ"
"အာ" ကျန့်ချွယ်သည် နံရံကပ်နာရီအား ကြည့်ကာ ပြောလိုက်သည် " နှစ်ဆယ့်ငါးမိနစ်တောင် ကြာပြီပဲ"
သူသည် တစ်စုံတစ်ခုအား ပြောချင်ပေမဲ့ ချန်ူမြှောင်မြှောင်သည် ဖုန်းကိုကိုင်ရင်း ရုတ်တရက် ပြေးလာကာ သူ့ဆီသို့ တိုက်ရိုက်ပြောလိုက်လေသည်
" အား ! လေ့ကျင့်ရေးအသင်းရဲ့ ပထမအကျော့ ရွေးချယ်တဲ့ လိုက်ဖ်ပိုစ့်ကို ငါတွေ့လိုက်ရတယ်"
ယင်းကျောင်း သူ့ကို ချက်ချင်း မော့ကြည့်ကာ ပြောလိုက်၏ " ငါ့ကို လင့်ခ် ပို့လိုက်"
ထိုပိုစ့်သည် ကျင်းစစ်နှင့်အသင်းတူသော ပြိုင်ပွဲဝင် တစ်ဦးမှ ပို့လိုက်ခြင်းပင်။ လူအများသည် ပိတ်ပွဲအခမ်းအနားတွင် ပါဝင်ဆင်နွှဲနေသော်လည်း ရလဒ်များကို ကြေငြာတော့မည် ဖြစ်သောကြောင့် စိတ်မအေးနိုင်ပေ။ သူတို့သည် ပြိုင်ပွဲဖိုရမ်ထဲသို့ဝင်ကာ လူထုဆီသို့ ပြနိုင်သော ပို့စ်ကို သူတို့ကိုယ်သူတို့ စိတ်အေးစေရန် တင်လိုက်ခြင်း ဖြစ်၏။
[နေဦး အိမ်ရှင်က လူကောင်းပဲ သူရလဒ်ကောင်းပါစေလို့ ဆုတောင်းတယ်]
[ကိုးနာရီနှစ်ဆယ့်ခြောက်တောင် ဖြစ်နေပြီ အရင်နှစ်တွေလိုဆိုရင် နောက်ဆယ်မိနစ်လောက်နေရင် ရလဒ်ကြေငြာတော့မယ်]
[ပေတုန်ပြည်နယ်စုကြီးက ပြိုင်ပွဲဝင်တွေရေ ! လာစမ်းပါ မင်းတို့တွေပဲ ဖြစ်ရမယ် တုန်းဟိုင်ပြည်နယ်စုမှာ ဘယ်လို မြင်းနက်မျိုး ပါနိုင်မှာမို့လို့လဲ...]
[စောင့်နေရတဲ့ အချိန်ကို ရောက်တော့မယ် တုန်းဟိုင်ပြည်နယ်စုက လူတွေကို ဘာလို့ ပိုစ့်မှာ မတွေ့တာလဲ ထူးဆန်းလိုက်တာ သူတို့ ဒီတစ်ခါတော့ ယုံကြည့်ချက်မရှိတော့လို့လား]
[ငါကြားတာတော့ ဒီနှစ်မေးခွန်းတွေက အရမ်းခက်တယ်တဲ့ ဘာလို့ဆို အရင်နှစ်က နိုင်ငံတကာ ပြိုင်ပွဲတွေမှာ တရုတ်နိုင်ငံရဲ့ ရလဒ်တွေက အရမ်းမကောင်းလို့တဲ့]
"မေးခွန်းတွေ ခက်တယ်" သူဘာကိုမျှ နားမလည်သော်လည်း ဟယ်ကျိုးသည် ထိတ်လန့်နေတုန်းပင်
" အစ်ကိုစစ်အတွက် အဲ့ဒါမကောင်းဘူးမလား..."
"အစ်ကိုစစ် အဆင်ပြေမှာပါ" ဦးနှောက်မဲ့သည့် ကျင်းစစ်၏ ပရိတ်သတ်လေး ဝူဝေ့ချန်း သည် စားပွဲကို ခပ်ပြင်းပြင်း ရိုက်လိုက်ကာ ပြောလိုက်သည်
" အဲ့ဒါက ခက်တယ် ဆိုရင်တောင် အစ်ကိုစစ်က ကြောက်မယ်လို့ မင်းထင်နေတာလား..."
ဟယ်ကျိုး ရုတ်တရက် ပြောလိုက်လေသည် " ဟုတ်တယ် ငါ စိတ်မမှန်တာဖြစ်မယ် ငါ့ဦးနှောက်ရဲ့ အပျက်အစီးလေးတွေကို ဒီပိုစ့်ထဲမှာ ငါ့ဘာသာ ရှင်းလင်းလိုက်မယ်"
တံခါးနားတွင် လှည့်ပတ်ကြည့်နေသော လူအများစုကို သူတွေ့လိုက်ရလေသည်။ တန်းခွဲ 7 မှလူအများစုသည် ယင်းကျောင်း၏ စားပွဲခုံနားတွင် စုစည်းနေကာ စကားပြောရင်း ဖုန်းများကို ကိုင်ထားကာ ရလဒ်ကို စောင့်ကြည့်နေကြလေသည်။
သို့သော်လည်း ဘာကြောင့်မှန်းမသိ ယခုနှစ်၏ ရလဒ်ကို ခုထိ မကြေညာသေးပေ။
ပို့စ်ထဲမှ လူများ မစောင့်ဆိုင်းနိုင်တော့သည်သာမက တန်းခွဲ 7 မှကျောင်းသားများသည်လည်း စိုးရိမ်နေကြလေသည်။
"သေစမ်း ! သူတို့ မကြေညာသေးဘူးလား ငါတို့မှာ အတန်းရှိသေးတယ် နောက်အတန်းက လူအိုကြီး လျှိုရဲ့ အတန်းဟ "
"လေ့ကျင့်ရေးအသင်းထဲမှာ လူ ခြောက်ဆယ်တောင်ရှိတယ်မလား အဲ့လူခြောက်ဆယ်က သူတို့ရဲ့ ရလဒ်တွေကို ကြည့်ဖို့ ဘယ်လောက်တောင် စောင့်ရမှာလဲ... ဘယ်လိုတောင် ကျွမ်းကျင်နေကြတာတုန်း လူအိုကြီးလျှိုတောင် သူတို့နဲ့ မယှဥ်နိုင်ဘူး"
"ဖာ့ခ် ငါ့ရဲ့ အဆင့်တွေကို စောင့်ရတာထက်တောင် ပိုစိုးရိမ်နေသေးတယ် မြန်မြန်ကြေညာပါတော့..."
သို့သော်လည်း အကဲဖြတ်သည့် ဒိုင်လူကြီးများသည် သူတို့၏ အသံကို မကြားရပေ။ သူတို့၏ အတန်းစရန် လေးမိနစ်သာလိုနေပြီး ရလဒ်မထွက်သေးပေ။သုံးမိနစ်မှ နှစ်မိနစ်သာလိုတော့သည်အထိ ရလဒ်များမထွက်သေးပေ။
တန်းခွဲ 7 မှကျောင်းသားများသည် စိတ်ရှည်မှုများ ကုန်ဆုံးသွားကာ သူတို့၏ ဖုန်းများကို ပိတ်၍ သိမ်းလိုက်ကြတော့သည်။
"တော်ပြီ ငါတို့အတော်လေး စောင့်ရဦးမယ်နဲ့ တူတယ်"
"တော်တော်လေး ကြာတာပဲ"
ယင်းကျောင်းသည် သူတို့ကို လျစ်လျူရှူထားကာ သူ၏ ဖုန်းကို စက္ကန့်အနည်းငယ်ကြာသည်အထိ refresh လုပ်ကာ ကြည့်နေသည်။ နောက်ဆုံးတွင် အတန်းစရန် တစ်မိနစ်လိုချိန်၌ အိမ်ရှင်ထံမှ နိုင်ငံ့လေ့ကျင်ရေးအသင်း၏ ဒုတိယအကျော့အတွက် ပါဝင်သည့် စာရင်းပိုစ့်ကို သူ တွေ့လိုက်ရလေသည်။
ခေါင်းစဉ် အနီရောင်ကြီး၏ အောက်တွင် ရှင်းလင်းစွာ ရေးသားဖော်ပြထားလေသည် _
တုန်းဟိုင်ပြည်နယ်စု, တုန်းဟိုင်စီရင်စုအထက်တန်းကျောင်း အထက်တန်း ဒုတိယနှစ်မှ ကျင်းစစ်။
စူးရှသော မျက်လုံးများဖြင့် ဟယ်ကျိုးသည် သူ့ဖုန်းမျက်နှာပြင်ပေါ်မှ အကြောင်းအရာများကို တွေ့လိုက်ပြီးနောက် ချက်ချင်းမတ်တတ်ရပ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်
" ဖာ့ခ်....ထွက်ပြီဟ ! အစ်ကိုစစ် ဒုတိယအကျော့မှာ ပါတယ်...."
အတန်းသည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် လက်ခုပ်သံများဖြင့် ဂုဏ်ပြုချီးကျူးသံများသည် မျက်နှာကျက်ထိတိုင် ပျံ့လွင့်သွားလေသည်။
"အား အား အား ! ငါ့ရဲ့ နတ်ဘုရားက စွမ်းအားကြီးလိုက်တာ"
"ဘုရားရေ အစ်ကိုစစ်က အံ့အားသင့်စရာပဲ"
"1/19 ! အစ်ကိုစစ်က အရမ်းတော်တာပဲ"
"အစ်ကိုစစ်က အရမ်းတော်လွန်းတယ် ငါတို့ကျောင်းက ဆရာတွေတော့ ပျော်လွန်းလို့ ရူးကုန်လောက်ပြီ"
အတန်းခေါင်းလောင်းသည် တစ်မိနစ်မျှကြာအောင် မြည်နေသော်လည်း မည်သူမျှ သတိမပြုမိပေ။ သူတို့သည် စိတ်လှုပ်ရှားစွာ စကားပြောနေတုန်းပင်။ ကံကောင်းထောက်မစွာဖြင့် ဆရာလျှိုသည် မရောက်သေးသောကြောင့် မသိသေးပေ။
ဟယ်ကျိုးနှင့် အခြားသူများသည် စကားပြောပြီးနောက် သူတို့၏ စိတ်များသည် အနည်းငယ် တည်ငြိမ်သွားပြီး ရုတ်တရက် တစ်ခုခုကို သတိရလိုက်လေသည် " ဒါဆိုရင် အစ်ကိုစစ်က နောက်ပိုင်းကျရင် ကျောင်း လာမတက်တော့ဘူးပေါ့..."
"ဖာခ့်" ဂိမ်းအား ရူးသွပ်စွဲလမ်းနေသော ဂိမ်းသမား ကျန့်ချွယ်၏ မနာလိုသော မျက်လုံးများသည် အနီရောင် ပြောင်းသွားပြီး ပြောလိုက်လေသည်
" အဲ့ဒါ မမိုက်ဘူးလား...မနက်အစောကြီးထပြီး ပုဒ်စာတွေကို လာဖြေဖို့လည်း မလိုတော့ဘူး နေ့တိုင်းအိမ်မှာပဲ သက်တောင့်သက်သာနဲ့ ဂိမ်းဆော့လို့ရပြီလေ ဟုတ်တယ်မလား..."
ယင်းကျောင်း သူ့ကို စိုက်ကြည့်လိုက်လေသည် " သူက ဘာလို့ မလာဘဲ နေမှာလဲ..."
"မဟုတ်ဘူးလေ" ကျန့်ချွယ်နားမလည်နိုင်ပေ " အစ်ကိုစစ်က တက္ကသိုလ်အတွက်လည်း ထောက်ခံချက်ရထားတယ်လေ သင်္ချာအိုလံပစ်အတွက်ပဲ လေ့ကျင့်ဖို့လိုတော့တာ ကျောင်းကိုလာစရာမလိုတော့ဘူးလေ"
ဟယ်ကျိုးသည် သဘောတူသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည် " ဟုတ်တယ် ကျောင်းကိုလာဖို့ မလိုတော့ဘူး"
ယင်းကျောင်းသည် wechat မှ ကျင်းစစ် ဆီသို့ မက်ဆေ့ချ် ပို့လိုက်ပြီး ဖုန်းကို ချလိုက်ကာ မျက်ခုံးပင့်ကာ ပြောလိုက်လေသည် " လိုတာပေါ့"
သူ ဟယ်ကျိုးကို စိုက်ကြည့်ကာ ဖြေးဖြေးလေး ပြောလိုက်လေသည်
" သူမလာရင် ငါတို့က မင်းတို့ကို ဘယ်လိုလုပ် ခွေးစာကျွေးပါ့မလဲ?"
ဟယ်ကျိုး, ကျန့်ချွယ်, ဖမ်ချန်းချန်း : ".........
.....
လလ
ရုံးခန်းထဲမှ ဆရာများသည်လည်း ကျင်းစစ်၏ ရလဒ်ကို စောင့်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဆရာလျှိုနှင် ကျောက်ဖုန်တို့ပင်။
တစ်ယောက်သည် ဖုန်းကို စူးစိုက်ကြည့်နေပြီး အခြားတစ်ယောက်သည် ကွန်ပြူတာရှေ့တွင် စောင့်နေပြီး ရလဒ်စာရင်းကိုဖတ်ရန် နှောင့်နှေးနေမည် စိုးသောကြောင့် စကားပြောရန်ပင် အချိန်မရှိပေ။ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်သွယ်ခြင်းသည် တစ်ဦးကိုတစ်ဦး ကြည့်ရင်းဖြင့် ဦးနှောက်လှိုင်းတွေအပေါ်မူတည်လေသည်။
သနားစရာကောင်းသည်မှာ ယခုနှစ်၏ အကဲဖြတ်ဒိုင်များသည် အရမ်းမတော်ပေ။ အချိန်အတော်ကြာသည်အထိ စောင့်နေပြီး အတန်းခေါင်းလောင်းပင် ထိုးလုလုဖြစ်နေသောအချိန်ထိ ရလဒ်များကို မကြေငြာသေးပေ။
ကျောက်ဖုန်တွင် မနက်ခင်း တတိယအချိန် အတွက် အတန်းမရှိသော်လည်း ဆရာလျှိုသည်တော့ အရမ်းကံမကောင်းပေ။
"ဘာလို့ အရမ်းကြာနေတာလဲ !
" ဆရာလျှိုသည် မျက်မှောင်ကြုတ်ကာ နှစ်ခါလောက် မျက်လုံးလှန်လိုက်မိသည်။ သူ တစ်ခုခု ပြောတော့မည့်အချိန်တွင် ဘေးနားတွင် ထိုင်နေသော ကျောက်ဖုန်သည် ရုတ်တရက် ကွန်ပျူတာအား ပွေ့ဖတ်လိုက်ပြီး မတ်တတ်ရပ်သည်ကို တွေ့လိုက်လေသည်။
"ထွက်ပြီလား"
ဆရာလျှို၏ မျက်လုံးများသည် တောက်ပသွားကာ ဖုန်းကိုမေ့နေပြီး ပြေးသွားလိုက်လေသည်။
ကျောက်ဖုန်၏ မျက်နှာသည် ကွန်ပျူတာမျက်နှာပြင်တွင် ကပ်ကာ ကြည့်နေပြီး သူ၏ လက်ချောင်းများသည် တုန်ယင်နေကာ မသိစိတ်မှ ပြောလိုက်လေသည် " ငါမမှားဘူးပဲ... ငါမမှားဘူး"
"ငါ့ကို ပြဦး !" ကွန်ပျူတာမျက်နှာပြင်သည် ကျောက်ဖုန်ဖြင့် ကွယ်နေသောကြောင့် ဆရာလျှိုသည် ဘာကိုမျှ မမြင်ရဘဲ စိတ်လှုပ်ရှားစွာ ပတ်ကြည့်နေလေသည်။ အဆုံးတွင် သူသည်းမခံနိုင်တော့ဘဲ ကျောက်ဖုန်ကို ဘေးသို့ ဆွဲလိုက်ကာ အနားကပ်လိုက်လေသည်။
အချိန်ခဏလေးအတောအတွင်းတွင် ဆရာလျှိုသည် ကျင်းစစ်၏ နာမည်ကို အကြည့်တစ်ချက်ဖြင့် တွေ့လိုက်ရပြီး နောက်တွင်ပါသော တုန်းဟိုင်စီရင်စုကိုလည်း တသီးတခြား တွေ့လိုက်ရလေသည်။
"တကယ်ပါသွားတာပဲ ! "
ဆရာလျှိုသည် လက်သီးဆုပ်လိုက်ကာ ခုံကို ပြင်းပြင်းထုလိုက်လေသည်။ သူသည် နားရွက်တက်ချိတ်မတတ် ပြုံးလိုက်ပြီး ရယ်လိုက်လေသည် " ပါသွားပြီ ပါသွားပြီ !"
ရုံးခန်းထဲမှ ဆရာများသည် ချက်ချင်း သူ့နားသို့ ဝိုင်းလာကြလေသည်။
"တကယ်ကြီးလား...ဘုရားရေ"
"အမှန်ပဲ သူပါသွားပြီ"
"ကောင်းလိုက်တာ အရမ်းကောင်းတာပဲ"
ထို့မတိုင်ခင် ကျင်းစစ်သည် ဒုတိယအကျော့ကို ပါနိုင်မည်ဟု မည်သူမျှ မတွေးထားပေ။ အဆုံးတွင် ၎င်းသည် နိုင်ငံ့အရန်အသင်းဖြစ်၏။ နိုင်ငံဟူသော စကားလုံးကို ကြည့်ရုံဖြင့်ပင် ၎င်းသည် မည်မျှခက်ခဲကြောင်း သိနိုင်လေသည်။
သို့သော် ကျင်းစစ် လုပ်နိုင်ခဲ့လေသည်။ သူတို့အား စကားတစ်ခွန်းမျှ မပြောဘဲ အံ့အားသင့်ဖွယ်ကြီးကို လုပ်ပြလိုက်ပြီး တုန်းဟိုင်စီရင်စုဟူသော နာမည်ကို နိုင်ငံ့အရန်အသင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဖော်ပြနိုင်စေခဲ့သည်။
ကျောက်ဖုန်၏ မျက်လုံးများသည် လုံးဝ နီရဲနေလေသည်။ သူသည် သင်္ချာပြိုင်ပွဲအတန်းအား ဦးဆောင်နေခဲ့သော်လည်း သူ့အသင်း၏ ရလဒ်များသည် ကျေနပ်ဖွယ်မရှိပေ။ ယခုတွင် ကျင်းစစ်သည် နိုင်ငံ့အရန်အသင်းသို့ ဝင်နိုင်ခဲ့လေသည်။ ၎င်းသည် ကျောင်းအတွက်,ပြည်နယ်အတွက်တင် မဟုတ်ဘဲ ကျောက်ဖုန်၏ ပုံရိပ်ကိုပါ မတူညီတော့ဘဲ ထူးခြားသွားစေသည်။
အနာဂါတ်တွင် ကျောင်းသည် ပြိုင်ပွဲအတန်းကို ဆက်လက်၍ မပါဝင်တော့သဖြင့် မည်သူမျှ ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို မကျော်လွန်နိုင်တော့သော်လည်း သူသည် အခြားသူများအား သူသင်ခဲ့ဖူးသော အသင်းသားသည် နိုင်ငံ့အရန်အသင်းကို ဝင်နိုင်ခဲ့သည်ဟု ယုံကြည်ချက်ရှိရှိဖြင့် ဂုဏ်ယူစွာ ပြောနိုင်တော့မည်။
ဆရာလျှိုသည် သူ၏ စိတ်အခြေအနေကို နားလည်သောကြောင့် ပခုံးကို ပုတ်လိုက်ကာ ဘာမျှ မပြောပေ။
"လူအိုကြီးလျှို သွားရအောင် အတန်းကို စာသွားသင်ရအောင်"
ဓါတုဗေဒဆရာ ဆရာဝမ်သည် ယခုအချိန်တွင် တန်းခွဲ 8 ၌ အတန်းရှိလေသည်။ အတော်ကြာသည်အထိ စိတ်လှုပ်ရှားနေခဲ့ပြီးနောက် သူ့တွင် အတန်းရှိသေးကြောင်း သတိရလိုက်လေသည်။ သူသည် တံခါးနားသို့လျှောက်သွားလိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် ဆရာလျှိုသည် ကြောင်တောင်တောင် မတ်တတ်ရပ်နေသည်အား တွေ့လိုက်ရသောကြောင့် မတတ်နိုင်ဘဲ ခေါ်လိုက်လေသည်။
"အိုး ဟုတ်သားပဲ အတန်း" ဆရာလျှိုသည် နှဖူးကို ပုတ်လိုက်ပြီး စားပွဲပါ်ရှိစာအုပ်ကို ယူလိုက်ကာ ထွက်သွားလိုက်လေသည်။
"မင်း အရမ်းပျော်နေမှာပဲ" ဆရာဝမ်သည် ဆရာလျှိုအား စနောက်ချင်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"ဒါပေါ့"
ဆရာလျှိုသည် မျက်နှာကို ပွတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် ကော့တက်သွားကာ သူ၏ အသံသည် အလွန်စိတ်ကျေနပ်နေလေသည်
" ငါက ကျင်းစစ် အရမ်းတော်မယ်လို့ မျှော်လင့်ပြီးသားပါ ဒီရလဒ်ကလည်း အရေးပါတာပေါ့ ဟုတ်တယ်မလား?"
ဆရာဝမ် : "..."
ဆရာဝမ်သည် ရပ်တန့်သွားကာ ရှေ့သို့ဆက်သွားနေသော ဆရာလျှိုကို သနားကြင်နာစွာ ကြည့်လိုက်လေသည် " လူအိုကြီးလျှို"
"ဟမ်..." ဆရာလျှိုသည် လှည့်ကြည့်လိုက်ရင်း မေးလိုက်လေသည် " ဘာလို့ မလာသေးတာလဲ..."
ဆရာဝမ် : " မင်းသွားတဲ့ လမ်းမှားနေတယ်"
ဆရာလျှို : "..."