Chapter 88
Viewers 9k

အပိုင်း(၈၈)


"မင်းတို့တွေက......." ဟယ်လောင်စန်းက သူ့ရဲ့ရစ်ငှက်သားကင်ကို ကိုင်လျက်သားနဲ့ လင်ရှန်းတို့နှစ်ဦးသားကို အတွေးနက်နဲစွာဖြင့် ကြည့်လိုက်တယ်။ ရုတ်တရက် သူက သဘောပေါက်သွားတော့တယ်။ " ဪ လတ်စသတ်တော့ မင်းတို့က နန်းတော်ထဲက ထွက်ပြေးလာကြတာပဲ ဟုတ်တယ်မဟုတ်လား"


"ဘာပြောတယ်.. ဘာ??? နင်တို့နှစ်ယောက်ကလဲ နန်းတော်ထဲက ထွက်ပြေးလာတာလား" တုမင်ယွဲ့၏မျက်လုံးများက အံ့ဩဘနန်းကြီးစွာဖြင့် အပေါ်သို့လန်တက်သွားတော့သည်။ သူမက လင်ရှန်းဆီသို့ နောက်ပြန်လှည့်လိုက်ကာ သိချင်စိတ်ပြင်းပြစွာဖြင့် " နင်တို့ ဘာဖြစ်ခဲ့တာလဲ.. ပြောစမ်းပါဦး ... ငါတို့အားလုံးအတူတူအောင်ပွဲခံလို့ရတာပေါ့!"


လင်ရှန်း. : "..................."


သူတို့ဘယ်လောက်တောင် ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ တွေးတောနေကြတာကိုတွေ့ရတော့ လင်ရှန်းလဲ နောက်ထပ်ထပ်ပြီးတော့ ဖုံးကွယ်မထားချင်တော့ပေ။ အဲဒါကြောင့် သူမ အစကနေအဆုံးထိ ဖြစ်ပျက်သမျှအားလုံးကို မချွင်းမချန်ပြောပြလိုက်တော့တယ်။ လင်ရှန်းက တုမင်ယွဲ့တို့အား သူမဘာကြောင့် ယောက်ျားလေးတစ်ယောက်လို ဟန်ဆောင်ရုပ်ဖျက်ထားတာနဲ့ လိန်ဖန်နှင့်တုဟောင်ကြားက ဆက်နွယ်မှုကိုလဲ ပြောပြလိုက်တော့သည်။ နောက်ဆုံးမှာမှ သူမက ကျီပိုင်ယုက တုဂျင်ပုံစံဖြင့် ရုပ်ဖျက်ကာ သူမအား ပြန်ပေးဆွဲသည့်အကြောင်းကိုပါ ပြောပြလိုက်ခဲ့သည်။


လင်ရှန်း သူမဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံပြောပြပြီးတာတောင်မှ တုမင်ယွဲ့တစ်ယောက် အံအားသင့်မှုကြောင့် ပါးစပ်ပင် မပိတ်နိုင်တော့ဘဲ ပါးစပ်အဟောင်းသားနဲ့ဖြစ်နေလေသည်။ မူလကတော့ သူမအတွေးထဲတွင်တော့ သူမကိုယ်တိုင် တောင်ပေါ်ဓားပြတစ်ယောက်နှင့်အတူခိုးရာလိုက်ပြေးတာက သူမအတွက် တော်တော်တရားလွန်နေလေပြီ။ သူမ လုံးဝမထင်ထားက လင်ရှန်းရဲ့အတွေ့အကြုံက သူမထက်ပင် အဆပေါင်းတစ်သောင်းတစ်သိန်းမက အံအောဘနန်းဖွယ်ရာ ဖြစ်နေလေသည်။ သူမအတွေးတွေအားလုံး ရှင်းသွားရအောင်ပင် သူမခမျှာ နေ့လည်ခင်းတစ်ခုလုံးနီးပါး အချိန်ယူလိုက်ရလေသည်။ ရုတ်တရက် သူမစိတ်ထဲတွင် စိတ်ဓာတ်အနည်းငယ်ပင်ကျဆင်းသွားတော့လေသည်။


မင်းသမီးတစ်ပါးအနေနဲ့ သူမက အမြဲလိုပင် လူတိုင်းလူတိုင်း၏ အလိုလိုက်အကြိုက်ဆောင်ခြင်းကို ခံခဲ့ရသည်။ ရုတ်တရက်ကြီး သူမနားလည်သွားလိုက်တာက လူတိုင်းက သူမအား အတုအယောင်တွေဖြင့် ဆက်ဆံခံခဲ့ရသည်။ သူမ၏ယောက်ျားကလဲ အတု။ တော်ဝင်ကိုယ်ရံတော်တောင်မှ အတု။ သူမရဲ့တတိယအကိုတော်တောင်မှ အတုဖြစ်နေလသည်တဲ့လေ! သူမ နောက်ပြန်လှည့်ကြည့်လိုက်တော့ .... ဟယ်လောင်စန်းက သူ့ရဲ့ရစ်ငှက်သားကင်ကို ကိုင်လျက်နဲ့ပင် သူမအား ပေါတောတောပြုံးပြနေလေသည်။


'ထားပါတော့လေ.. အနည်းဆုံးတော့ ငါ့မှာ တောင်ပေါ်ဓားပြတစ်ယောက်နဲ့ ရစ်ငှက်သားကင်ကတော့ စစ်မှန်နေပါသေးတယ်လေ။'


"နင်ပြောလိုက်ပုံအရဆိုရင် တတိယအစ်ကိုတော်က တကယ်အသက်ရှင်နေသေးသလားဆိုတာတောင် ငါတို့မသိနိုင်သေးဘူးပေါ့ ဟုတ်လား" တုမင်ယွဲ့ကမေးလိုက်တယ်။


လင်ရှန်းက ခေါင်းညိတ်လိုက်တယ်။ " အင်း.. ငါ့ယူဆချက်အရဆိုရင်‌တော့ ကျီဟောင်လင်းက သူ့ကို တစ်နေရာရာမှာတော့ ဝှက်ထားလောက်တယ်။ ကျီဟောင်လင်းက ဒီလောက်ဆိုးသွမ်းယုတ်မာတာ။ သူမ အသုံးချနိုင်သေးတဲ့ လူတစ်ယောက်ကိုတော့ သတ်လိုက်မယ်လို့တော့ ငါတော့ မထင်ဘူး။"


"အဲဒါဆို ထူးဆန်းနေပြီ....." တုမင်ယွဲ့က ချီတုံချီချဖြစ်သွားကာ " နည်းလမ်းကျကျတွေးကြည့်ရင်.. တကယ်လို့ ကျီဟောင်လင်းက ဖခမည်းတော်ကို ကလဲ့စားချေချင်နေတယ်ဆိုရင်လည်း ဘာလို့သူက ကျီပိုင်ယုကို တတိယအစ်ကိုတော် ကို လုပ်ကြံပြီးတော့ သူ့နေရာမှာရုပ်ဖျက်ပြီးနေ နေရတာများလဲ။ သူက သူ့ရဲ့ပုံရိပ်အစစ်မှန်ကို ဘာလို့ ဒီလောက်အကြာကြီး ဖုံးကွယ်ပြီး နေနေရတာများလဲ" 


လင်ရှန်းက သူမအထင်ကို ပြောလိုက်တယ်။ " ငါ့ အထင်တော့ သူတို့က တစ်ခုခုကို ရှာနေတာပဲဖြစ်မယ်"


ဟယ်လောင်စန်းက သူ့ရဲ့ရစ်ငှက်သားကို ပါးစပ်ထဲမှာ ဗလုံးဗထွေးစားနေရင်းနဲ့ ကောက်ခါငင်ခါ ထပြောလိုက်သည်။ " သူတို့က ဘာကို ရှာနေတာလဲ။ အဖိုးတန်တာ များ လား?"


"အဖိုးတန်ပါလိမ့်မယ် အားကြီးကြီး!" လင်ရှန်းက ထပြောလိုက်တယ်။ " ငါတော့ အဲလိုမထင်ပါဘူး။ အနီရောင်မီးစုန်းခန်းမက ဒီလောက်ကြောက်ခမန်းလိလိ ကြီးမားနေတာပဲ။ သူတို့က ဘာလို့ ကျောက်တုံးအကွဲစလေးကို လိုချင်နေရမှာလဲ။ သူတို့က ပျိုးထောင်ဖို့ လို....."


"ကျောက်တုံး ဟုတ်လား" လိန်ဖန်က သတိထားလိုက်မိသွားတယ်။ " ဘာကျောက်တုံးလဲ"


" အရှင်မင်းကြီးက ကျွန်မကို ချီးမြှင့်ထားတဲ့ ကောင်းကင်ဘုံကျောက်တုံးလေ၊ ပြီးခဲ့တဲ့မင်းဆက်က မင်းကြီးကိုယ်တော်လက်ရေးနဲ့ ကိုယ်တိုင်ရေးသားထားတဲ့ စာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျောက်တုံးကွဲစ တစ်တုံးပဲကို........" လင်ရှန်းက သည်းညူလိုက်တယ်။ 


လိန်ဖန်၏မျက်နှာက ဖျတ်ခနဲလင်းလက်သွားတော့သည်။ သူက ချက်ချင်းပင် သက်သာရာရသွားသလို ထင်လိုက်ရသည်။ သူက လင်ရှန်း၏လက်ကို ဆွဲလိုက်ကာ ပြောလိုက်တယ်.- " သွားကြစို့! ကောင်းကင်ဘုံကျောက်တုံးကို ကြည့်ဖို့ ကိုယ့်ကို ခေါ်သွားပေး"


လိန်ဖန်ကလဲ ကျောက်တုံးကို စိတ်ဝင်စားနေလိမ့်မယ်လို့ လင်ရှန်းလည်း မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း သူ စိတ်ဝင်တစားဖြစ်နေတာကို တွေ့ရတော့ သူမလဲ သူ့ရဲ့စိတ်ကို မနှောက်ယှက်ချင်တော့ပေ။ ထို့ကြောင့် သူမက ကောင်းကင်ဘုံကျောက်တုံးကို ကြည့်ဖို့ သူ့ကိုခေါ်သွားပေးရန် ကတိပေးလိုက်တော့သည်။


ဟယ်လောင်စန်းကတော့ ကျောက်တုံးတစ်တုံးကို ရှာရှာဖွေဖွေလုပ်ဖို့ရာ လုံးဝစိတ်ဝင်စားမှုမရှိပေ။ သူက ချက်ချင်းပင် စိတ်ဝင်စားမှုမရှိတော့ဘဲ တော်ဝင်နန်းတွင်းကလူတွေရန်က လွတ်အောင်ပုန်းအောင်းဖို့ တစ်နေရာရာကို ခေါ်သွားဖို့ရန်သာ အဆိုပြုလိုက်သည်။ တုမင်ယွဲ့အား ရှာတွေ့သွားမှာကိုတော့ သူမလိုချင်ပေ။


ထို့ကြောင့် သူတို့တွေက သဘာဝလွန် သူရသတ္တိငှက်ဆေးသမားတော်၏ အိမ်ဂေဟာမှ ထွက်ခွာရန်သွားလိုက်ကြတော့သည်။ ဒါပေမယ့် ရုတ်တရက်ပင် တုမင်ယွဲ့တစ်ယောက် ပစ်လဲကျသွားတော့လေသည်။


တုမင်ယွဲ့တစ်ယောက် လဲကျသွားသည့်အခိုက်တွင် ဟယ်လောင်စန်းတစ်ယောက် စိုးရိမ်တကြီးဖြစ်သွားက သူ့မျက်နှာ အနီရောင်ပြောင်းလဲသွားပြီး လည်ပင်းပင်ရှည်ထွက်သွားတော့သည်။ သူက လင်ရှန်းကို လက်ညိုးဖြင့်ထိုးကာ ရစ်ငှက်သားဖြင့် တုမင်ယွဲ့အား အဆိပ်ခတ်ထားသည်ဆိုကာ သရိုးစွပ်စွဲလိုက်တော့သည်။ 


လင်ရှန်းက ပြန်လည်ချေပလိုက်ကာ- " ရှင်လည်း ကျွန်မရစ်ငှက်သားကို စားခဲ့တာပဲလေ၊ အခုမှ လာပြီးစွပ်စွပ်စွဲစွဲ လုပ်မနေနဲ့၊ ဟုတ်သား ရှင်ကတောင် သူမထက်ပိုစားခဲ့သေးတာပဲ၊ ရှင်ကျတော့ အကောင်းကြီးပဲကို!" 


"အမ်...." ဟယ်လောင်စန်းက ဘာပြန်ပြောရမှန်းမသိတော့ချေ။ သူက သူ့ရဲ့ခေါင်းကို ကုတ်လိုက်ကာ ပြန်စဉ်းစားလိုက်သည်။ တုမင်ယွဲ့က ပျို့တက်လာကာ ပိုလို့တောင်မှ အော့အန်နေတော့သည်။


ဟယ်လောင်စန်းလဲ ကြောက်လန့်သွားကာ သမားတော်နှစ်ဦးကိုရှာရန် ပြေးထွက်သွားလိုက်သည်။ တုမင်ယွဲ့၏သွေးကြောကို စမ်းသပ်ပြီးနောက်တွင် သမားတော်အမျိုးသမီးကြီးမှ ချက်ချင်းပြုံးလိုက်သည်- " လူငယ်လေး၊ မင်းကတော့လေ မင်းရဲ့တာဝန်ကို ကောင်းကောင်းမလုပ်ဖူးပဲကိုး၊ မင်းမိန်းမမှာ ကိုယ်ဝန်ရှိနေတာတောင်မှ မင်းမသိဘူးလား"


'ဘာပြောလိုက်တယ်။ ဟယ်လောင်စန်း၏မျက်လုံးများက ပေါက်ထွက်မတတ်ပင် ပြူးထွက်သွားတော့သည်။ ပြီးနောက်ချက်ချင်းပင် အမည်းရောင်သစ်တောအုပ်ထဲသို့ အသံကျယ်ကြီးဖြင့် မြည်ဟီးသွားအောင် ဟစ်အော်လိုက်တော့သည်။ " ငါ လူဆိုးသူခိုးတစ်ယောက်အနေနဲ့ နှစ်နှစ်ဆယ်ကျော်တဲ့အထိ နေလာခဲ့ပြီးမှ နောက်ဆုံးတော့ ငါက ကလေးအဖေတစ်ယောက် ဖြစ်ပြီတဲ့ဟေ့! ဟားဟားဟားဟား... !"


တုမင်ယွဲ့က အိပ်ရာပေါ်တွင် ချစ်ခြင်းအပြည့်ဖြင့် ပြုံးကာ လှဲနေတော့သည်။


လင်ရှန်းက တုမင်ယွဲ့၏ဒီလိုမျိုးပုံစံကို အရင်က သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူမအတွက် နားလည်နိုင်ရန် ခက်ခဲနေလေသည်။ သူမက တစ်ခုခုပြောလိုက်ချင်ပေမယ့် လိန်ဖန်က သူမအား အပြင်ဘက်သို့ဆွဲခေါ်ထုတ်လိုက်သည်။


" သူတို့တွေ ပျော်ပါစေဦး၊ သူတို့ကြားထဲမှာ သွားဝင်ရှုပ်မနေနဲ့တော့" လိန်ဖန်က အကြံပြုလိုက်သည်။


လင်ရှန်းက တဲအိမ်ဘက်သို့ မျက်နှာမူ၍ ကြည့်လိုက်ကာ - " အဲဒါက တော်တော်ထူးဆန်းတယ်လို့ ကျွန်မတွေ့လိုက်တယ်၊ ရှေ့လတွေကတောင်မှ တုမင်ယွဲ့က အလိုလိုက်ခံရတဲ့ အရမ်းဆိုးသွမ်းတဲ့ မင်းသမီးတစ်ပါးပဲ ရှိသေးတာလေ၊ အခုကျတော့ သူက ကလေးတစ်ယောက် အမေဖြစ်တော့မှာတဲ့လား။ ရှင် သူ့ရဲ့ အမူအရာကို တွေ့လိုက်တယ်မို့လားဟင်။ သူ..သူက လုံးဝကို ခြားနားသွားတဲ့လူတစ်ယောက်လိုပဲနော်...."


လိန်ဖန်က ဒီအခြေအနေအား အခွင့်အရေးကောင်းကောင်းယူလိုက်လိုက်ကာ လင်ရှန်းအား သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီး သူမ၏နံဖူးလေးကို နမ်းရှုတ်လိုက်သည်- " အရှုးမလေး ... လူတွေက ပြောင်းလဲတတ်တာပဲကို"


'ပြောင်းလဲတာလား။ လင်ရှန်းက အံအားသင့်လို့သွားသည်။ ရုတ်တရက်ကြီး ကံတရားဆိုတာ အရမ်းအံဩစရာကောင်းမှန်း သူမခံစားလိုက်ရသည်။ အဲဒါက ဆိုးသွမ်းလွန်းတဲ့ မင်းသမီးတစ်ပါးကိုတောင်မှ ဇနီးကောင်းတစ်ယောက်နှင့် မိခင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲပစ်လိုက်နိုင်တာပဲဖြစ်သည်။


" ငါတို့တွေ ကလေးရှိတဲ့အခါကျရင်လဲ မင်းလည်း ပြောင်းလဲမသွားမှသာ ထူးဆန်းနေမှာ" လိန်ဖန်က သူမနံဖူးပေါ်က ဆံနွယ်လေးကိုသပ်လိုက်ကာပြောလိုက်လေတယ်။ သူ့အသံကတော့ နူးညံ့သိမ်မွေ့လွန်းလှစွာ ပြောင်းလဲသွားလေသည်။


'သူ...သူ.. ကလေးတွေလို့ သူပြောလိုက်တာလား။ လင်ရှန်းက အချိုတကာ့အချိုမြိန်ဆုံး ဖီးတက်သွားတော့သည်။ 


တကယ်လို့ ငါ့မှာသာ လိန်ဖန်နဲ့ကလေးတွေ ရှိလာခဲ့ရင် တော်တော်ပျော်ဖို့ကောင်းမှာဘဲ.. ဒါပေမယ့် လျင်မြန်စွာနဲ့ပင် သူမကိုယ်ထဲက အဆိပ်ကိုပြန်သတိရသွားကာ စိတ်ဓာတ်ပြန်ကျသွားတော့သည်။ သူမ ပါးစပ်ကိုဖွင့်လိုက်ကာ တစ်ခုခုကိုပြောဖို့ကြံရွယ်လိုက်ပေမယ့် သူမ တွန့်ဆုတ်သွားတော့သည်။


လိန်ဖန်က သူမအား အခွင့်အရေးမပေးတော့ဘဲ သူမနှုတ်ခမ်းသားပေါ်သို့ စီးပိတ်လိုက်ကာ- " မင်းသမီးကို နှုတ်ဆက်ပြီးတော့ ကိုယ်တို့သွားကြရအောင်"


Tobe continued......