အပိုင်း ၃၅
Viewers 16k

Chapter 35

အလိုလိုက်အကြိုက်ဆောင်ပေးတဲ့ ဘောစိကြီး


မူရွှမ် ထိုကြော်ငြာများကြောင့် စိတ်မပျော်တော့ပေ။ သူမျက်နှာ အမူအယာက အေးစက်နေဆဲဖြစ်သော်ငြားလည်း ယောင်စစ် သူ့ပတ်ပတ်လည်မှ ဖိနှိပ်လိုသော အော်ရာများကို ခံစား၍ရနေလေသည်။


သူ နှစ်တစ်ရာကျော် ဆောင်းခို(အိပ်စက်) ခဲ့ရာမှ နိုးထလာသောအခါ သူမကိုသင်ကြားပေးနေရ၍ အနီရောင်ဂြိုလ်မှ လုံးဝထွက်ခွင့်မရခဲ့ချေ။ ထို့ကြောင့် ဂြိုလ်အပြင်ရှိ ကြော်ငြာများစွာက သူ့နာမည်ကို အလွဲသုံးစားလုပ်နေကြကြောင်း မေ့နေခြင်းဖြစ်မည်။

အရပ်ရှည်ဆေး၊ အလှကုန်၊ သိုလှောင်အိတ်ခလုတ်အပြင် ယခုဆိုလျှင် အိမ်ထောင်ရေးအေဂျင်စီပင်ရှိနေပြီ ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူက ထိုကြော်ငြာများမှ တပြားမှရမနေခြင်းပင်ဖြစ်သည်။


╮(╯_╰)╭


ယောင်စစ် မူရွှမ်အတွက် ကြော်ငြာခများကို လိုက်ကောက်ပေးချင်သွားသည်။


"ဒါကိုကြိုက်လို့လား..."

မူရွှမ် ယောင်စစ်၏ကြောင်တက်တက် အမူအယာကိုကြည့်ပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သော ပန်းပွင့်ကြော်ငြာကိုကြည့်လိုက်ပြီး ဆက်ပြောလာသည်။

"အဲ့တာဆိုလည်း တစ်ချက်လောက်သွားကြည့်ကြတာပေါ့..."


"အာ.."

သူမက ထိုကြော်ငြာကြောင့် ထိတ်လန့်ကာ တောင့်ခဲနေခြင်းသာဖြစ်သည်။


မူရွှမ် သူမလက်ကိုကိုင်ကာ လမ်း၏ညာလက်ကို ခေါ်ဆောင်သွားသည်။ ၎င်းသည် အပြာရောင်ဂြိုလ်ပေါ်ရှိ ဈေးလမ်းများနှင့် မတူညီစွာ ဗိသုကာအဆောက်အအုံများရှိမနေပဲ အလင်းမျက်နှာပြင်အတန်းလိုက်ကြီးသာရှိနေသည်။ သူတို့ဦးတည်သွားနေသည့် မျက်နှာပြင်ပေါ်တွင် 'သိုလှောင်နေရာလွတ်'ဟူ၍ ရိုးရိုးရှင်းရှင်းနှင့် စာလုံးခပ်ကြီးကြီးနှစ်လုံးကိုသာ ရေးသားထားသည်။


နေရာလွတ်... အဲ့တာက နေရာလွတ်ခလုတ်ကိုပြောတာလား...

အမှန်အတိုင်းဝန်ခံရလျှင် သူမအတော်လေးသိချင်နေပြီး သူမခန့်မှန်းတာမှန်လားဟု သိချင်နေသည်။


ယောင်စစ် သူမဘယ်ဆိုင်ကို သွားရမလဲဟု စိတ်ရှုပ်နေစဉ် မူရွှမ်က သူမကို ဆိုင်တစ်ခုထဲခေါ်သွားသည်။ သူတို့ခြေထောက်အောက်ရှိ ကြမ်းပြင် တောက်ပလာပြီး စတုရန်းမီတာဝက်မျှရှိသည့်နေရာတစ်ခုစာမျှကို အလင်းများပတ်ပတ်လည်ဖုံးလွှမ်းသွားကာ သူတို့ကို အပေါ်သို့အရှိန်နှုန်းမြင့်မြင့်ဖြင့် ပို့ပေးလိုက်သည်။


ဝှား... ဒါက စကြဝဠာခေတ်ရဲ့ ဓာတ်လှေကားပေါ့လေ...

ယောင်စစ် ပတ်ပတ်လည်ကို စိတ်ဝင်တစားလိုက်ကြည့်နေသည်။ သူတို့နှစ်ယောက်လို အပေါ်သို့တက်နေသော လူအချို့လည်းရှိနေသေးသည်။ တစ်မိနစ်အတွင်း သူတို့နှစ်ယောက် ထူထဲသိပ်သည်းနေသော တိမ်များထဲဝင်ရောက်သွားကာ မြူခိုးထူထူတို့ သူမကိုဝန်းရံနေသည်ကိုပင် ခံစားနေရသည်။ တိမ်လုံးထူထူထဲတွင် တစ်မိနစ်မျှနစ်မြှုပ်ပြီးထွက်လာချိန်တွင် မျက်စိကျိန်းလုမတတ် မြင်ကွင်းများကို တွေ့လိုက်ရသည်။


ယောင်စစ်တစ်ခါမျှ မမြင်ဖူးခဲ့သော အဆောက်အအုံများစွာကို မြင်လိုက်ရပြီး တစ်ချို့ကရှည်လျားကာ၊ တစ်ချို့ကို သလင်းကျောက်တို့ဖြင့် ဆောက်လုပ်ထားပြီး အခြားအဆောက်အအုံများကို ထူးဆန်းသည့် ပုံသဏ္ဍာန်တို့ဖြင့် ဆောက်လုပ်ထားသည်။ အပြာရောင်ဂြိုလ်၏ လွှမ်းမိုးခြင်းခံထားရသော သွေးစုပ်ဖုတ်ကောင်များ၏ အဆောက်အအုံများနှင့် ယှဉ်လျှင် ဤနေရာရှိအဆောက်အအုံများက သမားရိုးကျပုံစံများမှ ခွဲထွက်ကာအလွန်ဆန်းကျယ်နေကြသည်။ ဤနေရာရှိ ဒီဇိုင်းသွင်ပြင်တို့က သူမတစ်ခါမျှမမြင်ဖူးခဲ့သော ဒီဇိုင်းတို့ဖြစ်နေကြသည်။ ယောင်စစ် တစ်ယောက် သူမကိုယ်သူမ နတ်သမီးပုံပြင်ထဲ ရောက်သွားသည်ဟုပင် ခံစားလိုက်ရသည်။


သူမခြေထောက်အောက်ရှိ အလင်းက သူမကို မြင့်မားလှသည့် နန်းတော်ကြီးကို ခေါ်ဆောင်ပေးသွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ အခြားအဆောက်အအုံများနှင့်မတူညီစွာ ထိုအဆောက်အအုံက ပိုမို ခမ်းနားထည်ဝါကာ‌ ရှေးဟောင်းဆန်ပြီး ဇိမ်ခံပစ္စည်း အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ 


မူရွှမ် သူမလက်တစ်ဖက်ကိုကိုင်ကာ သူမကို အဆောက်အအုံထဲ ခေါ်သွားခဲ့သည်။ သူတို့ဝင်လိုက်သည်နှင့် မြင်ကွင်းက တစ်မျိုးတစ်ဖုံပြောင်းလဲသွားကာ ပတ်ပတ်လည်တွင် ပန်းခင်းများနှင့် မြက်ခင်းပြင်များလွှမ်းခြုံသွားလေသည်။ ပတ်ပတ်လည်တွင် ငွားငွားစွင့်စွင့် ပွင့်နေကြသော ပန်းပွင့်တို့ရှိနေပြီး သူတို့နှစ်ယောက် ဈေးဆိုင်ထဲသို့ရောက်သွားသည်နှင့် မတူပဲ ရုက္ခဗေဒဥယျာဉ်တစ်ခုထဲရောက်သွားသည်နှင့်ပင် တူနေသည်။


ယောင်စစ် ပထမဆုံးတွေးမိသည်မှာ...

ဟမ်း.... ဒီဆိုင်တော့ ပြုပြင်ထိန်းသိမ်းခ အတော်လေးကုန်မယ့်ပုံပဲ...


"ကြိုဆိုပါတယ်..."

သူတို့ ဘေးဘက်ရှိ အမျိုးသမီးတစ်ယောက်က နှုတ်ဆက်လာသည်။ သူမက လူသားအသွင်ရှိနေသော်လည်း သူမနောက်တွင် နှင်းကဲ့သို့ဖြူဖွေးနေသည့်အမြှီးကိုးချောင်းရှိနေကာ ခေါင်းပေါ်တွင်လည်း အမွှေးဖွာဖွာနားရွက်လေးတစ်စုံရှိနေသည်။ သူမ၏အသွင်သဏ္ဍာန်က ယောင်စစ်ကို အမြှီးကိုးချောင်းမြေခွေးကိုပင် သတိရသွားစေသည်။

"ကျွန်မက ဧည့်သည်တော်တို့ကို ဝန်ဆောင်မှုပေးမယ့် ရှောင်လင်ပါ... ဝန်ဆောင်မှုပေးခွင့်ရတာ ပျော်ရွှင်မိပါတယ်... ဘာများအလိုရှိပါသလဲ သိုလှောင်ပစ္စည်းလာရှာတာဆိုရင်တော့ စက်ပစ္စည်းနဲ့ ဇီဝဆိုင်ရာဆိုပြီး နှစ်မျိုးရှိပါတယ်..."


အယ် ဘာတွေပြောနေတာလဲ...

ယောင်စစ် မူရွှမ်ကို ကြောင်တောင်တောင်လေး ကြည့်လိုက်သည်။


"သိုလှောင်ပစ္စည်း..."

သူက သူမအစားဖြေပေးလိုက်သည်။


"ရပါတယ်ရှင့်..."

အရောင်းဝန်ထမ်းအမျိုးသမီးက အပြုံးလေးဖြင့် ခေါင်းငြိမ့်ပြကာ ဘေးဘက်ရှိ ပန်းခြုံလေးတစ်ခုအနား ညွှန်ပြလိုက်သည်။

"ဒီလမ်းအတိုင်း လိုက်ခဲ့ပေးပါ..."


မူရွှမ် ယောင်စစ်လက်ကိုကိုင်ထားပြီး အရောင်းဝန်ထမ်းနောက်မှ လိုက်ခဲ့သည်။ ပန်းပွင့်များက အမိန့်ရလိုက်သလို ဘေးဘက်သို့ရှောင်ပေးလိုက်ကြပြီး အဖြူရောင်လမ်းသွယ်လေးတစ်ခုပေါ်လာစေသည်။ ထူးဆန်းသည့်အရာမှာ ပန်းပွင့်များထွက်သွားချိန်တွင် အောက်၌ မြေကြီးတစ်မှုန်မျှ ကျန်ရှိမနေခြင်းဖြစ်သည်။


ပန်းပွင့်များတွင်ပင် ကိုယ်ပိုင်အသိစိတ်ရှိနေ၍ ယောင်စစ်တစ်ယောက် အတော်လေးစပ်စုချင်လာသည်။ သို့သော် ချွီဇယ်ထံမှ တစ်ကြိမ်လှည့်စားခံရပြီးဖြစ်၍ ထိုပန်းများက အစစ်အမှန်ဟုတ်သည်လား မသေချာ၍ သိချင်စိတ်ဖြင့် အနီရောင်ပန်းပွင့်လေးတစ်ပွင့်ကို အသာယာ ထိကိုင်လိုက်သည်။


ရုတ်တရက် အော်သံတစ်ခုကလေထုကိုခွင်း၍ ထွက်ပေါ်လာကာ ယောင်စစ်ကို ကြောင်အသွားစေသည်။


"အိုင်းယား... နာတယ်ဟ..."


ငွားငွားစွင့်စွင့်ပွင့်လန်းနေကြသော ပန်းပွင့်များက အော်သံထွက်လာသည့်နေရာကို လှည့်ကြည့်လာကြသည်မှာ 'ဘာဖြစ်တာလဲ'သိချင်၍ ဝိုင်းအုံကြည့်လာကြသော လူအုပ်ကြီးနှင့်တူနေသည်။


ယောင်စစ် ပန်းပွင့်များကို ကြောင်ကြည့်နေသည်။


မူရွှမ်ကလည်း သူမကို လှည့်ကြည့်လာသည်။


ကြောက်မက်ဖွယ်တိတ်ဆိတ်မှုကြီး ကြီးစိုးသွားတော့သည်။


○| ̄|_


ပန်းပွင့်တွေကစကားပြောနိုင်တယ်လား... သူတို့က ဆိုင်အကူတွေဖြစ်ပြီး အလှဆင်ပစ္စည်းတွေ မဟုတ်ဘူးပေါ့လေ... ဒါပေမယ့် သူမ အဲ့လိုမျိုးနွယ်ရှိကြောင်း မဖတ်ဖူးပါဘူး...


"မမလေးက တီးတိုးပန်းပွင့်လေးတွေကိုကြိုက်တဲ့ပုံပဲ..."

ကျွမ်းကျင်သော အရောင်းဝန်ထမ်းတစ်ဦး အနေဖြင့် စကားစမြန်မြန်ရှာလိုက်ပြီး တင်းမာနေသော လေထုကို ဖြိုခွဲပေးသွားသည်။

"တီးတိုးပန်းပွင့်လေးတွေက အထိမခံနိုင်ကြဘူးလေ... တစ်ယောက်ယောက်က သူတို့ကို ခပ်ဖွဖွလေးထိရင်တောင် အကျယ်ကြီးအော်ကြလေ့ရှိတယ်... မမလေးက ဒီပန်းလေးတွေ ကြိုက်တယ်ဆိုမှတော့ ကျွန်မလက်ဆောင်ပေးလိုက်ပါ့မယ်..."


"ဟီးဟီးဟီး... ကျေး... ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် မယူတော့ပါဘူး..."

အဲ့တော့ ဒီပန်းတွေက ဆိုင်ရဲ့ အချက်ပေးစနစ်ပေါ့လေ... တအားရှက်ဖို့ကောင်းတာပဲ... ကံကောင်းလို့ ထိရုံထိမိလိုက်လို့ပေါ့... ဗဟုသုတမရှိတာ လူကိုတကယ်သတ်နိုင်တာပဲ...


ထိုအချိန်မှစ၍ ယောင်စစ်တစ်ယောက် ကိုယ့်လက်ကိုယ်ထိန်းကာ မူရွှမ်လက်ကိုသာ တင်းတင်း ကိုင်ထားပြီး ဆိုင်ထဲဝင်သွားလိုက်သည်။ အရောင်းဝန်ထမ်းက သူတို့ကို ရေကန်တစ်ခုဆီခေါ်သွားပြီး တစ်စုံတစ်ခုကို ဖွင့်လိုက်ဟန်ဖြင့် ရေကန်ကို ခပ်ဖွဖွထိလိုက်သည်။ ခဏအကြာတွင် ကန်ထဲရှိရေများ မြင့်တက်လာကာ သူတို့ရှေ့တွင် စခရင်တစ်ခုထွက်ပေါ်လာသည်။ လေပူဖောင်းတို့ ထောင်းထောင်းထ၍ ပြန်ကြည်လင်သွားချိန်တွင် ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။


အရောင်းဝန်ထမ်းက ထိုစခရင်ပေါ်မှ ပစ္စည်းမျိုးစုံ၏ အသုံးပြုပုံနှင့် အသုံးဝင်ပုံကို ချက်ကျလက်ကျရှင်းပြလေတော့သည်။ သူမရှင်းပြ၍ ပြီးသွားသောအခါ သူတို့နှစ်ယောက်ဘက် လှည့်၍ မေးလာသည်။

"ဆိုင်မှာ သိုလှောင်ပစ္စည်းတွေမျိုးစုံရှိပါတယ်... ဇီဝဆိုင်ရာနဲ့ ဇီဝဆိုင်ရာမဟုတ်တာတွေရှိပါတယ်... ဘယ်တစ်မျိုးကိုလိုချင်ပါသလဲရှင့်..."


ယောင်စစ် မူရွှမ်ကိုသာ လှည့်ကြည့်လိုက်သည်။ သူမသိုလှောင်ပစ္စည်းများအကြောင်း ဘာမှမသိပေ။ သူမ သိသည့် တစ်ခုတည်းသောအရာမှာ မူကြိုတွင်တွေ့ခဲ့သည့် ဝတုတ်လေးတွင် သိုလှောင်ခလုတ်ရှိနေခြင်းသာဖြစ်သည်။


"ဇီဝဆိုင်ရာနေရာလွတ်..."

မူရွှမ် သူမအစား ထပ်ဖြေပေးပြန်သည်။


"ရတာပေါ့..."

ဆိုင်အကူက ထိုအဖြေကိုကျေနပ်ဟန်ဖြင့် တောက်ပနေသော အပြုံးလေးတစ်ခု ပြုံးပြလာသည်။

"လူကြီးမင်းက သပ်သပ်ပစ္စည်းအဖြစ်လိုချင်တာလား... ကွန်ပျူတာလက်ပတ်ထဲ ထည့်ချင်တာလား... ဒါမှမဟုတ် လူကိုယ်တိုင် တိုက်ရိုက်ဝင်လို့ရတာမျိုးလိုချင်တာလားရှင့်.."


မူရွှမ် တုံ့ဆိုင်းသွားကာ ပြန်ဖြေလိုက်မည့်အစား ယောင်စစ်ကို လှည့်ကြည့်လိုက်သည်။

"မင်း ဘယ်ဟာကိုပိုသဘောကျလဲ...


"အာ..."

ယောင်စစ် အံ့ဩသွားသည်။


"ပစ္စည်းအဖြစ်သပ်သပ်ယူမလား ကွန်ပျူတာလက်ပတ်ထဲထည့်မလား..."

သူမ၏ ဗဟုသုတညံ့ဖျင်းမှုကို သိနေသဖြင့် ရိုးရိုးရှင်းရှင်း တိုက်ရိုက်သာရှင်းပြလာသည်။


အော်... အဲ့ဒီ့လုပ်ဆောင်ချက်ကို ကွန်ပျူတာလက်ပတ်ထဲထည့်လို့လည်းရတာကိုး...


"ကွန်ပျူတာလက်ပတ်ထဲ..."

အဲ့တာဆို ထုတ်ရသွင်းရ သုံးရပိုလွယ်သွားတာပေါ့...


"အမ်း.."

မူရွှမ် ပြန်ပြောလိုက်ကာ အရောင်းဝန်ထမ်းကို လှည့်ကြည့်လိုက်သည်။

"ကွန်ပျူတာလက်ပတ်ထဲပဲ ထည့်ပေးလိုက်ပါ... ပိုပြီးအဆင့်မြင့်တာလေး ထည့်ပေးလိုက်ပါ..."


"ဟုတ်ကဲ့ပါ..."

အရောင်းဝန်ထမ်းအမျိုးသမီးက မူရွှမ်လို ဘောစိဈေးဝယ်သူတစ်ဦးကို ပထမဆုံးမြင်ဖူးသည့်နှယ် အပြုံးကြီးကြီးပြုံးပြလာသည်။ သူမ စခရင်ကိုထိလိုက်သောအခါ ပေါလောပေါနေသော သေတ္တာလေးတစ်ခုထွက်ပေါ်လာသည်။ သူမထို သေတ္တာလေးကိုထိလိုက်ပြီး ဦးညွတ်လိုက်သည်။

"လူကြီးမင်းမှာ အမြင်ကောင်းလေးရှိတာပဲ... ဒါက သိုလှောင်ပစ္စည်းတွေထဲမှာ နာမည်အကြီးဆုံးဒီဇိုင်းလေးပဲ... သေးငယ်ပြီး သုံးရတာ သက်တောင့်သက်သာရှိလို့ အမျိုးသမီးတွေနဲ့အသင့်တော်ဆုံးပါ..."

သူမ သေတ္တာလေးကိုထိလိုက်သောအခါ နံပါတ်တန်းတစ်ခုထွက်ပေါ်လာသည်။ ထိုနံပါတ်အတန်းလိုက်က ဈေးနှုန်းဖြစ်ရပေမည်။

"လူကြီးမင်းက ဘယ်ငွေကြေးနဲ့ပေးချချင်ပါသလဲ..."


"စကြဝဠာသုံးငွေကြေး..."


"ရပါတယ်ရှင့်..."


ယောင်စစ် ဈေးနှုန်းကို မကြည့်ရသေးမီ မူရွှမ်က 'ဒီပမာဏကလောက်ကတော့ ဘာမှမဟုတ်ဘူး' ဟူသောပုံဖြင့် သူ၏ကွန်ပျူတာလက်ပတ်ကို ဝေ့ယမ်း၍ ငွေချေလိုက်သည်။


ယောင်စစ် ရုတ်တရက်ကြီး နောက်ခံအင်အားတောင့်ပြီး ချမ်းသာတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကိုနားလည်လိုက်သည်။

ချမ်းသာတဲ့ အသိုင်းအဝိုင်းရှိတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ... ဘာမှကိုစိတ်ပူစရာမလို...


တုန်ခါနေသောအသံတစ်ခုထွက်လာကာ အသိပေးချက်တစ်ခုထွက်ပေါ်လာသည်။


[သင့်ရဲ့အကောင့် အပိတ်ခံထားရပါတယ် ]


လူသုံးယောက်လုံး ထိုသတိပေးချက်ကို ကြောင်တောင်တောင်စိုက်ကြည့်လိုက်ကြသည်။