အပိုင်း(၉၁)
"ငါပြောနေတာက ငါ့ ယူဆချက်တစ်ခုအနေပဲ ရှိသေးတာပါ။ နင် ဒီလောက်အထိ ဆက်ဆက်ထိမခံဖြစ်စရာမလိုပါဘူး။" စုန့်လင်းဖန်က ပြောလိုက်သည်။
လင်ရှန်းတစ်ယောက် ဒေါသထွက်သွားကာ သူ့အား ကိုက်ပစ်ချင်သွားတော့သည်။ ဒါပေမယ့် လိန်ဖန်က သူမအား တားမြစ်လိုက်ခဲ့သည်။
"အစ်ကိုစုန့်" လိန်ဖန်မှ ပြောလိုက်သည်။ " အဲဒီအကြောင်းတွေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ.. ကျွန်တော်ကတော့ နန်းတွင်းနဲ့ လုံးဝပါဝင်ပတ်သတ်တော့မှာ မဟုတ်ဘူး။ အခုဆို မင်းသားကြီး အန္တရာယ်အတွက် နောက်ထပ်စိုးရိမ်ဖို့မလိုတော့ဘူးဆိုတော့ ကျွန်တော့်တာဝန်က ပြီးမြောက်သွားပြီ။ အခုလောလောဆယ် ကျွန်တော်ရဲ့ တစ်ခုတည်းသောဆန္ဒက ကျွန်တော်ချစ်မြတ်နိုးတဲ့သူနဲ့ အတူတူရှိနေချင်တာပဲ။ နန်းတော်ရဲ့ အရှုပ်အထွေးကြားထဲကို ကျွန်တော်နောက်ထပ်ဝင်ပါမှာ မဟုတ်တော့ဘူး။ ဒီနေ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အိမ်မက်တစ်ခုအနေနဲ့ပဲ ထားလိုက်ရင်ကောင်းလိုက်မယ်။ ကျွန်တော်တို့ ဒီနေရာကို ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူး ပြီးတော့ လုံးဝကိုလဲ ပြန်မလာခဲ့ဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ကူညီပြီးတော့ ခင်ဗျားရဲ့မိဘတွေကိုပဲ ကောင်းကောင်းဂရုစိုက်ပေးပါ။ နှုတ်ဆက်ခဲ့ပါတယ်။"
ပြီးနောက် လင်ရှန်း၏လက်ကိုဆွဲကာ ထွက်သွားတော့သည်။
လင်ရှန်းက လိန်ဖန်၏စိတ်အခြေအနေ အလွန်ဆိုးရွားနေမှန်းကိုသိလိုက်ခဲ့သည်။ ဒါ့ကြောင့် သူမကို ဆွဲခေါ်ထုတ်လာတာကို ဘာတစ်ခွန်းမျှ ပြန်မပြောလိုက်ခဲ့ပေ။ ဒါပေမယ့် သူတို့ အိမ်တော်ထွက်ပေါက်ကို ရောက်သည့်အခါတွင် လင်ရှန်း မနေနိုင်တော့ဘဲ နှစ်သိမ့်ပေးလိုက်သည်။ " ကျွန်မ အစ်ကိုပြောတာကို နားမထောင်ပါနဲ့။ သူက အဲလိုပဲ သိက္ခာရှိတယ်လို့ထင်ရပေမယ့် သူက တော်တော်ပြဿနာရှာနိုင်တဲ့သူလေ။ သူ ကျွန်မတို့နှစ်ယောက်ကို အတူတူတွေ့လိုက်တော့ သူတမင်တကာ ရှင့်ကို ဒေါသထွက်သွားအောင် လုပ်ချင်တာ.......ဒီမှာ...အဲလောက်မြန်မြန်ကြီး မလျှောက်လိုက်နဲ့လေ... ကျွန်မ လိုက်မလျှောက်နိုင်တော့ဘူး။ ..ဒီမှာ...."
သူမ သတိမမူစွာနဲ့ ခလုတ်တိုက်လဲလုနီးပါးဖြစ်သွားခဲ့ပါတယ်။ ကံကောင်းစွာပဲ လိန်ဖန်၏လက်မောင်းတွေက သူမ လဲမကျသွားအောင်လို့ အမြန်ကူထိန်းပေးနိုင်လိုက်သည်။
"မင်း အဆင်ပြေရဲ့လား" သူ၏အမူအရာက အနည်းငယ်လေး ပြေလျော့သွားခဲ့သည်။
လင်ရှန်းက ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောလိုက်ကာ- "ရှင် ကျွန်မ အစ်ကိုကို ဒေါသထွက်သွားတာလား"
သူမက သူဒေါသထွက်သွားအောင်လုပ်မိမှာကို ဂရုစိုက်နေတာတွေ့လိုက်ရတော့ လိန်ဖန် သူ့ရဲ့အေးစက်စက်ဖြစ်တည်နေမှုကို အရှုံးပေးလိုက်၍ အားတင်းပြုံးလိုက်ကာ- " အရမ်းကြီး မတွေးပါနဲ့။ ကိုယ် မင်းအစ်ကိုနဲ့ ဘာမှ မလုပ်ပါဘူး"
လင်ရှန်း တောင့်ခနဲဖြစ်သွားခဲ့သည်။ သူမ အလျင်စလိုပြောချလိုက်သည်- " ရှင်ရော သူပြောတာ မှန်တယ်လို့ တကယ်တွေးထားတာလားဟင်" ခဏကြာပြီးနောက်မှ သူမ အဲလိုပြောလိုက်တာကို နောင်တရသွားကာ ထပ်ဖြည့်ပြောလိုက်တယ်- "ကျွန်မထင်တာတော့ သူပြောတာ ခန့်မှန်းရုံသက်သက်ပါပဲ။ တကယ်လို့များ အရှင်မင်းမြတ်က အဲလိုရက်စက်ကြမ်းကြုတ်မယ်ဆိုရင်တောင်မှ သူ့သားကိုတော့ သူအဲလို မလုပ်လောက်နိုင်ပါဘူး။ သွေးဆိုတာ ရေထက် ပျစ်တာပဲ မဟုတ်ဘူးလား......."
"သွေးဆိုတာ ရေထက်ပျစ်တယ် ဟုတ်လား" လိန်ဖန်က ခါးသီးစွာဖြင့် ပြန်ပြောလိုက်သည်။ " သူ မင်းသမီးနဲ့ မင်းအပေါ်ကို လုပ်လိုက်တာ တွေ့တယ်မဟုတ်လား။ ဒီတော့ သူက ရက်စက်တယ်လို့ မင်းပြောနိုင်ပါတယ်"
လင်ရှန်းလဲ ဘယ်လိုပြန်တုံ့ပြန်ရမှန်း မသိတော့ချေ။ သူမ ပါးစပ်ကိုဟလိုက်ပေမယ့် ဘာစကားမှ ထွက်မလာခဲ့ပေ။
ထိုအစား လိန်ဖန်က သူမအား ပြန်နှစ်သိမ့်လိုက်သည်။ " ကိုယ့်အတွက် မစိုးရိမ်ပါနဲ့။ ဒီလို ရလဒ်မျိုးထွက်လာမယ်ဆိုတာ ကိုယ် ကြိုပြီးတော့ ခန့်မှန်းမိပြီးသားပါ။ တော်ဝင်နန်းတော်ရပ်ဝန်းထဲမှာ အကြွင်းမဲ့ချစ်ခြင်းတရားဆိုတာမျိုးမရှိဘူး။ အဆုံးမဲ့ဩဇာအာဏာဆိုတာပဲရှိတာ။ ဖြစ်နိုင်တာကတော့... အရှင်မင်းမြတ်က မင်းအစ်ကို နဲ့ ဒီစကားတွေကို ငါ့ကိုလာပြောခိုင်းလိုက်တာပဲ......" လိန်ဖန် စကားပြောနေတုန်းတွင် သူ့အသံက ဂရုမစိုက်ဘူးလို့ထင်ရပေမယ့် သူ့မျက်လုံးထဲမှာတော့ အထီးကျန်မှုတွေကို မြင်နေရလေသည်။ လင်ရှန်း၏နှလုံးသား နာကျင်သွားရတော့သည်။
"ကျွန်မအစ်ကိုနဲ့ အရှင်မင်းမြတ်က ဒီလိုမျိုးဖြစ်အောင် စီစဉ်ထားတာလို့ ရှင်ပြောနေတာလား.. အဲဒါဆိုရင်တော့ ကျွန်မ ပြန်သွားပြီးတော့ သူနဲ့ရှင်းရလိမ့်မယ်"
လင်ရှန်း ပေါက်ကွဲသွားတော့သည်။ သူမ လှည့်ပြန်မလို့လုပ်လိုက်တော့ လိန်ဖန်က နောက်မှနေ၍ သူမအား လှမ်းဖက်ထားလိုက်ခဲ့သည်။
"မသွားပါနဲ့" သူ့နှုတ်ခမ်းသားတွေက သူမနားရွက်ဖျားပေါ်တွင် ရောက်ရှိနေလေသည်။ သူ့ အသံက အရမ်းညင်သာနှုးညံ့နေကာ သူမနှလုံးသားလေး ကွဲကြေသွားခဲ့ရသည်။ လင်ရှန်း မလှုပ်ရှားတော့ဘဲ အသက်ပြင်းပြင်းသာ ရှုရှိုက်လိုက်တော့သည်။
ညက အလွန်နက်လေပြီ။ လူအရိပ်အခြေလဲ တစ်ယောက်မျှမတွေ့ရတော့ချေ။ လရောင်ခြည်သာလျှင် သစ်ပင်၏အရွက်တွေပေါ်သို့ ဖျာကျနေလေသည်။ ထိုအလင်းရောင်က အရိပ်တွေကို ဖော်ထုတ်ပြသနေခဲ့သည်။
" မင်း ကိုယ့်ဘေးနားမှာ ရှိနေသရွေ့ ကိုယ် အခြားဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး...... မင်းကသာ ကိုယ့်လိုအပ်တဲ့တစ်ခုတည်းသောအရာပဲ......"
လင်ရှန်းတစ်ယောက် သူမနှလုံးသားက တဒုန်းဒုန်းခုန်ပေါက်မှုကြောင့် ရပ်တန့်သွားမတတ်လိုပင် ဖြစ်သွားရသည်။ ဒါက ဝန်ခံချက်တစ်ခုပဲလား.. သူက ငါရှိနေရုံနဲ့ သူ့မှာရှိတဲ့အရာမှန်သမျှကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေတာလား? သူက ငါနဲ့ ဆံဖြူသွားကျိုးတဲ့အထိ အတူနေသွားချင်တာလား.. သူမ အတွက် ဒီလိုလုပ်ပေးတဲ့ ယောက်ျားလေးတစ်ယောက်ရှိတယ်ဆိုတာကို ဘယ်သူကများ တွေးမိမှာတဲ့လဲ.. ဒီနေရာမှာ အခြားမေးခွန်းထုတ်စရာ ဘာရှိတော့မှာလဲ'
လင်ရှန်း နောက်ထပ်ဆက်တွေး မနေတော့ဘဲ နောက်ကိုပြန်လှည့်လိုက်ကာ သူမ၏နှုတ်ခမ်းသားနှင့် လိန်ဖန်အား ဖိကပ်လိုက်တော့သည်။
ဒီလိုရှည်လျားသည့် လမ်းကြားလေးပေါ်တွင် သစ်ပင်အိုကြီး၏အောက်မှာတော့ စုံတွဲတစ်တွဲက အနမ်းချင်းဖလှယ်နေကြလေသည်။ လမင်း၏လင်းရောင်ခြည်က သူတို့နှစ်ဦး၏အရိပ်တွေကို ဆန့်ထုတ်ပေးကာ သူတို့ရဲ့နှလုံးသားတွေလိုမျိုး သူတို့အပေါ်သို့ အတူတကွ တစ်ထပ်တည်းဖြာကျနေတော့သည်။
ခပ်လှမ်းလှမ်းတွင် ပုံရိပ်တစ်ခုက မတ်တပ်လျက်ရှိနေသည်။ သူ၏ရှည်လျားသော စိမ်းမြမြဝတ်ရုံတော်က သူ၏ဩဇာကြီးမားသည့် ကိုယ်ရောင်ကိုယ်ဝါကို မဖုံးလွှမ်းနိုင်ခဲ့ပေ။ သူ့ရဲ့သူငယ်အိမ်တွေက ကတ္တရာလိုမည်းမှောင်နေကာ ထိုအရာက လမင်းနှင့်ကြယ်တွေမရှိတဲ့ ပိတ်မှောင်သည့်ကောင်းကင်တစ်ခု ထင်ဟပ်နေခဲ့သည်။
" ဒါက အကြံကောင်းတစ်ခုဆိုတာ အရှင့်သား သေချာရဲ့လား" စုန့်လင်းဖန်က သစ်ပင်၏နောက်မှ ထွက်ပေါ်လာခဲ့သည်။ သူ့မျက်နှာပေါ်တွင် ကသိကအောက်ဖြစ်နေရသည့်အကြည့်တစ်ခု ရှိနေသည်။
တုဟောင် ပြန်မပြောလိုက်ခဲ့ချေ။ လင်ရှန်းနှင့်လိန်ဖန်ရှိရာဘက်သို့ ခဏမျှ ကြည့်ရှုပြီးသည့်နောက် သူ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်ခဲ့သည်။ " ဒါကပဲ အကောင်းဆုံးရလဒ် ဖြစ်မှာပါ......."
'ဘာကိုစွန့်ခွာပြီး ဘာကိုထားခဲ့သင့်သလဲ။ ဒီအာဏာကိုဆာလောင်မွတ်သိပ်နေတဲ့မြေက သူတို့အတွက်တော့ မသင့်တော်နိုင်ပေ။ သူ့အတွက်ကတော့လား..... တုဟောင်တစ်ယောက် သူကိုယ်သူ ပြန်ရယ်မောလိုက်ခဲ့သည်။ သူ ဒီနေရာကို ပိုင်ဆိုင်ခဲ့ပေသည်.....ပြီးတော့ ဒီနေရာကိုသာလျှင် ပိုင်ဆိုင်နိုင်လေသည်။'
.............
သူမ မိဘတွေ အဆင်ပြေတယ်ဆိုတာ သိလိုက်ရတော့ လင်ရှန်းလည်းသူမရင်ဘတ်ထဲက ကျောက်တုံးတစ်တုံးပြုတ်ကျသွားသလို ပေါ့ပါးသွားရတော့သည်။ တစ်ချိန်တည်းမှာပဲ သူမ၏ကိုယ်ပိုင်ပြဿနာကို စိုးရိမ်ဖို့ သူမမှာ အားအင်တွေရှိလာတော့သည်။ အခုလောလောဆယ်မှာတော့ ကောင်းကင်ဘုံကျောက်တုံးကိုယူဖို့ ရှောင်လုကို သူမသွားရှာရလေမည်။
အရိုးသားဆုံးပြောရရင်တော့ ကျီပိုင်ယုက ကောင်းကင်ဘုံကျောက်တုံးကို လိုချင်နေမှန်းတော့ သူမ သိသည်။ အဲဒီကျောက်တုံးက ရတနာသိုက်တစ်ခုလိုမျိုးတော့ ဖြစ်နိုင်လိမ့်မယ်လို့တော့ သူမ မတွေးတောမိခဲ့တာတော့ မဟုတ်ခဲ့ပေ။ ဒါပေမယ့် အချိန်အကြာကြီး လေ့လာသုံးသပ်ပြီးတဲ့နောက်မှာတော့ အဲဒါ အဖိုးမတန်တဲ့ ကျောက်တုံးအစုတ်အပဲ့တစ်တုံးလို့သာ သူမ ဆုံးဖြတ်ခဲ့တာပဲဖြစ်သည်။ တစ်ခုတည်းသော အဖိုးတန်တယ်လို့ တွေးရလောက်မည့်အရာကတော့ အရင်အင်ပါယာက ရေးသားခဲ့သည့် လက်ရေးစာသားပင်ဖြစ်သည်။ ဒါပေမယ့် လက်ရေးစာသားက ငွေတွေအများကြီးတန်မယ်ဆိုရင်တောင်မှ ထိုအရာက ရောင်းလို့မရနိုင်ပေ။ ကျီပိုင်ယုက ဘာလို့ အဲဒါကို လိုချင်နေရတာလဲ'
" ကျွန်မ ပြောဦးမယ်။ အဲဒီကျောက်တုံးမှာ ဘာမှကောင်းတာမရှိပါဘူး။ ကျွန်မ အဲဒါကို အနည်းဆုံး အခါတစ်ရာမကဘူး ကြည့်ပြီးသွားပြီ" လင်ရှန်းက လိန်ဖန်အား သတိပေးလိုက်သည်။
ဒါပေမယ့် လိန်ဖန်က တည်ငြိမ်စွာဖြင့်ပင်- " ကောင်းကင်ဘုံကျောက်တုံးက အသုံးဝင်ဝင် မဝင်ဝင် ကိစ္စမရှိပါဘူး။ ကျီပိုင်ယု အဲဒါကို လိုချင်နေမှတော့ အဲဒါ တန်ဖိုးတစ်ခုတော့ ရှိမှာပဲ။ ကိုယ်တို့ အဲဒါကို သုံးပြီးတော့ အဆိပ်ဖြေဆေးနဲ့ အလဲအလှယ်လုပ်ရမယ်။"
"ဟုတ်တယ်" လင်ရှန်းက သဘောပေါက်သွားလိုက်တယ်။ ဘာဖြစ်လို့ သူမ အဲဒါကို မတွေးမိလိုက်ရတာလဲ? ဒီကျောက်တုံးအစုတ်အပဲ့ကို သုံးပြီးတော့ အဆိပ်ဖြေဆေးနဲ့ လဲရမယ်! ကျီပိုင်ယု အဲဒါကို သည်းကြီးမဲကြီး လိုချင်နေကတည်းက သူ သေချာပေါက်ကို အလဲအလှယ်လုပ်ဖို့ ဆန္ဒရှိမှာပဲလေ!' ထိုသို့တွေးလိုက်ပြီးတော့ လင်ရှန်း မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကို တွေ့သွားတော့သည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် လိန်ဖန်ကိုခေါ်ဆောင်ကာ ရှောင်လုကို သွားရှာလိုက်တော့သည်။
မျှော်လင့်ထားသလိုပင် ရှောင်လုက သူမ၏အဘေးအဒေါ်ဖြစ်သူနှင့်အတူ ရှိနေဆဲပင်။ သူမ လင်ရှန်းကို မြင်လိုက်ရခိုက်တွင် သူမမျက်လုံးတွေက အနီရောင်ပြောင်းလာခဲ့ကာ- "မမလေး.... ဒီအစေခံက မမလေးကို နောက်ထပ်မတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ......" သူမ စတင်၍အော်ဟစ်ငိုကြွေးလိုက်တော့သည်။
တကယ်လို့ လင်ရှန်းက သူမရှေ့မှောက်မှာ ရပ်နေတာသာ မဟုတ်ဘူးဆိုရင်တော့ ရှောင်လုက ဈာပနပွဲတစ်ခုမှာ ငိုကြွေးနေတယ်လို့ သူမ ထင်လိုက်မိမှာပဲဖြစ်သည်။
" တော်တော့ မငိုနဲ့တော့။ ငါ အကောင်းကြီးပဲ! တွေ့လား" လင်ရှန်းက ချော့မြူလိုက်သည်။
ရှောင်လုက အငိုရပ်သွားပြီးတော့ သူမ၏နှပ်ချေးဖတ်တွေပေရေနေသည့် လက်ဖြင့် လင်ရှန်းမျက်နှာကို ထိလိုက်သည်။ ချက်ချင်းပင် သူမ သခင်ဖြစ်သူ အဆင်ပြေတယ်ဆိုတာ နားလည်သွားလိုက်ကာ လင်ရှန်းနောက်တွင် ရပ်နေသည့် ယောက်ျားတစ်ယောက်ကို သတိထားမိခဲ့သည်။ ထိုလူကတော့ မျက်နှာဖုံးတပ်ထားသည့် လိန်ဖန်ပင်။ သူမ ချက်ချင်းပင်နားလည်သွားလိုက်ကာ စပ်ဖြီးဖြီး ပြုံးလိုက်၍- "မမလေး... မမလေးက မမလေးရဲ့လူကို ခိုးပြေးလာတာပေါ့...ဟုတ်လား"
လင်ရှန်း၏မျက်နှာ အနီရောင်သို့ပြောင်းသွားကာ- " အဓိပ္ပာယ်မရှိတာတွေ! ငါတို့က ဒီနေရာကို အရေးကြီးကိစ္စနဲ့လာတာ။ ငါ နင့်ဆီမှာ ချန်ထားခဲ့တဲ့ ကောင်းကင်ဘုံကျောက်တုံးကို နင်မှတ်မိသေးလား။ အဲဒီဟာ ဒီမှာ ရှိသေးလား"
'ကောင်းကင်ဘုံကျောက်တုံးလား? ရှောင်လု သူမခေါင်းကို မော့လိုက်ကာ စဉ်းစားလိုက်၍- "ဪ... ကျွန်မရဲ့ အဘေးအဒေါ်က အဲဒါကို မြေအောက်ခန်းထဲမှာ အသီးအရွက်တွေထုခြေပြီး ဆားရည်စိမ်ဖို့ ထားထားတယ်!"
'ဝိုး... အရင်အင်ပါယာက ချန်ထားခဲ့တဲ့ ရတနာတစ်ခုက မြေတိုက်ခန်းထဲမှာ အရွက်တွေထုခြေပြီးဆားရည်စိမ်တာနဲ့ အဆုံးသတ်သွားတာပဲကိုး။ တကယ်လို့ ကောင်းကင်ဘုံကျောက်တုံးမှာသာ အသက်ရှိရင်တော့ သူ့ကိုယ်သူ အုတ်နံရံနဲ့တစ်စစီကွဲအောင်တိုက်ပြီးတော့ သေကြောင်းကြံနေလောက်ပြီပဲ။'
လင်ရှန်းက ရှောင်လုကို ပြောလိုက်တယ်။ " ငါ့ကို အဲဒီနေရာ ခေါ်သွားပေး!"
သူတို့တွေ မြေအောက်ခန်းထဲကို ဝင်လိုက်ပြီးတော့ နေရာတိုင်းတွင် ဟင်းရွက်အချဉ်အနံ့များရနေလေသည်။ သူမတို့မျှော်လင့်သလိုပင် ကောင်းကင်ဘုံကျောက်တုံးက တရုတ်ဂေါ်ဘီထုတ်ဆားရည်စိမ်ပုလင်းပေါ်တွင် ငြိမ်သက်စွာဖြင့် ဖိသိပ်နေလေသည်။
လင်ရှန်း ရေရွတ်လိုက်မိတော့သည်. 'အိုး ကျွတ်စ်ကျွတ်စ်... ဒီကျောက်တုံးတော့ ဒီလောက်အများကြီးတောင်မှ ဖြတ်ကျော်လာခဲ့ရတာပဲ။ ကျီပိုင်ယုက တကယ်ပဲ အဲဒီကျောက်တုံးက တန်ဖိုးရှိတယ်လို့ ယုံကြည်နေတာလား? ငါ ကြည့်ရုံနဲ့တင် ကျောက်တုံးပေါ်က ဆားရည်စိမ်နံ့တွေ ပျောက်အောင်လို့ ရေထဲမှာ တစ်ရက်လောက်စိမ်ထားရမယ့်ပုံပဲ။'
ထိုသို့တွေးနေရင်း ရှောင်လုက ကောင်းကင်ဘုံကျောက်တုံးအား သူမအတွက် အပြင်ဘက်သို့ ထုတ်ယူလာခဲ့ပြီးလေပြီ။ " ကြီးပွားချမ်းသာခြင်း၏ငြိမ်းချမ်းခြင်း" ဆိုသည့် လက်ရေးစာသားက ပုလင်းထဲမှာ အချိန်အကြာကြီးစိမ်လာရပြီးနောက်မှာ ပိုပြီးတော့တောင် စိတ်ကူးယာဉ်ဆန်လာသည့် ပုံပေါက်နေခဲ့သည်။
လင်ရှန်း နှာခေါင်းရှုံ့ရှုံ့ လုပ်လိုက်ပြီးတော့ လိန်ဖန်ကို မေးချင်နေခဲ့သည်။ 'ရှင် ဒီကျောက်တုံးကို က ဖြေဆေးနဲ့လဲလို့ရမယ်လို့ တကယ်ကြီးတွေးထားတာလား။ ဒါပေမယ့် လိန်ဖန်၏မျက်နှာအမူအရာ ပြောင်းလဲသွားတာကို သူမ သတိထားမိသွားခဲ့သည်။ သူ့မျက်လုံးတွေက ကောင်းကင်ဘုံကျောက်တုံးအား အကြည့်မလွှဲဘဲ စိုက်ကြည့်နေတာက တစ်ခုခုကို ရှာတွေ့သွားခဲ့သလိုမျိုးပင် ဖြစ်နေခဲ့သည်။
" ဒီစာလုံးတွေကို ကြည့်ပါဦး " သူ ပြောလိုက်တယ်။ " ကြည့်ရတာ မြေပုံတစ်ခုနဲ့ မတူဘူးလား"
............
End........