Chapter 92
Viewers 9k

အပိုင်း(၉၂)


လင်ရှန်း အသက်ရှူမှားမတတ်ဖြစ်သွားခဲ့သည်။ သူမ မျက်လုံးပွတ်လိုက်ပြီးတော့ အနားကပ်လိုက်၍ ကောင်းကင်ဘုံကျောက်တုံးအား လေ့လာကြည့်လိုက်သည်။ ဂေါ်ဘီထုပ်ဆားရည်စိမ်ထဲမှာ အကြာကြီးမြုတ်နေပြီးနောက်တွင် စာလုံးလေးလုံးက တကယ်ကိုပင် မြေပုံတစ်ခုလိုမျိုး ပေါ်ထွက်လာတာပဲ!


လျို့ဝှက်လိုဏ်ခေါင်းတစ်ခုများလား။ သူတို့နှစ်ယောက်သား အကြည့်ချင်းဆုံလိုက်ကြတော့သည်။ လင်ရှန်းက ပထမဆုံး စ၍ပြောလိုက်ခဲ့သည်။ "သူတို့ မကောင်းတဲ့အရာကို မလုပ်နိုင်အောင်လို့ ကျီပိုင်ယုကို မပေးခင် ကျွန်မတို့ အရင်ဆုံးသွားပြီးတော့ အဲဒီနေရာကို စစ်ဆေးသင့်တယ်။ ရှင်ရော ဘယ်လိုထင်လဲ"


ရှောင်လုမှ ဘေးကနေပြီးတော့ တွတ်ထိုးပြောလိုက်ခဲ့သည်။ " မမလေး... မမလေး က ရတနာတွေကို မမလေးအတွက် ရှာချင်နေတာ မဟုတ်ဘူးလား။ ဒါနဲ့များ သူတော်ကောင်းယောင်ဆောင်နေသေးတယ်နော်......"


လင်ရှန်း- "................."


လင်ရှန်းက အရမ်းစိတ်အားထက်သန်နေတော့ ရတာနာသိုက်နေရာကို အရင်သွားစစ်ဆေးရန် လိန်ဖန် ဆုံးဖြတ်လိုက်တော့သည်။ သူက လောဘကြီးတဲ့သူတစ်ယောက်မဟုတ်ပေမယ့်လည်း မြေပုံက အရင်အင်ပါရာရဲ့အမွေအနှစ်ဖြစ်တော့ ဒီအရာက အလွန်အဖိုးထိုက်တန်သည့်အရာတစ်ခု မဟုတ်ရင် တန်ဖိုးကြီးမားတဲ့ ပစ္စည်းဥစ္စာတွေပဲ ဖြစ်နိုင်ပေသည်။ တကယ်လို့ ကျီဟောင်လင်းက အဲဒါကိုသုံးပြီးတော့ အန္တရာယ်ပေးဖို့ တစ်ခုခုလုပ်ရင် သူတို့နှစ်ယောက်လုံး အလွန်ညံ့ရာကျပေလိမ့်မည်။


ထို့ကြောင့် သူတို့နှစ်ယောက်လဲ မြေပုံအတိုင်း လိုက်ရှာလိုက်ကြကာ တော်ဝင်နန်းမြို့တော်၏အရှေ့ဘက်အကျဆုံးပိုင်းက တောအုပ်ထဲကို လျင်မြန်စွာဖြင့် ရောက်ရှိသွားတော့သည်။


လင်ရှန်းက ဒီတောအုပ်နှင့် အတော်လေးကိုအရင်းတနှီးရှိလေသည်။ တစ်ချိန်တုန်းက မြင်းစီးအတတ်ပြိုင်ပွဲကို ဝင်ပြိုင်တုန်းက ဒီနေရာကိုရောက်ဖူးခဲ့သည်။ ဒီနေရာက တုဟောင်နှင့်သူမ ကျင်းတစ်ခုထဲသို့ ပြုတ်ကျခဲ့သည့်နေရာဖြစ်ပြီးတော့ သူမ အသက်သေလုနီးပါးတောင်ဖြစ်သွားခဲ့ရသည်။ ဒီနေရာကို ပြန်လာရလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူမက တူတူပဲလို့ထင်ရပေမယ့်လည်း သူမက အရင်ကစုန့်လောင် မဟုတ်တော့ပေ။ လင်ရှန်း အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် တောအုပ်ထဲသို့ ခြေလှမ်းပြန်ချလိုက်သည်။


သူမကိုင်ထားသည့်မြေပုံက မနေ့ညက ကောင်းကင်ဘုံကျောက်တုံးပေါ်မှ ကူးယူထားခဲ့တာဖြစ်သည်။ နှစ်တော်တော်ကြာသွားလို့ထင်သည်.. နေရာတော်တော်များများက ကြည့်ရတာ မတူတော့ဘူးလို့ ထင်နေရသည်။ မြေပုံထဲမှာပြထားတဲ့နေရာကိုရောက်ဖို့ သူတို့နှစ်ယောက် အချိန်အတော်ကြာသွားခဲ့ရသည်။ ထိုအချိန်တွင်တော့ နေမွန်းတည့်သွားခဲ့ပြီဖြစ်သည်။


လင်ရှန်း သူမအိတ်ထဲမှ စားစရာမုန့်တစ်ခုကိုယူလိုက်၍ တတိတိကိုက်ဝါးကာ သူမတို့ရောက်နေသည့် မြေနေရာပတ်လည်အား လေ့လာဆန်းစစ်လိုက်ခဲ့သည်။ ထိုအချိန်တွင်တော့ သူမ၏အခြေခံကျေးလက်ဓလေ့ရဲ့ အရေးပေါ်ဗဟုသုတက အသုံးချလို့ရလာခဲ့သည်။ သစ်ရွက်တွေနှင့်အကိုင်းအခက်တွေက ထူတပ်သိပ်သည်းနေလျှင် အဲဒီဘက်က တောင်ဘက်ဖြစ်သည်။ တကယ်လို့ သစ်ရွက်နှင့်အကိုင်းအခက်တွေက ကျဲပါးနေမယ်ဆိုရင် အဲဒီအရပ်က မြောက်ဘက်ဖြစ်ပေသည်။


သူမ တောင်နှင့်မြောက် တီးတိုးရေရွတ်နေပြီးတော့ လိန်ဖန် သူမဘေးနားကပ်ရောက်လာတာတောင် မသိလိုက်ခဲ့ပေ။


" မင်း ဘာတွေကြည့်နေတာလဲ" သူမေးလိုက်သည်။


"ကျွန်မ အရပ်လေးမျက်နှာကို ခွဲခြားဖို့လုပ်နေတာလေ" လင်ရှန်းမှ ပြန်‌ဖြေလိုက်သည်။ "ဒီသစ်ပင်တွေကို ကြည့်။ နေကို မျက်နှာမူနေတဲ့ ထူပိတ်နေတဲ့အပိုင်းဘက်က တောင်ဘက်ပဲ။ အဲဒါဆိုရင် အရှေ့အရပ်က ဒီဘက်ပဲ။ ကျွန်မတို့ အရှေ့အရပ်ကို ဦးတည်လိုက်ရင် လမ်းမှားမသွားမိတော့ဘူးပေါ့!"


" ကိုယ်ကြည့်လိုက်ဦးမယ်" လိန်ဖန်က သူမလက်ထဲမှ မြေပုံကို ယူလိုက်ပြီးတော့ သူ့မျက်ခုံးရိုးတွေက ချက်ချင်းပင် လေးကိုင်းသဖွယ်ကွေးညွတ်သွားတော့သည်။ 


" ဘာမှားနေလို့လဲ" လင်ရှန်းမှ အလောတကြီးတိုး၍မေးလိုက်တယ်။


"ဒါ..... တစ်ခုခုတော့ မှားနေပြီ" လိန်ဖန်က မြေပုံပေါ်မှ အစက်ပျောက်တစ်ခုကို ညွှန်ပြလိုက်သည်။ " ကြည့်လိုက်... ပုံမှန်အတိုင်းဆိုရင်....ကိုယ်တို့တွေ အရှေ့အရပ်ကိုရောက်နေမယ်ဆိုရင် ကုန်းမြင့်တစ်ခုပေါ်မှာ မြင်နေရမှာလေ ။ ဒါပေမယ့် ဒီမှာ ဘာမှ မရှိတာ။"


" ကျွန်မ ကြည့်လိုက်အုံးမယ်" လင်ရှန်း သိချင်သွားသည်။ သူမ မြေပုံနှင့် သူမတို့နေရာပတ်လည်ကို တိုက်ကြည့်လိုက်သည်။ တကယ်ပင် ထိုနေရာက မတူခဲ့ပေ။


"ဒါ တော်တော် ထူးဆန်းတယ်....." သူမ စိတ်ရှုတ်သွားသည်။ သူမတို့တွေ လမ်းမှန်ပေါ်မှာရှိရမှာ မို့ဘူးလား။ သူမတို့ အစတည်းက လမ်းမှားလာတာများလား။ လင်ရှန်း သူမကိုယ်သူမ ပြန်သံသယဝင်သွားသည့်အခိုက်တွင် လိန်ဖန်က ကြားဖြတ်ပြောလိုက်သည်။ " ဘာပဲဖြစ်ဖြစ်လေ.. ကိုယ်တို့ ဒီလောက်အဝေးကြီး လာပြီးသွားပြီပဲ။ ကိုယ်တို့ အရှေ့အရပ်ကိုဘဲ ဦးတည်လိုက်တော့မယ်။ ကိုယ်တို့ တစ်ခုခုတော့ ရှာတွေ့မှာပါ။"


"အင်း!" လင်ရှန်း လဲထောက်ခံလိုက်ပြီးတော့ အရှေ့အရပ်ကိုဘဲ ဆက်သွားလိုက်ခဲ့သည်။


သူတို့တွေ အရှေ့ဘက်စွန်းတောအုပ်ထဲကို နက်သထက်နက်ကာ သွားလိုက်ခဲ့သည်။၊ သူတို့ ပိုနက်နက်ဝင်သွားလိုက်‌ပေမယ့် သစ်ပင်တွေက ပိုပြီးထူတပ်သိပ်သည်းလာခဲ့သည်။ ဆက်လျှောက်သွားဖို့တောင် အနိုင်နိုင်ဖြစ်လာခဲ့ရသည်။ သူတို့နှစ်ယောက်သား လျှောက်လာလိုက်တာ အကြာကြီးကြာသွားပေမယ့် မြေပုံပေါ်မှာပြထားသည့် ကုန်းမြင့်ကို အခုထိကို မတွေ့ရသေးချေ။


အခုတော့ ကောင်းကင်ကြီး စတင်၍ မှောင်ရိပ်သန်းလာတော့သည်။ ကြီးမားသည့် မုန်တိုင်းကြီးတစ်လုံးက ချဉ်းကပ်လာသလိုပင်။ လင်ရှန်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီးတော့ စိုးရိမ်သွားခဲ့တယ်။ " မကြာခင် မိုးရွာတော့မယ်။ ကျွန်မတို့ လမ်းအမှားကြီးသွားမိသွားတယ်လို့ ရှင်မထင်ဘူးလား။ ကျွန်မတို့ မနက်ဖြန်မှ ပြန်လာရင်ကောင်းမလားဟင်"


လိန်ဖန်လဲ အရင်လို သိပ်ယုံကြည်မှုမရှိချင်တော့ပေ။ လင်ရှန်းပြောတာကို သူစဉ်းစားလိုက်ပြီးတော့ ခေါင်းညိတ်လိုက်သည်။ "ကောင်းသားပဲ။ ပြန်သွားပြီးတော့ ကောင်းကင်ဘုံကျောက်တုံးကို ပြန်ပြီးလေ့လာရမယ်။ ငါတို့တွေ တစ်ခုခုတော့ မှားနေပြီထင်တယ်။ ကိုယ်တို့တွေ မနက်ဖြန်မှပဲ ပြန်လာကြမယ်။"


လင်ရှန်းလဲ သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကာ- "ကျွန်မတို့တွေ အခုပဲသွားလိုက်ရင်ကောင်းမယ်။ ဒီနေရာမှာ မှောင်လာရင် ရှင် ဘာမှ မြင်ရမှာ မဟုတ်တော့ဘူး။ တကယ်လို့ ရှင်ဂရုမစိုက်မိဘူးဆိုရင် ရှင် ကျင်းတစ်ခုထဲကို ပြုတ်ကျလိမ့်မယ်။ အဲဒီတုန်းက ........အား !" သူမ ပြောလို့မဆုံးသေးခင်မှာပဲ လင်ရှန်း ခြေချော်သွားပြီးတော့ ယိမ်းယိုင်သွားခဲ့သည်။ လိန်ဖန်က သူမကို ထိန်းပေးဖို့ ကြိုးပမ်းလိုက်ပေမယ့်လည်း သူတို့နှစ်ယောက်လုံးအတူတူရော၍ ဟန်ချက်ပျက်သွားပြီးတော့ ကျင်းတစ်ခုထဲသို့ ပြုတ်ကျသွားတော့သည်။


ကောင်းကင်ကြီးက ချာချာလည်သွားပြီးနောက်တွင် လင်ရှန်း သူမ မျက်လုံးတွေကို ဖွင့်လိုက်သည်။ သူမ မနာကျင်အောင် လိန်ဖန်က သူမအား တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားကြောင်းကို သိလိုက်သည်။ ဒီလိုမျိုး အမြင့်တစ်ခုပြုတ်ကျသွားတာတောင်မှ သူမ ဘာမှမထိခိုက်ခဲ့ပေ။ ကံမကောင်းစွာဘဲ လိန်ဖန်၏မျက်နှာပေါ်တွင် ပြတ်ရှရာလေးတစ်ခု ရှိသွားခဲ့သည်။


"ရှင် ဘာဖြစ်သွားသေးလဲ" လင်ရှန်းက သူ့မျက်နှာကိုသုတ်ပေးမလို့ အလောတကြီးပြေးသွားလိုက်ပေမယ့် လိန်ဖန်က သူမအား ဟန့်တားလိုက်ခဲ့သည်။ သူ့မျက်လုံးများက နေရာပတ်လည်အား ဝေ့ကြည့်လိုက်ခဲ့သည်။ " ဒီနေရာက....."


လင်ရှန်းလဲ သူမ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ရုတ်တရက်ကြီး ရှင်းလင်းသွားတော့သည်။ " ဒီနေရာ....ဒီနေရာက ကျွန်မအရင်တုန်းက ပြုတ်ကျဖူးတဲ့ ကျင်းပဲ။ ကျောက်တုံးတွေတောင်မှ ကြည့်လိုက်ရင် အတူတူပဲ!" အဆုံးမှာတော့ သူမ မကြောက်ရွံတော့ချေ။ ထိုအစား သူမ၏မှတ်ဉာဏ်ကို ပြန်ဖော်လိုက်သည်။ သူမ သေချာမှတ်မိနေတာက ကျောက်တုံးနဲ့ခိုက်မိသွားတဲ့ တုဟောင်၏မျက်နှာကြီးပင်။


"အားရား.... အဲဒီတုန်းက ဒီကျင်းက ကျွန်မတို့ပြုတ်ကျတဲ့အချိန်ထက် ပိုမှောင်သေးတယ်။ ကျွန်မ ဘာမှကို မမြင်ရဘူး။ အခုကျွန်မတို့ ဒီနေရာက ကျောက်တုံးကတော့ ကြည့်ရတာပိုပြီးတော့ လှသလိုပဲ။ ဒါကို ကြည့်ပါဦး!" သူ့အပေါ်မှာ တန်ဆာဆင်ထားတဲ့ပုံစံတစ်ခုရှိတယ်....." သူမ တိုးတိုးပြောလိုက်ခဲ့တော့ လိန်ဖန်၏နံဖူးပေါ်တွင် မျဉ်းကြောင်းသုံးကြောင်း ပေါ်လာခဲ့သည်။ သူ လက်လှမ်းလိုက်၍ သူ့လက်သီးဖြင့် ထိုးခွဲလိုက်သည်။


သူတို့နှစ်ယောက် "ဟူး" ဆိုသည့် အသံတစ်ခုကို ကြားလိုက်ရပြီး ရုတ်တရက် နောက်ထပ်အပေါက်တစ်ခုက သူတို့ခြေဖဝါးအောက်မှ ပွင့်လာခဲ့ပြီး သူတို့လျှောကျသွားတော့သည်။


လင်ရှန်း၏ပါးစပ်တစ်ခုလုံးလဲ ရွှံ့တွေနှင့် ပြည့်သွားတော့သည်။၊ သူမ ကုန်းထလိုက်တော့ သူမ တစ်ကိုယ်လုံး ညစ်ပတ်ပေရေသွားခဲ့သည်။ ထိုနေရာက မှောင်မည်းပိတ်နေခဲ့သည်။ ကံကောင်းစွာဘဲ လိန်ဖန်မှာ အလင်းရောင်ရနိုင်သည့် အရာတစ်ခုရှိနေခဲ့သည်။ သူမရှေ့တွင် ဘာရှိနေလဲဆိုတာ မြင်လိုက်ရသည့်အခါမှာတော့ သူမ၏ပါးစပ်က "o" ပုံစံမျိုးပါးစပ်အဟောင်းသားဖြစ်သွားတော့လေသည်။


ဒီနေရာက ကျောက်လိုဏ်ဂူကြီး အကြီးကြီးတစ်ခုပဲကိုး။ သေချာပေါက်ကို လူလုပ်ထားတာပင်ဖြစ်သည်။ ဒီနေရာကနေ သံချေးတက်နေသည့်အနံတစ်ခုလဲ ရနေခဲ့သည်။ လင်ရှန်းတစ်ယောက် မထိန်းနိုင်တော့ဘဲ တုန်ရင်လာခဲ့တော့သည်။ သူမ လိန်ဖန်၏လက်မောင်းကို တင်းကျပ်စွာဆွဲခိုထားတော့သည်။


လိန်ဖန် သူမအကြောက်ပြေစေဖို့အတွက် သူမလက်ကို ဖွဖွပုတ်ပေးလိုက်ကာ သူ၏အလင်းရောင်းပေးနေသည့် အရာဝတ္ထုကို ယူလိုက်ပြီးတော့ စစ်ဆေးကြည့်လိုက်တော့ နံရံတွေကို ခံစားသိလိုက်သည်။ သူမီးအိမ်ကို တွေ့လိုက်၍ သူမီးထွန်းညှိလိုက်တဲ့အခါမှာတော့ သူမတို့ရောက်နေသည့်လှိုဏ်ဂူ ဘယ်လောက်တောင်ကြီးမားလဲဆိုတာ သိလိုက်ရတော့သည်။ အခန်း၏အလယ်ဗဟိုတွင် အနီရောင်ဖဲသားသေတ္တာလေးတစ်ခု ရှိနေလေသည်။


လင်ရှန်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ 'မြေပုံပေါ်မှ ညွှန်းပြထားတဲ့ ကုန်းမြေမြင့်က တကယ်တော့ ကုန်းမြေမြင့်မဟုတ်ဘူးပဲကိုး...ဒီလှိုဏ်ခေါင်းကို ပြောတာပဲ! ဒီနေရာက သူတို့ ကြည့်နေတဲ့ဟာပဲ ဖြစ်ရမယ်။ အဲဒါ ဒီသေတ္တာထဲမှာပဲ ဖြစ်ရမယ်!'


'အိုး...ဘုရားရေ.. ဒီမိန်းကလေးက ဘယ်နေရာရောက်ရောက် အဖိုးတန်တဲ့အရာကို တွေ့နေတာပဲ ... သူမက ကြက်သွေးထိုးခံရသလိုပါပဲလား။' လိန်ဖန်တောင်မှ သူမကို မတားလိုက်နိုင်ခဲ့ပေ။ ကံသီပေလို့ပဲ.. ထိုအထဲတွင် ဘာထောက်ချောက်မှ မတွေ့ခဲ့ရပေ။


ဒါပေမယ့် လင်ရှန်း ထိုအရာက ဘာလဲဆိုတာကြည့်လိုက်ပြီးနောက်မှာတော့ သူမ၏မျက်နှာက ရုပ်ပျက်ဆင်းပျက်ပင် ပျက်ယွင်းသွားတော့သည်။


" အဲဒါ ဘာကြီးလဲ" လိန်ဖန်က အနားရောက်လာပြီးမေးလိုက်သည်။


"ဒါက....." လင်ရှန်း သေတ္တာကို လက်ညိုးထိုးလိုက်ပြီးတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားတော့သည်။ " အခုတော့ အနာကျင်ရဆုံးအရာက အဖိုးမတန်တဲ့အရာကိုရလိုက်တယ်ဆိုတာ အခုတော့ ကျွန်မသိသွားပြီ။ ဒါပေမယ့် အဲဒီအစား ရလိုက်တဲ့အရာက တန်ဖိုးရှိပြီးတော့ ရောင်းလို့မှမရတာပဲ။"


မှန်ပေသည်။ သေတ္တာထဲတွင် ရှိနေတာက အမိန့်ပေးစည်းတံဆိပ်ပြားပင် ဖြစ်ပေသည်။ စည်းတံဆိပ်ပြားအပြင် ဆိတ်သားရေပေါ်တွင် စာသားအချို့ရေးထားခဲ့သည်။ စာလုံးအတွဲတစ်ရာကျော်က ထိုစည်းတံဆိပ်၏ ကောင်းကျိုးနှင့်ဆိုးကျိုးများအား ဖော်ပြထားခဲ့သည်။


ယခင်မင်းဆက်၏ ရှေ့နှစ်အစောပိုင်းကာလာတွင် ကူးစက်ရောဂါများနှင့် ကပ်ရောဂါများ အများအပြားဖြစ်ပွားခဲ့သည်။ ပြည်သူလူထုများသည်လည်း ရောဂါကပ်ဘေးအား အလူးအလဲခံစားခဲ့ကြရသည်။ စူးစမ်းလေ့လာများ ပြုလုပ်ခဲ့ပြီးနောက်တွင် ယခင်အင်ပါရာ ရှေ့ဖြစ်ဟောဆရာတစ်ယောက်အား ငှားရမ်းကာ တိုင်းပြည်၏ကံကြမ္မာအား တွက်ချက်ကြည့်ခိုင်းခဲ့သည်။ သိရသရွေ့ကတော့ (ဖန်ရှုရီ) ကိန်းဂဏန်းဗေဒင် နက္ခအတတ်ပညာအား ကောင်းစွာကျွမ်းကျင်တတ်မြောက်ထားသော အမျိုးသားတစ်ယောက်က မင်းဆက်၏အဆုံးသတ်အား ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့သည်။ ထိုဟောကိန်းက ပြောင်းလဲ၍မရနိုင်ခဲ့ပေ။


သို့သော်ငြားလည်း လူအများ များစွာဘေးသင့်နေခဲ့ကြကတည်းက ရှေ့ဖြစ်ဟောဆရာသည် ထိုင်၍ ကြည့်နေဖို့တင် မလုပ်ရက်ခဲ့နိုင်ပေ။ ယခင်အင်ပါရာနှင့် သီးသန့်ဆွေးနွေးမှုတစ်ခုပြုလုပ်ပြီးနောက်မှာ သူက စည်းတံဆိပ်အား ဖန်တီးခဲ့ပြီးတော့ တိုင်းပြည်ကိုကာကွယ်ဖို့အလိုငှာ စည်းတံဆိပ်အား အရှေ့ဘက်စွန်းနယ်မြေတွင် မြုတ်နှံထားခဲ့လိုက်သည်။


ဒီတံဆိပ်ပြားက ထိုသို့ဖန်တီးထားခဲ့သည့် တံဆိပ်ပင်ဖြစ်ပေသည်။


လင်ရှန်းက ဗေဒင်ကိန်းဂဏန်းအတတ်ကိုတော့ မယုံကြည်နိုင်ပေမယ့် သားရေလိပ်ပေါ်က ဖော်ပြချက်ကိုတွေ့လိုက်တော့ တုန်လှုပ်သွားခဲ့သည်။ ကံကောင်းတာက သူမကိုယ်တိုင်က ရတနာရှာတဲ့မုဆိုးတစ်ယောက်ဖြစ်ပြီးတော့ အခြေအနေကြည့်ဖို့ရာ ဒီနေရာကို ရောက်လာခဲ့သည်။ တကယ်လို့ ကျီဟောင်လင်းသာ အမိန့်ပေးစည်းတံဆိပ်ပိုတွေ့သွားလို့ကတော့ ရလဒ်တွေက စိတ်ကူး၍မရနိုင်အောင်ပင်ဖြစ်သွားတော့မှာပဲ!


'ဖန်ရှုရီ' ဆိုသည့်အရာက တိုင်းပြည်အား ပျက်သုန်းအောင်လုပ်နိုင်မလားဆိုတာတော့ သူမ သေချာမသိပေမယ့်လည်း အမိန့်ပေးတံဆိပ်ပြားကတော့ တိုင်းပြည်အချုပ်အခြာအာဏာကို ကိုယ်စားပြုတာတော့ သူမ သိသည်။ တကယ်လို့ မကောင်းတဲ့တစ်ယောက်ယောက်ကသာ ဒါကို သုံးလိုက်လို့ကတော့ ထိုအရာက လောကကြီးအား ဖျက်ဆီးပစ်နိုင်ပေသည်။


"ကျွန်မတို့ ကျီဟောင်လင်းကို ဒါကို တွေ့သွားစေလို့ မဖြစ်ဘူး။ သွားကြရအောင်!" လင်ရှန်းမှ အဆိုပြုလိုက်ခဲ့သည်။


လိန်ဖန်က သူရပ်နေသည့်နေရာကနေတစ်ချက်မှလှုပ်ရှားမလာခဲ့ပေ။


"လာလေ! သွားမယ်!" လင်ရှန်း ဆော်အောလိုက်သည်။


"တကယ်လို့ ကိုယ်တို့ ဒါကို ကျီဟောင်လင်းကို မပေးဘူးဆိုရင် မင်းရဲ့ဖြေဆေးကို ဘယ်လိုလုပ်ပြီးယူရမှာလဲ" လိန်ဖန်က တည့်တိုးပင်ပြောလိုက်တော့သည်။


.......


TheEnd......