Chapter 147
"ဝမ်ဟိုင်ရှန်းက သမားတော် အလျင်စလို သွားပင့်နေတယ်... ကျောက်ကျင်းကောက ကလေးမွေးဖို့ မလွယ်လို့များလား"
"ကလေးမွေးရတာက မိန်းမတွေထက် ကောတွေက ပိုခက်လို့ ဖြစ်မယ်"
"ကျန်းကျန့် စောနက ဒီလောက် ပူပန်နေတာ အံ့သြစရာ မရှိတော့ဘူး... အဲ့ကတည်းက အခြေအနေမကောင်းမှာ စိုးရိမ်ရတယ်"
"ကျောက်ကျင်းကောက တကယ် ကံမကောင်းတာပဲ... သူ့အတွက် ကလေးမွေးဖို့ ခက်နေရှာပြီ"
. . .
လူတိုင်းက ထိုအကြောင်း ပြောနေကြပြီး ထိုအခိုက်တွင် အိပ်ရာထဲလဲနေကာ နာကျင်မှုဒဏ်ကို အံတုနေသည့် ကျောက်ကျင်းကောကို ကရုဏာသက်နေကြလေသည်။ သူက နာကျင်မှူဒဏ်ကို အတော်လေး ခံနေရသည်။ ထိုနာကျင်မှုက သည်းမခံနိူင်လောက်စရာ မဟုတ်သေးသော်လည်း အဆုံးတွင် မသက်မသာ ဖြစ်နေဆဲ ဖြစ်ကာ အထူးသဖြင့် ခါးနေရာတွင် ဖြစ်သည်။
"ကိုယ် မင်းကို ပွတ်ပေးမယ်"
ကျောက်ကျင်းကော သူ့ခါး မသက်မသာ ဖြစ်နေသည်ဟု ပြောလာသောအခါ ကျန်းကျန့်က ရုတ်တရက် ထပြောလိုက်ပြီး ကျောက်ကျင်းကောကို ဘေးတစောင်းလှည့်ရန် ပြောကာ ကျောက်ကျင်းကော၏ ခါးလေးကို ပွတ်ပေးလိုက်သည်။
ဝမ်းဆွဲသည်ကို အလျင်စလို ခေါ်လိုက်ရသဖြင့် သူမကမကြာခင် ကလေးမွေးတော့မည်ဟု ထင်လိုက်သော်လည်း ကျောက်ကျင်းကော ထိုသို့ ဖြစ်နေသည်ကို ကြည့်လိုက်သောအခါ....
"သူက အခုမှ စနာရုံလေး မဟုတ်ဘူးလား" ဝမ်းဆွဲသည်က မနေနိုင်ဘဲ မေးလိုက်သည်။
" မတိုင်ခင် နာရီဝက်လောက်က စနာတာပဲ" ကျန်းကျန့်က ကျောက်ကျင်းကောကို အခြေအနေ အသေးစိတ်အကြောင်း မေးထားပြီးသား ဖြစ်၍ ခပ်မြန်မြန် ဖြေလိုက်လေသည်။
"ပထမဆုံးကလေးဆို နှစ်ရက်လောက် နာပြီးမှ မွေးတာက သာမန်ပါပဲ" ဝမ်းဆွဲသည်က ပြောလေသည်။
"ကျောက်ကျင်းကောက မွေးဦးမယ် မထင်ဘူး... ကျွန်မ အရင် ပြန်လိုက်လို့ ရမလား" သူမ အခေါ်ခံရတုန်းက ထမင်းချက်နေတုန်း... သူမကတော့ ကလေးမွေးခါနီးနေပြီလို့ ထင်နေပေမယ့်... ရလဒ်ကတော့ရော...
"ခင်ဗျား ပြန်သွားတုန်း ကလေးမွေးရင်ရော"
ကျန်းကျန့်က မျက်မှောင်မကျုံ့မိဘဲ မနေနိုင်ပေ။ တစ်ခဏမျှ စဥ်းစားပြီးနောက် သူက ငွေစနှစ်စ ထုတ်ကာ ဝမ်းဆွဲသည်ကို ပေးလိုက်သည်။ "ဒီမှာပဲ စောင့်ပေးပါ"
ကျေးလက်တွင် ဝမ်းဆွဲသည်က ကလေး ကူမွေးပေးလျှင် ကြေးပြားတစ်ဒါဇင်၊ ကြက်ဥများနှင့် အခြားပစ္စည်း အချို့ကိုသာ ရတတ်ပါသော်လည်း ၎င်းက ငွေစနှစ်စ ဖြစ်နေသည်။ ဝမ်းဆွဲသည်က ပြန်ချင်စိတ် မရှိတော့ဘဲ ကျောက်ကျင်းကော မနက်ဖြန်တွင် ကလေးမွေးခဲ့လျှင်တောင် တစ်ညလုံး သူနှင့်အတူ နေပေးလိုက်မည်ဟု တွေးခဲ့လေသည်။ ကျန်းကျန့်၏ ရက်ရောမှုဖြင့် သူမက ကျောက်ကျင်းကောကို သားကူမွေးပေးခဲ့လျှင် ဆုလာဘ်အကြီးကြီး ရနိုင်လောက်ပေသည်။ ဝမ်းဆွဲသည်က ထွက်သွားတော့မည်ဟု ဆက်မပြောတော့ချိန်တွင် အိပ်ရာထက်၌ လဲနေသော ကျောက်ကျင်းကောမှာ သူ့ဗိုက်က ယခင်ကလောက် မနာတော့ဟု ခံစားလိုက်ရသည်။
နာရီဝက်မျှ လဲလျောင်းပြီးနောက် သူက အနားမယူချင်တော့ဘဲ အိပ်ရာထက်မှထကာ လမ်းပတ်လျှောက်ရန် ပြင်သည်။
"ကျင်းကော..." ကျန်းကျန့်က ကျောက်ကျင်းကော ဖြစ်ပျက်နေသည်နှင့် ပတ်သက်ပြီး အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ ဘာလို့ သူက ဒီလောက်ထိ အားတွေ ပြည့်နေရတာလဲ...
"ကျွန်တော် နည်းနည်း ဗိုက်ဆာလာတယ်" ကျောက်ကျင်းကောက ပြောလိုက်သည်။
ကျန်းကျန့်က တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက်တွင် ပြောလိုက်သည်။
"အမေ့ကို အရသာရှိတာတွေ လုပ်ပေးဖို့ ပြောလိုက်မယ်... ဗိုက်ပြည့်ရင် မင်းလည်း အားပြန်ပြည့်လာတာပေါ့"
ကျောက်မိသားစုအိမ်၏ အပြင်ဘက်တွင် လူပေါင်းများစွာ ရှိနေသည်။ လူတိုင်းက ကျောက်ကျင်းကော၏ မီးဖွားမှု မည်သို့ ဖြစ်နေကြောင်း သိချင်နေကြစဥ် အိမ်ထဲမှ ထွက်ပေါ်လာသည့် ဟင်းချက်နေသော မီးခိုးငွေ့လုံးကြီးကို တွေလိုက်ရလေသည်။ ဒီ... ကျောက်မိသားစုက ချက်ပြုတ်ဖို့ အားနေကြသေးတာလား...
တစ်ချိန်တည်းမှာပင် စီရင်စုမြို့သို့ အပြေးအလွှား လှေလှော်လာခဲ့သည့် ဝမ်ဟိုင်ရှန်းမှာ သမားတော်အိုကြီး တစ်ယောက်ကို လှေပေါ်တွင် တင်ကာ ပြန်လာခဲ့သည်။
“အဲ့ဒီမိသားစုက ကလေးမွေးတဲ့ နေရာမှာ အန္တရာယ် ရှိနေတာလား" သမားတော်အိုကြီးက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"ကျွန်တော် မသိပါဘူး" ဝမ်ဟိုင်ရှန်းက ပြောလိုက်လေသည်။
"ကောင်းပြီလေ... မြန်မြန်လှော်... ငါယူလာတဲ့ ဆေးတွေကို သေချာစီထားလိုက်မယ်"
သမားတော်အိုကြီးက ပြောလိုက်လေသည်။ ထိုလူများ သူ့ကို အလျင်စလို လာရှာကြပြီး ဆေးများ ယူလာရန် ပြောခဲ့သဖြင့် ကလေးမွေးနေသည့်လူ သို့မဟုတ် မွေးလာသော ကလေးက အခြေအနေ မကောင်းခြင်း ဖြစ်မည်ဟု သူတွေးမိသည်။ သူက ဘဝကို ချိန်းခြောက်စေနိုင်သည့် ဆေးဝါးအမျိုးစုံကို ယူလာခဲ့ပြီး ကြိုတင်၍ စီစဥ်ထားခဲ့သည်။ ထို့မှသာ အချိန်ကျလာသည်နှင့် အလွယ်တကူ ထုတ်သုံးနိုင်မည် ဖြစ်သည်။
ဝမ်ဟိုင်ရှန်းက ခေါင်းငြိမ့်ပြလိုက်ပြီး မြန်နိုင်သမျှ မြန်မြန် လှော်ခတ်လေတော့သည်။
စန်းရှောင်ရှန်း သူ့ကလေးကို ပထမဆုံး မွေးဖွားစဥ်က အလွန် အန္တရာယ် များခဲ့သည်။ ထိုအချိန်၌ သမားတော် မဆိုထားနှင့် ဝမ်းဆွဲသည်ကိုပင် ခေါ်ရန် မတတ်နိုင်ခဲ့ပေ။ အဆုံးတွင် သူက စန်းရှောင်ရှန်း၏ ကလေးကို ကိုယ်တိုင် မီးဖွားပေးခဲ့ရသည်။ ကောတစ်ယောက်က မိန်းမတစ်ယောက်ထက် ကလေးမွေးရန် ခက်ခဲသည်သာ ဖြစ်၍ ကျောက်ကျင်းကောထံ မည်သည့်အရာမှ မဖြစ်ပွားလာစေရန် သူမျှော်လင့်မိပေသည်။
လူများစွာက ကျောက်ကျင်းကောကို စိတ်ပူနေကြချိန်၌ ထိုအခိုက်တွင် ကာယကံရှင်ကိုယ်တိုင်က စိတ်ကောင်းဝင်နေခဲ့ပေသည်။
သူက ကလေးမွေးတော့မှာဆိုတော့ သူ့ကို နည်းနည်းလောက် ဂရုစိုက်ပေးဖို့ လူတွေကို ခွင့်ပြုပေးရမှာပေါ့လေ... သူက နာကျင်မှုကို တောင့်ခံနိုင်သည့်အတွက်လည်း အလွန် စိတ်ကျေနပ်နေသည်။
ကျောက်လျူက အနည်းငယ် ကြောက်စိတ်မွှန်နေပြီးသား ဖြစ်၍ လုံးဝ ချက်ပြုတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အဆုံးတွင် ဟင်းပွဲများကို ထမင်းချက်လီနှင့် ကျန်းရှောင်မိန်တို့သာ ချက်ပြုတ်လိုက်ရတော့သည်။
ထိုအကြောင်း ပြောကာမှ ကျန်းရှောင်မိန်မှာ ထိုအခိုက်တွင် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ သူမက ငွေကို အမြဲတမ်း သဘောကျခဲ့ပြီး ကျန်းမိသားစုထံမှ ရောင်းစားခံရလုနီးပါး ဖြစ်ပြီးနောက်တွင် ငွေကို ပို၍ချစ်လာလေသည်။ မူလတွင် ကျန်းကျန့်က သူမကို မည်သည့် အလုပ်မှ ခိုင်းရန် ရည်ရွယ်မထားပေ။ မည်သို့ပင်ဆိုစေကာမူ သူက ထိုမိန်းကလေးကို လက်ထပ်သည့် အချိန်အထိ ထောက်ပံ့ပေးရန် တတ်နိုင်ပေသည်။ သို့သော်ငြား ကျောက်ကျင်းကော၏ အုတ်ဖိုတွင် အုတ်များ ဖုတ်ပေးခြင်းဖြင့် ငွေရနိုင်သည်ဟု ကြားလိုက်ရပြီးနောက် ကျန်းရှောင်မိန်က ထိုနေရာသို့ တုံ့ဆိုင်းမှုမရှိဘဲ ရောက်သွားလေသည်။ လတ်တလောတွင် သူမက နေ့တိုင်း အုတ်အမြောက်အများ ဖုတ်ကာ ပိုက်ဆံရှာနိုင်နေလေပြီ။
သူမက မူလတွင် လုံ့လဝီရိယ မရှိပေ။ အဆုံးတွင် သူမက သူမ၏ အစ်ကိုကြီးကဲ့သို့ အဆုံးမသတ်ချင်ပါသော်လည်း လတ်တလောတွင် သူမက ရွှံ့များနှင့် ကစားနေရင်းဖြင့် ပိုက်ဆံရနိုင်နေသဖြင့် ကျန်းရှောင်မိန်မှာ ထိုအုတ်ဖိုကို လုံးဝ စိတ်နစ်မြုပ်ထားလေသည်။
လအနည်းငယ်ကြာပြီးနောက် သူမက မထင်မှတ်ထားစွာပင် ငွေစနှစ်စ ရရှိခဲ့သည်။ ထိုကဲ့သို့ ဆက်သွားနေပါက သူမ၏ သီးသန့်ပိုင်ဆိုင်မှုအဖြစ် ငွေစနှစ်ဆယ်ထက်ပိုအောင်ပင် စုဆောင်းနိုင်မည် မဟုတ်ပါလော...
ယနေ့တွင် သူမသည်လည်း အုတ်ဖုတ်ရန် ထိုနေရာသို့ ရောက်နေခဲ့သော်လည်း နောက်တွင် ကျောက်ကျင်းကော ကလေးမွေးတော့မည်ဟု ကြားလိုက်ရသဖြင့် အပြေး ပြန်လာခဲ့သည်။ အပြန်လမ်းတွင် ကျောက်ကျင်းကောက ခက်ခက်ခဲခဲ မွေးဖွားနေရသည်ဟု ထပ်ကြားရသဖြင့် စိတ်ပူပန်မှု အပြည့် ဖြစ်နေရပေသည်။ သို့သော်လည်း သူမ အိမ်ပြန်ရောက်သောအခါ ကျောက်ကျင်းကောက ယခုထိတိုင် မီးမဖွားသေးပါပေ။
ကျန်းရှောင်မိန်က ထမင်းချက်လီကို မီးမြန်မြန် မွှေးကူလိုက်ပြီး တစ်ချိန်တည်းမှာပင် အသီးအရွက်များ ခူးလိုက်သည်။ ထိုအခိုက်တွင် ရှောင်ရို့က အပြင်ဘက်တွင် နောက်ထပ် ရေနွေးအိုးတစ်အိုး တည်နေခဲ့သည်။
ကလေးမွေးဖွားရန်အတွက် ရေနွေးများစွာ လိုအပ်ပေသည်။ သင်သာ များများ ပိုတည်ထားနိုင်ပါက တည်ထားသင့်သည်။
ဟင်းလျာများက အလွန် ကောင်းမွန်ပြီး ကျန်းကျန့်က ကျောက်ကျင်းကောကို နည်းနည်းသာ စားရန် အကြံမပေးခဲ့ရုံမက ပို၍ပင် များများ စားခိုင်းလိုက်သည်။
လွန်ခဲ့သော ခြောက်လအတွင်း အချိန်အများစုတွင် ကျောက်ကျင်းကောက သူစားချင်သည်ထက် လျှော့စားခဲ့ရသဖြင့် စားချင်စိတ်ကလည်း ပိုနည်းလာကာ နောက်ထပ် များများ စားချင်စိတ် ရှိသည်ဟုပင် မခံစားရတော့ပေ။ အတိတ်တွင် သူက ထမင်းပန်ကန်လေးလုံးကို တစ်ပြိုက်တည်း စားနိုင်ပါသော်လည်း ယခုတွင် ထမင်းပန်ကန်ကြီး တစ်လုံးကိုသာ စားနိုင်လေသည်။
ကျောက်ကျင်းကော ထမင်းစားသည့်အချိန်တွင် ပထမဦးဆုံး ဝမ်းစနာလာသည့် အချိန်မှ နှစ်နာရီကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ စားသောက်နေချိန်တွင် အိမ်တံခါးဝမှာ ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး ဝမ်ဟိုင်ရှန်းက သမားအိုကြီးနှင့် ဝင်ရောက်လာခဲ့သည်။
"ကလေးမွေးနေတာ ဘယ်မှာလဲ... ကလေးအမေကရော ဘယ်မှာလဲ" နောက်ကျောတွင် ဆေးသေတ္တာ လွယ်ထားသော သမားတော်ကြီးမှာ အခန်းထဲသို့ ဝင်လာလာချင်း အသက်ပင် မရှူနိုင်ဘဲ မေးလိုက်လေသည်။
တစ်ချိန်တည်းမှာပင် လူတိုင်းက အခန်းထဲရှိ စားပွဲခုံတွင် ထမင်းထိုင်စားနေသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်း မျက်မှောင်ကျုံ့မိသွားသည်။
"မင်းတို့က စားသောက်နေကြတာလား... မင်းတို့က ကိုယ်ဝန်သည်အတွက် တွေးတောင် တွေးမပေးဘဲ စားသောက်ဖို့ပဲ စိတ်ရောက်နေကြသေးတာလား"
သမားတော်ကြီးက ထိုလူများမှာ ကလေးမွေးခြင်းကို အလေးအနက် မမှတ်ယူထားကြောင်း သိလိုက်ရချိန်တွင် ဒေါသမထွက်ဘဲ မနေနိုင်တော့။ ထို့အပြင် ထိုလူများကို စိတ်ပျက်သွားခဲ့လေသည်။
ကျောက်ကျင်းကောက ထိုအချင်းအရာကို တွေ့သောအခါ ထရပ်လိုက်ပြီး ပြောလေသည်။
"ကျွန်တော် အခုထိ မမွေးသေးပါဘူး" ထိုစကား ပြောပြီးသည်နှင့် သူ့ဗိုက်ထဲမှ ဆိုးဝါးလှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
ကျောက်ကျင်းကောက ဗိုက်ကို ကိုင်ကာ ရုတ်တရက် ထိုင်ချလိုက်စဥ် တစ်ချိန်တည်းမှာပင် ကျန်းကျန့်က သူ့ခါးလေးကို နှိပ်ပေးနေခဲ့လေသည်။
"ကျင်းကော... အရမ်းနာနေလား"
ကျောက်ကျင်းကောက ခေါင်းငြိမ့်ပြလိုက်သည်။ ဤတစ်ကြိမ်တွင် နာကျင်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။ နာကျင်ရလွန်း၍ ရုတ်တရက်ပင် အရည်စီးကြောင်းတစ်ခုက သူ့ကိုယ်ထဲမှ ထွက်ကျလာခဲ့လေသည်။
"ရေမွှာ ပေါက်သွားပြီ... မွေးခန်းထဲကို မြန်မြန် ခေါ်သွားကြတော့" ဝမ်းဆွဲသည်က ခပ်လောလော ပြောလိုက်သည်။
ထိုစကားလုံးများကို ကြားသောအခါ ကျန်းကျန့်က ကျောက်ကျင်းကောကို ချီ၍ မွေးခန်းထဲသို့ သယ်သွားခဲ့သည်။
သမားအိုကြီးက ဝမ်ဟိုင်ရှန်းအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်လေသည်။
"မင်းပြောတော့ အရေးပေါ် ဖြစ်နေပြီဆို" သူက ထိုမိသားစုအား ကလေးမွေးဖွားခြင်းအပေါ် အာရုံ မရှိဘဲ အလေးအနက် ထားခြင်းလည်း မရှိဟု တွေးခဲ့ပါသော်လည်း ထိုသူတို့က အလွန်အကျူး အလေးထားလွန်းနေသည်မှာ ရှင်းလင်းသွားလေပြီ။
ကလေးက ယခုထက်ထိ မမွေးသေးသည့်အပြင် စိုးရိမ်စရာ ရှိနေသည့်ပုံ မပေါ်ပါသော်လည်း သူတို့က သမားတော် တစ်ယောက်ကိုပင် ခေါ်လိုက်သေးသည်။ ကလေးမွေးဖို့ကို လက်သည်တစ်ယောက်ပဲ ခေါ်လိုက်ပါလား... ဘာလို့ ဆေးဆရာ ခေါ်နေရသေးတာလဲ...
"ကျွန်တော်လည်း မသိဘူး" ဝမ်ဟိုင်ရှန်းသည်လည်း အနည်းငယ် ကူကယ်ရာမဲ့နေသည်။
သမားတော်က ပြီးသည့်အချိန်ထိ ထွက်မသွားခဲ့ပေ။ ကျောက်ဖူကွေ့က ကျန်းကျန့် ဝမ်းဆွဲသည်အား ငွေပေးထားခဲ့ကြောင်း ကြားသိပြီးသား ဖြစ်၍ သမားတော်ကိုလည်း ငွေနှစ်စ မြန်မြန်ပေးလိုက်သည်။ ၎င်းကို တွေ့ရသည့်အခါမှသာ သမားတော်၏ မျက်နှာက ပိုကြည့်ကောင်းလာသည်။
ကျောက်ကျင်းကော မွေးခန်းထဲသို့ ဝင်သွားပြီးနောက် ကျောက်လျူနှင့် ဝမ်းဆွဲသည်တို့က သူ့အနားတွင် လှည့်ပတ်သွားလာနေကြသည်။ ကျန်းကျန့်အတွက်ကား သူက ကျောက်ကျင်းကော၏ လက်ကလေးတစ်ဖက်ကို ကိုင်ကာ တစ်ချိန်လုံး နှစ်သိမ့်ပေးနေခဲ့သည်။
"မကြောက်နဲ့နော်... ကိုယ်မင်းအနားမှာ အမြဲတမ်း ရှိနေမယ်"
"မစိုးရိမ်ပါနဲ့... အဆင်ပြေပါတယ်"
"လုပ်ထား... ကျင်းကော"
" 'လုပ်ထား' ဆိုတာ ဘာကို ဆိုလိုတာလဲ... ကျွန်တော် စာအုပ်ထဲမှ မတွေ့ခဲ့ဖူးပါဘူး" ကျောက်ကျင်းကောက ရုတ်တရက် ထမေးလိုက်သည်။
ကျန်းကျန့်က ကျန်းကျန့်ဝမ်၏ မှတ်ဥာဏ်များမှ တဆင့် ရှေးခေတ်တွင် မွေးဖွားစ ကလေး သေဆုံးမှုနှုန်း မည်မျှရှိကြောင်း သိထားပြီးသား ဖြစ်သည်။ သူ့ခေါင်းထဲတွင် ရှုပ်ထွေးနေ၍ ကျောက်ကျင်းကောကို ရှင်းပြရန် နည်းလမ်း မရှိလေဘဲ ပြန်ဖြေမည့်အစား မေးလိုက်လေသည်။
"မင်း နာနေလား"
"အရင်ကလောက် မနာတော့ဘူး... ဝမ်းလျှောနေသလိုပဲ ခံစားရတယ်" ကျောက်ကျင်းကော ဖြေလေသည်။
"ခေါင်းမြင်နေရပြီ... စကားပြောတာရပ်ပြီး တွန်းကြစမ်းပါရှင်"
ဝမ်းဆွဲသည်က ပြောလိုက်သည်။ "ဒီအချိန်မှာ နာတဲ့အကြောင်း ပြောတာ အချိန်ကုန်တယ်... အရင်ဆုံး ကလေးမွေးဖို့ အကောင်းဆုံး ကြိုးစားလိုက်ဦး... ကောင်းပြီဟေ့... ကလေးခေါင်း ထွက်လာပြီ... ဟမ်း... မွေးပြီးသွားပြီဟေ့"
ကျောက်ကျင်းကောက ရုတ်တရက် အားကုန်သုံးလိုက်ပြီးနောက် သူ့ခန္ဓါကိုယ် ပို၍ ပေါ့ပါးသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက်တွင် ကလေးမွေးပြီး သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ကလေးမွေးပြီးသွားပြီတဲ့... သူ့ကျင်းကောလေးက အံ့သြစရာကောင်းလိုက်တာ... ကလေးကို ဒီလောက်မြန်မြန် မွေးလိုက်တယ်...
ကလေး၏ခေါင်း ထွက်လာလျှင် မည်သည်ကိုမှ စိုးရိမ်စရာ မလိုတော့ပေ။ တစ်ကိုယ်လုံးက သဘာဝကျကျ လျှောထွက်လာမည် ဖြစ်သည်။ လက်သည်က ကလေးကို ချီလိုက်သည်နှင့် ယူကြုံးမရစိတ်အချို့ဖြင့် ပြောလိုက်သည်။
"မိန်းကလေးပဲ"
"မိန်းကလေးလား" ကျန်းကျန့်က အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက မသိစိတ်ထဲမှ ကျောက်ကျင်းကော မွေးလာသည့် ကလေးမှာ ယောကျ်ားလေး သို့မဟုတ် ကောတစ်ယောက် ဖြစ်လိမ့်မည်ဟု တွေးမိသည်။ အဆုံးတွင် သမီးလေး တစ်ယောက် ရလာလိမ့်မည်ဟု အမှန်ပင် မထင်ထားခဲ့ပေ။ သို့သော်ငြား ခရိုမိုဇုန်းများအရ ယောကျ်ားတိုင်းက ကိုယ်ထဲတွင် Xများ ရှိကြသဖြင့် အဆုံးတွင် XXတစ်ယောက်ကို မွေးဖွားရန်လည်း ဖြစ်နိုင်ပေသည်။
[T/N ခရိုမိုဇုန်း ဆယ်တန်းဘိုင်အိုမှာ သင်ရတဲ့ chromosomeပါ ယောကျ်ားလေးတွေက XY... မိန်းကလေးတွေက XX... ယောကျ်ားနဲ့ မိန်းမ နှစ်ယောက်ပေါင်းလိုက်ရင် XXလည်း ရနိုင်သလို XYလည်း ရနိုင်ပါတယ်... ကလေးတစ်ယောက် ဖြစ်တည်ဖို့ ယောကျာ်းတွေက XY နှစ်ခုထဲက X သို့မဟုတ် Y ခရိုမိုဇုန်းကို ထုတ်ပေးပြီး မိန်းမတွေက သူ့ရဲ့ Xနှစ်လုံးထဲက တစ်ခုကို ထုတ်ပေးပါတယ်...]
နေစမ်းပါအုံး... ကောတွေလည်း ယောကျ်ားတွေနဲ့ ကွဲပြားတဲ့ ခရိုမိုဇုန်းတွေ ရှိသင့်တယ်မလား... ကျောက်ကျင်းကော၏ ခရိုမိုဇုန်းများက မည်သို့ ဖြစ်နေလိမ့်မည်ကို သူမသိပါပေ။
ကျန်းကျန့်က ထိုအကြောင်းများ တွေးတောလိုက်ပြီးနောက် အတွေး ရပ်သွားလေသည်။ ဒီကမ္ဘာကြီး ကိုယ်တိုင်က သိပ္ပံနည်းမကျတာ... သူဆက်ပြီး မတွေးသင့်တော့ဘူး...
"ခင်ဗျားက မိန်းကလေးတွေကို သဘောမကျဘူးလားဟင်" ကျောက်ကျင်းကောက ကလေးမွေးပြီးနောက် ရွှင်ရွှင်ပျပျ ရှိနေဆဲ ဖြစ်ပြီး ချက်ချင်းဆိုသလို မေးလိုက်လေသည်။
"မဟုတ်ပါဘူး... သဘောကျတာပေါ့... ကိုယ်အရမ်းသဘောကျတယ်"
ဘယ်သူကများ ချစ်စရာကောင်းတဲ့ သမီးလေးတွေကို သဘောမကျဘဲ နေမှာလဲ... သူ့ရဲဘော်ညီအစ်ကိုတွေ ခေါ်လာတဲ့ သမီးလေးတွေဆို သူအရမ်း ချစ်ခဲ့ရတာ...
"သူ့ကို ချီဖို့ ပေးပါ..." ကျန်းကျန့်က လက်သည်ထံ လက်လှမ်းလိုက်ပြီး နုနုထွေးထွေး ကလေးလေးကို သူ့လက်မောင်းထဲတွင် ချီထားလိုက်သည်။ သူမအား လွှတ်ပေးရမည်ကိုပင် တွန့်ဆုတ်သွားမိလေသည်။
တိုက်ဆိုင်သည်လား မသိရသော်လည်း ကလေးလေးကို သူ့လက်ထဲ ချီလိုက်သည်နှင့် မျက်လုံးလေးများ ပွင့်လာလေတော့သည်။
"ကလေးက မိခင်ရဲ့ ဗိုက်ထဲ ကောင်းကောင်း ပျိုးထောင်ခံထားရတာပဲ... မွေးပြီးပြီးချင်း မျက်လုံးပွင့်လာတော့တာ"
ဝမ်းဆွဲသည်က ပြောလိုက်သည်။ သူမ၏ အပြီးမသတ်ရသေးသော အစားအသောက်များအကြောင်း တွေးမိသွားသောအခါ ထိုအကြောင်းကို မတွေးမိဘဲ မနေနိုင်တော့ပေ။ ကျောက်မိသားစု၏ အစားအသောက်များက အလွန်ကောင်းမွန်လှပေသည်။ နေ့တိုင်းကောင်းကောင်း စားနေရသည့် ကျောက်ကျင်းကောက အဝလွန်ခြင်းမရှိသော ကလေးတစ်ယောက် မွေးလာသည်မှာ ထူးဆန်းလှသည်။
ဤခေတ်ကာလတွင် ကလေး၏ အလေးချိန်ကို တိုင်းတာခြင်း မပြုနိုင်ပေ။ သူတို့က မွေးကာစ ကလေး၏ အလေးချိန်ကို သူတို့၏ အဝတ်များဖြင့်သာ တိုင်းကြသည်။ ကျောက်ကျင်းကော၏ ကလေးက 3.5 ကီလိုသာ ရှိသည်။ ဤခေတ်ကာလတွင် ကျေးလက်မှ လူများက ကိုယ်ဝန်ရှိချိန်တွင် အစားကောင်းအသောက်ကောင်းများကို မြောက်များစွာ စားသောက်နိုင်ကြသည်။ ကလေးအများစုက 3ကီလို4 ကီလိုလောက်သာ ရှိကြသည်။ ဤကလေးက သေးလည်းမသေး ကြီးလည်းမကြီးပေ။
"ကလေးက အရမ်း မထွားဘူးနော်... အမေ့ကို ညှာပေးထားတာပဲ... အရင်က ကျောက်တဟူရဲ့ ဇနီး ကလေး မွေးတုန်းကဆို ကလေးက 5ကီလိုတောင် ရှိတာ... ကလေးအမေက မမွေးနိုင်တော့လုနီးပါးကို ဖြစ်ခဲ့တာပေါ့" လက်သည်က ကလေးကို ဆက်တိုက် ချီးကျူးနေခဲ့လေသည်။
ကျန်းကျန့်က သူမ၏ စကားများကို ကြားသောအခါ အလွန် ပျော်ရွှင်သွားသဖြင့် ငွေစနှစ်စ ထပ်ပေးလိုက်သည်။ "ဒုက္ခများသွားရပြီ"
"ဒုက္ခမများပါဘူး... ဒုက္ခမများရပါဘူး" လက်သည်က အပျော်လွန်သွားလေသည်။ကျောက်ကျင်းကောက ထူးထူးခြားခြား စောစောမွေးသွားသဖြင့် သူမ၏ အကူအညီကိုပင် မလိုအပ်ခဲ့ပေ။ ရလဒ်အနေဖြင့် သူမက ကျောက်မိသားစုတွင် ထမင်းတစ်နပ် စားခဲ့ရပြီး ငွေစလေးစကိုပါ ရခဲ့သေးသည်။ ထိုကဲ့သို့သော "ဒုက္ခ"မျိုးကို နေ့တိုင်းပင် ကြုံလိုက်ချင်သေးသည်။