Chapter 148
ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ကို ကလေးများများ မွေးစေချင်မိသည်။ မဟုတ်သေး... တစ်နှစ် တစ်ယောက် မွေးနိုင်လျှင် အကောင်းဆုံးပင်။
ဝမ်းဆွဲလက်သည်က စကားအချို့ ပြောကာ ထွက်သွားခဲ့လေသည်။ ကျောက်ကျင်းကော အဆင်ပြေနေသည်ကို တွေ့ရသောအခါ ကျန်းကျန့်က ကလေးပွေ့၍ အခန်းထဲက ထွက်လာခဲ့ပြီး သမားတော်ကို ငွေနှစ်စပေးကာ ဝမ်ဟိုင်ရှန်းအား ပြန်လိုက်ပို့ခိုင်းလိုက်သည်။
သမားတော်အိုကြီးက ပြောစရာမဲ့သွားလေသည်။ ဒီကိုယ်ဝန်သည်ကောက သန်မာလွန်းလို့ ကလေးကို ဒီလောက်မြန်မြန် မွေးနိုင်နေတာကို သူ ဒီကိုရောက်လာရတဲ့ အကြောင်းပြချက်က ဘာများလဲ... သို့သော်ငြား ဤခရီးစဥ်တွင် ငွေလေးစ ရခဲ့သဖြင့် အရှုံးတော့ မရှိပေ။
ကျောက်မိသားစုအိမ်အနီးတွင် လူများစွာ စုဝေးနေကြလေသည်။ ကျောက်မိသားစုအိမ်မှ လက်သည်ထွက်လာသည်ကို တွေ့လိုက်ရသောအခါ တစ်ယောက်ယောက်က ရှေ့ထွက်လာပြီး မေးလိုက်သည်။
"ကျောက်ကျင်းကော ဘယ်လိုနေလဲ... သူ အဆင်မပြေဘူးလို့ ကြားတယ်"
"ဒါမျိုးတွေ ဘယ်သူက ပြောတာလဲ... ဘာတွေ အဆင်မပြေရမှာလဲ... ဒီလောက် အဆင်ပြေပြေနဲ့ မွေးသွားတာကို တစ်ခါမှတောင် မကြုံဖူးဘူး" ဝမ်းဆွဲလက်သည်က ပြောပြီးနောက် ပျော်ပျော်ရွှင်ရွှင် ထွက်သွားလေတော့သည်။
တစ်ခဏအကြာ ဝမ်ဟိုင်ရှန်းနောက် လိုက်လာခဲ့သည့် သမားတော်လည်း ထွက်လာခဲ့သည်။
"အစ်ကိုဝမ်... ကလေးမွေးတာ အဆင်မပြေဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား... သမားတော်ကို ဘာလို့ပင့်ခဲ့တာလဲ" တစ်ယောက်ယောက်က ထပ်မေးလိုက်ပြန်သည်။
"ငါတို့ဘောစ့်က အဆင်သင့်ပြင်ထားတာလေ" ဝမ်ဟိုင်ရှန်းက ပြောလိုက်သည်။
ဘာမှ မဖြစ်တာတောင် သမားတော် ခေါ်ပေးထားသေးတယ်... ကျန်းကျန့်က ကျောက်ကျင်းကောကို အရမ်း အလေးထားတာပဲ...
မေးခွန်းမေးသူနှင့် သူ့ဘေးမှ လူများမှာ ရင်ထဲ ထိရှသွားကြလေသည်။
မတိုင်မီက ကျူးရှုဖန် ခက်ခက်ခဲခဲ မီးဖွားရပြီး ချည့်နဲ့နေသော ကလေးကို မွေးခဲ့စဥ်က ကျန်းချောင်ရှန့်မှာ အလွန် မပျော်မရွှင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ကျောက်ကျင်းကော၏ မီးဖွားမှုကလည်း ချောချောမွေ့မွေ့ မဖြစ်ခဲ့ရဟု ကြားလိုက်ရချိန်တွင် အလွန် ပျော်ရွှင်သွားခဲ့သည်။ သို့သော်လည်း ရလဒ်ကတော့... နားလည်မှု လွဲသွားခြင်းသာ... ကျန်းချောင်ရှန့်၏ နှလုံးသားက မကျေမချမ်း ဖြစ်နေခဲ့သော်လည်း ကျောက်မိသားစု၏ အိမ်ကို စိုက်ကြည့်ရုံသာ တတ်နိုင်ပြီး တိတ်တိတ်လေး ထွက်သွားလေတော့သည်။
လက်သည်နှင့် သမားတော်တို့ ထွက်သွားခဲ့ကြသော်လည်း ကျောက်မိသားစုက အလွန် အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်။
ကျောက်ကျင်းကောက ခပ်မြန်မြန် မီးဖွားခဲ့ပြီး ကလေးမွေးပြီးနောက် ခွန်အားများ ဆုံးရှုံးသွားသည်ဟု မခံစားရသည့် အပြင် အိပ်ရာပေါ်မှ ချက်ချင်း ထလိုက်ရန်လည်း ပြဿနာ မရှိတော့ပေ။ သို့သော်လည်း ကျန်းကျန့်က သူ့အား လှုပ်ရှားရန် ခွင့်မပြုပေ။ ကျန်းကျန့်က ကျောက်ကျင်းကော၏ ခန္ဓါကိုယ်ကို ကူညီသန့်ရှင်းပေးပြီးနောက် မွေးခန်းထဲမှ သယ်ထုတ်လာကာ သူတို့၏ အခန်းထဲသို့ ခေါ်လာခဲ့သည်။ ထို့နောက် ကျန်းကျန့်က ကလေးကို သူ့ဘေးတွင် ချပေးလိုက်လေသည်။
အိပ်ရာပေါ်တွင် လဲလျောင်းနေသူ နှစ်ဦးကို ကြည့်ကာ ကျန်းကျန့်၏ နှလုံးသားလေး ငြိမ်းချမ်းသွားခဲ့လေသည်။ ဘုရားသခင်က သူ့အပေါ် ကြင်နာနေတုန်းပဲ... ကျောက်ကျင်းကောရဲ့ မီးဖွားမှုက အဆင်ပြေပြေ ပြီးသွားခဲ့ပြီ...
ကျောက်ကျင်းကောက သူ့ကို ဂရုစိုက်ပေးနေသ၍ အဆင်ပြေသွားမည် ဖြစ်သော်လည်း ကလေးမှာ ပြဿနာ အနည်းငယ် ရှိနေသည်။
အမျိုးသမီးများက နို့တိုက်ကျွေးနိုင်သော်လည်း ကောများက မလုပ်နိုင်ပေ။ သူတို့က နို့မထွက်ကြ။ ထိုအကြောင်းကြောင့် ဆင်းရဲသည့် မိသားစုမှ ကောများတွင် မွေးဖွားလာသည့် ကလေးများမှာ စောစောစီးစီးသေဆုံးသွားတတ်ကြပေသည်၊
ကံအားလျော်စွာဖြင့် ကျန်းကျန့်က ငွေရှိသောကြောင့် ကလေးနို့တိုက်နေဆဲ မိန်းမနှစ်ယောက်ကို ကြိုတင် ရှာဖွေထားပြီး ပိုက်ဆံအချို့ ပေးထားခဲ့သည်။ အနာဂါတ်တွင် ရှောင်ရို့နှင့် ထမင်းချက်လီတို့က သူတို့ထံသို့ နေ့တိုင်း နို့သွားတောင်းပြီး ကလေးကို တိုက်ရန်အတွက် အိမ်ပြန်ယူလာမည် ဖြစ်သည်။
အမှန်တွင် အစပိုင်း၌ ကျန်းကျန့်က သူ့ကလေးကို ဆိတ်နို့တိုက်ရန် ရည်ရွယ်ထားသော်လည်း သေချာစဥ်းစားပြီးသွားသောအခါ ထိုအကြံကို ပယ်ချလိုက်သည်။ သူက ကလေးမမွေးခဲ့ဖူးလျှင်တောင် ကလေးတိုက်သော နို့မှုန့်များက နို့စစ်စစ်ချည်း မဟုတ်ကြဘဲ အခြားသော ပစ္စည်းများလည်း ရောထားကြောင်း သိနေခဲ့သည်။ ထိုသို့ မဟုတ်ပါက ကလေးကို အဆိပ်သင့်သွားစေနိုင်ပေသည်။ မထည့်သင့်တဲ့ ပစ္စည်းတွေ မထည့်ဖို့က မခက်ခဲပေဘူးလား... သာမန် နို့မှုန့်တွေကိုတောင် မွေးကင်းစ ကလေးကို တိုက်လို့ မရဘူး... ပြီးတော့ နို့နဲ့ တခြားနို့ထွက်ပစ္စည်းတွေနဲ့ မတည့်တဲ့ သူတွေလည်း အများကြီး ရှိတာပဲလေ... သူကတော့ သူရဲ့ မွေးကင်းစ ကလေးလေးကို နို့ကို တိုက်ရိုက် တိုက်လိုက်ဖို့ ကြောက်နေတာတော့ အမှန်ပဲ..
"သမီးလေးရဲ့ နာမည် စဥ်းစားပြီးပြီလား" ကျောက်ကျင်းကောက ထပ်မေးလိုက်သည်။
ကျန်းကျန့်က အေးခဲသွားလေသည်... သူ... အခုထိ မဆုံးဖြတ်ရသေးဘူး... ကမ္ဘာပေါ်က ဘယ်နာမည်ကမှ သူ့သမီးလေးနဲ့ မတန်ဘူးလို့ သူ ဘာလို့ ခံစားရပါလိမ့်...
"ဒါဆိုရင်လည်း ကျွန်တော်တို့ သူ့ကို မင်ကျူးလို့ ခေါ်ကြမလား" ကျောက်ကျင်းကောက မေးလိုက်သည်။ "ကျွန်တော် ဒီနေ့ ဒီစကားလုံးကို တွေ့ခဲ့တာ... 'ကိုယ့်မျက်လုံးထဲမှာ ပန်းသီးလေး' လို့ခေါ်တာလေ" ကျောက်ကျင်းကောက မီးတွင်းထဲမှာပင် သူ့သမီးလေးကို စာအုပ်များ ဖတ်ပြပေးနေဆဲ ဖြစ်သည်။
[T/N 明珠 မင်ကျူး အဓိပ္ပါယ်က ပုလဲပါ... 'ကိုယ့်မျက်လုံးထဲမှာ ပန်းသီးလေး' 'apple of my eye' ရဲ့ အဓိပ္ပါယ်က 'လူတစ်ယောက်အတွက် ဂုဏ်ယူရပြီး အလွန်အမင်း ချစ်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်' လို့ ပြောချင်တာ ဖြစ်ပါတယ်]
"ကောင်းပြီလေ... မင်ကျူးလို့ပဲ ခေါ်ကြတာပေါ့" ကျန်းကျန့်က ဆုံးဖြတ်ချက်ချလိုက်သည်။ "ဒီနာမည်ရဲ့ အဓိပ္ပါယ်က အရမ်း ကောင်းတယ်... ခေါ်ရလည်းလွယ်ပြီး မှတ်ရလည်း လွယ်တယ်" သူသည်လည်း ပိုကောင်းသော အမည်ကို မစဥ်းစားနိုင်သည်မှာ အမှန်ပင်။
ကျန်းကျန့်၏ အကြီးဆုံးသမီးလေးက ထိုအချိန်မှစ၍ ကျောက်မင်ကျူးဟု အမည်တွင်သွားသည်။ သူ့မျက်လုံးထဲမှာ ပန်းသီးလေး... သူ့ရဲ့ လပြည့်ဝန်းလေး... ကျန်းကျန့်မှာ ပွဲကျင်းပရန်အတွက် သူ့လူများအား ပစ္စည်းအချို့ကို အထူးတတလှယ် ပေးပို့လိုက်လေသည်။
မူလတွင် သူက လပြည့်ဝိုင်ပါတီကျင်းပရန် ကြံရွယ်လိုက်သော်လည်း နောက်ပိုင်းတွင် ကျောက်မိသားစုက ဆွေမျိုးများ မရှိသဖြင့် သူ့လူများကိုသာ ဖိတ်ကြားနိုင်မည်ကို သတိရသွားသည်။ထို့ကြောင့် သူက သူတို့အတွက် ဝိုင်ကိုသာ ပို့ပေးလိုက်သည်။ ၎င်းက သူတို့ကို ထမင်းတစ်နပ်ကျွေးပြီး ဝိုင်တိုက်ရသည်ထက် ပို၍ ငွေကုန်ကြေးကျ သက်သာသည်။
ကျန်းကျန့်က တစ်လပြည့်ပွဲတွင် အလွန်ပျော်နေခဲ့သော်လည်း အပျော်ရဆုံးလူမှာ ကျောက်ကျင်းကော ဖြစ်ပေသည်။ နောက်ဆုံးတော့ သူ အပြင်ထွက်လို့ရပြီ... နောက်ဆုံးတော့ သူရေချိုးလို့ ရပြီကွ...
ဤလထဲတွင် ကျန်းကျန့်က သူ့ခန္ဓါကိုယ်ကို ရေပတ်တိုက်ပေးခဲ့သော်လည်း သက်တောင့်သက်သာဖြင့် ရေမချိုးနိုင်ခဲ့ပေ။ သူက အလွန် နံစော်နေရသည်ဟုသာ အမြဲတမ်း ခံစားခဲ့ရလေသည်။ ကျန်းကျန့်က သူ့အပေါ် မနှစ်မြို့ခြင်း မရှိဘဲ ညတိုင်း ကလေးကို သူနှင့် တစ်အိပ်ရာတည်းအိပ်ရန် ခေါ်လာပေးခဲ့သဖြင့် သူ့ကို အမှန်ပင် လေးစားသွားခဲ့ရသည်။
ထိုနေ့မနက်စောစောတွင် ကျောက်ကျင်းကောက ရေသွားချိုးခဲ့သည်။
ယနေ့တွင် ကျန်းကျန့်က သူ့လူများအား လေ့ကျင့်ပေးနေခြင်းကို ဝမ်ဟိုင်ရှန်းနှင့် ဟယ်ချွန်းရှန့်တို့ထံ ချန်ထားခဲ့ပြီး တစ်နေ့လုံး အိမ်မှာသာ နေရန် စီစဥ်ထားခဲ့သည်။ ထိုအချိန်၌ သူက ကျောက်ကျင်းကောအတွက် ရေပူသယ်ပေးရန် တာဝန်ကျနေလေသည်။
"တကယ်နော်... အရင်တုန်းကတော့ သူ့ကို ဘာမှကို မလုပ်ခိုင်းဘူး... အခုတော့ ချက်ချင်းလက်ငင်းကြီး မလုပ်အပ်တာတွေ မရှိတော့ပြန်ဘူး" ကျန်းကျန့်က ထိုအကြောင်းကို အထွန့်မတက်ဘဲ မနေနိုင်ပေ။
မတိုင်မီက ကျောက်လျူမှာ ကျောက်ကျင်းကောကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေခဲ့သော်လည်း ချက်ချင်းဆိုသလို တားမြစ်စည်းကို ချက်ချင်း မ တင်လိုက်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းကျန့်က အပြင်ဘက်တွင် ပြောဆိုနေသော်လည်း ကျောက်ကျင်းကောက နားမထောင်နေပေ။ သူက ရုတ်တရက်ဆိုသလို အနည်းငယ် ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ခုကို ကြုံတွေ့လိုက်ရပြီး ၎င်းမှာ သူ့ဗိုက်နေရာမှ အရေပြားက ရော့ရဲနေခြင်းပါပင်။ သူက ထိုကိစ္စကို ကိုယ်ဝန်ဆောင်နေချိန်တွင် များစွာ ဂရုမစိုက်ခဲ့သည့်တိုင် တောင့်တင်းသော ကြွက်သားများအားလုံးက သွားရှာလေပြီ။
ကျောက်ကျင်းကောက မနက်ဖြန်တွင် အပြင်ထွက်၍ လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ရန် တိတ်တိတ်လေး စိတ်ပြင်ဆင်ထားခဲ့သည်။
ကျောက်ကျင်းကော ရေချိုးပြီးသွားသောအခါ ဆပ်ပြာသီးနံ့လေး သင်းကြိုင်နေပြီး လပေါင်းများစွာ အသားမစားခဲ့ရသည့် ကျန်းကျန့်ကို လှုပ်ရှားသွားစေသည်။ သို့သော်ငြား ကျန်းကျန့်က စိတ်ဆန္ဒများကို ဖိနှိပ်လိုက်သည်။ ကျောက်ကျင်းကော၏ ကိုယ်က ယခုထက်ထိ အပြည့်အဝ ပြန်မကောင်းသေး၍ ကျောက်ကျင်းကောလေးကို မှောက်လိုက်လှန်လိုက် လုပ်၍ မရသေးပေ။
ထိုညတွင် ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့က ကျောက်မင်ကျူးလေးနှင့် အတူတူ အိပ်ရာဝင်ခဲ့ကြသည်။ ထိုညတွင် သူတို့က ထင်မှတ်မထားစွာပင် ကျောက်မင်ကျူးလေးကြောင့် ကြိမ်ဖန်များစွာ နိုးလာခဲ့ရသည်။
ကျောက်မင်ကျူးလေးကအလွန် သေးငယ်နေဆဲ ဖြစ်၍ ညအခါတွင် အကြိမ်များစွာ ဗိုက်ဖြည့်ရန် လိုနေသည်။ သို့သော်လည်း အခြားသူများထံမှ နို့ရည်မှာ ပူနွေးလာသော ရာသီဥတုတွင် ကောင်းကောင်း မထိန်းသိမ်းထားနိုင်တော့ပေ။ အေးခဲထားခြင်း မရှိပါက နို့ရည်မှာ နာရီအနည်းငယ်အတွင်း ချဥ်သွားနိုင်သည်။ သို့သော်လည်း ဤခေတ်တွင် ရေခဲသေတ္တာလည်း မရှိပေ။
ညသန်းခေါင်အချိန်တွင် အခြားသူများထံမှ နို့ရည် လတ်လတ်ဆတ်ဆတ် သွားတောင်းရန်ကလည်း မသင့်တော်လှ။ နောက်ဆုံးတွင် ကျန်းကျန့်က နည်းလမ်းတစ်ခု စဥ်းစားမိခဲ့သည်။ ၎င်းမှာ ဆူပွက်စေခြင်းပင်။
ညနေပိုင်းတွင် ထမင်းချက်လီနှင့် ကျောက်လျူတို့က အပြင်ထွက်ကာ နို့ရည် အမြောက်အများ ပြန်ယူလာခဲ့ကြပြီး ရေအိုးထဲတွင် ရေထည့်၍ ကျိုသည်။ အောက်တွင် ထင်းတစ်ချောင်းကိုသာ ထည့်၍ ဖြည်းဖြည်းချင်း တောက်လောင်စေပြီးနောက် နို့ရည်ကို ခွက်တစ်ခုအတွင်းသို့ ထည့်ကာ ရေဆူဆူထဲတွင် ထည့်လိုက်သည်။ ဤနည်းဖြင့် နို့ရည်ကို ပူနွေးနေစေပြီး ပိုးမွှားများလည်း ပေါက်ဖွားနိုင်မည် မဟုတ်တော့။
ကျိုချက်ခြင်းက အချို့သော အာဟာရဓါတ်များကို အနည်းနှင့် အများ ဆုံးရှုံးစေနိုင်သော်လည်း ပိုးမွှားများ ပေါက်ဖွားစေသည်ထက်တော့ ပို၍ ကောင်းပေသည်။
ထင်းတုံးအကြီးကြီးကို တဖြည်းဖြည်း လောင်ကျွမ်းစေသည်။ ထင်းတုံးတစ်တုံးက အိုးထဲမှ ရေများကို နာရီပေါင်းများစွာ ပူနွေးနေစေရန် ထိန်းထားနိုင်သည်။ထို့နောက်တွင် ကျန်းကျန့်က ညနေပိုင်းတွင် ကျောက်မင်ကျူးအတွက် အိုးထဲမှ နို့ကို ယူလာပေးပြီးနောက် ညသန်းခေါင်တွင် ထင်းတစ်ချောင်း ထပ်ထည့်ပေးရုံသာ။
မနက်ပိုင်း လေး၊ ငါးနာရီလောက်တွင် နို့ရည်လတ်လတ်ဆတ်ဆတ်ကို ထပ်ပြီး ရနိုင်ပေသည်။
ထိုညတွင် ကျန်းကျန့်က နောက်ထပ် အကြိမ်အနည်းငယ် နို့သွားယူရန် ထခဲ့ရပြီး သူ့သမီးလေး ပိုပိုပြီး စားနိုင်လာသည့်အတွက်လည်း ကျေနပ်နေသည်။ ထို့အပြင် သူမက အလေးချိန် အနည်းငယ် တက်လာသည်။ မွေးကာစက မေးချွန်ချွန်လေး ရှိနေသည်မှာ သိသာထင်ရှားနေခဲ့သော်လည်း ယခုတွင် မေးနှစ်ထပ် ဖြစ်လာလေပြီ။ သူမ၏ မျက်နှာလေးက ပုလဲတစ်လုံးနှင့်ပင် တူလာလေတော့သည်။ သို့သော်ငြား ထိုပြည့်ပြည့်ဝိုင်းဝိုင်း မျက်နှာလေးမှာ အမှန်ပင် ကြည့်ကောင်းလှသည်။ ထို့ထက်ပို၍ လှပမည့် အရာမရှိနိုင်တော့။
ကျန်းကျန့်က ကလေးကို နို့တိုက်လိုက်ပြီးနောက် သူသမီးလေး၏ ပါးတစ်ဖက်စီကို မနမ်းရှုံ့မိဘဲ မနေနိုင်ပေ။ ဝဝဖိုင့်ဖိုင့် ကလေးများက ရုပ်ဆိုးလှသည်ဟု တွေးခဲ့ဖူးသည်ကိုလည်း လုံးဝ မေ့လျော့သွားခဲ့လေပြီ။
နောက်တစ်နေ့တွင် ကျန်းကျန့် အပြင်ထွက်လာသောအခါ ကျောက်ကျင်းကောနှင့် ကျောက်မင်ကျူးတို့ကိုပါ သူနှင့် အတူ ခေါ်လာခဲ့သည်။
မတိုင်မီက ကျောက်လျူမှာ ကျောက်မင်ကျူးလေး လေဒဏ်ကြောင့် နေမကောင်းဖြစ်မည်ကို စိုးရိမ်သဖြင့် သူမကို အပြင်ခေါ်သွားရန် ခွင့်မပြုခဲ့သော်လည်း သူမ၏ တစ်လပြည့်ပွဲပြီးနောက် ကျောက်လျူက သူတို့ကို မတားမြစ်တော့။ သို့သော်လည်း ကျန်းကျန့် ကျောက်မင်ကျူးလေးကို ခေါ်သွားချိန်၌ ကျောက်လျူမှာ အနည်းငယ် တုံ့ဆိုင်းနေဆဲ ဖြစ်သည်။
"မင်းက လေ့ကျင့်ရေးကို သွားချင်တယ်ဆိုလဲ ကျင်းကောကိုပဲ ခေါ်သွားလေ.... မင်ကျူးကို ဘာလုပ်ဖို့ ခေါ်သွားမှာတုန်း"
"မင်ကျုးကို လေ့ကျင့်ရေးတွေ ကြည့်ခိုင်းမလို့လေ" ကျန်းကျန့်က ပြောလိုက်သည်။
ဤခေတ်ကာလတွင် မိန်းကလေးများနှင့် ကောများက ဘဝကောင်းကောင်းတွင် နေထိုင်ရရန်အတွက် အတော်လေး ခက်ခဲသည်။ သူတို့အတွက် ယောကျ်ားတစ်ယောက်ကဲ့သို့ နေထိုင်ရန်မှာ ပို၍ပင် ခက်ခဲသော်လည်း အနာဂါတ်တွင် သူ့သမီးလေး မှားယွင်းဆက်ဆံခံရမည်ကို လက်သင့်မခံနိုင်ပေ။ ထို့ကြောင့် သူက သူ့သမီးလေးကို ငယ်စဥ်ကတည်းက သင်ပြပေးပြီး ပို၍ လေ့ကျင့်ပေးရမည်။ ထိုမှသာ နောင်တွင် သူမလေးက အမှိုက်ကောင်များနှင့် တွေ့ဆုံ၍ အနိုင့်ကျင့်မခံရမည် ဖြစ်သည်။ သူ့သမီးလေးက ငယ်ရွယ်လွန်းနေသည်ကြောင့်သာ မဟုတ်ပါက ကျန်းကျန့် သူမအတွက် လေ့ကျင့်ရေး အစီအစဥ်တစ်ခုကိုပါ ပြင်ဆင်ပေးမိလောက်သည်။
မိန်းကလေးတစ်ယောက်က လေ့ကျင့်ရေးကို ကြည့်ဖို့လား... ကျောက်လျူက ပဟေဠိ ဖြစ်သွားသော်လည်း ကျန်းကျန့်က သူ့သမီးကို ပွေ့ချီထားပြီးသား ဖြစ်နေလေပြီ။ သိပ်မကြာခင်မှာပင် သူ့လူများကို လေ့ကျင့်ပေးနေသည့် နေရာသို့ ရောက်လာခဲ့သည်။
ထိုအခိုက်တွင် ကျန်းကျန့်၏ လက်အောက်၌ လူပေါင်းတစ်ရာကျော် ရှိနေပြီး အားလုံးမှာ ကောင်းကောင်း လေ့ကျင့်ခံထားရပြီးသား ဖြစ်သည်။ ကျန်းကျန့်က ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းကို တရားဝင် စတင်လည်ပတ်နိုင်တော့မည်ဟု ဆုံးဖြတ်ချက်ချထားသည်။ ထို့ကြောင့် သူက လျူချမ်ချမ်နှင့် ကျောက်လင်ရှီးတို့ကို ကျန်းတံဆိပ်အမြောက်အများ ပန်းထိုးခိုင်းခဲ့လေသည်။ သူတို့၏ ပန်းထိုးလက်ရာက မြို့တော်တွင် သူတွေ့ခဲ့သည့် ပန်းထိုးပညာရှင်များထက် မနိမ့်ကျနိုင်ပေ။
တစ်ချိန်တည်းမှာပင် သူက ဤရက်များအတွင်း သူ့လူများနှင့် သင်္ဘောသားများကို ကျွေးမွေးရန်အတွက် ငွေကို ရေလို သုံးစွဲနေစဥ်မှာပင် ထိုအမျိုးသမီးနှင့် ကောများက အဝတ်များ ရက်လုပ်ခြင်းဖြင့် သူ့ကို ငွေအမြောက်အများ ရှာပေးခဲ့သည်။
ကျောက်မင်ကျူးက တစ်လသား အရွယ် ရှိပြီ ဖြစ်သော်လည်း သူမ၏ လည်တိုင်လေးက သိပ်မခိုင်သေးသဖြင့် သူမကို အလျားလိုက် ပွေ့ထားရသည်။
ကျန်းကျန့်က သူမလေးကို ပွေ့ချီနေစဥ် အလွန် ဂရုစိုက်ထားသည်။ သူမကို ကြည့်လိုက်သည့်အခါတွင်လည်း သူ့အကြည့်များက မလွဲဧကန် နူးညံ့သွားလေသည်။