Chapter 149
ကျန်းကျန့်၏ ထိုပုံစံက ကျင့်သားမရသေးသော သူ့လူအချို့ကို မသက်မသာ ဖြစ်သွားစေသော်လည်း ကျန်းကျန့် ကျောက်ကျင်းကောအပေါ် မည်သို့ ဆက်ဆံခဲ့ကြောင်းကို တွေးမိသွားသောအခါ တဖြည်းဖြည်း ကျင့်သားရလာကြလေသည်။
သူ့သမီးအပေါ် ကောင်းပေးရုံပဲ မဟုတ်ဘူးလား... တကယ်တော့ ဒီလောက်က ဘာမှ မဟုတ်ဘူးလေ...
အခုတော့ ကျန်းကျန့်က သူ့ဇနီးနဲ့ သမီးအပေါ် အရမ်းကောင်းတယ်ဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ....
ကျောက်မင်ကျုးက ငယ်လွန်းသဖြင့် ကျန်းကျန့်က နေ့တိုင်း တစ်ခဏသာ ခေါ်ထုတ်လာသည်။ အချိန်အများစုတွင် သူမက အိမ်ထဲမှာသာ နေခဲ့သော်လည်း ကျောက်ကျင်းကောကမူ အပြင်တွင် အချိန်အကြာကြီး နေပေလိမ့်မည်။
ကျန်းကျန့်က ကျောက်ကျင်းကောအား အားအလွန်သုံးရသည့် လေ့ကျင့်ခန်းများကို လုပ်ရန် ခွင့်မပြုထားသော်လည်း အားသိပ်မသုံးရသည့် ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းအချို့ကို မတားမြစ်ခဲ့ပေ။ ထို့ကြောင့် နောက်ထပ်တစ်လအကြာတွင် ကျောက်ကျင်းကောက ကလေးမမွေးခင်က ပုံစံသို့ ပြန်ရောက်လာခဲ့သည်။
ထိုအရာက အရေးကြီးဆုံးအချက် မဟုတ်သေး။ အရေးအကြီးဆုံးအချက်မှာ ကျန်းကျန့်က အဆုံးတွင် ကျောက်ကျင်းကောကို ထပ်မံ ဖက်တွယ်ကာ သူနှင့်အတူ အချစ်များ ပြုလုပ်နိုင်ခဲ့သောကြောင့်ပါပင်။
အဆင်ပြေလွယ်ကူသက်သာစေရန်အတွက် ကျန်းကျန့်က လက်သမားအား သူတို့ကုတင်ထက် ပိုမြင့်သည့် ကလေးပုခက်တစ်ခုကို အထူးတလှယ် ပြုလုပ်ခိုင်းခဲ့ပြီး အခန်းထဲတွင် နေရာချထားခဲ့သည်။ ကျောက်မင်ကျုး အိပ်ပျော်သွားသောအခါ သူနှင့် ကျောက်ကျင်းကောတို့ ကိစ္စဝိစ္စများ ပြုလုပ်ရာ၌ အဆင်ပြေစေရန် သူမကို ပုခက်လေးထဲသို့ ထည့်ထားလိုက်သည်။
လပေါင်းများစွာ မလုပ်ခဲ့ရသည့်အတွက် ကျောက်ကျင်းကောနှင့် ကျန်းကျန့်တို့ မည်မျှပင် တက်ကြွနေပါစေ ကြာကြာမခံခဲ့ပေ။ သို့သော်လည်း မကြာခင်မှာပင် သူ့ညီလေးက ထပ်ပြီး အားအင်အပြည့် ဖြစ်လာခဲ့ပြီး ဤတစ်ကြိမ်၌ သူက ကျောက်ကျင်းကောနှင့်အတူ အလှည့် 300 လောက်ထိ တိုက်ပွဲဝင်ခဲ့သည်။
ကျောက်ကျင်းကော၏ ခန္ဓါကိုယ် ပြန်လည်သက်သာလာပြီးနောက် ကျန်းကျန့်၏ ဘဝကြီးက အရောင်အသွေးစုံလာခဲ့ပြီး တစ်ချိန်တည်းမှာပင် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းသည်လည်း ပြန်လည် ဖွင့်လှစ်ခဲ့လေပြီ။
ကျန်းကျန့်က နောက်ဆုံးအကြိမ်က သူနှင့် အလုပ်လုပ်ခဲ့သော စီးပွားရေးသမားများကိုပထမဆုံး ဆက်သွယ်ခဲ့ပြီးနောက် ကျန့်မိသားစုကို နှုတ်ဆက်ကာ မကြာခင် စီးပွားရေး လုပ်ငန်းအချို့ လက်ခံရရှိခဲ့သည်။
ကျန်းကျန့်မှာ ယခင်က သူ့သမီးလေးကို ထားခဲ့ရန် တွန့်ဆုတ်နေပါသော်လည်း သူက သွားကို သွားရမည် ဖြစ်သည်။ ဤတစ်ကြိမ်၌ ကျောက်ကျင်းကောလည်း သူနှင့်အတူ လိုက်ပေးနိုင်မည် မဟုတ်ပေ။
ကျောက်မင်ကျုးက တစ်ချိန်လုံး သူတို့နှင့်အတူ အိပ်ခဲ့သည်။ သူတို့၏ စောင့်ရှောက်ပေးမှုကြောင့် သူမက သူတို့နှင့် အလွန် နီးကပ်ပေသည်။ သူတို့သာ အတူတူ ထွက်သွားလိုက်ကြပါက သူမလေး ကျင့်သားရလိမ့်မည် မဟုတ်သဖြင့် ကျောက်ကျင်းကောက နေရစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းကျန့်က ဝေးဝေးမသွားခဲ့ပေ။ တွက်ချက်များအရ သူမကြာခင် ပြန်လာနိုင်မည် ဖြစ်ပြီး သူပြန်ရောက်သည်သောအခါ သူမှာထားသည့် ပရိဘောဂများလည်း အသင့်ဖြစ်လုပြီ ဖြစ်၍ မကြာခင် အိမ်ပြောင်းနိုင်တော့မည်။
"ကျင်းကော... ကိုယ်သွားပြီ"
သင်္ဘောဆိပ်တွင် ကျန်းကျန့်က ကျောက်ကျင်းကောကို နှုတ်ဆက်လိုက်ပြီးနောက် သူ့သမီးလေးကို အနမ်းပေးလိုက်သည်။ ထို့နောက် ပြန်လှည့်မကြည့်တော့ဘဲ သင်္ဘောပေါ် တက်သွားလေတော့သည်။ သင်္ဘော စထွက်မှသာ ကျန်းကျန်ြက သင်္ဘောဦးပိုင်းတွင် ပေါ်လာပြီး ကျောက်ကျင်းကောကို လက်မြှောက်ပြလိုက်လေသည်။
သိသာထင်ရှားစွာပင် ကျန်းကျန့်က ယခုထိ ထွက်မသွားသေးသော်လည်း ကျောက်ကျင်းကောမှာ သူ့ကို အနည်းငယ် လွမ်းနေခဲ့လေပြီ။ ကျန်းကျန့် ထွက်သွားသည်ကို ကြည့်နေရင်းဖြင့် ကျောက်ကျင်းကောက အသက်ပြင်းပြင်း ရှူကာ ကလေးကို အိမ်ပြန်ခေါ်လာပြီး ကျောက်လျူထံ လက်လွှဲပေးလိုက်သည်။
ကျန်းကျန့်ထွက်မသွားခင် အလုပ်အားလုံးကို သူ့ထံ ချန်ထားရစ်ခဲ့သဖြင့် လာမည့်ရက်များတွင် တစ်ချိန်လုံး ကလေးနှင့်အတူ မနေနိုင်သည်မှာ အသေအချာပင်။
ကျောက်ကျင်းကောက ကျန်းကျန့်နှင့်အတူ စာမည်သို့ ဖတ်ရမည်ကို တစ်နှစ်မျှ လေ့လာခဲ့သည်။ သူက ကိုယ်ဝန်ဆောင်နေပြီး ကလေးမွေးသည့်အချိန်မှာပင် စာလေ့လာနေခြင်းကို မရပ်တန့်ခဲ့ပေ။ လတ်တလောတွင် စာလုံးအားလုံးကို သိနေပြီဟု ပြော၍ မရသေးသော်လည်း တွေ့ရများသော စကားလုံးများ အားလုံးကို မှတ်မိနေပြီး ဂဏန်းသင်္ချာတွင်လည်း အလွန်တော်သည်။ ထို့ကြောင့် လက်အောက်ငယ်သားများကို စီမံခန့်ခွဲရခြင်းက သူ့အတွက် မခက်ခဲပေ။
ထပ်ရှိသေးသည်မှာ လူအများစုက ကျန်းကျန့်နှင့်အတူ လိုက်သွားကြသဖြင့် သူက ယခုတွင် အုတ်ဖိုကိုသာ အဓိက ကြီးကြပ်နေရသည်။
ကျန်းကျန့်၏ ဆုချီးမြှင့်သည့် စနစ်ကြောင့် အုတ်ဖိုတွင် အုတ်များစွာ ဖုတ်ပြီးသွားခဲ့လေပြီ။ ဤတစ်ကြိမ် ကျန်းကျန့် အပြင်သွားသောအခါ သင်္ဘောကြီးတစ်ခုပေါ်၌ အုတ်များ သယ်သွားပြီး ဖုချောင်၌ သွားရောင်းရန် စီစဥ်ထားသည်။ အုတ်စိမ်းများကဲ့သို့ ကုန်ပစ္စည်းများ ဆိုပါက မရောင်းရမည်ကို စိတ်ပူစရာ မလိုပေ။ ထိုသို့ဆိုလျှင်တောင် ဤနေရာ၌ အုတ်များစွာ ကျန်ရှိနေသေးပေသည်။
ကျောက်ကျင်းကောက စီရင်စုမြို့သို့ အုတ်များကို သယ်သွားကာ ယန်ကျင်းနှင့် လောင်းကစားရုံ၏ မန်နေဂျာစသည့် ကျန်းကျန့်၏ အသိအချို့ကို ရှာလိုက်သည်။ ရက်အနည်းငယ်အကြာ တစ်စုံတစ်ယောက်က အသစ်ဆောက်ထားသော သူတို့၏ သင်္ဘောဆိပ်သို့ ရောက်ချလာပြီး အုတ်အမြောက်အများ ဝယ်ယူသွားခဲ့သည်။တစ်ချိန်တည်းမှာပင် ဟယ့်ရှီရွာ၌ အသစ်ဆောက်ထားသည့် သင်္ဘောဆိပ်တစ်ခု ရှိပြီး အုတ်စိမ်းများလည်း ရောင်းချနေသည့် သတင်းမှာလည်း တဖြည်းဖြည်း ပျံ့နှံ့လာလေတော့သည်။
ဟယ်ချောင်စီရင်စုတွင် အုတ်ဖိုသေးသေးလေး တစ်ခုသာ ရှိသဖြင့် အုတ်များစွာ မထုတ်လုပ်နိုင်ပေ။ ထိုအကြောင်းကြောင့် အုတ်များ ရောင်းချနေသည့် သတင်း ပျံ့နှံ့လာသောအခါ ပိုမိုများပြားလာသည့် လူများ အုတ်ဝယ်ရန် ရောက်လာကြပြီး ကျောက်ကျင်းကောကို အလုပ်ရှုပ်သွားစေသည်မှာ အံ့သြစရာ မရှိတော့ပါပေ။
"ကျင်းကော... သားမှာ တစ်ချိန်လုံး ပြေးလွှားနေရတာ... အသားတွေတောင် ညိုလာပြီ" ကျောက်လျူက မဲပြီးရင်းမဲလာသော သူမ၏ သားကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
မြို့တော်သို့ မသွားစဥ်က ကျန်းကျန့်နှင့် သူ့လူများအားလုံး အသားညိုကြပါသော်လည်း ကျောက်ကျင်းကောက ဦးခန်းထဲတွင်သာ နေခဲ့သဖြင့် လုံးဝ အသားမညိုသွားဘဲ အနည်းငယ် ပိုဖြူလာသေးသည်။ သူပြန်ရောက်လာသောအခါတွင်လည်း အိမ်ထဲမှာသာ တစ်ချိန်လုံး နေခဲ့ရသဖြင့် ပို၍ပင် အသားဖြူလာသေးသည်။
သို့သော်လည်း ကျောက်လျူ သူမ၏သား အသားဖြူဖြူလာသည်ကို ဝမ်းမသာနိုင်သေးခင်မှာပင် ကျောက်ကျင်းကောက ထပ်မဲသွားပြန်လေသည်။
"အမေ... အဆင်ပြေပါတယ်" ကျောက်ကျင်းကောက ပြောလိုက်သည်။
သူသာ ပြေးလွှားမနေရပါက တစ်ချိန်လုံး ကျန်းကျန့်၏ အကြောင်းကိုသာ စဥ်းစားမိနေလိမ့်မည်။ ထိုသို့ လုပ်မည့်အစား ဆက်ပြီးသာ ပြေးလွှားနေချင်မိပေသည်။ သို့သော်ငြား ကျောက်ကျင်းကောက နောက်တစ်နေ့တွင် အပြင်ထွက်သောအခါ နေလောင်ဒဏ်မှ ကာကွယ်ရန် ကောက်ရိုးခမောက် ဆောင်းသွားခဲ့သည်။ နွေရာသီ ဖြစ်၍ နေပူရှိန်က အတော်လေး ပြင်းလှသည်။
ဤတစ်ခေါက် ကျန်းကျန့် ထွက်သွားသောအခါ ဆယ်ရက်နေရန် စဥ်းစားထားခဲ့သော်လည်း သူ့အစီအစဥ်များက ယခင်ကထက် ပို၍ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားခဲ့လေသည်။ သူက လတ်တလောတွင် ယခင်ကထက် ပစ္စည်းပိုများလာပြီး ကိုယ်ပိုင်သင်္ဘောလည်း ရှိနေလေပြီ။ ထို့အပြင် ဖုချောင်၌ ကုန်ပစ္စည်းများ ရောင်းချသည့်အချိန်တွင် အချို့လူများနှင့် သိကျွမ်းခဲ့သည်။ နောက်ဆုံးတွင် သူက ဖုချောင်၌ စီးပွားရေး လုပ်ငန်းကြီးများစွာ ဆောင်ရွက်နိုင်ခဲ့သည်။
သူ့စီမံခန့်ခွဲမှုအောက်မှ လူများစွာဖြင့်ဆိုလျှင် စီးပွားရေး သဘောတူညီမှုကြီးအချို့ လုပ်ဆောင်ခဲ့လျှင်တောင် အိမ်ပြန်မည့်ကိစ္စအပေါ် မသက်ရောက်နိုင်ပေ။
သူ့လူများကို ကုန်ပစ္စည်းများ ပို့ဆောင်ပေးရန် ခိုင်းစေနိုင်သည်။ သို့သော်လည်း သူ့လက်အောက်တွင် စာဖတ်နိုင်သူက နည်းလွန်းသည်။ သူတို့အများစုမှာ စာမဖတ်တတ်ကြသဖြင့် သူတို့ကို ကုန်ပစ္စည်းများ ပို့ဆောင်ရန်နှင့် စောင့်ကြပ်ကြည့်ရှုရန်အတွက် တစ်ယောက်တည်း ထွက်သွားခွင့်ကို မည်သို့ ခွင့်ပြုပေးနိုင်မည်နည်း...
ကျန်းကျန့်က မတိုင်မီက ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့ပါသော်လည်း ဤတစ်ကြိမ်တွင် ထိုပြင်ဆင်မှုများက လုံလုံလောက်လောက် အသင့်မဖြစ်သေးသည်ကို တွေ့ရှိလိုက်ရသည်။ စီးပွားရေး လုပ်ငန်းကြီးများ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာမှုကြောင့် ကျန်းကျန့်မှာ ဟယ်ချောင်စီရင်စုသို့ မပြန်ခင် ရက်နှစ်ဆယ်ကျော် နေခဲ့ရသည်။
သူက အိမ်ပြန်ကာ သူ့သမီးလေးကို ချက်ချင်း တွေ့ချင်နေပါသော်လည်း သင်္ဘောပေါ်မှ ကုန်သည်များမှာ ဟယ်ချောင်စီရင်စုမြို့ကို သွားချင်နေကြလေသည်။
သင်္ဘောက ဟယ်ချောင် စီရင်စုဆိပ်ကမ်းကို တဖြည်းဖြည်း ဆိုက်ကပ်လာသည်။ ဆိပ်ကမ်းတွင် သင်္ဘောများစွာ ရှိနေသဖြင့် ကျန်းကျန့်၏ သင်္ဘောက ဆိုက်ကပ်ရန် နေရာမရမီ တစ်ခဏမျှ စောင့်ဆိုင်းရန် လိုအပ်နေသေးသည်။ ထိုကဲ့သို့ စောင့်နေရခြင်းက ကျန်းကျန့်ကို ပို၍ စိတ်မရှည် လက်မရှည် ဖြစ်လာစေသည်။
ကျန်းကျန့်က သင်္ဘောဦးထိပ်တွင် ရပ်ကာ ဟယ်ချွန်းရှန့်ကို ပြောလိုက်သည်။
"ငါ့အတွက် လှေတစ်စီးလောက် ရှာပေး... ငါအရင် အိမ်ပြန်နှင့်မယ်... မင်းက ဒီနေရာမှာ စောင့်ကြည့်နေပြီးတော့ ဆိုက်ပြီးတာနဲ့ အရင်ဆုံး ကုန်သည်တွေကို ကုန်ပစ္စည်းတွေ ချခိုင်းလိုက်... နောက်ပိုင်း ကိစ္စတွေ ရှင်းဖို့ ငါပြန်လာခဲ့မယ်"
ကျန်းကျန့်က စကားပြောနေဆဲတန်းလန်းတွင် ရပ်သွားလေသည်။ မြစ်ကမ်းဘေးတွင် သူ့ကို လက်ပြနေသည့် ကောက်ရိုးခမောက်ဆောင်းထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ ကြည့်လိုက်သောအခါ ထိုသူက လက်ကိုချကာ ကောက်ရိုးခမောက်ကို ချွတ်လိုက်လေသည်။ ဒီလူက ကျောက်ကျင်းကော မဟုတ်ရင် ဘယ်သူ ဖြစ်ရဦးမှာလဲ...
"ဘောစ့်... အိမ်ပြန်ဖို့ ဒီလောက် အလျင်လိုနေပြီလား"
"ဘောစ့်က သူ့ဇနီးကို လွမ်းနေတာပဲ ဖြစ်ရမယ်"
"ဘောစ့် သမီးလေးကိုရော လွမ်းနေပြီလား"
. . .
ကျန်းကျန့်၏ လူများမှာ တပြုံးပြုံးနှင့် ပြောဆိုနေကြသည်။ သို့သော်လည်း ထိုအခိုက်မှာပင် သူတို့စကားပြောနေသည့် ကျန်းကျန့်မှာ ရုတ်တရက်ပင် မြစ်ထဲသို့ ခုန်ချသွားခဲ့လေသည်။
"ဘောစ့်" ကျန်းကျန့်ဘေးတွင် ရပ်နေသည့် ဟယ်ချွန်းရှန့်က ကြက်သေသေသွားပြီး သင်္ဘော၏ ဘေးဘက်ကို အပြေးသွားလိုက်သည်။ ထို့နောက် ကမ်းဆီသို့ ရေကူးသွားနေသည့် ကျန်းကျန့်ကို တွေ့လိုက်ရလေသည်။
"ဘောစ့်"
"ဘောစ့် ဘာဖြစ်သွားတာလဲ"
"ပူလိုက်တာ... ငါလည်း အေးသွားအောင် ရေကူးချင်တယ်"
. . .
သင်္ဘောပေါ်မှ လူများအားလုံး ဟယ်ချွန်းရှန့်ရှိရာသို့ ရောက်လာကြပြီး ရေထဲသို့ ကြည့်လိုက်ကြသည်။ ထို့နောက် ဆိပ်ကမ်းတွင် ရပ်နေသည့် ကျောက်ကျင်းကောကိုလည်း တွေ့လိုက်ရလေသည်။
သူ ရေထဲကို ခုန်ချသွားတာ အံ့သြစရာ မရှိတော့ဘူး... သူ့ဇနီးကို စောစော တွေ့ချင်နေလို့ကိုး...
ကျောက်ကျင်းကောသည်လည်း ဆိပ်ကမ်း၏ အစွန်းထိ ပြေးလာသည်ကို တွေ့လိုက်ရသောအခါ ထိုလူများမှာ ရုတ်တရက် မနာလို ဖြစ်သွားကြလေသည်။ ဘာလို့ သူတို့က မစောင့်နိုင်ကြတာလဲ...
အမှန်မှာ ကျောက်ကျင်းကောက ကျန်းကျန့်ကို စောင့်ရန်အတွက် တမင်သက်သက် ရောက်လာခဲ့ခြင်း မဟုတ်ပေ။ အဆုံးတွင် ကျန်းကျန့် ယနေ့ ပြန်လာမည့်အကြောင်းကို သူမသိခဲ့ပါပေ။ သို့သော်လည်း စီရင်စုမြို့သို့ စီးပွားရေးကိစ္စကြောင့် ရောက်လာချိန်တွင် သူအားလပ်သည့်အချိန်တိုင်း ကျန်းကျန့်ကို တွေ့နိုင်မည်လားဟူသော မျှော်လင့်ချက်ဖြင့် သင်္ဘောဆိပ်သို့ ရောက်လာပြီး တစ်ခဏမျှ နေလေ့ရှိသည်။ သူလက်ထပ်ပြီးနောက် ကျန်းကျန့်နှင့် တစ်ခါမှပင် မခွဲဖူးပေ။ ဤတစ်ကြိမ်၌ ကျန်းကျန့် ထွက်သွားချိန်တွင် အလွန် မသက်မသာ ဖြစ်ခဲ့ရသော်လည်း ကျန်းကျန့်က သတ်မှတ်ထားသော အချိန်တွင် ပြန်ရောက်မလာခဲ့ပေ။
ယနေ့တွင် သူက သင်္ဘောဆိပ်တွင် တစ်ခဏမျှနေပြီး အိမ်ပြန်မည်ဟု ရည်ရွယ်ထားခဲ့သော်လည်း ရလဒ်အနေဖြင့် ကျန်းကျန့်၏ သင်္ဘောကို တွေ့လိုက်ရလေသည်။ ကျောက်ကျင်းကောမှာ ချက်ချင်း အပျော်လွန်သွားခဲ့သည်။ ထို့နောက် ကျန်းကျန့်က သင်္ဘောပေါ်မှ ခုန်ချလာပြီး သူ့ထံသို့ ရေကူးလာသည်ကို တွေ့လိုက်ရသည်။
ထိုအခိုက်တွင် ကျောက်ကျင်းကောသည်လည်း ရေထဲသို့ ခုန်ဆင်းလိုက်ချင်ပါသော်ငြား မြစ်ကမ်းဘေးတွင် မရေတွက်နိုင်သော သင်္ဘောနှင့် လှေများစွာ ရှိနေခဲ့လေသည်။ သူတို့က ပြည့်ပြည့်သိပ်သိပ် ဆိုက်ကပ်ထားသဖြင့် သူ့အတွက် ရေထဲသို့ ဆင်းသွားနိုင်မည့် နေရာမရှိသဖြင့် အဆုံးတွင် ထိုသို့ မလုပ်လိုက်ရပေ။
တစ်ခဏအကြာ ကျန်းကျန်က ကမ်းဘေးသို့ ရောက်လာခဲ့သည်။
"အစ်ကိုကြီး... လှေပေါ်က မတော်တဆ ပြုတ်ကျသွားတာလား" ကျန်းကျန့် ရေထဲမှ တက်လာသောအခါ တစ်စုံတစ်ယောက်က မေးလိုက်သော်လည်း ကျန်းကျန့်က သူ့အမေးကို မကြားဟန်ပြုကာ ကမ်းပေါ်မှ ကျောက်ကျင်းကောကို လှမ်းဖက်လိုက်သည်။
"ခင်ဗျား..."
ကျောက်ကျင်းကောက မသိစိတ်အတိုင်း သူ့မျက်နှာကို ကောက်ရိုးခမောက်ဖြင့် အုပ်ထားလိုက်သည်။ ဒီနေရာမှာ လူတွေ အများကြီးပဲ...
"ဟားဟား" ကျန်းကျန့်က ရယ်မောကာ ကျောက်ကျင်းကောကို လွှတ်ပေးလိုက်သည်။
"ကျင်းကော... ကိုယ့်ကို လာစောင့်နေတာလား"
"ကျွန်တော်က လမ်းကြုံလို့" ကျောက်ကျင်းကောက ပြောလိုက်သည်။ ထို့မှသာ သူက ကျန်းကျန့်ကြောင့် ရေများစိုသွားရသည်ကို သဘောပေါက်သွားလေတော့သည်။
ကံအားလျော်စွာဖြင့် သိပ်အများကြီးတော့ မဟုတ်ပေ။ ဇွန်လအဆုံးပိုင်းဖြစ်၍ အလွန်ပူနေလေရာ ရေစိုနေလျှင် အနည်းငယ် အေးမြလာသည်ဟု ခံစားရရုံသာ။
"ဟုတ်ပါတယ်... မင်းက လမ်းကြုံလို့ပါ" ကျန်းကျန့်က ပြုံးလိုက်သည်။ ကောက်ရိုးခမောက်ဆောင်းထားတဲ့ လူကို သူတွေ့တာဖြင့်တော်တော်ကြာပြီ... ဖြတ်သွားဖြတ်လာတစ်ယောက်က ဒီလောက်အကြာကြီး ဘယ်လိုလုပ် နေပါ့မလဲ"
ကျန်းကျန့်က ပြောပြီးသည်နှင့် ကျောက်ကျင်းကော၏ လက်ကလေးကို ဖျစ်ညှစ်လိုက်သည်။ ကျောက်ကျင်းကောက ရှက်သွေးဖြာသွားပြီး သူ့မျက်နှာကို ကောက်ရိုးခမောက်ဖြင့် မြန်မြန် ကာထားလိုက်သည်။
"ဘာလို့ ဒီနေ့မှ ပြန်လာတာလဲ"
"လမ်းတလျှောက် တခြားစီးပွားရေးလုပ်ငန်း နည်းနည်းလောက် ယူလာလိုက်လို့" ကျန်းကျန့်က ပြောလိုက်သည်။
"အဲ့ လုပ်ငန်းတွေကို ကျေးဇူးတင်ရမယ်... ခရီးမှာ ဘာအမှားမှ မဖြစ်ခဲ့ဘူး"
လက်ရှိတွင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ ဂုဏ်သတင်းကို ယခုထက်ထိ မတည်ဆောက်ရသေး၍ ကျန်းကျန့်က အချိန်တစ်ခုလောက်ထိ ငွေများ ဆုံးရှုံးရမည်ကို ပြင်ဆင်ထားခဲ့သည်။ သူနှင့်အတူ ပစ္စည်းအချို့ကိုလည်း ယူလာခဲ့ပြီး လမ်းတလျှောက်တွင် အုတ်များကိုလည်း သင်္ဘောတစ်စီးအပြည့် ရောင်းချလာခဲ့သဖြင့် ဝင်ငွေနှင့် ကုန်ကျငွေက အနည်းဆုံးတော့ ညီမျှနေသည်။
သို့သော်ငြား ဤတစ်ကြိမ်တွင် လမ်းတလျှောက်၌ သဘောတူညီမှုအချို့ကို ယူလာနိုင်ခဲ့သဖြင့် အဆုံးတွင် အမြတ်ငွေအချို့ကို ဖန်တီးနိုင်ခဲ့သည်။
"ကောင်းတာပေါ့" ကျောက်ကျင်းကောက ထိုအခိုက်တွင် အားတက်သွားသည်။ မတိုင်မီက ကျန်းကျန့်က ပိုက်ဆံရှုံးနိုင်လောက်သည်ဟု ပြောခဲ့သဖြင့် ကျန်းကျန့်ထက်ပင် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။