အပိုင်း၁၅၀
Viewers 32k

Chapter 150

Chapter 150

လူသစ်များ ​ခေါ်ယူကာ ​ကျောင်းတည်​ဆောက်ခြင်း




"ဒါ​​ပေမယ့် သင်္ဘော​ပေါ်မှာ ပြဿနာ​တွေ အများကြီး ရှာ​တွေ့ခဲ့တယ်... ​နောက်ထပ် စာတတ်​ပေတတ်လူ​တွေ ငှားဖို့ နည်းလမ်းရှာရဦးမယ်"


ကျန်းကျန့်က ​ပြောလိုက်သည်။ သင်္ဘောတိုင်းတွင် စာဖတ်တတ်ပြီး ​ငွေစာရင်း လုပ်နိုင်သည့် လူတစ်​ယောက် ရှိသင့်​ပေသည်။ ထိုသို့မဟုတ်ပါက ပစ္စည်းများ စာရင်းသွင်းခြင်းနှင့် ​ရေတွက်ခြင်းကဲ့သို့​​သော အရာမျိုးအား လုပ်ရမည်မှာ သူ့အတွက် စိတ်ရှုပ်စရာ ​ကောင်းလှသည်။


"စာသင်သား​တွေကို ငှားဖို့ မလွယ်​လောက်ဘူး​နော်... ဟုတ်တယ်မလား" ​ကျောက်ကျင်း​ကောက ချက်ချင်း ​ပြောလိုက်သည်။


"အရမ်းကြီး ဗဟုသုတများတဲ့ လူ​တွေ ငှားစရာ မလိုပါဘူး... စာလုံး နည်းနည်း​လောက် ဖတ်တတ်ပြီး ​ငွေစာရင်း လုပ်တတ်ရင် ​ကျောင်းမသွားဖူးရင်​တောင် အဆင်​ပြေတယ်" ကျန်းကျန့်က ​ပြောလိုက်သည်။


ယန့်ကျီမြစ်၏ ​တောင်ဘက်ပိုင်းတွင် ကူးသန်း​ရောင်းဝယ်​ရေး ဖွံ့ဖြိုးမှု​ကြောင့် စာရင်းမှတ်သူများစွာ လိုအပ်ချက်ရှိသည်။ ​နောင်တွင် သူတို့၏ သားများကို ​အောင်မြင်ကြီးပွားကြ​စေလိုသူများက နှစ်တိုင်း ​ငွေစအနည်းငယ်သုံးကာ ​ကျောင်းထားကြသည်။


သူတို့က သူတို့၏ သားများကို​ ​အနာဂါတ်တွင် အင်ပါယာစာ​မေးပွဲ ​ဖြေခိုင်း​စေရန် မဟုတ်ဘဲ စာရင်းကိုင်များ ဖြစ်လာနိုင်​စေရန်ကိုသာ ​မျှော်လင့်ထားကြပြီး တစ်လလျှင် ​ငွေစတစ်စနှစ်စ ရရုံဖြင့် ​ကျေနပ်ကြ​ပေလိမ့်မည်။


ထိုကဲ့သို့​သောအ​တွေးများဖြင့် အဘွားကြီးကျန်းနှင့် သားသတ်သမားကျန်းတို့က ကျန်း​​ချောင်ဝမ်နှင့် ​ကျန်း​ချောင်ရှန့်ကို ​ကျောင်းထားခဲ့ကြခြင်း ဖြစ်သည်။


"ဒီလိုလူ​တွေ ရှာရတာ လွယ်ပါတယ်... ရွာထဲမှာ သိပ်မရှိလောက်​ပေမယ့် စီရင်စုမြို့မှာ ဒီလိုလူ​တွေ အများကြီးပဲ" ​


ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။ လတ်တ​​လောတွင် သူက စီရင်စုမြို့သို့ ​နေ့တိုင်းသွား​နေရသည့်အတွက် အ​တော်​လေး အမြင်ပိုကျယ်လာခဲ့သည်။


"အင်း" ကျန်းကျန့်က ​ခေါင်းငြိမ့်ပြလိုက်ပြီး ​ကျောက်ကျင်းကော၏ လက်က​လေးကို ကိုင်ကာ စကား​ပြော​နေခဲ့သည်။ သူတို့က သိသိသာသာပင် ပျင်းစရာအ​ကြောင်းများကို ​ပြော​နေခဲ့ကြ​သော်လည်း သူက အလွန်စိတ်​ကောင်းဝင်​နေဆဲ ဖြစ်သည်။


"မင်းတို့နှစ်​ယောက်က ဒီမှာ ဘာလုပ်​နေကြတာလဲ... လမ်းဖယ်​ပေးကြစမ်း"


ကုန်ပစ္စည်းများကို သွားလိုက်ပြန်လိုက် သယ်ယူ​နေကြသူများက ကြားလေ​သွေး၍ပင် မရနိုင်သည့် သူတို့နှစ်​ယောက်ကို ကြည့်​နေခဲ့ကြသည်။ ဒီ​ယောကျ်ားနှစ်​ယောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဂရုစိုက်ရမှန်း​တောင် မသိဘဲ ​ရေစို​နေတဲ့ အဝတ်​တွေနဲ့ ရပ်​နေကြပြီး​တော့ လက်​တွေကိုင်ပြီး ဆိပ်ကမ်းမှာ ရပ်​နေကြတုန်းပဲ... ဘယ့်နှယ်ဟာပါလိမ့်...


ကျန်းကျန့်နှင့် ​ကျောက်ကျင်း​ကောတို့က သူတို့ဘေးမှ လက်ဖက်ရည်ဆိုင်​လေးထဲသို့ ခပ်မြန်မြန် ဝင်သွားကြ​​လေသည်။


ကျန်းကျန့်က ​ငွေမပါ​သော်လည်း ကံ​ကောင်း​ထောက်မစွာဖြင့် ​ကျောက်ကျင်း​ကောက သူနှင့်အတူ ပိုက်ဆံယူလာခဲ့သည်။သူက လက်ဖက်ရည်နှစ်ခွက်အတွက် ​ကြေးပြားနှစ်ပြား သုံးလိုက်ပြီး လက်ဖက်ကိတ်​လေးခုနှင့် လက်ဖက်ကြက်ဥ​လေးလုံးကိုလည်း ဝယ်ခဲ့​သေးသည်။


လက်ဖက်ကိတ်က ​ဒေသထွက် မုန့်အကာ၏ ​ဒေသအ​ခေါ်အ​ဝေါ် ဖြစ်သည်။ ၎င်းကို ​ကောက်ညင်းမှုန့်နှင့် ပြုလုပ်ထားပြီး အဆာသွပ်ပါသည့် ​လေး​ထောင့်ပုံစံ မုန့်အကာမျိုး ဖြစ်သည်။ အဆာပလာကို များ​သောအားဖြင့် ဝက်သားဖြင့် ပြုလုပ်ထားသည်။


​အထူးသဖြင့် ကောက်ညှင်းကိုလည်း အဆာသွပ်၍ ရပြီး ဤ​ခေတ်တွင် မည်သူကမှ ဝက်သားကို မကြိုက်မရှိသဖြင့် လူအများစုက စားသုံးရန်အတွက် ​ငွေသုံးရန် တွန့်ဆုတ်​နေသည်မှတပါး ထိုလက်ဖက်ကိတ်များမှာ သဘာဝကျကျပင် အလွန်​ကျော်ကြားလှ​သည်။


လက်ဖက်ရည် ​သောက်​နေစဥ်တွင် ကျန်းကျန့်က လက်ဖက်ကိတ်နှစ်ခုနှင့် လက်ဖက်ကြက်ဥ နှစ်လုံးကို စားခဲ့သည်။ထို့​နောက် သူ့ဇနီးကို ​မေးလိုက်သည်။


"မင်ကျူး ဘယ်လို​နေလဲ... သူကိုယ့်ကို လွမ်း​နေလား"


​ကျောက်မင်ကျူးက အခုမှ သုံးလပဲရှိ​သေးတာ... လူ​တွေကို ဘယ်လိုလွမ်းရ​​ကောင်းမှန်း သိပါ့မလဲ... သို့​သော်လည်း ​ကျောက်ကျင်းကောက သူမ၏ အ​တွေးများကို မြင်​နေရ​ပေသည်။


"ခင်ဗျားကို လွမ်း​နေတယ်... သူက ညဆို အမြဲတမ်း ငို​နေတာ... မအိပ်ခင်ဆို ခဏ​လောက် ငို​နေ​သေးတယ်"


ကျန်းကျန့်က အဖိုးတန် သမီး​လေး ငို​နေရသည်ဟု ကြား​သောအခါ မ​ကျေမချမ်း ဖြစ်သွားပြီး အ​သေးစိတ်ကျကျ ​မေးမြန်း​လေ​တော့သည်။


​ကျောက်မင်ကျုးက ဂရုစိုက်ရလွယ်​သော က​လေး ဖြစ်ပြီး ကျန်းမာ​ရေးလည်း​ကောင်းသည်။ သူမကို ထိန်း​​ပေးချင်​နေကြသည့် လူ​ပေါင်းများစွာ ရှိ​နေ​လေသည်။ ပုံမှန်အားဖြင့် သူမ၏ ပါးစပ်​လေးကို တွန့်လိုက်သည်နှင့်တစ်​ယောက်​ယောက်က သူမကို ချက်ချင်း လာ​ပွေ့​ပေးတတ်သည်။ ထို့​ကြောင့် သူမက ဆန္ဒရှိ​နေလျှင်​တောင် စိတ်အ​ခြေအ​နေမ​ကောင်း ဖြစ်ရန် ခက်ခဲ​ပေသည်။


သူမက ညတွင် တဘူးဘူး မှုတ်​နေတတ်ပြီး​​ ညအချိန်တွင် ကျောက်ကျင်း​ကော တစ်​ယောက်တည်းကသာ သူမကို ထိန်း​ပေးရသည့်အတွက် ရံဖန်ရံခါတွင် သူမကို မကြည့်​​ပေးနိုင်သည်မျိုးလည်း ဖြစ်ရသည်။


​ကျောက်ကျင်း​ကောက ဤရက်များအတွင်းသူ့သမီး​လေး၏ အ​ကြောင်းအားလုံးကို ​ပြောပြခဲ့ပြီး ​ကျန်းကျန့်၏ သင်္ဘောကလည်း အဆုံးတွင် ဆိုက်ကပ်နိုင်ခဲ့​လေပြီ။


ကျန်းကျန့်က သ​င်္ဘော​ပေါ်မှ ကုန်တင်ကုန်ချ လုပ်ငန်းများကို စာရင်းသွင်းရန်အတွက် ​ကျောက်ကျင်း​ကောကို ​ခေါ်သွားခဲ့ပြီး လမ်းတ​ဝက်တွင် သူပြန်​ရောက်​နေပြီ ဖြစ်​ကြောင်း ​ကျောက်မိသားစုကို သတင်းပို့ရန် လူတစ်​ယောက် လွှတ်လိုက်သည်။


ရက်နှစ်ဆယ်​​ကျော် ထွက်သွားရပြီး​နောက် ကျန်းကျန့်၏ အဖွဲ့က အိမ်ပြန်ရန် စဥ်းစား​နေခဲ့ကြသဖြင့် ကုန်ချကာ ပစ္စည်းများ စာရင်းသွင်းသည့် အရှိန်ကလည်း ပိုမြန်လာသည်။ ​မှောင်စပြုလာ​သောအခါ အရာအားလုံးကို ​သေချာ လုပ်​ဆောင်ပြီးသွားခဲ့​လေပြီ။


သူ့သမီး​လေးအ​ကြောင်း ​တွေးလိုက်ရုံဖြင့် ကျန်းကျန့်မှာ ဟယ်​ချောင်တွင် တစ်ညနားလိုက်ရန် မဖြစ်နိုင်သဖြင့် သူ့လူများကို သန့်ရှင်း​ရေးလုပ်ခိုင်းလိုက်ပြီး သင်္ဘောကြီးတစ်စင်းလုံးက ဟယ်​ချောင်စီရင်စုမှ ထွက်ခွာလာပြီး ဟယ့်ရှီရွာ သ​င်္ဘောဆိပ်တွင် ဆိုက်ကပ်​လာသည်။


ကျန်းကျန့်နှင့် ​​ကျောက်ကျင်း​ကောတို့ အိမ်ပြန်​ရောက်လာ​သောအခါ မိုးစုန်းစုန်းချုပ်သွား​ပြီ ဖြစ်​သော်လည်း ​ကျောက်မိသားစုအိမ်က မီးလင်း​နေဆဲ ဖြစ်သည်။ ကျန်းကျန့်နှင့် ကျောက်ကျင်း​ကောတို့ တံခါးကို တွန်းဖွင့်လိုက်​သောအခါ ​ကျောက်လျူက ​ကျောက်မင်ကျူးလေးကို ​ပွေ့ထားပြီး နို့တိုက်​နေသည်ကို ​တွေ့လိုက်ရသည်။


​ကျောက်မင်ကျူးက ယခုတွင် သုံးလနီးပါး ရှိပြီဖြစ်ပြီး သူမ၏ လည်ပင်း​လေးက အစပိုင်း​လောက်ကလို မ​ပျော့​တော့​ပေ။ သူမက အသံတစ်ခု ကြားလိုက်ရ​သောအခါ ​ခေါင်း​လေးကို လှည့်လာပြီး​နောက် မျက်ရည်များ ကျဆင်းလာ​လေသည် ရုတ်တရက် တံခါးဖွင့်သံ​ကြောင့် ​ကြောက်လန့်သွားပုံပါပင်။


"မင်ကျုး" ကျန်းကျန့်က စိတ်​သောက​ရောက်သွားပြီး ​ကျောက်လျုလက်ထဲမှ ​ကျောက်မင်ကျုး​လေးကို ​ပွေ့ကာ ​ချော့​မော့လိုက်သည်။


"အ​ဖေ့ရဲ့ အဖိုးတန် ပုလဲ(မင်ကျူး)​လေး အ​ဖေ့ကို လွမ်း​နေ​တာလား"


​ကျောက်မင်ကျုးက ​ကျန်းကျန့်ထံမှ အ​ပွေ့ခံလိုက်ရချိန်တွင် အငိုတိတ်သွားသဖြင့် ​ကျန်းကျန့်ကို ပို၍ပင် ​ပျော်ရွှင်သွား​စေသည်။ တစ်ချိန်တည်းမှာပင် သူ့သမီး​လေး ပိုပိုလှလာသည်ကို ​တွေ့လိုက်ရသည်။ မတိုင်မီက သူမ၏ မျက်နှာဝဝ​လေးမှာ အိတွဲ​​နေသဖြင့် သူမကို အနည်းငယ် ရုပ်ဆိုးသွား​စေ​သော်လည်း သူမ​လေးက ပိုပိုဝလာပြီး​တော့ ပိုပိုပြီး ဝိုင်းစက်လာ​လေရာ... ဘယ်​လောက်​တောင် လှလိုက်လဲ...


​ကျောက်မင်ကျုးက ကျန်းကျန့်ကို အမှန်ပင် လွမ်း​နေခြင်း ဟုတ်မဟုတ်ကို မည်သူမှ မသိကြပါ​သော်လည်း ကျန်းကျန့်က သူမကို လို​လေ​သေးမရှိ ​စောင့်​ရှောက်​ပေးခဲ့သဖြင့် သူမက မျက်နှာသာ အနည်းငယ် ​ပေးလိုက်ပြီး မငို​တော့ပါ​ပေ။


ဟယ့်ရှီရွာသားများက က​လေးများ ဖျားနာမည်စိုးသဖြင့် က​လေးများကို ​ရေမချိုးပေးတတ်ကြ​သော်လည်း မတိုင်မီကတည်းက ကျန်းကျန့်မှာ ​ကျောက်မင်ကျုးကို ​ရေချိုး​ပေးခဲ့သည်။ ​ကျောက်မင်ကျူးက ဖျားနာမလာခဲ့ရာ ​နောက်ပိုင်းတွင် မကြာခဏ ​ရေချိုးပေးခဲ့သဖြင့် ရွာထဲမှ အခြား​သော က​လေးများနှင့် မတူဘဲ လုံးဝ အနံ့ထွက်​နေခြင်း မရှိ​ပေ။ သူမကလည်း ​ရေကြိုက်လှသည်။


ကျန်းကျန့်က သူမကို ​ရေချိုး​ပေးခဲ့ပြီး အနီရဲရဲ​တောက် အိတ်​​လေးထဲတွင် ထည့်ကာ အိပ်ရာပေါ်တွင် လဲ​လျောင်း​စေခဲ့သည်။ သူက သူမ​လေးမှာ အလွန်ချစ်စရာ​ကောင်းလှသည်ဟု ​တွေးမိ​နေခဲ့သည်။ သူ့သမီး​လေးက အလွန် ချစ်စရာ ​ကောင်းလှပါ​သော်လည်း ဤအခိုက်တွင် သူ့ဇနီး​လောက် အ​ရေးမကြီး​ပေ။


သူ့သမီး​လေးကို မြန်မြန် အိပ်​ပျော်သွား​စေရန် ​ချော့မြှူလိုက်ပြီး​နောက် ​ကျန်းကျန့်က တုန့်ဆိုင်းခြင်း မရှိဘဲ ​ကျောက်ကျင်း​ကောကို ခုန်အုပ်လိုက်သည်။


​နောက်တစ်​နေ့တွင် ကျန်းကျန့်က စာတတ်​ပေတတ်လူများကို အလုပ်​​ခေါ်ရန် စီရင်စုမြို့သို့ သူ့လူများကို ​ခေါ်သွားခဲ့သည်။ သူကမ်းလှမ်းထား​သော လစာမှာ တစ်လလျှင် ​ငွေနှစ်စ ဖြစ်သည်။ သို့​သော်လည်း သူတို့သာ အလုပ်​ကောင်း​ကောင်း လုပ်ခဲ့ပါက ​နောင်တွင် လစာတိုး​ပေးမည် ဖြစ်သည်။


လူအများစုက ဆန္ဒရှိကြ​သေည်။ အဆုံးတွင် စကားလုံးအနည်းငယ်သာ သိကြသူအများစုက အလုပ်​ကောင်းတစ်ခု မရှာနိုင်​ပေ။ ကျန်းကျန့်က လူအ​မြောက်အများ အလုပ်​ခေါ်ချင်​နေသည်ကို ကြား​သောအခါ သူတို့က ထိုသတင်းကို အချင်းချင်း အ​ပြေးအလွှား လက်တို့ကြသည်။


"​ချောင်ရှန့်... ဒီ​နေ့ သ​င်္ဘောဆိပ်မှာ စာဖတ်တတ်ပြီး စာရင်းတွက်တတ်တဲ့ လူ​တွေကို တစ်လ ​​ငွေနှစ်စနဲ့ အလုပ်​ခေါ်တဲ့သူ​တွေ ရှိနေတယ်... ငါနာမည်စာရင်း ​ပေးထားခဲ့ပြီးပြီ" လူငယ်တစ်​ယောက်က ကျန်း​ချောင်ရှန့်ကို ရှာကာ ​ပြောပြလိုက်သည်။


"ဟုတ်လား... ဘယ်မှာလဲ" ကျန်း​ချောင်ရှန့်က ဝမ်းသာသွားသည်။


အလိမ်အညာများ ​ပေါ်သွားကတည်းက စီရင်စုမြို့ကို အချိန်အ​တော်ကြာ မသွားခဲ့ရဘဲ ကျုးရှုဖန်နှင့် သူ့သမီးကို ​နေ့တိုင်း ​စောင့်​ရှောက်​ပေး​နေရသည်။


သူသမီး​က တစ်​နေ့လုံး ငို​နေပြီး သူမ၏ ဘဝက အ​တော်​လေး ခက်ခဲ​ခဲ့သော်ငြား အမှန်ပင် ရှင်သန်နိုင်ခဲ့သည်။ လအနည်းငယ် ကုသပြီး​နောကိ ကျုးရှုဖန်၏ ခန္ဓါကိုယ်ကလည်း ပို​ကောင်းလာခဲ့​လေပြီ။ ထို့နောက်တွင် သူက စီရင်စုမြို့သို့ ထပ်သွားနိုင်ခဲ့​လေပြီ။


သူက တသီးတခြား​နေတတ်သူ မဟုတ်ခဲ့​လေရာ စီရင်စုမြို့သို့ ​ရောက်သည်နှင့် သူ့အတန်း​ဖော်များစွာကို ငိုယိုပြပြီး အလုပ်ကူရှာ​​ပေးရန် ​ပြောခဲ့သည်။ ဤတစ်ကြိမ် သူ့ထံ ​ရောက်လာသူမှာ ယခင်အတန်း​ဖော်များထဲမှ တစ်​ယောက်ဖြစ်သည့် စုန့်လီ ဖြစ်သည်။


"သင်္ဘောဆိပ်ရဲ့ ဟိုဘက်နားမှာ" စုန့်လီက ​ကျန်း​​ချောင်ရှန့်ကို သ​င်္ဘောဆိပ်ဘက်သို့ အမြန် ​​​ခေါ်သွား​​ပေးခဲ့သည်။


ပထမတွင် ကျန်း​ချောင်ရှန့်က ​မျှော်လင့်ချက် အပြည့် ဖြစ်​နေပါ​သော်လည်း သင်္ဘောဆိပ်သို့ ​ရောက်လာပြီး ဆိပ်ကမ်းမှလူများကို ​တွေ့လိုက်ရချိန်တွင် သူ့မျက်နှာအမူအယာက ချက်ချင်း ​အေးခဲသွားခဲ့​လေသည်။ ဝတ်စုံတူ ဝတ်ထားတဲ့ ဒီလူ​တွေက ကျန်းကျန့်လက်​အောက်က မဟုတ်ဘူးလား... သူတို့ အလုပ်​ခေါ်​နေတာပဲ ဖြစ်မယ်...


ကျန်း​ချောင်ရှန့်၏ အကြည့်လှည့်လိုက်သည်နှင့် ကျန်းကျန့်ကို မြင်လိုက်ရသည်။


"​ချောင်ရှန့်... မြန်မြန်လာ​လေ" စုန့်လီက ​လော​ဆော်လိုက်သည်။


"ခဏ​လေး" ကျန်း​ချောင်ရှန့်က ရပ်​နေပြီး ဆက်သွားချင်စိတ် မရှိ​ပေ။


"​ချောင်ရှန့် ဘာဖြစ်လို့လဲ" စုန့်လီက ​ကျန်း​ချောင်ရှန့်ကို ပ​ဟေဠိ ဖြစ်စွာ ကြည့်၍ ​ပြောလိုက်သည်။


"မြန်မြန်လုပ်... မဟုတ်ရင် တစ်​ယောက်​ယောက် အခွင့်အ​ရေး ရသွားလိမ့်မယ်... မင်းမိသားစုက ဒီလို ဖြစ်​နေတာ... အလုပ်မရှာနိုင်ရင် ဘယ်လိုလုပ်မလဲ"


ကျန်း​ချောင်ရှန့်က စုန့်လီကို ကျန်း​ချောင်ဝမ် စီးပွား​ရေး လုပ်စဥ် ​ငွေလိမ်ခံရ​ကြောင်း ​ပြောခဲ့သဖြင့် စုန့်လီက ကျန်း​ချောင်ရှန့်၏ ဘဝ အလွန်ခက်ခဲ​နေမည်ဟု ​တွေးထားခဲ့ခြင်း ဖြစ်သည်။


"​တောင်းပန်ပါတယ်... တစ်​ယောက်​ယောက်ကသာ အလုပ်​ခေါ်ရင် ငါသွားလို့ရတယ်... အလုပ်​ခေါ်တဲ့သူက သူဆိုရင် ငါ​လျှောက်လို့မရဘူး"


ကျန်း​ချောင်ရှန့်က စုန့်လီကို ကြည့်ကာ အပြုံးယဲ့ယဲ့ဖြင့် ​ခေါင်းကို ခပ်​လေး​လေး ယမ်းပြလိုက်သည်။


"ဘာလို့လဲ" စုန့်လီက ပ​ဟေဠိ ဖြစ်သွားရသည်။


"ဒီလူက... တကယ်​တော့ ငါ့အစ်ကို အကြီးဆုံးပါ... ငါ့မိဘ​တွေက သူ့အ​ပေါ် သိပ်မ​ကောင်း​ပေးခဲ့လို့ တခြားမိသားစုထဲ ဝင်သွားပြီး ငါတို့ မိသားစုကို မုန်း​​နေတာ... သူငါ့ကို ​သေချာ​​ပေါက် အလုပ်ခန့်မှာ မဟုတ်ဘူး" ကျန်း​ချောင်ရှန့်က သက်ပြင်းချလိုက်သည်။


"ဒီလို ကိစ္စ​တွေ ရှိ​သေးတာလား" စုန့်လီက အ​ဝေးတစ်​နေရာမှ ကျန်းကျန့်ကို ကည့်ကာ ကျန်းကျန့်က သားသမီးဝတ်​ကျေပွန်ရမည်ကို ​မေ့သွားခဲ့ခြင်းဖြစ်မည်ဟု စတင်ယုံကြည်လာ​လေ​တော့သည်။ ချမ်းသာတဲ့ မိသားစုထဲ ဝင်သွားပြီး​တော့ သူ့မိဘရင်း​တွေကို ​​မေ့ပစ်လိုက်ပုံပဲ...


"ဒါ​ပေါ့... ​တွေ့တယ်မလား... သူက ငါနဲ့ ​တော်​တော်​လေး ရုပ်ဆင်တယ်"


ကျန်း​ချောင်ရှန့်က ကသိက​အောက် အပြုံးတစ်ခုဖြင့် ​ပြောလိုက်သည်။


အတိတ်တွင် အကြီးဆုံးကျန်းက ဖူးဖူးမှုတ်ခံခဲ့ရသည့် ကျန်း​ချောင်ရှန့်နှင့် ရုပ်သိပ်မတူခဲ့​ပေ။ လတ်တ​​လောတွင် ကျန်းကျန့်က အမှန်ပင် ကျန်း​ချောင်ရှန့်နှင့် အ​တော်​လေး တူလာသည်။ ထို့အပြင် စုန့်လီက ကျန်း​​ချောင်ရှန့်ထံတွင် အစ်ကိုကြီးတစ်​ယောက်ရှိ​ကြောင်း ယခင်က ​ပြောပြခဲ့ဖူးသည်ကို ကြားထားခဲ့သည်။


ထိုအချိန်က ကျန်း​ချောင်ရှန့်မှာ သူ့အစ်ကိုကြီးအ​ကြောင်း ​ပြောပြရန် တွန့်ဆုတ်​နေခဲ့သည်။ စုန့်လီမှာ မတိုင်မီက အ​ကြောင်းရင်းကို မသိခဲ့ပါ​သော်လည်း ယခုတွင် ၎င်းကို ခန့်မှန်း၍ ရနိုင်​ကြောင်း ​တွေးမိသွား​​လေသည်။


ကျန်း​ချောင်ရှန့်က ​စီးပွား​ရေး လုပ်ရန် ​ချေးထား​သော ​ငွေများကို အလိမ်ခံလိုက်ရသည့် ခပ်တုံးတုံး ဒုတိယအစ်ကို ရှိရုံသာမက မသိတတ်သည့် အစ်ကိုကြီးလည်း ရှိ​နေ​သေးသည်။ စုန့်လီမှာ ကျန်း​ချောင်ရှန့်ကို ပို၍ပင် သနားစိတ်ဝင်လာ​လေ​တော့သည်။


"အစ်ကြီးဆုံးအစ်ကိုက တခြားသူ​တွေရဲ့ ကုန်ပစ္စည်း​တွေကို ကူပြီးပို့​ပေး​နေတာ... မင်း သူ့အတွက် အလုပ်လုပ်ချင်ရင် တစ်နှစ်လုံး သင်္ဘော​ပေါ်မှာပဲ ​နေရလိမ့်မယ်... ပင်လယ်ဓါးပြ​တွေနဲ့​တွေ့ရင် အသက်ကို​တောင် ဆုံးရှုံးသွားနိုင်တယ်​နော်... အရင်က ငါတို့ရွာက တ​စ်​​ယောက် သူ့​နောက်လိုက်သွားပြီး​တော့ အသက်​သေသွားခဲ့​သေးတယ်... အစ်ကိုစုန့်... မင်းရဲ့ အလုပ်ကို ​ပြောင်းလိုက်တာ ​ကောင်းမယ်" ကျန်း​ချောင်ရှန့်က ထပ်​ပြောလိုက်သည်။


စုန့်လီက မိသားစု​ကောင်းတစ်ခုမှ ဖြစ်ပြီး ​ငွေလည်း ရှိသည်။ သူက ဤရက်များအတွင်း ကျန်း​ချောင်ရှန့်ကို ကူညီ​​ပေးနေခဲ့သဖြင့် ကျန်း​ချောင်ရှန့်က သူ့မိသားစုအ​ခြေအ​နေအစစ်ကို သိမသွား​စေချင်​ပေ။ သဘာဝကျကျပင် သူက စုန့်လီကို ကျန်းကျန့်အတွက် အလုပ်မလုပ်​စေချင်ခဲ့​။


စုန့်လီက ​ဒေါသထွက်လွယ်ပြီး အယုံလွယ်သူလည်း ဖြစ်၍ ကျန်း​ချောင်ရှန့်၏ စကားကို ကြားလိုက်ရ​သောအခါ ချက်ချင်း ​ပြောလိုက်သည်။


"ဒီလိုကိစ္စ​တွေ ရှိ​သေးတာလား... ငါသူ့ကို ​ဖော်ထုတ်လိုက်မယ်"


"အစ်ကိုစုန့်... ခဏ​လေး" ကျန်း​ချောင်ရှန့်က စုန့်လီကို တားလိုက်ပြီး ​​ဘေးဘီကို ​ဝေ့ဝဲကြည့်ကာ ကျန်းကျန့်က စီရင်စု တရားသူကြီးနှင့် အဆက်အသွယ် ရှိ​နေ​ကြောင်း ​ပြောပြလိုက်သည်။


သူက အဆုံးတွင် စုန့်လီကို ​ဖျောင်းဖျလိုက်ပြီး ​ရေးကြီးခွင်ကျယ် မလုပ်ရန် ကတိ​တောင်းလိုက်သည်။


ထိုအခိုက်တွင် ကျန်းကျန့်နှင့် ​ကျောက်ကျင်း​ကောတို့က အလုပ်​ခေါ်​နေကြသည်။ သူတို့က လူနှစ်ဆယ်သာ ​ခေါ်ရန် ရည်ရွယ်ထား​သော်လည်း ​ရောက်လာသူ အများအပြား ရှိ​နေသဖြင့် ကျန်းကျန့်က ထိုလူများကို နာမည်များ ချ​ရေးခိုင်းပြီး​နောက် မနက်ဖြန်တွင် စစ်​ဆေးပွဲလုပ်ရန် သူငှားထား​သော အိမ်သို့ လာ​ရောက်ကြရန် ​ပြောလိုက်သည်။


ထိုလူများ၏ အရည်အချင်းကို သူမသိရသဖြင့် သူတို့ထဲမှ အသင့်​တော်ဆုံးလူကို ​ရွေးချယ်ရန်အတွက် ​မေးခွန်းအချို့ ထုတ်​ပေးရမည် ဖြစ်သည်။ သူတို့ထဲမှ အချို့က စာရွက်ကို ပြန်မ​​ပေးမီ စကားလုံးအချို့ကိုသာ ​ရေးလိုက်ကြသည်။ သူတို့က ထိုကဲ့သို့​သော လူမျိုးကို မ​ခေါ်ချင်။


"ဦး​လေး... ကျွန်​တော်တို့ အလုပ်ခန့်မဲ့လူ​တွေက ကျွန်​တော်တို့နဲ့ ပင်လယ်ထွက်ရမှာ... ခင်ဗျားက ရပ်ဖို့​တောင် အနိုင်နိုင်"


ဆံပင်များ ဖြူ​ဖွေးကာ တုန်တုန်ယင်ယင်ဖြစ်​​နေပြီး ​ကျောက်ဖူ​ကွေ့ထက် အနည်းငယ် အသက်ကြီးဟန်​ပေါ်​နေသူ အမျိုးသား တစ်​ယောက်ကို ​တွေ့လိုက်ရ​သောအခါ ကျန်းမင်က ကူကယ်ရာမဲ့စွာ ​ဖျောင်းဖျလိုက်သည်။


"ငါက အရမ်းသန်မာပါတယ်... လူငယ်​လေးရယ်... အခု သင်္ဘောဆိပ်မှာပဲ ငါနဲ့ ယှဥ်တိုက်ရင်​တောင် အဆင်သင့်ပဲ" အဘိုးကြီးက ​ပြောလိုက်သည်။


"တကယ် မဖြစ်လို့ပါ..." ကျန်းမင်က အကူအညီမဲ့​နေ​သော်လည်း သူထိုလူကြီးကိုအမှန်ပင် မည်သည့်အရာမှ လုပ်နိူင်မည် မဟုတ်​ပေ။


ကျန်းမင်က သူ့ကို အချိန်အ​တော်ကြာ ​ဖျောင်းဖျ​နေပါ​သော်လည်း ထိုအဘိုးကြီးက ငြင်းဆန်​နေပြီး လူကြားထဲတွင် ​ခေါင်းမာမာနှင့် ဇွဲ​ကောင်း​နေသည်။


"ကျုပ်က အသက်သုံးဆယ်​အောက် လူ​တွေပဲ လိုတယ်"


ကျန်းကျန့်က ထိုအဘိုးကြီးကို ​အေးစက်စက် ကြည့်ကာ ​ပြောလိုက်သည်။


"ခင်ဗျား ဘာသာ ထွက်သွားမလား... ဒါမှမဟုတ် တစ်​​ယောက်​​ယောက်​ခေါ်ပြီး ​မောင်းထုတ်ခိုင်းလိုက်ရမလား"