အပိုင်း၁၅၁
Viewers 32k

Chapter 151

Chapter 151

လူသစ်များ ​ခေါ်ယူကာ ​ကျောင်းတည်​ဆောက်ခြင်း



သင်္ဘောထွက်ရန်အတွက် ထိုကဲ့သို့​သော လူအိုကြီးများအတွက် မသင့်​​တော်သည်မှာ အ​သေအချာပင်။ အခြားသူများကို ​ဖျောင်းဖျခြင်းက အသုံးမဝင်ပါက ​ခြောက်လှန့်​မောင်းထုတ်ရန်သာ လုပ်ရ​ပေ​တော့မည်။


ကျန်းကျန့်ကိုယ်​ပေါ်က အဝတ်များက တစ်ကြည့်ကြည့်ရုံမျှနှင့် ​ခေါင်း​ဆောင်မှန်း သိသာ​စေသည်။ ထိုအခိုက်တွင် သူ့အမူအယာက ​အေးစက်​နေသဖြင့် လူအိုကြီးမှာ စကားတစ်ခွန်းမှပင် မ​ပြောရဲ​တော့​ပေ။ ကျန်းကျန့်​ဘေးတွင် ရပ်​နေသူများကို တစ်ချက် ကြည့်လိုက်ပြီး​နောက် သူက မြန်မြန် ထွက်သွား​လေ​တော့သည်။


"ဟမ့်" လူအိုကြီး ထွက်သွား​သောအခါ လူငယ်တစ်​ယောက်က နှာရှုံ့လိုက်သည်။ သူက ကျန်းကျန့်ကို ကြည့်ကာ ​အေးတိ​အေးစက် နှာမှုတ်လိုက်သည်။ ထို့​နောက် စာရွက်များ ကိုင်ထားပြီး လူအများကို သူတို့၏ နာမည်နှင့် အသက်များ ​ရေးခိုင်း​နေသည့် ကျန်းမင်ကို ရင်ဆိုင်လိုက်​လေသည်။


"ငါ ခုနက ငါ့နာမည် ​ရေးထားခဲ့တယ်... အခု ဖျက်​ပေးနိုင်မလား"


"မင်းက ဒီအလုပ်မလိုချင်ဘူးလား" ကျန်းမင်က ​မော့ကြည့်လာပြီး အံ့အားသင့်သွား​လေသည်။


ထိုလူငယ်က ကျန်းကျန့်၏ "မျက်နှာအစစ်" ကို ​ဖော်ထုတ်ရန် ဆုံးဖြတ်ထားခဲ့သည့် စုန့်လီပါပင်။ သို့​သော်လည်း သူက သူ့မိသားစုနှင့် ​ကျန်း​ချောင်ရှန့်တို့အား ဆွဲသွင်းမိမည်ကို စိုးရိမ်သဖြင့် အဆုံးတွင် စိတ်ပြန်သိမ်းကာ ​ပြောလိုက်ရသည်။


"ဟုတ်တယ်... မလိုချင်​တော့ဘူး"


"​ကောင်းပြီ​လေ... ကိုယ့်ဘာသာ ရှာပြီး ခြစ်လိုက်" ကျန်းမင်က သူ့​ဘေးမှ စာရွက်ထပ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။


ဤရက်များအတွင်း မိသားစုကြီးများက အလုပ်​ခေါ်​လေ့ မရှိကြ​ပေ။ စာရင်း​​ရေးသူများအားလုံးကို သူတို့က ​လေ့ကျင့်​ပေးထားကြပြီး ထိုသိုမဟုတ်လျှင် အခြား​​သော မိသားစုခွဲများကို လုပ်ခိုင်းကြသည်။ ဆိုင်တစ်ဆိုင်က လူ​ခေါ်ချင်လျှင်ပင် သင့်​တော်သည့်လူ ရှာ​တွေ့ရန် အသိများကို ​မေးမြန်းကြပြီး ထိုကဲ့သို့​သောအလုပ်များ လုပ်ရန်အတွက် သူတို့၏ ​ဆွေမျိုးများကိုပင် တိုက်ရိုက် ​​ခေါ်ယူကြ​လေ့ရှိသည်။ ထို့​ကြောင့် စာဖတ်တတ်သူများစွာ ရှိကြသော်လည်း သင့်​တော်သည့် အလုပ်ကို ရှာမရကြခြင်း ဖြစ်သည်။ ဒီလိုမျိုးသာ မဟုတ်ရင် ကျန်းချောင်ရှန့် အလုပ်ရဖို့ ဒီ​လောက်ထိ ကြာ​နေပါ့မလဲ...


ထိုအ​ကြောင်း​ကြောင့် ကျန်းကျန့်က လူသိရှင်ကြား အလုပ်​ခေါ်လိုက်​သောအခါ လူများစွာ ​ရောက်လာကြခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် လူသုံးဆယ်ထက်မနည်း နာမည် ​ရေးပြီးကြပြီ ဖြစ်၍ ကျန်းမင်က သူတို့အတွက် အလုပ်လုပ်​ပေးချင်စိတ် မရှိသူ အချို့ ​ပေါ်လာသည်ကို စိတ်ထဲ မထား​ပေ။


စုန့်လီက ကျန်းမင် သူ့အ​ပေါ် အ​လေးအနက်မထားသည်ကို ​တွေ့​သောအခါ အနည်းငယ် ​ဒေါသထွက်လာသည်။ သူက ​ကျောင်းမှာ အချိန်အကြာကြီး စာ​လေ့လာခဲ့တဲ့သူကွ... သူက သူများ​တွေထက် ပို​​သာတယ်...


စုန့်လီက မကြာခင်က သူ​ရေးခဲ့​​သော စာရွက်ကို ရှာ​တွေ့သွားပြီး လူအများ​​ရှေ့တွင် ဆွဲခြစ်ကာ သူက ထိုအလုပ်ကို အထင်ကြီးခြင်း မရှိ​ကြောင်း ပြောရန် ကြံ​နေချိန်မှာပင် သူ့​နောက်မှ လူများက အုံကြွလာကြပြီး သူ့ကို ညှပ်မိသွားကြသည်။ သူတို့က ကျန်းကျန့် သူတို့ကို အလုပ်​ပေးလာရန် ​မျှော်လင့်ချက်ဖြင့် တိုးတိုက်​နေကြခြင်း ဖြစ်သည်။


စုန့်လီက သူ့နာမည်​ရေးထား​သော စာရွက်ကို ကိုင်၍ အမျက်​ချောင်း​ချောင်းထွက်လာသည်။ စုန့်လီ ​ဒေါသထွက်​နေချိန်မှာပင် အသိတစ်​ယောက် ​လာ​နေသည်ကို ​တွေ့လိုက်ရသည်။ ထိုအသိက စုန့်လီ၏ အတန်း​ဖော်လည်း ဖြစ်သည့် ကျန့်ပေါင်နင်ဟု အမည်ရသူ ဖြစ်သည်။


ကျန့်ပေါင်နင်၏ မျိုးရိုးအမည်က ကျန့် ဖြစ်​သော်လည်း ကျန့်ရီ​၏ ကျန့်မိသားစုနှင့် မသက်ဆိုင်​ပေ။ အများဆုံး သူတို့က လွန်ခဲ့သည့် နှစ်​ပေါင်းများစွာတွင် ​တော်စပ်ခဲ့သူ ဖြစ်နိုင်​သော်လည်း သူ့မိသားစု အ​ခြေအ​နေက သိပ်မ​ကောင်း​ပေ။


ကျန့်​ပေါင်နင်၏ အ​ဖေက စားဝတ်​နေ​ရေးအတွက် ပစ္စည်း ​ရောင်းသည့် စီးပွား​ရေးသမားငယ်​လေး တစ်​ယောက် ဖြစ်သည်။ သူက တစ်နှစ်လျှင် ​လေးကြိမ် သွားရပြီး ​နေထိုင်စရိတ်ဖယ်ပြီးသွား​သောအခါ ​ငွေစဆယ်စ အမြတ်ရရှိသည်။ ထိုအ​ကြောင်း​ကြောင့် သူ့မိသားစုက ဘဝ​​ကောင်း​ကောင်းတွင် ​နေထိုင်နိူင်ခဲ့ပြီး သူကလည်း စာသင်နိုင်ခဲ့သည်။ သို့​သော်လည်း ​နောက်ပိုင်းတွင် သူ့အ​ဖေ ပြင်ပသို့ ထွက်သွား​သောအခါ သူ့ကို ပြဿနာ လာရှာသည့် လူတစ်​ယောက်နှင့် ​တွေ့ခဲ့ရပြီး အကန်ခံခဲ့ရသည်။


သူ့အ​ဖေက ပထမတွင် အ​လေးအနက် မထားခဲ့​သော်လည်း ထိုကန်ချက်က အတွင်းပိုင်းကလီစာများကို နာကျင်သွား​စေမည်ဟု မထင်ထားခဲ့​ပေ။ အိမ်ပြန်​ရောက်လာ​သောအခါ သူ့ဗိုက်က တဖြည်းဖြည်း ပိုကြီးလာခဲ့ပြီး ထိုကိစ္စကြောင့် ​သေဆုံးမသွားခင် နာကျင်မှုကို ပြင်းထန်စွာ ခံစားခဲ့ရ​လေသည်။


အိမ်တွင် ​ငွေ​ကြေး​ထောက်ပံ့သူ မရှိ​တော့သဖြင့် ကျန့်​ပေါင်နင်က ဆက်ပြီး စာမသင်နိုင်​တော့​ပေ။ ထိုအချိန်တွင် သူက ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ် အရွယ်သာ ဖြစ်၍ မည်သည့် အလုပ်ကိုမှ ရှာမရခဲ့​ပေ။ သူ့လက်​ရေးကလည်း သိပ်မ​​ကောင်းလှသဖြင့် စားဝတ်​နေ​ရေးအတွက် စာအုပ်ကူး​ရေးခြင်းမျိုးလည်း မလုပ်နိုင်​ပေ။ အဆုံးတွင် သူက ပန်းထိုးသမားများအတွက် ပန်းပုံများ ဆွဲ​ပေးခြင်းဖြင့်သာ ငွေရှာနိုင်ခဲ့သည်။


ဘယ်လိုလုပ်ပြီး အရွယ်​ရောက်ပြီး​သား ​​ယောကျ်ားတစ်​ယောက်က မိန်းမတစ်အုပ်အတွက် တစ်ချိန်လုံး ပန်းပုံ​တွေချည်းပဲ ဆွဲ​ပေးနိုင်ပါ့မလဲ.. သူက ထိုပြည့်တန်ဆာများအတွက် ရင်ခံအင်္ကျီ​ပေါ်ကိုပင် ပန်းပုံများ ဆွဲ​ပေးခဲ့ရသည်ဟု ​ပြောနိုင်​ပေသည်။ စုန့်လီက သူ့ကို အနည်းငယ် မုန်းတီး​နေခဲ့ပြီး ကျန့်​​ပေါင်နင်မှာ နိမ့်ကျသွား​လေပြီဟုပင် တွေးခဲ့သည်။


သူ မတိုင်မီက ကျန့်​ပေါင်နင်ကို ​တွေ့​သောအခါ အတည်တကျ အလုပ်တစ်ခု ရှာရန် တိုက်တွန်းခဲ့​​သော်လည်း ဤတစ်ကြိမ်တွင်... ကျန့်​ပေါင်နင်က ကျန်း​ချောင်ရှန့်၏ အစ်ကိုကြီးအတွက် အလုပ်လုပ်​ပေးချင်​နေပုံ​ပေါ်​သောအခါ ခပ်မြန်မြန် တားမြစ်လိုက်သည်။


"ကျန့်​ပေါင်နင်... ဒီအလုပ်က အရမ်းအန္တရာယ်များတယ်... မင်း ငါ့စကားနား​ထောင်ပြီး အလုပ်မ​လျှောက်တာ ​ကောင်းမယ်"


ကျန့်​ပေါင်နင်က သူ့စကားများကို ကြား​သောအခါ ချက်ချင်းပင် မျက်​မှောင်ကျုံ့မိသွားသည်။ ဒီစုန့်လီက​တော့ ​ဖြောင့်မတ်မှု အပြည့်နဲ့ ​ပြော​နေ​ပေမယ့် ဆာ​လောင်မှုဆိုတာ ဘာမှန်း မသိဘူးပဲ...


အစပိုင်းတွင် ​သူ့ထံမှ နောက်ထပ် အလုပ်တစ်ခုရှာရန် အမြဲတမ်း အကြံ​ပေး​ခံခဲ့ရသော်လည်း သူက စဥ်းစားမထားခဲ့​ပေ​။ သူ့မိသားစုက ​နောက်ခံ မရှိသဖြင့် သင့်တော်သည့် အလုပ်ကို မည်သည့်​နေရာမှ သွားရှာရပါမည်နည်း... ယခုတွင်မူ... သူ အလုပ်တစ်ခု ရှာ​တွေ့​သောအခါ သူက လာတားပြန်သည်။


"ငါ​မေးလိုက်မယ်... အန္တရာယ်များရင် ငါမလုပ်ဘူး" ကျန့်​ပေါင်နင်က ​ပြောလိုက်သည်။ ပြီး​နောက် သူက ချက်ချင်းပင် လူအုပ်ထဲသို့ တိုး​ဝှေ့ဝင်​ရောက်သွား​လေသည်။


"မင်းက ​ကျွေးတဲ့လက်ကို ပြန်ကိုက်ချင်​နေတာပဲ"


စုန့်လီက ကြိမ်း​​မောင်း ​ပြောဆိုပြီး​နောက် အပြင်ဘက်တွင် ​စောင့်​နေလိုက်သည်။ ကျန့်​ပေါင်နင် လူအုပ်ထဲမှ ထွက်လာ​သောအခါ စကား​ကောင်း​ကောင်း ​ပြောမည်ဟု ​တွေးထားခဲ့​သော်လည်း ထင်မှတ်မထားစွာပင် သူက ​ပျောက်သွား​လေသည်။


သူက တစ်ဖက်က​နေ လှည့်ထွက်သွားတာလား... စုန့်လီက ​ဒေါသထွက်သွား​သော်လည်း သူ့ကို ​ရှောင်ရှားလိုက်နိုင်သည့် ကျန့်​ပေါင်နင်မှာ စိတ်သက်သာရသွားသည်။


လူ​ပေါင်းများစွာက ကျင်းကျန့် ကိုယ်ရံ​တော် လုပ်ငန်း၏ အလုပ်ခန့်မည့်​နေရာနှင့် သူတို့လုပ်ရမည့် အလုပ်ကို ​မေး​နေကြသဖြင့် သူလည်း ဝင်​​မေးလိုက်သည်။


အနာဂါတ်တွင် သူတို့က ကုန်ပစ္စည်းများ ပို့​ဆောင်ရန်အတွက် သင်္ဘော​ပေါ် လိုက်ပါရမည် ဖြစ်သဖြင့် အန္တရာယ်အနည်းငယ် ကြုံ​တွေ့နိုင်​ပေသည်။ သို့​သော်ငြား ထိုမျှ​လောက်ကြီး​သော သင်္ဘောကြီးနှင့် များစွာ​သော ကိုယ်ရံ​တော်တို့ဖြင့်ဆိုလျှင် မ​တော်တဆမှုတစ်ခု ကြုံ​တွေ့နိုင်မည့် ဖြစ်နိုင်​ချေက အလွန် ​သေးငယ်​နေဆဲပင်။​ ပြောရ​ကြေးဆို စီရင်စုမြို့က ဆိုင်​တွေမှာ စာရင်း​ရေးတဲ့ သူ ဖြစ်လာရင်လည်း ကုန်ပစ္စည်း​တွေ ပြန်ဖြည့်ဖို့အတွက် ဆိုင်ရှင်​က သူ့နောက်လိုက်ခဲ့ဖို့ ​ပြောရင် လိုက်ရမှာပဲ​လေ... ဒီ​လောက်က​တော့ အန္တရာယ်များတယ်လို့ ​ပြောလို့ ရပါ့မလား...


ကျန့်​​ပေါင်နင်မှာ ဤအလုပ်ရရန် ကြိုးစား မည်ဟု စိတ်ဆုံးဖြတ်ထားသည်။ သူ့အ​ဖေ ​သေဆုံးသွားခဲ့သည်မှာ ငါးနှစ်ရှိပြီ ဖြစ်၍ သူကလည်း ဆယ့်ရှစ်နှစ်ပြည့်ခဲ့​လေပြီ။ သူက ပုံဆွဲ​​ပေးခြင်းဖြင့် ​ကြေးပြား တစ်ပြား နှစ်ပြားသာ ရနိုင်သဖြင့် သူ့မိသားစုက အဆုံးသတ်များကို ကြုံဆုံရန် မတတ်နိူင်မည်ကို စိုးရိမ်​နေရသဖြင့် ပို​ကောင်း​သော အလုပ်တစ်ခု ရမှ ဖြစ်​ပေမည်။


သူသာ သင်္ဘောနှင့် လိုက်သွားရပါက ပိုင်ရှင်က အစား​သောက်များအတွက် တာဝန်ရှိသဖြင့် သူ့လုပ်အားခများကို သုံးစွဲရန် လိုအပ်မည်မဟုတ်ဘဲ သူရသမျှ ​ငွေအားလုံးကို သူ့မိသားစုအတွက် ​​ထောက်ပံ့​ပေးနိူင်​ပေမည်။ သို့​သော်လည်း ​ပိုင်ရှင်က ​နောက်တစ်ရက်တွင် မည်သူ့အား ​ရွေးချယ်လိမ့်မည်ကို သူလည်း မသိပါ​ပေ။


ကျန့်​ပေါင်နင်က ထိုအ​ကြောင်းကို စဥ်းစား​နေပြီး ကျန်းကျန့်ကလည်း ထိုအတိုင်းပင်။ သူက လူများအား မည်သို့ စစ်​ဆေးရမည်ကို အမှန်ပင် မသိပါပေ။


"ဝါး" ကျန်းကျန့်က ​တွေး​တော​နေစဥ်တွင် အိပ်ရာ​ပေါ်တွင် လဲ​လျောင်း​နေသည့် ​ကျောက်မင်ကျူး​လေးမှာ ရုတ်တရက် ​အော်ငိုလာ​လေသည်။


"လိမ်မာတဲ့ ​ကောင်မ​​လေး... ကျန်းကျန့်က သူ့သမီး​လေးကို ​ပျော်​ပျော်​ရွှင်ရွှင် ​​ပွေ့ချီလိုက်ပြီး ထိုအ​ကြောင်းကို ထပ်ပြီး မစဥ်းစား​တော့ရန် ဆုံးဖြတ်လိုက်သည်။ သူက ထိုလူများကို ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စာ စာလုံး ငါးရာ ရေးခိုင်းလိုက်ပြီး သင်္ချာပုစ္ဆာအချို့ ​ဖြေရှင်းခိုင်းရန် ဆုံးဖြတ်ထားခဲ့သည်။


သူက ပုံမှန် မူလတန်း​အဆင့် ​​မေးခွန်းများကို ထုတ်လိုက်သည်။ ဒီလူ​တွေ ​ဖြေနိုင်​လောက်ပါတယ်​​နော်...


မျက်စိတစ်မှိတ်အတွင်း ​နောက်တစ်​နေ့ ​ရောက်လာခဲ့​လေပြီ။


ကျန်းကျန့်က မနက်​စော​စောကတည်းက သတ်မှတ်ထား​သောအိမ်တွင် ​စောင့်ဆိုင်း​နေခဲ့သည်။ သူက ထူးချွန်သူများကို ​မြေ​တောင်​မြှောက်​ပေးရန်အတွက် ဟယ့်ရှီရွာတွင် မူလတန်း​ကျောင်းတစ်​ကျောင်း ​ဆောက်ရန် ရည်ရွယ်ထားသဖြင့် စီရင်စုမြို့မှ လက်သမားကို သူ့အတွက် ပရိ​ဘောဂများ ပြုလုပ်ရန် ခိုင်းခဲ့စဥ်က လက်သမားကို စားပွဲနှင့် ခုံရှည် အလုံးငါးဆယ် ပြုလုပ်​ပေးရန် ခိုင်း​စေထားခဲ့သည်။ ယခုတွင် ထိုပစ္စည်းများကို အဆင်သင့် အသုံးပြုနိုင်ပါ​သော်လည်း မလုံ​လောက်​သေး​ပေ။


ယမန်​​နေ့က သူတို့၏ အမည်များ ​ရေးထားခဲ့သူ တစ်ရာနီးပါး ရှိခဲ့သည်။ အချို့က အိမ်ပြန်​ရောက်ချိန်တွင် ​သေချာ​တွေး​တောပြီး​နောက် လက်​​လျှော့လိုက်ကြ​​သော်လည်း လူ​ပေါင်း ခုနစ်ဆယ်​ကျော် ကျန်ရှိ​နေဆဲ ဖြစ်သည်။ ထိုစားပွဲနှင့် ခုံများမှာ မ​လောက်ငသဖြင့် ကျန်းကျန့်က သူ့အတွက် လက်သမား လုပ်ပေးထား​သော ပရိ​ဘောဂများကိုပါ အသုံးပြုခဲ့ရသည်။ အိမ်ထဲတွင်လည်း အခန်းမ​လောက်သဖြင့် လူများစွာက အိမ်ပြင်ပတွင် ​ဖြေဆိုကြရသည်။


ကျန့်​ပေါင်နင်က အနည်းငယ် ​နောက်ကျမှ ​ရောက်လာသဖြင့် စားပွဲနှင့် ခုံ​လေးများ မရခဲ့​သော်လည်း ရင်ဘတ်အထိမြင့်​သော အံဆွဲတစ်ခု ရရှိခဲ့ပြီး မတ်တပ်ရပ်လျက် ​ဖြေဆိုခဲ့ရသည်။


တူညီဝတ်စုံ ဝတ်ထားကြသူများမှာ သူတို့ တစ်​ယောက်ချင်းစီကို စာရွက်သုံးရွက် ​ပေးခဲ့သည်။ စာရွက်တစ်ရွက်တွင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စာ စာလုံးရာချီ ​ရေးရသည်။ ပြီးလျှင် တစ်​ယောက်​ယောက်က ​မေးခွန်းများ ​မေးမည် ဖြစ်ပြီး အ​ဖြေကို သူတို့က ဒုတိယစာရွက်တွင် ​​ရေးရသည်။ တတိယစာရွက်ကိုမူ မှတ်ဥာဏ်ထဲမှ ​မေးခွန်းကို ​ရေးချရန် အသုံးပြုနိုင်​ပေသည်။


မိတ်ဆက်စာ ​ရေးခိုင်းတဲ့ ရည်ရွယ်ချက်က သူတို့အမှန်တကယ် ​ရေးနိူင် ဖတ်နိုင်တာကို စစ်မလို့မလား... ကျန့်​ပေါင်နင်၏ လက်​ရေးက အနည်းငယ် ကြည့်ရဆိုး​သော်လည်း အနည်းဆုံး​တော့ သူက စကားလုံး​တော်​တော်များများ သိသဖြင့် သူက စာလုံး​ရေ​ပေါင်း ​လေးရာကျော်​ရေးကာ စာရွက်ကို အပြည့်ဖြည့်လိုက်သည်။


သူ့​​ဘေးမှလူ စာ​ရေး​နေသူကို ကြည့်လိုက်ရာ ထိုသူမှာ စာ​မ​ရေးတတ်ဘဲ စာလုံး​ရေ အနည်းငယ်သာ သိသည်ဟု ယူဆရသည်။ အ​ကြောင်းမှာ သူက စာရွက်​ပေါ်တွင် စကားလုံး နှစ်ဆယ် သုံးဆယ်​လောက်ကိုသာ ​ရေးထား​သော​ကြောင့် ဖြစ်သည်။ ထိုအခိုက်တွင် ကျန့်​ပေါင်နင်က စိတ်အေးလက်​အေး ဖြစ်သွား​လေသည်။


ထိုအချိန်မှာပင် ​ခေါင်း​ဆောင်ဖြစ်ပုံရ​သောလူက ​မေးခွန်းများ ​မေးလာခဲ့သည်။


"ငါ့လက်​အောက်မှာ အလုပ်​ကောင်း​ကောင်း လုပ်​နေတဲ့ လူကိုး​ယောက် ရှိတယ်... ငါ တစ်​ယောက်စီကို ​ငွေစရှစ်စ ဆု​ပေးချင်တယ်ဆိုရင် သူတို့အားလုံးကို ​ပေးဖို့ စုစု​ပေါင်း ​ငွေဘယ်နှစလိုမလဲ"


"ငါက ယုန် ဆယ့်သုံး​ကောင် ဝယ်လာတယ်... အားလုံး​ပေါင်း ယုန်​ခြေ​ထောက် ဘယ်​လောက် ရှိမလဲ"


"ငါက တစ်​ယောက်​ယောက်ကို ကုန်သယ်ဖို့ ခိုင်းလိုက်မယ်... ငါက သူ့ကို ကုန်တစ်အိတ်သယ်ရင် ​ကြေးပြားတစ်ပြား​ပေးမယ်... အမျိုးသားတစ်​ယောက်က ပထမရက်မှာ တစ်ရာ ငါးဆယ့် ရှစ် အိတ် သယ်ပြီး ဒုတိယရက်မှာ နှစ်ရာ တစ်ဆယ့် တစ်အိတ်၊ တတိယရက်မှာ တစ်ရာ ခုနစ်ဆယ့် ​ခြောက် အိတ်သယ်ခဲ့တယ်... သူ အားလုံး​ပေါင်း ပိုက်ဆံဘယ်​လောက် ရမလဲ"


. . .


ကျန်းကျန့်က သူရိုးရိုးရှင်းရှင်း မှတ်မိထားသည့် စုစု​ပေါင်း ​မေးခွန်းငါးခုကို ​​မေးလိုက်သည်။ သူ့​ဘေးမှ ​ကျောက်ကျင်း​ကောက မှတ်စုထဲတွင် နံပါတ်အချို့ ချ​ရေးကာ ခပ်မြန်မြန် တွက်ချက်​နေသည်။ သို့​သော်လည်း ​မေးခွန်းထုတ်ခဲ့သူမှာကား...


ရုတ်တရက်ဆိုသလို ​ကျန်းကျန့်က ထိုလူအများစုမှာ ဂုဏ်သ​ရေရှိသည့် မျက်နှာအမူအယာများ ရှိ​နေကြပြီး မည်သည်ကို ​ရေးရမည်ကိုပင် မသိကြ​ကြောင်း ​တွေ့လိုက်ရသည်။


ကံအား​​လျော်စွာဖြင့် ​ရေတွက်နိုင်သည့် လူများစွာ ရှိ​နေကြဆဲ ဖြစ်သည်။


ကျန့်​ပေါင်နင်သည်လည်း ​ရေတွက်နိုင်သည်။ သူ့ဖခင်၏ စီးပွား​ရေး အ​စောပိုင်းကာလတွင် သူက ​ငွေစာရင်းများကို တွက်​ပေးခဲ့ရသည်။ ထို့ကြောင့် သူက ဤပုစ္ဆာများကို ​တွေ့လိုက်ရ​သောအခါ အလွယ်တကူ တွက်ထုတ်နိုင်ခဲ့သည်။


ကျန့်ပေါင်နင်က ​ပုစ္ဆာများကို တွက်ချက်ပြီး​နောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး သိပ်မကြာခင်မှာပင် သူတို့၏ စာရွက်သုံးရွက်ကို လာသိမ်းသွား​လေပြီ။


ကျန်းကျန့်က အ​ဖြေစာရွက်များ​ပေါ်မှ ​တောင်ခြစ်​မြောက်ခြစ်ရာများကို ​တွေ့ရ​သောအခါ စစ်ပင်မစစ်ချင်​တော့ဘဲ ဟယ်ချွန်းရှန့်ကိုသာ ထိုလူများကို ကြက်ဥနှစ်လုံးစီ ​ပေး၍ ထွက်သွားခိုင်းလိုက်သည်။


ထိုလူများမှာ အခွင့်မရနိုင်​ကြောင်း သိ​နေကြဖြင့် ကျန်းကျန့် သူတို့ကို ကြက်ဥနှစ်လုံးစီ ​ပေးလာ​သောအခါ ကျန်းကျန့်ကို အပြစ်တင်မ​နေကြ​တော့ဘဲ မကြာမီပင် ထွက်သွား​လေကြသည်။ ထိုအချင်းအရာကို မြင်မှသာ ကျန်းကျန့်က ကျန်စာရွက်များကို စတင် ကြည့်ရှု​လေ​တော့သည်။


စာ​လေ့လာအား​​ကောင်းကြသူများက သူ့လက်​အောက်တွင် သိသိသာသာပင် အလုပ်လုပ်လိုခြင်း မရှိကြသဖြင့် ထိုစာရွက်များအားလုံးက အ​ခြေခံကျကျပင် တူညီ​သော ပြဿာနာရှိ​နေသည်။ သူတို့အများစုက စာ​ရေးရာတွင် သူ့​လောက် မ​ကောင်းကြပါ​သော်လည်း သို့တိုင်​အောင် အဆင်​ပြေသည့် လူအချို့ ရှာ​တွေ့လိုက်ရသည်။


ကျန်းကျန့်က ပထမဆုံး ထိုလူများကို သင်္ချာသင်​ပေးပြီး ​နောက်မှသာ အလုပ်လုပ်ခိုင်းရန် ဆုံးဖြတ်ထားသည်။ ထို့​​ကြောင့် သူက ​ချေးများမ​နေ​တော့ဘဲ အဆုံးတွင် လူနှစ်ဆယ့်နှစ်ယောက်ကို ​ရွေးချယ်လိုက်သည်။ ​


ကျန်းကျန့်က ဤတစ်ကြိမ်၌ သူပယ်ချခဲ့သူများကို ကြက်ဥ သုံးလုံးစီ ​ပေးလိုက်သည်။ ​ရွေးချယ်ခံရသူများအတွက်ကား သူက ကြက်ဥငါးလုံးစီ ​ပေးကာ သူနှင့် စာချုပ်ချူပ်ခိုင်းလိုက်ပြီး မနက်ဖြန်မနက် သူ​လာ​​ခေါ်မည့်အချိန်ကို သင်္ဘောဆိပ်တွင် ​စောင့်​နေကြရန် ​ပြောလိုက်သည်။


ကျန်းကျန့်၏ လူများအားလုံးမှာ ဟယ်​ချောင်စီရင်စုမှ ဒေသခံများသာ ဖြစ်ကြပြီး မတိုင်မီကလည်း သင်္ဘောဆိပ်တွင် ရှိကြစဥ် ရမန်အရာရှိများမှာ သူတို့အ​ပေါ် အ​တော်​လေး ​ဖော်​ရွေကြသည်။ ထို့ကြောင့် သူတို့က ကျန်းကျန့် သူတို့အ​ပေါ် လှည့်စားမည်ကို မစိုးရိမ်ကြသဖြင့် သဘာဝကျကျပင် အားလုံး လက်ခံလိုက်ကြ​လေသည်။


ထိုအချင်းအရာကို မြင်​သောအခါ ကျန်းကျန့်က စိုးရိမ်စိတ်များကို ​​ဖြေ​​လျှော့လိုက်နိုင်မည်ဟု သတ်မှတ်လိုက်သည်။


ကျန်​နေ​သေးသူများအတွက်ကား ကျန်းကျန့်က သူ့လူများကို အိမ်ထဲမှ စားပွဲငယ်၊ ကုလားထိုင်နှင့် ပရိ​ဘောဂများကို သယ်ကာ ဟယ့်ရှီရွာသို့ ပြန်ပို့​ပေးရန် ​ခိုင်းလိုက်သည်။


ပရိ​ဘောဂများမှာ အသုံးပြုရန် အသင့်ဖြစ်​နေ​ပေပြီ။ သန့်ရှင်း​ရေးလုပ်ပြီး​နောက် သူ့ဇနီး၊ က​လေး၊ မိသားစုတို့နှင့်အတူ အိမ်အသစ်ကို ​ပြောင်း​ရွှေ့နိုင်​ပေပြီ။


​​ခေတ်သစ်တွင် ​နေခဲ့ဖူးသည့် ကျန်းကျန့်အတွက်ကား ထိုအိမ်အသစ်က အ​တော်​လေး ကြီးကျယ်ခန်းနားမှု မရှိဆဲပင်။ သို့​သော်လည်း ထိုအခိုက်တွင် ကျန်းကျန့်က အိမ်​ပြောင်းရန် ​စောင့်​မျှော်​နေ​​ပေသည်။ သူနှင့် ​ကျောက်ကျင်​ကောတို့ ​နေမည့် အ​ဆောက်အအုံအ​ပေါ်ထပ်တွင် အခန်းနှစ်ခန်းပါသည်။ ​တောင်ဘက်ကို မျက်နှာမူသည့် အခန်းတွင် သူက ​ကျောက်ကျင်း​ကောနှင့် အတူ​နေထိုင်မည် ဖြစ်ပြီး ​မြောက်ဘက်သို့ မျက်နှာမူသည့်အခန်းကိုမူ သူ့သမီး​လေးအား ​နေခိုင်းလိုက်မည်။ ထိုအခန်းထဲတွင် သူက ကြမ်းပြင်ကို ပျဥ်​ချောများ ခင်းထားသည့်အတွက် သူ့သမီး​​လေးက ကြမ်း​​ပေါ်တွင် ​လေးဖက်​ထောက်သွားနိုင်​ပေမည်။


​ကောင်းပြီ​လေ... သူ့ပုလဲလုံး​လေးက အခုထိ ထိုင်​တောင် မထိုင်နိုင်​သေးဘူး ဆိုပေမယ့်​ပေါ့...


သင်္ဘောဆိပ်တစ်ဖက်တွင် ကျန်းကျန့် ​ဆောက်ထား​သောအိမ်မှာ သူ့အိမ်ထက်ပင် ပိုကြီး​သေးသည်။


သူက သူ့လူများနှင့် သင်္ဘောသားများ အတွက် အ​ဆောင်ခန်းများ ​ဆောက်​ပေးထားသည်။ ထို့အပြင် သူက သို​​​လှောင်ခန်းများနှင့် စာသင်ခန်းများစွာကိုပါ ​ဆောက်ခဲ့​သေးသည်။


"​ဘောစ့်... စားပွဲ​တွေ ကုလားထိုင်​တွေ ဒီ​လောက်အများကြီး လုပ်ထားပြီး ဘာလုပ်မလို့လဲ" စာသင်ခန်း၏ အခန်းအ​နေအထားကို ​တွေ့​သောအခါ ဝမ်ဟိုင်ရှန်းက ​​မေးလိုက်သည်။


"​နောက်ဆို က​လေး​​တွေ ဒီကိုလာပြီး စာသင်နိုင်မယ်" ကျန်းကျန့်က ​ပြောပြလိုက်သည်။


"မင်းက​လေး နှစ်​ယောက်လည်း လာတက်လို့ ရတယ်"


"စာသင်မှာလား" ဝမ်ဟိုင်ရှန်းက အံ့အားသင့်သွားပြီး​နောက် ဝမ်း​မြောက်ဝမ်းသာ ဖြစ်သွားခဲ့သည်။ လူတိုင်းကလည်း အလွန်​ပျော်ရွှင်​နေကြ​လေသည်။


သူတို့က ကျန်းကျန့်နဲ့အတူ ပိုက်ဆံရှာနိုင်ပြီဆို​တော့ ​နောက်ဆိုရင် သူတို့ရဲ့ က​လေး​တွေကို စာသင်ဖို့ ပို့နိုင်ပြီလို့ ​တွေးထားခဲ့ကြတာ...ကျန်းကျန့်က သင်္ဘောဆိပ်ရဲ့ ဒီဘက်ခြမ်းမှာ ​ကျောင်းတစ်​ကျောင် တန်း​ဆောက်လိုက်မယ်လို့ မထင်ထားခဲ့ဘူး​လေ...