Chapter 154
- ပူးပေါင်းဆောင်ရွက် ငွေရှာခြင်း
မြို့တော်နှင့်ယန့်ကျီမြစ်တောင်ပိုင်းကြား ခရီးလမ်းက ဝေးလွန်းလှ၍ သတင်းပို့ရန်အတွက် အဆင်မပြေလှ။ ကျန့်ရီမှာ ကျန်းကျန့်သတင်းနောက်ဆုံးကြားခဲ့သည်က လွန်ခဲ့သောနှစ်လခန့်ကဖြစ်ပြီး ဤသတင်းကလည်း လမ်းတွင် တစ်လကျော်ကျော်နှောင့်နှေးနေပြန်သည်။
ဤအတွက်ကြောင့် သူက ကျန်းကျန့်၏လက်ရှိအခြေအနေအား မသိရာ သူ့မိသားစုအရေးကိစ္စများအကြောင်းလည်း မသိသေးပေ။
ဟယ်ချောင်ဆိပ်ကမ်းတွင်က ကပ်ထားသည့် သင်္ဘောများစွာရှိပြီး သင်္ဘောကြီးများနှင့် လှေငယ်လေးများလည်းပါ၏။
သို့သော်လည်း ကျန့်ရီက ဆိပ်ကမ်းများအား တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားရသည်။ဆိပ်ကမ်းတွင် လှေများစွာရှိသော်လည်း ယခင်ကထက် နည်းသွားဟန်ရှိသည်မဟုတ်ပါလား။
ဤနေ့တွင် လူသိပ်မလာ၍ဖြစ်မည်။ကျန့်ရီက သံသယအချို့ရှိနေသော်လည်း မကြာမီ ပြေပျောက်သွားသည်။သူက အဝေးမှ ရင်းနှီးနေသည့်အရာအားလုံးအား ကြည့်လိုက်ကာပြုံးမိသည်။
"နောက်ဆုံးတော့ ငါပြန်လာပြီ..ငါတကယ်ကို အိမ်လွမ်းနေတာပဲ"
“ကျွန်တော်လည်း အိမ်လွမ်းနေတာ...ပြန်မလာရတာကြာတော့ စိတ်မကောင်းဖြစ်မိ...."ရှန်းအန်ရှင်းက အပြုံးလေးနှင့်ဖြေလာသော်လည်း စကားမဆုံးမီဖြတ်ပြောခံရသည်။
"ကျုပ်ကတော့ အိမ်မလွမ်းပါဘူးဗျာ...ယန့်ကျီမြစ်တောင်ပိုင်းရဲ့ လှပတဲ့ရှုခင်းတွေမြင်တော့ အိမ်တောင်မလွမ်းတော့ဘူး"
ဖုန်ကျင်းယွမ်က ကျန့်ယွီအား ပြုံးပြလိုက်ပြီး ဟယ်ချောင်စီရင်စုအကြောင်း ပြောလာ၏။
ရှန်းအန်ရှင်းက စကားဖြတ်ပြောခံလိုက်ရ၍ မျက်နှာမကောင်းတော့သော်ငြား ထပ်ပြုံးလိုက်ပြီး ဟယ်ချောင်စီရင်စုအကြောင်း မြင့်မြောက်ပြောဆို၏။
“ပြောကြတာက မီးရှူးမီးပန်းတွေက ယန့်ကျီမြစ်တောင်ပိုင်းကို မေလလောက်သွားမှာဆိုလား..ယန့်ကျီမြစ်ေတာင်ပိုင်းမှာ နွေဦးက အလှဆုံးဆိုပေမယ့် ဆောင်းဦးနဲ့ဆောင်းရာသီလည်း လှနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
ရှန်းအန်ရှင်းနှင့်ဖုန်ကျင်းယွမ်တို့က ကျန့်ရီရှေ့ အပြိုင်အဆိုင်ပြောနေကြသည်ဟုပင် ဆိုနိုင်သည်။
ကျန့်ရီက ဖြေရှင်းရခက်သည့်ထိုနှစ်ယောက်အား ကြည့်လိုက်ရင်း ပြုံးကာ ဘာမျှမဆိုချေ။
သူ မြို့တော်တွင်နေစဥ်က လုပ်ငန်းချဲ့ထွင်ရန်အတွက် ပူးပေါင်းမည့်တစ်ယောက်လောက် ရှာချင်ခဲ့သည်။သူ့လက်အောက်ရှိလူများအား လေ့လာကြည့်ရာ ပန်သွမ်လုပ်ငန်းစုက အဆင်ပြေဆုံးဖြစ်နေသည်။ရှန်းလုပ်ငန်းစုကလည်း ကောင်းမွန်သော်ငြား ပန်သွမ်လုပ်ငန်းစုက သာ၏။
ကျန့်ရီက ကျန်းကျန့်နှင့်ပန်သွမ်ကြား ပဋိပက္ခများအကြောင်း ကျန်းကျန့်ပြောသည်ကိုကြားဖူးသောကြောင့် ပန်သွမ်လုပ်ငန်းအပေါ် အမြင်မကြည်သော်လည်း ရှန်းမိသားစုလောက်နှင့် မလုံလောက်၍ပင်။ဤအကြောင်းကြောင့် သူက မိသားစုနှစ်ခုနှင့်ပူးပေါင်းလိုက်ရခြင်းဖြစ်သည်။
လုပ်ငန်းနှစ်ခုက တစ်ခုနှင့်တစ်ခု မသက်ဆိုင်၍ သူက ပူးပေါင်းသောအခါ ခြွင်းချက်မရှိ အခွင့်ကောင်းယူလိုက်သည်။သူက ပန်သွမ်၏မရိုးမသားမှုက သူ့အားဒုက္ခဖြစ်စေမည်ကိုလည်း မပူသဖြင့် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်းဖြစ်သည်။
ကျန့်ရီက မူလတွင် ထိုပူးပေါင်းမှုအား မြို့တော်တွင်သာထားလိုက်ချင်ခဲ့သည်။သို့သော်ငြား ဟယ်ချောင်သို့ပြန်မည်လုပ်သော် ပန်သွမ်ပိုင်ရှင် ဖုန်ကျင်းယွမ်က သူ့နောက်လိုက်ရန် မမျှော်လင့်ပဲ တောင်းဆိုလာပြီး ရှန်းအန်ရှင်းကပါ သူ့နောက်လိုက်ချင်ခဲ့သည်။
စဥ်းစားပြီးနောက် ကျန့်ရီက သဘောတူခဲ့သည်။ထို့နှင့် သူက ထိုသူတို့နှင့် တစ်လမ်းလုံး လှေတစ်စီးတည်းဖြစ်ကာ ထိုနှစ်ယောက်က ပေါ်ပေါ်ထင်ထင်ရန်ဖြစ်လိုက် တိုးတိုးတိတ်တိတ်ဖြစ်လိုက်နှင့် ကြည့်နေရသည်က ပျော်ဖို့ကောင်းသည်။
အစောပိုင်းတွင် ဖုန်ကျင်းယွမ်သား ဖုန်ချန့်လင်က ရှန်းအန်ရှင်းနှင့် လက်ထပ်ချင်သော်လည်း မအောင်မြင်၍ ရှန်းအန်ရှင်းအား နာမည်ဖျက်ရန်လုပ်ရာမှ ကျန်းကျန့်၏ပစ်မှတ်ထားခံရခြင်းပင်။နှစ်ဦးသား သဘောထားကွဲလွဲကြလျှင်လည်း ကျန့်ရီက ရှန်းအန်ရှင်းကိုသာ ကူမည့်သူဖြစ်သည်။ရှန်းအန်ရှင်း၏ကြွယ်ဝမှုက ဖုန်ကျင်းယွမ်လောက်မကောင်းသော်လည်း ဖုန်ကျင်းယွမ်နှင့်ယှဥ်နိုင်၏။
ဖုန်ကျင်းယွမ်က ဤအခြေအနေအား နားလည်သော်ငြား သူက အင်ပါယာကုန်သည်တစ်ယောက်မဖြစ်သေး၍သာ။
သူက အပေးအယူကြောင့်သာ ကျန့်ရီနောက်လိုက်ခွင့်ရပြီး ယန့်ကျီမြစ်တောင်ပိုင်းတွင်လည်း စျေးကွက်တစ်ခုဖွင့်ချင်၍ဖြစ်သည်။ဤအတွက်ကြောင့် သူက ကြုံခဲ့ရသောစွပ်စွဲချက်အားလုံးအား ဘေးပို့ထားရပေမည်။သူ့အတွက်က ပန်းတိုင်ရောက်ရန် အနည်းငယ်နစ်နာသွားလည်း ကိစ္စမရှိချေ။
ကုန်စည်အပြည့်နှင့်ကျန့်ရီ၏သင်္ဘောက ကျန့်မိသားစု၏သီးသန့်ဆိပ်ကမ်းသို့ သွားလေ၏။လက်ရှိတွင် သူတို့၏သင်္ဘောကြီးတစ်ခုတည်းသာ ရှိနေပြီးဆိပ်ကမ်းက လွတ်နေ၏။မကြာမီ ကမ်းကပ်ပြီးတော့မည်ပင်။
ကျန့်မိသားစုက ထိုနေရာတွင် အချိန်အတော်ကြာစောင့်နေဟန်ရှိသည်။ကျန့်ရီက သင်္ဘောပေါ်မှဆင်းလိုက်သည်နှင့် လူများစွာက နှုတ်ဆက်လာကြပြီး ကျန့်ရီအား ဝေါယာဥ်ပေါ်ထိုင်ခိုင်းကာ သူ၊ဖုန်ကျင်းယွမ်နှင့်အခြားသူများအား ကျန့်အိမ်တော်သို့ ခေါ်သွားကြသည်။
လူများက ဦးစွာရေချိုးအဝတ်အစားလဲလိုက်ကြသည်။ထို့နောက် ကျန့်မိသားစုခေါင်းဆောင်ဖြစ်သည့် ကျန့်ရီ၏အဖေက ဖုန်ကျင်းယွမ်နှင့် ရှန်းအန်ရှင်းတို့အတွက် စားသောက်ပွဲကြီးနှင့်ဧည့်ခံလေသည်။
ကျန့်ရီက အိမ်ပြန်ရောက်မှ အပန်းပြေရန်အနားယူနေစဥ် ဖုန်ကျင်းယွမ်နှင့်ရှန်းအန်ရှင်းတို့က သခင်ကြီးကျန့်၏အမြင်ကောင်းရရန် ကြိုးစားနေကြသည်။
ဖုန်ကျင်းယွမ်က အလွန်စကားများကာ ရှန်းအန်ရှင်းကမူ နူးညံ့ပြီးထက်မြက်၏။ထိုသူတို့နှင့်တစ်ခဏမျှစကားပြောပြီးနောက် သခင်ကြီးကျန့်က ပြန်လှည့်လာပြီး ကျန့်ရီအား ဆူပူသည်။
"မင်းကိုကြည့်စမ်း...ကောင်းကောင်းမထိုင်နိုင်ဘူးလား"
"အဖေကလဲ...အပြင်မှာ တစ်နှစ်လောက်နေခဲ့ရတာလေ..ကောင်းကောင်းနားခွင့်လေးပေးပါလား"
ကျန့်ရီက ဆိုသည်။သို့သော်လည်း သူက ဆန့်ဆန့်ကြီးထိုင်နေဆဲဖြစ်ကာ ပြောလာသည်"အဖေ..ဒီနေ့ တခြားဆိပ်ကမ်းတွေမှာ လှေတွေနည်းနေသလားလို့...ဘာဖြစ်နေတာလဲ"
“မင်းအရမ်းကို သဘောကျလှပါတယ်ဆိုတဲ့ ကျန်းကျန့်ကြောင့်လေ"သခင်ကြီးကျန့်က ပြုံးသည်။
“ကျန်းကျန့်နဲ့ပတ်သတ်နေတာလား"ကျန့်ရီက အနည်းငယ်အံ့အားသင့်သွားသော်လည်း သူ့အဖေ၏ပျော်ရွှင်နေသည့် အမူအရာကြောင့် မစိုးရိမ်တော့ချေ။သူက မကောင်းသည့်အရာမဟုတ်မှန်း သိလိုက်သည်။
“ကျန်းကျန့် မြို့တော်က ပြန်လာတော့...ဟယ်ရှီရွာမှာပဲနေပြီး ထွက်ကိုမလာတော့ဘူး..စစချင်းတုန်းက သူ့မှာ ကြီးပွားလိုစိတ်မရှိဘူးလို့ ငါထင်ခဲ့ပေမယ့် သူ့ကို လျှော့တွက်မိတာပဲ..ပြန်ရောက်တော့ သူက ဟယ်ရှီရွာမှာ တိတ်တိတ်လေး ဆိပ်ကမ်းအကြီးကြီးဆောက်ပစ်လိုက်တာလေ"သခင်ကြီးကျန့်က ဆိုသည်။
“သူ့ရဲ့ကိုယ်ရံတော်လုပ်ငန်းက ကုန်ပို့လုပ်ငန်းလုပ်တယ်...သူ့ဆိပ်ကမ်းကလည်း အရမ်းကြီးတော့ စီရင်စုထဲက ဆိပ်ကမ်းတွေကိုသုံးတာထက် ပိုလွယ်သွားတာ..တချို့အသေးစားလုပ်ငန်းရှင်တွေတောင် ရွာတွေကနေကုန်စုပြီးရင် လှေကို သူ့ဆိပ်ကမ်းဆီတည့်တည့်လှော်သွားကြတာ"
“ဩော်..."ကျန့်ရီက ဆိုလိုက်သည်။
“အဲ့ဒါတင် မကဘူး...သုံးလလောက်ကြာတော့ သူ့ရဲ့ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက ဟယ်ရှင်းစီရင်စုနယ်မြေမှာ နာမည်တောင်ရနေပြီ"သခင်ကြီးကျန့်က ထပ်လောင်းပြောလိုက်သည်။
ကျန့်ရီက ကျန်းကျန့်အပေါ် မြှောက်ပြောသည်ထက် သခင်ကြီးကျန့်က ကျန်းကျန့်အား အလွန်လေးစားခြင်းဖြစ်သည်။
ဖုန်ကျင်းယွမ်က ကျန်းကျန့်အား သဘောမကျသော်လည်း ကျန့်မိသားစုက သူ့အားချီးကျုးနေသည်အား မြင်သော် သူလည်း လိုက်ချီးကျူးရတော့သည်။ရှန်းအန်ရှင်း၏သဘောထားလည်း ဖုန်ကျင်းယွမ်နှင့်အတူတူဖြစ်သည်။
“သူလုပ်နိုင်မယ်ဆိုတာ သိပြီးသားပါ..မနက်ဖြန်ကျရင် သူ့ဆိပ်ကမ်းဆီ အလည်သွားအုံးမှ..."ကျန့်ရီက ရယ်မောလိုက်သည်။
ကျန့်ရီက အချိန်ကြာလေလေ ကျန်းကျန့်အပေါ် စိတ်ကျေနပ်မိလာ၏။
ကတ်ကစားခြင်းကြောင့် ကျန့်မိသားစုက ဧကရီမယ်တော်၏စိတ်အား အနိုင်ရခဲ့ပြီး အတိတ်တွင် ဆယ်နှစ်လောက်ရှာရန်ပင်မလွယ်သော ပိုက်ဆံများအား တစ်နှစ်တည်းနှင့်ရှာနိုင်ခဲ့သည်။ထိုမျှမက ကျန်းကျန့်ပြောပြသည့် ဒဏ်ရာချုပ်ခြင်းနည်းလမ်းကလည်း ကျန့်မိသားစုနှင့် စစ်သူကြီးမိသားစုများကြား ရင်းနှီးမှုတိုးစေ၏။
ယခု သူ ဟယ်ချောင်သို့ပြန်ရောက်သော် တတ်နိုင်သရွေ့ ကျန်းကျန့်ဆီသွားကြည့်လိုက်ရန်က သဘာဝပင်။
ကျန့်ရီက သူ့စကားတည်သူဖြစ်သည်။ထို့ကြောင့် တစ်ညနားပြီးသော် သူ့လူများအား လှေနှင့်ဟယ်ရှီဆိပ်ကမ်းသို့ သွားရန်ပြောလိုက်သည်။
ဖုန်ကျင်းယွမ်နှင့်ရှန်းအန်ရှင်းတို့ကလည်း သူ့နောက်လိုက်ရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။ထိုသူတို့က သူ့နောက်လိုက်ရန် မနက်စောစော၌ အိမ်တော်တံခါးတွင် စောင့်နေကြသည်။
ကျန့်ရီက ယခင်က ရှန်းအန်ရှင်းနှင့်ကျန်းကျန့်မှာ လုပ်ငန်းအတူတူလုပ်ဖူးမှန်းသိ၍ ရှန်းအန်ရှင်းကိုခေါ်ရန်က ပြဿနာမရှိလောက်သော်လည်း ဖုန်ကျင်းယွမ်ကဖြင့်.......။
“သခင်လေးကျန့် စိတ်ချပါ...ကျုပ် သခင်ကြီးကျန်းကိုအပြစ်လုပ်မိပြီးတော့ သခင်ကြီးကျန်းဆီ လက်ဆောင်ပေးဖို့သွားခဲ့ပြီး အမှားပြင်ဆင်ခဲ့တယ်...အဲ့တုန်းက သခင်ကြီးကျန်းပြောတာ အတိတ်ကအရာအားလုံးကို ချေဖျက်လိုက်မယ်တဲ့"ဖုန်ကျင်းယွမ်က အလောတကြီး ဆိုလာ၏။
ဖုန်ကျင်းယွမ်ပြောသည်အား ကြားပြီးနောက် ကျန့်ရီက သူ့အား လိုက်ခွင့်ပေးလိုက်သည်။မည်သို့ဆိုစေ ကျန်းကျန့်အကြောင်းသိ၍ ကျန်းကျန့်က ဖုန်ကျင်းယွမ်အား မုန်းတီးလျှင်ပင် ခံရမည့်သူက ဖုန်ကျင်းယွမ်ပင်ဖြစ်ကာ ကျန်းကျန့်မဟုတ်။
ယခုအကြိမ် ကျန့်ရီက ဟယ်ရှီဆိပ်ကမ်းသို့ ရောက်သော် ခရီးမရှည်၍ သင်္ဘောကြီးအစား သင်္ဘောငယ်လေးတစ်စင်း ယူသွားလိုက်သည်။
ဤသင်္ဘောက ကျန့်မိသားစုက မိတ်ဆွေများထံအလည်သွားရာတွင် သို့မဟုတ် အပြင်ထွက်ရာတွင်သုံးသည့် တစ်ခုဖြစ်သည်။၎င်းက အထူးကောင်းမွန်ပြီး လှလှပပအလှဆင်ထား၏။လှော်တက်လေးများက သေးငယ်သော်ငြား မျက်စိပဒါသဖြစ်ဖွယ်ရှိသည်။
ကျန့်ရီက အပျော်စီးသင်္ဘောပေါ်ရောက်သွားစဥ် အစေခံမိန်းကလေးတစ်ဦးက သူ့နားရောက်လာပြီး လက်ဖက်ရည်ယူလာကာ သစ်သီးပန်းကန်များနှင့် စားစရာများချပေးလာသည်။
လက်ဖက်ရည်က အကောင်းဆုံးမောင်ကျင်းအမျိုးအစားဖြစ်ကာ မွှေးပျံ့ပြီးကြည်လင်၏။သစ်သီးပန်းကန်ထဲတွငိလည်း သစ်သီးအမျိုးအစားများစွာနှင့် မူလအတိုင်းရှိနေသည့်သစ်သီးများ တည်ခင်းထားသည်။ထပ်ပေါင်းပြောရပါက စားပွဲပေါ်တွင် အသီးအရွက်ဟင်းပွဲ ဆယ်မျိုးကျော်လောက်ရှိကာ ခရုဟင်းပွဲသေးတစ်ပွဲ၊ပဲသီးခြောက် ပွဲသေးတစ်ပန်းကန်၊မြေပဲပြုတ်တစ်ပန်းကန်၊ဘဲလျှာတစ်ပန်းကန်နှင့် လက်သည်းအရွယ်ကောက်ညှင်းစိများ ကိုလုံးထားသည့်ဟင်းပွဲတစ်ပန်းကန်တို့ရှိသည်။
ပင်လယ်ခရုအနှစ်တစ်ပန်းကန်လည်း ရှိနေသည်။သူ့ဘေးရှိလိုက်ကာနောက်တွင် ကြော့ရှင်းလှပသောအစေခံမလေးတစ်ဦးက တူရိယာတစ်ခုတီးခတ်ရင်း ချိုသာစွာ သီချင်းဆိုနေ၏။
ရှန်းအန်ရှင်းနှင့်ဖုန်ကျင်းယွမ်တို့နှစ်ယောက်လုံး ချမ်းသာပြီး လူမှုဘဝတွင် ပြစ်ချက်ရှိကြသော်လည်း ဤသည်အား မကြုံဖူးကြပေ။အခြားမပြောနှင့် ဟင်းပွဲများအကြောင်း ဆိုကြပါစို့ ...။အကယ်၍ သူတို့တွင်သာ ဤသို့ကြွေထည်ကောင်းများရှိနေပါက အငြိမ်မနေသည့် သင်္ဘောပေါ်တွင် သုံးဖို့ရာ တွန့်ဆုတ်နေမည်ဖြစ်သည်။မတော်တဆ ကွဲသွားရင်ရော..။
လက်ဖက်ရည်သောက်နေစဥ်အတွင်း ကျန့်ရီက စားပွဲပေါ်ရှိ ဟင်းပွဲသေးသေးများအား နှစ်ခြိုက်နေကာ သက်တောင့်သက်တာရှိနေဟန် ပေါ်သည်။သိပ်မကြာလိုက် ဟယ်ရှီသို့ရောက်ပြီဖြစ်၏။
“သခင်လေး..ဟယ်ရှီရွာက ရှေ့နားလေးမှာပါ"လက်ဖက်ရည်ချပေးလာသည် အမျိုးသမီးက ဆိုလာ၏။
ကျန့်ရီက ခေါင်းညိမ့်ပြလိုက်ပြီး ထကာ လှေဦးပိုင်းသို့သွားလိုက်သည်။
သူက ကျန်းကျန့်မှာ ဆိပ်ကမ်းတစ်ခုဆောက်ထားကြောင်းကြားသော်လည်း မည်သို့ဆိပ်ကမ်းမျိုးမှန်းမသိ၍ ....ကျန့်ရီက မျော်ကြည့်လိုက်သည်။
ဤဟယ်ရှီဘက်ကမ်းရှိ ဆိပ်ကမ်းမှာ အလွန်ကြီးမားပြီး ကျန့်မိသားစုကိုယ်ပိုင်ဆိပ်ကမ်းထက်ပင် ကြီးလေ၏။အဝေးမှနေ၍ သူက မြစ်ကမ်းရှိ နေရာကျယ်ကြီးများနှင့် အိမ်စဥ်တန်းများအား တွေ့လိုက်ရသည်။
အိမ်များက သပ်သပ်ရပ်ရပ်ရှိကာ အရှိန်အဝါမရှိသော်ငြား ကျန့်ရီက ခမ်းနားကြောင်းဝန်ခံရမည်။သို့သော်လည်း နှစ်ဝက်စာအနည်းငယ်အတွင်း ကျန်းကျန့်က ထိုနေရာမျိုး စိတ်ကူးရလေ၏။
မူလက ကျန့်ရီမှာ ကျန်းကျန့်က ရွာတွင် ကျောက်ကျင်းကောနောက်သာ တစ်ချိန်လုံးလိုက်နေသည်အား ကြားသော် သူ့အားသွားရိုက်ချင်လောက်အောင်ကို စိတ်ပျက်သွားသည်။ကျန်းကျန့်က စီးပွားရေးလုပ်နေတာလေ..ဘယ်လိုလုပ်ပြီး ကျောက်ကျင်းကောကြောင့် ရွာမှာပဲနေနေရတာလဲ။
“ဒါ သခင်ကြီးကျန်းရဲ့ဆိပ်ကမ်းလား...အရမ်းထည်ဝါတာပဲ"ဖုန်ကျင်းယွမ်က ရောက်လာပြီးပြီးချင်း ချီးကျူးလာ၏။
“သခင်ကြီးကျန်းက တကယ်ကို လုပ်နိုင်စွမ်းရှိတာပဲ"ရှန်းအန်ရှင်းက ဆို၏။
“သူက တော်တယ်လေ"ကျန့်ရီက ရယ်မောလိုက်သည်။
သုံးယောက်သားစကားပြောနေစဥ် လှေက ဖြေးဖြေးချင်းကမ်းကပ်သွား၏။
ကျန့်ရီဘေးက ကောင်လေးက ကျန့်ရီအား ကုန်းပေါ်သို့ပို့ပေးလိုက်ပြီးနောက် ကျန့်ရီမှာ သူရှာနေသည့်လူက လှမ်းလာနေသည်အား တွေ့လိုက်ရသည်။
“ပုလဲလုံးလေး...အဲ့လှေကိုတွေ့လား...လှတယ်နော် သမီးကြီးလာရင် အဖေက ဒါနဲတူတဲ့တစ်ခုဆောက်ပြီး သမီးကိုပေးမယ်..ဟုတ်ပြီလား"ကျန်းကျန့်က သူ့သမီးအားပြောလိုက်ပြီး စကားဆုံးသော် သူ့ထံလာနေသည့် လူတစ်ယောက်က ကျန့်ရီမှန်းတွေ့သွားလေသည်။
“သခင်လေးကျန့်"ကျန်းကျန့်က ကျန့်ရီအားအံ့သြတကြီး ကြည့်လိုက်သည်။
“ကျန်းကျန့်..."ကျန့်ရီက ကျန်းကျန့်ထံခေါင်းညိမ့်ပြလိုက်ပြီး အနီရောင် ဂွမ်းထည်ခြုံလွှာဝတ်ထားသည့် ကျန်းကျန့်နှင့် ခပ်ပြုံးပြုံးဖက်တီးလေးသူ့သမီးအားကြည့်လိုက်သည်။သူက မေးလိုက်သည်:
"ဒါ မင်း,သမီးပေါ့"
“ဟုတ်တယ်..ကျွန်တော့်သမီး မင်ကျူး"ကျန်းကျန့်က ပြုံးလိုက်ပြီး ကျန့်ရီထံ သူ့သမီး ဝကစ်ကစ်အား ပြလိုက်သည်။
သူ၏သမီးအား အာဟာရရှိသောအစားအစာများ စားစေရန်အတွက် နာနီနှစ်ယောက်ငှားထားပြီး ထိုနာနီများထံ အသားဟင်းချက်ပြီးနေ့တိုင်းပို့ပေးသည်။နှစ်ဝက်ခန့်အကြာထိ ထိုနာနီနှစ်ယောက်အား ဝလာသည်ထိ ကျွေးပြီးသည်နှင့် သူ့သမီးလည်း .....အလေးချိန်တက်လာသည်။
သို့သော်ငြား အမှန်တရားကိုပြောမည်ဆိုပါက နို့တိုက်ကျွေးရသည့် ကလေးငယ်များက လှုပ်လှုပ်ရှားရှားမရှိသောကြောင့် ပိုထွားလာခြင်းဖြစ်သည်။
“ချစ်စရာကောင်းလိုက်တာ"ကျန့်ရီက ပြောလိုက်သည်။ကလေးဆိုသည်က လှသည်ဟုပြော၍မရ၍ သူတို့၏ချစ်စရာကောင်းမှုကို ချီးကျူးပေးရမည်။
“ကျုပ်လည်း အဲ့လိုထင်တယ်"ကျန်းကျန့်က တုန်းတိတိဝန်ခံလိုက်ပြီး မေးလာသည်:"သခင်ကြီးကျန်းက မြို့တော်ကနေ ဘယ်အချိန်ကပြန်ခဲ့တာလဲ"
"မနေ့ကမှရောက်တာ"ကျန့်ရီက ဆိုသည်။
ကျန်းကျန့်က ကျန့်ရီနှင့်စကားစမြည်ပြောနေပြီး သူ့နောက်က လူနှစ်ယောက်အား နှုတ်ဆက်ကာ ဆိုသည်:"သခင်လေးကျန့်..ကျုပ်အိမ်သွားချင်လား"
“ကောင်းတာပေါ့..ဆိပ်ကမ်းကိုလည်း ကြည့်အုံးမယ်"ကျန့်ရီက ဆိုသည်။
ကျန့်ရီက ကျန်းကျန့်ဆိပ်ကမ်းမှာ ကောင်းကောင်းဆောက်ထားခြင်းဖြစ်ကာ ပြစ်ချက်ဟူ၍ အရာအားလုံးသပ်သပ်ရပ်ရပ်ဖြစ်နေ၍ လူစိတ်ဝင်စားဖွယ်မရှိခြင်းဖြစ်သည်။သို့သော်လည်း ထိုအိမ်များက သုံးရလွယ်ပြီး အကုန်အကျသက်သာလေသည်။
လှည့်ပတ်ကြည့်ပြီးနောက် ကျန့်ရီက သူ့ကိုယ်ပိုင်ဆိပ်ကမ်းအတွက် ကျန်းကျန့်ထံမှ အတုယူရန်စိတ်ကူးလိုက်သည်။ထိုသူတွေးထားသည့် အစားအသောက်တန်းမျိုးက အလွန်ကောင်း၏။
“အစားအစာဆိုတာ အရေးအကြီးဆုံးအရာပဲ..ဒါကြောင့် လက်အောက်ကလူတွေ ကောင်းကောင်းစားတာနဲ့ ထိခိုက်မသွားပါဘူး"ကျန်းကျန့်က ဆို၏။သူက ပြောနေရင်း သူ့မျက်နှာက ရုတ်ချည်းပြောင်းလဲသွား၏။
“သခင်လေးကျန့် ကျုပ်အရေးကြီးကိစ္စပေါ်လာလို့ သွားရလိမ့်မယ်..သခင်လေးကို စောင့်ရှောက်ဖို့ လူတစ်ယောက်လွှတ်လိုက်ပါ့မယ်"
မလှမ်းမကမ်းတွင်ရပ်နေသည့် ကျန့်ပေါင်နင်အား မြင်လိုက်၍ ကျန်းကျန့်ကဆိုသည်။သူက ချက်ချင်း အော်ခေါ်လိုက်သည်
:"ကျန့်ပေါင်နင်..လာပြီး သခင်လေးကျန့်ကိုနှုတ်ဆက်လိုက်အုံး..ငါ အိမ်ပြန်ရမှာမို့"
“ဟုတ်ကဲ့ ဘော့စ်"ကျန့်ပေါင်နင်က ဖြေလိုက်ပြီး ကျန့်ရီအနား ကြောက်ကြောက်လန့်လန့် ရောက်လာသည်။
သူတို့ဘော့စ်က သခင်လေးကျန့်ကိုတောင် သိတယ်ပေါ့..။တကယ် မိုက်တာပဲ။
ထို့အတူ
ကျန်းကျန့်ကလည်း လက်ထဲ သမီးအားချီထားရင်း ပြေးသွားသည်။ကျန်းကျန့်ပြေးသွားသည်အား မြင်သော် ကျန့်ရီက ကျန့်ပေါင်နင်အား ဝေခွဲမရသည့်နှယ်ကြည့်လာသည်။
"မင်းတို့ဘော့စ်က ဘာဖြစ်တာလဲ..သူ အပေါ့စွန့်ချင်လာလို့များလား"
“မမလေးက နည်းနည်း အဆင်မပြေဖြစ်သွားလို့ဖြစ်မယ်"ကျန့်ပေါင်နင်က ဤသည်က ဖြစ်နေကျဖြစ်ပြီး သူတို့မမလေးက ဘောင်းဘီထဲ အလေးစွန့်လိုက်ခြင်းကြောင့်ဖြစ်မည်ဟု ပြောလာ၏။