Chapter 157
-သတ်ပုံမှားသော အမည်နာမ
ဒီလိုဆွဲဆောင်မှုမရှိတဲ့ ကျောက်ကျင်းကောက ချမ်းသာလို့လား။မဟုတ်ရင် ဘာလို့ ကျန်းကျန့်က ကျောက်အိမ်တော်ကို လက်ထပ်မှာလဲ။
နှစ်ဦးသား သိချင်စိတ်နည်းနည်းရှိသော်လည်း ကျန့်ရီက ဤအကြောင်းထပ်မပြောတော့ချေ။
ကျန်းကျန့်နှင့်အတူ စားသောက်ပြီးနောက် ကျန့်ရီက ထွက်သွားပြီဖြစ်သည်။မေးခွန်းအပြည့်ဖြစ်နေသော ရှန်းအန်ရှင်းက ကျန်နေပြီးမေး၍လည်း မဖြစ်နိုင်၍ သူနှင့်အတူထွက်သွားရန်သာ တတ်နိုင်သည်။သို့သော်လည်း သူက ဟယ်ချောင်စီရင်စုတွင် ရှိနေသည်ဖြစ်၍ အဖြေရှာရန်အချိန်ရှိသေးသည်ပင်။
ကျန့်ရီက ဖုန်ကျင်းယွမ်နှင့်ရှန်းအန်ရှင်းတို့အား ချင်ဖုန့်ကိစ္စ၌ ဝင်မပါစေချင်၍ နောက်တစ်နေ့တွင် သူတို့မခေါ်ပဲထွက်လာပြီး ကျန်းကျန့်နှင့် သီးသန့်စကားပြောလေ၏။
ဖုန်ကျင်းယွမ်က ဤနေရာတွင် စျေးကွက်အသစ်ဖွင့်ရန်အတွက် ယန့်ကျီမြစ်တောင်ပိုင်းသို့လာခြင်းဖြစ်၍ ကျန့်ရီနောက်မလိုက်နိုင်ရာ ဟယ်ချောင်စီရင်စုတွင် လှည့်လည်သွားကြည့်နေရသည်။ရှန်းအန်ရှင်းက ဤအကြောင်းတွေးမိရင်း နောက်ဆုံး လှေတစ်စင်းငှားပြီး ဟယ်ရှီရွာသို့သွားရန် ဆုံးဖြတ်လိုက်သည်။
ဟယ်ရှီရွာကဲ့သို့ ရွာသေးသေးလေးများတွင် အပြင်လူသိပ်မရှိ၍ ရွာသားများက အကွာအဝေးတစ်ခုထားကာ ထူးဆန်းသည့်အရာများအား ဂြိုဟ်သားများသဖွယ်ဆက်ဆံကြသည်။သို့သော်လည်း ကျန်းကျန့်က ဆိပ်ကမ်းတစ်ခုဆောက်လိုက်ကာ ကုန်သည်များကလည်း သွားလိုက်လာလိုက်ဖြစ်နေ၍ လူများက အပြင်လူများတွေ့ရာတွင် မအံ့သြတော့။
ထူးခြားသည်က ရှန်းအန်ရှင်းက စျေးကြီးအဝတ်အစားများဝတ်ထားပြီး ချမ်းသာသည့်ပုံပေါ်၍ သူ့အား ပို၍ပင်ကြိုဆိုကြသည်။
ရှန်းအန်ရှင်းက ဤဆိပ်ကမ်းနားတစ်ဝိုက် လှည့်ကြည့်နေရင်း ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့အကြောင်း ကွေ့ဝိုက်မေးလာသည်။
ကျောက်လျူကို ကျေးဇူးတင်ရမည်...ဟယ်ရှီရှိလူတိုင်းက ကျန်းကျန့်က ကျောက်ကျင်းကောအပေါ်ကောင်းကြောင်း သိကြ၍ ရှန်းအန်ရှင်းက မေးသလောက် မရေမတွက်နိုင်သတင်းများထွက်လာ၏။ဥပမာအနေနှင့် ကျောက်ကျင်းကောက ရွာထဲရှိ ကျောက်မိသားစု၏လုပ်သက်ကြာသည့် အလုပ်သမားတစ်ယောက်ဖြစ်ကာ သူ့မိသားစုက လယ်တစ်စိတ်မျှပင်မရှိချေ။သို့သော်လည်း ကျန်းကျန့်က သူ့မိသားစုထဲလက်ထပ်ပြီးနောက် ကျန်းမိသားစုမှ" လုပ်အားခ"များနှင့်စီးပွားရေးလုပ်ခြင်းကြောင့် ကျန်းကျန့်က မမျှော်လင့်ပဲ ချမ်းသာသွားခြင်းဖြစ်သည်။ယခုအချိန်၌ ကျောက်ကျင်းကောမိသားစုက သူယခင်ကအလုပ်လုပ်ခဲ့သည့် ကျောက်မျိုးရိုးများထက် ပိုချမ်းသာသွားခဲ့သည်။
ဥပမာအနေနှင့် ကျောက်ကျင်းကောက လက်ထပ်၍မရနိုင်သည့်လူအဖြစ် လူသိများသဖြင့် မည်သူမှ သူကောင်းကောင်းမွန်မွန်လက်ထပ်သွားလိမ့်မည်ဟု မထင်ထားကြပေ။
“ကျင်းကောက တကယ်ကံကောင်းတာ...ကျန်းကျန့်က သူ့အပေါ်ကောင်းပေးတယ် နှစ်ဦးစလုံးရဲ့ ဘဝကလည်း ပိုပိုပြီး ခိုင်မြဲလာတာ"ရှန်းအန်ရှင်းနှင့်စကားပြောနေသည့် ဟယ်ရှီရွာသူအမျိုးသမီးတစ်ယောက်က ခံစားချက်အပြည့်နှင့်ပြောလာ၏။
“ဟုတ်မှာ.."ရှန်းအန်ရှင်းက ပြုံးပြီးခေါင်းညိမ့်လိုက်သော်ငြား နှလုံးသားကဖြင့် ထိခိုက်နာကျင်နေပြီဖြစ်၏။
ယခင်က သူမြို့တော်တွင်ရှိစဥ် ကျန်းကျန့်ကိုကြိုက်သော်ငြား ကျောက်ကျင်းကောအား အနည်းငယ်သာ မနာလိုဖြစ်မိကာ သူတို့၏ဆက်ဆံရေးအား ဖျက်ဆီးချင်စိတ်မရှိချေ။သို့သော်ငြား ယခုတွင်ကျောက်ကျင်းကောက နေရာတိုင်းတွင် သူ့ထက်နိမ့်ကျသူဖြစ်သည်။ဘယ်လိုလုပ်ပြီး ကျန်းကျန့်က သူ့ကို နှလုံးသားတစ်ခုလုံးပုံပေးပြီး ဆက်ဆံရတာလဲ။ကျန်းကျန့်သာ ကျောက်မိသားစုထဲမဝင်ပဲ ရှန်းမိသားစုထဲဝင်ခဲ့ရင် သူ့မိဘတွေရဲ့မျှော်လင့်ချက်လည်းဖြည့်ဆည်းနိုင်ပြီး ရှန်းမိသားစုရဲ့အမွေဆက်ခံနိုင်မှာလေ...ကျန်းကျန့်မှာလည်း စမှတ်ကောင်းကောင်းရှိသွားပြီမဟုတ်လား။
သူက ကျန်းကျန့်နဲ့ ဘာလို့များ စောစောမဆုံခဲ့ရတာပါလိမ့်။
ထိုနေ့က ရှန်းအန်ရှင်းမှာ ကျန့်မိသားစုအိမ်တော်သို့ ပြန်ရောက်သော် အတွေးတို့ချာချာလည်နေ၏။ဖုန်ကျင်းယွမ်အားတွေ့မှ ခေါင်းပေါ်ရေအေးလောင်းချလိုက်သည့်နှယ် တည်ငြိမ်သွားသည်။သူစိတ်ထဲ မည်သည့်အရာများရှိနေပါစေ ထုတ်မပြနိုင်ချေ။သို့သော်လည်း ကျန်းကျန့်က သူနှင့်ကျန့်ရီကြား ဆက်ဆံရေးကြောင့် သူနှင့်အတူရှိနေလျှင် ဖုန်ကျင်းယွမ်က ဘာအကြောင်းများလဲ။
ကျန်းကျန့်က ရှန်းအန်ရှင်းအတွေးများအကြောင်း မသိချေ။အစမှအဆုံးထိ သူက ရှန်းအန်ရှင်းသူ့အား ကြိုက်နေမှန်း သတိပင်မထားမိချေ။သူက ချင်ဖုန့်အိမ်တော်ကြောင့် အလုပ်များနေ၏။
ကျန်းကျန့်က မတူကွဲပြားသော အလုပ်တာဝန်များ လုပ်လေ့ရှိသည်။မတိုင်က ကျန်းကျန့်မှာ တာဝန်ပေးထားသောအလုပ်လုပ်နေချိန် လောင်းကစားရုံထဲနေဖူး၍ အကြံဥာဏ်များစွာ တင်ပြနိုင်သည်။
သူ့အကြံဥာဏ်များအားလုံးက အသုံးချ၍မရနိုင်သော်လည်း ဤအချက်အလက်မှ ကျန့်ရီက အဆင့်မြင့်လိုက်နိုင်ပြီး ချင်းဖုန်အိမ်တော်၏ဖွဲ့စည်းပုံ စည်းမျဥ်းစည်းကမ်းများ နှင့်နည်းလမ်းများအား တဖြေးဖြေး ပြည့်စုံလာစေသည်။
ပင်လယ်ဓားပြများထံမှ ကျန်းကျန့်ကယ်ထားသည့် အမျိုးသမီးများနှင့်ကောများအား ဟယ်ရှီရွာသို့ပို့ပေးပြီးဖြစ်သည်။သို့သော်ငြား ချင်းဖုန်အိမ်တော်ဖွင့်ရန်အတွက် သူပို့လိုက်သည့် လျူချမ်ချမ်နှင့်အခြားသူများက ကတ်ကစားနည်းအား စတင်လေ့လာနေကြသည်။
ကျန်းကျန့်ရော ကျန့်ရီပါ အရာရှိများအား အလှတရားနှင့်လှည့်စားရန် အခွင့်ကောင်းမယူချင်၍ သူတို့အားလုံးက ကတ်ကစားနည်းအား သင်ကြရကာ အလုပ်က ရိုးရှင်းလှ၍ မြန်မြန်သင်ယူကြသည်။တစ်ချိန်တည်းမှာပင် အိမ်တော်ကလည်း ပြန်လည်မွမ်းမံအလှဆင်ပြီးဖြစ်သည်။
ချင်ဖုန့်အိမ်တော်အား အချိန်တိုအတွင်း တတ်နိုင်သရွေ့ဖွင့်နိုင်ရန်အတွက် ကျန့်ရီက ကျန့်မိသားစုမှ ပရိဘောဂများထောက်ပံ့ရန် တုံ့ဆိုင်းမနေ၍ ရက်နှစ်ဆယ်အတွင်း အိမ်တော်က ကြည့်ကောင်းလာသည်။
ထိုအချိန်အတွင်း ရှန်းအန်ရှင်းက ကျန့်ရီနှင့်ကျန်းကျန့်တို့ အလုပ်များနေသည်အား အခွင့်ကောင်းယူကာ စီရင်စုမြို့သို့ကျန်းကျန့်နောက်လိုက်လာသည့် ကျောက်ကျင်းကောအား ရှာရန်သွားလေ့ရှိ၍ သူနှင့်ရင်းနှီးနေပြီဖြစ်သည်။
ယနေ့ ရှန်းအန်ရှင်းက ကျောက်ကျင်းကောအားရှာရန် ထပ်သွားပြန်၏။ရှန်းအန်ရှင်းက ရောက်သွားသောအခါ ကျောက်ကျင်းကောက စာဖတ်နေပြီး လက်ရေးလှကျင့်နေ၏။
သို့ဆိုရင်တောင် ကျောက်ကျင်းကောက စာလုံးများအား မမှတ်မိနိုင်သေးပေ လက်ရေးက မလှသော်လည်း တည်ငြိမ်နေသည်။သူက နေ့တိုင်းများများလေ့ကျင့်သဖြင့် ခရီးပေါက်နေပြီဖြစ်သည်။လေ့ကျင့်နေစဥ်အတွင်း ကျောက်ကျင်းကောက ကျန်းကျန့်အကြောင်းမတွေးရမနေနိုင်၍ သူရေးသည့်စာလုံးများမှာ"ကျန်းကျန့်"ဟူ၍ပင်။
“ကျောက်ကျင်းကော ..လက်ရေးလှလေ့ကျင့်နေတာလား"ရှန်းအန်ရှင်းက အပြင်ဘက်မှ အထဲဝင်လာပြီး အပြုံးလေးနှင့်မေးလိုက်သော်ငြား ဘေးရှိ သစ်သားပြားလုပ်ကုတင်ကြီးတွင် ဝတုတ်တုတ်သမီးလေးက အိပ်ပျော်နေကာ သူက ထမင်းစားပွဲပေါ်လက်ရေးလှကျင့်နေသည့် ကျောက်ကျင်းကောအား သဘောမကျပါချေ။
ဘယ်စာသင်သားက လက်ရေးလှကို ဒီလိုလေ့ကျင့်မှာလဲ။
“အင်းအင်း.."ကျောက်ကျင်းကောက ရှန်းအန်ရှင်းအား ခေါင်းညိမ့်ပြလိုက်သည်။
ရှန်းအန်ရှင်းက ကျန်းကျန့်အား စိတ်မဝင်စားသရွေ့ ကျောက်ကျင်းကောက ရှန်းအန်ရှင်းအား သဘောကျနေဆဲဖြစ်ပြီး ရှန်းအန်ရှင်းက အကြောင်းအရာတော်တော်များများအား သိ၍ လေးစားသည်လည်းပါသည်။သို့သော်ငြား သူက ရှန်းအန်ရှင်းနှင့်ပိုကြာကြာရှိလေလေ သူ့တန်ဖိုးမဲ့သလို ခံစားလာရသည်။ဥပမာအနေနှင့် တစ်ရက်က ရှန်းအန်ရှင်းမှာ သူ့အဝတ်အစားပေါ်ရှိ အမွှေးနံ့သာအကြောင်းပြောလာ၍ သူ့အား မည်သို့လုပ်ရမည်မသိဖြစ်သွားစေသည်။
ရှန်းအန်ရှင်းက အမျိုးသားနှင့်အမျိုးသမီးနှစ်ယောက်စလုံးက သန့်သန့်ရှင်းရှင်းနေသင့်ပြီး ပုံပန်းသွင်ပြင်အား ဂရုစိုက်သင့်ကြောင်းပြောကာ တစ်ခါတစ်ရံ အဝတ်အစားများအား အမွှေးနံ့သာဆွတ်ရန်လည်း ပြောလာ၏။
ရှန်းအန်ရှင်းက ဤအကြောင်းနားလည်ရုံသာမက ဗဟုသုတလည်းကြွယ်၏။သူက စာလေ့လာနေစဥ် အချို့နေရာများနားမလည်သော်ငြား ကျန်းကျန့်အားရှာပြီးလည်းမမေးနိုင်။သိသာစွာပင် ကျန်းကျန့်က အချို့တစ်ဝက်အား နားမလည်သော်လည်း ရှန်းအန်ရှင်းက အားလုံးသိသည်။အခြားသူများ၏ဗဟုသုတစွမ်းရည်က ကျန်းကျန့်နှင့်သူ့ထက်သာလွန်၏။
ရှန်းအန်ရှင်းအနားရောက်မလာမီ ကျောက်ကျင်းကောမှာ လက်ရေးလှကျင့်ထားသည့် "ကျန်းကျန့်"ဆိုသည်အား စာအုပ်တစ်ခုယူဖုံးလိုက်ရပြီး ရှန်းအန်ရှင်းအား ပြောလိုက်သည်:" သခင်ကြီးရှန်း ဒီနေ့က စောလှချည်လား"
“ငါမင်းကို ပြောထားပြီးသားလေ အန်ရှင်းလို့ပဲခေါ်ပါလို့"ရှန်းအန်ရှင်းက ဆိုလိုက်ကာ သေတ္တာသေးသေးလေးအား စားပွဲပေါ်တင်လိုက်သည်။
"မင်းသာ အန်ရှင်းလို့ခေါ်ရင် မင်းကိုလည်း ကျင်းကောလို့ခေါ်မယ်လေ..ကျင်းကော မနေ့က ငါပြောခဲ့တယ်လေ ...ကောတွေက ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်ဖို့လိုတယ်ဆိုတာ...ဒီနေ့ ပစ္စည်းလေးတွေ ယူလာခဲ့တယ်..မင်းစမ်းကြည့်မလား"
“တော်ပါပြီ...ကျွန်တော် အဲ့ဒါတွေနဲ့ အသားမကျပါဘူး"ကျောက်ကျင်းကောက ငြင်းဆန်လိုက်ချင်၏။
“စမ်းကြည့်လည်း အဆင်ပြေပါတယ်"ရှန်းအန်ရှင်းက ဆိုလိုက်ကာ ယူလာသည့်သေတ္တာအား ဖွင့်လိုက်သည်။
“သင်တုန်းဓားလား"ကျောက်ကျင်းကောက ကြည့်လိုက်ရာ ဓါးတစ်ချောင်းတွေ့လိုက်၍ အံ့အားသင့်သွားသည်။
ယခုခေတ်တွင် လူများက မုတ်ဆိတ်ထားရသည်အား ကြိုက်သော်ငြား ကျန်းကျန့်က မကြိုက်၍ မုတ်ဆိတ်နည်းနည်းရှည်လာသည်နှင့် ဓားနှင့်ရိတ်နေကြဖြစ်ရာ ကျောက်ကျင်းကောမှာ သင်တုန်းဓါးနှင့်မစိမ်းချေ။ဒါပေမယ့် သူတို့မှာ မုတ်ဆိတ်မွေးမှမရှိတာ..ရှန်းအန်ရှင်းက သင်တုန်းဓါးနဲ့ ဘာလုပ်ချင်တာပါလိမ့်။
“သင်တုန်းဓားဆိုပေမယ့် မုတ်ဆိတ်ရိတ်ဖို့မဟုတ်ဘူး..မျက်ခုံးမွှေးအတွက်လေ"ရှန်းအန်ရှင်းက ဆိုလိုက်သည်။
"မင်းရဲ့ မျက်ခုံးတွေက ရှုပ်နေတယ် ..အဲ့တာတွေသာညှိလိုက်ရင် သေချာပေါက်ကြည့်ကောင်းသွားမှာ"
“မလိုပါဘူး...."ကျောက်ကျင်းကောက ငြင်းဆန်ချင်သော်ငြား အငြင်းမတတ်သည့်သူဖြစ်၍ ရှန်းအန်ရှင်းက သူ့အား ဖျောင်းဖျကာမျက်ခုံးမွေးများ ကူရိတ်ပေးလာ၏။
ကျောက်ကျင်းကောက မူလကတည်းက ရဲရင့်သည့်ပုံစံမျိုးဖြစ်သည်။ရှန်းအန်ရှင်းက သူ့မျက်ခုံးမွေးများအား ရိတ်လိုက်သော် နားထင်နားထိသွားသည့် မျက်ခုံးမွေးက သူ့အား ကြည့်ရသန်မာစေသည်။
“တစ်ကမ္ဘာလုံးက ပေါင်ဒါသုံးနေတဲ့အချိန် ကောတစ်ယောက်ကလည်း ပေါင်ဒါနံ့ထွက်နေရမယ်လေ...ဒီဖွေးလွန်းတဲ့ပေါင်ဒါက မင်းအတွက် အဆင်မပြေဘူး..ဒါပေမယ့် မျက်နှာမှာ နည်းနည်းပွတ်လိုက်ပြီးတော့ နည်းနည်း အရောင်ရင့်တဲ့ပေါင်ဒါကိုသုံး...နေအုံး မင်းမျက်ခုံးမွေးကို ထပ်ဆွဲပေးအုံးမယ်"
ရှန်းအန်ရှင်းက မျက်နှာချေဘူးတစ်ခု ထုတ်လာပြီး ကျောက်ကျင်းကောမျက်နှာပေါ် ပွတ်ပေးလိုက်သည်။အမှန်က ရှန်းအန်ရှင်းမှာ မကောင်းသောရည်ရွယ်ချက်နှင့်လုပ်ခဲ့ခြင်းဖြစ်သည်။သူက
ကောတစ်ယောက်ဖြစ်သော်လည်း သူ့အဖေက သားတစ်ယောက်ကဲ့သို့ပျိုးထောင်ခဲ့စေကာမူ သူ့အမေနှင့်အလွန်တူကာ မိန်းမဆန်လေ၏။
သူ့၏ဖခင်က ဤအကြောင်းအား စိုရိမ်ခဲ့သော်ငြား နောက်ပိုင်း သူ့အမေက ဤကိစ္စအားဖြေရှင်းရန် နည်းလမ်းတစ်ခုရလာ၏။
သူ့၏မိခင်က အလွန်လှသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမအား ပိုမိုလှပသွားစေမည့် ပစ္စည်းများသုံးရသည်ပိုလည်း ကြိုက်နှစ်သက်သူဖြစ်သည်။သူမက ဤအခြင်းအရာအား သုံးပြီး ရှန်းအန်ရှင်း၏မျက်ခုံးများအား ညိလိုက်ကာ သူ့အား ပိုပြီးယောကျာ်းဆန်စေမည့် မျက်နှာချေအား သုံးပေးလိုက်သည်။ယခုဖြင့် သူက ဤနည်းလမ်းအား ကျောက်ကျင်းကောအပေါ် အသုံးချနေခြင်းဖြစ်၏။
ရှန်းအန်ရှင်းက ဟိုသည်ပွတ်လိမ်းပေးပြီးနောက် ကျောက်ကျင်းကောမှာ အလွန်ကြံ့ခိုင်သန်မာသည့်ပုံပေါက်သွားပြီး ရှန်းအန်ရှင်းက မိတ်ကပ်ဆိုးဆိုးဝါးဝါးပြင်ပေးလိုက်သည်ဟုလည်း လူတွေက ပြောနိုင်ကြမည်မဟုတ်ချေ။သို့သော်လည်း ကျောက်ကျင်းကောကမူ လုံးဝ အခြားသူပုံစံပြောင်းသွား၏။သူက အလွန်အေးစက်သော အရှိန်အဝါရှိသည့်ယောကျ်ားတစ်ယောက်နှင့် ပိုတူသွားလေ၏။
မူလက ကျန်းကျန့်နှင့်လက်ထပ်ပြီး ကလေးမွေးပြီးသည့်နောက် ကျောက်ကျင်းကော၏စိတ်က အလွန်ပြောင်းလဲလာ၏။သူက နူးညံ့လာသည်။သို့သော်ငြား ကျန်းကျန့်က ဤအရာအားလုံးအား သိသာသော်လည်း ရှန်းအန်ရှင်းလက်ထဲတွင်ဖြင့် ဤနူးညံ့မှုအားလုံးကွယ်ပျောက်ကုန်ကာ မျက်ခုံးကြားက အမှတ်ကလေးပင် ဖုန်းကွယ်နေပြီး မမြင်ရချေ။
“ကျင်းကော..ကြည့်ကြည့် ..ဒီလိုမျိုးက ပိုကြည့်မကောင်းဘူးလား"ရှန်းအန်ရှင်းက ကြေးမုံမှန်ချပ်အား ထုတ်လိုက်ကာ ကျောက်ကျင်းကောအား ပြလာ၏။
မှန်ထဲရှိလူက အလွန်ကြည့်ကောင်းကာ သူက ရှန်းအန်ရှင်းသူ့အား မည်သို့လုပ်လိုက်မှန်း မသိချေ။မျက်နှာထက်ရှိ အမာရွတ်အချို့ကလည်း မမြင်ရတော့ချေ။ဤသည်က သူ ဘာကြောင့် အနည်းငယ်ထူးဆန်းသည့်နှယ် ခံစားနေရမှန်းသေချာမသိ၍ မျက်မှောင်ကြုတ်မိသည်။သို့သော်လည်း သူက ရှန်းအန်ရှင်း သူ့အား အားစိုက်ကူပေးထားသဖြင့် ကျေးဇူးတင်ရပေမည်။
“ကျေးဇူးပါ"ကျောက်ကျင်းကောက ရှန်းအန်ရှင်းအား ပြောလိုက်ခြင်းဖြစ်သည်။
“ရပါတယ်"ရှန်းအန်ရှင်းက အပြုံးလေးနှင့်ဆိုလိုက်သည်။"ကျင်းကော ..အနာဂတ်မှာ ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သင်ယူသင့်တယ်..ယောကျာ်းတွေက ကိုယ့်ကိုကိုယ်ဂရုစိုက်တဲ့ကောတွေကိုပဲ ကြိုက်တာ..သန့်ရှင်းရမယ် လှပရမယ်..."
ရှန်းအန်ရှင်းစကားပြောနေစဥ် အပြင်ဘက်မှ ဆူညံသံအား ကြားလိုက်ရသည်။ကျန်းကျန့်ပြန်ရောက်လာခြင်းဖြစ်၏။
“ကျင်းကောရေ...ညစာအဆင်သင့်ဖြစ်ပြီလား"
ကျန်းကျန့်က တစ်မနက်လုံး ချင်ဖုန့်အိမ်တော်တွင် အချိန်ဖြုန်းနေခြင်းဖြစ်၍ အိမ်ထဲဝင်လိုက်သည်နှင့် ဗိုက်ဆာလွန်း၍မေးလိုက်သည်။သူစကားဆုံးသည်နှင့် တောင့်တောင့်ကြီးဖြစ်သွားလေ၏။
ဤနေ့၏ကျောက်ကျင်းကောက အလွန်ကြည့်ကောင်းနေသည်။
လူတိုင်းက အကြိုက်ခြင်းမတူကြ။ကျောက်ကျင်းကော၏သွင်ပြင်က ကျန်းကျန့်အကြိုက်နှင့်ကိုက်ညီသော်လည်း ယနေ့သူ၏ပုံစံက ...ကျန်းကျန့်အကြိုက်ထက်သာလွန်သွားသည်ဟု ဆိုရမည်။
ကျောက်ကျင်းကောက အများကြီးပြောင်းလဲမသွားသော်ငြား စင်စစ် ကြည့်ရကွာခြားသွားပေ၏။ကျန်းကျန့်က သူသည် ဤနည်းနှင့်လည်း ဆွဲဆောင်မှုရှိသည်ဟု တွေးမိသည်။
“မင်း...ဒီနေ့ နည်းနည်းထူးခြားနေတယ်"
ကျန်းကျန့်က သံသယရှိနေကာ ကျောက်ကျင်းကောအား ထိရန်ပြင်လိုက်၏။
“လှတယ်...မို့လား"ကျောက်ကျင်းကောက စိုးရိမ်နေသည်။
"ဒီနေ့ မိတ်ကပ်လိမ်းထားတာ..ကျွန်တော်..."
ကျန်းကျန့်က အရောင်ရဲရဲများမကြိုက်၍ ကျန်းကျန့်အတွက် ပြဿနာရှိသွားမလား။ကျန်းကျန့်က ယခု စိတ်ညစ်နေလောက်သည်။သူသာ သိခဲ့ရင် ရှန်းအန်ရှင်းရဲ့အကြံကို သဘောမတူမခဲ့ပါဘူး။
“မဟုတ်ပါဘူး..ကြည့်ကောင်းတယ်"ကျန်းကျန့်က မြိုချလိုက်ရကာ ဆိုသည်:"ဘယ်လိုဖြစ်တာလဲ"
သူက အမျိုးသားအနုပညာရှင်များက မိတ်ကပ်လိမ်းရကြိုက်သည်ဆိုသည်အား ကြားဖူးသော်လည်း မယုံကြည့်ခဲ့။သူက ယောကျ်ားတစ်ယောက်မှာ ထိုသို့ပြင်ဆင်ပြီး ပိုကြည့်ကောင်းသွားမည်ဟု မထင်ခဲ့ချေ။အနာဂတ်တွင် ကျောက်ကျင်းကောကသာ ပြင်ဆင်လာပါက ကောင်းမည်ဖြစ်ပြီး သူမလုပ်လျှင်လည်း ကိစ္စမရှိပါချေ။
“အန်ရှင်းလုပ်ပေးထားတာ"ကျောက်ကျင်းကောက ဆို၏။
“ဟုတ်တယ် သခင်ကြီးကျန်း..ကျွန်တော် ကျင်းကောအတွက် လုပ်ပေးထားတာ..သူ့အသားအရေက ဒီလိုမျိုးဆို ပိုကြည့်ကောင်းတယ်လေ..နော်"ရှန်းအန်ရှင်းက အပြုံးလေးနှင့်မေးလာ၏။
“အေး အေး"ကျန်းကျန့်က မျက်မှောင်ကြုတ်ရင်း ခေါင်းညိမ့်လိုက်သည်။
ဒီရှန်းအန်ရှင်းက...ကျောက်ကျင်းကောကို ကျင်း ကောလို့ ခေါ်လိုက်တာလား။ဘာဖြစ်လဲလေ..ကျောက်ကျင်းကောအတွက် မိတ်ကပ်ပြင်ပေးထားတာပဲလေ။
ကျန်းကျန့်က ကျောက်ကျင်းကောမှာ မိတ်ကပ်အကြောင်းဘာမှမသိမှန်း တပ်အပ်ပြောနိုင်၏။ထို့ကြောင့် သူ့မျက်နှာထက်ရှိ အရာအားလုံးက ရှန်းအန်ရှင်းလုပ်ပေးထားသည် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိသည်။မကြာသေးခင်ကလည်း ရှန်းအန်ရှင်းမှာ ကျောက်ကျင်းကောထံ နေ့တိုင်းလာတွေ့ပြီး တစ်နေကုန်စကားပြောနေကာ ယခု ကျောက်ကျင်းကောအတွက် မိတ်ကပ်ပင်ပြင်ပေးထားသေးသည်။သူ ဘာဖြစ်ချင်နေတာလဲ။
ယခင်ကလည်း ကျောက်ကျင်းကောမှာ ရှန်းအန်ရှင်း၏ဗဟုသုတကြွယ်ဝမှုအကြောင်း ပြောပြောနေ၍ ရှန်းအန်ရှင်းနှင့်တစ်ချိန်လုံးအနှိုင်းခံနေရသော ကျန်းကျန့်မှာ ကျောက်ကျင်းကော၏လေးစားအားကျနေသော မျက်လုံးများအား မတွေ့ချင်တော့၍ မပျော်မရွှင်ဖြစ်နေ၏၊ယခု ဤနေ့အခြေအနေက သူ့အား ချဥ်တင်တင်ခံစားရစေသည်။
ကျန်းကျန့် ပျော်မနေမှန်း မြင်သွားရာ ရှန်းအန်ရှင်းက အလွန်ပျော်ရွှင်သွားလေ၏။
"သခင်ကြီးကျန်း..ဗိုက်ဆာနေပြီလား..အစ်မလီက အစားအစာတွေပြင်ပေးထားတယ်...မကြာခင်ရတော့မှာ"
သူက ပြောနေရင်း စားပွဲပေါ်ရှိ ကျောက်ကျင်းကောလက်ရေးလှကျင့်ထားသည့် မှင်တံနှင့်စက္ကူတို့ကို ရှင်းလင်းလိုက်သည်။
“ကျွန်တော်လုပ်ပါ့မယ်"ကျောက်ကျင်းကောက တားချင်လိုက်သော်ငြား မမှီတော့။ရှန်းအန်ရှင်းက သူဖုံးထားသည့် စာအုပ်ကိုဖယ်လိုက်ပြီဖြစ်၍ ကျန်းကျန့်နာမည်များက အပြည့်ပေါ်လာ၏။
ကျောက်ကျင်းကောက ရုတ်တရက် ရှက်ရွံ့သွားကာ ရှန်းအန်ရှင်းကမူ ပျော်သွားလေ၏။သူက ကျန်းကျန့်နာမည်ရေးနေတာလား။ဒါပေမယ့် သူက ကျန်းကျန့်နာမည်အမှားကြီးရေးထားတာလေ။
“ကျန်းကျန့်"က ဒီလိုရေးရတာမှမဟုတ်တာ..။
“ကျင်းကော..မင်းက ကျန်းကျန့်နာမည်ရေးချင်ခဲ့တာလား"ရှန်းအန်ရှင်းက ဆိုလိုက်သည်။
"ဘာလို့ ကျန်းကျန့်နာမည်ကို အမှားကြီးရေးထားတာလဲ..အခြားသူတွေသာ မြင်သွားရင် မင်းမှာ အသိဥာဏ်မရှိဘူးလို့ ထင်ကြလိမ့်မယ်"
ကျောက်ကျင်းကောရေးထားသည့် ကျန်းကျန့်ဆိုသည့်စာလုံးက အစက ကျန်းကျန်သူ့အားသင်ပေးထားသည့် တရုတ်စာနှင့်ရေးထားခြင်းဖြစ်သည်။
သူက ထိုစကားလုံးများက မှားနေမှန်းသိသော်ငြား ကျန်းကျန့်က သူ့အား ဤသို့သင်ပေးထား၍ သူရေးသောအခါ မပြောင်းထားခြင်းဖြစ်သည်။
ယခုတစ်ကြိမ် ရှန်းအန်ရှင်းက ထောက်ပြလာသောအခါ ကျောက်ကျင်းကောက အနည်းငယ်ရှက်သွေးဖြာသွားပြီး ကျန်းကျန့်အားကြည့်လိုက်သည်။ကျန်းကျန့်က စကားလုံးများအား ကောင်းကောင်းမသင်ခဲ့ရ၍ သူ့အား သင်ပေးသောအခါတွင်လည်း နည်းလမ်းအမှားတိုင်း သင်ပေးလိုက်၍ ယခု လူသိသွားပြီဖြစ်၏။ကျန်းကျန့် စိတ်များဆိုးနေမလား။
သေချာပေါက် ကျန်းကျန့်က စိတ်ဆိုးလေသည်။ရှန်းအန်ရှင်းက ကျောက်ကျင်းကောထံနေ့တိုင်းလာ၍ သူ့၏အသိအမြင်အား ကျောက်ကျင်းကောထံပြပြလာပြီး ကျောက်ကျင်းကောအတွက် မိတ်ကပ်ပါပြင်ပေးသေးသည်။
ယခုသူက သူပညာမတတ်ကြောင်းပါ သွယ်ဝိုက်ပြောလာခြင်းပင်။
ကျန်းကျန့်မျက်နှာမည်းမှောင်သွားသည်။