အပိုင်း ၁၂
Viewers 12k

ကျန်းဇီမော့ တံခါးခေါက်လိုက်သည်။
စစ်ကျွင်းတောက်မှ " ဝင်လာ " ဟု ပြောသည်ကိုကြားပြီးနောက် တံခါးလက်ကိုင်ဘုကိုလှည့်ကာ ဝင်လာလိုက်သည်။ အခန်းထဲဝင်လိုက်သည်နှင့် ဆိုဖာပေါ်ထိုင်နေသာ ဝမ်မင်ယီကို တွေ့လိုက်ရသည်။
ဝမ်မင်ယီ ပြံးပြပြီး သူ့ကိုနှုတ်ဆက်လိုက်သည်။
" ဟိုင်း ထပ်တွေ့ပြန်ပြီနော် ..."
ကျန်းဇီမော့ : သူငါ့ကို လုံးဝ မတွေ့ချင်ဘူးပဲ အိုကေ ...
ကျန်းဇီမော့၏ မျက်နှာမှ ပျော်ရွှင်မှုက ချက်ချင်းပျောက်ကွယ်သွားသည်ကို ဝမ်မင်ယီ ကြည့်နေလိုက်သည်။ ထို့ကြောင့် သူ၏မျက်နှာပေါ်က အပြုံးက ပိုမိုလေးနက်လာပြီး လက်ဦးမှုယူ၍ မေးလိုက်သည်။
" ကျွန်တော့ကောကောကို ဘာလို့တွေ့ချင်တာလဲ ..."
ကျန်းဇီမော့ သူ့ကိုကြည့်လိုက်သည်။ ထို့နောက် စစ်ကျွင်းတောက်ကိုကြည့်ကာ တီးတိုးပြောလိုက်သည်။
" ကျွင်းတောက် ... ငါမင်းနဲ့ အလုပ်ကိစ္စလေး ပြောစရာရှိတယ် ... ဝမ်မင်ယီကို အပြင်ထွက်ခိုင်းလိုက်ပါလား ..."
" မလိုပါဘူး ..."
စစ်ကျွင်းတောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ကုမ္ပဏီရဲ့ ပြဿနာတွေကို သူ့ကို ဖုံးကွယ်ထားစရာမလိုဘူး ... မင်မင်ကလည်း အနာဂတ်မှာ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဝင်ရောက်လာနိုင်တာပဲ ..."
တကယ်လို့ သူဆန္ဒရှိရင်ပေါ့ ...
ဝမ်မင်ယီ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တွေးတောနေမိသည်။
ဒါက သူ့ကောကောက သူ့အတွက် စဉ်းစားပေးထားတဲ့ အနာဂတ်များလား ... တကယ်ကို သူ့ကောကောရဲ့ စတိုင်ပါပဲလေ ...
ထိုစကားများကို ကျန်းဇီမော့ကြားသည့်အခါ ယမန်နေ့က ရုံးခန်းအပြင်ဘက်တွင် ပြောခဲ့သည့်စကားများကို ရုတ်ချည်းတွေးမိသွားပြီး သူ၏နှလုံးသားထဲတွင် ဟန်ချက်မငြိမ်ဖြစ်လာသည်။
စစ်ကျွင်းတောက်က ဒီအတိုင်းပြောလိုက်တယ်လို့ ထင်လိုက်ပေမယ့် သူကအလေးအနက်ထား စဉ်းစားပြီး ကုမ္ပဏီဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝမ်မင်ယီကိုလည်း ကုမ္ပဏီထဲကို ဝင်ခွင့်ပြုဖို့ တကယ်စီစဉ်ထားတယ်လို့ သူ မမျှော်လင့်ထားမိဘူး ...
ဘယ်လို အာဏာနဲ့လဲ ... ဝမ်မင်ယီက စစ်ကျွင်းတောက်ကို သူ့ထက်စောပြီးသိတာနဲ့ပဲ သူလုပ်ချင်သလို လုပ်လို့ရနေတာလား ... သူက စစ်ကျွင်းတောက်ကို ဘာများအကျိုးအမြတ်ရစေလို့လဲ ... ဒါက ရူးသွပ်ပြီး အဓိပ္ပါယ်မရှိတဲ့အရာပဲ ... သူက သက်လတ်ပိုင်းပုန်ကန်မှုနဲ့ စစ်အေးတိုက်ပွဲတွေ ဖန်တီးပြီး စစ်ကျွင်းတောက်ကို ပင်ပန်းပြီး ကူကယ်ရာမဲ့အောင်လုပ်တဲ့ကောင်လေး ... ဝမ်မင်ယီဆိုတဲ့ကောင်က ဘာအရည်အချင်းတွေများ ရှိလို့လဲ ...
ကျန်းဇီမော့ သူ၏ရင်တွင်းမှ မကျေမနပ်ဖြစ်မှုများကို ဖိနှိပ်ထားလိုက်ပြီး ငြင်သာစွာပြောလိုက်သည်။
" အာ အဲ့လိုလား ... ဒါဆိုလည်း ရပါတယ် ..."
သူက စစ်ကျွင်းတောက်နားကပ်သွားပြီး သူ၏အစီအစဉ်ကို ပြလိုက်သည်။
" ကျွင်းတောက် ဒီဟာ လွန်ခဲ့တဲ့ရက်တွေတုန်းက ငါ စဉ်းစားနေခဲ့တဲ့ဟာပဲ တစ်ချက်ကြည့်လိုက်ပါဦး ... ငါတို့ရဲ့ ထုတ်ကုန်အသစ်ထွက်ရှိမှုအတွက် အရှိန်အဟုန်မြှင့်နိုင်ပါ့မလား ..."
ဝမ်မင်ယီလည်း ကြားလိုက်သည်။ စစ်ကျွင်းတောက် ၎င်းကို ယူကြည့်မည့်အချိန်၌ လျှပ်စီးကဲ့သို့အရှိန်ဖြင့် အမြန်ဆွဲယူလိုက်သည်။
" ဒါဘာကြီးလဲ ... ကျွန်တော်လည်း ကြည့်ချင်တယ် ... အစီအစဉ်လား အာ ..."
စစ်ကျွင်းတောက် ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။
" မင်မင် ..."
ဝမ်မင် သူ၏မျက်လုံးများကို နှစ်ကြိမ်ခန့် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အစီအစဉ်စာရွက်ကို စစ်ကျွင်းတောက်ဆီသို့ ပြန်ပေးကာ ပဟေဠိဖြစ်နေသော အကြည့်ဖြင့် မေးလိုက်သည်။
" ကျွင်းတောက်ကောကော ... ကျွန်တော်တို့မှာ စီမံကိန်းဌာနမရှိဘူးလား ..."
" သေချာပေါက် ရှိတာပေါ့ ..."
" "ဒါဆို ကျန်းဇီမော့က စီမံကိန်းဌာနရဲ့ အကြီးအကဲလား..."
" မဟုတ်ဖူးပေါ့ ... သူက အဲ့ဌာနက အလုပ်သင်တစ်ယောက်ပဲလေ ..."
ဝမ်မင်ယီခေါင်းငြိမ့်ပြီး သူ၏လက်များကိုပါးတွင်ကပ်လျက် ကျန်းဇီမော့ကို ကြည့်လိုက်သည်။
" ဒါဆို ကျွန်တော် နားမလည်‌တော့ဘူး ... ကျွန်တော်တို့မှာ တရားဝင်စီမံကိန်းဌာနတစ်ခုနဲ့ တရားဝင်ကုမ္ပဏီလုပ်ငန်းစဉ်တွေ ရှိတာပဲ ... ကျန်းဇီမော့က ဘာလို့ လုပ်ငန်းစဉ်တွေအတိုင်း မလုပ်တာလဲ ..."
ဤစကားများကို စစ်ကျွင်းတောက်ကြားသည့်အခါ ပရောဂျက်ကို ကြည့်နေသည့် သူ၏မျက်လုံးများက ဝမ်မင်ယီကို စိတ်ဝင်တစားကြည့်လိုက်မိသည်။
ကျန်းဇီမော့က အလျင်အမြန်ပြောလိုက်သည်။
" ငါ ဒါကိုရေးပြီးတော့ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ ကျွင်းတောက်ကို ပြဖို့ မစောင့်နိုင်တော့လို့ပါ ..."
ထိုသို့ ပြောပြီးနောက် စစ်ကျွင်းတောက်ကိုကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဒီတင်ပြချက်အတွက် ရက်တော်တော်များများ မအိပ်ခဲ့ရဘူး ... ဒီမနက်လည်း မနက်သုံးနာရီအထိ မအိပ်ပဲ ဒါကိုပြီးအောင်ရေးခဲ့ရတာ ..."
ဝမ်မင်ယီ သူ၏စကားများကို မယုံသဖြင့် လှောင်ပြောင်သရော်လိုက်သည်။
" ငါ့ရဲ့ကောကောက မင်းအကူအညီလိုလို့လား ... ပြီးတော့ မင်းရဲ့ စိတ်အခြေအနေနဲ့ အသားအရည်ကလည်းကောင်းပါတယ် ... ကြည့်ရတာ ရက်ပေါင်းများစွာ ကောင်းကောင်းမအိပ်ထားတာနဲ့လည်းမတူဘူး ... လွန်ခဲ့တဲ့နှစ်ညကပဲ ကောကောကို ရုပ်ရှင်သွားကြည့်ဖို့ ဖိတ်သေးတယ်မလား ... အယ် ဘာလဲ ... အဲ့တုန်းကညတင်ပြချက် ရေးနေတာ မဟုတ်ဖူးလား ..."
ကျန်း‌ဇီမော့ အလွန်ရှက်သွားသည်။
စစ်ကျွင်းတောက်က ချောင်းဟန့်ပြီး သူ့ကို သတိပေးလိုက်သည်။
" မင်မင် ..."
ဝမ်မင်ယီက သူ့ကိုပြန်ပြုံးပြလိုက်ပြီး သူသိသည်ဟူသည့်သဘောဖြင့် ဝတ်ကျေတန်းကျေ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် တစ်ဖက်သို့လှည့်ကာ ကျန်း‌ဇီမော့ကို ပြောပြန်သည်။
" ကုမ္ပဏီရဲ့ စည်းမျဉ်းတွေက သတ်မှတ်ပြီးသား‌ဆိုတော့ အကောင်အထည်ဖော်သင့်တယ်လေ ... ခင်ဗျား ဒီအစီအစဉ်ကို ရေးခဲ့တယ်ဆိုရင် ခင်ဗျားတို့ဌာနက ခေါင်းဆောင်ကို ပြရမှာပေါ့ ... ခေါင်းဆောင်က ကောင်းတယ်ထင်ရင် ကျွန်တော့် ကောကောဆီ ယူလာပြမှာပေါ့ ... အဲ့လိုလုပ်ရမယ့်အစား ခင်ဗျားက ခေါင်းဆောင်ကိုကျော်ပြီး ကျွန်တော့်ကောကောဆီ ယူလာပြတော့ ခင်ဗျားရဲ့ ခေါင်းဆောင်က သူ့ကို မလေးစားဘူးထင်ပြီး ခင်ဗျားအပေါ် မကောင်းတဲ့ ထင်မြင်ချက်တွေ ရှိလာနိုင်တယ် ... နောက်ခံအင်အားရှိတဲ့လူတွေက ကိုယ်ကြိုက်တာကိုယ်လုပ်နိုင်တယ်လို့ အထင်လွဲပြီး ကျွန်တော်တို့ ကုမ္ပဏီကိုလည်း လူတွေက အထင်အမြင်သေးလာလိမ့်မယ် ... အဲ့ဒါက တစ်ချိန်တည်းမှာပဲ ကျွန်တော့်ကောကောရဲ့ အချိန်တွေကို ဖြုန်းတီးနေသလို ဖြစ်သွားလိမ့်မယ် ..."
" ငါ အဲ့လို ဆိုလိုတာမဟုတ်ဖူးလေ ... မင်းက ချဲ့ကားနေတာပဲ ... ဝမ်မင်ယီ မင်းငါ့ကို သဘောမကျတာသိပေမယ့် ဒီလိုစွပ်စွဲပြီးပြောလို့ မရဘူးလေ ..."
ကျန်းဇီမော့ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
ဝမ်မင်ယီ လှောင်ပြောင်သရော်ချင်လာသည်။
ဘယ်သူက ဘယ်သူ့ကိုစွပ်စွဲနေတာလဲ ... အရင်ဘဝက မင်းတို့နှစ်ယောက်ရဲ့ ကြီးကျယ်ခမ်းနားလွန်းတဲ့ အချစ်ကြောင့်မဟုတ်ရင် ငါ့ကောကောလည်း သေမှာမဟုတ်ဖူး ...
သူတို့နှစ်ယောက် ခိုက်ရန်ဖြစ်ပွားတော့မည်ကို သိ၍ စစ်ကျွင်းတောက်က ဝမ်မင်ယီဘက်မှ ပြောပေးလိုက်သည်။
" မင်မင်က ငယ်သေးပြီး စကားပြောတာ တဲ့တိုးဆန်လို့ပါ ... တစ်ခါတစ်လေ သူပြောတာတွေကို သူအာရုံမစိုက်မိဘူး ... ဒါပေမဲ့ မင်းကိုမကောင်းပြောနေတာမဟုတ်ပါဘူး ... သူပြောတာတွေက ကျိုးကြောင်းဆီလျော်တယ် ... ကျန်းဇီမော့ မင်းက အလုပ်သင်အဆင့်ပဲ ရှိသေးတာလေ ... ငါတို့က ကျောင်းနေဖက်တွေဖြစ်လို့ မင်းကိုစောင့်ရှောက်ပေးမယ်လို့ ဝမ်ပေါ်ကို ကတိပေးခဲ့ပေမယ့် ကုမ္ပဏီမှာလည်း သူ့သဘောတရားနဲ့ စည်းကမ်းချက်တွေရှိတယ် ... အဲ့ဒါကြောင့် အနာဂတ်မှာ ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သက်လာရင် ကုမ္ပဏီရဲ့ အဆင့်တွေအတိုင်းလိုက်နာပါ ..."
ကျန်းဇီမော့ မွန်းကျပ်လာပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။
"ငါက မင်းကို ကူညီချင်လို့ပါ ..."
" မင်းရဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေကို တန်ဖိုးထားပါတယ် ... ဒါပေမဲ့ ငါမင်းရဲ့ အစီအစဉ်ကို ဖတ်ပြီးပြီ ... ပွင့်ပွင့်လင်းလင်းပြောရရင် မင်းရဲ့အကြံဉာဏ်က အတွေ့အကြုံမရှိသေးဘူး ... အဲ့ဒါကြောင့် မင်းတို့ဌာနက ခေါင်းဆောင်နဲ့ဆွေးနွေးပြီး သူမရဲ့ ထင်မြင်ချက်တွေကို နားထောင်လိုက်ပါ ... အလုပ်သင်လုပ်ဖို့အတွက် ကုမ္ပဏီထဲကို ဝင်ရတာ အလကားမဟုတ်ဘူး ..."
ကျန်းဇီမော့ : .....
ကျန်းဇီမော့ တိတ်ဆိတ်သွားသည်။
ဝမ်နင်ယီ မထိန်းနိုင်ပဲ ခပ်တိုးတိုးရယ်လိုက်မိသည်။
" ကျွန်တော်ပြောတယ်နော် ခင်ဗျားက ကောကောရဲ့အချိန်တွေကို ဒီလိုမျိုး ဖြုန်းတီးလိုက်တာပဲ ..."
" ဒါပေမဲ့ မင်းလို ဘာမှမလုပ်ပဲ လတ်လျားလတ်လျားနေတဲ့ကောင်ထက် ငါကတော်သေးတယ်လေ ..."
ကျန်းဇီမော့ ဒေါသထွက်လာသည်။
" ကျန်း‌ဇီမော့ ..."
စစ်ကျွင်းတောက် အနည်းငယ် အသံကျယ်သွားပြီး ဒေါသသံပါလာသည်။
" စကားအပြောအဆို သတိထားပါ ... မင်းက ငယ်သေးတယ်ဆိုတော့ စကားကို ဘယ်လိုသုံးနှူန်းပြောဆိုရမယ်ဆိုတာကို မသိတာဖြစ်မယ် ... သူက ကျောင်းသားတစ်ယောက်ဆိုတော့ သူ့အလုပ်က စာသင်ဖို့ပဲ ... သူ အဆင့်ကောင်းနေသရွေ့ တခြားဘာလုပ်လုပ် ပြဿနာမရှိဘူး ... ဒီနှစ်ရဲ့ သတင်းအနုပညာကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သူက အဆင့်တစ်ဆိုတာ မင်းသိထားသင့်တယ် ..."
ကျန်းဇီမော့ ဘာပြောရမည်မသိ ဖြစ်သွားသည်။
" ကျွင်းတောက် ငါမင်းကို ခဏခဏပြောတယ်နော် ... မင်းက သူ့ကိုအရမ်း အလိုလိုက်လွန်းတယ် ... အဲ့ဒါ သူ့အတွက် မကောင်းဘူး ... တကယ်ဆိုရင် ..."
" ကျန်းဇီမော့ ..."
စစ်ကျွင်းတောက်က သူပြောသည်ကို ဂရုမစိုက်ပဲ ကြားဖြတ်ပြောလိုက်သည်။
" သူကငါ့ညီလေးပါ ... တခြားသူတွေအတွက် မင်းစိတ်မပူသင့်ဘူး ..."
ကျန်းဇီမော့ကို ကြည့်နေသည့် သူ၏မျက်လုံးများက ရေခဲအလွှာအသစ်တစ်ခု ပေါ်လာသကဲ့သို့ အေးစက်နေသည်။ သို့သော် သူ၏ပုံမှန်သွင်ပြင်သို့ ချက်ချင်း
အစားထိုးလိုက်သည်။
" မင်း ကိစ္စပြီးပြီဆိုရင် သွားလို့ရပါပြီ ... အခုနောက်ပိုင်း ငါအလုပ်များတော့မှာ ... အလုပ်မှာပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာနဲ့ ပက်သတ်ပြီးပဲ ဖြစ်ဖြစ် ငါ့ဆီကို မလာဖို့ကြိုးစားပေးပါ ... ဒါပါပဲ သွားလို့ရပြီ ..."
ကျန်းဇီမော့ ပါးစပ်အဟောင်းသားဖြင့် သူ့ကို အထိတ်တလန့် ကြည့်နေသည်။ နောက်ဆုံးတွင် တစ်ဖက်သို့လှည့်ပြီး ရုံးခန်းထဲမှ ထွက်သွားကာ တံခါးကိုဆောင့်ပိတ်လိုက်သည်။
" အုခ်ျ ... သူ့ကိုကြည့်ရတာ ဒေါသထွက်သွားပုံပဲ ..."
" မင်း အဲ့လိုပြောလိုက်မှတော့ ဒေါသမထွက်ပဲ နေမလား ..."
" ကျွန်တော်ပြောတာ မှားလို့လား ..."
ဝမ်မင်ယီ ခုံကိုမှီကာ ပြောလိုက်သည်။
" ကျွန်တော်က အမှန်တွေ ပြောလိုက်တာပဲလေ ... သူ့ကို လုပ်ငန်းခွင်မှာ ရှင်သန်နိုင်အောင် သင်ပေးလိုက်တာ ..."
စစ်ကျွင်းတောက် ရယ်လိုက်သည်။
" ထူးဆန်းလိုက်တာ ... မင်းကရော လုပ်ငန်းခွင်မှာ ရှင်သန်ရမယ့် နည်းလမ်းကို ဘယ်လိုသိတာလဲ ..."
" ကျွန်တော့်လို ခေါင်းမာတဲ့လူကတောင် အမှန်တရားကို နားလည်သေးတာပဲ ... သူက ဘာလို့ မသိရမှာလဲ ... သူ့ကကောကောနဲ့ သိတယ်ဆိုပြီး အဲ့လိုလုပ်တာ ကောကောက မျက်နှာသာ ပေးလွန်းတာကို ...ကော အဲ့ဒါကိုတော့ ပြန်သုံးသပ်ရမယ် ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြီးပြောလိုက်သည်။
" မင်းကိုရော ဘယ်လောက်ထိ မျက်နှာသာပေးထားလို့ ငါရှေ့ထိလာပြီး ပြန်သုံးသပ်ဖို့ပြောနေတာလဲ ... ဟမ် ..."
ဝမ်မင်ယီ : ......
ဝမ်မင်ယီ သူ့ကိုပြုံးပြပြီး ချိုသာစွာပြောလိုက်သည်။
" ထားလိုက်ပါ ... ကျွန်တော်တို့ နေ့လယ်စာ ဘာစားကြမလဲ ... ကောကော ဘာစားချင်လဲ ..."
သို့သော် ဝမ်မင်ယီ နေ့လယ်စာအကြောင်း ဆက်လက်မဆွေးနွေးမီမှာပင် သူ၏ဖုန်းထဲမှ Wechatက notiတက်လာသည်။ ဝမ်မင်ယီ ကြည့်လိုက်သည့်အခါ ၎င်းက စုန့်ဟယ်ဖြစ်နေသည်။
စုန့်ဟယ်က ယခင်နှစ်က သူနှင့်တူတူ draftတွင် ပါဝင်ခဲ့သူဖြစ်သည်။ သူနှင့် အသက်အရွယ်တူပြီး နူးညံ့သိမ်မွေ့သော စိတ်ထားရှိသည်။ ယခင်ဘဝက လိဂ်အဖွဲ့ဝင်ဖြစ်လာပြီးနောက် သူနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့် တစ်ဦးတည်းသောအဖွဲ့ဝင်ဖြစ်သည်။
စုန့်ဟယ် : မင်း လက်မှတ်မထိုးသေးဘူးလား ...