အပိုင်း၁၀၆
Viewers 14k

Chapter 106

Chapter 106


ထိုနေ့တွင် ကျင်းစစ်ပြန်သွားသောအခါ သူ၏ စာရေးခုံအောက်မှ tiramisu ( ကိတ်မုန့်) အားထုတ်ယူလိုက်လေသည်။


ထိုဘူးပေါ်မှ တံဆိပ်အား အလွန်ရင်းနှီးနေသည်။ သူနှင့် ယင်းကျောင်းသည် ထိုဆိုင်သို့ အတူတူ သွားဖူးလေသည်။


သူသည် ချိုလွန်းသောအရာများအား မကြိုက်ပေ။ ထိုအချိန်က မုန့်အချိုများကို မှာယူခဲ့သော်လည်း tiramisu သည်သာ သူ့အကြိုက်နှင့် ပို၍အပ်စပ်လေသည်။


အချိုဓါတ် နည်းရုံသာမက ကော်ဖီ အခါးအရသာ အနည်းငယ်လည်း ပါဝင်ပြီး အရသာသည် အနေတော်ပင် ဖြစ်ပါသည်။


ထိုအကြောင်းကို သူမပြောခဲ့ပေမဲ့ ယင်းကျောင်း သိခဲ့၏။


ကျင်းစစ်သည် ပန်းခင်းအစွန်တွင် ထိုင်နေကာ သူ၏ ပေါင်ပေါ်မှ tiramisu အား ဗလာဖြစ်စွာ ကြည့်နေလေသည်။ အတော်ကြာမှ ရောင်စုံ ဖယောင်းတိုင်အိတ်ထဲရှိ အနီရောင် ဖယောင်းတိုင်ကို ယူလိုက်ပြီး ကိတ်မုန့်ပေါ်တွင် ထိုးစိုက်လိုက်လေသည်။


" ဘာလို့ ပန်းရောင်ကြီးလဲ ကိုယ့်ကိုကြည့် ကိုယ် အနီရောင် ရွေးမယ် အဲ့ဒါက ပိုပြီး ရင့်ကျက် တည်ငြိမ်တယ်"


သူသည် ဖယောင်းတိုင်တစ်တိုင်တည်းကို မီးညှိလိုက်ပြီး သူတို့နှစ်ယောက်အတွက် ဆုတောင်းလိုက်ကာ မှုတ်လိုက်ပြီး ကိတ်မုန့်ကို တစ်ယောက်တည်း စားလိုက်လေသည်။ 


သူအတန်းသို့ ပြန်လာသောအခါ သူနှင့်တစ်ခုံတည်းမှ ထိုလူသည် လီကျိုးဖြင့် အစားထိုးခံလိုက်ရလေသည်။


လီကျိုးက သူ၏ စာအုပ်ကို အနည်းငယ် စိတ်မသက်သာစွာ ကိုင်ထားပြီး သူ့ကို အချိန်နှင့်အမျှ ခဏခဏ ကြည့်နေသည်မှာ တစ်ခုခု ပြောချင်ပေမဲ့ သူ၏ ပါးစပ်ကို မဟနိုင်သကဲ့သို့ပင်။


ကျင်းစစ် စကားမပြောဘဲ သူ၏ ထိုင်ခုံတွင်သာ ထိုင်နေပြီး လက်ထဲမှ စာအုပ်ကို ဟိုရွေ့ဒီရွေ့ လုပ်နေလေသည်။


သူ၏ လက်ကအနည်းငယ် တောင့်တင်းနေပြီး သူသည် သင်္ချာ အိုလံပစ်စာအုပ်ကို ဆွဲမထုတ်ခင်အထိ အကြိမ်များစွာ ဆွဲနေ​လေသည်။


"အစ်ကိုစစ်..." လီကျိုးသည် မထိန်းနိုင်တော့ဘဲ သတိရှိစွာ မေးလိုက်လေသည် " အစ်ကိုနဲ့ အစ်ကိုကျောင်း ဘယ်လိုဖြစ်တာလဲ?"


"ဘာမှ မဖြစ်ပါဘူး" ကျင်းစစ်သည် ဂရုမစိုက်သလို ဖြေလိုက်ပြီး ဘောပင်ကို ကောက်ကိုင်လိုက်ကာ မေးခွန်းများကို စတင်၍ ဖြေလေသည်။


လီကျိုးသည် တစ်ခုခု မှားနေသည်ကို ခံစားနိုင်လေသည်။ သူတို့ အဆင်ပြေနေတာဆို ဘာလို့ ထိုင်ခုံနေရာ ပြောင်းလိုက်တာလဲ...


အချိန်အတော်ကြာသည်အထိ စူးစိုက်လေ့လာကြည့်နေပြီးနောက် ကျင်းစစ်သည် စာကို ပို၍ ပြင်းပြင်းထန်ထန် လုပ်လာသည်မှလွဲ၍ အခြားအရာများသည် မပြောင်းလဲသွားပေ။ သူ၏ ကိုယ်ပိုင်ကိစ္စများကို စည်းစနစ်တကျ ပုံစံဖြင့် လုပ်နေတုန်းပင်။ ထိုအချိန် အတောအတွင်းတွင် ချန်းမြှောင်မြှောင်ကိုပင် ကူညီခဲ့ပြီး ထိုအရာကို ထပ်၍ အာရုံစိုက်မနေတော့ပေ။


အခြားတစ်ဖက်တွင် ယင်းကျောင်းသည် ပန်းခင်းမှ ပြန်လာသောအခါ သူ့ကိုယ်သူ တည်ငြိမ်သွားစေရန် ဖိအားပေးလိုက်ပြီး သူသိပြီးသား သဲလွန်စများကို စိစစ်တွေးတောနေလေသည်။


သူ တစ်စုံတစ်ယောက်ကို စစ်ဆေးရန် လိုနေသည်ကို သိသွားလေသည်။ ကျင်းစစ် ဤကမ္ဘာသို့ ရောက်လာပြီးသောအခါ ချောင်းအန်ယန်း၏ အဆင့်များနှင့် ကံကောင်းမှုများသည် အလွန်ကောင်းမွန်လာလေသည်။


လူတစ်ယောက်၏ အဆင့်သည် အကြောင်းအရင်း မရှိဘဲ အလွန်တိုးတက်လာပြီး ကံကောင်းလာသည်မှာ လုံးဝမဖြစ်နိုင်ပေ။ ထို့အပြင် ချောင်းအန်ယန်း၏ ရလဒ်များသည် ရိုလာကိုစတာကဲ့သို့ နိမ့်လိုက် မြင့်လိုက် ဖြစ်နေလေသည်။


များသောအားဖြင့် သူ၏ အတန်းတွင်းစစ်ဆေးမှုရမှတ်များသည် အလွန်ကောင်းမွန်ပြီး စုပေါင်းစာမေးပွဲများတွင် သူ၏ အဆင့်များသည် ချိန်းကြိုးသကဲ့သို့ ပြုတ်ကျသွားမည်ပင်။ သူ ပြန်လည်မွေးဖွားလာမှု၏ အကြောင်းအရင်းကို မသိရသည်မှာလည်း ပုံမှန် မဟုတ်ပေ။


ထို့အပြင် သာမန် စစ်ဆေးမှု ရလဒ်များနှင့် စုပေါင်းစစ်ဆေးသော စာမေးပွဲ ရလဒ်များသည် ကွာခြားလေသည်။


ယင်းကျောင်း မျက်လွှာချလိုက်လေသည်။ ကျင်းစစ် တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြားတစ်ယောက်သည်လည်း ပြန်လည်မွေးဖွားလာလေသည်။


ထိုအပြင် အရေးအကြီးဆုံးသည် ကျင်းစစ်သည် ချောင်းအန်ယန်းကို ကြည့်လိုက်မိသည့်အချိန်တိုင်း ခေါင်းကိုက်မှုကို ခံစားခဲ့ရပြီး ​သူ၏ မလိုမုန်းထားမှုများကိုလည်း ခံစားခဲ့ရလေသည်။


ဒါဆို ချောင်းအန်ယန်းရဲ့ ကံကောင်းမှုတွေက ကျင်းစစ်ဆီကနေရတယ်ဆိုတဲ့ သဘောထား...


ကျင်းစစ်က အဲ့ဒီခေါင်းကိုက်မှုကို အချိန်တိုင်း သည်းခံနိုင်ခဲ့ပေမဲ့ သူသာ ဆက်ပြီး သည်းမခံနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပါ့မလဲ... အခု ကျောင်းမှာ ဘယ်သူ အဆင့်တစ် ရမှာလဲ...


ယင်းကျောင်း အသံတိုးတိုးဖြင့် ဆဲရေးလိုက်ပြီး သူ၏ နှလုံးသားထဲမှ ထကြွလာသော ရက်စက်ကြမ်းတမ်းမှုများကို ဖိနှိပ်လိုက်ကာ ဆက်၍ တွေးတောနေလေသည်။


သူတို့နှစ်ယောက်လုံးက သာမန် မဟုတ်ဘူး ဒါဆို ကျင်းစစ်က ခံစားရပြီး ချောင်းအန်ယန်းကကျ ဘာလို့ မခံစားရတာလဲ... ကျင်းစစ်က ဒီကမ္ဘာက မဟုတ်တာကြောင့်လား...အဲ့လိုလည်း မဟုတ်ဘူး သူတို့နှစ်ယောက်က အစတည်းက အချည်နှောင် ခံထားရသလိုပဲ


ချည်နှောင်ခံရတယ်...


 ယင်းကျောင်း၏ နှလုံးသားသည် ရပ်တန့်တော့မတတ်ပေ။ ဒါဆို ကျင်းစစ် ဒီကို ရောက်လာတာက အကြောင်းအရင်း ရှိမယ် !


ဤကမ္ဘာကြီး၏ စည်းမျဥ်းများကြောင့် ကျင်းစစ်သည် ထုတ်မပြောနိုင်ပေ။ ထို့ကြောင့် ချောင်းအန်ယန်းဆီမှသာ သိနိုင်လေသည်။


ယင်းကျောင်း ဘောပင်ကိုအိတ်ထဲမှ ထုတ်လိုက်ပြီး အဓိက အချက်များကို စာအုပ်ထဲတွင် မမေ့သွားစေရန် ချရေးလိုက်လေသည်။


ထို့အပြင် ကျင်းစစ်၏အဆိုအရဆိုလျှင် ယခု ချောင်းအန်ယန်းသည် သူ့အပေါ်လွှမ်းမိုးနိုင်နေခြင်း မဟုတ်ပေ။ ဖြစ်ပွားရသည့်အကြောင်းအရင်းမှာ ချောင်းအန်ယန်းဖြစ်ပေမဲ့ ယခုလက်ရှိ အကျိုးရလဒ်သည် သူ၏ ထိန်းချုပ်မှု အောက်တွင် မဟုတ်ပေ။ 


ထို့ကြောင့် ချောင်းအန်ယန်းအား သတိလစ်မေ့မျောသွားအောင် လုပ်ခြင်းသည် အကျိုးမရှိတော့ပေ။


ဒါဆို ကျင်းစစ် ပိုကောင်းလာတဲ့အထိ စောင့်နေရမှာလား...မဖြစ်နိုင်ဘူး ဒီဝန်ထုတ်ဝန်ပိုးကို ကျင်းစစ်တစ်ယောက်တည်း ခံစားရအောင် လွှတ်မထားနိုင်ဘူး


ကောင်းတယ် ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ...


အဆင့်တွေ ကောင်းတာကိုပဲ ဆိုလိုတာလား...


ယင်းကျောင်းသည် စာရေးစားပွဲခုံကို အတွေးများဖြင့် စိုက်ကြည့်နေလေသည်။


ဘဝမှာ အရေးအပါဆုံး အရာနှစ်ခုမှာ တစ်ခုက အသက်မွေးဝမ်းကြောင်း နောက်တစ်ခုက အချစ်

ခံစားချက်တွေလား..


ယင်းကျောင်းသည် ရုတ်တရက် အရေးပါသော အဓိက အချက်ကို ဖမ်းဆုပ်လိုက်မိသလို ခံစားလိုက်ရေလသည်။


ချောင်းအန်ယန်းကလည်း သူ့ကို ကြိုက်တယ် ကျင်းစစ် ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားခဲ့ရတုန်းက သူထိလိုက်ရင် သက်သာသွားတယ် ...


ငါက အပြင်လူမဟုတ်ဘဲ ငါလည်း သူတို့လိုပဲ အတွင်းလူဖြစ်နိုင်တာလား...


ကျင်းစစ်၏ အဆင့်များသည် ပို၍ မြင့်မားလာပြီး သူ၏ အောင်မြင်မှုများသည်လည်း ပိုမို ကြီးမားလာလေသည်။ ၎င်းသည် တဖြည်းဖြည်းဖြင့် ချောင်းအန်ယန်း၏ လွှမ်းမိုးမှုကို အားနည်းလာစေသည်။


ခံစားချက်တွေအရဆိုရင် ကျင်းစစ်ကို ပိုပြီးပျော်အောင် လုပ်ပေးနိုင်ရင် အကူအညီ ဖြစ်နိုင်မလား...


သူသည် လုံလောက်စွာ ကောင်းကောင်းမွန်မွန်မလုပ်နိုင်သေးပေ။ သူတို့ခွဲနေမည်ဟု ပြောချိန်တွင် ကျင်းစစ်၏ တုံ့ပြန်မှုများကို တွေးမိသောအခါ ယင်းကျောင်း၏ နှလုံးသားသည် ဆွဲဆုပ် ခံလိုက်ရသလို နာကျင်သွားလေသည်။


သူချစ်သည်ကိုလည်း သိပြီး သူ့ကို စောင့်နေမည်ကို သိနေသော်လည်း ကျင်းစစ်သည် ကြောက်ရွံ့နေတုန်းပင်။


ယင်းကျောင်းဆက်၍ သည်းခံနေသော်လည်း အဆုံးတွင် သူသည် မထိန်းနိုင်တော့ပဲ သူ့ကို ကြည့်လိုက်လေသည်။


ကျင်းစစ်သည် မေးခွန်းများကို ဖြေနေပုံ ပေါ်သော်လည်း သူ၏လက်ထဲမှ ဘော့ပင်သည် လျှင်မြန်စွာ ရွေ့လျားနေလေသည်။ သူသည် သင်္ချာ ပုဒ်စာများကို တွက်ချက်နေသည်အား သိရန် သွားကြည့်ရန်ပင် မလိုချေ။


အခု သူတော်တော်လေး စိတ်မကောင်း ဖြစ်နေမှာ...


ယင်းကျောင်း သက်ပြင်းရှိုက်လိုက်ပြီး အဝေးသို့ ကြည့်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်လေသည်။


အမှန်တွင် သူသည် ကျင်းစစ်ထက် ပို၍ မခွဲခွာချင်သောသူပင်။ 


ကျင်းစစ်သည် အလွန်တော်သော သူဖြစ်ပြီး သူနှင့် အခြေအနေတူသော လူများဖြင့်ပင် ဆက်ဆံပြောဆို နိုင်သေးသည်။ ထိုအကြောင်းကို တွေးမိသောအခါ ယင်းကျောင်းသည် အံကြိတ်လိုက်ရင်း မေးခွန်းများကို တွက်ချက်နေလေသည်။


သို့သော် သူတို့ တစ်ရက်အတွက် မခွဲခွာလျှင် ကျင်းစစ်သည် ထိုတစ်ရက်အတွက် ခံစားရပေမည်။


သူ ထိုအကြောင်းကို အများကြီးတွေးပြီး စမ်းသပ်ရန် နည်းလမ်းများကို တွေ့ခဲ့လေသည်။ သို့သော် ၎င်းတို့သည် ခန့်မှန်းခြေများသာ ဖြစ်ပြီး မသေချာပေ။


လက်ရှိအခြေအနေကို ပြောင်းလဲရန်အတွက် မည်မျှပင် အဓိပ္ပာယ် မရှိသော နည်းလမ်းဖြစ်ပါစေ သူ ကြိုးစားမည်ပင်။ သို့သော် ကျင်းစစ် သက်တောင့်သက်သာ မရှိသည်ကို သည်းခံခိုင်းပြီး သူ့အား စောင့်ဆိုင်းစေလိုသော ရည်ရွယ်ချက်မရှိပေ။ 


မတိကျမသေချာသော ပြီးဆုံးမည့် အချိန်ကို မဆိုလေနှင့်..သူ တစ်နာရီ နှစ်နာရီမျှကိုပင် သည်းမခံနိုင်ပေ။ 


ယင်းကျောင်း စာအုပ်ကို ပိတ်လိုက်ပြီး အချိန်ကိုကြည့်ကာ မတ်တတ်ရပ်လိုက်ပြီး အတန်းထဲမှထွက်သွားလေသည်။ ချောင်းအန်ယန်းမှ စတင်၍ဖြေရှင်းရန် ဆုံးဖြတ်လိုက်လေသည်။


တန်းခွဲ 7 တစ်ခုလုံးတွင် လီကျိုးအပြင် ဟယ်ကျိုးတစ်ဦးတည်းသာ ယင်းကျောင်းနှင့် ကျင်းစစ် အကြောင်းကို သိလေသည်။ ထိုလူနှစ်ယောက်သည် ယခုသူတို့၏ ချစ်သူရည်းစားဘဝတွင် မည်မျှ အချစ်တွင် ကျရှုံးနေကြောင်းကို မျက်မြင်သက်သေ တွေ့ခဲ့ရလေသည်။


ယင်းကျောင်း၏ ရုတ်တရက် ထိုင်ခုံနေရာ ပြောင်းရွေ့လိုက်ခြင်းသည် လူအနည်းငယ်ကို ကြောင်တောင်တောင် ဖြစ်သွားစေပြီး ဟယ်ကျိုးသည်ပင် ထိုအကြောင်းကို လူအချို့နှင့် ဆွေးနွေးနေလေသည်။ 


[ဦးလေးဟယ်] : အစ်ကိုကျောင်းနဲ့ အစ်ကိုစစ် ဘာဖြစ်ကြတာလဲ...သူတို့ ရန်ဖြစ်ထားတာလား...


[ကျန့်ချွယ်က မမှန်ဘူး] : ကျွန်တော်လည်း မသိဘူး ဒီနေ့ ကျွန်တော် အတန်းကို ပြန်လာတော့ ကျွန်တော့် ထိုင်ခုံဖော်က သူဖြစ်နေတယ်လေ ကျွန်တော် တော်တော်လေး အံ့အားသင့်သွားတာ


[ဖမ်ချန်းချန်း] : အဲ့တာ စကားများရန်ဖြစ်တဲ့ပုံနဲ့ မတူဘူး


[ဖမ်ချန်းချန်း] : သူတို့သာ စကားမများထားရင် ဘာလို့ အဲ့လိုလုပ်မှာလဲ? နည်းနည်းတော့ ထူးဆန်းတယ် အစ်ကိုကျောင်းက အရမ်းစိတ်ဆတ်နေတဲ့ပုံ မပေါ်ဘူး တကယ်လို့ စိတ်ဆတ်နေတယ်ဆိုရင်လည်း သူ အစ်ကိုစစ်ကို စကားမပြောဘဲ နေမှာ မဟုတ်ဘူး


[ကျန့်ချွယ်က မမှန်ဘူး] : သူတို့ နေ့လည်တုန်းက အဆင်ပြေနေသေးတယ်မလား...အစ်ကိုကျောင်းက အစ်ကိုစစ်အတွက် ကိတ်မုန့်တောင် သွားဝယ်ပေးခဲ့သေးတယ် 


[ကျန့်ချွယ်က မမှန်ဘူး] : သူ...သူ လမ်းခွဲခံလိုက်ရတာလား?


[ဦးလေးဟယ်] : အဓိပ္ပါယ်မရှိတာတွေအစ်ကိုစစ်က အဲ့လို လူမျိုးလား


[ဖမ်ချန်းချန်း] : သူတို့က လမ်းခွဲထားတဲ့ပုံပဲ


[ကျန့်ချွယ်က မမှန်ဘူး] : ငါ့ကို မခြောက်စမ်းပါနဲ့ လူအိုကြီးဖမ်ရေ


[ဦးလေးဟယ်] : အဲ့အကြောင်းကို မပြောတာကောင်းပေမဲ့ အဲ့လို အခြေအနေဖြစ်နေပုံပဲ ဒါပေမဲ့ အစ်ကိုကျောင်းက အရင်ကဆို ပူးကပ်နေတတ်တဲ့ ပုံစံမျိုးလေ သူတို့နှစ်ယောက် ကွဲသွားအောင် ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ငါ အဖြေရှာမရဘူး


လူအများသည် အချိန်အတော်ကြာသည်အထိ ဆွေးနွေးနေသော်လည်း နားမလည်နိုင်သေးပေ။ ထို့ကြောင့် အဆုံးတွင် သူတို့သည် ယင်းကျောင်းအား စစ်ဆေးမေးမြန်းရန် ဆုံးဖြတ်လိုက်လေသည်။ 


များသောအားဖြင့် ကျင်းစစ်နှင့်ဆိုင်သော အကြောင်းအရာအား သူ့ရှေ့တွင် ပြောမိပါက သူသည် ကြွားဝါမည်ပင်။ ထိုသို့ဆိုလျှင် သူတို့ အဆင်ပြေနေသည်ဟု ယူဆနိုင်ပြီး ထိုသို့ မဟုတ်ပါက သူတို့ကြားတွင် ပြသနာအကြီးကြီး ရှိနေလောက်သည်။


ဟယ်ကျိုး မက်ဆေ့ချ်မပို့ခင် ယင်းကျောင်းက အပြင်ထွက်သွားလေသည်။


သူတို့ တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ တခဏမျှ တုံ့ဆိုင်းသွားသော်လည်း တိတ်ဆိတ်စွာ လိုက်သွားကြလေသည်။


ယင်းကျောင်းသည် မည်သည့်နေရာကိုမျှ မသွားဘဲ လေးထပ်မြောက်ကိုသာ တန်းသွားလိုက်လေသည်။ ချောင်းအန်ယန်းအား ဆွဲထုတ်လာပြီး အမိုးထပ်ဆီသို့ ဆွဲခေါ်သွားလေသည်။


တုန်းဟိုင်စီရင်စု အထက်တန်းကျောင်း၏ စာသင်ဆောင်တွင် စုစုပေါင်း ငါးထပ်ရှိပြီး ငါးလွှာ အပေါ်တွင် အမိုးထပ် ရှိလေသည်။ ကျောင်း၏ ဒါရိုက်တာများသည် အန္တရာယ် တစ်ခုခု ဖြစ်မည်ကို စိုးရိမ်၍ အမိုးထပ်၏ သစ်သားတံခါးအား အမြဲတမ်း သော့ခတ်ထားလေသည်။ သို့သော် ၎င်းသည် ယင်းကျောင်း၏ ကန်ချက်များကို တောင့်မခံနိုင်ပေ။


ချောင်းအန်ယန်းသည် ထိတ်လန့်ကြောက်ရွံ့နေပြီး ဆက်တိုက် ရုန်းကန်နေလေသည် 


" မင်း... မင်းဘာလုပ်နေတာလဲ... ငါ့ကိုလွှတ် ! "


ယင်းကျောင်းက မကြားသလိုပင် သူ၏ လက်မောင်းနှစ်ဖက်ကို လက်တစ်ဖက်ဖြင့် ဆွဲလိမ်ထားကာ သူ၏ လည်ဂုတ်ကို အခြားလက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူ၏ ဒူးအား ကျောပေါ်တွင် ဖိထားလိုက်ရင်း အမိုးထပ်၏ အစွန်တွင် ပြင်းပြင်းထန်ထန် ဖိထားလိုက်လေသည်။


ညအချိန် ဖြစ်နေသောကြောင့် အမိုးထပ်၏ အနည်းငယ်သော မီးများကိုသာ ဖွင့်ထားပြီး သတ်မှတ်ချိန်တွင် ပိတ်သွားလေသည်။ မီးရောင် မှိန်မှိန်အောက်တွင် ချောင်းအန်ယန်းသည် သူ၏ အပေါ်ပိုင်း ခန္ဓာကိုယ်သည် အဆောင်အဦးကို ကျော်ထွက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ 


သူသည် အလွန်ကြောက်ရွံ့နေသောကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အားနည်းနေပြီး သူ၏ မျက်နှာပေါ်တွင် ချက်ချင်း မျက်ရည်ကျ စီးကျလာလေသည်။ သူသည် တုန်ယင်စွာ အော်လိုက်လေသည် 


" ငါ့ကိုလွှတ်ပေး ငါ့ကိုလွှတ် ... ငါ ဆရာ့ကို သွားတိုင်မယ် သွားတိုင်မှာနော်"


ယင်းကျောင်းသည် သူ၏လက်တွင် အနည်းငယ် ဖိအားထည့်လိုက်ပြီး သူ့ကို ပို၍ ဖိကာတွန်းထားလိုက်ရင်း အေးစက်စွာ ပြောလိုက်လေသည် 


" မင်း ထပ်အော်ရင် ငါမင်းကို အောက်ကို တွန်းချလိုက်မယ်"


သူ၏ မျက်လုံးများသည် အေးစက်နေကာ ရက်စက်သော အရိပ်အယောင်များ ထက်ဟပ်နေလေသည် 


"ငါ့မိသားစုက ချမ်းသာတာကို သိတယ်မလား....ငါမင်းကို သတ်နိုင်တယ်နော်"


"မင်း မင်း ..." 


ချောင်းအန်ယန်း၏ နှလုံးသားသည် ကျေမွနေပြီး ပြိုလဲတော့မတတ်ပင်။ ယင်းကျောင်း သတိပေးလိုက်သောကြောင့် သူသည် အကျယ်ကြီး မအော်ရဲတော့ပေ။ သူ၏ နှုတ်ခမ်းများသည် တုန်ယင်နေပြီး စကားတစ်ခွန်းကို ပြောနိုင်ရန် အတင်းဖိအားပေးလိုက်လေသည်


 " မင်း ဘာကို အတိအကျ လုပ်ချင်နေတာလဲ..."


"မင်းကို မေးခွန်းနည်းနည်းလောက် မေးချင်လို့ ရိုးရိုးသားသားဖြေနော် မဟုတ်ရင်တော့ ... "


ချောင်းအန်ယန်းသည် ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်ပြလိုက်လေသည် " မင်း...မင်းမေးလေ ငါအားလုံးကို ပြောပါ့မယ် အားလုံး ဖြေပါ့မယ် ! "


ယင်းကျောင်းသည် အောက်သို့ ငုံ့ကြည့်လိုက်ကာ လေးလေးနက်နက် မေးလိုက်လေသည်


 " မင်း ဘယ်အချိန်လောက်ကနေ ပြန်မွေးဖွားလာတာလဲ?" 


ချောင်းအန်ယန်း၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားလေသည်။


သူတကယ့်ကိုခန့်မှန်းနိုင်တယ် ယင်းကျောင်းကလည်း ပြန်လည် မွေးဖွားလာတာလား! 


သူသည် ငကြောက်ဖြစ်လေသည်။ အသက်ဖြင့် ခြိမ်းခြောက်ခံသည်အား မဆိုလေနှင့်။ သာမန်အချိန်များတွင်ပင် သူသည် ယင်းကျောင်းအား အရူးမလုပ်ရဲပေ။ ထို့ကြောင့် သူ ချက်ချင်း ပြန်ဖြေလိုက်လေသည်


 " အခုကနေဆိုရင် နောက်သုံးနှစ်လောက်က"


ယင်းကျောင်းသည် အချိန်ကို တွက်ချက်လိုက်လေသည်။ ၎င်းသည် သူတို့၏ ကောလိပ်ဒုတိယနှစ်တွင် ဖြစ်လောက်မည်။


သူ ထပ်မေးလိုက်ပြန်သည် " ဘာလို့ ပြန်မွေးဖွားလာတာလဲ?" 


"ငါ... ငါ မသိဘူး" အောက်ဖက်မှ မြင်နေရသော လမ်းမီးရောင်များသည် ချောင်းအန်ယန်းအား မူးဝေကာ ချွေးအေးများ ထွက်စေသည်။


သူ၏ အဖြေအား ယင်းကျောင်း မကျေနပ်မည်ကို စိုးရိမ်သောကြောင့် သူ ထပ်ပြောလိုက်လေသည် " တကယ် တကယ်ကို ငါမသိတာပါ"


သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်ပြောလေသည် " အဲ့အချိန်တုန်းက ငါ လမ်းပေါ်မှာ မင်းနဲ့မင်း အတန်းဖော် တက္ကသိုလ်ကို အတူတူ ဝင်သွားတာကို တွေ့ခဲ့တယ် ငါ...ငါ သူ့ကို အရမ်း မနာလို ဖြစ်တယ် ငါ မင်းနောက်ကို လိုက်ချင်ပေမဲ့ ငါ ဝင်လို့မရဘူး"


" ညလည်းကျရော ငါ...ငါ သေသွားတယ် နောက်ပြီးတော့ ငါပြန်ရောက်လာတယ်"


"ဘယ် တက္ကသိုလ်လဲ?"


"ပီကင်း တက္ကသိုလ်"


ပီကင်း တက္ကသိုလ် ...


ရုတ်တရက် ယင်းကျောင်း၏ နှုတ်ခမ်းထောင့်စွန်းများသည် မြင့်တက်သွားလေသည်။ ချောင်းအန်ယန်း ပြောချင်တာက အရင်ဘဝမှာ ငါက ကျင်းစစ်နဲ့ အတူတူ ရှိနေတယ်လို့လား...


"ငါနဲ့ အတူလမ်းလျှောင်နေတဲ့ လူက ဘယ်သူလဲ..."


ချောင်းအန်ယန်းသည် အတော်ကြာ ခက်ခက်ခဲခဲ တွေးလိုက်သော်လည်း ထိုလူ၏ မျက်နှာကို မမှတ်မိနိုင်ပေ "မသိဘူး ငါမသိဘူး"


သူသည် တံတွေးမျိုလိုက်ပြီး ထိတ်လန့်စွာ ပြောလိုက်လေသည် " ငါမင်းကိုတော့ သေချာတွေ့ခဲ့တယ် ငါအဲ့လူကိုတော့ မမှတ်မိဘူး ငါတကယ် မလိမ်ဘူး"


မမှတ်မိတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ...