အပိုင်း၁၀၇
Viewers 12k

Chapter 107

Chapter 107


ချောင်းအန်ယန်းသည် ယင်းကျောင်းကို စွဲလမ်းနေသောကြောင့် သူနှင့်အတူ လျှောက်သွားသော သူကို မနာလိုမည်မှာအသေအချာပင်။ 


အဲ့လူရဲ့ မျက်နှာကို သူဘယ်လိုလုပ် မေ့နိုင်ရတာလဲ...


သို့သော် ချောင်းအန်ယန်းသည် သူ့အား ယခုအကြိမ်တွင် အရူးလုပ်ရဲမည်ဟု မထင်ပေ။


သူသည် ထိုမေးခွန်းအား သူ၏ နှလုံးသားထဲတွင် ဖိနှိပ်ထားလိုက်ပြီး ဆက်မေးလေသည် 


" မင်း ဘာလို့ ကျင်းစစ်ကို မုန်းတာလဲ... အမှန်အတိုင်းပြော"


ကျင်းစစ်အကြောင်းကို ပြောလိုက်သောအခါ မကျေမနပ်ဖြစ်မှုများနှင့် မနာလိုမှုများသည် ချောင်းအန်ယန်း၏ နှလုံးသားထဲတွင် ပေါက်ကွဲသွားလေသည်


 " ငါက ပြန်မွေးဖွားလာတာ အသိသာကြီးလေ နောက်ပြီး အတိတ်ဘဝတုန်းက သူနဲ့ ငါနဲ့က တူတူပဲလေ သူကတော့ ပိုကောင်းလာပြီး ငါက ဆက်ရုန်းကန်နေရမယ်လို့ သူဘယ်လိုလုပ် ပြောနိုင်ရတာလဲ ... "


အတိတ်ဘဝတုန်းက သူနဲ့ တူတူပဲ...


ယင်းကျောင်း၏ မျက်စံအိမ်များသည် ရုတ်တရက် ကြုံ့သွားလေသည် မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး


အဲ့ဒါက မူလကျင်းစစ်သာဆိုရင် သူက အဲ့ကျင်းစစ်နဲ့ အတူမရှိနေနိုင်ဘူး တကယ်လို့ ကျင်းစစ်သာ မရှိခဲ့ရင် ပီကင်း တက္ကသိုလ်ကို မပြောနဲ့ တက္ကသိုလ်တောင် တက်ဖြစ်မှာ မဟုတ်ဘူး !


ချောင်းအန်ယန်းရဲ့ မှတ်ဥာဏ်တွေက လွဲနေတာလား? မဟုတ်ဘူး မဖြစ်နိုင်ဘူး သူက အရင်စာသင်နှစ်ဝက်ကမှ ပြန်မွေးဖွားလာတာ အတိတ်ဘဝကို အဲ့လောက်မြန်မြန်ကြီး မေ့သွားမှာ မဟုတ်ဘူး


ယင်းကျောင်း ခေါင်းငုံ့ကာ အတွေးများနေလေသည်။


ချောင်းအန်ယန်းကိုတော့ အစတည်းက ရွံပေမဲ့ ကျင်းစစ်ကိုကျတော့ မြင်မြင်ချင်း ချစ်မိသွားတယ်လို့ ပြောလို့ရတယ်


အဲ့ခံစားချက်နှစ်ခုက သူ့ရဲ့ အသွေးအသားထဲထိ နစ်ဝင်နေသလိုမျိုးပဲ ဒါပေမဲ့ ဘာလို့ အဲ့လို ဖြစ်ရတာလဲ...


ချောင်းအန်ယန်း၏ မှတ်ဥာဏ်များအရ သူသည် အတိတ်ဘဝတွင် သူတို့နှစ်ယောက်လုံးနှင့် မပတ်သက် ခဲ့သည်မှာ ထင်ရှားလေသည်။


သူ ကျင်းစစ်နှင့် အတူရှိနေတည်းက ချောင်းအန်ယန်းသည် သူ့ကို ပိုအာရုံစိုက်လာပြီး ကျင်းစစ်ကိုလည်း သတိထားမိပေမည်။ သို့သော် ချောင်းအန်ယန်းသည် သူ့ဘေးနားတွင် လျှောက်သွားသော အတန်းဖော်၏မျက်နှာကို မမှတ်မိသည့်အတွက် ထင်ရှားသော အကြံတစ်ခုသည် ယင်းကျောင်း၏ နှလုံးသားထဲတွင် ရုတ်တရက် ပေါ်လာလေသည်။


ယင်းကျောင်း နားလည်လိုက်သည်။ ချောင်းအန်ယန်းမှာ ကျင်းစစ်နဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်တွေက လွဲမှားနေတဲ့ ပုံပဲ


သူ၏ အသက်ရှူသံများသည် အနည်းငယ်မြန်ဆန်နေပြီး သူသည် ချောင်းအန်ယန်းကို ငုံ့ကြည့်ကာ မေးလိုက်လေသည်


 " နောက်ဆုံးမေးခွန်း မင်းဘယ်လို သေသွားတာလဲ ... "


ချောင်းအန်ယန်း၏ မျက်နှာသည် ချက်ချင်း ခရမ်းရောင် ပြောင်းသွားပြီး သူသည် စက္ကန့်အတော်ကြာသည်အထိ တိတ်ဆိတ်သွားကာ အံကြိတ်ရင်း ပြောလိုက်လေသည် " ဖျားပြီးသေသွားတာ"


"ဖျားပြီးသေတယ်..."


" အရာအားလုံးကို လောင်းကစားလုပ်လိုက်ပြီး ပြန်ဆပ်စရာ ပိုက်ဆံ မရှိတော့တာ"


ယင်းကျောင်း နှာမှုတ်လိုက်ပြီး ချောင်းအန်ယန်းကို ပြန်ဆွဲတင်လိုက်ပြီး ကြမ်းပြင်ပေါ်ပစ်ချခဲ့ကာ လှည့်ထွက်သွားလေသည်။


အဲ့လို ပုပ်ပွနေတဲ့ လူမျိုးက တစ်သက်လုံး ပြန်မကောင်းနိုင်တော့ဘူး


"အစ်ကိုကျောင်း ဘာလုပ်နေတာလဲ..."


ဟယ်ကျိုးနှင့် အခြားလူများ အမိုးထပ်ကို ရောက်လာကြချိန် ကြမ်းပြင်ပေါ်တွင် ပျော့ခွေနေသော ချောင်းအန်ယန်းကို တွေ့လိုက်လေသည်


 " သူ အစ်ကို့ကို ရည်းစားစာ ထပ်ပေးပြန်ပြီလား..."


ကျန့်ချွယ်သည် အပြုံးဖြင့် ပြောလိုက်လေသည် " ဒါဆို အစ်ကို့ရဲ့ နေ့စဥ်ဘဝလှုပ်ရှားမှုတွေက အိပ်မယ် စားမယ် ချောင်းအန်ယန်းကိုရိုက်မယ် အဲ့တာတွေပေါ့"


ယင်းကျောင်း၏ စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေသောကြောင့် သူတို့နှင့် စနောက် ကစားရန် စိတ်မပါပေ။ အတန်းထဲသို့ အေးစက်သော မျက်နှာဖြင့် ဝင်သွားလေသည်။ 


ကျန့်ချွယ်သည် သိချင်သောကြောင့် ယင်းကျောင်းကို ပြောလိုက်လေသည် " အစ်ကိုကျောင်း ! အစ်ကိုကျောင်း ကျွန်တော့်ကို စောင့်ဦး ! "


ကျင်းစစ်သည် သူ၏ မေးခွန်းပုဒ်စာများကို တိတ်ဆိတ်စွာ ဖြေနေပြီး ထိုအော်သံကိုကြားသောအခါ သူသည် မသိစိတ်အရ အမှတ်တမဲ့ ဘေးသို့ လှည့်ကြည့်လိုက်မိလေသည်။


လီကျိုး၏ မျက်နှာသည် ရုတ်တရက် သူ၏ ရှေ့တွင် ပေါ်လာလေသည်။ ကျင်းစစ်သည် တခဏမျှ အံ့အားသင့်သွားပြီးနောက် သူ၏ ထိုင်ခုံဖော်သည် ယင်းကျောင်း မဟုတ်တော့ကြောင်းကို နားလည်လိုက်လေသည်။ 


သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ခေါင်းကို ပြန်၍ ငုံ့တော့မည့်အချိန်တွင် ကျန့်ချွယ်၏ အော်သံကို ထပ်ကြားလိုက်ရလေသည် 


" ချောင်းအန်ယန်းက မှတ်ဥာဏ် မကောင်းဘူးလား...အရင်တစ်ခေါက်က အစ်ကို သူ့ကို ရိုက်လိုက်တာတောင် အစ်ကို့ကို လာတွေ့ရဲသေးတယ်..."


ယင်းကျောင်းက ချောင်းအန်ယန်းကို အရင်က ရိုက်ခဲ့သေးတယ်? ဘယ်တုန်းကလည်း?


ကျင်းစစ် မထိန်းနိုင်ဘဲ ကြည့်လိုက်လေသည်။


"အစ်ကိုစစ် အစ်ကိုမသိဘူးလား..."


 ကျန့်ချွယ်သည် သူ၏ သံသယ အကြည့်များကို တွေ့သောအခါ ကျင်းစစ်ကို ချက်ချင်း ပြောလိုက်လေသည် " အစ်ကို ယန်ချန်းမှာ ပြိုင်ပွဲကို သွားပြိုင်တုန်းကလေ အဲ့သုံးရက်လုံး မနက်တိုင်း အစ်ကိုကျောင်းက ချောင်းအန်ယန်းကို သုံးခါတောင် သတိလစ်အောင် ရိုက်ခဲ့တာလေ လူအိုကြီးလျှိုဆီကတောင် သတိပေးခံရတယ်"


"မင်း နေလို့ ပိုကောင်းသွားပြီလား..."


"ခေါင်းမကိုက်တော့ဘူး အဆင်ပြေသွားပြီ"


"တော်သေးတာပေါ့ မင်း စာမေးပွဲကို စိတ်အေးအေးနဲ့ ဖြေလို့ရပြီ"


ဒါဆို ဖွင့်ပွဲအခမ်းအနားမှာ အဲ့တာကြောင့် ခေါင်းကိုက်တာ ရုတ်တရက် ပျောက်သွားတာလား...


ကျင်းစစ်သည် ယင်းကျောင်းအား ဗလာဖြစ်စွာ ကြည့်လိုက်လေသည်။ သူတို့နှစ်ယောက် နေရာခွဲနေစဥ်တည်းက ဖြစ်ပေါ်လာသော နာကျင်မှုနှင့် စိုးရိမ်ကြောက်ရွံ့မှုများသည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။


ယင်းကျောင်းက သူ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့တာပဲ 


ကျန့်ချွယ် ရယ်ကာ ပြောလိုက်လေသည် " သူ့ကို အပြင်ထွက်ဖို့ ဖိတ်ပြီး အဝတ်တွေ ချွတ်ရမလားလို့လည်း မေးလိုက်ရော အစ်ကိုကျောင်းက သူ့ကို ရိုက်ထည့်လိုက်တာလေ အစ်ကိုစစ် အစ်ကို..."


" စိတ်ထဲမထားပါနဲ့" ယင်းကျောင်းသည် သူ ထပ်မပြောခင် သူ့ကို ဘေးသို့ ရုတ်တရက် တွန်းလိုက်လေသည်။


ယင်းကျောင်းသည် ကျင်းစစ်ကိုမကြည့်ဘဲ သူ၏ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲသို့ ထည့်ကာ အမူအရာမဲ့စွာ ရှေ့သို့ ဆက်လျှောက်သွားလေသည်။ သူသည် ကျင်းစစ်၏ ထိုင်ခုံကို ကျော်သွားတော့မည့် အချိန်တွင် ရုတ်တရက် လက်ချောင်းများကို ကွေးလိုက်ကာ စားပွဲခုံကို ဖွဖွလေးခေါက်ရင်း ပေါ့ပါးစွာ ပြောလိုက်လေသည်


 " အဝတ်ချွတ်မယ်...သူ့အဝတ်တွေ အကုန်လုံးကို ချွတ်ပြရင်တောင် သူ့ကို အာရုံစိုက်မှာ မဟုတ်ဘူး"


ကျင်းစစ်သည် ခဏတာ အေးခဲသွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် အနည်းငယ် မြင့်တက်သွားလေသည်။


ယင်းကျောင်းသည် သူ၏ ထိုင်ခုံနေရာသို့ ရောက်သောအခါ သူ၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပုဒ်စာမေးခွန်းများကို ချက်ချင်းမဖြေပဲ နံရံကို မှီလိုက်ကာ သူ၏ မျက်လုံးများကို မှိတ်ထားပြီး ဘာကိုတွေးနေသည်ကိုလည်း မသိနိုင်ပေ။ 


ဟယ်ကျိုးနှင့် အခြားလူများသည် ယင်းကျောင်းနှင့် ကျင်းစစ်ကြားတွင် ဘာဖြစ်ကြောင်းကို မေးချင်သော်လည်း ယင်းကျောင်း၏ နှလုံးသားထဲမှ ဒါဏ်ရာကို ထိုးဆွမိမည်ကို စိုးရိမ်သောကြောင့် သူတို့သည် အချင်းချင်းသာ တိုးတိုးတိတ်တိတ်ရေရွတ်နေကြပြီး ထိုအကြောင်းကို မပြောတော့ရန် ဆုံးဖြတ်လိုက်လေသည်။


ဖမ်ချန်းချန်းသည် တနင်္ဂနွေနေ့တွင် သူ၏ မွေးနေ့ကို ကျင်းပမည် ဖြစ်သည်။ ၎င်းအား အသုံးပြုပြီး ယင်းကျောင်းကို ခေါ်ထုတ်ကာ အရက်တိုက်၍ သူ၏ ပါးစပ်ကို ဖွင့်ဟလာအောင် ပြုလုပ်မည်ပင်။


"အစ်ကိုကျောင်း" ဟယ်ကျိုးသည် လှည့်လိုက်ကာ ယင်းကျောင်းကို ပြောလိုက်လေသည် " ငါတို့ သဘက်ခါ ညကျရင် Yueweixuan မှာ ဘွတ်ကင်ချိတ်ပြီး တစ်ခန်းယူထားတယ် လူအိုကြီးဖမ်ရဲ့ မွေးနေ့အတွက် စားဖို့သောက်ဖို့လေ မင်းရော လာမှာလား?"


ယင်းကျောင်းသည် ညစာအတူစားရန် စိတ်မပါသော်လည်း ဖမ်ချန်းချန်း၏ မွေးနေ့မှာ နီးနေပြီ ဖြစ်သောကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။


၎င်းကို မြင်သောအခါ ဟယ်ကျိုးသည် စိတ်သက်သာရာရသွားပြီး ထပ်ပြောချင်သေးပေမဲ့ အတန်းတံခါးရုတ်တရက် တွန်းဖွင့် ခံလိုက်ရပြီး ဆရာလျှိုသည် မှောင်မဲနေသော မျက်နှာဖြင့် ဝင်လာလေသည်။


"ဘာလို့ ရုတ်ရုတ်ရုတ်ရုတ် လုပ်နေတာလဲ...နေတိုင်း ပြောစရာတွေ အရမ်းများနေလား...မင်းတို့ရဲ့အသံကို အပြင် ကော်ရစ်ဒါကနေတောင် ကြားနေရတယ်"


စာသင်သည့်စင်မြင့် ပေါ်သို့ တက်သွားလိုက်ပြီး ငုံ့ကြည့်ကာ တင်းမာ ခက်ထန်စွာ ပြောလိုက်လေသည် " အဲ့လောက်တောင် အားအင်တွေ ပေါနေရင်လည်း တနင်္ဂနွေနေ့ကျရင် သန့်ရှင်းရေးကို ကြိုးစားလုပ်ကြ ! "


သူ၏ အသံပျံ့နှံ့သွားသည်နှင့် အောက်ဖက်မှ အော်ဟစ်မြည်ကြွေးသံများကို ကြားလိုက်ရလေသည်။


တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းသည် ကျောင်းတက်သည့်နှစ်စတွင် သန့်ရှင်းရေးလုပ်ရန် လိုအပ်လေသည်။ အတန်းတိုင်းသည် မတူညီသော နေရာများအတွက် တာဝန်ကျလေသည်။ နေရာသည် အရမ်းမကျယ်သော်လည်း တန်းခွဲ 7 မှ ကျောင်းသားများသည် သူ၏ ကိုယ်ပိုင် အဝတ်အစားများကိုပင် ပုံမှန် မလျော်ပေ။ သန့်ရှင်းရေး လုပ်ဖို့ မပြောနှင့်။


"စိတ်အနှောက်အယှက် ဖြစ်လိုက်တာ" လီကျိုးသည် သူ၏ လက်ထဲမှ စာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ခါးသက်သော မျက်နှာဖြင့် ကျင်းစစ်ကို ပြောလိုက်လေသည် " ငါတို့ အတန်းက ဒီစာသင်နှစ်မှာ အဝတ်လျော်ခန်းတွေကို သန့်ရှင်းရေးလုပ်ရမယ် နောက်ပြီး အဲ့မှာ ညစ်ပတ်တဲ့ ရှင်းစရာတွေ အများကြီး ရှိတယ်"


တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းတွင် အဆောင်နှစ်ခု ရှိပြီး တစ်ခုသည် ယောင်္ကျားလေးဆောင်ဖြစ်ပြီး တစ်ခုသည် မိန်းကလေးဆောင် ဖြစ်လေသည်။ အဆောက်အဦးနှစ်ခုကြားရှိနေရာသည် အဝတ်အခြောက်လှမ်းသည့် ခြံကြီး ဖြစ်လေသည်။


ကျောင်းသည် အောက်သို့ ပစ္စည်းများချခြင်းကို တားဆီးကြောင်းဖော်ပြထားသော်လည်း တချို့သော ကျောင်းသားများသည် နာခံမှု မရှိပေ။ အမှိုက်ခွံများ နှင့် နံစော်နေသော ဖိနပ်များ ခြေအိတ်များကိုပင် ပစ်ချကြလေသည်။


အဝတ်အခြောက်လှမ်းတဲ့ ခြံ


ကျင်းစစ်သည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခေါင်းကိုမော့ကာ စာသင်သည့်စင်မြင့်ထက်ကို ကြည့်လိုက်လေသည်။ ဆရာလျှိုသည် သူတို့ကို အာရုံမရှိသည်ကို တွေ့သောအခါ တိုးတိုးလေးကပ်ပြောလိုက်လေသည် " မင်းအဝတ်လျော်အခြောက်ခံတဲ့နေရာကို တာဝန်ကျရင် ငါမင်းအတွက် လုပ်ပေးမယ်"


လီကျိုးသည် မျက်ရည်ကျသည်အထိ စိတ်လှုပ်ရှားသွားလေသည်။ သူ၏ ခေါင်းကို ခပ်မြန်မြန် ခါလိုက်လေသည် " မဟုတ်တာ မဟုတ်တာ အစ်ကို ဘယ်လိုလုပ် အဲ့လို အလုပ်မျိုးလုပ်လို့ ဖြစ်မလဲ"


"ရပါတယ်" ကျင်းစစ်သည် ပြတ်ပြတ်သားသားပြောလိုက်လေသည် " ငါက အဝတ်အခြောက်ခံတဲ့ခြံထဲမှာ အလုပ်လုပ်ရတာ ကြိုက်တယ်"


လီကျိုးသည် သူ့အား ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်လိုက်ပြီး အတော်ကြာသည်အထိ ဘာပြောရမည်ကို မသိခဲ့ပေ။


ဒါဆို အဲ့ဒါက စာနတ်ဘုရားရဲ့ ဝါသနာလေးလား? စာလုပ်ရတာ ပင်ပန်းလာရင် ခန္ဓာကိုယ် လှုပ်ရှားမှု လုပ်ပြီး စိတ်ကို လန်းဆန်းအောင် လုပ်တာလား...


သူ၏ မျက်နှာကို ပွတ်သုတ်လိုက်ကာ တုံ့ပြန်လိုက်လေသည် "အိုကေ"


"တိတ်တိတ်နေကြစမ်း ! " ဆရာလျှိုသည် စားပွဲခုံကို ရိုက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ညည်းညူနေကြသော လူအချို့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ပြီး ပြောလိုက်လေသည် " မကျေနပ်သံတွေ တိတ်စမ်း ပျင်းပြီး အချောင်ခိုနေတဲ့ လူတွေကို တွေ့ရင် ဒီစာသင်နှစ်ဝက်အတွက် တာဝန်တွေ ထပ်ပေးခံရမယ် ! "


အတန်းသည် အတော်ကြာ တိတ်ဆိတ်သွားသည်ကို တွေ့သောအခါ ဆရာလျှိုသည် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်လေသည် " မင်းတို့ သန့်ရှင်းရေး လုပ်ပြီးရင် ငါစစ်မှာနော် နေ့လည်ကျရင် နားဖို့ တွေးမနေနဲ့"


သူစကားပြောပြီးသောအခါ သူသည် စာသင်စင်မြင့်ထက်မှ ဆင်းလိုက်ပြီး ကျန်းမာရေး ကော်မတီအကြောင်း ရှင်းပြတော့မည့် အချိန်တွင် သူ၏ မျက်လုံးများသည် ကျင်းစစ်၏ ဘေးသို့ ရောက်သွားလေသည်။


ဆရာလျှိုသည် ထိုနားသို့ လျှောက်သွားလိုက်ကာ လီကျိုး၏ စားပွဲခုံကို လက်ဖြင့် ခေါက်ရင်း ပြောလိုက်လေသည် " မင်းကို ကိုယ့်ဆန္ဒနဲ့ ကိုယ် ထိုင်ခုံနေရာပြောင်းဖို့ ဘယ်သူခွင့်ပြုတာလဲ..."


လီကျိုးသည် မျက်ရည်မကျဘဲ ငိုချင်လာကာ မတ်တတ်ရပ်လိုက်လေသည်။ ကျွန်တော်လည်း ထိုင်ခုံနေရာ မပြောင်းချင်ပါဘူး အိုကေ...


"ဆရာ" ယင်းကျောင်း မတ်တတ်ရပ်လိုက်လေသည် " ကျွန်တော် ပြောင်းချင်တာပါ"


ဆရာလျှိုသည် သူ့ကို ကြည့်လိုက်ပြီးနောက် ကျင်းစစ်ကို ကြည့်လိုက်လေသည်။ သူ တစ်ခုခု ပြောချင်ပေမဲ့ ပြန်၍ မျိုသိပ်ကာ ယင်းကျောင်းကို လက်ညှိုးထိုးပြီး ပြောလိုက်လေသည် " ငါနဲ့လိုက်ခဲ့"


ကျင်းစစ်သည် အနည်းငယ် စိုးရိမ်ကာ အပြင်ထွက်ပြီး အတူတူ ရှင်းပြချင်​လေသည်။ သူ၏ စာအုပ်ကို ချလိုက်သည်နှင့် သူ၏ စားပွဲခုံကို အခေါက်ခံလိုက်ရပြီး ကြည့်လိုက်သောအခါ ဖြတ်သွားသော ယင်းကျောင်း ဖြစ်လေသည် " အဆင်ပြေပါတယ် စာဆက်ဖတ်နေ"


ကျင်းစစ် သူ့နှလုံးသားထဲမှ စိုးရိမ်မှုများကို ထိန်းထားရန်သာ လုပ်နိုင်လေသည်။ သူ၏ ထိုင်ခုံတွင် ထိုင်နေရင်း ယင်းကျောင်း ပြန်လာမည်ကိုသာ စောင့်နေလေသည်။


ကော်ရစ်ဒါတွင် ဆရာလျှိုသည် မျက်မှောင်တင်းတင်း ကြုတ်ထားလေသည်


 " မင်း ဘာဖြစ်လို့လဲ...အစတုန်းက မင်းပဲ အဲ့နေရာကို ပြောင်းဖို့ ​ပြောခဲ့တာ အခုမင်းက တခြားနေရာကို ပြန်ပြောင်းချင်ပြန်ပြီ ! မင်း နဲ့ ကျင်းစစ် စကားများထားတာလား..."


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."


 ယင်းကျောင်း ပြုံးကာ ပြောလိုက်လေသည်


 " ကျင်းစစ်က ဒုတိယအကျော့ရွေးချယ်တဲ့ ပြိုင်ပွဲကို သိပ်မကြာခင် သွားရတော့မှာ ကျွန်တော့်ကြောင့် သူစာလေ့လာတာ နှောင့်နှေးနေမှာ စိုးလို့ပါ"


ဆရာလျှိုသည် ၎င်းကို ကြားသောအခါ သူ၏ မျက်နှာပေါ်မှ မကျေနပ်မှုသည် ပို၍ ထင်ပေါ်လာလေသည်


 " သူ စာလုပ်နေတုန်း မင်းက နှောက်ယှက်တတ်လို့လား..."


"အဲ့လို မဟုတ်ပါဘူး" ယင်းကျောင်းသည် နံရံကို ပျင်းရိစွာ မှီလိုက်ပြီး နှုတ်ခမ်းပေါ်တွင် အပြုံးဖြင့် ပြောလိုက်လေသည် " အဓိကအကြောင်းကတော့ သူက ကျွန်တော့်ကို အရမ်းဂရုစိုက်လွန်းတယ် သူရဲ့အချိန်တွေက ကျွန်တော်ကို သင်ပေးရင်းနဲ့ ပိုကုန်တယ် လီကျိုးသာဆိုရင် သူအာရုံလွင့်မှာ မဟုတ်တော့ဘူး"


ဆရာလျှို : "..."


အချို့သောအကြောင်းများကြောင့် ဆရာလျှိုသည် ရုတ်တရက် တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်သလို ခံစားလိုက်ရလေသည်။


" ဆရာက ဘာကို ကြားချင်နေလို့လဲ?" ယင်းကျောင်းသည် တွေးရင်းပြောလိုက်လေသည် " ကျွန်တော့်ဇနီးလေးက စည်းကမ်းတင်းကျပ်တယ်လို့လား..."


ဆရာလျှို ဆက်၍ နားမထောင်နိုင်တော့ပေ။ ထို့ကြောင့် သူသည် စကားကို ဖြတ်ပြောကာ ယင်းကျောင်း၏ ကျောကို ရိုက်လိုက်လေသည် " ပြန်သွားတော့ ငါ့ကို အစမ်းစာမေးပွဲ ဖြေပေးရမယ်"


ယင်းကျောင်းသည် အရိုက်ခံရသောနေရာအား ပွတ်နေလိုက်လေသည် " အမိန့်အတိုင်းပါပဲ"


နောက်သို့ လှည့်လိုက်သောအခါ သူ၏ မျက်နှာပေါ်မှ အမူအရာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။


သူသည် ထိုင်ခုံနေရာအား မပြောင်းချင်ဆုံးသော သူပင်။ သို့သော် သူတို့၏ ထိုင်ခုံများသည် အလွန်နီးကပ်နေလေသည်။ ကျင်းစစ်ကို မတော်တဆ ထိမိသွားရင် ဘယ်လိုလုပ်ပါ့မလဲ...


ယင်းကျောင်း အတန်းထဲသို့ ဝင်သွားသောအခါ ကျင်းစစ်၏ အကြည့်များနှင့် ဆုံလိုက်ရလေသည်။


ဆရာလျှိုသည် အပြင်တွင် ရှိနေတုန်း ဖြစ်သော်လည်း အတန်းသည် ထိုအခိုက်အတန့်တွင် ငြိမ်သက်တိတ်ဆိတ်နေလေသည်။ ယင်းကျောင်းသည် ကျင်းစစ်အား အားလုံးကို ပြောပြ၍ မဖြစ်သောကြောင့် ရိုးရိုးရှင်းရှင်း ပြောလိုက်လေသည် " စိတ်မပူပါနဲ့ ဆရာလက်ခံတယ်"


ကျင်းစစ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။ ထို့နောက် ခေါင်းငုံ့ကာ စာဆက်ဖတ်နေလေသည်။


ယင်းကျောင်းသည် သူအခုလို ကြိုးစားနေရခြင်းမှာ စာမေးပွဲတွင် ရလဒ်ကောင်းပြီး ယခုဖြစ်နေသော အခြေအနေကို ပြောင်းလဲရန် ဖြစ်ကြောင်း သိလေသည်။ 


သူ စိတ်ဆင်းရဲစွာ သက်ပြင်းချလိုက်ပြီး သူ၏ ထိုင်ခုံသို့ ပြန်သွားထိုင်နေလေသည်။ အတော်ကြာသည်အထိ တွေးနေလိုက်ကာ စာရွက်အားသေးသေးလေး ဖြဲလိုက်ပြီး ထိုအပေါ်တွင် စာအနည်းငယ်ရေးလိုက်လေသည်။ ထိုအကြောင်းကို တွေးမိသောအခါ သူသည် ထိုစက္ကုအပိုင်းအစကို လုံးချေလိုက်ပြီး အမှိုက်ပုံးထဲသို့ ပစ်လိုက်လေသည်။


သူသည် အတန်းခေါင်းလောင်းမြည်သည်အထိ စောင့်နေပြီး ကျင်းစစ် စာအုပ်ကို ချလိုက်ချိန်တွင် ထိုနေရာသို့ လျှောက်သွားလိုက်လေသည်။


လီကျိုးသည် မတ်တတ်ရပ်လိုက်ပြီး မျက်စိတစ်ဖက်မှိတ်ပြကာ နေရာဖယ်ပေးလေသည်။


ယင်းကျောင်းသည် ခုံကို ဆွဲထုတ်လိုက်ပြီး ခပ်ဝေးဝေးသို့ ဆွဲသွားကာ ထိုင်လိုက်လေသည် " အဆင်မပြေ ဖြစ်နေတုန်းလား..."


" မဖြစ်တော့ပါဘူး" ကျင်းစစ်သည် ခေါင်းခါပြလိုင်လေသည်။ ယင်းကျောင်း မယုံမည်ကို စိုးရိမ်သောကြောင့် ထပ်ပြောလိုက်လေသည် " ပန်းခင်းနားကနေ ပြန်လာတည်းက အဆင်ပြေနေတာ" 


ဖာခ့် ! ယင်းကျောင်း မတတ်နိုင်ဘဲ စိတ်ထဲတွင် ဆဲရေးလိုက်လေသည်။ သူတို့ကို စောင့်ကြည့်ဖို့ ကင်မရာ တပ်ထားတာလားဟ...


"တော်သေးတယ်" ယင်းကျောင်း ခေါင်းငြိမ့်ကာ သူ့ကို ကြည့်ရင်း ခပ်တိုးတိုးရယ်ကာ ပြောလိုက်လေသည်


 " ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကို အခုတလော ဖက်ပြီးနမ်းနိုင်မှာ မဟုတ်လို့"