အပိုင်း၁၁၁
Viewers 14k

Chapter 111

Chapter 111


 


လစဥ်စာမေးပွဲ နီးကပ်လာသည်နှင့်အမျှ တန်းခွဲ 7 ၏ အားလပ်ချိန်များတွင် ကျောင်းသားများသည် အရင်ကလောက် မပျော်ရွှင်ရတော့ဘဲ သက်ပြင်းချသံများကို နေရာတိုင်းတွင် ကြားနေရလေသည်။ 


ထိုအပတ်ပိတ်ရက်များတွင် ကျောင်းသားများသည် အရိုင်းဆန်ဆန်ပင် ကစားနေကြပြီး အိမ်စာများကို ကျောင်းမဖွင့်ခင် နှစ်ရက်အလိုမှသာ အပြင်းအထန်လုပ်နေကြလေသည်။ထို့ကြောင့် အနာဂါတ်စာမေးပွဲ၏ ရလဒ်များကို ခန့်မှန်းနိုင်လေသည်။


လူများသည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေရချိန်တွင် သူတို့၏ စိတ်ဝိဥာဏ်များကို စိတ်သက်သာရာရစေရန် ကြိုးစားကြမည်ပင်။


ရလဒ်အနေဖြင့် ကျင်းစစ်သည် ပို၍ ပေါ်ပျူလာ ဖြစ်လာပြီး တစ်တန်းလုံးသည် သူ့အနားသို့ နီးကပ်ရန် ကြိုးစားကြလေသည်။


ကျင်းစစ်သည် အခြေခံအားဖြင့် နေ့စဉ် အေးစက်စက် မျက်နှာ ဖြင့်သာနေသော်လည်း အမှန်တွင် အလွန်သ​ဘောကောင်းလေသည်။ မည်သူမျှ ထိခွင့်မရှိသော သူ၏ ဦးခေါင်းမှအပ အခြားသော တောင်းဆိုချက်များကို လက်ခံပေးလေသည်။


" ငါတို့ အတန်းထဲကလူတွေ နံပါတ်ပြားတွေကိုင် တန်းစီပြီး စာနတ်ဘုရားဆီက လွှမ်းမိုးခံရဖို့ စောင့်နေကြတာလား..."


ဟယ်ကျိုးသည် ကျင်းစစ်၏ နေရာကို ကြည့်လိုက်ရင်း သက်ပြင်းချလိုက်လေသည် " ငါတို့ အစ်ကိုစစ်ကတော့ တဖြည်းဖြည်း လာဘ်ကောင်လေး ဖြစ်လာနေပြီပဲ"


ကျန့်ချွယ် ရယ်လိုက်လေသည်။ သူက လုံးဝကို စွန့်လွှတ် အရှုံးပေးတတ်သည့် လူမျိုးပင်။ စာနတ်ဘုရားထံမှ ကောင်းချီးပေးခံရလျှင်ပင်မပြောနှင့် ဗုဒ္ဓဘုရားဆီမှ အလင်းပြခံရလျှင်တောင် သူက တိုးတက်မလာနိုင်ပေ။


"တကယ်တော့ တော်တော်လေး မိုက်တာဟ မိန်းကလေးတွေနဲ့လည်း အလကား ထိတွေ့နိုင်တယ်လေ..."


 သူပြောလို့ မပြီးသေးခင် သူ့ဘေးနားမှ ယင်းကျောင်းက ရုတ်တရက် အေးစက်စက် မျက်နှာဖြင့် ထရပ်လိုက်ကာ ကျင်းစစ်ဆီသို့ တန်းတန်းမတ်မတ် သွားလေသည်။


ကျန့်ချွယ် အတော်ကြာ တိတ်ဆိတ်သွားပြီး ဟယ်ကျိုးကို ကြည့်ကာ ပြောလိုက်လေသည် 


" အရမ်း သဝန်တိုနေတာပဲ"


အရှေ့တွင် ဝူဝေ့ချန်းသည် သူ၏ လက်ကို ပျော်ရွှင်စွာ မြှောက်လိုက်ပြီး ကျင်းစစ်နှင့် လက်ဆွဲနှုတ်ဆက်တော့မည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်သည် အားပြင်းသော တွန်းအားဖြင့် အတွန်းခံလိုက်ရလေသည်။


သူ စိတ်မကျေနပ်စွာ ခေါင်းကို လှည့်လိုက်သည့် အချိန်တွင် ယင်းကျောင်း၏ အေးစက်နေသော မျက်လုံးများကို တွေ့လိုက်ရလေသည်။ ဝူဝေ့ချန်းသည် သူ၏ ပခုံးကို ကြုံ့လိုက်ပြီး ဟယ်လို ဟု အထစ်ထစ် အငေါ့ငေါ့ဖြင် နှုတ်ဆက်ရန်လုပ်လိုက်လေသည် 


" ကျောင်း အစ်ကိုကျောင်း"


ယင်းကျောင်းသည် လူများအား အမူအရာမဲ့စွာ တစ်ယောက်ပြီး တစ်ယောက်ကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်လေသည် " မင်းတို့က ကံကောင်းမှုအတွက် ကျင်းစစ်ကိုပွတ်သပ်ချင်နေတာလား..."


လူအများသည် ခေါင်းငြိမ့်ပြလိုက်လေသည်။


ယင်းကျောင်း နှာမှုတ်လိုက်လေသည် " ကိုးနှစ်လောက် စာသင်ခဲ့ပြီးတော့ ပဒေသရာဇ်စနစ်ရဲ့ အယူသီးမှုတွေကို သင်ယူခဲ့ရတယ်ပေါ့ ဟုတ်လား..."


ကျင်းစစ်သည် ကျောင်းသားအချို့၏ အာရုံစိုက်မှုကို ခံနေရချိန် ယင်းကျောင်း၏ အပြုအမူကြောင့် ရုတ်တရက် တစ်တန်းလုံး၏ အာရုံစိုက်မှု ဖြစ်လာလေသည်။


အတန်းထဲတွင် တိတ်ဆိတ်နေပြီး လူတိုင်း သူတို့ဆီသို့ တိတ်တဆိတ် လှမ်းကြည့်နေကြလေသည်။ 


ကျောင်းရဲ့ အာဏာရှင်ကြီးက ရုတ်တရက်ကြီး ဒီလိုထပြုမူတယ် ... သူတစ်ယောက်ယောက်ကို ရုတ်တရက် ရိုက်ချင်လို့များလား... ဒါပေမဲ့ ဘယ်သူမှ သူ့ကို မနှောက်အယှက် မပေးဘူးလေ


ယင်းကျောင်းသည် မည်သူ့ကိုမျှ မရိုက်ဘဲ သူ၏ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်လိုက်ကာ ကျင်းစစ် ဘေးတွင် မတ်တတ်ရပ်လိုက်လေသည်


 " ဒါဆို ငါက နေတိုင်း ကျင်းစစ်နဲ့ နီးနီးကပ်ကပ် ရှိနေတာဆိုတော့ ချက်ချင်း ပီကင်းတက္ကသိုလ် ဒါမှမဟုတ် ကျင်းတုံ တက္ကသိုလ်ကို ဝင်ခွင့်ရမယ် ထင်လား..."


ဝူဝေ့ချန်းနှင့် လူအများသည် သူတို့၏ ပခုံးများကို ကြုံ့လိုက်ပြီး မျက်ရည်မကျဘဲ ငိုချင်နေကြပြီး သူတို့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ခံချင်နေကြလေသည်။


"သူ့ဆီကို ထပ်မလာနဲ့" 


ယင်းကျောင်းသည် ကျင်းစစ်၏ ခုံကို မှီလိုက်ရင်း တစ်တန်းလုံးကို အေးစက်စွာ ကြည့်လိုက်ပြီး ဝူဝေ့ချန်းနှင့် အခြားသူများကိုပင် မဟုတ်ဘဲ အတန်းထဲမှ လူအားလုံးကို ပြောလိုက်သကဲ့သို့ပင် "မဟုတ်လို့ကတော့ ... မင်းတို့ ပဒေသရာဇ်စနစ်ရဲ့ အယူသီးတာတွေကို ထပ်ယုံရဲယုံကြည့် အဲ့လိုဆိုရင် မင်းတို့တစ်ယောက်ချင်းစီရဲ့ စာမေးပွဲမှာ သုံးမယ့် ဘောပင်တွေကို ကျန့်ချွယ်ကို လိုက်ကိုင်ခိုင်းလိုက်မှာ..."


ကျန့်ချွယ်ရဲ့ ဆိုးဝါးတဲ့ ရမှတ်တွေကို ဘယ်သူက မသိလို့လဲ...


ထိုခြိမ်းခြောက်မှု၏ အဆင့်သည် နျူးကလီးယားနှင့်ပင် နှိုင်းယှဥ်နိုင်လေသည်။ ဝူဝေ့ချန်းနှင့် အခြားလူများပင် မဟုတ်ဘဲ တစ်တန်းလုံး၏ စာနတ်ဘုရားဆီမှ ကံကောင်းမှုများကို အနည်းငယ် ပွတ်ယူမည့်အကြံအား ချက်ချင်း ပပျောက်စေလေသည်။


ကျောင်းလူဆိုးက ဘာလို့ ကျင်းစစ်ကို ထိခွင့် မပေးတာလဲ မသိပေမဲ့ ကံကောင်းစေတဲ့နမိတ်ကို မတောင်းဆိုရရင်တောင် ကိစ္စ မရှိဘူး...အနည်းဆုံး ဆိုးတဲ့ နမိတ်ကိုတော့ ရအောင်ရှောင်ရမယ် !


အလျင်အမြန် ထွက်ပြေးသွားကြသော ဝူဝေ့ချန်းနှင့် အခြားလူများ၏ ကျောပြင်များကို ကြည့်ရင်း ယင်းကျောင်း အံကြိတ်လိုက်လေသည် " သူတို့ အကျင့်ပါသွားလိမ့်မယ်"


သူပင် ကျင်းစစ်ကို မထိတွေ့နိုင်ချိန်တွင် ထိုလူများကိုလည်း ခွင့်ပြုမပေးနိုင်ချေ။


ကျင်းစစ်၏ မျက်နှာသည် ပူနွေးနေပြီး ယင်းကျောင်းကို အသံခပ်တိုးတိုးဖြင့် ရှင်းပြလိုက်လေသည် " သူတို့က တခြားအဓိပ္ပါယ်နဲ့ မဟုတ်ပါဘူး"


" အဲ့လိုဆိုရင်လည်း မရဘူး" ယင်းကျောင်းနှာမှုတ်ကာ ငုံ့ကြည့်လိုက်လေသည် 


" မင်းသူတို့ကို စာရေးကိရိယာဖြစ်ဖြစ် ပေးလိုက်လို့ရတယ် ကိုယ်ဝယ်ရတာ ကိစ္စမရှိဘူး ဒါပေမဲ့ မင်းရဲ့ လက်ကိုတော့ ထိခွင့်မရှိဘူး ကိုယ်ပြောတာကြားလား..."


ကျင်းစစ်သည် ယင်းကျောင်းကို ကိုင်တွယ်ခွင့် ပေးထားလိုက်ပြီး နာခံမှုရှိစွာ ခေါင်းငြိမ့်လိုက်လေသည် 


" အိုကေ"


ယင်းကျောင်း၏ ခြိမ်းခြောက်မှုသည် အလွန်အသုံးဝင်၏။ ထိုကတည်းက ကျင်းစစ်ဆီသို့ မည်သူမျှ မလာတော့ပေ။ သူ့ထိုင်ခုံဖော်၏ အတွင်းရေးကို သိသော လီကျိုးသည် ကျင်းစစ်နှင့် ယင်းကျောင်းတို့ကြားမှ စစ်အေးတိုက်ပွဲ၏ အဆုံးသတ်ကို မြင်တွေ့ခဲ့ရလေသည်။


အချိန်သည် လျှင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တခတ် အကြာတွင် လပတ်စာမေးပွဲ ရောက်ရှိလာလေသည်။


ပထမစာမေးပွဲခန်းထဲတွင် ကျိုးချောင်သည် ကျင်းစစ်ကို ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်လိုက်လေသည်


 " အစ်ကိုကျောင်း... အစ်ကိုက တက္ကသိုလ် ဝင်ခွင့် ရသွားပြီလေ ဘာလို့ စာမေးပွဲ ဖြေနေဦးမှာလဲ..."


ကျင်းစစ် လွယ်အိတ်ထဲမှ ဘော့ပင်အိတ်ကို ထုတ်လိုက်ပြီး ခုံပေါ်တွင် စနစ်တကျတင်လိုက်ကာ ပြောလိုက်လေသည်


" ငါနေ့တိုင်း အတန်းတက်တယ်လေ အဲ့တော့ စာမေးပွဲ ဖြေရမှာပေါ့..."


"အစ်ကို..." ကျိုးချောင် သက်ပြင်းချလိုက်လေသည်


 " အစ်ကိုနဲ့ ယှဥ်လိုက်ရင် ကျွန်တော်က ဆန်ကုန်မြေလေးပဲ"


သူသည် ရုတ်တရက် စားပွဲခုံကို ပုတ်လိုက်ပြီး မတ်တတ်ရပ်ကာ ကျင်းစစ်ကို ပေါက်ထွက်တော့မတတ် စိုက်ကြည့်နေလိုက်သည် " အစ်ကိုစစ် ကျွန်တော့်မှာ ဆုတောင်း တစ်ခု ရှိတယ် အတည်ပြောတာ"


ကျိုးချောင် မေးလိုက်လေသည် " ဘာလဲ?"


ကျိုးချောင် : " ကျွန်တော် စာမေးပွဲမှာ ပထမရချင်တယ် အဲ့တော့ အစ်ကို ကျွန်တော့် ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား..."


ကျင်းစစ် ပြုံးပြလိုက်ကာ ဘာမျှပြန်မပြောပေ။ 


သာမန်စာမေးပွဲများသည် အသုံးဝင်မဝင်ကို မသိသော်လည်း သူသည် အသေးငယ်ဆုံးသော အခွင့်အရေးကိုပင် လက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပေ။စကောလာရှစ် ရပြီး စာမေးပွဲကို အောင်နိုင်မည့် ကိစ္စကိုဆိုလျှင် မပြောလေနှင့်။  


ကျိုးချောင် နားလည်သွား၏။ သူသည် ထုံထိုင်းစွာ ထိုင်လိုက်ပြီး သူ၏ မျက်စိရှေ့တွင် စာရွက်လိပ်ကို တင်ပေးလိုက်ပြီး စကားတစ်ခွန်း ပြောလိုက်လေသည် 


" စာမေးပွဲရူး"


 သူ ကျင်းစစ်အား ဘယ်တော့မှ စကားမပြောချင်တော့ပေ။


ယခုအကြိမ်စာမေးပွဲသည် တုန်းဟိုင်စီရင်စုမှ ဖြစ်ပြီး ပုံမှန်ထက် ပို၍ ခက်ခဲလေသည်။ သို့သော် ကျင်းစစ်အတွက်မူ မခက်ခဲပေ။ သူတွင် အခြေခံရှိပြီး အထက်တန်းကျောင်းကို နှစ်ခါတက်ခဲ့ရလေသည်။ ဗဟုသုတများသည် သူ၏ ဦးနှောက်ထဲတွင် စွဲမြဲနေဟန်။ လပေါင်းများစွာ ကြာအောင် စနစ်တကျ မသင်ခဲ့ရသော်လည်း သူသည် ယခင်ကဲ့သို့ပင် အေးဆေးတည်ငြိမ်စွာဖြင့် ချောချောမွေ့မွေ့​ ဖြေနိုင်လေသည်။


နောက်ဆုံး အင်္ဂလိပ်မေးခွန်းများကို စစ်ဆေးပြီးသောအခါ ကျင်းစစ် ထိုင်စောင့်မနေဘဲ ကန်တင်းသို့ သွားလိုက်သည်။


သူစားပြီးသောအခါ စာမေးပွဲပြီးဆုံးသည့် ခေါင်းလောင်းထိုးလေသည်။


ကန်တင်းသည် ရုတ်တရက် အသက်ဝင်လာပြီး ဆန့်ကျင်ဘက်အနေဖြင့် စာသင်ဆောင်၏ ကော်ရစ်ဒါသည် ရှင်းလင်းနေကာ လူတစ်ယောက်ပင် မရှိပေ။


ကျင်းစစ် တန်းခွဲ 7 သို့ ပြန်သွားလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်ရန် လက်ဆန့်ထုတ်ချိန် မော့ကြည့်လိုက်မိပြီး အထဲတွင် ယင်းကျောင်း မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။


သူစားပြီးသွားတာလား လုံးဝ မစားရသေးတာလား...


ကျင်းစစ် လက်ကို အားထည့်ပြီး တွန်းကာ အထဲဝင်ပြီး သူ့ကို မေးလိုက်ချင်သော်လည်း တံခါးက မပွင့်ပေ။


ကျင်းစစ် အံ့အားသင့်သွားပြီး အားကို ပိုထည့်သော်လည်း တွန်းမဖွင့်နိုင်တုန်းပင်။


သူမော့ကြည့်လိုက်ချိန်တွင် ယင်းကျောင်း၏ အပြုံးမျက်လုံးများကို တွေ့လိုက်သောအခါ ယင်းကျောင်း တမင်သက်သက် လုပ်နေမှန်း သိလိုက်ရလေသည်။


ကျင်းစစ် သူ့ကို သံသယရှိစွာ ခေါ်လိုက်လေသည် "ကော..."


ယင်းကျောင်း၏ နှုတ်ခမ်းများသည် မြင့်တက်သွားသော်လည်း စကားမပြောပေ။ သူ ကျင်းစစ်ကို ကြည့်လိုက်ပြီး တံခါး၏ ပြတင်းမှန်နေရာလေးကို တောက်လိုက်ပြီး ပြောလိုက်လေသည် " မင်း ကိုယ်စိတ်ကျေနပ်စေမယ့် စကား ပြောရင် တံခါးဖွင့်ပေးမယ်"


အရင်ရက်များတွင် သူတို့ကြားက ထိတွေ့မှုများသည် နာကျင်မှု သိပ်မရှိတော့သော်လည်း ယင်းကျောင်းသည် သူ့အား ယခင်ကလိုပင် ရှောင်နေသေး၏။ သူဘာပြောပြော ထိခွင့်မပေးချေ။


ကျင်းစစ်က သူ့ကဲ့သို့ မတွေးခဲ့ပေ။ သူ၏ ပင်ကိုစရိုက်ကြောင့်သာ မဟုတ်ပါက သူ ပြေးသွားပြီး ယင်းကျောင်းကို ကန်လိုက်မည်ပင်။


ယင်းကျောင်းသည် ကျင်းစစ် မတုံ့ပြန်သည်ကို တွေ့လိုက်ရပြီးနောက် ကျင်းစစ်သည် အတန်းထဲတွင် တစ်စုံတစ်ယောက် ရှိမည်ကို စိုးရိမ်နေသည်ဟု ထင်သောကြောင့် သူတစ်ယောက်တည်းသူရှိပြီး မည်သူမျှ မရှိကြောင်း ပြောတော့မည့်အချိန်တွင် ကျင်းစစ်သည် လက်ဆန့်လိုက်ပြီး တံခါးမှန်ပေါ်သို့ လက်ချောင်းထိပ်လေးများဖြင့် ညှင်သာစွာ ထိလိုက်သည်ကို တွေ့လိုက်ရလေသည်။


ထို့နောက်တွင် သူ့ကို အခွင့်အရေးယူနေသကဲ့သို့ သူ၏ မျက်လုံးများသည် ကွေးညွှတ်သွားပြီး ကျေကျေနပ်နပ် ပြုံးလိုက်လေသည်။


.......


စာရေးသူမှာ ပြောစရာ ရှိပါတယ် :


ပြဇာတ်ရုံငယ်ထဲတွင် ~


ဆရာလျှို : ချီးစကားတွေ ငါ့ကျောင်းသားနှစ်ယောက်ကြားမှာ ဘာမှ မရှိဘူး


ယင်းကျောင်း : ဟုတ်ကဲ့ တန်တန်ကြက်ဥပါ


(tǎn tǎn dàn dàn)


(Eng T/n : ဘာကိုဆိုလိုတာလဲ မသိဘူး)