Chapter 112
ပါးလွှာသော သစ်သားတံခါးသည် အထဲမှ ဆွဲဖွင့်ခံလိုက်ရလေသည်။ ကျင်းစစ် မတုံ့ပြန်နိုင်သေးခင် နောက်တစ်စက္ကန့်တွင် ရုတ်တရက် လူတစ်ကိုယ်လုံး အတန်းထဲသို့ အဆွဲခံလိုက်ရလေသည်။
"ကိုယ့်ကို တမင်တကာ စတယ်ပေါ့လေ..."
သူသည် နံရံကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီး ကျင်းစစ်ကို တံခါးပေါ်တွင် ဖိထားကာ ပူပြင်းတောက်လောင်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည်။
ကျင်းစစ်က သူ၏ ခံစားချက်များကို ထိုကဲ့သော ဆွဲဆောင်ဖျားယောင်းသော နည်းလမ်းဖြင့် ဖော်ပြခဲ့သည်။
ယင်းကျောင်း မတတ်နိုင်ဘဲ စိတ်ထဲတွင် ဆဲရေးလိုက်လေသည်။ ဘယ်သူက တောင့်ခံနိုင်ပါ့မလဲ...
"မဟုတ်ပါဘူး" သူ၏ မီးတောက်နေသော အကြည့်များကို တွေ့သောအခါ ကျင်းစစ် အခွံခွာခံနေရသော အသီးလိုမျိုး ဖြစ်ကာ အကြည့်လွှဲလိုက်လေသည်။ သူ၏ ပါးပြင်များသည် နီရဲနေပြီး တိုးတိုးလေး ပြောလိုက်လေသည် " ငါက... မင်းကို လွမ်းလို့ပါ"
သူတို့နှစ်ယောက် အရင်က အတူရှိနေခဲ့စဥ်တွင် သူတို့သည် ဖက်၍တစ်ဖုံ နမ်း၍ တစ်ဖုံ ပြုလုပ်ခဲ့ကြလေသည်။ ကျင်းစစ်သည် ၎င်းကို ကြိုက်နှစ်သက်သော်လည်း သူသည် ၎င်းတို့မရှိဘဲ မဖြစ်နိုင်ဟု မတွေးခဲ့ပေ။ သို့သော် ယင်းကျောင်းကို ထိတွေ့၍ မရချိန်တွင် သူ ယင်းကျောင်းထံမှ အထိအတွေ့ကို မည်မျှ မျှော်လင့်နေကြောင်း နားလည်သွားလေသည်။
သူ့တွင် တခြားအတွေးမရှိပေ။ သူ ယင်းကျောင်းနှင့် ပို၍ နီးနီးကပ်ကပ် နေချင်သည်။ မှန်ခြားနေသည်ဆိုလျှင်တောင်မရပေ။
ကျင်းစစ်၏ အကျင့်စရိုက်ကို နားလည်နေသောအခါ ယင်းကျောင်း၏ နှလုံးသားလေး နာကျင်သွားလေသည်။ ကျင်းစစ် လက်ဦးမှုယူကာ ထိုသို့ပြုလုပ်ရန်အတွက် တော်တော်လေး ကြိုးစားခဲ့ရပေမည်။
သူ ငါ့ကို အရမ်းလွမ်းနေမှာကို စိုးရိမ်မိတယ်
သူ သက်ပြင်းရှိုက်လိုက်ပြီး ကျင်းစစ်အား လက်မောင်းထဲတွင် ပွေ့ဖက်ကာ ကျီစယ်ကာပွတ်သပ်ရင်း နမ်းချင်စိတ်ကို ထိန်းလိုက်ပြီး ပြောလိုက်လေသည်
" မင်းကို ထိစေချင်တာလား.."
ကျင်းစစ် သူ့ကို 'အင်း' ဟု တိုးတိုးလေး ပြောလိုက်လေသည်။
ယင်းကျောင်းင သူသက်တောင့်သက်သာ မရှိမည်ကို စိုးရိမ်သောကြောင့် သူ၏ အာရုံကို တမင်သက်သက်လွှဲလိုက်လေသည်။
သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းလိုက်ပြီး လုံးဝမထိစေရန် သတိထားရင်း ကျင်းစစ်နားသို့ တိုးလိုက်ပြီး မသဲမကွဲ အဓိပ္ပါယ်ဖြင့် ပြောလိုက်လေသည်
" မင်းရဲ့ ဘယ်အပိုင်းကို ထိစေချင်တာလဲ... နားလား ရင်ဘတ်လား ခြေထောက်လား ဒါမှမဟုတ် ..."
"ကော... " ကျင်းစစ်သည် နီရဲကာ လောင်ကျွမ်းတော့မတတ် ဖြစ်နေသော မျက်နှာလေးဖြင့် နှောက်ယှက်လိုက်လေသည် "ငါတို့က အတန်းထဲမှာ"
" အင်း ကိုယ်သိတယ်လေ" ယင်းကျောင်းသည် သူ၏ ရှက်ရွံ့နေသော ပုံစံလေးကို ကြည့်ကာ ပြုံးလိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်လေသည်
" ဘယ်သူမှ မရှိဘူးလေ"
"အဲ့လိုဆိုရင်တောင် မဖြစ်ဘူးလေ" ကျင်းစစ် နားလည်ရခက်စွာ ပြောလိုက်လေသည်
" အတန်းထဲမှာတော့ မဖြစ်ဘူးလေ"
သူ၏ အချစ်ကို ပြသသည့် နည်းလမ်းသည် အနည်းငယ် ရှေးကျ၏။
ယင်းကျောင်း ရယ်လိုက်ကာ သူပြောသည့် အဓိပ္ပါယ်ကို တမင်တကာ အဓိပ္ပါယ်ကောက် လွဲသလို လုပ်လိုက်လေသည် " အတန်းထဲ မဟုတ်ဘဲ တခြားနေရာဆိုရင်တော့ အဆင်ပြေတယ်ပေါ့"
ကျင်းစစ်သည် သူ၏ ခေါင်းကို ရှက်ရွံ့စွာ စောင်းလိုက်ပြီး အတော်ကြာမှ ခေါင်းငြိမ့်ပြလိုက်လေသည်။
သူတို့နှစ်ယောက် ခွဲနေချိန်တွင် ယင်းကျောင်းသည် ကျင်းစစ်အား စကားပြောခဲ၏။ သူ့ကိုယ်သူ မထိန်းနိုင်မည်မှာ တစ်ကြောင်း ကျင်းစစ်ကို အပြစ်ရှိစိတ်နှင့် နောင်တရစိတ်တို့ဖြင့် စိတ်ဖိစီးမည် စိုးသည်က တစ်ကြောင်း။
သို့သော် ယနေ့တွင်တော့ သူကိုယ်တိုင် စလုပ်ကတည်းက ...
ယင်းကျောင်း သူ၏ အောက်နှုတ်ခမ်းကို သပ်လိုက်လေသည်။ ဒါဆို သူ့ကို ရိုင်းတယ်ဆိုပြီး အပြစ်တင်လို့ မရတော့ဘူး
"ကိုယ် ဘာတွေလုပ်နိုင်လဲ..."
ယင်းကျောင်းသည် နံရံကို ပျင်းရိစွာ ထောက်ထားရင်း ရှက်ရွံ့စွာ ပြုံးလိုက်လေသည် " မင်း တစ်ခုချင်းစီ စာရင်းလုပ်မထားရင် ကိုယ် မင်းရဲ့ စည်းကိုကျော်မိရင် ဘယ်လိုလုပ်ပါ့မလဲ..."
"ငါ့...ငါ့မှာ စည်းတွေ ထားမထားဘူး"
"ဘာလို့မထားတာလဲ..." ယင်းကျောင်း မျက်ခုံးပင့်လိုက်ပြီး သူ၏ ကျောပိုးအိတ်ကြိုးကို ဆွဲလိုက်လေသည်
" အခုလေးတင် မင်းကိုယ့်ကို စကားတစ်ခွန်းတောင် ပြောခွင့်မပေးဘူးလေ"
ကျင်းစစ်၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ ချော့လိုက်လေသည် " စကားနားထောင်ပါကွာ ကိုယ့်ကို တိုးတိုးလေးပြော ကိုယ်ဘာလုပ်လို့ ရနိုင်မလဲ..."
ကျင်းစစ်၏ နားများ နီရဲသွားပြီး သူ၏ လည်စေ့သည် လှုပ်ရှားသွားကာ အတော်ကြာမှ အံကြိတ်ကာ ပြောလိုက်လေသည်
"ဘာဖြစ်ဖြစ် ... မင်းလုပ်ချင်တာ ဘာမဆို လုပ်လို့ရတယ်"
ယင်းကျောင်း၏ အသက်ရှူသံများ ပို၍ ပြင်းထန်လာလေသည်။ ကျင်းစစ်၏ စကားများသည် သူ့အားဖိတ်ခေါ်နေသည်နှင့် မခြားပေ။ သူ အဆွခံလိုက်ရသောအခါ ပေါက်ကွဲတော့မတတ်ပင်။ လက်သီးများကို တင်းတင်း ဆုတ်ထားလိုက်လေသည်
" ကိုယ့်ကို စောင့်နေ ! နောက်ကျရင်... "
ကျင်းစစ် မျက်လုံးများကို ပင့်ကြည့်လိုက်သည်။
ယင်းကျောင်း ခပ်တိုးတိုး ရယ်လိုက်ပြီး အနည်းငယ် တိုးကပ်လိုက်ကာ ပင့်သက်ရှိုက်ရင်း သူ့နားနားသို့ကပ် ပြောလိုက်လေသည်
"လောင်ဇီက မင်းကို အသေလုပ်မှာ"
အပြင်ထွက်စားကြသောကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြလေသည်။ ဟယ်ကျိုးနှင့် အခြားသူများက ပထမဆုံးပြန်လာသော အုပ်စုဖြစ်လေသည်။
သူတို့က ဖြေလွှာများကို စော၍ အပ်ခဲ့သော ကျောင်းသားများလည်း ဖြစ်ခဲ့သည် သူတို့၏ အဖြေလွှာများကို အပြီးမသတ်သေးသော်လည်း ကန်တင်းတွင် တန်းစီရမည် စိုးသောကြောင့် ကန်တင်းသို့သာ သွားကြလေသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့မည်မျှပင် ရေးနေသော်လည်း အနည်းငယ်သာ မှန်သည့်အတွက် ဖြေလွှာကို စောစောအပ်ခဲ့ပြီး နေ့လည်စာ သွားစားလိုက်ခြင်းပင်။
"ဖာခ့် ပိုပြီး တိတိကျကျပြောရမယ်ဆိုရင် ငါက..." ကျန့်ချွယ်သည် လျှောက်လာပြီး တစ်ခုခု ပြောတော့မည့်အချိန်တွင် သူ၏ အကြည့်များသည် စားပွဲပေါ်တွင် မှောက်အိပ်နေသော ကျင်းစစ် အပေါ်သို့ ရောက်သွားချိန်တွင် တိတ်ဆိတ်သွားလေသည်။
သူ၏ ထိုင်ခုံသို့ လျှောက်သွားလိုက်ကာ ထိုင်လိုက်ပြီး ဘေးသို့လှည်ကာ ယင်းကျောင်းကို မေးလိုက်လေသည် " အစ်ကိုစစ် ဘာဖြစ်လို့လဲ..."
ယင်းကျောင်းသည် မေးခွန်းစာများကို ဖြေနေသည့်အတွက် ထိုစကားများကို ကြားလိုက်ချိန်တွင် သူ၏ လက်သည် ဆက်၍ စာရေးနေသော်လည်း သူ၏ နှုတ်ခမ်းများသည် ကွေးသွားကာ ပြောလိုက်လေသည် "ပင်ပန်းနေလို့ပါ"
"ထူးဆန်းတယ်" ကျန့်ချွယ် သက်ပြင်းချလိုက်လေသည် " အစ်ကိုစစ် စာမေးပွဲဖြေရလို့ ပင်ပန်းတာကို ပထမဆုံး မြင်ဖူးတာပဲ"
အရှေ့ခုံတွင် ကျင်းစစ်သည် ခေါင်းကို စောင်းထားပြီး သူ၏ နီရဲနေသော နားရွက်များကို လက်မောင်းထဲတွင် ခပ်တင်းတင်း ဖွက်ထားလေသည်။
ကျန့်ချွယ်သည် သာမန်သာမေးလိုက်ခြင်းဖြစ်ပြီး သူသည် အဖြေကို ကြားလိုက်ရသောအခါ ဆက်ပြီး မနှောက်ယှက်တော့ပေ။ ထိုအစား သူသည် ဟယ်ကျိုးကို ပုတ်လိုက်လေသည် " လူအိုကြီးဟယ် ခုနက ကျွန်တော့်ကို ပြောနေတာ ဆက်ပြောဦး ငါ စိတ်ဝင်စားတယ်"
"တန်းခွဲ 11 က ချောင်းအန်ယန်းလေ " ဟယ်ကျိုးသည် လှည့်လိုက်ကာ ကိုလာ ဘူးအဖုံးကိုဖွင့်ရင်း သောက်ကာ ပြောလိုက်လေသည် " သူ အွန်လိုင်း ထီကနေ ယွမ်သောင်းချီရသွားတယ်တဲ့"
" အရင်တုန်းက အစ်ကိုကျောင်း သူ့အကြောင်း စုံစမ်းခိုင်းသေးတယ် မလား... လူအိုကြီးဖမ်ပြောတာတော့ သူက တစ်ခါတစ်ရံ အရမ်းကံကောင်းတယ်တဲ့ ငါမယုံခဲ့ဘူး ထူးဆန်းတယ်ပဲ ထင်ခဲ့တာ" ဟယ်ကျိုး အားကျစွာ ပြောလိုက်လေသည်
" ကြည့်ရတာ အဲ့တာတွေက အဓိပ္ပာယ် မရှိတာတွေတော့ မဟုတ်လောက်ဘူး"
၎င်းကိုကြားသောအခါ ကျန့်ချွယ် သွေးဆူသွားပြီး သူသည်လည်း ထိုကဲ့သို့ လုပ်ချင်စိတ် ပြင်းပြနေလေသည် " ဘယ်လို ဆုလဒ်မဲမျိုးကို သူပေါက်တာလဲ...ကျွန်တော်လည်း လုပ်ကြည့်ချင်တယ်"
"ငါလည်း မသိဘူးလေ" ဟယ်ကျိုးက အောက်နှုတ်ခမ်းကို လက်ဖြင့် ပွတ်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်လေသည် "သူပြောပြမှာ မဟုတ်ဘူး"
ကျန့်ချွယ် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်လေသည် "လူတိုင်း အဲ့ဆုလဒ်မဲကို သွားနှိုက်မှာ စိုးလို့ အဲ့လိုဆို နိုင်နိုင်ချေ နည်းသွားမှာ မလား...ဘုရားရေ မျှဝေရတာ ကောင်းချီးတစ်ခုပါပဲ"
ဖမ်ချန်းချန်း ရုတ်တရက် သရော်လိုက်လေသည်
ထီအပြင် ဘယ်လိုဆုမဲမျိုးက တစ်ကြိမ်တည်းနဲ့ ယွမ်သောင်းချီပေါက်မှာလဲ...နောက်ပြီး ဖုံးကွယ်ထားပြီး ပြောပြဖို့တောင် ငြင်းဆန်နေသေးတယ် လောင်းကစားနဲ့ တူတူပဲ
" လူအိုကြီးဖမ် မင်းက ဘာလို့ အရမ်း ဆန့်ကျင်နေရတာလဲ..."
ကျန့်ချွယ်သည် ဖမ်ချန်းခန်း ပခုံးပေါ်သို့ လက်တင်ကာ နှလုံးသားမဲ့စွာ ပြောလိုက်လေသည် " မင်းက အားကျပြီး မနာလို ဝန်တိုနေတာမလား.."
ဖမ်ချန်းချန်းက ကျန့်ချွယ်အား ဥာဏ်မမှီသည့်လူကို ကြည့်သည့်အကြည့်ဖြင့် ကြည့်ကာ စကားနှစ်လုံးကို အေးအေးဆေးဆေး ထုတ်ပြောလိုက်လေသည် " အင်တာနက်ပေါ်က လောင်းကစားတွေ"
"ဖာခ့် ! " ဟယ်ကျိုးသည် အလွန်အံ့အားသင့်သွားသောကြောင့် လက်ထဲမှ ကိုလာဘူးကို လွှင့်ပစ်မိတော့ မတတ်ပင် " တကယ်ကြီးလား... သူ အဲ့လိုအလုပ်မျိုး လုပ်ရဲတယ်ပေါ့"
ဟယ်ကျိုးနှင့် တခြားသူများသည် စာလုပ်ရသည်ကို မကြိုက်ဘဲ တစ်ခါတစ်ရံ အတန်းလစ်ကာ ဂိမ်းထွက်ဆော့တတ်သော်လည်း သူတို့သည် မထိသင့်သော အရာများကို မထိဘဲ သူတို့၏ စိတ်ထဲတွင် စည်းမျဥ်းသတ်မှတ်ထားလေသည်။
ကျန့်ချွယ်သည်လည်း မယုံနိုင်ပေ " လောင်းကစားက အရှုံးပဲ ရှိမှာလေ အဲ့လောက်ထိ ငွေတွေ ရပါ့မလား... နောက်ပြီး ငါတို့က ကျောင်းသားတွေပဲ ရှိသေးတာကို အဲ့လိုအလုပ်မျိုးကို ဘယ်လိုလုပ် စွဲနေပါ့မလဲ..."
သူ့လက်ကို ခါယမ်းလိုက်၏ " လူအိုကြီးဖမ် အပျော်တွေကို မဖျက်စမ်းပါနဲ့"
ဖမ်ချန်းချန်းသည် သူနှင့် ပြိုင်ငြင်းကာ အချိန်ဖြုန်းရမည်ကို ပျင်းလွန်းသောကြောင့် ဗလာဖြစ်စွာ ခေါင်းကို လှည့်လိုက်ပြီး အိပ်ရန်ပြင်လေသည်။
ယင်းကျောင်း လက်ထဲမှ လေ့ကျင့်ခန်းစာအုပ်ကို ဖွင့်လိုက်ပြီး ခေါင်းငုံ့ကာ သူ့မျက်နှာပေါ်မှ အေးစက်မှုများကို ဖုံးကွယ်လိုက်လေသည်။
ထိုရက်များတွင် သူအတွေးများနေ၏။
ချောင်းအန်ယန်းအား အမိုးထပ်တွင် မေးပြီးနောက် အတိတ်ဘဝတွင် သူသည် ကျင်းစစ်နှင့် အတူရှိနေခဲ့သည်မှာ သေချာပြီး ချောင်းအန်ယန်းတွေ့ခဲ့သော သူနှင့်အတူ လျှောက်သွားသောသူမှာလည်း ကျင်းစစ်ဖြစ်လောက်မည်ပင်။
ချောင်းအန်ယန်း ပြောခဲ့သလိုပင် သူသည် ထိုနေ့တွင် သေခဲ့ပြီး ပြန်လည်မွေးဖွားလာခဲ့သည် ဆိုပါက သူ့တွင် ကျင်းစစ်အား လွှမ်းမိုးသက်ရောက်နိုင်စွမ်း မရှိသင့်ပေ။
ထို့အပြင် ယင်းကျောင်းသည် ချောင်းအန်ယန်း ကျင်းစစ်ကို တစ်ခုခု လုပ်ခဲ့ပြီး ထိုအရာအားလုံးကို ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်ကြောင်းကို ပိုမို ယုံကြည်ချင်လေသည်။
အဲ့ဒါက ဘာလဲဆိုတာ အတိအကျ မသိပေမဲ့ ...
ယင်းကျောင်း ဘော့ပင်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး သူ၏ မျက်လုံးထောင့်စွန်းများနှင့် မျက်ခုံးများသည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေ၏။
ကျင်းစစ်ကို အန္တရာယ်ပေးသူသည် အကြိမ်ရေ တစ်ရာမက မည်မျှပင် ပြန်လည်မွေးဖွားလာပါစေ သူသည် ထိုအညှိုးအတေးကို မှတ်မိနေဦးမည်ပင်။
ချောင်းအန်ယန်း အကြောက်ဆုံးက ဘာလဲ...
အလွန်ချို့တဲ့ ညံ့ဖျင်းသော အတိတ်ဘဝကို ဖြတ်သန်းခဲ့ရပြီးနောက် ထိုကဲ့သို့ အခြေအနေအား ပြန်လည် ကျရောက်သွားမည်ကို ကြောက်ရွံ့လေသည်။
ထိုသို့ဆိုလျှင် သူသည် ချောင်းအန်ယန်း ထိုကဲ့သို့ အမှားမျိုးကို ထပ်ကာထပ်ကာ လုပ်မိသည်အား တွေ့စေချင်သည်။ ချောင်းအန်ယန်းသည် သူ၏ဘဝကို ပြောင်းလဲချင်သော်လည်း မကြိုးစားဘဲ အခြားသူများ၏ အရာများကို ကလိမ်ကကျစ် နည်းလမ်းများဖြင့် ယူပြီး သူ့အတွက်သာ သိမ်းဆည်းထားရန် တွေးတောကြံဆလေသည်။ ဘယ်လိုတောင် အောင်တန်းကျတဲ့ နည်းလမ်းတွေ သုံးနိုင်ရတာလဲ...
ယင်းကျောင်း သူ၏ လက်ထဲမှ ဘောပင်ကို လှည့်ကစားနေ၏။ လောင်းကစားဆိုသည်မှာ အစပိုင်းတွင်တော့ ချိုမြိန်မှု တချို့ကို ပေးမည်ပင် သို့သော် နောက်ပိုင်းတွင်__
သူက အဲ့တာကို ဘယ်လိုတောင် ဆက်ပြီး စွဲလမ်းနေတာလဲ...
......
တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းမှ ဆရာများသည် အလွန်ကြိုးစားကြ၏။ လစဥ်စာမေးပွဲ ရလဒ်ထွက်ရန် နှစ်ရက်သာ အချိန်ယူလိုက်ရ၏။
ကျင်းစစ်က ပထမ စွမ်းဆောင်နိုင်သူ ဖြစ်နေတုန်းပင်။ စာရင်းထဲတွင် ထိပ်ဆုံး ဖြစ်နေသောကြောင့် ဒုတိယဖြစ်နေသော သူတွင် ရနိုင်မည့် မျှော်လင့်ချက် လုံးဝမရှိတော့ပေ ။ ထိုရလဒ်ထွက်လာပြီးနောက်တွင် ဒုတိယနှစ် တစ်ခုလုံးသည် လုံးဝကြောင်အ ကုန်၏။
သူ၏ နာမည်နှင့် ရမှတ်များကို ထပ်တွေ့ရချိန်တွင် သူ၏ နှလုံးသားထဲတွင် ထိုမျှလောက် ခံစားပျော်ရွှင်မနေပေ။
အဲ့ဒါက သာမန်ပဲမလား... ကျင်းစစ် ပထမ မရတော့မှပဲ သာမန် ကိစ္စ မဟုတ်တော့မှာလေ ဟုတ်တယ်မလား?
ဘယ်လို... သူက ပြိုင်ပွဲအတွက် လပေါင်းများစွာ ပြင်ဆင်နေရတာမလား...ကျောင်းစာပိုင်းမှာတော့ အားနည်းသင့်နေပြီမလား...
သာမန်လူတွေဆိုရင်တော့ အဲ့လိုပဲ ဖြစ်မှာပေါ့ ဒါပေမဲ့ ဘောစ့်ကတော့ တူပါ့မလား... ရှားရှားပါးပါးပဲလေ
သို့သော် သူတို့၏ တည်ငြိမ်မှုများဖြင့် ယှဥ်လျှင် ထိုအချိန်တွင် တန်းခွဲ 7 တွင် အံ့အားသင့်စရာ အရာ တစ်ခု ဖြစ်ပေါ်နေလေသည်။
ယခုတစ်ကြိမ်တွင်တော့ ကျင်းစစ်ကြောင့် မဟုတ်ဘဲ ယင်းကျောင်းကြောင့် ဖြစ်နေခြင်းပင်။
"အစ်ကိုကျောင်း" အတန်းထဲတွင် ရလဒ်စာရင်းနီအား ကြည့်ကာ ပြန်လာခဲ့သော ဟယ်ကျိုးသည် ယင်းကျောင်းထံသို့ ရှုပ်ထွေးသော အမူအရာဖြင့် လျောက်လာလေသည် " ဒီတစ်ခေါက် အစ်ကို အမှတ်ဘယ်လောက်ရလဲ သိလား..."
သူ၏ ဆောင်းရာသီ အားလပ်ရက်အတောအတွင် ပင်ပင်ပန်းပန်းကြိုးစားအားထုတ်ခဲ့ရခြင်းသည် အချည်းနှီး မဖြစ်ပေ။ စာမေးပွဲခန်းတွင် မေးခွန်းစာရွက်အား တွေ့သော အခိုက်အတန့်တွင် ယခုတစ်ကြိမ်တွင် အရမ်းမဆိုးတော့မည် ဖြစ်ကြောင်းကို ယင်းကျောင်း သိခဲ့ရ၏။
အရင်တစ်ခေါက်က ဆရာသည် စာမေးပွဲ ဖြေလွှာများအကြောင်း ပြောချိန်တွင် သူ၏ စိတ်ထဲတွင် ရမှတ်ကို 550 အများဆုံးဟု ခန့်မှန်းခြေ တွက်ထားလေသည်။
သို့သော် သူမမေးရသေးခင်တွင် ဟယ်ကျိုးသည် စိတ်မရှည်တော့ဘဲ ပြောလိုက်လေသည် " 566 မှတ်တောင် ! "
" ဒါက များလွန်းနေပြီလေ " ဟယ်ကျိုးသည် ယင်းကျောင်းအား မယုံကြည်နိုင်သလို ကြည့်လိုက်လေသည် " စာသင်နှစ်ဝက် တစ်ခုတည်းပဲ ရှိသေးတယ် အစ်ကိုက အရမ်း တိုးတက်နေပြီ စာသင်နှစ်ဝက် တစ်ခုတည်းပဲ ရှိသေးတာကို 566 မှတ်တောင် ရတယ် အစ်ကိုက လူမဟုတ်ဘဲ သားရဲကြီးလား..."
အရင်က ကျင်းစစ် အခုကျတော့ ယင်းကျောင်း
ဘာကြောင့်မှန်း မသိပေမဲ့ ဟယ်ကျိုး၏ စိတ်ထဲတွင် စာသင်ယူလေ့လာရခြင်းသည် အလွန်ရိုးရှင်း လွယ်ကူသည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။
ငါလည်း ကြိုးစားရင် စာမေးပွဲမှာ အမှတ် 500 လောက်ရနိုင်မလား?
"ဖာခ့် ! " ကျန့်ချွယ်သည် ရမှတ်များအကြောင်း မသိသေးပေမဲ့ ဟယ်ကျိုး၏ စကားကို ကြားသောအခါ နားလည်လိုက်သည် " အစ်ကိုကျောင်းက အခု အရမ်း အံ့အားသင့်စရာ ကောင်းနေပြီလား..."
သူတို့နှစ်ယောက် အတော်ကြာသည်အထိ မှင်သက်နေသေးသော်လည်း ယင်းကျောင်းက မေးခွန်းစာများကို ဆက်ဖြေနေပြီး တုံ့ပြန်မှုပင်ဘဲ စာမေးပွဲတွင် 566 မှတ် ရသောသူသည် သူမဟုတ်သကဲ့သို့ပင်။
ဟယ်ကျိုး သည်းမခံနိုင်တော့ဘဲ ယင်းကျောင်းအနားသို့ တိုးလိုက်ကာ သူ့လက်ထဲမှ ဘောပင်ကို ဆွဲလုလိုက်လေသည် " မဟုတ်သေးပါဘူး အစ်ကိုကျောင်း အစ်ကိုက ဘာလို့ အရမ်း တည်ငြိမ်နေရတာလဲ..."
"မတည်ငြိမ်စရာ ဘာရှိလို့လဲ.... "
နောက်ဆုံးတော့ ယင်းကျောင်း ခေါင်းမော့လိုက်ကာ သူ့ နှုတ်ခမ်းများကို မရိုးသားစွာ တွန့်ကွေးလိုက်လေသည်
" ငါ ဘယ်လောက်တော်တယ်ဆိုတာ ငါက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ..."
ဟယ်ကျိုး : "..."
ဟယ်ကျိုး သူ့ကို မျက်လုံးသေများဖြင့် စိုက်ကြည့်လိုက်လေသည် " သိက္ခာရော ရှိသေးရဲ့လား... မင်းက ဝတယ်လို့ ပြောနေတဲ့ အချိန်မှာတောင် ရယ်မောနေနိုင်သေးတယ် "
ယင်းကျောင်းက အုန်းသီးချိုချဥ်ကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး အခွံခွာကာ ပါးစပ်ထဲ ထည့်လိုက်လေသည်။ သူ နံရံအား မှီထားကာ သရော်လိုက်လေသည်
" မင်းရဲ့ အသုံးမကျမှုတွေအတွက်နဲ့ တခြားသူတွေကို အပြစ်တင်ချင်နေတာလား...ငါ စာမေးပွဲမှာ အမှတ်ဘယ်လောက် ရလဲ... ကျင်းစစ်ကို ကြည့်ရုံနဲ့ မင်းမသိဘူးလား..."
ဟယ်ကျိုး အတော်ကြာ ကြက်သေသေသွားပြီး ရုတ်တရက် နားလည်လိုက်လေသည် " ဟုတ်သားပဲ မင်းရဲ့ မှတ်စု အကုန်လုံးက အစ်ကိုစစ် ရေးပေးထားတာပဲ"
"မဟုတ်ဘူး" ယင်းကျောင်းသည် ချိုချဥ်ကို လျှာဖျားဖြင့် ပျင်းရိစွာ ဘယ်ညာ ရွေ့လိုက်ပြီး ပြောလိုက်လေသည် " မင်းရဲ့ IQ ကို ပြဖို့ နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ် ငါက ကျင်းစစ်နဲ့ အတူရှိနေတာ ကြာပြီဆိုတော့ သူနဲ့ ပိုတူလာတာလေ အဲ့ဒါကို ဘယ်လိုခေါ်လဲ..
"
ဟယ်ကျိုး မျက်တောင်ခတ်လိုက်ပြီး မသိစိတ်အရ သူ၏ စကားလုံးများကို လိုက်ပြောလေသည် " စာနတ်ဘုရားနားမှာ နေတော့ စာနတ်ဘုရားရဲ့ လွှမ်းမိုးကူးစက်တတ်တာလို့ ခေါ်မလား..."
ယင်းကျောင်းသည် ကျင်းစစ်၏ ခေါင်းနောက်ဘက်လေးကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်လေသည်
" မှားတယ် အဲ့ဒါက ခင်ပွန်းနဲ့ ဇနီးမို့လို့"
ဟယ်ကျိုး : "..."
.......
စာရေးသူမှာ ပြောစရာ ရှိပါတယ် :
ဒီနေ့အစ်ကိုကျောင်းက အရမ်း အံ့အားသင့်ဖို့ကောင်းတယ်....
အစ်ကိုကျောင်းက စာမေးပွဲမှာ 566 မှတ်တောင် ရတယ်ဆိုတော့ ဒီနေ့ပြဇာတ်ငယ်လေးမှာ မပါတော့ဘူး