အပိုင်း၁၁၄
Viewers 12k

Chapter 114

Chapter 114


လေ့ကျင့်ရေးကာလများက ထုံးစံအတိုင်းပျင်းစရာကောင်းလှသည်။ ထို့အပြင် ဒီတစ်ကြိမ်က အရင်အကြိမ်ထက် ပို၍ပင်ခက်ခဲသည်။


နောက်ဆုံးအဆင့်အထိရောက်လာသောအခါ မန်ဘာ၉ယောက်သာကျန်ရှိတော့၏။ မည်သူမှတော့ အပယ်မခံချင်။ ထို့ကြောင့် လူတိုင်းက ရှေ့သို့ဆက်ဖို့ရာ ကြိုးစားနေကြသည်။


ကျင်းစစ်၏အချိန်က မနက်၈နာရီမှ ည၉နာရီအထိ။ နေ့လည်စာ နားချိန်အတွက် အချိန်တစ်နာရီခွဲရသည်။ လက်တွေ့တွင်တော့ မအိပ်ခင်အထိ မည်သူမှ မနားပေ။


ရေချိုးပြီးတာတောင် မလန်းဆန်းပေမယ့် ကျင်းစစ်မှာ စာလုပ်ရန် အလိုအလျောက် စားပွဲခုံပေါ်သို့ရောက်နေတတ်သည်။


ကျင်းစစ် တစ်ရက်ကို ၆နာရီအတွင်းပဲအိပ်သည်။ သူ့စာလုပ်ချိန်က ၁၆နာရီ။ ထိုသို့နှင့် ရက်ပိုင်းအတွင်း သူဝိတ်ကျလာသည်။


သူ့ခန္ဓာက ပင်ပန်းနေပေမယ့် သူ့စိတ်ဝိညာဉ်ကတော့ လန်းဆန်းတက်ကြွနေဆဲ။


အဘယ့်ကြောင့်ဆိုသော် သူဖုန်းခေါ်သည့်အချိန်တိုင်း ဘယ်လောက်နောက်ကျကျ ယင်းကျောင်းက အတူရှိနေပေးသည်။


"ကျင်းစစ်...မင်းအစ်ကိုက မင်းနဲ့အတူနေ့တိုင်း စာလုပ်ပေးနေတာလား..."


နေ့လည်စာစားရင်း ဝမ်ချွန်က တူကိုပါးစပ်ထဲစွတ်ရင်း စပ်စုသည်။


ပထမက ကျင်းစစ်ဆီက စကား၁ခွန်းစ ၂ခွန်းစကြားရတော့ သူစာအရမ်းကျက်ပြီး ကြောင်သွားပြီလို့ ဝမ်ချွန်ကထင်နေတာ။ နောက်မှ သူ့နားကျပ်ကိုမြင်ပြီး သူဖုန်းပြောနေမှန်းသိသည်။


ကျင်းစစ် သီးသွားလေသည်။


"အင်း..."


"ကြည့်ဦး...ဘာတွေစိတ်လှုပ်ရှားနေတာလဲ..."


သူဘာလို့ဒီဖြစ်သွားလဲ ဝမ်ချွန်မသိ။ ဝမ်ချွန်က ဟင်းချိုပန်းကန်ကိုတွန်းပေးရင်း


"မျက်နှာကိုရဲနေတာပဲ...ဟင်းချိုသောက်လိုက်ဦး..."


ကျင်းစစ် သူ့ကိုကျေးဇူးတင်လိုက်ပြီး ဟင်းချိုပန်းကန်ကို တစ်ခါတည်း မ,သောက်ကာ မျက်နှာကိုကွယ်လိုက်သည်။


"သူက မင်းအပေါ်အရမ်းကောင်းတာပဲ..."


ဝမ်ချွန် လက်မလျော့ပဲ ဆက်မေးသည်။


"သူက မင်းရဲ့အစ်ကိုအရင်းလား..."


"မဟုတ်ပါဘူး..."


"ဟေ..."


ဝမ်ချွန် အံ့ဩသွားသည်။


"အသ်ကိုတစ်ယောက်လို ဒီလိုလုပ်ပေးတာက... မဆိုးပါဘူး...ကောင်းလိုက်တာ..."


သူခေါင်းကိုယမ်းလိုက်ပြီး သက်ပြင်းချကာ


"မင်းလိုအစ်ကိုတစ်ယောက် ငါ့မှာဘာလို့မရှိရတာလဲ...မင်းကိုအားကျတယ်..."


ဟုတ်တာပေါ့။ ဒီထက်ကောင်းတာတောင် ‌ဒီလောက်ကောင်းမှာမဟုတ်ဘူး။


ဘောင်းဘီအိတ်ကပ်ထဲကဖုန်းဆီကို ကျင်းစစ်၏လက်ကအလိုအလျောက်ရောက်သွားသည်။ ယင်းကျောင်းကိုတွေးမိရင်း သူ့နှလုံးသားက နွေးထွေးသွားသည်။


ခွဲခဲ့ကြပြီးကတည်းက ယင်းကျောင်းက သူ့ကိုစိတ်ချစေရန် နည်းအမျိုးမျိုးသုံးသည်။ သူတို့ဝေးကွာနေရင်တောင်၊ သူတို့မတွေ့နိုင်ရင်တောင် အချိန်တိုင်းမှာ ယင်းကျောင်းရှိနေသည်ဆိုတာကို သူခံစားရသည်။


ညဖုန်းခေါ်သည်မှအစ စာအုပ်အတွင်း အမှတ်အသားပေးထားတာရော သူဝတ်ပေးခဲ့ကတည်းကမချွတ်တော့တဲ့ လက်ပတ်လေးအဆုံး။


သူတို့RSအတွက် သူတက်နိုင်သလောက် သူအကုန်လုပ်ပေးခဲ့သည်။


ကျင်းစစ် နောက်ဆုံးတစ်လုပ်ကို ပါးစပ်ထဲထည့်လိုက်ပြီး ပန်းကန်များကို ပြန်သုံးမည့်အကန့်ထဲထည့်ပေးလိုက်သည်။ ထို့နောက် သူအတန်းသို့အမြန်သွားတော့သည်။


ဒါကြောင့် ကျန်တာကျွန်တော့်အပိုင်းထားပါ...


နောက်ရက်ပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ကျင်းစစ်ရဲ့စာလေ့ကျင့်မှုကို ဝမ်ချွန်တွေ့လိုက်ရသည်။


အစကတော့ ဘယ်လိုပဲဖြစ်ဖြစ် လေ့ကျင့်ရေးက ရက်အနည်းငယ်ပဲကြာပြီး ခဏလေးစိတ်ဆင်းရဲခံလိုက်ရရင်ပြီးပြီလို့မှန်းထားခဲ့တယ်။ ဒါပေမယ့် လှည့်ကြည့်လိုက်လို့ ကျင်းစစ်ကိုမြင်တိုင်း အဲ့ဒီအတွေးတွေဟာ ချက်ချင်းအငွေ့ပြန်သလိုပျောက်သွားသည်။


ဝမ်ချွန်မှမဟုတ်။ ကျင်းစစ်နှင့်အတန်းဖော်ဖြစ်သူတိုင်း ထိုကဲ့သို့ခံစားရသည်။


အထူးသဖြင့် ဖွင့်ပွဲအမှာစကားပြောရန် ရည်ရွယ်ထားခြင်းခံရသော ပထမအဆင့်အနေနှင့်ဝင်ရောက်ထားသော သီးသန့်အသင်းဝင် ဆန်းဟတောင်မှ ကျင်းစစ်ကြောင့် တစ်ညလုံးမနားနိုင်အောင် စိတ်ဖိစီးမှုများစေသည်။


ထိုသို့နှင့် မထင်မှတ်ထားသော အရာတစ်ခုက အခန်း၂၀၇မှာဖြစ်လာသည်။


ညတိုင်း အဆောင်မှလူ၄ယောက်။ စားပွဲ‌တွင်ထိုင်ကာ ပြင်းထန်စွာစာလေ့ကျင့်နေကြသည်။ ပထမဦးဆုံးထရပ်သည့်သူ အရှုံးဖြစ်မည်။


၉ရက်တာအချိန်က မတိုင်းတာနိုင်အောင် ကြာမြင့်သလိုခံစားရသည်။ နောက်ဆုံးစာမေးပွဲမတိုင်ခင်ထိ တောင့်ခံဖို့ဆိုတာအတော်ခဲယင်းလှ၏။ အကုန်လုံးက ထိုင်ခုံပေါ်မှာ အားအင်ကုန်ခန်းပြီး ပြိုလဲတော့မယ့်ပုံတွေ ပေါက်နေကြပေပြီ။


ဝမ်ချွန်နှင့်ကျင်းစစ်တို့၏ဆက်ဆံရေးက ကောင်းတယ်ဆိုပေမယ့်လည်း သူတို့၂ဦးသည်လည်း ပြိုင်ဖက်များဖြစ်သည်။ လေ့ကျင့်ရေးစခန်းဝင်ခဲ့တုန်းက ပြောဖို့ခက်တဲ့စကားတွေဟာ အခုတော့ပြောလို့အဆင်ပြေပြီ။


ဝမ်ချွန် ကျင်းစစ်အနားတွင်ဝင်ထိုင်ပြီး သက်ပြင်းချကာ


"မင်းဒီတစ်ခါတော်တော်ကြိုးစားနေတာပဲ..."


ကျင်းစစ်က သူ၉ရက်တာစာလေ့လာခဲ့သည့်စာသင်ခန်းကို ဝေ့ကြည့်လိုက်ပြီး ပစ္စည်းများကိုလွယ်အိတ်ထဲကောက်ထည့်လိုက်သည်။


"ဒါဟာနောက်ဆုံးအဆင့်ပဲလေ..."


"ဆန်းဟ မင်းကြောင့်ဘယ်လိုဖြစ်နေလဲ မင်းမသိပါဘူး..."


ဝမ်ချွန်က သူ့ပစ္စည်းတွေကိုယူပြီး ကျင်းစစ်နဲ့အတူထွက်လာရင်း တိုးတိုးကလေးပြောသည်။


"သူကနဂိုပိန်ပြီးသား...အခုသူ့မျက်နှာက ဇီးသီးလောက်ပဲရှိတော့တယ်...ဆောင်းတွင်းမဟုတ်တာကံကောင်းတယ်...ဆောင်းလေနဲ့သာဆို သူပါသွားနိုင်လောက်တယ်..."


ကျင်းစစ် ကြောင်သွားတယ်။


"ငါ့ကြောင့်..."


စာလေ့ကျင့်ဖို့ သူ့အားအင်တွေအကုန်သုံးထားသည်။ တခါတလေဆို ယင်းကျောင်းနဲ့ဖုန်းပြောနေတာကိုတောင်မေ့ပြီး နားကျပ်တပ်လျက်ကြီး အိပ်ပျော်သွားသည်။ နိုးလာရင် ရေမိုးချိုးကာ ထက်ပြီးစာလေ့ကျင့်ဖြစ်နေမြဲ။


"ငါတို့ခံစားချက်ကိုမင်းသိရဲ့လား..."


ဝမ်ချွန်က ရယ်ကျဲကျဲနဲ့ ကျင်းစစ်ပုခုံးကိုသာသာလေးထိုးလိုက်ပြီး


"မင်းအရမ်းစာလုပ်နေတာ...ငါတို့လန့်တောင်လန့်တယ်...ငါတို့အဆောင်မှာ မီးတွေအပိတ်နောက်ကျတာကို မင်းသတိမထားမိဘူးလို့တော့ မပြောနဲ့..."


ကျင်းစစ်က ရယ်မိသည်။


"တကယ်မသိတာ..."


ဝမ်ချွန်က ကျင်းစစ်ကိုကြည့်သည်။ ဘယ် ညာဝေ့ကြည့်ပြန်သည်။ ထို့နောက်လေသံကိုလျော့ကာ


"ဘယ်လိုလဲ...ကိုယ့်ကိုယ်ကိုယုံကြည်လား..."


"မသိပါဘူး..."


ကျင်းစစ်ခေါင်းခါလိုက်ပြီး


"အမှတ်ကိုပဲကြည့်ရမှာလေ..."


သူမဖြေမှန်းသိတဲ့အတွက် ဝမ်ချွန်ထပ်မမေးတော့။


သူတို့အပြင် မိဘ သူငယ်ချင်း ဆရာများနှင့် လေ့ကျင့်ရေးအသင်းသားတွေအကုန်လုံးက အမှတ်များကိုစောင့်နေကြသည်လေ။


ပထမအကြိမ် ရွေးချယ်မှုစာရင်း ထွက်လာသည့်အချိန်အရ အပြင်ကလူများက ယခုတစ်ကြိမ် ပိတ်ပွဲအခမ်းအနားတွင် အောင်စာရင်းများ ထုတ်ပြန်မည်ဟု မှန်းဆနေကြသောကြောင့် ထိုနေ့ကို စောင့်မျှော်နေသူများ များပြားလှသည်။


ဒိုင်များက အလွန်ကျွမ်းကျင်ကြသည်။ နေ့လည်စာအပြီးတွင် စာရင်းထွက်လာသည်။


"IMOတရုတ်နိုင်ငံလုံးဆိုင်ရာအသင်းသားများစာရင်း" ဆိုသည့်ခေါင်းစဉ်အောက်တွင် ပထမဦးဆုံးတစ်ယောက်ကတော့--


တုန်းဟိုင်စီရင်စုမှ ကျင်းစစ်


ကျင်းစစ်က ဆန်းဟကိုကျော်တက်ပြီး ပထမဆုံးနေရာရမယ်လို့ ဘယ်သူမှထင်မှတ်မထားပေ။


"ဖာခ့်!...မိုက်တယ်ကွာ..."


အောင်စာရင်းကိုကြည့်ပြီး ဝမ်ချွန်က ကျင်းစစ်အပေါ်ခုန်တက်ဖက်လိုက်သည်


"ဂုဏ်ယူတယ်ဟေ့...ဒီအောင်မြင်မှုကတော့ ရှယ်မိုက်ပဲ..."


ကျင်းစစ်မှာ ဝမ်ချွန်ထခုန်ဖက်တာကြောင့် အနောက်သို့ယိုင်သွားသည်


"ငါလည်း အဲ့လိုပဲပြောချင်တာပါပဲ..."


နောက်ဆုံးအဆင့်ဖြစ်သွားတာတောင် ဝမ်ချွန်က အသင်းဝင်ဖြစ်သွားသည်။


ဂျူလိုင်လတွင် သူတို့၂ဦး နိုင်ငံခြားသွားပြီး နိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံတကာဆိုင်ရာပြိုင်ပွဲကိုဝင်ရတော့မယ်။


"ငါမှားကြည့်နေပြီလို့တောင် ထင်တော့မလို့ပဲ..."


ဝမ်ချွန် ခေါင်းခါရင်းသက်ပြင်းချကာပြောသည်။


"မင်း ဆန်းဟကို တကယ်ကျော်ခဲ့နိုင်တာပဲ...ကြမ်းတယ်ကွာ...ကြမ်းတယ်..."


ကျင်းစစ်သည်လည်း စိတ်လှုပ်ရှားနေသည်။ သူအရင်ဆုံးလုပ်ချင်သည်က ယင်းကျောင်းကိုဖုန်းခေါ်ရန်ပင်။ သို့သော် ယင်းကျောင်းရဲ့နေ့လည်စာနားချိန်ဆိုသည်ကို သတိရသွားသဖြင့် ဖုန်းကိုအမြန်ပြန်ချလိုက်ပြီး WeChatထဲသို့ဝင်လိုက်သည်။


သူ့ရဲ့လက်ထိပ်တွေက တုန်ခါနေသည်။ ခဏအကြာမှ ယင်းကျောင်းအကောင့်ကိုတွေ့ကာ နှိပ်လိုက်သည်။ အောင်စာရင်းကိုပို့လိုက်သည်။


ဘေးနားက ဝမ်ချွန်က သဘောပေါက်သည်။


"အစ်ကို့ကိုသတင်းကောင်းပြောပြနေတာလား..."


"အင်း..."


"မင်းတော်တော်တည်ငြိမ်တာပဲ...ငါဆိုပျော်လွန်းလို့ မေ့တောင်မေ့နေတယ်..."


ဝမ်ချွန် ဖုန်းကိုထုတ်လိုက်ကာ


"ဒီမှာခဏစောင့်နော်...ငါ အမေ့ဆီဖုန်းခေါ်လိုက်ဦးမယ်..."


ကျင်းစစ် ခေါင်းညိတ်ပြလိုက်သည်။


"အိုကေ..."


ဝမ်ချွန်ထွက်သွားပြီးနောက် သူထိန်းထားလို့မရတော့ပေ။


အရင်တစ်ခါ လေ့ကျင့်ရေးအသင်းကိုဝင်သွားသည်နှင့် ချောင်းအန်ယန်းကိုမြင်သောအခါ သူခေါင်းမကိုက်တော့ပေ။


ဒီတစ်ခါရော ဘာဖြစ်မလဲ...

 နိုင်ငံအသင်းထဲသို့ တရားဝင်ရောက်ခဲ့ပြီ။ ဒါဆို သူနဲ့ယင်းကျောင်းအပေါ် ချောင်းအန်ယန်းရဲ့လွှမ်းမိုးမှုက လုံးဝပျောက်သွားမလား..


စဉ်းစားလေလေ သူ့စိတ်တွေကပိုဆန္ဒစောပြီး စိုးရိမ်လေ။ ပိတ်ပွဲအခမ်းအနားကိုတောင် မတက်တော့ဘဲ တုန်းဟိုင်စီရင်စုဆီကိုသာ အမြန်ပြန်ပြေးသွားလိုက်ချင်နေသည်။


အချိန်ကိုက်ပင် သူ့ဖုန်းလေး တုန်ခါသွားသည်။ အတွေးများနှင့်‌ကြောင်ကာရပ်နေပြီးမှ တုန်နေသောဖုန်းကိုကြည့်လိုက်သည်။


ယင်းကျောင်း၏ဖုန်း။


"ကော..."


ကျင်းစစ် မရဲတရဲမေးလိုက်သည်။


"နေ့လည်စာနားချိန်မဟုတ်လား...ဘာလို့ခေါ်..."


"ကိုယ်က မင်းရဲ့သတင်းကိုစောင့်နေတာ..."


စင်္ကြံလမ်းထောင့်တွင် နံရံကိုမှီလျှက် ယင်းကျောင်းပြုံးနေသည်။


"ဂုဏ်ယူပါတယ် ပေါင်ပေ့..."


ဒီအခြေအနေအထိရောက်ဖို့ ကျင်းစစ်အတွက် ဘယ်လောက်ခက်ခဲသလဲဆိုတာကို ယင်းကျောင်းတစ်ယောက်သာသိသည်လေ။


ပြိုင်ဖက်ကောင်းတွေနဲ့ ရင်ဆိုင်ရတာအပြင် ချောင်းအန်ယန်းရဲ့လွှမ်းမိုးမှုကိုပါ ရင်ဆိုင်ရတာပင်။


 ယခုတော့ သူ့ရဲ့ကြိုးစားမှုက သက်သေပြခဲ့ပြီ။


တုန်းဟိုင်စီရင်စု၏သမိုင်းမှာ ပထမဦးဆုံး နိုင်ငံအဆင့်အသင်းကို ဝင်ရောက်နိုင်သူ. .


ယင်းကျောင်း ရင်ခုန်သံမြန်နေသည်။ အရမ်းတော်တဲ့ဒီကျင်းစစ်က သူကြိုက်တဲ့သူ။ တွေးရင်းနှင့် ရင်ခုန်သံပိုမြန်လာသည်။


"ဘယ်တော့ပြန်လာမှာလဲ?..."


"မနက်ဖြန်နေ့လည်..."


ကျင်းစစ် အသက်ရှူသံမြန်နေသည်။


"အစောဆုံးလက်မှတ်ကိုဝယ်ပြီးပြန်လာခဲ့မယ်...ကောစောင့်နေနော်...ပြန်ကြိုးစားကြည့်ရအောင် ကျွန်တော့်ကိုစောင့်နေ...ဒီတစ်ကြိမ်တော့ အလုပ်ဖြစ်မယ်လို့မျှော်လင့်တာပဲ..."


ဒီအရူးလေး...


အောင်စာရင်းထွက်ပြီးသည်နှင့် ကျင်းစစ်စိတ်ထဲတွင်ရှိသည်က ဂုဏ်မဟုတ် ကျော်ကြားခြင်းမဟုတ်...ယင်းကျောင်းဆိုသည့် သူသည်သာ။


ချစ်ဖို့ကောင်းတဲ့ကျင်းစစ် ဘယ်လောက်တောင်စိတ်ပင်ပန်းနေလိမ့်မလဲ...


ယင်းကျောင်း ဒီအချိန်တွင် မစရဲပေ။ ကျင်းစစ်ပိုစိတ်ပင်ပန်းမှာကိုစိတ်ပူမိသည်။


"အလျှင်မလိုပါနဲ့...အေးဆေးပေါ့...ပုံမှန်အတိုင်းပဲနေပါ...ကိုယ့်ကိုစိတ်ပူအောင်မလုပ်နဲ့..."


"အိုကေ..."


ကျင်းစစ်ကိုယ်တိုင်လည်း သူအရမ်းစိတ်လှုပ်ရှားနေသည်ကိုရိပ်မိ၏။ ထို့ကြောင့် အတတ်နိုင်ဆုံးစိတ်ထိန်းရင်း


"ကော...စိတ်မပူပါနဲ့...အဆင်ပြေအောင်နေပါ့မယ်..."


သူတို့ ဝမ်ချွန်ရောက်မလာခင်အထိ ဖုန်းပြောဖြစ်ကြသည်။


နောက်နေ့မနက်တွင် ပိတ်ပွဲအခမ်းအနားက အချိန်ကိုက် ကျင်းပသည်။


ရွေးချယ်ခံရသောအဖွဲ့ဝင်မန်ဘာအနေနှင့် ကျင်းစစ် စင်ပေါ်တွင်ဓါတ်ပုံအရိုက်ခံရသည်။ သူ့မျက်နှာမှာ တည်ငြိမ်နေပြီး ပုံမှန်လိုဖြစ်နေသည်။ သို့သော်လည်း သူ့နှလုံးသားကဘယ်ဆီနေမှန်း သူမသိ။


အခမ်းအနားဝန်ထမ်းများနှင့်အတူ လိုက်လျောညီထွေစွာ လုပ်စရာရှိတာလုပ်ပေးပြီးနောက် နေ့လည်စာတောင်မစားမတော့ဘဲ ဝမ်ချွန်ကိုအမြန်နှုတ်ဆက်ပြီး ဘူတာဆီအမြန်သွားလိုက်သည်။


ဒီအတောအတွင်း သူပင်ပန်းပြီး စိတ်တွေကအတက်အကျမြန်နေသည်။ ပြတင်းပေါက်ကို ခေါင်းမှီကာ မျက်လုံးမှိတ်လိုက်ချိန် အိပ်ပျော်သွားပြီး ထူးဆန်းတဲ့အိမ်မက်ကို မက်လေသည်။


ဒီတစ်ကြိမ်တွင်တော့ သူ့အရင်ဘဝ၏သေဆုံးခဲ့သည့်အကြောင်းအရာကို မက်သည်။


ပုံမှန်အတိုင်း သေဆုံးခြင်းပုံစံမဟုတ်။ လက်တွေ့ဘဝမှ ပျောက်ကွယ်သွားကာ ချောင်းအန်ယန်းပြောသည့် ဘဝပြောင်းစနစ်လို့ခေါ်တဲ့ လွင်ပြင်ထဲရောက်သွားပြီး သူ့ရဲ့ရွှေလက်ချောင်းဖြစ်လာသည်။


တစ်ရက်ပြီးတစ်ရက် သူ့ဘဝကို ဖြည်ယူသည်။ သူ့ဉာဏ်ရည်များကို စုပ်ယူသည်။ ညှစ်ယူလို့ရသမျှ ညှစ်ယူသည်။


"ဘုရားသခင်...ကျွန်တော့်ကိုပေးသေလိုက်ပါတော့..."


လွင်ပြင်ထဲ အားနည်းလာသောသူ့ကိုကြည့်နေသည့် ချောင်းအန်ယန်း၏မျက်လုံးများက စိတ်ကျေနပ်မှုနဲ့ပြည့်နှက်လျှက်။


"ဘာလဲ... ဒီကမ္ဘာမှာ မင်းကအဓိကဇာတ်ဆောင်လို့ ထင်နေတာလား... မင်းမဟုတ်တော့ဘူးကွ..."


"ငါအောင်မြင်လာတာနဲ့...ဒီကမ္ဘာရဲ့အဓိကဇာတ်ဆောင်က ငါပဲဖြစ်လာမှာ...မင်းကတော့...မင်းကို ဘယ်သူမှသတိရကြတော့မှာမဟုတ်ဘူး..."


ကျင်းစစ်၏ခေါင်းမှာ အတော်ပင်နာကျင်နေသည်။ သူ၏စိတ်ဝေဝါးမှုကလည်း တစ်နေ့ထက်တစ်နေ့ပိုပြီးပြင်းထန်လာသည်။ သို့သော် သူ့ကို ယင်းကျောင်းစောင့်နေသည်ဆိုတာကိုတော့ အမြဲမှတ်မိနေသည်။


လွင်ပြင်ထဲတွင် ချည်နှောင်ထားသောကြိုးများမှ အမြန်လွတ်မြောက်ချင်နေပြီ။ သို့သော် သူဘာမှကြိုးစားလို့မရ။ ချောင်းအန်ယန်းသူ့ကိုအသုံးချနေသည်ကိုသာ ကြည့်နေရသည်။


သူ့ရှင်သန်ခြင်း ဖြစ်တည်မှုကို တစ်ဖြည်းဖြည်းချင်း ဖျက်သိမ်းနေသည်။ ဆရာများ သူငယ်ချင်းများ အတန်းဖော်များက သူ့ကိုမေ့လျော့လာခဲ့ကြပြီ။


တစ်ဦးတည်းသော တစ်ယောက်သောသူ-


ယင်းကျောင်း...


ဒီတစ်ချိန်လုံးအတွင်း သူ့ကောင်လေးသာ သူ့ကိုမှတ်မိနေသည်။


သူကြိုးစားပန်းစားနှင့် သူ့ပတ်ဝန်းကျင်တွင် လိုက်မေးနေသည်ကို ကျင်းစစ်တွေ့နေရသည်။


ပထမတော့ သူ့ကိုဖြေသည့် အဖြေက


"မသိဘူးလေ...အဆောင်ဆီသွားတာနေမှာပေါ့...ညကျတွေ့ဖို့ ဖုန်းခေါ်လိုက်လေ..."


တဖြည်းဖြည်းနှင့်...


"ကျင်းစစ်ဆိုတဲ့နာမည်ကို ကြားဖူးတယ်...ငါတို့အတန်းထဲကလား...ငါမေ့နေလို့ဟေ့..."


နောက်ဆုံးတွင်တော့....


"ကျင်းစစ်...ဘယ်သူလဲ...ငါမသိဘူး...ငါတို့အဆောင်မှာမရှိပါဘူး...ဟိုအခန်းလွတ်က...အဆောင်မှာက အခန်းလွတ်တွေအများကြီးလေ..."


ကျင်းစစ် လွင်ပြင်ကြီးထဲရောက်နေသော်လည်း ဒါတွေအားလုံးကိုမြင်နေရသည်။ သူသွေးအန်ထွက်မတက် အော်ခေါ်နေသည်။


ကော ကျွန်တော့်ကိုကြည့်စမ်းပါ...ကျွန်တော်ဒီမှာ...


ကျေးဇူးပြုပြီး ဒီကိုကြည့်ပါ...


သို့သော် သူ့ကို ယင်းကျောင်းမမြင် မကြားနိုင်။


တစ်နေ့ပြီးတစ်နေ့၊ 


တစ်ပါတ်ပြီးတစ်ပါတ်၊


 တစ်လပြီးတစ်လ။


 ယင်းကျောင်းလိုက်ရှာနေဆဲ။ သူလုံးဝဇွဲမလျော့နိုင်။


 ထို့အတူ သူရှာလို့လည်း မတွေ့နိုင်ခဲ့ပေ....။


(😭)