အခန်း၉၇
Viewers 8k

Chapter 97

(အနမ်းတစ်ပွင့်ပေးပြီး အပစ်ခံလိုက်ရတာလား)


ညနေပိုင်းတွင် Star Network သို့သွားသောအခါ လင်းယောင်ယောင် သည် မက်ခါပြိုင်ပွဲပလက်ဖောင်း သို့သွားဖို့ စိတ်မ၀င်စားဘဲ ဖြစ်နေချိန်မှာ လင်းရွှမ် က သူမ၏ Star Network အစားအသောက်ကုထုံးဓာတ်ခွဲခန်းသို့ လာရန် တောင်းဆိုခဲ့သည်။


သူမသည် ဇာ့ခ်အသားအရသာမျိုးစုံကို ပြုလုပ်ရန် ကြိုးစားပြီးဖြစ်သော်လည်း မကျေနပ်နိုင်သေးပေ။ "ရှေးတရုတ်အစားအစာအိမ်" တွင်လည်း သူမ ပြုလုပ်ခဲ့သော အစမ်းချက်ထားသည့် အစားအစာအားလုံးကို ထည့်ထားပြီးဖြစ်၏။


ယနေ့ လင်းရွှမ်၏ ညစာသည် စက်ရုပ်များ ပြုလုပ်ထားသော သာမန်ဟင်းလျာမျှသာဖြစ်သည်။သူမ ထံမှ သိမ်းဆည်းရလွယ်ကူသော ဖြည့်စွက်အစားအစာအချို့ကို သူ၏ အာကာသခလုတ်ထဲတွင် ယူဆောင်လာခဲ့သော်လည်း ဟင်းများအတွက် နေရာက မဆံ့ပေ။ ထို့ကြောင့် သူမ၏ Star Network အစားအသောက်ကုထုံးဓာတ်ခွဲခန်းသို့သွား၍ သူကျေနပ်သည်အထိ စားခဲ့သည်။


သူမက သူ့ကို ပေးခဲ့သည့်ဝေစုတစ်ခုအပြင် "ရှေးတရုတ်အစားအစာအိမ်" မှာ သူမ တင်ထားသည့် ဖြည့်စွက်အစားအစာတိုင်း၏ သီးသန့်ဝေစုကို ရယူနိုင်ဖို့အတွက် စျေးဝယ်ပလက်ဖောင်းကို ဟက်ခ်ဖို့ လုလင်း အား ခိုင်းထား၍ နောက်ဆို သူ ဖြည်းဖြည်းချင်း စားနိုင်ပေသည်။ လုလင်း ကလည်း သူ(လုလင်း)အတွက် ဝေစုနုတ်ယူထားမှာကို သိသော်လည်း တပည့်လူရိုးလေးသည် ယောင်ယောင် ချက်ပြုတ်ထားသော အစားအစာများကိုသာ ကြိုက်သူဖြစ်ပြီး တခြားအတွေးများမတွေးသူဖြစ်၍ အသာပဲ ပါးစပ်ပိတ်နေလိုက်တော့သည်။


လုလင်း ဟက်ခ်နေရင်းနှင့် အခြားလူခုနစ်ယောက်ကလည်း ဝေစုရယူရန် မာစတာဟက်ကာများကို ငှားရမ်းခဲ့ကြောင်း သိရှိခဲ့ရသည်။ သူတို့ထဲက သုံးယောက်မှာ ရှောင်ချီ၊ ရှောင်ကျန်း နှင့် ရှောင်မင် တို့ဖြစ်ပြီး ကျန်လေးယောက်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်က ဇာ့ခ်အသားမြည်းစမ်း ပွဲသို့ သွားခဲ့ကြသည့် စစ်သည်များပင်။


လင်းယောင်ယောင် ၏ ဖြည့်စွက် အစားအစာများကို တစ်ကြိမ်လျှင် ၁၀ပွဲမှ ပွဲ၂၀ အထိသာ ရောင်းချသည်။ ရှောင်ချီ အတွက်က သိပ်အရေးမကြီးပါပေ။ လင်းယောင်ယောင် က သူ့ကိုအရင်ကတည်းက အစားအသောက်များ မြည်းစမ်းခိုင်းခဲ့သည်ပင်။


ရှောင်မင် သည် လင်းယောင်ယောင် ထံသို့မကြာခဏ ကောမန့်များလာမန့်နေသည်ကို တွေ့ရသောအခါ လင်းရွှမ် အတော်ဒေါပွသွားရသည်။


ယောင်ယောင် ကို သူ့ရဲ့ မက်ခါ မောင်းသူဘေးက ထိုင်ခုံမှာ ထိုင်ခိုင်းစေချင်နေတာလား...သူ တစ်ကယ် စိတ်ကူးယဉ် နေတာပဲ…


ရှောင်ကျန်းကမူ ပို၍တောင်ပြင်းထန်နေသေးသည်။ သူက သူမ ဘဝကို မနှောင့်ယှက်ပါဘူးဟု ပြောခဲ့သော်လည်း သူမ၏ virtual ဆိုင်မှာ သူ့ရောက်ရှိနေခြင်းကို ဆက်လက်ပြီး မြင်တွေ့ရသည်။

ထို့ကြောင့် လုလင်းအား ရှောင်ကျန်း၏ ခွဲတမ်းကိုလည်း အညှာအတာကင်းမဲ့စွာ ခိုးယူခိုင်းလိုက်သည်။


သို့သော်လည်း ဟက်ကာ ရှောင်မင် သည် အတောက်ပဆုံးဖြစ်သည်။ လုလင်း ပင်လျှင် ထိုလူသည် မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်သည့်အပြင် သူ့ကို ဟက်ခ်လိုက်ပါက တစ်ဖက်လူက မိသွားနိုင်ပေသည်။


ယင်းကြောင့် လင်းရွှမ် သည် ရှောင်မင် ကို 120% သတိပြုမိသွားသည်။ ထို့ကြောင့် အတန်ငယ် စဉ်းစားပြီးသောအခါ လောလောဆယ် သူ့ကို အရေးယူဖို့ ဆုံးဖြတ်လိုက်သည်။ယောင်ယောင်က သူ့ကို ဟိုးတုန်းက ကြိုက်ခဲ့ခြင်းဖြစ်သော်လည်း သူ ယခုထိ မနာလိုဖြစ်နေဆဲပင်။


ပို၍အရေးကြီးသည်မှာ လင်းယောင်ယောင် ကြိုသိထားသော အိပ်မက်များတွင် ရှောင်မင် သည် အလွန်တော်တတ်လွန်းလှသည်။ သူသည် တိတ်တဆိတ်နေသူ အဖြစ်မှ သူ့စစ်တပ်ကို တည်ထောင်ရန် အချိန် တစ်နှစ်ယူပြီး သုံး၊လေးနှစ်အကြာတွင် ထီးနန်းမှာ အောင်မြင်စွာ ထိုင်နေနိုင်ခဲ့သည်။သူ့နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်သည့် ကျောထောက်နောက်ခံ ရှိရမည်ဖြစ်သည်။


လက်ရှိဧကရာဇ်သည် ပြင်းထန်သောမျိုးရိုးဗီဇရောဂါကို ခံစားနေရပြီး ကျန်းမာရေးမှာ အလွန်ကောင်းမွန်ခြင်းမရှိပေ။ မျိုးရိုးဗီဇရောဂါများသည် မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသော်လည်း ကြီးကြီးမားမား အခြေအနေ တစ်ခုခု မကြုံရသရွေ့ သုံး၊လေးနှစ် အတွင်း မသေနိုင်သေးပေ။


လင်း မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မည့် ရှောင်မင် လုပ်လာနိုင်သည့်အရာများအတွက် မူလက မသိထားပေ။ သို့သော် ယခုတော့ သိလိုက်ရသဖြင့် ကြိုတင်သတိထားရပေတော့မည်။လောလောဆယ် သက်သေမရှိ၍ ရှောင်မင် ကို အချိန်မီ အရေးယူလို့ မရချေ။ သို့သော်လည်း ရှောင်မင် သည် လင်း မိသားစုအား ထိပါးလာဖို့ ရည်ရွယ်ချက်ရှိကြောင်း သိလိုက်ပါက၊ သူ ဘယ်သောအခါမှ ညှာတာထောက်နေမည် မဟုတ်ပေ။ထို့ကြောင့် လုလင်းကို ရှောင်မင် ၏ လှုပ်ရှားမှုတိုင်းကို ဗိုင်းရပ်စ်ပရိုဂရမ်တစ်ခုဖြင့် စောင့်ကြည့်ပြီး မူမမှန်မှုများကို တစ်နာရီခြားတိုင်း ချက်ချင်းသတင်းပို့ရန် တာဝန်ပေးအပ်ခဲ့သည်။


သို့သော်လည်း ရှောင်မင် ၏ ကိုယ်ရေးကိုယ်တာ ဆက်သွယ်ရေးကိရိယာ အမည်မသိ ထိပ်တန်းဟက်ကာများ၏ လက်ရာများနှင့် လုံခြုံအောင် လုပ်ထား၏။ လုလင်း က သူ့ကို စောင့်ကြည့်ချင်လျှင် လင်းရွှမ် က ရှောင်မင် နှင့် Star Network မှာ ထိပ်တိုက်တွေ့စေမှု အစီအစဉ် စမှရပေမည်။ထို့နောက် သူက လုလင်း စိတ်ကျေနပ်အောင် ယောင်ယောင် ချက်ပြုတ်ထားသော ဇာ့ခ် အသားပိုင်မုန့်၏ လေးပုံတစ်ပုံ၊ ဇာ့ခ် အသားခြောက် များကို ပေးလိုက်ရသည်။ထိုအခါ လုလင်းကလည်း အလုပ်စလုပ်တော့သည်။


ထုံးစံအတိုင်း လင်းရွှမ် သည် ဤအရာများအကြောင်းကို လင်းယောင်ယောင်အား ပြောပြမည်မဟုတ်ပေ။ သူမ အတွက် သူမ ကြိုက်နှစ်သက်သည်များကို လုပ်ဖို့သာ လိုအပ်ပေသည်။


သူ့ကောင်မလေးက စိတ်ပူပန်နေပြီး ဇာ့ခ် အသားပြုလုပ်ရန် လှည့်ကွက်အသစ်ကို မစဉ်းစားနိုင်တော့သည်ကို မြင်သောအခါ လင်းရွှမ် သည် လင်းယောင်ယောင် ထံမှ သူ သိပ် မမြင်ဖူးသော အရသာများကို အလေးအနက် သတိရမိသည်။


"စစ်ရေးလေ့ကျင့်မှုတုန်းက ထွမ်ထွမ် အရွက်တွေသုံးပြီး တစ်ခုခုလုပ်ခဲ့တယ်မလား...အဲဒီတုန်းက မင်းလုပ်ခဲ့တဲ့ ကြက်ကင်နာမည်က ဘယ်လိုပါလိမ့်"


လင်းယောင်ယောင် က "အဲဒီကောင်က သူတောင်းစားကြက်လို့ ခေါ်တယ်… ကြာရွက်ကို သုံးရမှာပေမယ့် အဲဒီတုန်းက ကြာရွက်က မရှိဘူး… ဒါကြောင့် ထွမ်ထွမ် အရွက်ကို သုံးတာ… ဒါပေမယ့် ဒီတစ်ခါတော့ ဇာ့ခ် အသားကို သုံးချင်တယ်…အသားကလည်း အရမ်း နူးညံ့နေတော့ မသင့်တော်လောက်ဘူး..."


သို့သော်လည်း လင်းရွှမ် ၏ စိတ်ကူးကြောင့် ကြာရွက်ဖြင့်ပြုလုပ်ထားပြီး ဇာ့ခ်အသားနှင့် သင့်တော်သော တရုတ်စားဖွယ်တစ်မျိုးဖြစ်သည့် ထမင်းထုပ်ကို တွေးလိုက်မိသည်။


ထမင်းထုပ်သည် ဂွမ်ဒုံမှ ရိုးရာသရေစာတစ်မျိုးဖြစ်သည်။ ဝက်သားကင်၊ ဘဲကင်၊ ပုဇွန်၊ ဂဏန်းသား၊ ဥ၊ မှို၊ ဟင်းခတ်အမျိုးမျိုးတို့ဖြင့် ချက်ထားသော ထမင်းဖြစ်သည်။ ပြီးလျှင် ကြာပန်းရွက်နှင့် ထုပ်ပြီး ပေါင်းရသေး၏။ အဓိက အားဖြင့် အသားများနှင့် ဟင်းသီးဟင်းရွက်များ ပါ၀င်ပြီး လတ်ဆတ်၍ ပြင်းထန်သော ရနံ့ များ ပေါင်းစပ်ထားသဖြင့် အလွန်အရသာရှိသည်။ ပြိုင်ပွဲအတွက် ပေးထားသောအချိန်သည် အတော်လေး လုံလောက်သဖြင့် သူမတို့ကိုယ်တိုင် ပါဝင်ပစ္စည်းများကို ယူဆောင်လာနိုင်သည်။


သို့သော် ပြိုင်ပွဲအတွက် ဟင်းတစ်မျိုးတည်းသာ တင်သွင်းနိုင်သည်။ ပိုမိုကောင်းမွန်သော ကုသရေးအာနိသင်များကို လိုက်ရှာရန်အတွက် လူတိုင်းသည် ပါဝင်ပစ္စည်းအမျိုးမျိုးကို ရွေးချယ်ကြပြီး အဓိကအစားအစာ ထမင်းကိုတော့ ချက်ကြမှာမဟုတ်ပေ။ ထို့ကြောင့်၊သူမသည် ထင်ရှားပေါ်လွင်စေရန် အတွင်းမှ အမျိုးမျိုးသော ပါဝင်ပစ္စည်းများဖြင့် ရိုးရှင်းသော ထမင်းထုပ်ကို ပြုလုပ်နိုင်သည်။

အရသာကလည်း ထူးဆန်းလောက်အောင် ကောင်းပေလိမ့်မည်။


ဇာ့ခ်အသား၏ အရသာသည် ပုစွန်များ၊ကဏန်းများနှင့် ဆင်တူသောကြောင့် ပုဇွန်နှင့် ဂဏန်းများအစား ဇာ့ခ်အသားကို အသုံးပြုနိုင်သည်။ ဇာ့ခ်အသားသည် အဓိကပါဝင်ပစ္စည်းမဟုတ်သော်လည်း အရေးကြီးဆုံးအရာမှာ သူ့အရသာဖြစ်သည်။ ဤပြိုင်ပွဲ၏ အဓိက ခေါင်းစဉ်မှာ တရုတ်ရှေးဟောင်း အစားအစာများအား မြှင့်တင်ရန်နှင့် ဇာ့ခ်အသားကို အင်ပါယာတစ်ခွင်ကြေငြာရန် ဖြစ်သည်။ ထို့ကြောင့်၊သူမသည် ဇာ့ခ် အသားကိုသာ အာရုံစိုက်သင့်သည်။


ဇာ့ခ်အသားသည် ကောင်းမွန်သော်လည်း ကမ္ဘာပေါ်ရှိ ထောင်ပေါင်းများစွာသော အရသာရှိသော ပါဝင်ပစ္စည်းများထဲမှ တစ်ခုမျှသာဖြစ်သည်။ မည်သည့် ပါဝင်ပစ္စည်းများကိုမဆို ဟင်းအရန် ပါဝင်ပစ္စည်းများအဖြစ်လည်း အသုံးပြုနိုင်သည်။


ထို့နောက် လင်းယောင်ယောင် သည် သူမ၏ virtual ပြခန်းကို ချက်ချင်းဖွင့်ပြီး သူမလိုအပ်သော virtual ပါဝင်ပစ္စည်းများအား ဝယ်ယူလိုက်သည်။ သူမသည် ဘဲကင်နှင့် ဝက်သားကင်ကို ကြိုတင်ပြင်ဆင်ရမည်ဖြစ်ပြီး ပေါင်းရန်အတွက် လိုအပ်သည့် သပ်သပ်ဟင်းရည်တစ်မျိုးကိုလည်း ပြင်ဆင်ရမည်ဖြစ်လေ၏။


လင်းရွှမ် သည် သူ့အတွက် လင်းယောင်ယောင် ထားခဲ့သော ဇာ့ခ် အသားများကို စားပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ကောင်မလေး၏ ခါးသွယ်သော ခါးကို ဖက်ထားလိုက်ရာ ယနေ့၏ အပျော်ရွှင်ဆုံးအချိန်ကို သူခံစားမိလိုက်သည်။ လောလောဆယ် သူ့နှလုံးသားနှင့် ဝမ်းဗိုက် နှစ်ခုစလုံး ကျေနပ်နေရသည်။


သို့သော်လည်း သူမ၏ အလုပ်ရှုပ်နေသော အကြည့်ကို မြင်သောအခါ လင်းရွှမ် က


"ကိုယ်လည်း ကူညီပေးချင်တယ်"


လင်းယောင်ယောင် သည် လင်းရွှမ် ကို ကြည့်နေလိုက်မိသည်။ သူက နည်းနည်း လေး ထုံထိုင်းပြီး တစ်ချို့အရာများကို မလုပ်ဆောင်နိုင်သူဖြစ်၍ တောင့်တောင့်တင်းတင်း စက်ရုပ်ကြီးတစ်ရုပ်လို ခံစားရသည်။သို့သော် ယခု သူမသည် လက်ကို လေ့ကျင့်နေခြင်းပင်။ အကောင်းဆုံး အရသာ ကိုက်ညီမှုကို ရှာဖွေရန် စမ်းသပ်မှုများစွာ လိုအပ်သည်။ ထို့ကြောင့် သူ့မှာ ညံ့ဖျင်းသော အရည်အချင်းရှိလျှင်ပင် ကိစ္စမရှိချေ။

ထို့အပြင် သူသည် မက်ခါပြိုင်ပွဲပလက်ဖောင်း တွင် သူမကို ခေါ်သွားပြီး သင်ကြားပေးစဉ်က သူမ၏ ညံ့ဖျင်းသော အဆင့်ကြောင့် သူမကို ဘယ်သောအခါမှ မငြင်းဆန်ခဲ့ဖူးပေ။


သူမ ခဏလောက်စဉ်းစားပြီး ...


"ကောင်းပြီ၊ ဒါပေမယ့် အစ်ကိုကြီး လက်ကို အရင်ဖယ်ပေးနိုင်မလား... အရမ်းကြီး ကူညီစရာ မလိုပါဘူး… အနည်းဆုံးတော့ လိုက်မရှုပ်ပါနဲ့လား"


ထို့နောက် လင်းရွှမ် သည် လင်းယောင်ယောင် ကို ကောက်ပွေ့လိုက်ပြီး ကောင်တာပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ သူက သူမကို မျက်နှာမူပြီး အေးစက်စက် လွှမ်းမိုးနေသည့် မျက်နှာနှင့် တင်းတင်းမာမာပြောလိုက်၏။


"မင်းကို ဒုက္ခမပေးစေချင်ရင် အနည်းဆုံး ဆယ်မိနစ်လောက် နမ်းခွင့်ပေးလိုက်…ဆယ်မိနစ် ပြည့်ရင် နာခံပါမယ်လို့ ကတိပေးတယ်..."


သူမ အနည်းငယ် ရှက်သွားသည်။


"...ဆယ်မိနစ်က အရမ်းရှည်တယ် မဟုတ်လား… တစ်မိနစ် ဆိုရင်ရော ရလား"


သူက မျက်လုံးများ မှေးစင်းပြီး ရန်ထောင်သလိုမျိုး ပြောလိုက်သည်။


"ယောင်ယောင်လေး…ကလေးဆိုးလေး…မရဘူး...ဒါဆိုလည်း ဈေးဆစ်နေမှတော့ မိနစ်နှစ်ဆယ်"


သူ့လေသံက စစ်ရေးလေ့ကျင့်နေစဉ်ကာလကို ရုတ်တရက် ပြန်သတိရသွားစေသည်။ထိုလေသံမျိုးက သူမကို အပြစ်ပေးချင်သောအခါတွင် ယခုလိုမျိုး ပြောခြင်း ဖြစ်သည်။ထို့ကြောင့် သူမ၏ ကံကြမ္မာကို ရှောင်ဖယ်မ နေဘဲ လက်ခံလိုက်သည်။ သူမသည် ခိုင်ခံ့ပြီး တုတ်ခိုင်သော သူ့ခါးကို ပွေ့ဖက်ကာ သူ၏ ရင်ဘတ်ကျယ်ကြီးပေါ်တွင် ခေါင်းကို မြှုပ်လိုက်သည်။


"ကောင်းပြီ၊ ဆယ်မိနစ်..."


တရားဝင်လက်တွဲပြီးနောက်တွင် လင်းရွှမ် သည် သူ၏ လွှမ်းမိုးချုပ်ကိုင်လိုစိတ်ကို ရံဖန်ရံခါပြသခဲ့သည်။ သူမကလည်း သူ့ကို မမုန်းရုံမက သူ့ဆန္ဒကို လိုက်လျောချင်လာမိသည်။ဤသည်က ချစ်သူတစ်ယောက်က တစ်ယောက်အ‌ေပါ်ထားရှိသော အချစ်စိတ်ကြောင့်ဖြစ်နိုင်သည်။ လူတစ်ယောက်ကို ကြိုက်သည့်အခါ ချို့ယွင်းချက်များကိုတောင် ချစ်ဖို့ကောင်းသည်ဟု မြင်လာတတ်ပေသည်။


သူ၏ တင်းမာသောမျက်နှာသည် အေးစက်သောအမူအရာရှိသော်လည်း သူချက်ချင်းပင် အားပျော့သွားပြီး သူ့မျက်လုံးများသည် နူးညံ့သိမ်မွေ့မှုနှင့် ပြည့်နှက်နေသည်။ နူးညံ့လှပသော မိန်းကလေး၏ နူးညံ့သော အနီရောင်နှုတ်ခမ်း၊ ပန်းနုရောင်လျှာ၊ ချိုမြသော ခန္ဓာကိုယ်ရနံ့ တစ်ကိုယ်လုံးမှာ မွှေးပျံ့နူးညံ့အိစက်နေလေသည်။ သူမသည် သူ့စိတ်ကို ယိမ်းနွဲ့စေကာ သူမ ချက်ပြုတ်သမျှ ဟင်းလျာများကို ပိုမိုစွဲလမ်းစေခဲ့သည်။


လင်းရွှမ် ၏ အနမ်းများသည် နူးညံ့သိမ်မွေ့ပြီး တစ်ဖန်ကြမ်းတမ်းလာတတ်သော်လည်း နောက်ဆုံးတွင် တည်ငြိမ်မှုနှင့် ချုပ်နှောင်မှုတို့ကို ပြန်လည်ရရှိလာသည်။


လင်းယောင်ယောင် သည် အစပိုင်းတွင် ရှက်မိသော်လည်း တဖြည်းဖြည်း တက်ကြွစွာ တုံ့ပြန်နိုင်ခဲ့သည်။


ရှည်လျားသောအနမ်းအဆုံးတွင် လင်းရွှမ် သည် စွဲမက်ဖွယ်ကောင်းသော မိန်းကလေးကို ပွေ့ဖက်ထားကာ သူမ၏ နဖူး၊ နှာခေါင်းနှင့် ပါးပြင်တို့ကို ညင်သာစွာ နမ်းလိုက်သည်။


" မင်းကို မလွှတ်ချင်ဘူး..."


အားနည်းသော လင်းယောင်ယောင် သည် သူမ၏ Star Network ကိုယ်ပွားကို ပြန်လည်ဆန်းသစ်ပြီးဖြစ်၍ ချက်ချင်းဆိုသလို ပြန်လည်သန်စွမ်းလာခဲ့သည်။ သူမအား တွယ်ကပ်နေသော လူကို အေးအေးဆေးဆေး တွန်းထုတ်လိုက်သည်။


"အလုပ်သွားတော့မယ်…အစ်ကိုကြီးနောက်တစ်ခါထပ်ရှုပ်ရင် မောင်းထုတ်မယ်…စကားနားထောင်နော်"


လင်းရွှမ် သည် ရှုပ်ထွေးသော ခံစားချက်ကို ခံစားနေရသည်။


"ဒီက ဗိုလ်ချုပ်ကြီးက အနမ်းခံရပြီး အပစ်ခံလိုက်ရသလိုမျိုး ဘာလို့ခံစားရတာလဲ… ဒါ အထင်မှားနေတာဖြစ်ရမယ်..."




xxxxxx

Ei Thet Hmue