အခန်း၉၈
Viewers 8k

Chapter 98

(ထမင်းထုပ်အတွက် ပြီးပြည့်စုံသောရမှတ်)


သုံးရက်အကြာတွင် ကျောင်းသားသစ်ဖလား၏ ဒုတိယအကျော့ အစားအသောက်အုပ်စုကို တရားဝင်စတင်‌ေပပြီ။


ဆီမီးဖိုင်နယ်အတွက် စည်းမျဉ်းများသည် ယခင်ပဏာမအဆင့်များနှင့် ကွဲပြားပြီး ပြိုင်ပွဲဝင် 300 ကျော် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် ဟင်းတစ်ပွဲသာပြုလုပ်ရန် လိုအပ်ပြီး အချိန်ကန့်သတ်ချက်မှာ 4နာရီဖြစ်သည်။


ယခင်ပြိုင်ပွဲနှင့်မတူဘဲ အကဲဖြတ်သူများနှင့် အရသာကို မြည်းစမ်းသူအားလုံးသည် ယခုတစ်ကြိမ်တွင် အမှတ်များကို သူတို့က ရွေးချယ်နိုင်မည်ဖြစ်သည်။ ဟင်းလျာများ၏ အရသာနှင့် ကုသရေးအကျိုးသက်ရောက်မှု စုစုပေါင်းရမှတ်သည် 100 မှတ်ဖြစ်သည်။


တရုတ်အစားအစာဖြစ်လျှင် 3 မှတ်ထည့်မည်ဖြစ်သလို ဇာ့ခ်အသားဖြစ်ပါက 3 မှတ်ထပ်ထည့်ပါမည်။ ပြိုင်ပွဲဝင်က နှစ်ခုလုံးပါအောင်ချက်ထားလျှင် ၁၀မှတ်ထပ်ပေးမည်ဖြစ်၏။ သူတို့ လက်ခံနိုင်သော အစားအစာကို ပြုလုပ်ထားသသည်ဆိုပါက နောက်ထပ် ၁၀ မှတ် ထပ်ထည့်ပါမည်။ စုစုပေါင်း အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံး အယောက်၁၀၀ သာလျှင် လက်တွေ့ကမ္ဘာတွင်ကျင်းပမည့် ဖိုင်နယ်တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။


ဒိုင်လူကြီးက 30 ယောက်ရှိပြီး သူတို့အားလုံးသည် ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာမှ ထိပ်တန်းအဆင့် အစားအသောက်ကုထုံးပညာရှင်များဖြစ်သည်။သူတို့ အကဲဖြတ်မည့် ရမှတ်များသည် စုစုပေါင်းရမှတ်၏ 60% ကိုဖြစ်သည်။


ထို့အပြင်၊ စျေးဝယ်ပလက်ဖောင်းမှရွေးချယ်ထားသော အရည်အသွေးမြင့်အစားအသောက် မြည်းစမ်းသူကလည်း ထောင်ပေါင်းများစွာရှိသည်။ ပလက်ဖောင်းသည် ဤအရသာစမ်းသပ်မှုအတွက် တရားမျှတပြီး စည်းမျဥ်းများကို လိုက်နာရန် သဘောတူညီချက်ကို မြည်းစမ်းသူများက လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ အင်းဆက်အသား၏အရသာကိုလည်း လက်ခံနိုင်စေရန်အတွက် သူတို့သည် ဇာ့ခ်အသားကိုလည်း က်ြိုစားထားရမည်ဖြစ်သည်။ သူတို့ ပေးမည့် ရမှတ်များသည် စုစုပေါင်းရမှတ်၏ 40% ဖြစ်သည်။


ပြိုင်ပွဲဝင်များသည် ဟင်းလျာချက်ပြုတ်သည့် လုပ်ငန်းစဉ်ကို လူသိရှင်ကြား ရွေးချယ်နိုင်ပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ်ကိုလည်း သာမန်ပရိသတ်များပင် မြင်တွေ့နိုင်သည်။


သို့သော်၊ ဒိုင်လူကြီးများနှင့် အရသာမြည်းစမ်းသူများအား ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်တစ်ခုလုံးကို လျှို့ဝှက်ထားခဲ့သည်။ ထို့ကြောင့် သူတို့သည် မြည်းနေစဉ်အတွင်း ဟင်းလျာကိုသာ စားနိုင်သော်လည်း ဘယ်သူချက်ထားမှန်း သိမှာမဟုတ်ပေ။အရသာမြည်းနေစဉ် သူတို့သည် အော့ဖ်လိုင်းဖြစ်သွားပါက၊သူတို့၏ အမှတ်ကို ထည့်ဝင်ရေတွက်တော့မည်မဟုတ်ချေ။


ပြိုင်ပွဲရလဒ်များကို ထိုနေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ထိပ်တန်းလက်ရာ 100 ကို အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ်တွင် တစ်လခွဲကြာ ပြသပါမည်။ Star Network မှ စျေးမကြီးသော လက်မှတ်ကို ဝယ်ယူနိုင်ပြီး အင်တာနက်အသုံးပြုသူများသည် စိတ်တိုင်းကျ မြည်းစမ်းကြည့်နိုင်သည်။


ပထမအချီမှာ ပရိသတ်များ၏ ထင်မြင်ယူဆချက်များကို လိုက်ရှာပြီး ကိုယ်ကြိုက်နှစ်သက်သော ဟင်းလျာများအား များများစားချင်လျှင်တော့ အခကြေးငွေနှင့် သီးသန့်ဝယ်လို့ရ‌ေပသည်။


ဖြည့်စွက်ကုထုံးအာနိသင်သည် အစစ်အမှန်မဟုတ်သော်လည်း အရသာကို ခံစားနိုင်ဆဲဖြစ်၍ အစားအသောက် ကုထုံးပညာရှင်များ၏ သီးခြားအဆင့်ကိုလည်း နားလည်နိုင်သည်။ နောက်ဆုံးအဆင့်ကို Star Network တွင်ကဲ့သို့ အကန့်အသတ်မရှိ ကူးယူနိုင်သည့် နည်းပညာမပါဝင်သော လက်တွေ့ကမ္ဘာတွင် ကျင်းပမည်ဖြစ်သည်။ ပွဲစီစဉ်သူနှင့် ကံကောင်းသော ကြည့်ရှုသူအုပ်စုကသာလျှင် နောက်ဆုံးချန်ပီယံကို ရွေးချယ်နိုင်သည်။


မကြာမီ ပြိုင်ပွဲစတင်ခဲ့သည်။


လင်းယောင်ယောင် သည် သူမ၏ "ထမင်းထုပ်" ချက်ပြတ်နည်းကို အတတ်နိုင်ဆုံးအခြားသူများအား သိစေလိုသောစေတနာဖြင့် သပ်သပ်ရပ်ရပ်ချက်ပြုတ်လိုက်သည်။သူမကြောင့် အစားအသောက် ကုထုံးပညာရှင်များကို လူကြိုက်များလာစေရန် public modeကိုဖွင့်ထားလိုက်လေသည်။


ကြယ်ငါးပွင့်နာမည်ကြီး စားဖိုမှူးများနှင့် အစားအသောက်ကုထုံးပညာရှင်အချို့သည် သူတို့ချက်ပြုတ်သော ဟင်းလျာများ၏ အဓိက နည်းလမ်းများကို ထုတ်ဖော်လိုခြင်းမရှိပေ။


သူမသည် ဘဲကင်၊ ဝက်သားကင်နှင့် ဟင်းရည် စသည့် ရှုပ်ထွေးပြီး အချိန်ကုန်သော ပါဝင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားသည်။ Star Network ၏ ဉာဏ်ရည်ထက်မြက်သောစနစ်ဖြင့် ထိုပြင်ဆင်ထားသော ပစ္စည်းများအား သူမကိုယ်တိုင် ပြင်ဆင်ထားခြင်း ဟုတ်၊မဟုတ်ကို စစ်ဆေးပြီးမှ ပြိုင်ပွဲသို့ ယူဆောင်လာရန် ခွင့်ပြုခဲ့သည်။ထို့နောက် သူမသည် ပြိုင်ပွဲနေရာတွင် အခြားပါဝင်ပစ္စည်းများကို ဖန်တီးခဲ့သည်။သူမ၏ ထမင်းထုပ် ချက်နည်းကို မြင်သူများက အံ့သြသွားသည်။ ဤပါဝင်ပစ္စည်းများသည် အလွန် ကြုံရာကျပန်းလို စုံစိနေပြီး ဟင်းပွဲအတွက် လုံးဝသင့်လျော်ပုံမပေါ်ပေ။


ဘာလို့ ဆန်တွေက ဒီလောက်များနေတာလဲ…ပန်းခြံထဲမှာ လူတွေ သွားကြည့်ကြတဲ့ ကြာရွက်တွေ ဘာကြောင့် ရှိတာလဲ…


လင်းယောင်ယောင် သည် ဝက်သားနှင့် ဇာ့ခ်အသားအချို့ကို အတုံးများဖြစ်အောင်လှီးပြီး မွှေးလာသည်အထိ ဆီသတ်လိုက်သည်။ ထို့နောက် လှီးထားသောမှိုနှင့် ဟင်းအနှစ်များကို ထည့်ပြီး ရေထည့်ကာ ဆူအောင်တည်လိုက်သည်။ ထို့နောက် ပဲငံပြာရည်၊ နှမ်းဆီ၊ ဘဲကင်၊ ဝက်သားကင်နှင့် ကြက်ဥမွှေကြော်ကို နုတ်နုတ်လေးညှပ်ပြီး ထည့်လိုက်သည်။


ထို့နောက် ဆန်ကို ရေဆေးပြီး ဝက်သားတုံးအစိမ်းဖြင့် မွှေကြော်လိုက်သည်။ ပြီးသည်နှင့် ပွက်ပွက်ဆူအောင် ရေထည့်တည်ကာ ဟင်းခတ်အမွှေးအကြိုင်အချို့နှင့် ရောမွှေလိုက်သည်။ နောက်ဆုံးတွင် ရေဆေးပြီး လှီးဖြတ်ထားသော ကြာအရွက်များကို အထုပ်ပုံသဏ္ဍာန်ဖြစ်အောင် ခေါက်ကာ ဝါးခြင်းတောင်းထဲတွင် ထည့်ထားပြီး ၆မိနစ်၊၇မိနစ်ခန့် ပေါင်းရမည်ဖြစ်သည်။


အကဲဖြတ်ဒိုင် 30 စာ လုံလောက်စေရန်အတွက် များများစားစားပြုလုပ်လိုက်သည်။ သူမသည် 31ခုပြုလုပ်ခဲ့ပြီး အပိုတစ်ခုမှာ အလွန်ကြီးမားပြီး အထုပ်ငါးထုပ်စာရှိပေသည်။


ဘာကြောင့် 31 ရှိတာလဲ…


အကြောင်းမှာ၊ကျန်တစ်ထုပ်ကို သူမ စား‌ချင်နေတာကြောင့်ပင်။ တစ်နေ့ကို ရာနှင့်ချီသည့် ဟင်းလျာများအား စားနေကြသူ အကဲဖြတ်ဒိုင်များလိုမဟုတ်သဖြင့် သူမ အတွက် များများလိုအပ်ပေသည်။


ကြာပန်းထုပ်နဲ့ ထုပ်ထားတဲ့ အမည်မသိ အစားအစာနဲ့ တူပြီး ရိုးရှင်းတဲ့ ပုံစံလေးကြောင့် ဘယ်သူကမှ မမြည်းဘဲ ကျော်သွားမှာလား....


ထမင်းထုပ်ပေါ်တွင် စမတ်ပရိုဂရမ်ကို တပ်ဆင်ထားတာကြောင့် စက်ရုပ်သည် ကြာရွက်ကို အလိုအလျောက် အခွံခွာပေးသွားမှာ ဖြစ်၍ ထိုကိစ္စကို မစိုးရိမ်တော့ပေ။ ထို့နောက် သူမသည် အခြားပြိုင်ပွဲဝင်များနှင့် မတူဘဲ အကြိမ်များစွာ ချက်ပြုတ်ပြီးနောက် ဟင်းလျာဘူးထဲသို့ ထည့်ကာ တိုက်ရိုက် ပေးပို့ခဲ့သည်။ တစ်နာရီသာ ကြာသွားသောကြောင့် သူမ၏ဟင်းလျာသည် ပထမဦးဆုံးသော ဟင်းလျာများထဲမှတစ်ခုဟု သတ်မှတ်ခံထားရသည်။ အကဲဖြတ်သူများနှင့် အရသာခံသူများသည် စားသောက်ရန် မငြီးငွေ့သေးချိန်လည်းဖြစ်သည်။


အကဲဖြတ်ဒိုင်များနှင့် အရသာမြည်းစမ်းသူတို့သည် ညစာစားပွဲအလယ်ရှိ ကြာရွက်ထုပ်များကို တွေ့သောအခါ အားလုံး ထိတ်လန့်သွားကြသည်။


ဖာ့ခ် ဒါဘာကြီးလဲ... ဘယ်ပြိုင်ပွဲဝင်ကများ ဒီလိုအလကား အမှိုက်ထုပ်ဟင်းကို လုပ်ခဲ့တာလဲ


ယခုနှစ်၏ ခေါင်းစဉ်မှာ ဇာ့ခ်အသားလည်း ပါရမည်ဟု ဆိုထားသဖြင့် ဟင်းပွဲပုံစံက အလွန်အရေးကြီးသည်။


ယခုလို အရွက် ဖက်ထုပ်မျိုးကို ဘယ်သူက စမ်းကြည့်ချင်မှာလဲ…အထဲမှာ ဘာရှိတယ်ဆိုတာ ဘယ်သူသိလဲ.


ဒိုင်လူကြီးများနှင့် မြည်းစမ်းသူအားလုံးက ငြင်းဆိုကြသည်။


ရွေးချယ်ထားသော ထောင်သောင်းချီ ပရိသတ်များသည် သူတို့ မကြိုက်သော ဟင်းလျာများကို မစားလည်းမစားရသည့်အတွက် 0 မှတ် ပေးနိုင်သော်လည်း အကဲဖြတ်ဒိုင်များသည် လုံးလုံး မစားချင်လျှင်တောင် အနည်းဆုံး အနည်းငယ် ကိုက်ရပါမည်။


ဒိုင်လူကြီးများသည် သူတို့စိတ်ထဲမှ ဤဟင်းချက်သူကို ကျိန်ဆဲနေကြသည်။


အရွက်ထဲမှာ တခြားဘယ်လိုမျိုးကြောက်စရာကောင်းတဲ့ ဟင်းကြီးထည့်ထားပြီး သူတို့ကို အရှက်ရအောင် နောက်ပြောင်တော့မှာလား…


သို့သော် စက်ရုပ်သည် ပန်းကန်ကို ချလိုက်သည်နှင့် လင်းယောင်ယောင် ကြိုတင်သတ်မှတ်ထားသည့်အတိုင်း ကြာပန်းရွက်ထုပ်ကို ဖွင့်လိုက်သည်။ ထို့နောက် အကဲဖြတ်ဒိုင်များနှင့် အရသာမြည်းသူများလည်း ပန်းကန်ကို စိုက်ကြည့်လိုက်သည်။ထမင်းတစ်စေ့တိုင်းမှာ ထူးခြားဆန်းပြားနေသည်။ အသားတုံးများသည် အနီရောင်တောက်တောက်ဖြစ်ပြီး ကြာရွက်၏မွှေးရနံ့နှင့် အသားအမျိုးမျိုးအနံ့တို့ ရောယှက်နေသည်။


စောစောက ငြင်းနေသည်များကို လုံးလုံးမေ့သွားကြပြီး ဇွန်းသေးသေးလေးကို စိတ်လိုလက်ရ ကောက်ကိုင်လိုက်ကြ၍ တစ်ဇွန်းစားကြည့်လိုက်သည်။ ထမင်းက မွှေးပျံ့အရသာရှိပြီး အသားကလည်း အရသာရှိသည်။ ခြုံပြောရလျှင် အရသာက အတော်လေးကို ပြီးပြည့်စုံလှသည်။


လင်းယောင်ယောင် သည် အသားပါဝင်ပစ္စည်းများကို စိတ်စွမ်းအင်ဖြင့် ပြုပြင်ထားသည်။ သူမသည် Star Network ၏ စံပြပတ်ဝန်းကျင်တွင် အသားပါဝင်ပစ္စည်းများကို စီမံဆောင်ရွက်ထားသောကြောင့်၊ ကုသရေးအာနိသင်သည် သာလွန်ကောင်းမွန်ပြီး စွမ်းအင်အဆင့်မှာ အဆင့် -3 ဖြစ်သည်။သူမသည် ဇာ့ခ်အသားပါဝင်ပစ္စည်းကို အနည်းငယ်သာ ထည့်ထားသည်။ သို့မဟုတ်ပါက အဆင့်-4အထိ ရှိသွားနိုင်ပေသည်။


ဤကဲ့သို့သော အရန်ကုထုံးအကျိုးသက်ရောက်မှုသည် အစားအစာကုထုံးပညာရှင်များကြားတွင် လုံးဝကို တုန်လှုပ်ချောက်ချားစေသည်။ ဤမာစတာ အစားအစာကုထုံးပညာရှင်များတောင်မှ အချိန်တိုင်း ပြီးပြည့်စုံသည့် ဟင်းလျာများကို မဖန်တီးနိုင်ပေ။ အရန်ကုထုံးအကျိုးသက်ရောက်မှုမှာ ပြောစရာမလိုအောင် အလွန်ကောင်းမွန်သည်။


ထမင်းထုပ်ကို ပထမဆုံးမြင်ရတုန်းက ပထမအထင်အမြင်နှင့် နှိုင်းယှဥ်လိုက်လျှင် ယခုအမြင်က လုံးဝ ပြောင်းလဲသွားခဲ့သည်။ ရှေးခေတ် တရုတ်ရိုးရာအစားအစာများနှင့် ဇာ့ခ်အသား၏ အရသာအတွက် အစားအသောက်ကုထုံးပညာရှင်များသည် ဘေးကင်းစေရန်အတွက် အရိုးရှင်းဆုံး အကြွပ်ကြော်ထားသော ဇာ့ခ်အသားချောင်းများကို ရွေးချယ်ကြသည်။ အရသာက သိပ်မဆိုးသော်လည်းလူတိုင်းက အကြွပ်‌ေကြာ်များချည်းလုပ်ထားသဖြင့် ဒိုင်လူကြီးများလည်း ငြီးငွေ့နေကြသည်။


ယခုအခါတွင် အဓိကအစားအစာနှင့် ဟင်းလျာမချက်ဘဲ ထမင်းကိုအဓိကသုံးထားသည့် ဟင်းလျာမျိုးကို သူတို့ ပထမဆုံးတွေ့လိုက်ရသည်။သူတို့လည်း ဇွန်းကို ခဏခဏခပ်ပြီးစားလိုက်သောအခါ ခဏလေးနှင့်ကုန်သွားတော့သည်။

သွားပြီ…


'ဒီလောက် အရသာရှိတဲ့ဟင်းက ဘာလို့ နည်းနေတာလဲ'


ဤ လက်ရာပိုင်ရှင်က ဘယ်သူဘယ်ဝါမှန်း သိရဖို့ မစောင့်နိုင်တော့ပေ။ Star Network သို့ ပြန်သွားသောအခါတွင် သူတို့ ထပ်စားရမည်ဖြစ်သည်။ပိုက်ဆံကုန်တာက အရေးမကြီး၊ထပ်စားရဖို့သာ လိုသည်။


"အရမ်းအရသာရှိတယ်…အမှတ်ပြည့်ရသင့်တယ်"


"ဘာလို့လဲမသိဘူး၊ ဒါပေမယ့် ဒါက လင်းယောင်ယောင် ရဲ့လက်ရာ ဖြစ်မယ်ထင်တယ်... သူမက အမြဲတမ်း ဒီလိုပဲ အံ့သြစရာတွေ လုပ်တတ်တယ်"


"ဒီဟင်းရဲ့ အရသာကို ဖော်ပြဖို့ အမှတ် 100 နဲ့တောင် မလောက်ဘူးလို့ ခံစားရတယ်"


စျေးဝယ်ပလက်ဖောင်းသည် မြည်းစမ်းသူများကို ရွေးချယ်သောအခါက၊ ဇာ့ခ်အသားကို မြည်းစမ်းကြည့်လိုသူများကိုသာ ရွေးချယ်ခဲ့သည်။ ဇာ့ခ်အသားကို လင်းယောင်ယောင် မှ အဆိုပြုခဲ့ခြင်းဖြစ်ပြီး အရသာမြည်းစမ်းသူ တစ်သောင်းနီးပါးသည် အမှန်တစ်ကယ်ပင် လင်းယောင်ယောင် ၏ ပရိသတ်များဖြစ်သည်။


အထူးသဖြင့်၊ အရသာမြည်းသူများတွင် လူနှစ်ဆယ်သည် လင်းယောင်ယောင် ၏ ပထမဆုံး ဇာ့ခ်အသားမြည်းစမ်းပွဲသို့ တက်ရောက်ခဲ့ကြသူများပင်။ထို့ကြောင့်၊ဤဟင်းပွဲကို သူမ လုပ်ထားမှန်း သိပေသည်။


အရသာမြည်းစမ်းသူတိုင်းကို အခန်းတစ်ခန်းစီ ခွဲထားသည်။ထို့အပြင် Star Network သည် အရသာ မြည်းစမ်းသူများထံသို့ ပြိုင်ပွဲဝင်များ၏ မည်သည့်အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း တချို့က ခန့်မှန်းနိုင်ကြသည်။


လင်းယောင်ယောင် သာလျှင် အရသာရှိပြီး အလွန်ကောင်းမွန်သော ရှေးတရုတ်အစားအစာနှင့် ဇာ့ခ်အသား၏ အရသာနှစ်မျိုးကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည့် ဤကဲ့သို့ အရသာရှိပြီး ကောင်းမွန်သော ဖြည့်စွက်စာအား ချက်နိုင်သူဖြစ်ကြောင်းကို လူအများက ရိပ်မိသွားကြသည်။ သူတို့လည်း ရမှတ်ကို သတ်မှတ်ပြီးသည်နှင့် ပြထားသည့် ပြိုင်ပွဲဝင်နာမည်က "Eleven" ကို တွေ့လိုက်ရ၏။


လင်းယောင်ယောင်သည် ဝင်ခွင့်တင်သွင်းပြီးနောက် သူမ ပြိုင်ပွဲဝင်များ၏ စောင့်ဆိုင်းခန်းကို ပို့လိုက်သည်။ အခန်းထောင့်တစ်နေရာတွင် လူအုပ်တစ်ခုသည် သူမ လုပ်ထားသော ထမင်းထုပ်ကိုဖွင့်၍ စားနေကြသည်။

မကြာမီ၊ သူမ၏ ရမှတ်ကြေငြာသံကို ကြားလိုက်သောရအခါ မတ်တတ်ထရလိုက်သည်။


ဘာလဲဟ…


ပြိုင်ပွဲဝင် "Eleven" ရဲ့ "ထမင်းထုပ်" က ရမှတ် 120 ရခဲ့ပါတယ်...


သူမ နားကြားမှားနေတာလား…


ဤအမှတ်က ဖြစ်နိုင်ချေအမြင့်ဆုံးရမှတ်ဖြစ်သောကြောင့်၊ မကြုံစဖူးအပြည့်ရခြင်းဖြစ်သည်။ ဤရမှတ်ကို ဘယ်သူမှ မကျော်နိုင်တော့။ စနစ်သည် ထိုအသံကို သုံးကြိမ်တိုင်တိုင် ထုတ်လွှင့်ခဲ့သည်။


နောက်ဆုံး စုစုပေါင်းရမှတ်ကို အကဲဖြတ်ဒိုင် 30 ဦး၏ ပျမ်းမျှရမှတ် 60% နှင့် မြှောက်ပြီး ပရိသတ် 10,000 တို့၏ အမှတ် 40% မြှောက်ကာ အဆုံးတွင် အပိုရမှတ်များကို ပေါင်းထည့်ခြင်းဖြင့် တွက်ချက်ရသည်။


တစ်နည်းဆိုရသော် လင်းယောင်ယောင် သည် အကဲဖြတ်ဒိုင်များနှင့် ပရိသတ်အားလုံး ဟင်းပွဲအပြီးတွင် ရမှတ်အပြည့်ရခဲ့သည်ဟု ဆိုလိုသည်။ အပိုအမှတ်များအားလုံးကိုလည်း ရခဲ့သည်။


သူမသည် ယခု "Eleven" အကောင့်ကို အသုံးပြုနေသောကြောင့်၊ သူမ၏ မျက်နှာပုံသဏ္ဍာန်သည် လူသုံးများသည့် စနစ်ပုံသေဖြစ်သည်။ ထို့ကြောင့် သူမသည် အမှတ်အပြည့်ရခဲ့သော လင်းယောင်ယောင် မှန်း ဘယ်သူမှ မသိကြပေ။


တခြားပြိုင်ပွဲဝင်များသည် ဟင်းလျာများအား သေသေချာချာ ‌ရွေးချယ်ပြီးမှ 3,4မျိုး လုပ်ထားကြသည်။ပြီးလျှင်၊သူတို့၏ ဖြည့်စွက်အစားအစာများကို အတွေ့အကြုံများဖလှယ်ရန် အခြားသော အစားအသောက်ကုထုံးပညာရှင်များထံ ပေးပို့ခဲ့သည်။ ယခင်က လင်းယောင်ယောင် ဆီကို တစ်ယောက်ယောက် လာခဲ့‌သော်လည်း အဝေးမှနေ၍ သူမ လက်ထဲမှ ကြာပန်းရွက်ကြီးကို တွေ့လိုက်ရလျှင် ချက်ချင်းလှည့်ပြီး ထွက်သွားခဲ့သည်။သူမ လက်ထဲတွင် ဘယ်နေရာမှာမဆို ပေါပေါပဲပဲ တွေ့ရသော ကြာရွက်ကြီးကိုင်ထားသဖြင့် သူမဆီမှ အကြံသွားတောင်းလျှင်လည်း တလွဲအကြံများ ပေးမှာစိုးတာကြောင့်ဖြစ်သည်။


ယခုမူ အစားအသောက်ကုထုံး ပညာရှင်များသည် "Eleven" က 120 မှတ်ရထားကြောင်းကို ကြားလိုက်သည့်အခါ တုန်လှုပ်သွားကြ၏။ လင်းယောင်ယောင် ပြီးလျှင် လက်ရှိ ဒုတိယနေရာက 106.5 မှတ်သာရှိသည်။


သူမသည် အလွန်ထက်မြက်ကြောင်း လူတိုင်းသိကြသော်လည်း သူမသည် ဤမျှလောက် ထက်မြက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။သူမသည် တခြားသူများကို ရှေးဟောင်း တရုတ်အစားအစာများနှင့် ဇာ့ခ်အသားဟင်းချက်နည်းတွေ အများကြီး သင်ပေးခဲ့သဖြင့် သူတို့ ပိုကြိုးစားလေ့ကျင့်နေသရွေ့ သူမထက်ပိုဆိုးမှာမဟုတ်ပေ။ထို့ကြောင့်၊ သူတို့အားလုံးမှာ သူမ၏ ချက်ပြုတ်နည်းများကို အသုံးပြုခဲ့သည်။ အနည်းငယ် ဆန်းသစ်တီထွင်ပြီးနောက်၊ သူတို့သည် သူမထက်ပင် ပိုကောင်းလာနိုင်သေးသည်။


လင်းယောင်ယောင် သည် ရှေးခေတ်တရုတ်အစားအစာချက်ပြုတ်နည်းများကို အားလုံးကိုမျှဝေခဲ့သဖြင့် အများထံမှ လေးစားမှုကို ရရှိခဲ့သည်။ သို့သော် လူတော်တော်များများက သူမသည် တုံးအလွန်းသည်ဟု ထင်နေကြသည်။တပည့်များက ဆရာ့ထက်သာလွန်သွားမည့်အချိန်ရောက်လာမှာ စိုးရိမ်နေကြ၏။သို့သော်၊ သူမမှာ သူတို့ တစ်ခါမှ မကြားဖူးသည့် ဆန်းသစ်သော နည်းလမ်းများ ရှိနေပေသည်။ ထို့ကြောင့် အားလုံးကို အပြီးအပိုင် အနိုင်ယူလိုက်ပြီး မကြုံဖူးသော အမှတ်ပြည့်ရခဲ့သည်။


သူမ စောင့်ဆိုင်းခန်းထဲမှာ ရှိနေသည်ကို မသိကြသူများသည် ဧည့်ခန်းတစ်ဝိုက်မှာ အမှတ်ပြည့်ရသွားသည့် ထမင်းထုပ်ကို ဝိုင်းရှာနေကြလေသည်။


ဒီထမင်းထုပ်က ဒီမှာမရှိဘူးလား...


တုန်လှုပ်သွားပြီးနောက် လင်းယောင်ယောင် လျင်မြန်စွာ ငြိမ်သက်သွားသည်။ အဆင့်က သူမ စိတ်ကူးထားသည်ထက် ကျော်လွန်သော်လည်း အမှန်တစ်ကယ်ပင် ဇာ့ခ်အသားထမင်းက အရသာရှိသည်။ ဇာ့ခ်အသားကို မမုန်းသူတစ်ယောက်ကသာ သူမ ထမင်းကိုမကောင်ဘူးဟု ပြောလာပါက၊ထိုလူ ရူးနေခြင်းသာ။ ထို့နောက် သူမသည် ခေါင်းငုံ့ပြီး ထမင်းထုပ်ကို ဆက်စားလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမပတ်ဝန်းကျင်မှာ တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ အကြောင်းမှာ အလင်းရောင်က ပိုပိုပြီး မှောင်လာခြင်းပင်။


သူမ မော့ကြည့်လိုက်လျှင် အံ့အားသင့်သွားသည်။


သူတို့တွေ ဘယ်အချိန်ကတည်းက စုဝေးနေတာလဲ…သူတို့တွေ ခေါင်းချင်းဆိုင်ပြီး ကြည့်နေကြတာက သူမရဲ့ ထမင်းထုပ်တစ်ဝက်ကို ကြည့်နေကြတာလား…



xxxxx

Ei Thet Hmue