အခန်း၉၉
Viewers 8k

Chapter 99

(အစ်ကိုရွှမ် ၏ အေးစက်သောသဘောထား)


အစားအသောက်ကုထုံးပညာရှင် တစ်ယောက်က တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး မေးလိုက်သည်။


"နင်က လင်းယောင်ယောင်လား"


ကောင်လေးတစ်ယောက်က


"ဒါပဲ ဖြစ်မှာပေါ့…ကောင်မလေးက "Eleven" လိုပဲ Star Network ရဲ့ ပုံသေမျက်နှာကို သုံးနေတယ်လေ၊ အဲဒါ မင်းပန်းကန်ထဲမှာက အမှတ်ပြည့်ရထားတဲ့ ထမင်းထုပ်လား"


တစ်စုံတစ်ယောက်က တိုးတိုးလေးပြောလာသည်။


"အနံ့က အရမ်း မွှေးတယ်နော်"


လင်းယောင်ယောင် သည် သံသယဖြစ်ဖွယ် အသံများကိုလည်း ကြားလိုက်ရသည်။ အချို့က သူမကို မကောင်းပြောချင်ကြသည်။


"ပုံစံက ကြည့်မကောင်းပါဘူး... ဒီလိုဟင်းက ဘယ်လိုလုပ်ပြီး အမှတ်ပြည့်ရနိုင်မှာလဲ"


သူမလည်း ခေါင်းမော့ပြီး မကောင်းဘူးဟု ပြောသူကို ကြည့်လိုက်၏။ သူမသည် လှပတင့်တယ်သော မိန်းကလေးဖြစ်သည်။ ထို့အပြင် ဤမျက်နှာက သူမ သိနေသော မျက်နှာတစ်ခုပင်။ ပထမအကျော့တွင်၊ ဤအမျိုးသမီးသည် သူ့ကိုယ်သူ ကြော်ငြာရန် လှည့်ကွက်များ အသုံးပြုခဲ့သူဖြစ်သည်။3ရက်ခန့် အဆင့်ကောင်းကောင်းတွင် နေရာရလိုက်သော်လည်း နောက်ဆုံးတွင် သူမသည် အဆင့် 19 သို့ လျှော့ချခံခဲ့ရသည်။ သူမသည် ကျန်းယန်ချောင်း ပင်ဖြစ်သည်


အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လင်းယောင်ယောင် ကို ထောက်ခံသော မဲများကို သူမက ပယ်ဖျက်လိုက်သောကြောင့် ဖြစ်သည်။ စွမ်းအင်အရ၊ ပထမပြိုင်ပွဲတွင် ကျန်းယန်ချောင်း ၏ ဟင်းပွဲသည် သူမပြီးလျှင် ဒုတိယဟု ဆိုနိုင်သည်။


ကျန်းယန်ချောင်း သည် ရှေးဟောင်း တရုတ် ဟင်းလျာများကို မကျွမ်းကျင်သလို ဇာ့ခ်အသားကိုလည်း မသုံးချင်ပေ။အကြောင်းမှာ၊ သူမသည် လင်းယောင်ယောင် နှင့် နီးစပ်သည့်အရာများနှင့် မပတ်သက်လိုခြင်းကြောင့်ပင်။


သို့သော် အမှတ်ရရန်အတွက် သူမ ကြိတ်မှိတ်ပြီး အရသာကောင်းမွန်သော ခရမ်းချဉ်သီးပြုတ်နှင့် ဇာ့ခ်အသားကို အရသာကောင်း၊ ကုထုံး အာနိသင် ကောင်းမွန်ပြီး မြင့်မားသော စွမ်းအင်တန်ဖိုးတို့ရအောင် ပြုလုပ်ခဲ့သည်။ထို့ကြောင့် သူမသည် 106.5 ရရှိခဲ့သည်။ လင်းယောင်ယောင် ပထမနေရာကို မရယူခင် သုံးမိနစ်အတွင်း သူမ ဘယ်လောက်တောင် ပျော်ရွှင်နေခဲ့သလဲ…


သူမ၏ ရမှတ် 106.5 သည် လင်းယောင်ယောင် ရှေ့တွင် ဟာသတစ်ခု ဖြစ်လာခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ဤသည်မှာ ပါရမီရှင်တစ်ဦးနှင့် ရိုးရိုးသာမာန် ထက်မြက်သူ တစ်ဦးကြားမှကွာဟချက်ဖြစ်ပြီး သူမသည် လင်းယောင်ယောင်ကို နိုင်မှာမဟုတ်ကြောင်း လူအများက ပြောကြသည်။


ကျန်းယန်ချောင်း အလွန်စိတ်ပျက်သွားသည်။ ကံမကောင်းစွာဖြင့်၊ သူမ၏ အဘိုးသည် ဖြည့်စွက်အစားအစာ၏ အရသာကို သိပ်ဂရုမစိုက်သူ ဖြစ်သောကြောင့် ဤဒုတိယပွဲတွင် ပါဝင်ရန် တရားသူကြီးအဖြစ် အရွေးမခံခဲ့ရပေ။ မဟုတ်လျှင်၊ လင်းယောင်ယောင် အမှတ်ပြည့် ရနိုင်မှာ မဟုတ်ပေ။


လင်းယောင်ယောင် သည် ပန်းကန်ပြားငယ်နှင့် ဇွန်းငယ်တစ်ချောင်းကို သူမ၏ အာကာသ‌ ခလုတ်မှ ထုတ်ပြီး မှုန်ကုပ်ကုပ်ပြုံးလိုက်သည်။ ထို့နောက် သူမသည် ထမင်းထုပ်၏ မထိရသေးသော နံဘေးမှ ထမင်းအနည်းငယ်ကို လှမ်းယူလိုက်ပြီး


"ဒီတစ်ဝက်ကို မစားရသေးဘူး"


လူတိုင်းသည် သူမ၏ လုပ်ရပ်ကို ကြည့်နေကြသည်။ သေချာသည်က၊ သူမသည် တစ်ယောက်ယောက်ကို ထမင်းကျွေးမှာဖြစ်၍ အားလုံး ချက်ချင်းပဲ စောင့်မျှော်နေကြသည်။


ထိုစဉ် သူမ အနီးကပ်ရပ်နေသည့် ကောင်လေးတစ်ယောက်က ချက်ချင်းပြောလိုက်၏။


" ယောင်ယောင်…ငါ မြည်းကြည့်လို့ ရမလား… ဘယ်လိုလဲဆိုတာ ငါ အကုန်ပြောပြပါ့မယ်"


ထိုအခါ ၊သူ့ဘေးက တခြားသူများက လူလည်ကျနေ၍ အချင်းချင်း တွန်းထိုးလိုက်ကြသည်။ ထိုစဉ် လူတိုင်းက


"ကျောင်းသား ယောင်ယောင်…ငါ့ကိုရွေး၊ ငါ့ကိုရွေး"


သို့သော်၊လင်းယောင်ယောင် က မုန့်ပန်းကန်သေးသေးလေးကို ယူသွားပြီး သူမနှင့် အနည်းငယ်ဝေးသည့် ကျန်းယန်ချောင်း ကို ပေးလိုက်သည်။


ကျန်းယန်ချောင်း မယုံနိုင်ဖြစ်သွားရ၏။


"ငါ့အတွက်လား"


သူမ ခေါင်းညိတ်လိုက်သည်။


"ဟုတ်တယ်… နင် ရှုံးသွားပြီဆိုတာ ယုံရအောင်လို့…နင် မစားရဲဘူးလား"


ကျန်းယန်ချောင်း သည် သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ ချက်ချင်းပင်


"ဘယ်လိုလုပ်ပြီး မစားရဲရမှာလဲ"


ထို့နောက် သူမသည် လင်းယောင်ယောင် လက်ထဲမှ ပန်းကန်ပြားကို သပ်သပ်ရပ်ရပ် ကိုင်လိုက်သည်။ဤဂုဏ်ထူးဆောင်ဆုကို ဆွတ်ခူးရခြင်းအတွက် လူအချို့က ကျန်းယန်ချောင်း အလွန် အားကျနေကြ၍ သူမ ပြုံးပြီး ပြောလိုက်သည်။


"စိတ်မပူပါနဲ့… စိတ်ဝင်စားရင် နောက်ဆို virtual space ကို သွားကြည့်လို့ရတယ်"


"ကောင်းပြီ…အဲဒီ့အချိန်ကျရင် ငါတို့ သေချာပေါက် စားကြည့်မှာပါ"


အခန်းတွင်းရှိ အစားအသောက်ကုထုံးပညာရှင် အများအပြားသည် လင်းယောင်ယောင် ၏ ရှေးတရုတ်အစားအစာ သင်ကြားရေး ဗီဒီယိုများအတိုင်း လိုက်လုပ်ခဲ့ကြသည်။သူမကို ပြိုင်ဖက်တစ်ဦးအဖြစ် လုံးဝမမှတ်ယူဘဲ သူမအား idol နှင့် ဆရာမအဖြစ်သာ မှတ်ယူခဲ့သည်။ သူမ ကြောင့်သာ မဟုတ်ပါက၊ အစားအသောက်ကုထုံး ပညာရှင်များသည် ယခင်နှစ်များကလိုပင် ပြိုင်ပွဲတစ်လျှောက် ပေါ့ပေါ့ပါးပါးနှင့် ခုံတန်းရှည်ပေါ်တွင်သာ ထိုင်နေရမည်ဖြစ်သည်။


ထမင်းထုပ်ကိုစားလိုက်သော ကျန်းယန်ချောင်း သည် ထမင်းစေ့တိုင်းတွင် မွှေးရနံ့နှင့် အသားများ၏ ကြွယ်ဝသောအရသာကို ခံစားရကာ ပျော်ရွှင်မှု နှင့် ကျေနပ်မှုကိုလည်း ခံစားခဲ့ရသည်။ ဤထမင်းက ဘယ်လောက်အရသာရှိသည် ဆိုတာကို သူမ ဝန်ခံရုံသာမက လျှို့ဝှက်ဆန်းကြယ်နေကြောင်းကိုလည်း သိလိုက်ရသည်။ ရိုးရိုးထမင်းထုပ်ထဲတွင် ထည့်သော ပါဝင်ပစ္စည်းများ ပါဝင်သည်ဟု ထင်ရသည်။ ယခုလို အံ့သြစရာကောင်းသည့် အရသာကို ဖန်တီးဖို့အတွက် ဘယ်လို လုပ်ရမှန်း သူမ မသိပေ။ သူမ ဘာကြောင့် ရှုံးသွားရသည်ကို သူမ သိသည်။ သူမ လုပ်ထားသည့် ဇာ့ခ်ခရမ်းချဉ်သီးပြုတ်က အရသာကောင်းသော်လည်း မပြည့်စုံပေ။


ကျန်းယန်ချောင်း သည် မိမိကိုယ်မိမိ ချုပ်တည်းပြီး ကျန်ထမင်းကို မစားရန် မည်မျှအထိ ချုပ်တည်းခဲ့ရသည်ကို ဘုရားသခင်ကသာ သိပေ၏။ သူမသည် ယခင်က လင်းယောင်ယောင် ပြုလုပ်သော ဟင်းလျာများကို မြည်းစမ်းခဲ့ဖူးသော်လည်း သူမ၏ မလိုမုန်းထားမှုနှင့် မနာလိုမှုတို့ဖြင့် မျက်ကွယ်ပြုထားခြင်းကြောင့် ကောင်းကောင်းမမြည်းနိုင်ခဲ့ပေ။ အရသာကောင်းသည်ဟု ထင်ခဲ့သော်လည်း သူမ ချက်ပြုတ်တာထက် အများကြီးပိုကောင်းသည်ကို ဆိုတာကို သူမ ဝန်မခံချင်ပေ။


ထို့ကြောင့် ယခုလည်း တည်ငြိမ်ဟန်ဆောင်ပြီး


"ဟုတ်တယ်… မဆိုးပါဘူး၊ ဒါပေမယ့် သိပ်မကောင်းဘူး"


လင်းယောင်ယောင် ၏ လက်ရာသည် သူမ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဝန်ခံရန် တွန့်ဆုတ်နေခဲ့သည်။


ထိုအခါ၊လင်းယောင်ယောင် က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး


"အိုး… ဒါဆို ငါ့ဆီ ပြန်ပေးလိုက်… အမှိုက်ပုံးထဲ ပစ်ချလိုက်မယ်"


ကျန်းယန်ချောင်း အံ့သြသွားသည်။ ထိုကဲ့သို့ အရသာရှိသော ထမင်းထုပ်မှာ လင်းယောင်ယောင် ချက်ထားခြင်းဖြစ်၍ စိတ်ထဲမှာ နှမြောစိတ်ဖြစ်သွားလေသာ်။

အမှိုက်ပုံးထဲကို သူမ ဘယ်လိုပစ်ချရမလဲ…


ထို့နောက် ထမင်းထုပ်ကို သူမ၏ virtual အာကာသ ခလုတ်ထဲသို့ အမြန်ထည့်လိုက်ပြီးမှ ရှက်သွားပြီး


"ငါက အစားအစာတွေဆို မဖြုန်းတီးချင်တာပါ"


လင်းယောင်ယောင် က အဓိပ္ပါယ်ရှိစွာ "အို"ဟုရေရွတ်လိုက်ရာ အားလုံးကလည်း လိုက်ပြောကြသည်။


"အို့...အို... တချို့လူတွေကကျတော့ ဖြည်းဖြည်းချင်းစားဖို့ အိမ်ပြန်ယူသွားတာနော်…ဘာပဲဖြစ်ဖြစ် အစားအသောက်ကို မဖြုန်းတီးပါနဲ့"


အချို့လူများက ကျန်းယန်ချောင်း ၏ အမူအရာကို မကြိုက်သောကြောင့် ပြောလိုက်သည်။


"အလဟဿဖြစ်မှာမဟုတ်ဘူး ညီမလေး… ဘာပဲဖြစ်ဖြစ် အဲဒါက ဖြည့်စွက်စာတစ်ခုပဲလေ…မစားချင်ဘူးဆိုရင်လည်း ငါ့ကိုပေး"


သူမ ပြောသမျှသည် ဆင်ခြေသက်သက်သာဖြစ်ကြောင်းကို လူတိုင်းသိသွားရသည်။ ယခုမှ ၊သူမ၏ အာကာသခလုတ်ထဲ ထည့်ထားသော ထမင်းထုပ်ကို ထုတ်ယူရန် ပို၍ပင် မဖြစ်နိုင်ပေ။ ပြိုင်ပွဲဝင်များသည် ရလဒ်များရရှိပြီးပါက အချိန်မရွေး ထွက်သွားနိုင်သောကြောင့် သူမ ရှက်ရွံ့စွာဖြင့် ခြေထောက်ကို ဆောင့်နင်းကာ စောင့်ဆိုင်းခန်းမှ ထွက်ခွာသွားခဲ့သည်။


အိမ်ပြန်ရောက်ပြီးနောက် ကျန်းယန်ချောင်း ဒေါသတကြီး တွေးနေမိသည်။


သူမကို မနှစ်မြို့ဖွယ်ကြည့်ပြီး ဆန့်ကျင်နေတဲ့ ပြိုင်ဘက်တွေနဲ့ ဆက်ဆံဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ… ခွန်အားနဲ့ အနိုင်ယူတာလား…


ဤသည်မှာ လိုအပ်သော်လည်း ပိုကောင်းသောနည်းလမ်းတစ်ခုမှာ သူတို့ကို အနိုင်ယူပြီး သင့်‌ေရှ့မှောက်တွင် ကျဆုံးစေခြင်းပင်ဖြစ်ပေတော့သည်။


လင်းယောင်ယောင် ကလည်း ထိုအတိုင်း လုပ်နိုင်ခဲ့သည်။


သူမ တစ်ခါတစ်လေ တွေးမိသည်။သူမထက် ရှင်းရှင်းလင်းလင်း သာလွန်သော လင်းယောင်ယောင် ကို တက်နင်းပစ် ချင်လျှင် ခယပြီး သူမအား နည်းလမ်းပြပေးဖို့ ကြိုးစားသင့်ကြောင်းကိုပင်။သူမ ပြုလုပ်သော ဖြည့်စွက်အစားအစာများသည် အရသာရှိပြီး ထိရောက်မှုရှိသော်လည်း လင်းယောင်ယောင် လိုမကောင်းသေး‌ပေ။


အချိန်အတော်ကြာ စိတ်ဓာတ်ကျခဲ့ရပြီးနောက် ကျန်းယန်ချောင်း သည် Weibo သို့သွားလ်ိုက်သည်။


"နောက်ဆုံးပွဲကို စိတ်မကောင်းပါဘူး… ဒီပွဲကနေပြီး ကိုယ့်ကိုကိုယ် မှတ်မိခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ဒါကြောင့် ကောက်နေတဲ့လမ်းမှာ ဆက်မလျှောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ"


လူတစ်ဦးသည် အောင်မြင်မှုအနည်းငယ်ရရှိပြီးနောက် ကိုယ့်ကိုယ်ကို ဂုဏ်ယူကျေနပ်နေပါက၊ တိုးတက်ရန် နေရာမရှိနိုင်ပေ။သူမ သိက္ခာက ရှိနေသေး၍ ယခုထိ လင်းယောင်ယောင်ကို tag မတွဲရဲသေး‌ပေ။ သို့သော်လည်း၊ လင်းယောင်ယောင် က ဤပို့စ်ကိုမြင်နိုင်ဖို့ မျှော်လင့်ထားမိသော်လည်း မမြင်ပါကလည်း အရေးမကြီးချေ။ သူမ ပိုကောင်းလာဖို့ ကြိုးစားနေသရွေ့ လင်းယောင်ယောင် သည် သူမ၏ တိုးတက်မှုများကို မြင်နိုင်ဖို့ အခွင့်အလမ်းများစွာ ရှိပါလိမ့်မည်။


အရန်ကုထုံးပြိုင်ပွဲရှိ အစားအသောက်ကုထုံးအဖွဲ့၏ နောက်ဆုံးရလဒ် ထွက်ပေါ်လာသည်။ လင်းယောင်ယောင် သည် ပထမနေရာဖြစ်ပြီး ဒုတိယနေရာသည် ကျန်းယန်ချောင်း မဟုတ်ဘဲ လင်းယောင်ယောင် နှင့် အတန်းတူဖြစ်သော ကျန်းရို့ ဖြစ်သည်။ သူမ၏ စုစုပေါင်းရမှတ်မှာ 107 ဖြစ်ပြီး ကျန်းယန်ချောင်း ထက် အနည်းငယ်သာ ပိုမြင့်သွားသည်။


ကျန်းရို့ သည် ပူပူနွေးနွေး အာလူးများကို ပါးပါးလှီးထားပြီး ခြစ်ထားပြီး ဇာ့ခ် အသားများကို အလွှာလိုက်ကြော်ထားသည့် ဟင်းပွဲဖြစ်၏။သူမ အသုံးပြုထားသော ငရုတ်သီးသည် အလွန်စားကောင်းပြီး ကြယ်တာရာ လူမျိုးများကြားတွင် ရှားပါးပြီး အရသာကောင်းမွန်သော ငရုတ်သီးချဉ် ဖြစ်သည်။ လင်းယောင်ယောင် ၏ အကြံပြုချက်အတိုင်း သူမသည် ဟင်းပွဲအရွယ်အစားကို ကြီးကြီးမားမား မပြုလုပ်ခဲ့သဖြင့် လူအများက မသိလိုက်ဘဲ ပန်းကန်တစ်ခုလုံးကို စားပစ်ခဲ့ကြသည်။ ထို့ကြောင့်၊ သူမ၏ ကုထုံးအာနိသင်က အလွန်မြင့်မားသော်လည်း၊ သူမသည် အမှတ်20ဘောနပ်စ်ကို ရရှိခဲ့သည်။


ဂီတကုထုံးအဖွဲ့၏ ဒုတိယအကျော့မှာ ယမန်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးခဲ့ပြီး၊ မနက်ဖြန် သောကြာနေ့တွင် ဆေးဝါးအဖွဲ့၏ ပွဲစဉ်ပြီးဆုံးမည်ဖြစ်သည်။


စုချင်းဟယ် က လင်းယောင်ယောင် ကို ဂုဏ်ပြုကြောင်း စာတစ်စောင် ပို့လိုက်သည်။


"နင်က အရမ်းတော်တာပဲ…အမှတ်အပြည့်နဲ့ တစ်ကယ်ထိုက်တန်တယ်"


လင်းယောင်ယောင် ကလည်း သူမကို


"ကျေးဇူးတင်ပါတယ်… မနက်ဖြန် အလုပ်ကြိုးစားရမယ်…နင်လည်း အရမ်းတော်တယ်နော်"


ထို့နောက်တွင် အခြားဆွေမျိုးများနှင့် သူငယ်ချင်းများထံမှ ဝမ်းမြောက်ကြောင်း မက်ဆေ့ခ်ျများ ရရှိခဲ့၏။ လင်းရွှမ် ၏ ဂုဏ်ပြုစကားကမူ ယခုထိ ပေါ်မလာသေးပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က Star Network တွင် သူမသည် နာရီဝက်ကျော်ကြာအောင် စောင့်ခဲ့သော်လည်း သူ့ကို မမြင်ခဲ့ရပေ။သူမ အလွန်ပင် စိတ်ပူလာရတော့သည်။


ဒီလူ နောက်ထပ် မတော်တဆမှု မဖြစ်ဘူး မဟုတ်လား...


အိပ်ရာမဝင်ခင်မှာ သူမ လင်းရွှမ် ကို ဗီဒီယိုကောလ် ခေါ်ဆိုခဲ့သည်။သူ့ကို ဆက်သွယ်ရန် အချိန်အတော်ကြာခဲ့ပြီး ပတ်ဝန်းကျင်ကကိုကြည့်လိုက်ရာ သူရုံးခန်းထဲမှာ ရှိနေပုံရသည်။ သူက သူမကို ပေါ့ပေါ့ပါးပါး တစ်ချက် ကြည့်လိုက်တော့ အေးစက်စက်နှင့် ပြောလာသည်။


" တစ်ခုခု အဆင်မပြေတာ ရှိလို့လား… ကိုယ် အရမ်း အလုပ်ရှုပ်နေတယ်… အရေးမကြီးရင် ဗီဒီယိုကောလ် လာမခေါ်နဲ့ "


လင်းရွှမ် သည် ဗီဒီယိုထဲတွင် ရင်းနှီးသော ကောင်မလေး၏ ရုပ်သွင်ကို လေးလေးနက်နက်စိုက်ကြည့်လိုက်သည်။ သူ့မှာ ပြောစရာတွေ မရေမတွက်နိုင်အောင် ရှိပြီး သူမကို ပွေ့ဖက်နမ်းရှုံ့ပြီး ဂုဏ်ယူကြောင်း ပြောပြချင်မိသည်။


သို့သော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က လုလင်း ကို ရှောင်မင် ၏ မက်ဆေ့ချ်များကို ခြေရာခံစောင့်ကြည့်ရန် တောင်းဆိုသောအခါ သူ့ဘက်မှ မတော်တဆ တန်ပြန်ခြေရာခံခဲ့ရသည်။ ကံကောင်းထောက်မစွာ၊ လုလင်း သည် သူ၏ အထောက်အထားများကို သက်သေမပြနိုင်ခဲ့သလို တစ်ဖက်လူက ၎င်းတို့ကို ရှာမတွေ့ခဲ့ပေ။


Star Network ဟက်ကာသည် လုလင်းထက် အနည်းငယ်သာလွန်ခြင်း သို့မဟုတ်၊ အခြားတစ်ဖက်၏ နည်းပညာသည် လုလင်းထက် လုံးဝမြင့်မားသည်။ တခြားတစ်ဖက်က သူ၏ ကာကွယ်ရေးစနစ်ကို ဘယ်သူမှ ဖောက်ဖျက်နိုင်မှာမဟုတ်ဘူးဟု ယုံကြည်လွန်းတာကြောင့် ရှောင်မင် ၏ လျှို့ဝှက်ဆက်သွယ်ပြောဆိုသူထဲမှာ လျှို့ဝှက်အချက်အလက်အချို့ကို ချန်ထားခဲ့ပြီး ရှောင်မင် ကို စောင့်ကြည့်ဖို့ အသုံးပြုခဲ့သည်။ လုလင်း ၏ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းကို ခံရပြီးနောက်၊ ရှောင်မင် အဟက်ခံရသည်။


ထို့နောက် လုလင်း သည် ရှောင်မင် ထံ တစ်ဖက်က ပေးပို့ထားသော နောက်ဆုံး ကုဒ်ဝှက်ထားသော မက်ဆေ့ချ်တစ်ပိုင်းကိုပင် ကူးယူနိုင်ခဲ့သည်။သို့သော်၊ တစ်ဖက်လူက တစ်ခုခုမှားနေပြီဆိုတာကို သိသွားပြီး လုလင်း ကို ခြေရာခံလိုက်သည်။ ကံကောင်းစွာပင် လုလင်းသည် ဧကရာဇ်မြို့တော်တွင် ရှိနေကြောင်းကိုသာ သိရှိခဲ့ပြီး နောက်ထပ် အချက်အလက်များကို မသိခဲ့ရချေ။


သို့သော်လည်း ရှောင်မင် သည် သူနှင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဆက်သွယ်ခဲ့သူများအား စောင့်ကြည့်ရေးပရိုဂရမ်တစ်ခုနှင့် ထောက်လှမ်းခိုင်းလ်ိုက်သည်။ ထိုအထဲတွင်၊ မကြာသေးမီက သူ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သော လင်းယောင်ယောင် လည်း ပါဝင်သည်။


ကံကောင်းထောက်မစွာ၊ လုလင်း သည် ယခင်က လင်းယောင်ယောင် ၏ ဆက်သွယ်ရေးစက်တွင် လုံခြုံးဆိုင်ရာ နည်းလမ်းများ အနည်းငယ်လုပ်ထားပေးဖူးသည်။ ပုံမှန်မဟုတ်သော ဒေတာစီးကြောင်းတစ်ခုမှ ထိုးဖောက်ဝင်ရောက်လာပါက၊ ၎င်းသည် သူမနှင့် လင်းရွှမ် ၏ လျှို့ဝှက် မီတင်များ၊မက်ဆေ့ချ်များနှင့် အသံဆက်သွယ်မှုကဲ့သို့သော သီးသန့် သတ်မှတ်ထားသော သူမ၏ ကိုယ်ပိုင်အလင်းဦးနှောက်အတွင်းရှိ အချက်အလက်များကို အလိုအလျောက် ဖျက်ဆီးသွားမည်ဖြစ်သည်။


လုလင်း သည် စောင့်ကြည့်ရေးအစီအစဉ်ကို ကြမ်းတမ်းစွာ ဖြိုဖျက်နိုင်သော်လည်း ထိုလူက ၎င်းကို သေချာပေါက် ရှာတွေ့မည်ဖြစ်သည်။

သူသည် ယခု ရှောင်မင် ၏ သီးသန့် အလင်းဦးနှောက်မှ ကူးယူထားသော ကုဒ်ဝှက်ထားသော မက်ဆေ့ချ်စီးကြောင်းကို အပြည့်အဝ ပုံဖော်နေသည်၊ ဆိုလိုသည်မှာ အခြားဖက်၏ စောင့်ကြည့်ရေးအစီအစဉ်ကို ကျော်ဖြတ်နေချိန်တွင် လင်းယောင်ယောင် ကို လျှို့ဝှက်ဆက်သွယ်၍ မရတော့ပေ။


ထို့ကြောင့် လင်းရွှမ် နှင့် လင်းယောင်ယောင် သည် မောင်နှမများသာဖြစ်ကြောင်း ဟန်ဆောင်ဆက်ဆံကာ သာမန်မွေးချင်းဆက်ဆံရေးကဲ့သို့ ဘာမှမထူးခြားသော သဘောထားမျိုး အထင်ရောက်အောင်လုပ်ရပေမည်။ သို့မဟုတ်ပါက ရှောင်မင် ၏ အဖွဲ့များမှ ဟက်ကာများသည် သူမ၏ ဆက်သွယ်ရေးကိရိယာတွင် စောင့်ကြည့်ရေးပရိုဂရမ်ကို တပ်ဆင်ထားလိုက်ပါက အများနှင့်ဆို၍ နည်းပညာတိုက်ပွဲတွင်နိုင်မှာမဟုတ်ပေ။


လင်းရွှမ် ၏ အေးစက်သည့် စကားလုံးများနှင့် သူ့နှလုံးသားက ဤမျှ ပြောင်းလဲသွားမည်ဟု မထင်ထားတာကြောင့် လင်းယောင်ယောင် ရင်ထဲမှာ အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။


သူမနှင့် လင်းရွှမ် တို့ကြားက ကိစ္စကို လင်း မိသားစုရဲ့ မိဘတွေ သိသွားတာလား…


အဖေနဲ့အမေက လင်းရွှမ် ဆက်သွယ်ရေးစက်မှာ စောင့်ကြည့်ဖို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး စီစဉ်ခဲ့တာလား… ဒါကြောင့် သူ ဒီလိုကြီး ပြောနေတာလား


ဒါလည်း မှန်ပုံမပေါ်ပေ။ သူတို့မိဘတွေရှေ့မှာတောင် လင်းရွှမ်က ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့သူပင်။


သို့မဟုတ် လင်းရွှမ် လည်း ကူးပြောင်းလာသူဖြစ်ပြီး ဤအချိန်ကြားထဲမှာ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်နိုင်သည်။သူမ နှလုံးသားထဲတွင် အတွေးများစွာ ပေါ်လာခဲ့သော်လည်း နောက်ဆုံးတွင် သူမသည် လင်းရွှမ် ၏ စကားကို လိုက်နာကာ သူ့သဘောထားထက် ပို၍ ယုတ်မာဟန်ဆောင်နေခဲ့သည်။


"ကုထုံးပြိုင်ပွဲရဲ့ ဒုတိယမြောက်ပွဲကို ပြောချင်နေတာ…ကိစ္စက သေးသေးလေးပဲဆိုတော့ အစ်ကိုကြီး ဆက်ပြီး အလုပ်ရှုပ်နေပါ"


လင်းရွှမ် က "အိုး ဂုဏ်ယူပါတယ်"


ထို့နောက် ဗီဒီယိုကောလ်ခေါ်ဆိုမှုကို ဖုန်းချလိုက်သဖြင့် သူမ ယမ်းမီးပုံကျ ဖြစ်သွားတော့သည်။


တစ်ကယ်တမ်းမှာ၊ လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း ၏ ဆန့်ကျင်မှုကြောင့် မောင်နှမဆက်ဆံရေးသို့ ပြန်သွားရန် သူတို့အတွက် ပိုသင့်လျော်သည်ဟု သူထင်နေခြင်း ဖြစ်နိုင်သည်။ထို့ကြောင့် သူမလည်း သူနှင့် ပြတ်သားနိုင်ရန် အတွက် တစ်ခုခုလုပ်ရမည်ဖြစ်သည်။

သို့သော်၊လက်တွေ့တွင် သူမလုပ်နိုင်တာက သွေးစပျစ်နွယ်ပင်ကလေး၏ ခေါင်းကိုကိုင်ပြီး ငိုနေရုံသာဖြစ်နိုင်သည်။ သူ့ကိုမူ လူချင်းတွေ့ခါမှ ဒေါသပြေအောင် ရိုက်နှက်သင့်ပေသည်။


တစ်ဖက်က လင်းရွှမ် လည်း ခေါင်းကိုက်နေ၏။ ယောင်ယောင် သည် သူ၏ တုံ့ပြန်မှုက ပုံမှန်ထက် ကွဲပြားနေသည်ကို သဘောပေါက်သော်လည်း သူ့ကို စိတ်ဆိုးမှာ မဟုတ်ကြောင်း မျှော်လင့်နေမိသည်။


သူ တွေးရင်းတွေးရင်း သည်းမခံနိုင်တော့ဘဲ မနက်ဖြန် တော်ဝင်မြို့တော်ကို ပြန်ရောက်သည့်အခါ လင်းယောင်ယောင်က "လမ်းခွဲမည်"ဟု ပြောလာမှာကို အစိုးရိမ်လွန်နေတော့သည်။


မနက်ဖြန်အတွက် အထူးအရေးကြီးကိစ္စ ဘာမှမရှိချေ။ ရှိလျှင်ပင်၊ သူ့ဖခင် လင်းထျန်းယွဲ့ သည် ဤစစ်တပ်ကြယ်တာရာပေါ်တွင် ရှိနေမည်ဖြစ်၍ ဤညတော့ ဧကရာဇ်မြို့တော် ကို တိတ်တဆိတ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။




xxxxx