အခန်း၁၀၀
Viewers 8k

Chapter 100

(ညီအစ်ကိုများ)


တစ်ချိန်တည်းမှာပင် မစ္စတာ M သို့မဟုတ် ရှောင်မင် နှင့် လျှို့ဝှက်ဆန်းကြယ်သော အမည်မသိလူတစ်ဦးတို့လည်း စကားစမြည်ပြောနေကြသည်။


အမည်မသိလူက ရှောင်မင် ကို နှစ်သိမ့်ပေးနေ၏။


"စိတ်မပူပါနဲ့…လူတွေက ငါတို့ တာဇာမဟာမိတ် ရဲ့ ကုဒ်ဝှက်ထားတဲ့ ဖိုင်တွေကို ကုဒ်ဖျက်လို့မရပါဘူး…ဉာဏ်ရည်ထက်မြက်တဲ့ ဇာ့ခ်တွေက သာမန် ဇာ့ခ်တွေကို ဦးဆောင်နေမှန်းတောင် မသိကြဘူး… ငါတို့က မင်းထက်မက အဆင့်မြင့်တဲ့ သက်ရှိတစ်မျိုးလေ…ငါတို့ရဲ့ နည်းပညာက ပိုအဆင့်မြင့်တယ်… တစ်ဖက်က ကြားဖြတ်ဖမ်းယူလိုက်တဲ့ မက်ဆေ့ချ်က "သဘက်ခါအစီအစဉ်အတိုင်း" ဆိုတဲ့ စာကြောင်းလေးတစ်ကြောင်းတည်းပါ… မပူပါနဲ့…မနက်အစောကြီးမှာ လူတွေ အလုပ်ဆင်းကြမယ်… ကျောင်းသားတွေလည်း စာသင်ခန်းထဲ ဝင်ကြတဲ့အချိန်မှာ တိုက်ခိုက်ဖို့ အဓိကနေရာက စစ်ပညာရေးအကယ်ဒမီ ကျောင်းဝင်းနဲ့ ဧကရာဇ်မြို့တော်မှာရှိတဲ့ အစည်ကားဆုံးနေရာတွေကိုပဲမလား"


ရှောင်မင် သူ့ရင်ထဲမှာ တွေးနေမိသည်။


ဒါဆို မင်းရဲ့ တာဇာမဟာမိတ် က သူတို့ လူသားတွေရဲ့ အရင်းအမြစ်တွေ ကုန်ဆုံးသွားပြီး ပြိုလဲတော့မယ့် အခြေအနေကြီးပါလား... ဘယ်လိုဖြစ်တာလဲ...


အခြားဂြိုလ်ဆီက စွမ်းအင်တွေ လုယူဖို့ အဆင့်နိမ့် ဇာ့ခ်တွေ ဖန်တီးတာက ထင်သလောက် ခရီးမပေါက်ရင်ရော...


သူ့မှာ ဤလူနှင့် ပူးပေါင်းရန် ဆန္ဒမရှိပေ။ အဆုံးတွင် ရာဇပလ္လင်ပေါ်တွင် ထိုင်နေရလျှင်ပင်၊ အခြားသူများအတွက် ဘာမှ မထူးခြားနားသွားမှာကို သူအလွန်ကြောက်သည်။သို့သော်၊ဤလူက ပေးစွမ်းနိုင်သည့် အလွန်တရာ ဆွဲဆောင်မှုရှိသော အခြေအနေတွေကို သူတစ်ကယ် မငြင်းနိုင်ခဲ့ချေ။


အကယ်၍ သူ၏ နှေးကွေးသော အစီအစဉ်ကိုသာ အားကိုးသည် ဆိုပါစို့။ ထိုအခြေအနေတွင်၊ မိခင်ဘက်မှ မိသားစုတွင် မြင့်မြတ်သောတပ်မဟာရှိသည့် အကြီးဆုံးမင်းသား ရှောင်ရို့ နှင့် မိခင်ဘက်မှ မိသားစုတွင် ဘုရင့်တပ်ဖွဲ့ ရှိသည့် တတိယမင်းသား ရှောင်ကျန်းတို့နှင့် ယှဉ်ပြိုင်ရန် နည်းလမ်းမရှိတော့ပေ။အဆုံးမှာ ဆက်ဆံရေးကောင်းမွန်သည့် ရှောင်ကျန်း ရာဇပလ္လင်ပေါ်မှာ ထိုင်နေမည်ဆိုပါကလည်း သိပ်မဆိုးပေ။


သို့သော်လည်း ရက်စက်ကြမ်းကြုတ်သည့် ရှောင်ရို့ က ရာဇပလ္လင်ပေါ်မှာ ထိုင်ရင် သူ့ကို ဘယ်လိုလွှတ်ပေးမှာလဲ…


ရှောင်ရို့ ၏မိခင်သေဆုံးမှုသည် သူ့မိခင်နှင့် ခွဲ၍မရပေ။ထိုအအကြောင်းကိုပြောရလျှင်၊ ဇာ့ခ်များကို သူ့အမေ၏ မျိုးနွယ်ဟု မှတ်ယူနိုင်သည်။


သူ့အမေရဲ့ မျိုးနွယ်စုရဲ့ ခွန်အားကို အားကိုးတာ ဘာများမှားနေပြီလဲ…


သူ့မိခင် မေလင်းသည် အရပ်သားနွယ်ဖွားဖြစ်ပုံရသော်လည်း အမှန်တစ်ကယ်တော့ တာဇာကြယ်ပွင့်၏ အမြင့်ဆုံးတပ်မှူးဖြစ်သည့် တာဇာဧကရာဇ်၏ မောင်းမတော် တစ်ဦးဖြစ်သည်။ မေလင်း သည် တာဇာများဖမ်းဆီးထားသော လူသားအမျိုးသမီးမှ မွေးဖွားလာခဲ့ပြီး ဇာ့ခ်ခြေလက်အင်္ဂါများ မပါရှိသောကြောင့် သူမအား မျက်နှာသာပေးခဲ့ခြင်း မရှိပေ။ နောက်ပိုင်းတွင် သူမအား အဆင့်မြင့်သူလျှိုအဖြစ် အရှင်သခင် အင်ပါယာသို့ စေလွှတ်ခဲ့သည်။


မေလင်း သည် ဇာ့ခ်များအတွက် လူသားများကို သစ္စာမဖောက်ချင်ပေ။ သို့သော်၊ သူမ၏ သားအကြီးဆုံးသည် တာဇာကြယ်ပွင့်တွင်ရှိပြီး တာဇာမျိုးနွယ်၏အမိန့်ကို နာခံသူဖြစ်သည်။


မူလက မေလင်း ၏တာဝန်တွင် သူ့သား ရှောင်မင် ကို အထက်တန်းအဆင့်သို့ ရောက်အောင် ပံ့ပိုးကူညီခြင်းလည်း ပါဝင်သည်။ သူမ၏အသိစိတ်သည် ဖိအားများအောက်တွင်ရှိသောအခါ၊ မေလင်း ၏ကိုယ်ခန္ဓာသည် လျင်မြန်စွာ ယိုယွင်းလာပြီး ရှောင်မင် ငယ်ရွယ်စဉ်အချိန်မှာပင် သူမ ထိန်းမရတော့ပေ။


မေလင်း ကွယ်လွန်ချိန်တွင် ဒုတိယသားငယ် ရှောင်မင် အား သူမ၏ မူလဇစ်မြစ်ကို ဝန်ခံခြင်းမရှိသော်လည်း တာဇာကြယ်ပွင့်မှလူများသည် ရှောင်မင်ကို လွှတ်ထားမည်မဟုတ်ကြောင်း သူမ သိသည်။ ထို့ကြောင့် ရှောင်မင် ၏၁၅နှစ်မြောက် မွေးနေ့လက်ဆောင်အတွက် အသံသွင်းတိပ်ခွေတစ်ခုပေးခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းပြောပြခဲ့သည်။


သူမ၏ နောက်ဆုံးစကားတွင် တာဇာကြယ်ပွင့်မှ လူများက သူ့ကို ရှာမတွေ့ပါက၊ သူ့ဘဝတစ်သက်တာလုံးကိုယ့် သဘောဖြင့်သာ နေထိုင်သင့်သည်ဟု ရှောင်မင်အား သတိပေးခဲ့သည်။ သူမသည် သားဖြစ်သူကို အခြားသူများထက် သာလွန်ရန် မတောင်းဆိုဘဲ လုံခြုံ ဘေးကင်းရန်သာ တောင်းဆိုခဲ့သည်။


တာဇာကြယ်ပွင့်မှ တစ်ယောက်ယောက်က သူ့ဆီလာလျှင် သူ့ခန္ဓာကိုယ်ထဲတွင် တာဇာသွေး၏ လေးပုံတစ်ပုံမျှသာ ရှိသည်။ ထို့ကြောင့် တာဇာကြယ်ကို လုံးဝကူညီရန် မလိုအပ်ချေ။ သူကောင်းကောင်းနေနိုင်လျှင် ရနိုင်သော်လည်း ပြိုင်ဘက်ကို ဒေါသမထွက်မိအောင် သတိထားရမည်ဖြစ်သည်။


တာဇာများသည် သူတို့၏လက်ထဲတွင် ပိုမိုမြင့်မားသော နည်းပညာများရှိပြီး အဆင့်နိမ့် ဇာ့ခ်များကို ထိန်းချုပ်မောင်းနှင်နိုင်ကြသည်။ အင်ပါယာတစ်ခုလုံးကို မသိမ်းပိုက်နိုင်သော်လည်း အင်ပါယာ၏အင်အားတစ်စိတ်တစ်ပိုင်းကို ကိုင်တွယ်ဖြေရှင်းနိုင်သေးသည်။


မမျှော်လင့်ဘဲ တာဇာကြယ်ပွင့်တွင် မွေးဖွားခဲ့သော မေလင်း၏ အကြီးဆုံးသား မက်ရှဲသည် အလွန်ထူးချွန်ခဲ့သည်။ သူသည် ဇာ့ခ်ညီအစ်ကို မောင်နှမ ရာပေါင်းများစွာထဲမှာ ထင်ရှားပေါ်လွင်ခဲ့ပြီး ယခုအခါ တာဇာဧကရာဇ် အသစ် ဖြစ်လာခဲ့သည်။ ဇာ့ခ်ဘုရင်မသည် သူထိန်းချုပ်ထားသည့် ဇာ့ခ်ပုံစံနျူကလီးယားလက်နက်တစ်ခုမျှသာဖြစ်သည်။


လွန်ခဲ့သည့်သုံးနှစ်က ရှောင်မင် ကို မက်ရှဲ က ဆက်သွယ်လာသောအခါတွင် ဤအစ်ကို၏ လှည့်စားခြင်းကို မခံနိုင်တော့ပေ။


ထိုသူ၏ ကတိကဝတ်က အလွန်လှသည်။ မက်ရှဲသည် အင်ပါယာ၏ ဧကရာဇ်ဖြစ်လာစေရန် သူ့အား ကူညီပေးမည်ဖြစ်သည်။ ထို့နောက် သူသည် Narai ဖက်ဒရေးရှင်းကို ကျူးကျော်ရန် တာဇာမဟာမိတ် နှင့် ပူးပေါင်းပြီး အရှင်သခင် အင်ပါယာ၏ ခိုင်မာသော ရန်သူဖြစ်သည့် ဖက်ဒရေးရှင်းကို တာဇာမဟာမိတ် ၏ တိုင်းပြည်သစ်အဖြစ်သို့ ပြောင်းလဲပစ်မည်ဖြစ်သည်။ပြီးလျှင်၊ ညီအကိုနှစ်ယောက်အတူတကွ ကမ္ဘာ၏ အုပ်စိုးရှင်ဖြစ်လာနိုင်သည်။


"မင်းဟာ ငါ့ညီ…မင်းမှာ အရှုံးကို ဘယ်တော့မှ လက်မခံနိုင်တဲ့ တာဇာ တွေရဲ့ သွေးတွေရှိတယ်…ငါ့အဖေအမေ ညီအကို မောင်နှမ ရာနဲ့ချီပြီး ပြိုင်ခဲ့တယ်…ငါ နိုင်ခဲ့တာ…အခု မင်းမှာ သွေးသားတစ်ဝက် တော်စပ်တဲ့ အစ်ကို တစ်ယောက် ရှိနေတာကို မင်းသူတို့နဲ့မပြိုင်နိုင်ဘူးလား"


ရှောင်မင် သည် သူ့ခန္ဓာကိုယ်ထဲတွင် တာဇာသွေးများ ရှိသည်ကို ဝန်ခံရန် ဆန္ဒမရှိသော်လည်း ရှောင်ကျန်း လို အမှိုက်များက သူ့ကို အနိုင်ယူလို့မရအောင် ကြိုးစားချင်မိသည်။ ရှောင်ရို့ သည် သူနှင့်ရန်ငြိုးကို ဘယ်သောအခါမှ ဖုံးကွယ်ထားခြင်းမရှိပေ။ သူသည် သာမန်လူတစ်ဦးသာ ဖြစ်လိုသော်လည်း အဆုံးတွင် ငြိမ်းချမ်းရေးတစ်ခု မရရှိနိုင်တော့ပေ။


'အမေ၊ ကျွန်တော် တိုက်ချင်လွန်းလို့ မဟုတ်ဘူး...တိုက်မှ ဖြစ်မှာမလို့ပါ'


ထိုသို့ သူစဉ်းစားပြီးနောက် သူ၏ သွေးသားတစ်ဝက် တော်စပ်သည့် အစ်ကိုမက်ရှဲ နှင့် ပူးပေါင်းခဲ့သည်။ ချိုမြိန်မှုများစွာကို မြည်းစမ်းဖူးသော်လည်း ထီးနန်းတက်ရန် ဝေးကွာနေသေးသည်။


လွန်ခဲ့သည့်လ အနည်းငယ်က၊ မက်ရှဲ သည် သူ့ကိုယ်ပိုင် စစ်တပ်တစ်ခုကို ဖွဲ့စည်းတည်ဆောက်ရာတွင် ကူညီရန် အစီအစဉ်တစ်ခုကို အဆိုပြုခဲ့သည်။ ထိုအစီအစဉ်က၊ ဇာ့ခ်များအား အင်ပါယာ၏ ဧကရာဇ်မြို့တော်သို့ဝင်ရောက်စေလိုကြောင်း ကြားရသောအခါ၊ သူ မလိုလားခဲ့ပေ။


သို့သော် မက်ရှဲ ၏အစီအစဉ်သည် ပြီးပြည့်စုံပြီး အလွန်စိတ်လှုပ်ရှားစရာကောင်းလှသည်။


သူတို့သည် အမေ တစ်ယောက်တည်းမှ မွေးဖွားလာသော်လည်း တာဇာ ဧကရာဇ်ဖြစ်သော မက်ရှဲသည် ယခုအခါ တာဇာကြယ်ပွင့်တွင် သူ့အတွက် မိန်းကလေးများ ရာနှင့်ချီရှိနေပြီဖြစ်သည်။ သို့သော် သူ့မှာတော့ မိန်းကလေးနှစ်ယောက်ကိုသာ အတွေးထဲမှာရှိသော်လည်း တစ်ယောက်မှ သူ့ဘက်မှ မရှိနေသေးပေ။

ပထမတစ်ယောက်က လင်းယောင်ယောင် ဖြစ်သည်။ အမှန်တော့ သူမသည် စစ်တပ်မိသားစုကြီး၏ မွေးစားသမီးဖြစ်သည်။ ယခုတော့ သူမသည် သူ့ကို မနှောင့်ယှက်တော့ပေ။ လင်း မိသားစုက သူမ နောက်မှာ ရှိနေတာကြောင့် သူမအား သူ့အချစ်ကို တိုက်ရိုက်မပြနိုင်ပေ။ သို့မဟုတ်ပါက၊ သူ၏ ဖခင်နှင့် အစ်ကို နှစ်ယောက် ရှေ့မှာ ရည်မှန်းချက်ကြီးပုံပေါက်နေလိမ့်မည်။


ယခင်က သူနှင့် အလွန်ပျော်ရွှင်စွာ စကားပြောဖူးသော စုချင်းဟယ် ပင်လျှင် မကြာသေးမီကပင် သူ့ကို အလွန်ယဉ်ကျေးပြီး လစ်လျူရှုလာခဲ့သည်။ အထူးသဖြင့် လင်းယောင်ယောင် က သူ့ကို အရင်က လိုက်ခဲ့သည်ကို မတော်တဆ သိလိုက်ရပြီးနောက်မှာ သူမက သိပ်ဂရုမစိုက်တော့ခြင်းဖြစ်သည်။


ရှောင်မင် စိတ်ပျက်သွားသည်။ သာမာန်အရပ်သား စုချင်းဟယ် ပင်လျှင် သိက္ခာရှိသော မင်းသားတစ်ပါးဖြစ်သည့် သူ့ထံမှ လိုလားနှစ်သက်မှုကို ငြင်းဆန်ဝံ့သည်။


ထို့ကြောင့် သူ၏ မွေးရာပါစိတ်ထား၊ အာဏာရလိုသော ဆန္ဒကြောင့် ရှောင်မင် သည် နောက်ဆုံးတွင် မက်ရှဲ ၏ ပူးပေါင်းဆောင်ရွက်မှု တောင်းဆိုချက်ကို သဘောတူခဲ့သည်။


လင်းယောင်ယောင် သည် ဇာ့ခ်အသားများကို ကြော်ငြာထားသည့်ကိစ္စကို သူ အနည်းငယ် ဒေါသထွက်ခဲ့ပြီး သူ့အစီအစဉ်ကို ပျက်ပြားစေသည်ဟု ခံစားမိသော်လည်း သူမ၏ ရဲစွမ်းသတ္တိကို အနည်းငယ် လေးစားမိသေးသည်။


သာမန် ဇာ့ခ်များသည် တာဇာ များ၏ လက်နက်များသာမက သူတို့၏ အဓိကအစားအစာလည်းဖြစ်သည်။ ဇာ့ခ် အသားများကို အရသာရှိရှိ ချက်ပြုတ်နိုင်သည့် လင်းယောင်ယောင် လိုမဟုတ်ဘဲ တာဇာများက ဇာ့ခ်များအား တိုက်ရိုက်စားခြင်းဖြစ်သည်။


ရှောင်မင် ၏ တာဇာသွေးသည် လေးပုံတစ်ပုံရှိသော်လည်း အများစုမှာ လူသားသွေးဖြစ်သည်။ အသားစိမ်းစားပြီး သွေးသောက်သည့် ရိုင်းစိုင်းသော နည်းလမ်းကို သူလက်မခံနိုင်သေးပေ။ သူသည် လင်းယောင်ယောင် လိုပင် ဇာ့ခ်များကို သာမန်ပါဝင်ပစ္စည်းများထဲမှ တစ်ခုအဖြစ်သာ အသုံးပြုခြင်းအား လက်ခံနိုင်ခဲ့သည်။ ဇာ့ခ်အသားများကို လက်ရာမြောက်ပြီး အရသာရှိသော အစားအစာအဖြစ် ဖန်တီးနိုင်သည်။


သူ့စိတ်ထဲမှာ အနည်းငယ် ပျော်ရွှင်နေခဲ့သည်။ လင်းယောင်ယောင် သည် ဇာ့ခ် အသားစားဖွယ်များကို ကြေငြာခြင်းတွင် အောင်မြင်ခဲ့ပါက နောင်တွင် သူ ဧကရာဇ်ဖြစ်လာပြီးနောက် မက်ရှဲ ထိန်းချုပ်ထားသော ဇာ့ခ်များ ၏လွှမ်းမိုးခံရ၊ ချုပ်ကိုင်ခံရမည်ကို စိုးရိမ်နေစရာမလိုပေ။


စိတ်ပျက်စရာကောင်းသည်က လင်းယောင်ယောင် ၏ ကြေငြာချက်မှာ စောလွန်းတာကြောင့် သူ့အောင်မြင်မှုနှင့် ကျော်ကြားမှုခရီးကို ပိုမိုခက်ခဲစေခဲ့သည်။သို့သော် ယခုအချိန်တွင် ထိုအရာကို ဂရုမစိုက်နိုင်ပေ။ သူ၏ တစ်ကိုယ်ရေ အလင်းဦးနှောက်ကို ဟက်ကာများက အမှန်တစ်ကယ် ကြည့်ရှုပြီး ကျူးကျော်ခဲ့တာကိုပင် စိတ်ထဲ ထင့်နေရသည်။


သူ့အစ်ကိုတစ်ယောက်ရဲ့ လက်ချက် ဖြစ်မလား…


‌မက်ရှဲ သည် ဇာ့ခ်စစ်သားများ၏ အရေအတွက်ကို နှစ်ဆတိုးပြီး တစ်နေ့တွင် ဧကရာဇ်မြို့တော်ကို တိုက်ခိုက်မည်ဟု ကတိပြုခဲ့ပြီးမှသာ သူ စိတ်သက်သာရာရသွားခဲ့၏။


"ကောင်းပါပြီ… ကျေးဇူးတင်ပါတယ် အစ်ကို…မနက်ဖြန် ကောင်းကောင်းလေး အခွင့်အရေးကို ဆုပ်ကိုင်ထားမယ်…အစ်ကို့ကို စိတ်မပျက်စေရပါဘူး"


လုလင်း သည် ရှောင်မင် ၏ ကိုယ်ပိုင်အလင်းဦးနှောက်မှ ကူးယူထားသော ကုဒ်ဝှက်ထားသည့် မက်ဆေ့ချ်များကို ပုံဖော်ရန် ကြိုးစားနေသော်လည်း နောက်တစ်ရက်တော့ ကြာမည်ဖြစ်သည်။


သို့သော်၊ လင်းရွှမ် ကမူ ထိုမက်ဆေ့ခ်ျများကို ပုံဖော်ဖို့ မစောင့်နိုင်ခဲ့ဘဲ မနက်ဖြန်အတွက် သူ့တာဝန်အားလုံးကို ဒုတိယ တပ်မှူးထံ တွန်းပို့ပြီးနောက်၊ အင်ပါယာမြို့တော်ကို ညတွင်းချင်း လျှို့ဝှက်စွာ ပြန်သွားရန် အလျင်မြန်ဆုံး အလင်းအမြန်နှုန်း လမ်းကြောင်းမှ သွားလိုက်၏။


အချက်ပေးသံ ထွက်လာမှာစိုး၍ သူသည် အဝေးကြီးကို တမင်လမ်းလွှဲကာ လင်းမိသားစု တာဝန်ကျနေသော စစ်တပ်အာကာသ စခန်းသို့ လျှို့ဝှက်စွာဆင်းသက်ခဲ့သည်။


လင်းရွှမ် သည် စစ်ပညာရေးအကယ်ဒမီ အပြင်ဘက်ရှိ လင်းယောင်ယောင် ၏အိမ်သို့ ရောက်လာသောအခါ နံနက်သုံးနာရီ ထိုးခါနီးနေပြီဖြစ်သည်။ အထဲမှာ တစ်ယောက်မှမရှိမှန်း သူသိလိုက်သည့်အခါမှ၊ သူမသည် ကျောင်းသားသစ်တစ်ယောက်ဖြစ်ပြီး များသောအားဖြင့် ကျောင်းအဆောင်မှာ နေထိုင်သည်ကို သတိရသွားမိသည်။


သူသည် ဂုဏ်သိက္ခာရှိသော အင်ပါယာ၏ ဗိုလ်ကြီးတစ်ဦးဖြစ်သည်။ ညသန်းခေါင်ကြီး တက္ကသိုလ်ကျောင်းသူလေးများ၏ အိပ်ဆောင်ကို မကျူးကျော်သင့်ပေ။ ထို့အပြင် သူမသည် ဤအချိန်တွင် အိပ်ပျော်နေနိုင်သည်။


ထို့ကြောင့် သူလည်း စောစောအိပ်ပြီး မနက်ဖြန်ကျလျှင် သူမ အတွက် ကျောင်းသို့ မနက်စာ သွားပို့ပေးဖို့ စီစဉ်ထားလိုက်သည်။ မနေ့ညက ဗီဒီယိုကောလ် ပြောစဉ်က သူ၏ အေးစက်စက် သဘောထားက အမှန်မဟုတ်ဘူးဆိုသည်ကို မျက်နှာချင်းဆိုင် ရှင်းပြချင်မိသည်။


ချစ်သူ ဆက်ဆံရေးကို အတည်ပြုလိုက်သည်နှင့် တစ်ပြိုင်နက် သူမကို လက်တွေ့ကမ္ဘာတွင် လေးရက်ပြည့်အောင် မတွေ့ခဲ့ရသဖြင့် အလွန်စိတ်ပျက်သွားခဲ့ရသည်။ ထို့ကြောင့်၊သူ့ကောင်မလေးထံမှ ကောင်းသော နံနက်ခင်း အနမ်းကို ရနိုင်လျှင် ပိုကောင်းမည် ။


2နာရီကျော် အိပ်မောကျပြီးနောက် လင်းရွှမ် သည် မနက်ခင်း လေ့ကျင့်ခန်းလုပ်ရန် အိပ်ရာမှထကာ ညီမလေးမှ ချစ်သူအဖြစ်သို့ ပြောင်းလဲလာသော သူကောင်မလေးအတွက် နှစ်သက်ဖွယ်ရာ နံနက်စာကို ပြင်ဆင် ချက်ပြုတ်ခဲ့သည်။


သူမအား အများကြီးကူညီပေးပြီးနောက် သူ၏ ဟင်းချက်ကျွမ်းကျင်မှုမှာ အနည်းငယ် တိုးတက်လာသည်။ ဉာဏ်ရည်ထက်မြက်သော စက်ရုပ်မှ ပြုလုပ်ထားသော အစားအစာများကဲ့သို့ ပုံစံက မလှပသော်လည်း အရသာမှာ မဆိုးလှပေ။


ပြီးသွားသည့်အခါစက်ရုပ်ကို မနက်စာအား ဘူးထဲမှာ ထုပ်ပိုးခိုင်းပြီး သူ၏ အာကာသခလုတ်ထဲမှာ ထည့်လိုက်သည်။ထို့နောက် လေ့ကျင့်ရေးဝတ်စုံကို ချွတ်၍ ပေါ့ပေါ့ပါးပါးရှိသော ဝတ်စုံတစ်စုံ ပြောင်းလဲဝတ်ဆင်လိုက်ပြီး ယခင်က အထူးစိတ်ကြိုက်ပြင်ဆင်ထားသည့် အမြန်ကားကို ထုတ်လိုက်သည်။ဤကားသည် သာမာန် ဇိမ်ခံကားဒီဇိုင်းနှင့် ငွေမှင်ရောင်ဖြစ်သည်။ အမိုက်စားပုံ မပေါ်သော်လည်း အတွင်းပိုင်းစွမ်းဆောင်ရည်မှာ စစ်ဘက်ဆိုင်ရာအမြန်ကားထက် မဆိုးပေ။


လင်းရွှမ် သည် အမြန်ဆုံး လူကိုယ်တိုင် မောင်းနှင်သည့်မုဒ်ကို ဖွင့်ထားသည်။ ဗီလာမှ စစ်ပညာရေးအကယ်ဒမီရှိ လင်းယောင်ယောင် ၏ အဆောင်သို့သွားရန် ငါးမိနစ်သာကြာသည်။


သို့သော်... ယနေ့သည် အချို့သောလူသားများအတွက် ဆန္ဒအတိုင်း မပြည့်စုံသောနေ့ တစ်နေ့ဖြစ်သည်။


သူ စစ်ပညာရေးအကယ်ဒမီသို့ ရောက်ခါနီးတွင် နေသာသော ကောင်းကင်သည် ရုတ်တရက် မည်းမှောင်သွားသည်။ နေရာတိုင်းကို ပုံပျက်နေသော ပိုးကောင်များ ခုန်ကူးနိုင်သည့် အပေါက်များ ပေါ်လာသည်။


ဇာ့ခ် တိုက်ခိုက်မှုက တစ်ဖန် ပြန်ဖြစ်လာလေပြီ။


ကြောက်စရာကောင်းသည်က ကျောင်းဝင်းတစ်ခုလုံးသည် လေဝဲအပေါက်များဖြင့် ပြည့်နေသည်။


လင်းရွှမ် ၏နှလုံးသားသည် အေးခဲသွားသလို ဖြစ်သွားသည်။ ဤ ဇာ့ခ် တိုက်ခိုက်မှုသည် မနေ့က လုလင်း ကြားဖြတ်ဖမ်းယူလိုက်နိုင်သည့် အချက်အလက်နှင့် တစ်ခုခုတော့ ဆက်စပ်နေသလို သူခံစားမိလိုက်လေသည်။ ယခုတော့၊ သူ့ကောင်မလေးကို မနက်စာဘူး ပေးမည့် အစီအစဉ်က ပျက်သွားရလေတော့သည်။



xxxxxx

Ei Thet Hmue