အခန်း၁၀၃
Viewers 8k

Chapter 103

(တွားသွားကောင်သားနှပ်)


‌ဇာခ့်ပြေးလွှားကောင် အရသာမှာ ကျောက်ပုစွန်သားနှင့်တူပြီး တွားသွားကောင်သားက ဂဏန်းနှင့်တူ၍ အနည်းငယ်ပိုနူးအိသော်လည်း ဇာခ့်ပျံသားလောက်တော့စားမကောင်းပေ။ထို့ပြင် အဆင့်နိမ့်ကောင်များဖြစ်သောကြောင့် စွမ်းအင်သည် အထက်ဆင့်ကောင်များလောက်မပေါများဘဲ ပုစွန် ဂဏန်းကဲ့သို့ အဝါရောင်အလွှာတစ်မျိုး အကောင်အချို့တွင် ပါနေသည့်အချက်ကြောင့် ပို၍နည်းရခြင်းပင်။

လင်းယောင်ယောင်က ပြေးလွှားကောင်အစပ်ချက် တစ်အိုး၊တွားသွားကောင်နှပ်အိုးကြီးတစ်လုံး၊ဇာခ့်ဥ တို့ဟူးဟင်ချိုနှင့် အရန်ဟင်းအချို့များ ကို ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားသည်။


ဤဇာခ့်သားအရသာသစ် ချက်ပြုတ်နည်းများကို လူအများအား မျှဝေနိုင်ရန် သူမက ပါ၀င်လုပ်ဆောင်ချက်အားလုံးကို Weibo တွင် တင်လိုက်ပြီးတစ်ခဏအတွင်း သူမ၏ထူးခြားသစ်လွင်သော သင်ကြားမှု ဗီဒီယိုကြောင့် နေ့ခင်းဘက်တွင် ဇာခ့်ကောင်များ အလုအယက်သတ်ဖြတ်စုဆောင်းနေသူ ပို၍ပင်များလာသည်။B-အဆင့် အသံမြည်ကောင်သည် စွပ်ပြုတ်ချက်ရာတွင် ပိုသင့်လျော်သော အမွှေးမဲ့အရိုးနက်ကြက်သား ခပ်ကြီးကြီးဗားရှင်းနှင့်တူပြီး A-အဆင့် အမွှေးထူပိုးကောင်မှာ သခွားသီးနှင့်တူသည်။သို့သော် သူမက အမွှေးများကိုမကိုင်ရဲ ကြောက်လဲကြောက် လောလောဆယ် သူမကလဲ အလျင်လိုနေသဖြင့် နှစ်မျိုးလုံးကို မချက်ဘဲထားလိုက်တော့သည်။


သွေးစပျစ်ပင်012 သည် အဆင့် 5 သို့ တိုးမြင့်ရန် အချိန်ယူနေပြီး သူမက S-အဆင့် ဇာခ့်ပျံသားစွပ်ပြုတ်ကို အဓိက012 အတွက် ချက်ပြုတ်နေဆဲဖြစ်ပြီး အဆင့်နိမ့်ကောင်များကို သရေစာအဖြစ် အရင်စားလို့ရသည်။


လင်းရွှမ်က သပ်သပ်ရပ်ရပ်အ၀တ်အစားလဲပြီးထွက်လာစဥ် မနက်တုန်းက သူကိုယ်တိုင်လုပ်ထားသော မုန့်ညက်နှင့်ပေါင်မုန့်ကို စားပွဲပေါ်တွင် တွေ့လိုက်ရသောကြောင့် အစားအသောက်တစ်ခါမျှဂျီးမများဖူးသော သူမှာ မျက်မှောင်ကြီးကြုတ်ကာ... "ဒါ မစားချင်းဘူး ခုမင်းချက်နေတဲ့ ဟင်းပဲစားချင်တာ"


လင်းယောင်ယောင်က..."အလကားဖြစ်သွားမှာပေါ့"


လင်းရွှမ် ငြိမ်သွားပြီး နှမြောဟန်ဖြင့် ကြည့်နေစဥ်...သူမက သူ့အားအတင်းမကျွေးဘဲကြက်ခေါက်ကြော်ကို ယူစားလိုက်ကာ မှတ်ချက်ပေးနေသည်.. "အရင်လို မဆိုးတော့ပါဘူး စားကောင်းတယ်" 

သူမ ချီးမွမ်းစကားကြားရသောအခါ သူချက်ချင်း တက်ကြွလန်းဆန်းလာကာ..."ကိုယ့်ကို မင်းကောင်းကောင်းသင်ပေးထားလို့ပါ"


ထို့နောက် တစ်နေကုန်လုံး အပြေးအလွှားဗျာများခဲ့ရသဖြင့် နှစ်ယောက်စလုံး အလွန်ဗိုက်ဆာနေကြတော့သည်။လင်းရွှမ်မှာ ထမင်းစားဖို့ပင် အချိန်လုံး၀မရှိခဲ့သည့်အပြင် လင်းယောင်ယောင်ကလဲ ဇာခ့်၀င်ရောက်တိုက်ခိုက်မှု အသိပေးသံကြားကြားချင်း မနက်ထဲက အာဟာရဖျော်ရည်ကိုသာ သောက်ထားရသည်။


ဇာခ့်ပြေးလွှားကောင်များတွင် အခွံအလွှာတစ်ခုလည်းရှိသေး၍ ဆော့စ်အစပ်လေးနှင့် ရောကြော်လိုက်လျှက် မွှေးလွန်းပြီး ကျောက်ပုစွန်သားစားရသလို အသားမှာ ပိုနူးအိနေကာ အသားများများဖြင့် အရသာပိုရှိသည်။ 

နှပ်ထားသော တွားသွားကောင်မှာ လက်ဆေးကန်လောက်ကြီးပြီး အခွံအစိတ်အပိုင်းအများကြီးမရှိ၊အတွင်းပိုင်းအများစုမှာ အသားများများရှိနေပြီး အတုံးသေးသေးလေးလှီးစားလျှင် လွန်စွာစားမြိန်လှသည်။ပထမတစ်လုတ်ထဲဖြင့်ပင် ပါးစပ်ထဲချိုချိုလေးပျော်၀င်သွားကာ စွဲစေသည်။

ထို့အတူ ဇာခ့်ဥ တို့ဟူးဟင်းချိုမှာလည်း အလွန်ကောင်းပြီး နူးညံ့လွန်းသည်။

ဤမျှအနှိုင်းမဲ့အရသာဖြင့် အစားအသောက်များစွာကို တစ်ညနေလုံး အပြေးအလွှား ပင်ပန်းခဲ့ရသမျှ လင်းရွှမ်အတွက် ထိုက်တန်စွာ ရလာသော အဖိုးတန်နံနက်စာလေးဖြစ်လှသည်။


စားပြီးသောက်ပြီးကြသောအခါ smart စက်ရုပ်ကသန့်ရှင်းရေးလုပ်ပေးနေသည်။လင်းရွှမ် ဗိုက်ပြည့်သွားသော်လည်း နှလုံးသားထဲရှိ ဆာလောင်မှုမြွတ်သိပ်မှုအချို့က တဖြည်းဖြည်း ပိုတိုးလာသည်။ကလေးမလေးအား ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်ထားချင်သည်။သို့သော် သူမက ပါးနပ်သွက်လက်စွာ ရှောင်နေပြီး သူ့အပြုအမူအား မချောက ကျီစယ်နေသည်။


"အရင်က အရမ်းအလုပ်ရှုပ်ပါတယ် ကိုယ့်ညီမလေးနဲ့တောင် စကားပြောဖို့ အချိန်တောင်မရှိဘူးမလား..."


ကောင်မလေး သူ့ကိုရစ်တော့မည်...


ချက်ချင်း ခါးမှဆွဲပွေ့မြောက်လိုက်ပြီး သူမလက်ကောက်ဝတ်မှ ဆက်သွယ်ရေးကိရိယာကို ဆိုဖာပေါ်ပစ်တင်လိုက်ကာ အပေါ်ထပ်တက်ရန် ဟန်ပြင်လိုက်သည်။လင်းယောင်ယောင်မှာ အလန့်တကြားဖြစ်သွား၍ ပြုတ်ကျမည်လဲကြောက်သဖြင့် လည်ပင်းကိုလဲ ဖက်ထားရသေးသည်။


"နေ့ခင်းကြောင်တောင်ကြီးကို ဘာလုပ်မို့လဲ လူယူတ်မာကြီး"


သူမအသံမှာ ရှက်သွေးဖြာနေသဖြင့် ဒေါသသံအနည်းငယ်ပါကာ ကြည်လင်လှပသော မျက်နှာတစ်ခုလုံးနီရဲနေသည်။


လင်းရွှမ် သူမကို ပွေ့ဖက်ချင် နမ်းချင်ရုံသက်သက်သာ...ဤချစ်စဖွယ်အသွင်အပြင်ကြောင့် မအောင့်နိုင်ကာ စိတ်များတက်ကြွလာသည်။ သို့သော်လည်း မနက်ခင်းကဲ့သို့ ဇာခ့်ကောင် တောင်ပုံရာပုံလိုက် မရှိတော့သော်လည်း နေရာတိုင်းတွင် ဇာခ့်ကောင်များပြည့်နေတုန်းပင်။ကြည်နူးစရာအတွေးလေးအား သူ ခဏမေ့ထားလိုက်ရသည်။သူ့အားကောင်မလေးက ညံ့ဖျင်းသူအဖြစ်အထင်မခံနိုင်သဖြင့် စိတ်ထိန်းလိုက်သော်လည်း သူမကို ဆက်၍ ဖက်ထားကာ ဆက်သွယ်ရေးကိရိယာကိုလေ့လာကြည့်လိုက်သည်။


စက်အပြင်ဘက်တွင် ဆက်သွယ်ရေးအချက်ပြမှုအားလုံးကို ကာကွယ်ရန် ပြန်ကြားရေးကိရိယာများစွာရှိသည်။သူက ပြန်ကြားရေးကို ဖွင့်ပြီးနောက်ကောင်တာဖိုင်ထဲမှ နတ်သမီးလေးဖိုင်ကို ဝင်လိုက်ပြီး ရုတ်တရက် သူမ၏ဆွဲဆောင်လွန်းနေသော နီနီရဲရဲနှုတ်ခမ်းဖူးလေးပေါ် အနမ်းချွေလိုက်သည်။

အချိန်အတော်ကြာသည်အထိ ဖက်ထားပြီးမှ သူမကို လွှတ်ပေးနိုင်တော့သည်။သူက အသက်ရှူသံပြင်းပြင်းဖြင့်..."ကိုယ့် အာရုံတွေက မင်းဆီမှာပဲဘဲကွာ ဘယ်လိုလုပ်ရမလဲ" 


ထို့နောက် ဆက်၍ ရှောင်မင်၏ ဟက်ကာက စောင့်ကြည့်ရေးပရိုဂရမ်မှ သူမ ဆက်သွယ်ရေးစက်ကို ကြားဖြတ်ဝင်နှောင့်ယှက်ခဲ့ကြောင်း ရှင်းပြလိုက်သည်။ထို့ပြင် လုလင်းအား ရှောင်မင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အရှေ့ဘက်မြင်ကွင်းဦးနှောက်ဘက်သို့ ဦးတည်ကာ အမည်မသိနာမည်ဖြင့် ကြားဖြတ်ဝင်ခိုင်းထားလိုက်သည်။လင်းယောင်ယောင်က အနမ်းခံလိုက်ရသဖြင့် အတော်လေးရှက်နေကာ...ဒီလူ နမ်းလိုက်တိုင်း နှစ်ရှစ်ရာလောက် ဆာလောင်နေသည့်အတိုင်းပင်....

သို့သော် ရှောင်မင်ကြောင့် သူမ အသိဝင်လာကာ လုံးဝအံ့ဩသွားရသည်။


"အရှင်သခင်အင်ပါယာ" ၏ မူရင်း၀တ္ထုထဲတွင် ရှောင်မင်မှာ လက်အောက်ငယ်သားအချို့ ရှိသည်ကို သူမ ရုတ်တရက် သတိရမိသည်။ထိုလူများက လျှို့ဝှက်သိုသိပ်စွာနေကြပြီး နောက်ခံသမိုင်းကြောင်းလုံးဝမသိရသော သူ့မိခင် မိသားစုဘက်မှ လာကြသူများဖြစ်ကာ နောက်တွင် ကြိုးကိုင်နေသူသည် အဆင့်မြင့်အသိုင်းအဝိုင်းဆင်းသက်လာသော ရှောင်မင်၏ဖအေတူ မအေကွဲအစ်ကို ဟု ရေးသားထားသည်။

ဤလူမျိုးစုက အင်အားတောင့်ပြီး လျှို့၀ှက်သိုသိပ်စွာနေတတ်၍ ရှောင်မင်အတွက် ဇာခ့်အကြောင်းများကို အချက်အလက်တိတိကျကျ အမြဲပေးနေသောကြောင့် ခြေတစ်လှမ်းသာနေခြင်းဖြစ်လိမ့်မည်။


သို့သော် ရှောင်မင် လျှို့ဝှက်ဆန်းကြယ်သော လူမျိူးစုနှင့် ဆက်သွယ်တိုင်း စာရေးဆရာက ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိဘဲ ထိုသူတွင် အားလုံးကို လှည့်စားနိုင်သော ရွှေလက်ချောင်းများ ရှိနေကြောင်းအများသိစေရန် အရိပ်အမြွတ်အနည်းငယ်သာ ပေးခဲ့သည်။


ဇာတ်လမ်းအဆုံးထိတိုင် ရှောင်မင် ဘုရင်ဖြစ်လာသော်လည်း ဖအေတူ မအေကွဲ အစ်ကို ဘယ်ကလာကြောင်း ဘာကြောင့် ဒီလောက်ထိ လျှို့ဝှက်သိုသိပ်စွာနေရခြင်းအကြောင်းကိုတော့ စာရေးသူက ရှင်းပြထားခြင်းမရှိ‌ေပ။စာဖတ်သူများကို အချိန်တန်လျှင် အားလုံးသိစေရန် ရှင်းပြပါမည်ဟုသာ ဖော်ပြထားသည်။ထို့ကြောင့် လင်းယောင်ယောင်က မရိုးသာေသော မင်းသား ရှောင်မင်ကို အမှန်တကယ် မနှစ်သက်ပေ။ရှောင်မင် ဘ၀မှာ အထွတ်အထိပ်ရောက်သွာပြီး စုချင်းဟယ်နှင့်လက်ထပ်လိုက်သောအခါ သူမ ပျော်ရွှင်ခြင်းလုံးဝ မရှိဘဲ အာဏာပါ၀ါအလွန်မက်မော၍ တစ်ကိုယ်ကောင်းဆန်လွန်းသော ရှောင်မင်သည် သူရဲကောင်းမလေး စုချင်းဟယ်နှင့် လုံး၀ မထိုက်တန်ပေ။


သူမနှင့်နာမည်တူ ရန်ဘက်အမျိုးသမီး လင်းယောင်ယောင်၏ အဆုံးသတ်ကိုလည်း မကြိုက်ဘဲ တစ်ခုခုမမှန်သလို ခံစားရပြီး ဆိုးရွားလွန်းသူတော့ မဟုတ်ပေ။လင်းမိသားစု၀င် အားလုံးမှာ ဖြူစင်ရိုးသားကြသည်။


ဤ "ပျော်ရွှင်ဖွယ်ဇာတ်သိမ်း" ၀တ္ထုက စာဖတ်သူအတော်များများအား စိတ်ပျက်စေလိမ့်မည်။လင်းယောင်ယောင် ဘယ်လိုများစိတ်ပါ၀င်စားစွာ စောင့်ရမလဲ....သူမ ချက်ချင်း စာကြည့်တိုက်မှ ထုတ်ဖယ်ခဲ့သည်။


လင်းယောင်ယောင် ထိုအသိုင်အဝိုင်းကြီး အင်အားစုအကြောင်း ဘာမျှမသိရ၍ စိတ်ရှုပ်လာပြီး ဒါက မကောင်းတဲ့ နိမိတ်တစ်ခုခုများဖြစ်နေမလား....

သူမ ဤစာအုပ်ထဲက အကြောင်းအရာများမှာ အပြင်လောကအားမှီခိုရေးသားထားမှန်း သိလျှင် အပိုင်းများကို သေချာဖတ်ခဲ့သင့်သည်။ဝတ္ထု၏ အပိုအပိုင်းကို ရည်ရွယ်ချက်မရှိ အလှသပ်သပ် တိုးထားသည်ဟုသာ သူမ ထင်ခဲ့သည်။သို့သော် စာအုပ်ထဲရှိ အကြောင်းတော်တော်များများကို သူမ သိထားသောကြောင့် သိပ် အခက်အခဲမရှိလှပေ။


ထို့နောက် သူမက တည်ငြိမ်စွာဖြင့်...."ရှောင်မင်ကို နောက်ကွယ်ကနေ ကူညီပေးတဲ့ အဖွဲ့က သူ့အမေမျိုးရိုး ဖြစ်မယ်ထင်တယ်...သူတို့က အင်အားကြီးအသိုင်းအဝိုင်းဖြစ်ပုံရတယ်ဇာခ့်ကောင်တွေရဲ့ တိုက်ခိုက်မှုပုံစံနဲ့ စွမ်းရည်တွေကို တိတိကျကျထိန်းချုပ်နိုင်ဖို့ အမြဲကူညီပေးနေတဲ့ပုံပဲ..."


ဒီလောက်ဆို လင်းရွှမ်အတွက် လုံလောက်သော အချက်အလက်ဖြစ်လေပြီ....


ထို့ပြင် လုလင်း ကြားဖြတ်ယူထားသော အချက်အလက်အချို့တွင်လဲ အဆင့်မြင့်ပြောင်းလဲခြင်းများစွာ ပါလာသည်။ရှောင်မင် ဆီသို့ နောက်ကွယ်ကပံ့ပိုးသူ ပေးပို့လာသော ဇာခ့်ကောင်များ၏ လျှို့ဝှက်အချက်အလက်အဖြစ်ယူဆနိုင်သည်။

သို့သော် ရှောင်မင်၏ နောက်ကွယ်ကအုပ်စုအကြောင်းထက် လုလင်းကပင် မရှာနိုင်သော အချက်အလက်အတော်များများကို လင်းယောင်ယောင် ဘာကြောင့် သိနေရခြင်းကို လင်းရွှမ် ပို၍ စိုးရိမ်နေမိသည်။

သူက အနာဂတ်ကြိုတင် အိပ်မက်များကို တစ်ဝက်လောက်သာ ယုံထားသောလဲ ယခု တစ်ဖြည်းဖြည်းနှင့် မယုံတော့ပေ။


လူတော်တော်များများက အိပ်မက်အကြောင်း အလွယ်တကူမေ့သွားကြသော်လည်း လင်းယောင်ယောင်က အလွန်ရှင်းလင်းစွာ မှတ်မိနေသည်။ အရိပ်အမြွတ်အနည်းငယ်လောက်သာ ပေးလိုက်လျှင် သူမ မေ့ထားသော အရာအားလုံး တစ်စ တစ်စ နှင့် ရုပ်လုံးပေါ်လာသည်။


"ကြိုမြင်နိုင်သောအိပ်မက်" မက်သည့်အချိန်မှစ၍ သူမ၏အရည်အချင်း သိသိသာသာပြောင်းလဲသွားသည်။ယခင်ဘဝ အကြောင်းအရာများစွာထဲမှ ရှေးဟောင်းတရုတ်အစားအစာချက်နည်းအကြောင်း ထူးခြားစွာ ထင်ထင်ရှားရှားမှတ်မိနေသည်။

သို့သော် သူမ၏ အခြေခံ ယဥ်ကျေးမှုဆိုင်ရာသီအိုရီက အခြေအနေဆိုးလာပုံရပြီး ခဏခဏ အချိန်ပေးကာ ကျောင်းအီလက်ထရောနစ်စာကြည့်တိုက်တွင် ကိုယ်တိုင် ပြန်လေ့လာသင်ယူနေရသည်။


လင်းရွှမ် သူမအကြောင်း သိချင်လွန်း၍ လုလင်းအား သူမ၏အွန်လိုင်းပေါ်လှုပ်ရှားမှုအားလုံးကိုစောင့်ကြည့်ပေးရန် တောင်းဆိုခဲ့ရာ သူမသည် အနှစ်ငါးထောင်အင်ပါယာ၊ ပျံသန်းခြင်းနိယာမ၊ဦးနှောက်မြင်ကွင်းဆိုင်ရာလည်ပတ်မှုအညွှန်းစာအုပ်၊ စိတ်စွမ်းအားနိဒါန်း စသည့်စာအုပ်များ ကို စိတ်ဝင်တစားဖတ်ကြည့်လိမ့်မည်ကို သူ မထင်ထားခဲ့ပေ။


သူ့အား မြင်ရုံနှင့် ကြောက်ရွံ့တုန်လှုပ်တတ်သော ကလေးမလေးက သူနှင့်ပိုမိုရင်းနှီးလာပြီး အများကြီးသန်မာတက်ကြွလာသည်။ထို့အပြင် ယခင်က သူမ၏ စိတ်စွမ်းအားမှာ ဖြူစင်သန့်ရှင်းသော အရန်ပုံစံတစ်ခုသာဖြစ်ပြီး တိုက်ခိုက််သူအဖြစ် တစ်ခါမျှမပြောင်းလဲဖူးပေ။


ယခင်က သူတို့နှစ်ယောက် စိတ်ပိုင်းဆိုင်ရာ သိပ်မမြင့်မားသောကြောင့် သူမ သူ့ကို မသိစိတ်မှကြောက်နေခြင်းဖြစ်လိမ့်မည်။ 90% ထက်ပိုသော စိတ်ပိုင်းဆိုင်ရာကိုက်ညီသူများကသာ အသက်မပြည့်သေးလျှင်ပင် အချင်းချင်းနီးစပ်နိုင်သည်။ပုံမှန်ဆက်ဆံပြောဆိုနေသော်လည်း သူမ ခံစားချက်များကို ဖုံးကွယ်ထားခြင်းမရှိ၊သို့သော် အကုန်လုံးကိုတော့ ထုတ်မပြချေ။

သူမက သူ့အား စိတ်စွမ်းအားဆိုင်ရာ အကြံဉာဏ်လုံး၀မပေးချင်၊ မတော်တဆ သူမ စိတ်ခုနေသော အရာများတကယ်ဖြစ်လာမည်ကို စိုးရိမ်ပူပန်နေပုံရသည်။သေချာသည်မှာ ယခင်ကလေးမလေး လင်းယောင်ယောင်သည် လုံးဝပြောင်းလဲသွားပြီဖြစ်သည်။


အရင်က ဤအတွေးများမတွေးဖူးသော်လည်း အခုအခါ လင်းရွှမ် မျက်ကွယ်မပြုနိုင်သော သံသယပေါင်းများစွာ ရှိလာသည်။စိတ်တွေ ပိုမိုလေးလံလာကာ ရင်ခွင်ထဲရှိကောင်မလေးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။ဝတ္ထုကနေ ဒရာမာအဖြစ်ကူးပြောင်းခြင်းနှင့် ပြန်လည်ရှင်သန်ခြင်း ဇာတ်လမ်းတွဲများသည် ကြယ်တာရာခေတ်တွင် လူကြိုက်မများသော်လည်း လူပြန်ဝင်စားသောဇာတ်လမ်းအချို့လဲ ရှိသေးသည်။လက်ရှိ လင်းယောင်ယောင်မှာ သူ၏ မွေးစားညီမ လင်းယောင်ယောင်မဖြစ်နိုင်...


မည်သို့ဖြစ်စေ လင်းရွှမ် က ယခုလင်းယောင်ယောင်အား ဝန်ခံလာရန် အတင်းဖိအားမပေးချင်ဘဲ တိုးတိုးလေးသာ မေးမိလိုက်သည်။


"ကိုယ့်ရဲ့ အရင်က ညီမလေးဘယ်ရောက်သွားတာလဲ"


လင်းယောင်ယောင် ကြောင်သွားကာ တခစ်ခစ်ရယ်မောကာ နောက်ပြောင်နေသည်။


"အစ်ကိုရွှမ် ညီမလေးကို တအားဖက်ထားလွန်းနေပြီ ဘာလဲ ညီမလေးရဲ့ အာကာသခလုတ်ထဲက အကောင်တွေလိုချင်လို့ညစ်သတ်နေတာလား"


လင်းရွှမ်က အနည်းငယ်ကြေကွဲအေးစက်နေသောအသံဖြင့်....


"မင်းကိုသေခွင့်မပေးဘူး...."


သူ့ပုံစံက တစ်ခုခုဖြစ်နေသည်ကို လင်းယောင်ယောင်သတိထားမိလိုက်သည်။


"ဒါဆို ဘာဖြစ်ချင်နေတာလဲ"


သူက ခေါင်းကိုသာခါနေပြီး... "ဟေး နောက်ထပ်ကိုယ့်ကို ခဏလောက်ပဲဖြစ်ဖြစ် ဖက်ခွင့်ပေးပါကွာ"


လူကြီး၏ ရင်ခွင်က အလွန်နွေးထွေးပြီး လုံခြုံမှုအပြည့်ရစေသည်။သူမမျက်လုံးများ တဖြည်းဖြည်းမှေးလာကာ တစ်မနက်ခင်းလုံး အလုပ်ရှုပ်နေသဖြင့် တကယ် ပင်ပန်းလွန်းနေသည်။ ထို့ကြောင့် လင်းရွှမ်ရင်ခွင်ကျယ်ကြီးထဲ သက်သောင့်သက်သာ အိပ်စက်ချင်လာသည်။ကောင်မလေး ရင်ခွင်ထဲတွင် ငြိမ်သက်စွာ အိပ်ပျော်သွားသောအခါ လင်းရွှမ်က လေသံတိုးတိုးလေးဖြင့်... "ယောင်ယောင်...."


သူမက အိပ်ချင်မူးတူးဖြင့်... "ဟမ်..."


လင်းရွှမ်က... "မင်းလဲ ယောင်ယောင်လို့ခေါ်တာပဲလား"


လင်းယောင်ယောင်ကတော့ ပါးစပ်ကလေးလှုပ်စိလှုပ်စိဖြင့် ညည်းရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။


ထို့နောက် နာရီဝက်ကြာသောအခါ လင်းရွှမ်ကတိတ်ဆိတ်အေးချမ်းသော အရိပ်မြုံလေးမှ သူမကို အသာလေးထားခဲ့ကာ ထွက်ခွာ၍ ဧကရာဇ်အင်ပါယာမြို့တော် စစ်ဌာနချုပ်သို့ ပြန်သွားသည်။ဇာခ့်ကောင်အများအပြား ဆက်တိုက် တိုက်ခိုက်လာသောကြောင့် ကြည်နူးနေချိန်သိပ်မရှိ‌ေပ။ထို့ပြင် ရှောင်မင်တွင် အမှန်တကယ် ဇာခ့်ကောင်အားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိနေလျှင် သူတို့ ရင်ဆိုင်ရမည်မှာ ဇာခ့်ဂြိုလ်ကောင်တစ်ခုထဲမဟုတ်တော့ပေ။


လင်းယောင်ယောင်လည်း တစ်ရေးတစ်မော အိပ်ပျော်ရာမှနိုးလာသောအခါ အရန်ကုထုံးဆရာများ အင်အားကြီး ဇာခ့်ကောင်များနှင့် ထိပ်တိုက်တွေ့လျှင် အကူအညီဖြစ်စေရန် ကျောင်းသို့ ပြန်သွားလိုက်သည်။



xxxxxx

Ei Thet Hmue