အခန်း၁၀၄
Viewers 8k

Chapter 104

(ယင်းအာဟာရတဖြစ် ကျောက်ကပ်အာဟာရ)


တစ်နေ့တာကုန်ဆုံးသွားလေပြီ....

တစ်မြို့လုံး တိုက်ပွဲအတွင်း ယခင်နေ့က ဧရာမဂြိုလ်ကောင်ကြီးများ လွှမ်းခြုံထားသည့် တောင်ကြီးသည် ပျောက်ကွယ်လုနီးပါးဖြစ်သွားပြီး ထောင့်များတွင် ကြိုကြားကြိုကြား ကြိုကြားထားသော ဇာခ့်အချို့သာ ကျန်တော့သည်။


တကယ်ပင် လူသားနှင့် ဇာခ့်ဂြိုလ်သားများ၏ အခြေအနေမှာ လုံးဝပြောင်းပြန်ဖြစ်ပေသည်။


ပုံမှန်အားဖြင့် ဇာခ့်များကို လူသားများက ကြောက်ရွံကာ ပုန်းနေကြမည် ။သို့သော် ယခု ကြောက်ရွံပုန်းအောင်နေသော ဇာခ့်အနည်းငယ်သာ ကျန်ရှိတော့သည်။


ဇာခ့်ဂြိုလ်ကောင်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဓိကအားဖြင့် ဆာလောင်မှုသိပ်လွန်ကဲလာမှုနှင့် ဉာဏ်ပညာအဆင့်အပေါ် မူတည်၍ အဆင့်မြင့်ဇာခ့် က အဆင့်နိမ့်ကောင်အား အမိန့်ပေးနိုင်သည်။ထို့ကြောင့် တစ်ညတည်းဖြင့် B အဆင့်ထက်အကောင်ပိုကြီးသော ဇာခ့်များစွာကို ဖမ်းယူ သတ်ဖြတ်လိုက်နိုင်ပြီး C နှင့် D အဆင့် တွားသွားကောင်များ နှင့် ပြေးလွှားကောင်များ၏ စိတ်စွမ်းအားဖြင့် ထိန်းချုပ်နိုင်သော အထက်ဆင့်ကောင်များမရှိတော့သောကြောင့် ရှောင်ပုန်းရုံသာ ရှိတော့သည်။


လျင်မြန်စွာ တွားသွားတတ်သော်လည်း မပျံသန်းနိုင်သလို လူပေါင်းများစွာကိုလဲ တစ်ကောင်တည်း တိုက်ခိုက်ခြင်းလည်း မပြုနိုင်ကြတော့သောကြောင့် သာမန်လက်ထောက်ကုထုံးပညာရှင်များကပင် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြတော့ပေ။အခွင့်အရေးရရင် ရလာသလို အရန်ကုထုံးဆရာများသည် ဂြိုလ်သားကောင်များ၏ခြေထောက်ကို ဆွဲကာ စိတ်စွမ်းအားဖြင့် ကိုယ်တိုင်အာကာသခလုတ်ထဲသို့ ဖမ်းထည့်နေကြပြီဖြစ်သည်။


ထို့နောက် ကင်းလှည့်စစ်တပ်က ပြေးလွှားကောင်နှင့် တွားသွားကောင်များကို ဖမ်းဆီးရန် အဖွဲ့တစ်ဖွဲ့ကို ချက်ချင်းဖွဲ့လိုက်ပြီး အင်ပါယာအစားအသောက်ရှာဖွေးရေးဗဟိုဌာနအတွက်ဇာခ့်များ နောက်ထပ် ၀င်ရောက်မတိုက်ခိုက်ခင်အထိ လူသားများ ဇာခ့်သားများစားနိုင်ရန်အတွက် ယာယီဇာခ့်သားတူအတုမွေးမြူရမည်ဖြစ်၍ မွေးမြူနိုင်ရန်အတွက် ဇာခ့်မျိုးစိတ်အားလုံး လိုအပ်သည်။


လင်းယောင်ယောင်က နေ့ခင်းဘက်တွင် ဇာခ့်များ တဖြည်းဖြည်းအင်အားလျော့သွားပြီးဖြစ်၍ အရှင်သခင်အင်ပါယာပထမစစ်တက္ကသိုလ်၏ အစားအသောက်ကုထုံးသုတေသနစခန်းသို့ ပြန်သွားလိုက်ကာ အဘိုးကြီးချိုက်အပါအ၀င်စီနီယာများနှင့်အတူ အရသာသစ်ဇာခ့်သားများ ပိုရှာခဲ့ပြီး စတားနက်ပေါ်တွင်လဲမျှဝေလိုက်သည်။


အဆင့်နိမ့် ပြေးလွှားကောင်များနှင့် တွားသွားကောင်များတွင် အညစ်အကြေးမရှိသလောက်ဖြစ်၍ ဖယ်ရှားသန့်စင်ရန် မလိုအပ်ဘဲ သရေစာအဖြစ် အစိမ်းစားနိုင်ပြီး ညှီနံ့ပျောက်ရန် ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစသည့် ဟင်းခတ်အမွှေးအကြိုင်များဖြင့် နှယ်ပေးရန်တော့ လိုအပ်သည်။


အထက်တန်းစား ဇာခ့်ပျံသားများတွင်မူ ကြောက်စရာကောင်းသော စွမ်းအင်များလွန်းသဖြင့် အစိမ်းစား၍မရ အညစ်အကြေးများကို သေချာသန့်စင်ပေးရန် လိုအပ်ကြောင်း သူမကအကြံပြုလိုက်သည်။


လင်းယောင်ယောင်က ချက်ချင်းပင် ဇာခ့်အသားရှိ အညစ်အကြေးများအား ကောင်းစွာသန့်စင်ပေးရန်အတွက် အထူးပြတင်းပေါက်တစ်ခုကို ဖုယင်းအား ဖွင့်စေပြီး သန့်ရှင်းရေးအခကြေးငွေထက်ပိုပေးရသော ၀န်ဆောင်ခဖြင့် ဇာခ့်အသားများကို အရသာရှိသောဟင်းအဖြစ်ပြောင်းလဲ ချက်ပြုတ်ခြင်းကိုလည်း စီးပွားဖြစ်လက်ခံပေးနေသည်။စျေးနှုန်းမှာ ဇာခ့်အဆင့်အလိုက်သတ်မှတ်ထားသည်။အစားအသောက် ကုထုံးဆိုင်၏ လုပ်ငန်းသည် ချက်ချင်းပင် ရေပန်းစားလာကာအခြားကုထုံးဆိုင်များကလည်း လိုက်လုပ်လာကြ၍ အလွန်အရသာရှိသော ဇာခ့်သား မချက်နိုင်သော်လည်း သူမ၏ ညွှန်ကြားရေးဗီဒီယိုအတိုင်းလိုက်လုပ်လျှင် သာမန်အားဖြင့် ဆိုးဆိုးရွားရွားမဖြစ်တော့ပေ။အင်ပါယာမြို့တော်အသိုင်းအဝိုင်းရှိ အစားအသောက်ကုထုံးပညာရှင်အားလုံး ယခင်က လူတောမတိုး ခက်ခဲကြပ်တည်း၍ အဆင်မပြေသည့်အခြေအနေကို ရင်ဆိုင်နိုင်ကာအလွန်တိုးတက်ရေပန်းစားလာတော့သည်။


သူမ အမြဲတမ်းအကြံပြုအားပေးနေသော အလွန်ရှုပ်ထွေးခက်ခဲလှသည့် တရုတ်ရှေးဟောင်းအစားအစာအများအပြား လူကြိုက်များလာကာ နောက်ဆုံး ဤနည်းဖြင့် ထုတ်လုပ်ထားသော ဟင်းလျာများက ပို၍ပင်အရောင်အသွေးစုံလင်လာ၍ အရသာချိုမြိန်သည် ။


အစားအသောက်ကုထုံးဆိုင်များ ထွန်းကားလာရုံသာမက သာမာန်စားသောက်ဆိုင်များ၏ လုပ်ငန်းများလည်း ကောင်းမွန်လာ၍ ပြေးလွှားကောင်သားနှင့် တွားသွားကောင်သား များကိုဆိုင်တိုင်းလိုလို အဓိကဟင်းလျာအဖြစ် ထားရှိကြသည်။ဇာခ့်သားအရသာမှာ အင်ပါယာမြို့သူမြို့သား အားလုံးအား စိတ်စွမ်းအင် နိုးကြားတက်ကြွလာစေတော့သည်။


တစ်ချို့သူများက လင်းယောင်ယောင်အား ဖြစ်နိုင်လျှင် အိမ်ခေါ်၍ ကိုယ်တိုင်ကိုယ်ကျ သင်ပေးစေချင်ကြသည်။ ကြယ်တာရာမျိုးနွယ်စု တော်တော်များများသည် မီးဖိုချောင်တွင် တစ်ခါမှ ကောင်းစွာမချက်ပြုတ်နိုင်ကြဘဲ စားလို့ရသည့် အစားအသောက်မှန်သမျှ ဂျီးမများဘဲ စားကြသည်။သို့သော်လည်း အချက်အပြုတ်ကျွမ်းကျင်၍ အရသာကောင်းစွာချက်ပြုတ်နိုင်သူလဲ များစွာရှိသေးသည်။


ချက်ချင်းဆိုသလို ဧကရာဇ်မြို့တော်မျိုးနွယ်စုအားလုံး၏ နှုတ်ဆက်စကားက..."ဒီနေ့ မင်းဇာခ့်သားဟင်း စားတာလား ဘယ်လိုချက်စားလဲ"...အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။

ထို့နောက် ဆက်တိုက် စကားများပြောမကုန်နိုင်တော့အောင်ပင်...


မစားဖူးသေးဘူးလား... မြန်မြန်ဘိုကင်သွားယူလိုက်လေ...တကယ့်ကိုမှ စားကောင်းပြီး နူးအိနေတဲ့ အသံမြည်ကောင်စတူးရတဲ့စားသောက်ဆိုင်ကို ငါသိထားတယ်... ယင်းအတွက် အာဟာရကောင်းပြီး အလှတိုးစေတယ်ဟ ကောင်မ သောက်ကြည့်သင့်တယ်နော် တကယ်...


[T/N: ယင်းသည် အမျိုးသမီးနှင့်ဆိုင်သော သင်္ကေတတစ်ခုဖြစ်သည်။ ယင်းကို အာဟာရကျွေးခြင်းသည် အမျိုးသမီးလိင်အင်္ဂါကို အာဟာရဖြစ်စေသည်ဟု ဆိုလိုပါသည်။]


စားဖူးပြီးပြီလား... အတွေ့အကြုံလေး ပြောပြပါဦး...ဘယ်ဟာက စားလို့အကောင်းဆုံးလဲ....


ဟယ်...နင်ကိုယ်တိုင်ချက်ထားတာလား.. Wow.. ဓာတ်ပုံလှလှလေး ရိုက်သွားလိုက်ဦး...

အရသာမကောင်းသောဟင်းလျာဖြစ်နေလျှင်လဲ မိမိကိုယ်ကိုတော့ ကောင်းစွာမြှောက်ပင့်ပြောဆိုကြလိမ့်မည်။အမှန်တကယ်စားကောင်းနေလျှင် ဘုရားရေ.... သူငယ်ချင်းတွေကြားထဲ လုံးဝကိုနာမည်ကြီးသွားလိမ့်မည်။


A အဆင့် အမွှေးထူကောင်တွေက အသွင်အပြင်အရ စက်ဆုပ်ခြင်းဖွယ် ပုံဆိုးပန်းဆိုးဖြစ်သော်လည်း အရသာမှ တော်တော်ကောင်း၍ ပင်လယ်သခွားသီးထက်ပင် အာဟာရပိုရှိသည်ဟု ပြောကြသည်။တက်ကြွလန်းဆန်းစေခြင်း၊ငယ်ရွယ်နုပျိုစေခြင်း၊ကျောက်ကပ်ကို အာဟာရဖြစ်စေပြီး ယန်းအတွက် အားကောင်းစေသော အာနိသင်ကြီးကြီးမားမားရှိကာ ယောကျာ်းလေးများလက်လွှတ်မခံသင့်ပေ...


[T/N : ယန်းမှာ ယောက်ျားလေးဘက်က သင်္ကေတပါ... (အဟမ်း အဟမ်း) ဘာကိုဆိုလိုတယ်ဆိုတာ သေချာသိတယ်မလား...]


ဇာခ့်တိုက်ပွဲကြောင့် ပျက်စီးသွားရသော အဆောက်အဦးများကို ပြုပြင်ပြီး ပြန်လည်တည်ဆောက်ကြကာ အင်ပါယာမြို့သူမြို့သားအားလုံးက ဇာခ့်သားများကို အကောင်းဆုံးချက်ပြုတ်စားတတ်ရုံသာမက အဆင့်အမျိုးမျိုးကောင်းစွာကိုင်တွယ်ဖြေရှင်းတတ်ကြသည်။


B အဆင့်နှင့်အထက်အဆင့်ကို ကုသရေးဆိုင်သို့ တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် ကူညီစီမံဆောင်ရွက်ပေးရန် အစားအသောက်ကုထုံးပညာရှင်များကို တောင်းဆိုကြ၍ C-အဆင့် နှင့် D-အဆင့်ကောင်များက ကိုယ်တိုင်အိမ်တွင်ချက်စားလျှင် စရိတ်သက်သာသော်လည်း စားသောက်ဆိုင်များပို့လျှင် ပို၍အရသာရှိသည်။


လင်းယောင်ယောင်က A အတန်းအစား အမွှေးထူကောင်များ အသုံးဝင်ပုံကိုမြို့သူမြို့သားများထံမှ တောင်းဆိုစာ ရရှိသောအခါ အံ့ဩသွားရပြီး သူမ၏ အာကာသခလုတ်အတွင်းရှိ အမွှေးထူကောင်အားလုံးကို အစားအသောက်ကုထုံးစတိုးဆိုင်သို့ ချက်ချင်းပေးပစ်လိုက်တော့သည်။ထို့ကြောင့် လင်းရွှမ်က အိမ်ပြန်ရောက်ရောက်ချင်း နားပူနားဆာ လုပ်တော့သည်။

"အမွှေးထူကောင်သား စားကြည့်ချင်ပါတယ်ဆို မင်းရဲ့ အစားအသောက်ကုထုံးဆိုင်အထိ သွားရမှာလားကွာ"


သူမ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားကာ ဒေါသတကြီးနှင့်...."အဲ့တာစားပြီး ဘာလုပ်မို့လဲ တကယ်လိုအပ်နေလို့လား ဟမ်"


လင်းရွှမ်က မျက်ခုံးပင့်ကာ ဆက်၍....."ကိုယ်ကဒီတိုင်း မြည်းကြည့်ချင်တာ....ဖြည့်စွက်စာအဖြစ်မလိုဘူး နောက်ဆို မင်းကတောင် အသံမြည်ကောင်စွပ်ပြုတ်ကို များများသောက်ပေးသင့်တာ"


လင်းယောင်ယောင်: "..."


တကယ်တမ်း ခန္ဓာကိုယ်ကြံ့ခိုင်မှုအရဆိုလျှင် လင်းရွှမ်တွင် SS + အဆင့်ရှိပြီးသားဖြစ်၍ သူမမှာ B အဆင့်သာရှိသေးသည်... သူတို့နှစ်ဦးလုံး အလွန်ကွာဟနေသေးသည်...


'ဘုရား ဘုရား ကြည့်ကောင်းတဲ့ဇာခ့်ကျတော့ ဘာလို့ အကျိုးသက်ရောက်မှုတအား ညံ့ရတာလဲ'


ယခုအချိန်တွင် သူမအတွက် ထိုအသံမြည်ကောင်များနှင့် အမွှေးထူကောင်များကို စေ့စေ့ကြည့်ရန်ပင် ခက်ခဲလှသည်။


SS အဆင့် ဧရာမ အခွံမာကောင် သည် အဆင့် ၆ ဂြိုလ်သား တိရိစ္ဆာန် အသား နှင့် ညီမျှပြီး ထွက်လာသော အာနိသင်များမှာ ယင်းကိုအာဟာရဖြစ်စေကာ ကျောက်ကပ်ကိုလဲ အာဟာရဖြစ်စေခြင်း၊ အသည်းနှင့်သွေးကို နူးညံ့စေခြင်း၊အပူကင်းခြင်းနှင့် အမြင်အာရုံအားကောင်းစေခြင်း၊ အသက်ရှည်စေခြင်းနှင့် ခန္ဓာကိုယ်ကို သန်မာစေသည်။ စိတ်စွမ်းအင် အားနည်းသူများနှင့် စိတ်စွမ်းအင် ပျက်စီးနေသူများအတွက် အလွန်သင့်လျော်သည်။ထို့ပြင် မျိုးရိုးဗီဇဆိုင်ရာ ရောဂါဝေဒနာရှင်များ စားလျှင် ကိုယ်ခံအားကြံ့ခိုင်မှု အားကောင်းလာစေရန်များစွာ အထောက်အကူ ပြုသည်။


အားဆေးအကျိုးသက်ရောက်မှုမှာ အသံမြည်နှင့် အမွှေးထူပိုးကောင်များထက် အမှန်တကယ် ကောင်းမွန်၍ အမျိုးသားရော အမျိုးသမီးများအတွက်ပါ သင့်တော်သည်။နောက်ဆုံးတိုက်ပွဲတုန်းက လင်းရွှမ် တစ်ကောင်သတ်နိုင်ခဲ့ပြီး အပြင်လူများကို တစ်ခါမျှထုတ်မပြဘဲ... သူ့မိသားစုအတွက်သာ သိမ်းထားသည်။ကံကောင်းထောက်မစွာဖြင့် အဆင့်ခြောက်SS အတန်းအစား ဧရာမအခွံမာကောင် သည် အင်ပါယာအသိုင်းအဝိုင်းကို ယခုတစ်ကြိမ် ထပ်မံတိုက်ခိုက်လာသည်။ ထိုမှသာ အခြားအင်အားကြီးအသိုင်းအဝိုင်းများက လင်းမိသားစုအား မျက်စောင်းထိုးကြတော့မည်မဟုတ်ပေ။


နောက်တစ်နေ့ အားလပ်ရက်ရောက်လေပြီ...


မနက်စောစောစီးစီး လင်းယောင်ယောင်က မစ္စတာချိုက်ကို လင်းမိသားစုအိမ်သို့ ညစာလာစားရန် ဖိတ်ခေါ်လိုက်ပြီး ဝေ့ယွမ်နှင့် ချောင်းမင်ယောင်တို့ကိုလည်း ဝေ့မိသားစုအကြီးအကဲနှစ်ဦးကို ဖိတ်ကြားရန် သူမ အကူအညီတောင်းလိုက်သည်။


ဤညစာစားပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဇာခ့်သားအမျိုးမျိုးကို မြည်းကြည့်ရန်နှင့် အထူးသဖြင့် အလွန်ရှားပါးသော SS အတန်းအစား ဧရာမအခွံမာကောင်ကြီး စားသောက်ပွဲဖြစ်သည်။အခွံ ဖယ်လိုက်လျှင် SS-အတန်းအစား ဧရာမကောင်သည် ဆယ်မီတာအပြည့် မြင့်ပြီးဘတ်စကတ်ဘောကွင်းလောက် ကြီးမားကာ ခေါင်းခြောက်လုံးရှိသည်။မိသားစုနှစ်စုလုံးအချိန်အကြာကြီးလုံလုံလောက်လောက် စားနိုင်သည်။သူမက ဤဧရာမအခွံမာပိုးကောင်ကြီး အားစားလိုက်ရသော လင်းနှင့်ဝေ့ မိသားစုမှ စီနီယာအပေါင်းတို့အား စိတ်စွမ်းအားနှင့် ကိုယ်ကာယ ပိုမိုကောင်းမွန်လာစေရန် မျှော်လင့်သည်။


လင်းယောင်ယောင်၏ စိတ်စွမ်းအားအဆင့်သည် မဆိုးလှသော်လည်း အဆင့်မြင့်ပါဝင်သားများကို ပြုပြင်ရာတွင် အနည်းငယ် အားနည်းနေသေးသည်။ထို့ကြောင့် သူမ ကျွမ်းကျွမ်းကျင်ကျင်ဖြေရှင်းနိုင်ရန် ဆရာဖြစ်သူ အဘိုးကြီးချိုက် အကူအညီလိုအပ်သည်။

မစ္စတာချိုက်က အလွန်လှိုက်လှိုက်လဲလဲ ကူညီပေးခဲ့ပြီး ပညာခကိုပင် မတောင်းခဲ့ပေ။ နေ့လယ်စာ အလကားစားခွင့်ရရုံဖြင့် လုံလောက်ကာ အလွန်ပျော်ရွှင်နေသည်။အားပိုင်နှင့် 012 တို့က အရှိန်တင်ကားပေါ်တွင် ဇာခ့်သားစားခြင်းအကြောင်း ရွှန်းရွှန်းေ၀စွာ ပြောဆိုနေကြသည်။


ဇာခ့်သားများကို နှစ်ခြိုက်စွာစားလိုက်ခြင်းကြောင့် သွေးစပျစ်ပင်လေးသည် မနေ့ညကပင် အဆင့်ငါးသို့ တိုးလာကာ ခန္ဓာကိုယ်မှာ ငါးမီတာအမြင့်အထိ ကြီးထွားလာသော်လည်း ချစ်စရာကောင်းပြီး သေးသေးကွေးကွေးမီတာဝက်ပုံစံကိုသာ နှစ်သက်ပုံရ၍ ပြန်ပြောင်းလိုက်သည်။


အားပိုင်က...."ငါကတော့ ဇာဂ့်ပျံသားကို အကြိုက်ဆုံးပဲ ငါးနံ့နဲနဲညှီပေမယ့် ငါးတွေထက် ပိုဝါးလို့ကောင်းတယ်"


012 လေးကတော့ ဇာခ့်ပျံသား ခဏခဏစားနေရသော်လည်း အရသာဘယ်လောက်ကောင်းကောင်း အန်ချင်လာသည်။ထို့ကြောင့်စပျစ်နွယ်ပင်များပေါ်ရှိ ချွန်ထက်သောအဆူးအချို့ကို ချိုးဖဲ့နေကာ... "ငါတော့ ပြေးလွှားကောင်သားနဲ့ တွားသွားကောင်သား စားရတာက ပိုကောင်းတယ် စပ်စပ်လေးဆို ပိုလို့တောင်စားကောင်းသေး"


အားပိုင်က ဆက်၍ ငြင်းနေသည်..."ဟာ မင်းမှာ ဒီလောက်ဟင်းချက်ကောင်းတဲ့ သခင်ရှိတာ သူချက်ရင် ဘယ်ဟာက စားမကောင်းလို့လဲ...နောက်ပြီး ငါ့ရဲ့ အရာရှိအညစ်အပတ်ကြီးက ခုတလော ဟင်းချက်တာမှာ တော်တော်တိုးတက်လာတယ်ကွ"


012 ဝမ်းနည်းဟန်ဖြင့်... "စိတ်မကောင်းစရာပဲ... ငါ့သခင်က အမွှေးထူကောင်တွေကို ကြောက်တယ်ကွ ငါကို့ ကလေးပဲရှိသေးလို့ မစားရဘူးလို့ပြောပြောပြီး မကျွေးဘူးလေ"


အားပိုင်က သူငယ်ချင်းဖြစ်သူကို နားလည်ဟန်ဖြင့်နှစ်သိမ့်ကာ... "ဟုတ်တော့လဲ ဟုတ်ပါတယ်... မင်းက လိင်မဲ့အပင်တစ်ပင်လေ မင်းမှာ ကျောက်ကပ်မှမရှိတာ အမှိုက်စားရသလိုပဲဖြစ်မှာပေါ့"


012 က ကြောင်သွားကာ... "ဟမ် အဲ့တာနဲ့ အထီးအမဖြစ်တာနဲ့ဘာဆိုင်လို့လဲ..."


အားပိုင်က လူစကားများကို နားလည်နိုင်သော လူရည်လည်ကြောင်တစ်ကောင်ဖြစ်ကာ 012 မှာတော့ စာရွက်ဖြူလေးလိုဖြူစင်လွန်းသော ကလေးငယ်နှစ်ဦး လူ့လောကအကြောင်းစပ်စပ်စုစု အကြိတ်အနယ်ဆွေးနွေးနေကြတော့သည်။


012 က ငယ်လွန်းသေးသဖြင့် မျက်နှာသူငယ်လေးဖြစ်ကာ ကိုယ်ထင်သောကောက်ချက်တစ်ခုကိုသာ ချလိုက်သည်မှာ သနားစဖွယ်ပင်...

'ငါ့သခင်က သူ့သခင်နဲ့တွေ့တိုင်း ငါ့ကို သိပ်ဂရုမစိုက်တော့တာ မအံ့ဩပါဘူးလေ... သူမက အဖျက်ကောင်အိမ်မွေးတိရစ္ဆာန်ထက် ယောကျာ်းများကို ပိုအလေးပေးတာပဲ... "ဆန့်ကျင်ဘက်လိင်က အချင်းချင်း ဆွဲဆောင်ကြတယ်" လို့ ကြားဖူးသားပဲ...အာ...'


လင်းယောင်ယောင်က အားပိုင်၏ကြောင်စကားကိုလဲ နားမလည် သူတို့ပြောနေသည့်စကားများကိုလဲ ဂရုမစိုက်၍သာ ကံကောင်းသွားသည်။ မဟုတ်ဘဲ ကြားလိုက်ရလျှင်တော့ အားပိုင်အမွှေးများ တစ်မွှေးမျှမကျန်တော့အောင် စိတ်ဆိုးမာန်ဆိုး ဆွဲနုတ်လိမ့်မည်။


လင်းရွှမ်တစ်ယောက် စစ်ဌာနချုပ်တွင် အလုပ်ရှုပ်နေသဖြင့် နေ့လယ်စာစားချိန်အထိ ပြန်မလာနိုင်သေးပေ။

ညစာစားပွဲမတိုင်မီ သူ အိမ်ပြန်ရောက်လာသောအခါ အဖွားဝေ့က လင်းယောင်ယောင်လက်ကို နွေးထွေးစွာ ကိုင်ထားပြီး..."ငါ့မြေးလေးက အရမ်းလှပြီး အရည်အချင်းအများကြီးရှိလို့ နောက်ကျ မြေးနဲ့တန်တဲ့ လူငယ်မျိုး ဘယ်လိုရှာပေးရမှန်း မသိတော့ဘူးကွယ်"

သူမက ကို့ရိုးကားယာဖြစ်သွားကာ ချောင်းဟန့်လိုက်သည်...


"အဖွားကလဲ မြေးကငယ်ပါသေးတယ် ဒီလိုကိစ္စမျိုး ခုစဉ်းစားနေစရာ မလိုသေးပါဘူး"


လှမ်း၀င်လာသော လင်းရွှမ်က ပေါ့ပေါ့ပါးပါးဝင်ပြောလိုက်တော့သည်။

"စဉ်းစားဖို့ အချိန်တန်နေပြီ ကိုယ့်အမေတုန်းကဆို အသက် 18 နှစ်မှာပဲ အဖေနဲ့ တွေ့ခဲ့တာ"


ဝေ့ယွမ်နှင့် ချောင်းမင်ယောင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ လင်းရွှမ် စကားအသွားအလာကို ယောကျာ်းအချင်းချင်းအထာနပ်စွာ ကောင်းကောင်းသိသည်။သို့သော်မျက်လုံးများမှာတော့ လင်းရွှမ်အပေါ် သိပ်စိတ်မ၀င်စားသလို ကြည့်နေကြသည်။


ထို့ပြင် ယနေ့ည လင်းမိသားစုညစာစားပွဲတွင် သူတို့မှာ လင်းရွှမ်ကိုယ်တိုင် တစ်ယောက်တည်းသတ်နိုင်ခဲ့သော SS အတန်းအစား ဧရာမအခွံကောင်သားများကို ကပ်ပါးရပ်ပါးလာစားကြသော ဧည့်သည်များဖြစ်ကြကာ သက်သောင့်သက်သာ သိပ်မဖြစ်သော်လည်း စိတ်ထိန်းထားနိုင်သည်။သူတို့နှစ်ယောက်စလုံးကို ဝေ့မိသားစု အကြီးအကဲများရှေ့ လင်းရွှမ်နှင့်လင်းယောင်ယောင်တို့အတွဲအကြောင်း မပြောမိစေရန် ယောင်ယောင်ကအထူးမှာထား၍ ယောင်ယောင်၏အဘိုး နှင့်အဘွားဝေ့တို့အား မိမိအဘိုးအဘွားကဲ့သို့

"အဘိုး"... "အဖွား" ပါးစပ်ကမချ အလွန်ရင်နှီးစွာ ပြောဆိုဆက်ဆံနေသော ဒေါင်ကောင်းကောင်းရုပ်ချောချော လင်းရွှမ်ကို ဒီတိုင်းသာကြည့်နေလိုက်ကြတော့သည်။

အဘိုးဝေ့နှင့် အဖွားဝေ့တို့မှာတော့ လင်းရွှမ် ၏ ဉာဏ်နီဉာဏ်နက်များကို လုံးဝမသိကာ သူ့အပေါ် အလွန်ကောင်းမွန်နွေးထွေးစွာ သဘောကျနေကြသည်။မြေးအရင်းများကို ကြည့်သော မျက်လုံးများနှင့် တခြားဆီပင်။


ဝေ့ယွမ်နှင့် ချောင်းမင်ယောင်တို့မှာ အားငယ်လာကာ လင်းယောင်ယောင်ကို သနားစဖွယ် မျက်လုံးကလေးများဖြင့် ကြည့်နေကြသည်။


သူမက အဘိုးအဘွားများ၏ မြေးအရင်းသဖွယ် မျက်စိကျကာ ချီးမွမ်းနေကြသော လင်းရွှမ်ကိုသာ ငေးကြည့်နေရင်း အလွန်ရင်ခုန်နေတော့သည်။စိုးရိမ်ကြောက်ရွံ့နေမိသော မိသားစုကြားက အတိုက်အခံများ သူမထင်သလို ဖြစ်မလာနိုင်လောက်ဘူး မလား...


ချက်ချင်း သူမက စကားလွန်မသွားစေရန်လင်းရွှမ်ခါးကို အသာလေး လှမ်းဆိတ်လိုက်သည်။


အမြင်အာရုံလျင်သော အဘိုးလင်းက သူမ အပြုအမူအား လှမ်းမြင်လိုက်၍ သူမတို့နှစ်ယောက်ကို အဓိပ္ပါယ်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်ကာ....


"ဒီမောင်နှမနှစ်ယောက်က ပိုပိုပြီး ရင်နှီးလာကြပါလားကွ"




xxxx

Ei Thet Hmue