အခန်း၁၀၅
Viewers 8k

Chapter 105

(ကန့်ကွက်သူမရှိ)


လင်းရွှမ်က လင်းထျန်းရွယ်နှင့် ရှန်းယွင်ကျင်း တို့အပြင် စစ်တပ်အသိုင်းအဝိုင်းတစ်ခုလုံးအား လင်းယောင်ယောင်နှင့်တွဲနေကြောင်း တရားဝင်ကြေညာလိုက်သည်။


ရှန်းယွင်ကျင်းမှာ သူမ ဂရုတစိုက် ပျိုးထောင်ထားသော ဂေါ်ဖီထုပ်ကလေးအား အမြဲတစေချောင်းနေသော ဝက်က စားသွားသလိုမျိုး အရူးမီးဝိုင်းဖြစ်သွားရသည်။သူမ လူယုတ်မာ လင်းရွှမ်ကို လက်သီးခပ်ပြင်းပြင်းကျွေးချင်သလို ဒေါသထွက်လာသော်လည်း ထူးထူးဆန်းဆန်း ပျော်ရွှင်နေပြန်သည်...


'အို ဒီလိုဆို ငါ့သမီးက တခြားသူစိမ်းကောင်အိမ်က ကလေကချေနဲ့ အိမ်ထောင်မကျနိုင်တော့ဘူးပေါ့...'


ကြယ်တာရာခေတ်ထဲတွင်ပင် လူငယ်အတော်များများ အိမ်ထောင်ပြုလိုက်၍ မိမိဘာသာ အမှီအခိုကင်းစွာ နေထိုင်ကြလျှင် ယောက္ခမနှင့်ချွေးမပြဿနာကြား စစ်အေးတိုက်ပွဲဖြစ်လေ့ရှိသည်။သားချစ်မေမေတော်တော်များများက ကိုယ့်သားလေးကို လုသွားသလိုခံစားရ၍ ဘယ်ယောက္ခမကမှ တခြားအိမ်က သမီးကို ချွေးမတော်ကာ ကိုယ့်သမီးအရင်းကဲ့သို့ မဆက်ဆံနိုင်ကြပေ။ဆက်ဆံရေး ကောင်းမွန်နေသည်ကို မြင်ရလျှင်ပင် အပေါ်ယံ အယောင်အပြသက်သက်သာဖြစ်လိမ့်မည်။


ထို့ကြောင့် သူမအတွက် လင်းယောင်ယောင် နှင့် လင်းရွှမ် အတူတူရှိနေလျှင်လည်း ခံစားချက်ချင်းသိပ်မကွာလှပေ။လင်းယောင်ယောင်မှာ သူမကိုယ်တိုင်ပြုစုယုယခဲ့၍ သိပ်ချစ်ရသောတစ်ဦးတည်းသမီးလေးဖြစ်ကာ လှလှပပ ရင့်ကျက်လိမ်မာသိမ်မွေ့စွာ ကြီးပြင်းလာသူလေးဖြစ်သည်။သူမ အတွက် လင်းရွှမ်က သမီးလေးကို လုယူသွားသော လူဆိုးကောင်ကြီးဖြစ်သည်။


ရှန်းယွင်ကျင်း က ဂရုဏာဒေါသလေးဖြင့် ခပ်သဲ့သဲ့ရယ်မောကာ... "ကောင်စုတ်လေး နောက်ကျ မင်း ယောင်ယောင်လေးကို အနိုင်ကျင့်လို့ ဒါမှမဟုတ် သူ့ကို လက်လွတ်ဆုံးရှုံးလိုက်ရမယ်ဆိုရင် ဒီကမင်းအမေက မင်းအသက်ကို မနှမြောနိုင်တဲ့ ပထမဆုံးသူပဲဖြစ်မှာနော်..."


ဆက်၍ သူမက လင်းရွှမ် အတွက် အမြဲတမ်း ဂုဏ်ယူနေတတ်သော်လည်း ချစ်သမီးကို လုယူသွားသဖြင့် မျက်စောင်းထိုးကာ..... "မင်း ယောင်ယောင် ကို စိတ်ဆင်းရဲအောင်လုပ်ရင် ခြေထောက်တွေကို ငါကိုယ်တိုင်ချိုးပစ်မယ်"


လင်းရွှမ်၏ ရဲဝံ့ပြတ်သားသောစိတ်ကို ယခင်ထဲက သူတို့ ကောင်းကောင်းသိသည်။ဘယ်လောက်ဆူပူကြိမ်းမောင်းခံရသည်ဖြစ်စေ ဘယ်လောက်အရိုက်ခံရသည်ဖြစ်စေ သူ့စိတ်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။ထို့ကြောင့် သူ့ဆန္ဒပြည့်သွား၍ စိတ်ချမ်းသာနေသဖြင့် လင်းထျန်းရွယ်တို့ ဇနီးမောင်နှံတို့ကလဲ မတားမြစ်ရက်ကာ လက်ခံလိုက်ကြသည်။


သို့သော်လည်း အဓိကအားဖြင့် လူငယ်နှစ်ဦး အတူတူတွဲနေသည်မှာ မှန်ကန်လျှင် မကြာမီ မိဘများနှင့် အလောတကြီးတွေ့ဆုံကာ ဆိုးဆိုးရွားရွား ပြဿနာဖြစ်လာမည်ကိုတော့ ရင်မဆိုင်ချင်ကြပေ။

လင်း မိသားစုတွင်း ပြဿနာတင်မက လင်းယောင်ယောင်တွင် အထူးဂုဏ်အဆင့်တန်းမြင့်အသိမှတ်ပြုခံထားသော ဝေ့မိသားစုဘက်လည်း ရှိနေသေးသည်။


ထို့ပြင် ဝေ့မိသားစုမှာ နှစ်ပေါင်းများစွာ ကွဲကွာနေသော ကလေးငယ်လေးအား မကြာသေးမီကာမှ ရှာဖွေတွေ့ရှိကာ အသိမှတ်ပြုထားသဖြင့် လင်းမိသားစု ချွေးမလောင်းဖြစ်လာတော့မည့်အကြောင်းကြားလျှင် စိတ်မကောင်းဖြစ်ကြမည်မှာကျိန်းသေပင်။

နောက်ဆုံး ရှန်းယွင်ကျင်းက လင်းရွှမ်ကိုသာ သတိကြီးကြီး အကြံပေးထားသည်။သူတို့နှစ်ယောက်အကြောင်း အသိမပေးသေးခင် ဝေ့မိသားစုထံမှ စိတ်ရင်းအမှန်ပြကာ သဘောကျနှစ်သက်မှုဦးစွာ ရယူရမည်။


လင်းရွှမ်က အဘိုးလင်းစကား ကို ပြန်မဖြေပေ...

သို့သော် ဒီအဘိုးကြီးလင်း ကလဲ ခေသူမဟုတ်....မောင်နှမနှစ်ယောက်ဆက်ဆံရေး ကွဲပြားလာတာကို မြင်ရတာပေါ့.....


နွေရာသီအားလပ်ရက်အတွင်း အေးတိအေးစက်ဖာသိဖာသာ နေတတ်ကြသောမောင်နှမနှစ်ယောက်က နေ့ချင်းညချင်း ပြောင်းလဲ ရင်းနှီးလာတော့သည်။

စပါးရိတ်သိမ်းပွဲ မတိုင်မီတွင် လင်းယောင်ယောင် ရှေးစံအိမ်သို့ ရုတ်တရက် ပြန်လာပြီး ရက်အနည်းငယ်အတွင်းမှာပင် လင်းရွှမ်လဲ ရောက်လာကာ အတော်နှင့်မပြန်တော့ပေ။ညစာစားအပြီး အဘိုးအတွက် အသီးယူလာ ကျွေးသောအခါ လင်းရွှမ် က တခြားသူကို ခွာကျွေးရန်ထားခဲ့ပြီး လင်းယောင်ယောင်အတွက်မှာမူ သူကိုယ်တိုင်ဆေးကြောသန့်စင်ကာ ခွာကျွေးခဲ့သည်။


မကြာသေးမီကပင် လင်းရွှမ် အရှင်သခင်အင်ပါယာ အသိုင်းအဝိုင်းထံပြန်လာခဲ့သော်လည်း သူ့ကိုတွေ့ရန် ရှေးစံအိမ်ကိုတော့ မလာခဲ့ပေ။ထို့ပြင် သူ့ကိုယ်ပိုင်အိမ် သို့မဟုတ် စစ်တပ်ကျောင်းဆောင်ကိုပင် ပြန်မသွားဘဲ လေ့ကျင့်ရေးပစ္စည်းများလဲ သိပ်မရှိ၊စစ်တပ်ဌာနချုပ်နှင့်လည်း လုံးဝမနီးသော လင်းယောင်ယောင်နေထိုင်ရာ စစ်ကျောင်းဗီလာကိုသာ တန်းတန်းမတ်မတ် သွားခဲ့သည်။


လင်းရွှမ်ကိုယ်တိုင် ဇာခ့်တိုက်ပွဲ နှစ်ကြိမ်စလုံးသူမကျောင်းဝင်းအတွင်း ရှိနေပြီး ပထမအကြိမ်တုန်းက အားလပ်ရက်ခရီးထွက်နေသဖြင့် ရောက်နေသည်ထား ဒုတိယ ဇာခ့်တိုက်ခိုက်ပွဲမှာတော့ လင်းမိသားစု စစ်တပ်အသိုင်းအဝိုင်းတွင်သာ ရှိနေသင့်သည်မဟုတ်ပါလား....


ယနေ့ညမှာပင် အဘိုးလင်းက ဝေ့လူကြီးနှစ်ယောက်အား နှိမ့်ချစွာ ဖော်ဖော်ရွေရွေ အတင်းကပ်ကာ စကားပြောနေသည့် လင်းရွှမ်ကိုထူးဆန်းစွာ တွေ့လိုက်ရတော့သည်။အဘိုးဖြစ်သူကိုတောင် သိပ်စကားမပြောပေ။


အဘိုးလင်းမှာ တိတ်တိတ်လေးအကဲခတ်နေကာ မောင်နှမနှစ်ယောက်၏ အပြုအမူသေးသေးလေးများအား တွေရလိုက်ကာ သူလည်း ငယ်ရာမှ ကြီးလာသူဖြစ်ကာ နားလည်သဘောပေါက်သည်။

စိတ်ထဲတွင် အနည်းငယ်အံ့ဩတုန်လှုပ်သွားသော်လည်း သဘောမတူနိုင်စရာအကြောင်းမရှိပေ။ကလေးမလေး လင်းယောင်ယောင်မှာ အလွန်ထူးချွန်ထက်မြတ်သူဖြစ်ကာ အင်ပါယာတစ်ခုလုံးတွင် သူမအတွက် လင်းရွှမ်ထက် သာလွန်ကောင်းမွန်ပြီး ပိုသင့်လျော်သော သတိုးသားလောင်း မရှိတော့ပေ။


လင်း နှင့် ဝေ့မိသားစုသည် ခမည်းခမက်ဖြစ်လာလျှင် ယခင်ကထက်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟုထင်သည်။ ဤမျှခိုင်မာသောမဟာမိတ်ပေါင်းစပ်မှုမှာ နှစ်ဘက်မိသားစုများအတွက် အကျိုးကောင်းကောင်းရနိုင်သည်။သို့သော် အနာဂတ်တွင် လင်းယောင်ယောင်ကပင် မိသားစုနှစ်ခုလုံးထဲ ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိမည်ဖြစ်ပြီး မိသားစုအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားခင်ပွန်းရသွားမည်ကို မစိုးရိမ်ရတော့ပေ။အဘိုး လင်း နှင့် အဘိုးဝေ့တို့ နှစ်ဦးစလုံးအသက်အရွယ်ရလာသည်နှင့်အမျှ စိတ်စွမ်းအင်တဖြည်းဖြည်း ပြိုလဲ ပျက်စီးလာနေသော်လည်း သူမအား အပင်ပန်းခံ ဖြည့်စွက်စာ နေ့တိုင်း ချက်ပြုတ်မနေစေချင်ကြပေ။


သို့သော် သူမက အလွန်သိတတ် စိတ်ထားကောင်းသော ကလေးမလေးဖြစ်ကာ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကြာရှည်သိမ်းဆည်းရန် အဆင်ပြေပြီး ဖြည့်စွက်စာများ အစားအသောက်ဘူးအပြည့် အမြဲတမ်းပို့ပေးရုံဖြင့်ပင် ကျေးဇူးတင်လှပြီဖြစ်သည်။


ယခု လင်းမိသားစုအတွက် အရှင်သခင်အင်ပါယာတစ်ခုလုံးတွင် စိတ်စွမ်းအင်ချို့ယွင်းမှု ဖြစ်ဖြစ် မသန်စွမ်းမှုအတွက်ဖြစ်ဖြစ် အထူးထိရောက်သော ဖြည့်စွက်အစားအစာများချက်ပြုတ်ကျွေးမည့် မွှေးစားသမီးတစ်ဦးရလိုက်သော ဂုဏ်သရေရှိသူများဖြစ်လာတော့မည်။


ထို့ကြောင့် အဘိုးဝေ့သည် အဘိုးလင်းနှင့် သီးသန့်ဆွေးနွေးကာ လင်းယောင်ယောင်မှာဝေ့မိသားစု၏ သမီးအရင်းဖြစ်သည်ကို တတ်နိုင်သမျှ အမြန်ဆုံး လူသိရှင်ကြား ထုတ်ပြန်ချင်သည်။ မဟုတ်လျှင် ချမ်းသာကြွယ်ဝသူများက သူမ အား လင်းမိသားစု၏ မွှေးစားသမီးဟုသာ ထင်ကာ အလွယ်တကူအနိုင်ကျင့်မထီမဲ့မြင်ပြုမည်ကို စိုးရိမ်သည်။အဘိုးလင်းကိုယ်တိုင်ကလဲ ကန့်ကွက်မှုမရှိသော်လည်း သူမ၏ သဘောထားကိုသာ သိရန်လိုတော့သည်။


လင်းယောင်ယောင်၏အနာဂတ်လက်တွဲဖော်သည် အခြားမင်းမျိုးမင်းနွယ်မိသားစုဝင် သားသမီးများဖြစ်နေလျှင် အခြားပါတီက သူမအား ထူးချွန်သောအစားအသောက်ကုထုံးပညာရှင်တစ်ဦးအဖြစ် အာရုံစိုက်လာကြနိုင်၍ သူမ၏ ကျွမ်းကျင်မှုကို အသုံးချသွားနိုင်သည်။


ထို့ကြောင့် ယောင်ယောင်လေး သူ့မြေးနှင့် အတူရှိနေလျှင် ဤပြဿနာမျိုး ရှိလာမည်မဟုတ်ပေ။ အဘိုးလင်းမှာ သူမအား ချစ်ခင်နှစ်သက်ပြီး လင်း မိသားစုတစ်ဦးအဖြစ်မခွဲမခြား အမြဲတမ်းနွေးထွေးစွာ ဆက်ဆံသူဖြစ်သည်။သူ့မြေးလဲ ယောင်ယောင်ကို စိတ်ဆင်းရဲစေမည်မဟုတ်ကြောင်း ယုံကြည်သည်။


အဘိုးလင်းက လင်းရွှမ်အား ဘုကြည့်ကြည့်နေသော ဝေ့ယွမ် နှင့် ချောင်းမင်ယောင်ဘက်လှမ်းကြည့်ကာ ဤဤကောင်လေးနှစ်ယောက်သူ့မြေးအတွဲအကြောင်း အစောကြီးထဲကသိပုံရသည်။


လင်းမိသားစုသည် ဝေ့မိသားစုထက် ပိုမိုအင်အားကြီးမားသော်လည်း သူတို့သမီးကို သမီးအဖြစ်ဆက်တိုက်မွှေးစားထားသည့်အပြင်ယခုချွေးမထပ်တော်ရတော့မည် လင်းမိသားစုကမလွန်လွန်းဘူးလား.....။


ချက်ချင်းဆိုသလို အဘိုးလင်း၏ သဘောထားသည် ဝေ့မိသားစုအပေါ် ပိုမိုခင်တွယ်ရင်းနှီးလာကာ ဝေ့ယွမ် နှင့် ချောင်းမင်ယောင် တို့ကိုလည်း မကြာခဏအစဖော်ကာ ချီးကျူးစကားပြောပေးနေသည်။


အဘိုးလင်း နှင့် လင်းရွှမ်တို့မြေးဘိုးနှစ်ဦး အကြည့်ချင်းဖလှယ်၍ တိတ်တဆိတ် မျက်စပစ်နေကြကာ သဘောတကျ ခေါင်းညိတ်နေကြသည်။

လင်းယောင်ယောင်ကတော့ တစ်စက်ကလေးမျှမသိကာ လင်းမိသားစုမှလင်းရွှမ် နှင့် သူမ၏ဆက်ဆံရေးကို ဆန့်ကျင်မည်ကို အမြဲစိုးရိမ်နေခဲ့သော ကိစ္စကြီးမှာ ရုတ်တရက် ဆိုးဆိုးရွားရွားစကားတစ်ခွန်းမှ မပြောဘဲ အောင်မြင်သွားလေသည်။


အဘိုးဝေ့နှင့် အဘွားဝေ့တို့မှာ လင်းရွှမ်ကို အလွန်ကျေနပ်အားရနေကြသည်။အဘိုးလင်း ၏ အမွှန်းတင်မှုအောက်ရောက်သွားသော ဝေ့ယွမ်နှင့် ချောင်းမင်ယောင်တို့ပင်လျှင် ညီမဖြစ်သူ လင်းရွှမ်ကို ဆုံးရှုံးလိုက်ရပါက တစ်သက်လုံးနောင်တရသွားလိမ့်မည်ဟု ခံစားလာရသည်။


တပည့်၏ဖြည့်စွက်စာချက်ပြုတ်ရန် ကူညီပေးရုံသက်သက်ရောက်လာသော အဘိုးကြီးချိုက်သည် လင်းယောင်ယောင်မှာ တကယ်တမ်း ဝေ့ မိသားစု သမီးအရင်းဖြစ်ကြောင်း သိလိုက်ရသည်။အစကတော့ မိသားစုနှစ်ခုကြား ဆက်ဆံရေးက ဘာကြောင့် ဤလောက် သင့်မြတ်နေကြခြင်းကို တွေးနေမိသေးသည်။တကယ်ကို မိသားစုတစ်ခုလိုပင်။


SS အတန်းအစား ဧရာမ အခွံမာကောင် သည် ခေါင်းများစွာရှိသော လိပ် နှင့် တူ၍ အသားက မာပြီး ဝါးရခက်သောကြောင့် အသားကို နူးညံ့လာစေရန် အချိန်အတော်ကြာ ပြုတ်ရသည်။ ချက်ပြုတ်နိုင်သောနည်းလမ်းများစွာ မရှိဘဲ အဖိုးတန်ဆေးဖက်ဝင်ပစ္စည်း အများအပြားထည့်ကာ အိုးကြီးထဲတွင်အပူချိန်နည်းနည်းစီပေးထား၍ ဆေးဖက်ဝင်ဟင်းချိုစတူးဟင်း သည်သာ အဓိကနည်းလမ်းဖြစ်သည်။


ထို့အပြင် S-အတန်းစား ပျံကောင်များ၊ A-တန်းစားအမွှေးထူကောင်များ၊ B-တန်းစား အသံမြည်ကောင်၊ C-တန်းစား တွားသွားကောင်များ နှင့် D-တန်းစားပြေးလွှားကောင် အတော်များများကိုလည်း ချက်ထားပြီး လင်းယောင်ယောင်၏ အထူးလက်ရာ ဟင်းပွဲအချို့ အပါအဝင် စားပွဲအပြည့်နေရာယူထားသည်။


ဟင်းလျာမှာကြောင့် ဧည့်ခံကျွေးမွေးသူအပါအဝင် စားသုံးသူများကိုပါ ပျော်ရွှင်စေသည်။

စားရင်းသောက်ရင်း ရုတ်တရက်ဇာခ့်တိုက်ခိုက်မှုအကြောင်း ပြောကြသောအခါ လူတိုင်းက တက်ကြွနေကြသည်။နောင်တချိန် ဇာခ့်အများအပြားထပ်လာရင်တောင် အားလုံးအတူတကွစည်းလုံးနေလျှင် လုံးဝပျောက်ကွယ်သွားသည်အထိ တိုက်ထုတ်နိုင်မည်မှာ အသေချာပင်။

ထို့နောက် အဘိုးကြီးချိုက်ကအင်ပါယာအစားအသောက်သုသေသနစင်တာ၏ အစီအစဥ်နှင့်ပတ်သက်၍ လူတိုင်းအား ဇာခ့်နမူနာယူ၍ မွေးကြည့်ရန်ပင် ပြောဆိုခဲ့သည်။


လင်းရွှမ် စိတ်ထဲတွင် စိုးရိမ်စိတ်များ ကြီးစိုးနေသည်။နှစ်ရက်နီးပါး ဖော်ထုတ်ပြီးနောက် လုလင်း သည် အဆိုပါ ကုဒ်ဝှက်ထားသော မက်ဆေ့ဂျ်ကို နောက်ဆုံးတွင် ရသွားကာ... "အစီအစဉ်အရ သဘက်ခါပဲ" ...ထိုစကားအရ စနေနေ့ သို့မဟုတ် ယနေ့ ဖြစ်သင့်သည်။ သတင်းကြားဖြတ်ခံရခြင်းကြောင့် နောက်ထပ်ဇာခ့် တိုက်ခိုက်မှုမှာ သောကြာနေ့သို့ ရွှေ့သွားခြင်းဖြစ်နိုင်သည်။ထို့ပြင် ယနေ့ တစ်နေ့လုံးကုန်သွားသည့်အချိန်အထိ လှုပ်ရှားမှုလုံးဝမရှိသေးပေ။


သူက ဇာခ့် တိုက်ခိုက်ချိန်မှာ ရှောင်မင်နှင့် ပူးပေါင်းဆောင်ရွက်သော လျှို့ဝှက်ဆန်းကြယ်သောတပ်ဖွဲ့များဖြင့် အစီအစဥ်ဆွဲထားကြောင်း ဤသတင်းစကားမှ ကောက်ချက်ချလိုက်သည်။


ဘာကိုဆိုလိုတာလဲ ဘာမှမပြောဘဲ ချက်ချင်းပျောက်သွားသည်။


ယခုတစ်ခါ ရှောင်မင်သည် ဇာခ့်တိုက်ခိုက်မှုလှိုင်းကို အားကိုး၍ ဂုဏ်သိက္ခာ တိုးတက်အောင်လုပ်ရန်မျှော်မှန်းချက် မအောင်မြင်ခဲ့သောကြောင့် အချိန်မရွေး ဇာခ့်တိုက်ခိုက်ခြင်းအန္တရာယ်ကို ကြုံရနိုင်ကြောင်း သူကြိုတင် တွေးဆထားသည်။


တစ်စုံတစ်ယောက်က နောက်ကွယ်တွင် ဇာခ့်များကို ထိန်းချုပ်ကာလွှမ်းမိုးထားသောကြောင့် နောက်ထပ် ဇာခ့်တိုက်ခိုက်မှုသည် အင်ပါယာပြည်သူများမှထံ "အစားအစာများပေးပို့ခြင်း" ကဲ့သို့ ရိုးရှင်းတော့မည်မဟုတ်ပေ။သို့သော် အချက်အားလုံးက သူ၏ခန့်မှန်းချက်မျှသာဖြစ်၍ ဆွေမျိုးများနှင့် သူငယ်ချင်းများတို့ အပျော်မပျက်စေချင်သောကြောင့် ဘာတစ်ခွန်းမှပြောမည်မဟုတ်....


စားသောက်ပြီးနောက် အဘိုးကြီးချိုက်သည်လင်းယောင်ယောင်ထံမှ SS-အတန်းအစား ဧရာမအခွံမာကောင်၏ အသားတစ်ပိုင်းကို သုတေသနပြုလုပ်ရန် တောင်းဆိုပြီး အင်ပါယာအစားအသောက်သုသေသနစင်တာသို့ အမြန်ပြန်ချင်နေပြီဖြစ်သည်။ထို့နောက် လင်းယောင်ယောင်နှင့် လင်းရွှမ် တို့သည် ဝေ့မိသားစုအား စိတ်စွမ်းအင်အကျိုးသက်ရောက်မှုရှိသော တစ်ပတ်စာအတွက် လုံလောက်မည့် SS အဆင့်ဇာခ့်အသားများအပြင် အခြားအဆင့်ဇာခ့် အသားအချို့ကိုလည်း ပေးပြီး နောက်ထပ် SS အဆင့် ဧရာမ အခွံမာကောင်ကြီး တစ်ခုလုံး လုံးဝ ကုန်သွားသည်အထိ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားပြီးသာ အသား အစိတ်အပိုင်းကို အပတ်တိုင်း ပေးပို့မည်ဟု ကတိပေးထားသည်။


သူမ မှာ သူတို့၏ မြေးဖြစ်သော်လည်း လင်းရွှမ်ကလည်းဂျူ နီယာအနေဖြင့် သူလုပ်သင့်သည် ဟုသာ တဖွဖွပြောနေသောကြောင့် ဝေ့လူကြီးများက မျက်နှာပူသော်လည်း အလွန်သဘောကျကာ သူ့အပေါ် သဘောထားများ ပိုကောင်းလာသည်။


ပို၍ ထူးဆန်းသည်မှာ အဘိုးလင်းသည် စိတ်စွမ်းအင် ပြဿနာ ပိုပြင်းထန်နေသော်လည်း လင်းရွှမ်ကိုယ်တိုင်သတ်ထားသော SS အတန်းအစား ဧရာမ အခွံမာကောင်ကြီးအကြောင်း သိပ်စိတ်မဝင်စားဘဲ ဤအသားကြောင့် အဘိုးဝေ့၏ စိတ်စွမ်းအင် ချို့ယွင်းမှုနှင့် အဖွားဝေ့၏ မျိုးရိုးဗီဇရောဂါ အမှန်တကယ်သက်သာလာလျှင်ပင် လင်းမိသားစုအတွက် ကျေးဇူးကြီးမားလှပေသည်။ပြန်ခါနီး ဝေ့လူကြီးက....

"လင်း မိသားစုဆီမှာ ငါတို့က ပိုပိုပြီး အကြွေးတွေ တင်နေပါလား....အနာဂတ်ကျ ဘယ်လိုများ ဆပ်ရမလဲ.. ဘယ်လိုပဲဖြစ်ဖြစ် ယောင်ယောင်ရဲ့ မျိုးရိုးနာမည်ပြောင်းပြီး အဘိုးအဘွားအဖြစ်အသိအမှတ်ပြုခံရအောင်လုပ်နေတာကိုတော့ လက်လျော့မှာမဟုတ်ဘူးနော်"


ဝေ့ယွမ်က.. 'SS အတန်းအစား အကြီးစား အခွံမာသားရဲ့ အာနိသင်ကို လင်းယောင်ယောင်နဲ့ ပြိုင်ခိုင်းနေတာလား...ဟ ဒါဆိုရင် SS အတန်းအစား ဧရာမ အခွံမာသား အာနိသင်ကတော့ သူ့အပေါ် လုံးဝ မူတည်နေပြီပဲ လင်းရွှမ်ဆိုတဲ့ကောင်က သူတို့ရဲ့ဝေ့မိသားစုသမီးလေးကို လင်းမိသားစုဆီ ပြန်ပေးဆွဲဖို့ ကြံစည်နေပြီး ပြန်ပေးမှာမဟုတ်တော့ဘူး အဘိုးအဘွားအဖြစ်အသိအမှတ်ပြုလိုက်တာနဲ့ မျိုးရိုးအမည်ပြောင်းတာက အပေါ်ယံလုပ်ထုံးလုပ်နည်းထက် ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး'


သို့သော် ဝေ့ယွမ်က သက်ပြင်းချကာ ယုံကြည်ချက်ရှိရှိဖြင့်.... "အဘိုးနဲ့ အဖွား စိတ်မပူပါနဲ့ ကျွန်တော်တို့သေချာပေါက် ပြန်ဆပ်ရမှာပါ"

ဝေ့ယွမ် စကားနှင့်အမူအယာကြောင့် ဝေ့လူကြီးနှစ်ဦးသည် တစ်ခုခုမူမမှန်တော့သည်ကို သတိပြုမိလာကာ... "ယွမ်လေး မင်းတစ်ခုခုသိထားတာလား...ငါတို့ကို မဖုံးကွယ်ထားစမ်းနဲ့"


သူက ညီမဖြစ်သူ လျှို့ဝှက်ချက်များကို ထုတ်မပြောရန် လင်းယောင်ယောင်အား ကတိပေးထားသည်။ချောင်းမင်ယောင်ကလည်း လူယုတ်မာလင်းရွှမ်အား မျက်စိစုံမှတ် ချီးမွမ်းနေကြသော လူကြီးနှစ်ယောက်ပုံစံကို မကြည့်ရက်နိုင်သော်လည်း လင်းယောင်ယောင်နှင့် ဘာမှမပြောရန် ကတိပေးထားသည်။

သူက သွယ်ဝိုက်ကာ...


"အဘိုးနဲ့ အဘွားကလည်း လင်းရွှမ်က ကျွန်တော်တို့ညီမ ယောင်ယောင်အပေါ် အရမ်းကောင်းနေတယ်လို့ မထင်ဘူးလား"


အသက်ကြီးကြီးလူအိုနှစ်ယောက်က ဘာသိနိုင်မှာလဲ.... မောင်နှမအချင်းချင်း အတူတူကြီးပြင်းလာလို့ နက်ရှိုင်းသောဆက်ဆံရေးရှိကြသည်ဟုသာ ထင်မြင်ကြမည် မဟုတ်လား.....


သို့သော် မောင်နှမကြား ဆက်ဆံရေးက ဘယ်လောက်ပဲ နက်နဲနေပါစေ ဘယ်အစ်ကိုကြီးကမှ သူ့ညီမအတွက် ဟင်းမျိုးစုံကို ယူပေး...အရေခွံခွာပေး ဆူးတွေဖယ်ပေးပြီးသေသေချာချာ အသေးစိတ် ဂရုစိုက်ပေးလို့လဲ...


ဝေ့အဘိုးအဘွားနှစ်ဦးသည် လင်းရွှမ်အားအပြည့်အ၀ယုံကြည်ကာ ချီးမွမ်းထားကြသည်ကို ပြန်မြင်ယောင်လာကာ ချက်ခြင်း ပူထူသွားကြသည်။

'ဖာခ့်....လင်းရွှမ် ဒီလိုလူဖြစ်မယ်လို့ ငါမထင်ထားဘူး ငါတို့တော့ လူပေါင်းမှားသွားပြီ '


သို့သော် ရိုးရိုးသားသားပြောရလျှင် လင်းယောင်ယောင်သည် လင်းမိသားစုမှ မွေးစားသမီး မဟုတ်ဘဲ သူတို့၏ မြေးတစ်ယောက်အဖြစ်သာ ကြီးပြင်းလာသော ကလေးဖြစ်နေပါက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ပါ ထူးချွန်ထက်မြက်သော လင်းရွှမ်ကဲ့သို့ ငယ်ရွယ်ချောမော၍အရည်အချင်းရှိသူနှင့် လက်ထပ်ရမည်ဆိုလျှင် အမှန်တကယ် ပျော်ရွှင်မိလိမ့်မည်။


ယခုအချိန် အဓိကပြဿနာမှာ သူတို့မြေးမလေးတွေ ပြန်လာဖို့ပင်....


ဝေ့လူကြီးနှစ်ယောက်သည် ခဏတာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီးအဖွားဝေ့က သက်ပြင်းချလိုက်ကာ....


"အင်း ယောင်ယောင် ဆန္ဒအတိုင်းပေါ့ ....ငါတို့ဘယ်လောက်ပဲလုပ်လုပ် သူ့ကို လင်းမိသားစုဆီ တွန်းပို့နေသလိုပါပဲ.... တကယ်ဆို ငါတို့က တအားကိုစိမ်းနေတဲ့ ဆွေမျိုးသားချင်းပဲလေ"


အဘိုး ဝေ့ကလည်း မျက်မှောင်ကြုတ်ပြီး.... "ခဏလောက် မသိချင်ဟန်ဆောင်ပြီး လေ့လာသင့်တယ်... အဲ့ကောင် ယောင်ယောင်ကို စိတ်ဆင်းရဲအောင်လုပ်ရင်တော့ လင်းမိသားစုနဲ့ ရန်ဘက်ဖြစ်ရမယ်ဆိုရင်တောင် တုံ့ဆိုင်းမနေဘူးဟေ့"

ထို့ကြောင့် လင်းယောင်ယောင် မသိဘဲ ဝေ့လူကြီးများက သူမချစ်သူ လင်းရွှမ်း အကြောင်းတိတ်တိတ်လေး လေ့လာနေကြပြီး သဘောမတူကြသော်လည်း မျက်စိမှိတ်ခေါင်းညိတ်ထားသည်။


တစ်ဖက်တွင် ညစာစားပြီးနောက် လင်းရွှမ် အား အဘိုးလင်းကခေါ်၍ စစ်ဆေးမေးမြန်းနေသည်။ စကားဝိုင်းမှာ ထင်ထားသည့်အတိုင်း သူနှင့် လင်းယောင်ယောင်အကြောင်းပင်ဖြစ်သည်။ ကံကောင်းထောက်မစွာ အဘိုးလင်းမှာ သူ့ကိုခါးခါးသီးသီး ဘာမှမပြောဘဲ ယောင်ယောင်အား ဆိုးဆိုးရွားရွားဆက်ဆံရင် ဘာလုပ်မယ် ညာလုပ်မယ်ဟု ခြိမ်းခြောက်မည့်အစား သူက...


"တော်လိုက်တဲ့ ငါ့မြေး....ငါတို့မိသားစုက အကျိုးရှိတဲ့ရေတော့ အပြင်လူတွေရဲ့ လယ်ကွင်းတွေထဲကို စီးဆင်းသွားမှာမဟုတ်တော့ဘူး"


ထို့ပြင် အဘိုးက လင်းယောင်ယောင် ကိုလည်း ချီးကျူးနေပြီး နွေရာသီအားလပ်ရက်ကတည်းက သူမ ပိုပို ထက်မြက်လာကာ ရင့်ကျက်လာသည်ဟု သူထင်သည်။ သူမသည် ကျောင်းတက်နေချိန်၌ပင် သူ့အကြောင်းကို ဘယ်တော့မှ မမေ့မလျော့ တွေးတောတတ်သော ကလေးကောင်းတစ်ယောက်ဖြစ်သည်။ဝေ့ မိသားစုအတွက်လည်း အကောင်းဆုံးကြိုးစားပေးရှာသည်..။


လင်းရွှမ်တစ်ယောက် အလွန်ထူးချွန်ပြီး အကျင့်စာရိတ္တကောင်းမွန်သော ကလေးမလေးအား ချစ်မြတ်နိုးမိသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။ဘယ်သူကများ သူမကို မကြိုက်ဘဲနေမှာလဲ.....ထို့ပြင် အဘိုးလင်းက သူ့အားသရော်နေကာကံအားလျော်စွာ လင်းရွှမ်ဘက်မှ စောစောစီးစီး လက်ဦးမှုယူ၍ ရေနှင့် နီးကပ်လာသော လကို လှမ်းကြည့်ရန် အခွင့်ကောင်းရခဲ့သည်ဟုဆိုသည်။အနာဂတ်မှာ ပြိုင်ဘက်တွေ ဘယ်လောက်များရှိလာမယ်ဆိုတာ ဘယ်သူမှမသိနိုင်....






xxxxxx

Ei Thet Hmue