အခန်း၁၀၆
Viewers 8k

Chapter 106

(အပြန်အလှန်ပြောင်းလဲသွားသော ဝိညာဉ်များ)


လင်းကျန့်ဟိုင် ၏ အဓိကဆိုလိုရင်းမှာ သူသည် လင်းယောင်ယောင်အား ဂရုတစိုက်စောင့်ရှောက်ရမည် ဖြစ်သည်။သူမကို စိတ်ဆင်းရဲအောင် မလုပ်ဘဲ ယခုလို ကြင်နာယုယစွာ နှစ်ပေါင်းများစွာထိ ဆက်ပြီး မပြောင်းမလဲဆက်ဆံရမည်။


လင်းရွှမ် နှုတ်ဆိတ်နေရာမှ...."သူက တကယ်ကို ကျွန်တော့အတွက် အဖိုးတန်လေးပါ... သူ့အပေါ် ကျွန်တော်အများကြီး ဂရုစိုက်ချစ်ပေးပြီး ထွက်မသွားချင်လောက်တဲ့ထိ စိတ်ချမ်းသာအောင်ထားမှာပါ"

ကြယ်တာယာကြီးက ဘယ်လောက်ပင် ကျယ်နေပါစေ လင်းမိသားစုလိုချင်သော တစ်စုံတစ်ဦးကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သည့်ကိစ္စတော့မဟုတ်ပေ။သို့သော် လင်းရွှမ် စိုးရိမ်နေသော "ထွက်ခွာခြင်း" သည် အမှန်တကယ်ကွာဝေးသော နေရာကို ဆိုလိုခြင်းမဟုတ်ပေ။

လင်းရွှမ် မနေနိုင်ဘဲ လင်းကျန့်ဟိုင်အား ထပ်၍....


"အဘိုး နွေရာသီအားလပ်ရက်မတိုင်ခင်က ယောင်ယောင် ရဲ့ပုံစံနဲ့ အခု ပုံစံနဲ့ ယှဥ်ရင် ဘယ်တစ်ခုကို ပိုသဘောကျလဲ...."


လင်းထျန်းရွယ် နှင့် ရှန်းယွင်ကျင်းတို့နှစ်ဦးစလုံး စစ်တပ်စခန်းတွင် တာဝန်ကျနေစဥ်တုန်းက လင်းယောင်ယောင်သည် အဘိုးလင်းထံ တစ်လတစ်ကြိမ် သွားရောက်လည်ပတ်ရန် ရှေးစံအိမ်သို့ ပြန်လာလေ့ရှိသည်။ ဆွေမျိုးများအတွင်းတွင် အဘိုးလင်းမှာ သူမနှင့် အရင်းနှီးဆုံးဖြစ်ကာ အချစ်ရဆုံးသူဖြစ်သည်။


အဘိုးလင်း ခဏတာ တွေဝေသွားကာ....

"နှစ်မျိုးလုံး သဘောကျတယ်... အရင်က ယောင်ယောင်က သိပ်မရင့်ကျက်သေးပေမယ့် သူ့နှလုံးသားထဲမှာ အဘိုးက အမြဲတမ်းရှိတယ်လေ..."


သူမသည် ယခုအချိန်တွင် ပိုမိုတော်သူတစ်ယောက်အဖြစ်ပြောင်းလဲလာသော်လည်း ယခင်က ဆိုးရွားသူ မဟုတ်သည်ကိုတော့ ငြင်းလို့မရပေ။


အဘိုးက သူ တကယ်ပြောချင်တာကို နားမလည်တာကို သိ၍ ဆက်ကာ....

"တကယ်လို့ တစ်နေ့မှာ ယောင်ယောင်က နွေရာသီအားလပ်ရက်မတိုင်ခင်က ပုံစံပြန်ပြောင်းသွားရင်..."


အဘိုးလင်း က ချက်ချင်း မျက်မှောင်ကြုတ်ပြီး....


"မင်းဘာတွေပြောနေတာလဲ လူတွေက အမြဲတမ်း ရှေ့ကိုပဲသွားနေတာသဘာဝပဲလေ....ယောင်ယောင်က ဘာလို့ အတိတ်ကိုပြန်သွားမှာလဲ"

လင်းရွှမ်ကလည်း သူမအား သေချာပေါက် အတိတ်သို့ပြန်မသွားစေချင်ပေ...သို့သော် ဖြစ်နိုင်ချေရှိလာမည်ကို သူစိုးရိမ်ကြောက်ရွံ့နေမိသည်။ယခင်က သူမ အပေါ် လေးလေးနက်နက် ခံစားချက်မရှိသော်လည်း ညီမလေးတစ်ယောက်အဖြစ်တော့ မှတ်ယူထားသည်။

သို့သော် လက်ရှိ လင်းယောင်ယောင်မှာ သူ့နှလုံးသားတစ်ခုလုံး အပိုင်ယူထားသော ချစ်ရသူဖြစ်သည်။


သူ ယခင် လင်းယောင်ယောင်အတွက် စိတ်မကောင်းဖြစ်မိသော်လည်း ချစ်သူကိုတော့ မစွန့်လွှတ်နိုင်ပေ။

လက်ရှိ လင်းယောင်ယောင်ဘက် သိသိသာသာ ဘက်လိုက်နေသလိုဖြစ်သော်လည်း ဤမေးခွန်းကို တွေးသည့်အခါတိုင်း သူ ယခင် လင်းယောင်ယောင်အတွက် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။


လင်းရွှမ်၏ နှလုံးသားထဲ တင်းကြပ်ရှုပ်ထွေးနေပြီး ခံစားချက်အားလုံးဖော်ပြ၍မရပေ။သူ လင်းယောင်ယောင် ကို တိုက်ရိုက်အမှန်အတိုင်းမေးချင်သော်လည်း သူမအပြစ်ကို ဝန်ခံလာလျှင် လက်ခံရမည်ကိုကြောက်သည်။သူက အိမ်တွင်ရှိနေသောကြောင့် သူ၏ဘေးကင်းရေးသတိပေးမှုမှာ အတော်လေးအားနည်းနေသည်။စိတ်ထဲရှိ တစ်ခုခုကိုအလေးနက်တွေးနေသောကြောင့် အခန်းအပြင်ဘက်မှ လှုပ်ရှားမှုကို သတိမထားမိလိုက်ချေ။


စာကြည့်ခန်းတံခါးက အနည်းငယ်ပွင့်နေသည်။ စားသောက်ပြီးနောက် သစ်သီးလက်ဖက်ရည်နှင့်အတူ အခန်းဘက် လမ်းလျှောက်လာသော လင်းယောင်ယောင်က အခန်းအတွင်း အဘိုးနှင့် မြေးတို့၏ နောက်ဆုံးစကားများကို ကြားလိုက်ရသည်။

အဘိုးလင်းမှာ လင်းရွှမ်မေးခွန်း၏ ဆိုလိုရင်းကို မသိသော်လည်း သူမ သိသည်။လက်ထဲမှ လက်ဖက်ရည်ဗန်းကြီး တဖြည်းဖြည်းတုန်ရင်စွာ မြေပြင်ပေါ်သို့ လွတ်ကျသွားသည်။ဝိုင်အရောလက်ဖက်ရည်နှစ်ခွက်လုံး ကွဲသွားကာ နေရာအနှံ့ ဖန်စများပျံ့ကျဲသွား‌ေလသည်။လင်းယောင်ယောင် အလန့်တကြား ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ဖန်စများကို အလောတကြီးကောက်လိုက်ရာ မတော်တဆ လက်ညှိုးရှသွားသည်။


သွေးများ စီးဆင်းလာနေသော်လည်း သူမ ကတော့ နာကျင်မှုကို မခံစားရဘဲ ရင်ဘတ်တစ်ခုလုံး ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။သူမ ဂရုအစိုက်ရဆုံးလူက သူမလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိလေပြီ သူမက သူခိုးတစ်ယောက်သာ။ဒေါင်းယောင်ဆောင်ထားသော ကျီးကန်တစ်ကောင်ပင်။


ဝေ့မိသားစုမှ အကြီးအကဲနှစ်ဦးသည် လင်းရွှမ် ကို အလွန်နှစ်သက်ပုံရသည့်အတွက် လင်းယောင်ယောင် ပျော်ရွှင်နေခဲ့သည်။ ထို့ကြောင့် သူမတို့၏ ဆက်ဆံရေးကို ငြင်းပယ်မှာမဟုတ်ဟု ယူဆ၍ရ၏။


သူမသည် အဘိုးလင်းနှင့် လင်းရွှမ်တို့ ဘာပြောနေကြသလဲဆိုသည်ကို လေ့လာရန် ညစာစားပြီး သစ်သီးလက်ဖက်ရည်လာပို့ခဲ့သည်။ အကြောင်းမှာ၊အဘိုးလင်း သည် သူမနှင့် လင်းရွှမ် အကြောင်း သိနေပုံရသည်ကို သတိပြုမိသောကြောင့်ဖြစ်သည်။ သူတို့သည် သူမ အကြောင်းကို ဆွေးနွေးနေခြင်းဖြစ်နိုင်၍ အဘိုးလင်း၏ သဘောထားကို သူမ ကြားချင်မိသည်။


သူမသည် အခြေအနေကို လင်းရွှမ် အား အပြည့်အဝ မရှင်းပြခဲ့ဘဲ ရှောင်မင် နှင့် ဇာ့ခ်တို့၏ အရေးကြီးသော အချက်အလက်များကို အိပ်မက်များထဲမှ ကြိုမြင်ခြင်း ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း၊ သူမ ဟင်းချက်ကျွမ်းကျင်မှု၏ မူလဇစ်မြစ်ကို ယခင်ဘဝက အမှတ်တရများဟူ၍ လည်းကောင်း ရှင်းပြခဲ့သည်။ သို့သော်လည်း၊ သူမသည် မူလ လင်းယောင်ယောင် မဟုတ်ကြောင်း အနှေးနှင့်အမြန်ဆိုသလို လင်းရွှမ် ရှာဖွေတွေ့ရှိရန် မျှော်လင့်ခဲ့ပြီးဖြစ်သည်။ထိုနေ့က ယနေ့ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။


လင်းရွှမ် ၏ အမေးကို နားထောင်ရုံဖြင့် သူ့ညီမဖြစ်သူကို အမှန်တကယ် လွမ်းဆွတ်နေပြီဟု ယူဆနိုင်သည်။

နောက်တော့ သူက မူလ လင်းယောင်ယောင် ဘယ်ရောက်သွားလဲလို့ မေးမှာလား… သူမ ဘာပြောရမှာလဲ… သူမက တစ်ကယ့်ကမ္ဘာကလာတဲ့ သူဆိုတာ သူ့ကို ပြောပြရမှာလား...


သူမသည် လင်းယောင်ယောင် နှင့် လင်းမိသားစု၏ ကံကြမ္မာကို ပြောင်းလဲရန်သာ ဤကမ္ဘာသို့ လာခဲ့ပါက၊ သူမ ယခုအချိန်အထိ လုပ်ဆောင်ခဲ့သည့်အရာသည် အမှန်တစ်ကယ်ပင် လုံလောက်ပြီဖြစ်သည်။ယခု လင်းရွှမ် သည် ရှောင်မင် အတွက်နှင့် ကြိုတင်သတိထားမှုများ ပြုလုပ်ထားသောကြောင့် လင်း မိသားစုသည် စာအုပ်ထဲတွင် ဖော်ပြထားသလိုမျိုး အင်အားကျဆင်းသွားမှာမဟုတ်ပေ။ ဤကမ္ဘာကြီး၏ လင်းယောင်ယောင် သာ ဤနေရာမှာရှိနေလျှင် သူမ၏ ခန္ဓာကိုယ်ကို မူရင်းပိုင်ရှင်ဆီ ပြန်ပေးသင့်သည်။


လင်းယောင်ယောင် သည် သူမ လက်ပေါ်ရှိ အနီရောင်သွေးစက်များကို စိုက်ကြည့်သော်လည်း နာကျင်မှုကို လုံးဝ မခံစားရပေ။ သူမ စိတ်ထဲတွင်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အပြင်ဘက်မှ အသံများ လုံးဝ ပျောက်ကွယ်သွားရသည်။ လင်းရွှမ် သည် စာကြည့်ခန်းမှ လျင်မြန်စွာ ထွက်သွားကာ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အေးစက်သော မျက်နှာဖြင့် ကြိမ်းမောင်းလိုက်သည်။


"စက်ရုပ်ကို လုပ်ခိုင်းလိုက်လေ... မင်းဘာလုပ်တာလဲ"


လင်းယောင်ယောင် သည် ထိုယောက်ျား၏ နှုတ်ခမ်းများပွင့်လိုက် ပိတ်လိုက် ဖြစ်နေသည်ကို ကြည့်နေမိသော်လည်း သူဘာပြောနေမှန်း မသိပေ။ သူမ စကားပြောရန်ကြိုးစားသော်လည်း အသံကထွက်မလာတော့သည်ကို တွေ့ရှိရသည်။


သူမ၏ လက်ရှိအခြေနေက အဆင်မပြေဖြစ်နေကြောင်း ဖျတ်ခနဲ သဘောပေါက်ခဲ့သော်လည်း သူမ လင်းရွှမ် ကို သက်သက်စိုက်ကြည့်နေမိသည်။ထိုစဉ် အဘိုးလင်း ထွက်လာပြီး တစ်ခုခု အမိန့်ပေးလိုက်သည်ကိုတောင် သူမ သတိမထားမိလိုက်ပေ။


လင်းရွှမ် က စက်ရုပ်အကူကို သူမအား သန့်ရှင်းရေးလုပ်ဖို့ ခိုင်းလိုက်ပြီး လင်းကျန့်ဟိုင် ကို ခေါင်းညိတ်ပြ၍ သူမ၏ လက်ကောက်ဝတ်မှ ဆွဲကာ ပထမထပ်ရှိ ဆေးကုသခန်းဆီ လျှောက်သွားသည်။


လင်းယောင်ယောင် သူ့လက်ကိုမရုန်းမိပေ။ ဆေးခန်းထဲရောက်သောအခါ လင်းရွှမ်သည် ဆေးသေတ္တာကို ရှာပြီး သူမလက်ပေါ်ရှိ ဒဏ်ရာများကို သေသေချာချာ သန့်ရှင်းစေပြီး လက်ချောင်းပေါ်ရှိ သွေးစ,များကို ဆေးဂွမ်းပိတ်စဖြင့် သုတ်ပေးကာ ပိုးသတ်ဆေးနှင့် ဒဏ်ရာအမြန်သက်သာသော ဖြန်းဆေးများ ဖြန်းလိုက်သည်။ မကြာမီ သေးငယ်သော ဒဏ်ရာလေးသည် ပန်းရောင်ဖျော့ဖျော့ အမာရွတ်ပုံ ဖြစ်သွားသည်။ နေ့တစ်ဝက်လောက်ကြာလျှင် အမာရွတ်ကလည်း ပျောက်သွားမှာပင်။


လင်းယောင်ယောင် သည် ဖြစ်စဉ်တစ်ခုလုံးတွင် စကားတစ်ခွန်းမှ မပြောဘဲ လင်းရွှမ် ကို သက်သက်စိုက်ကြည့်နေသည်။ သူမသည် မူလ လင်းယောင်ယောင် မဟုတ်မှန်း သူသိသော်လည်း သူမကို ဂရုစိုက်ဆဲပင်။သူမ တစ်ခုခုဖြစ်နေရသည်ကို သူ ယခုမှ သဘောပေါက်သွားပုံရပြီး အသိစိတ်ပျောက်နေသည့် သူမကိုယ်လုံးအား အကြမ်းပတမ်းဆောင့်ခါလိုက်၏။


"ယောင်ယောင် မင်း ဘာဖြစ်‌နေတာလဲ"


သူမသည် အဆင်ပြေကြောင်း ပြောပြချင်သော်လည်း သူမ အသိစိတ်ထဲမှာ တစ်ခုခု ပျောက်ရှသွားသလို ခံစားလိုက်ရ၏။သူမ စိတ်က ကိုယ်နှင့်မကပ်တော့သလိုဖြစ်လာကာ မူးဝေပြီး အမှောင်ထဲမှာ သူမကိုယ်လုံးက တရွေ့ရွေ့နှင့် လှည့်ပတ်နေသလိုမျိုးပင်။ အချိန်ဘယ်လောက်ကြာသွားလဲ သူမ မသိ။ သူမ၏အသိစိတ်သည် အချိန်အတော်ကြာ ပျောက်ကွယ်သွားကာ အကျွမ်းတ၀င်ရှိသော နေရာတစ်ခုထဲသို့ နစ်မြုပ်သွားခဲ့သည်။


အတန်ကြာသော်၊ လင်းယောင်ယောင် သည် သူမ လက်ကို တစ်စုံတစ်ယောက်မှ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်ဟု ခံစားမိသည်။ ထူးထူးဆန်းဆန်း ရင်တုန်ပန်းတုန်ဖြစ်နေသည့် အမျိုးသားအသံက သူမ နာမည်ကို စိတ်အားထက်သန်စွာ ခေါ်နေသည်။


"ယောင်ယောင်…ယောင်ယောင်…မင်းဘာဖြစ်နေတာလဲ…ကိုယ့်ကို လန့်အောင် မလုပ်နဲ့..မင်းဘယ်က လာတာလဲဆိုတာ ကိုယ် မမေးတော့ဘူး..."


တစ်ချိန်တည်းမှာပင် ကြယ်တာရာ ခေတ်ရှိ လင်းယောင်ယောင် သည် မေ့မြောသွားခဲ့သည်။ လင်းရွှမ် သည် စိုးရိမ်တကြီးဖြင့် သူမ တစ်ကိုယ်လုံးကို ဆေးဘက်ဆိုင်ရာ ကိရိယာများဖြင့် စစ်ဆေးခဲ့ရာ သူမ၏ စိတ်ပိုင်းဆိုင်ရာစွမ်းအင်များက အတက်အကျများ ပြင်းထန်ကြောင်းသာ ကောက်ချက်ချနိုင်ပြီး အခြားဘာမှ အမှားအယွင်း မတွေ့ခဲ့ပေ။


လင်းရွှမ် သူ့ကိုယ်သူ အပြစ်တင်ပြီး ရူးသွပ်တော့မည့်အချိန်မှာပင်၊" လင်းယောင်ယောင်"သည် ကုတင်ပေါ်ကနေ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ထူးဆန်းသည့်အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။


"အစ်ကို"


လင်းရွှမ် သည် ကုတင်ပေါ်ရှိ ကောင်မလေးကို တင်းတင်းကျပ်ကျပ် ဖက်ထားရန် သူ့လက်ကို ဆန့်တန်းလိုက်စဉ် ရုတ်တရက် လက်က ရပ်တန့်သွားခဲ့သည်။


"...ယောင်ယောင်"


"လင်းယောင်ယောင်" က မူးနောက်နောက် ဖြစ်နေဟန်ဖြင့် ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ခဏလောက် ကြည့်လိုက်သည်။


"အို… ညီမ ဘယ်လိုလုပ် ပြန်လာတာလဲ…သူငယ်ချင်းတွေနဲ့ အတူ ဂိမ်းကစားရင်း လဲကျသွားတာမလား...ညီမ သေသွားတာမဟုတ်ဘူးလားဟင်"


လင်းရွှမ် သည် ကုတင်အနီးကနေ နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်မိ၏။


ဤသည်မှာ နွေရာသီအားလပ်ရက်မတိုင်မီက သူ့ညီမ မူလလင်းယောင်ယောင် ဖြစ်သည်။စောစောက အဘိုးလင်း နှင့် ပေါ့ပေါ့ပါးပါး စကားပြောရုံမျှသာဖြစ်သော်လည်း ယခုမူ မျက်စိတစ်မှိတ်အတွင်း လက်တွေ့ဖြစ်လာခဲ့သည်။


လင်းရွှမ် သည် "လင်းယောင်ယောင်" ၏ မျက်လုံးများကို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။


"ဘာဖြစ်နေတာလဲ...အစ်ကို့ကို သေသေချာချာပြောစမ်း"


သူ့ညီမကို တွေ့ရသည်မှာ လုံးဝမပျော်နိုင်ဘဲ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိတော့သည်။ ဆိုလိုသည်က သူချစ်သော လင်းယောင်ယောင် ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့်ဖြစ်သည်။ သူ့စကားက သူမကို လေးလေးနက်နက် ထိခိုက်စေခဲ့နိုင်သည်။ ရုတ်တရက် သူ့နှလုံးသားက အတင်း တင်းကျပ်လာကာ အသက်ရှူရခက်သွားသည်ကို ခံစားလိုက်ရသည်။


လင်းယောင်ယောင်အစစ် ပျောက်ဆုံးသွားခြင်းအတွက် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် လင်းယောင်ယောင် သည် သူနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုရန် ဝန်လေးနေသောကြောင့် သူ့စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။ သူ့ကို မယုံကြည်သလိုလည်း ခံစားရသည်။သို့သော်လည်း၊ ယခုအချိန်မှာ သူ့နှလုံးသားကို သိမ်းပိုက်ခဲ့သည့် လင်းယောင်ယောင် ကို ဆုံးရှုံးလိုက်ရသောအခါ အသည်းကွဲသွားသလိုပင်။


လင်းရွှမ် ၏ ကြောက်စရာကောင်းသော မျက်လုံးများက ကုတင်ပေါ်ရှိ "လင်းယောင်ယောင်" ကို တုန်လှုပ်စေခဲ့သည်။ "လင်းယောင်ယောင်" သည် ပုံမှန်အတိုင်း ပြောဆိုနိုင်ပြီး လင်းရွှမ် ကို အခု ဘယ်အချိန်ရှိကြောင်းနှင့် သူမ ဘယ်လောက်ကြာကြာ မေ့မြောနေသလဲဆိုတာကို သေသေချာချာ မေးလိုက်သည်။


"လင်းယောင်ယောင်" ပျောက်သွားသည်မှာ 4လကျော် ရှိနေပြီဖြစ်သည်။ သူမသည် 21 ရာစုကမ္ဘာခေတ်ရှိ လင်းယောင်ယောင် ဟုခေါ်သော မိန်းကလေး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားခဲ့သည်။


ကမ္ဘာခေတ်မှ လင်းယောင်ယောင်သည် ကလေးလေး တစ်ယောက်ကို ကယ်တင်ဖို့အတွက် အန္တရာယ်ရှိသည့် ချောက်ကမ်းပါးမှ ပြုတ်ကျခဲ့သည်။ သူမသည် လေထဲတွင် ပြုတ်ကျနေရင်း မေ့မြောသွားခဲ့ခြင်းပင်။


ကြယ်တာရာခေတ်မှ "လင်းယောင်ယောင်" သည် သူငယ်ချင်းများနှင့် virtual ဂိမ်းကစားနေရင်း မတော်တဆဖြစ်ကာ ရုတ်တရက် သေဆုံးသွားခဲ့တာဖြစ်သည်။သို့သော်သူမ နောက်တစ်ခါ ထပ်ပြီးသေရဦးမှာလား…


သူမသည် လောလောဆယ် ချောက်‌ကမ်းပါးအောက်ကို ကျတော့မည်ဖြစ်၍ စိတ်ပျက်အားငယ်စွာဖြင့်၊ သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို ရုတ်ချည်း ချဲ့ထွင်လိုက်သည်။ ထိုအခါ စွမ်းအင်စက်ဝန်းများသည် လေထဲတွင် ဖြစ်ပေါ်လာပြီး တောင်ပေါ်မှ တစ်ဝက်တစ်ပျက် ပြုတ်ကျနေစဉ်မှာပင် သစ်ကိုင်းခက်တစ်ခုမှာ စိတ်စွမ်းအင် စက်ဝန်း၏ ကြိုးမျှင်များက သွားရောက်ချိတ်တွယ်လိုက်ပြီး အသက်ရှင်နိုင်သွားသည်။ နောက်ဆုံးမှာ သူမကို ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်၏။ ကမ္ဘာကြီးက တော်တော်ကို ခေတ်နောက်ပြန်ဆွဲနေသည်။ အရာအားလုံးသည် သူမအတွက် အသေးအဖွဲများသာ ဖြစ်ပြီး လူသားတို့၏သက်တမ်းကလည်း အလွန်တိုတောင်းသော ရာစုတစ်ခုသာဖြစ်သည်။


ထိုကမ္ဘာရှိ လင်းယောင်ယောင် သည် အလားအလာရှိသော ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်သည်။ "လင်းယောင်ယောင်" သည် ဤကမ္ဘာအကြောင်းကို ဘာမှမသိသည့်အပြင် ချက်ပြုတ်နည်းများကိုလည်း လုံးဝမသိပေ။ သူမ၏ စားသောက်ဆိုင်ဟောင်းကို သူမထံမှ လုယူလိုသော ဦးလေး၊အဒေါ်တို့နှင့် ရင်ဆိုင်ခဲ့ရ၍ မသိနားမလည်သဖြင့် ဆိုင်ကို လုံးဝ ဆုံးရှုံးခဲ့ရသည်။


ကံကောင်းထောက်မစွာပင်၊ သူမကို သစ်ပင်တစ်ပင်မှာ ငြိနေသည့် သူမကို ကယ်တင်ခဲ့သည့် အမျိုးသားက သူမအတွက် အကူအညီ ပေးခဲ့သည်။ သူသည် အငြိမ်းစား အထူးစစ်သားတစ်ဦးဖြစ်သောကြောင့် သူ့ကို စိတ်စွမ်းအားသုံးတတ်အောင် သင်ပေးသည့် စရိတ်စကအနေဖြင့် သူမ၏ ကိုယ်ရံတော်အဖြစ် ငှားရမ်းခဲ့သည်။ ထို့အပြင် သူမသည် လင်းယောင်ယောင် ၏ မှတ်ဉာဏ်ထဲတွင် အလွန်မှော်ဆန်သည့် အရာတစ်ခုကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအရာမှာ သူမ နေထိုင်ခဲ့သည့် ကမ္ဘာက "ဒဏ္ဍာရီထဲမှအရှင်သခင်"ဆိုသည့် ဝတ္ထုထဲက စိတ်ကူးယဉ်ကမ္ဘာတစ်ခု ဆိုတာကိုပင်။ သူမ၏ ကံကြမ္မာနှင့် လင်း မိသားစုသည် ဝမ်းနည်းဖွယ် နိဂုံးချုပ်သွားရသည်။


မူလကသူမကြိုက်ခဲ့သော ရှောင်မင် သည် အမှန်တစ်ကယ်ပင် သူ ထီးနန်းတက်ရန်အတွက် ကောက်ကျစ်မှုနည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သော တစ်ကိုယ်ကောင်းဆန်သော ဇာတ်ဆောင်တစ်ဦးဖြစ်သည်။


သူမ၏ မူလကမ္ဘာမှ ခုန်ထွက်ပြီးနောက် "လင်းယောင်ယောင်" သည် သူမမည်မျှ အပြစ်ကင်းစင်ပြီး မသိနားမလည်ခဲ့သည်ကို သိရှိလာခဲ့သည်။


ထိုစာရေးဆရာသည် ကျော်ကြားမှုရရန် ရှောင်မင်လို အမျိုးသားဇာတ်ဆောင်ကို စိတ်ကြိုက်ပုံဖော်ထားခြင်းဖြစ်သည်။ ရှောင်မင် က လူတိုင်းကို အမြဲကောက်ကျစ်ယုတ်မာခဲ့လေ၏။ ကံမကောင်းစွာပဲ၊သူလည်း သူ့လောဘဇောကြောင့် သေဆုံးသွားခဲ့သည်။


ဝတ္ထု၏နောက်ဆုံးအပိုဒ်မှာ-


"အင်ပါယာရဲ့ အဓိက တပ်ဖွဲ့အများအပြားဟာ အရှင်သခင် အင်ပါယာရဲ့ အသက်ရှင်ကျန်ရစ်သည့် လူသားများကို ဦးဆောင်ဖို့ စည်းလုံးလိုက်ကြသည်… ထိုအဖွဲ့များမှာ ဖက်ဒရေးရှင်း၊ Green Star မဟာမိတ်အဖွဲ့၊ မဟူရာကြယ်ပွင့် မဟာမိတ်အဖွဲ့တို့နှင့် ပေါင်းစည်းပြီး တာ့ဇာ စီစဉ်ထားသည့် ဇာ့ခ်ကျူးကျော်မှုကို တိုက်ဖျက်ဖို့ ပြင်ဆင်ခဲ့သည်။ အဆုံးမရှိတော့သလို ထင်ရသည့် အမှောင်တိုက်ပွဲတစ်ခုထဲကို သူတို့ ပါဝင်နစ်မြုပ်လျက်ရှိ၏…တစ်နေ့တော့ အောင်ပွဲ၏ အရုဏ်ဦးဆီကို သူတို့ အရောက်လှမ်းချင် လှမ်းနိုင်ပါလိမ့်မည်"


စာရေးဆရာ၏ မှတ်စုတွင် စာရေးသူက "ဒါက ကျွန်တော့် နှလုံးသားက တောင့်တနေတဲ့ နိဂုံးပါ...မကြိုက်ဘူးဆိုရင် ကိုယ့်စိတ်ကြိုက် ဖြည့်တွေးပြီး အဆုံးသတ်လို့ရပါတယ်"


"လင်းယောင်ယောင်" စိုးရိမ်နေခဲ့သည်။ သူမ၏ မူလကမ္ဘာသို့ပြန်လာရန်နှင့် ရှောင်မင် ၏ သရုပ်မှန်ကို သူမမိသားစုအား ပြောပြနိုင်ဖို့ မျှော်လင့်ကြည့်မိ၏။ ဤသည်မှာ ကြယ်တာရာခေတ်မှ သူမအတွက် အကြီးမားဆုံးနောင်တနှင့် စွဲလမ်းမှုတစ်ခုဟု တွေးလိုက်မိသော်လည်း မထင်မှတ်ပဲ သူမ တစ်ကယ်ပြန်လာနိုင်ခဲ့၏။


ထိုကမ္ဘာကြီးတွင် သူမ၏ အတွေ့အကြုံများအား ရှင်းပြပြီးနောက် "လင်းယောင်ယောင်" က မေးလိုက်သည်။


"အစ်ကို…ကြည့်ရတာ ညီမ အကြာကြီးတော့ အိပ်မပျော်နိုင်ပါဘူး…အခု ဘာဖြစ်လို့ အရင်အိမ်ဟောင်းက ဆေးကုသခန်းထဲမှာ ဘာလို့ ရောက်နေတာလဲ"


လင်းရွှမ် သည် သူနေထိုင်ရာကမ္ဘာကြီးကို စာအုပ်တစ်အုပ်က ဖန်တီးထားသည်ကို သိလိုက်ရပြီးနောက် တုန်လှုပ်သွားသော်လည်း စောစောကက ထိတ်လန့်စရာတစ်ခုကြုံပြီးဖြစ်၍ အလွန်အမင်း တုန်လှုပ်ခြင်းမရှိပေ။ယခင်က လင်းယောင်ယောင် သတိပေးထားတာကြောင့် ရှောင်မင် ၏ ညစ်ပတ်သော နည်းလမ်းများကိုသတိထားခဲ့ပြီးဖြစ်၍ ရှောင်မင်၏ ရည်ရွယ်ချက်များက အောင်မြင်မှာ မဟုတ်ချေ။ လက်ရှိ "လင်းယောင်ယောင်" က သူ့အား ပိုမိုပြည့်စုံသော အမှန်တရားကို ပြောပြခဲ့သည်။ ထို့နောက် သူ အလွန်သိချင်နေသော အရေးကြီးဆုံးသော အချက်အလက် တစ်ခုဖြစ်သည့် အခြား လင်းယောင်ယောင် ၏ မူလဇစ်မြစ်ကို သိရှိခဲ့ပြီဖြစ်သည်။


ထို့ကြောင့် ထိုကလေးမလေးသည် ရှေးခေတ်တရုတ်ဟင်းချက်ခြင်းအတတ်ပညာကို တတ်ကျွမ်းနေသည်မှာ အံ့သြစရာမဟုတ်ပေ။ တစ်ကယ်တမ်းလည်း သူမသည် ရှေးခေတ်က ‌ဖြစ်သည်။ ထိုစဉ်ကတော့ သူမ၏ အရင်ဘဝကို အိမ်မက်မက်ခဲ့သည်ဟု ပြောခဲ့တာကြောင့် လိမ်ညာ၍တော့ မပြောခဲ့ချေ။


"ဘာလို့လဲဆိုတော့ အဲ့ဒီကမ္ဘာက လင်းယောင်ယောင် က မင်းဖြစ်လာလို့ပဲ"


"လင်းယောင်ယောင်" သည် 21 ရာစုတွင် ရှေးခေတ်ကမ္ဘာတွင် ကြာရှည်စွာနေထိုင်ခဲ့ပြီး သူမသည် ပျော်ရွှင်မှုများစွာကြောင့် ပိုမိုရွှင်လန်းလာသည်။ ထိုစကားကို ကြားလိုက်ရတော့ စိတ်လှုပ်ရှားစွာ ခုန်တက်သွားသည်။


"အင်း တော်သေးတာပေါ့... ရုတ်တရတ် ညီမ သေသွားရင် အမေ၊ အဖေနဲ့ အဘိုးတို့ စိတ်မကောင်းဖြစ်မှာကို စိုးရိမ်နေမိတာ... သူမကို ကျေးဇူးအများကြီးတင်ပါတယ်...အမှန်တော့ သူမ ခန္ဓာကိုယ်ထဲမှာ သွားနေရတာ တစ်ကယ် အပြစ်ရှိသလိုမျိုး ခံစားရတယ်…တစ်ယောက်နဲ့တစ်ယောက် အတူတူ ကူးပြောင်းဖို့ မမျှော်လင့်ထားဘူး... ဒီတော့ တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အကြွေးမတင်တော့ဘူး"


လင်းရွှမ် သည် အကြာကြီး မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံးတွင်၊ သူသည် သူ၏ ကိုယ်ပိုင်အလင်းဦးနှောက်မှတစ်ဆင့် မက်ခါတိုက်ပွဲပလက်ဖောင်းရှိ လင်းယောင်ယောင် ၏ကိုယ်ပွားကို ခေါ်လိုက်သည်။


"အဲ့ဒီကမ္ဘာမှာ မင်းက ဒီလိုမျိုးလား"


"လင်းယောင်ယောင်" က ဝမ်းသာအားရနှင့်ပြောလေသည်။


"ဟုတ်တယ်… ဟုတ်တယ်…သူမက အရမ်းချစ်စရာကောင်းတယ်မဟုတ်လား… မိန်းကလေးဆိုရင် ပိုလှသွားအောင် ခပ်ဟော့ဟော့ဝတ်မှ လှမယ်လို့ ညီမ တွေးခဲ့ဖူးတယ်...ဒါပေမယ့် အဲဒီ့ကမ္ဘာကို ရောက်သွားပြီးတဲ့နောက်တော့ သဘာဝအလှကိုပဲ သဘောကျလာတယ်"


လင်းရွှမ် သူမကို မေးလိုက်ချင်သည်။


'အဲဒီ့ကမ္ဘာက လင်းယောင်ယောင် က ဘယ်တော့ပြန်လာမှာလဲ'


သို့သော် သူမကို မမေးနိုင်ခဲ့ပေ။ အကြောင်းမှာ လက်ရှိ "လင်းယောင်ယောင်" သည် သူ၏ ညီမ၊ ဤခန္ဓာကိုယ်၏ တစ်ကယ့်ပိုင်ရှင်ဖြစ်သောကြောင့်ပင်။ သူ့ချစ်သူအပေါ် ပိုပြီး ဘက်လိုက်ချင်သည် ဆိုလျှင်တောင် ညီမဖြစ်သူ၏ ဆန္ဒကို လုံးဝလျစ်လျူမရှုနိုင်ပေ။


သို့သော် သူ မမေးခင်မှာ "လင်းယောင်ယောင်" သည် စိုးရိမ်စပြုလာသည်။


"အို…ရှေးခေတ်ကို ဘယ်လိုပြန်သွားရမလဲ မသိဘူး…ညီမရဲ့ ကိုယ်ရံတော်ကတော့ သေမတတ်ကို လန့်နေတော့မှာပဲ"


တစ်ချိန်တည်းမှာပင်၊ 21 ရာစုကမ္ဘာမှ လင်းယောင်ယောင် သည် အိပ်ရာမှနိုးလာပြီးနောက် တွေ့ရသော လူတစ်ယောက်ကလည်း မေးလာ၏။


"ကျွန်တော့်ရဲ့ ယောင်ယောင် က ဘယ်တော့ပြန်လာမှာလဲ"


'ဖြစ်နိုင်ပါ့မလား... သူတို့ ပြန်မပြောင်းနိုင်တော့ဘူးလား'


သူမတို့နှစ်ဦးသည် အချိန်နှင့်နေရာ မတူသောကြောင့် အတော်လေး ကံဆိုးနေရသည်။ တခြားကမ္ဘာကို သွားနိုင်ပြီး စူးစမ်းခွင့်ရရှိခြင်းသည် ဈေးနှုန်းအလွန်ကြီးမားပေသည်။




xxxxxx

Ei Thet Hmue