အခန်း၁၀၇
Viewers 8k

Chapter 107

( သူမ ပြန်မလာနိုင်တော့ဘူးလား?)


လင်းရွှမ် သည် ကိစ္စတစ်ခုကို အလွန်သဘောကျသွားသည်။ သူ့ ယောင်ယောင် က ရှောင်မင် ကို လုံးဝ မကြိုက်ခဲ့ဘူးဆိုခြင်းကိုပင်။သူသည် သူမအတွက် ပထမဆုံးသူပင် ဖြစ်သော်လည်း ယခုတော့ သူ့ဘေးတွင် မရှိပေ။ လင်းယောင်ယောင် နှစ်ဦးစလုံးက အချိန်နှင့်အာကာသအတွင်း ခရီးသွားကာ ဝိညာဉ်များကို ဖလှယ်နိုင်ပြီး ယခုအခါလည်း ဒုတိယအကြိမ် ပြန်လည်လဲလှယ်နိုင်ခဲ့ကြသည်။ထို့ကြောင့် တတိယအကြိမ် ထပ်မံလဲလှယ်ရန် မဖြစ်နိုင်တော့ဟု သူ ထင်မိသည်။ သူ၏ ယောင်ယောင် အမြန်ဆုံး ပြန်လာဖို့ မစောင့်နိုင်တော့ပေ။


ငယ်စဉ်ကတည်းက သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် ညီမဖြစ်သူအပေါ် ထားသည့် သူ့ခံစားချက်များသည် အလွန်နက်နဲခြင်းမရှိသော်လည်း လက်ရှိ "လင်းယောင်ယောင်"၏ ဆန္ဒကို တစ်ကိုယ်ကောင်းဆန်စွာ လျစ်လျူမရှုနိုင်ရက်ပေ။ သူသည် ပျော်ရွှင်နေသည့်အသံလည်းမဟုတ်သလို၊ စိုးရိမ်ပူပန်မှုတို့ မပါဘဲ "လင်းယောင်ယောင်" ကို ပြောလိုက်သည်။


"မင်း အရင်ခေတ်ကို ပြန်သွားချင်သေးတာလား…အဲဒီမှာဆို လူတွေရဲ့ သက်တမ်းက တိုတယ်မဟုတ်လား… မင်းရဲ့ သက်တော်စောင့်ကလည်း ဘယ်လိုလူမျိုးမို့လဲ"


" ယန်လဲ့ က ညီမရဲ့ ချစ်သူမို့လို့ပါ"


ရှေး‌ေခတ်ကမ္ဘာမှ အငြိမ်းစား အထူးစစ်သားတစ်ဦးအနေဖြင့် ယန်လဲ့၏ ကိုယ်ကာယကြံ့ခိုင်မှုသည် ကြယ်တာရာခေတ်မှ တိုက်ခိုက်ရေးသမားများနှင့် မယှဉ်နိုင်ကြောင်း မူလက သူမ ခံစားခဲ့ရသည်။သို့သော်၊ထိုခေတ်မှာတော့ သူက ထိပ်တန်းစစ်သားတစ်ဦးပင်။ သူ့မှာ ကြယ်တာရာခေတ်ကလိုမျိုး အထူးစိတ်စွမ်းအင်များ မရှိသဖြင့် တစ်ခုခုကြုံလာပါက ကိုယ်ကာယကြံ့ခိုင်အားကိုသာ အားကိုးရသည်။ သူသည် နံရံများပေါ်သို့ တွယ်တက်ရန် ကြိုးများကို သုံးရသလို ၊မီးဘေး ရေဘေး စသည်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် ကြုံလာသောအခါမှာလည်း လက်တွေ့ကျကျနည်းလမ်းများကိုသာ ထုတ်သုံးရ၏။ အတိုချုပ်ပြောရလျှင် သူက အလွန်ချောပြီး အတော်မိုက်ပေသည်။


သူမသည် သူ မရေမတွက်နိုင်အောင် ကယ်ခဲ့သော လူများထဲမှ တစ်ဦးသာဖြစ်သည်။ သူမသည် ကြယ်တာရာခေတ်မှ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များကို သူမနှင့်အတူ ပါလာခဲ့သဖြင့် သူမ၏ စိတ်စွမ်းအင်ကို သူ သိသွားသောအခါ တခြားသူများလို ကြောက်လန့်သွားခြင်းမရှိဘဲ အထူးပင် စိတ်ဝင်စားလာခဲ့၏။


တစ်ကယ်တမ်းတွင် ယန်လဲ့သည် မူလကတည်းက သူ၏ စိတ်စွမ်းအားကို အသုံးပြုရန် နည်းလမ်းအချို့ရှာဖွေခဲ့သော်လည်း စနစ်တကျမဟုတ်သောကြောင့် နက်နဲမှု မရှိခဲ့ပေ။အစပိုင်းမှာ၊သူက သူမကို အားကိုးပြီး စိတ်စွမ်းအင်တို့ဖြင့် အသုံးပြုပုံအမျိုးမျိုးကို သင်ပေးခဲ့ရာမှ ကြာ‌လာသောအခါ ချစ်သူဖြစ်လာခဲ့၏။ လက်ထပ်လက်စွပ်ကိုတောင် သူ လျှို့ဝှက်စွာပြင်ဆင်ထားမှန်း သူမ ရိပ်မိနေသည်။ သို့သော်၊ သူမသည် မူလ လင်းယောင်ယောင် မဟုတ်ကြောင်း သူကလည်း သိသလို၊သူမကလည်း ကျိုးကြောင်းဆီလျော်စွာ ရှင်းပြနိုင်ခြင်း မရှိပေ။ ထို့ကြောင့်၊ယန်လဲ့သည် သူမက သူ့ယုံကြည်ချက် ဖြစ်သော တိုင်းပြည်နှင့် လူမျိုးအတွက် အလုပ်အကျွေးပြုချင်သည့် မူဝါဒကို ချိုးဖောက်ချင်နေသော တစ်ခြားနိုင်ငံက စေလွှတ်လိုက်သည့် အေးဂျင့်တစ်ယောက် ဖြစ်နေမှာ ကြောက်နေခဲ့သည်။


ယန်လဲ့အပြင်၊ ရှေးကမ္ဘာရှိ အရာများစွာသည် သူမ၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ခံထိုက်သည်။ ရှေးဟောင်း အဆောက်အအုံများ၊ အဝတ်အထည်များနှင့် အသုံးအဆောင် အမျိုးမျိုးရှိပြီး အားလုံးကလည်း ရှေးဟောင်းပစ္စည်း များဖြစ်သည်။ထိုအထဲမှာ သူမအတွက် အရေးကြီးဆုံးက အရသာရှိသော ဟင်းလျာများဖြစ်၏။


ဤဟင်းများက ကြယ်တာရာခေတ်ရှိ စက်ရုပ်များပြုလုပ်သော ရိုးရှင်းသည့် အစားအစာများနှင့် အာဟာရဖြည့်စွက်စာများကို ကျင့်သားရခဲ့သော "လင်းယောင်ယောင်" ကို ရူးသွပ်သွားစေသည်။သူမ ဟင်းချက်နည်းမသိလျှင်လည်း အရေးမကြီးပေ။ ဘယ်လိုပင်ဖြစ်ဖြစ်၊ လင်းယောင်ယောင် သည် တခြားသူတွေအတွက် မကြာခဏ ချက်ပြုတ်လေ့မရှိဘဲ အရသာမျိုးစုံကို စားရခြင်းကိုသာ နှစ်သက်သည်။


"လင်းယောင်ယောင်" ကို နာကျင်စေသည့် တစ်ခုတည်းသော အရာမှာ လင်းယောင်ယောင် သည် များများစားလိုက်လျှင် အလွယ်တကူဝစေနိုင်သည့် ခန္ဓာကိုယ်ရှိတာကြောင့်ပင်။ သို့သော် ထိုခေတ်တွင် အစာချေဖျက်ဆေး သို့မဟုတ် အဆီလောင်ကျွမ်းစေသောဆေးများ လုံးဝမရှိပေ။ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်မတက်လာစေဖို့ ယန်လင်းနှင့်အတူ‌ နေ့တိုင်းလိုလို လေ့ကျင့်ခန်းလုပ်ခဲ့ရ၏။ ကိုယ်ချစ်ရသည့် ချစ်သူနှင့် အတူရှိနေခြင်းက နာကျင်စရာများကိုတောင် ချိုမြိန်စေလေသည်။


ထိုကမ္ဘာကြီးသည် အလွန်သေးငယ်ပြီး နည်းညာကလည်း အလွန်နှေးကွေး‌နေကာ လူ့သက်တမ်းမှာ အလွန်တိုတောင်းလှသည်။များသောအားဖြင့် ဆယ်စုနှစ်အနည်းငယ်သာ နေထိုင်နိုင်ကြ၏။သို့သော်၊သူမဘဝသည် ထိုကမ္ဘာမှာနေထိုင်နေစဉ်အတွင်း ပြည့်စုံပျော်ရွှင်ခဲ့သည်။ထို့အပြင်၊ သူမတစ်ယောက်တည်း မဟုတ်တော့‌ေပ၊ အရသာရှိသည့် အစားအသောက်များနှင့် သူမ၏ သီးသန့် သက်တော်စောင့်ဖြစ်ပြီး ချစ်သူ ယန်လဲ့ ရှိနေသည်။သူမ ငယ်စဉ်ကတည်းက နေထိုင်ခဲ့သည့် ကြယ်တာရာခေတ်၏ အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများကို လွမ်းဆွတ်မိခဲ့သော်လည်း ပြန်မသွားချင်ခဲ့ပေ။


ယခု ကူးပြောင်းမလာပါက၊သူမသည် ဝတ္ထုထဲကလို လူတစ်ယောက်ဆက်ဖြစ်နေနိုင်ပြီး သူ့ကိုယ်သူ ပိုဆွဲဆောင်မှုရှိအောင်ပြင်ဆင်ခြယ်သပြီး ရှောင်မင်ထံမှ အာရုံစိုက်မှု ရရှိဖို့ ကြိုးစားနေမှာ ‌အသေအချာပင်။သူမသည် မနှစ်မြို့ဖွယ်၊ ဦးနှောက်ဉာဏ်မမီ၊ ပလီခရာတာတာနှင့် ဗီလိန်မ ဖြစ်လာကာ နောက်ဆုံး စိတ်ပိုင်းဆိုင်ရာနယ်ပယ်လည်း ပြိုကွဲသွားမည်ဖြစ်သည်။ထိုအခါ သူမတို့ လင်း မိသားစုတစ်ခုလုံး ရှုံးနိမ့်သွားပေလိမ့်မည်။


ဒီလိုအခြေအနေမျိုးကြီးနဲ့ နှစ်ပေါင်းသုံးရာကနေ ငါးရာအထိ အသက်ရှင်နေရရင်ရော ဘယ်လိုလုပ် ပျော်စရာ ကောင်းနိုင်မှာလဲ…


ထို့ကြောင့် သူမသည် အတိတ်ကို နှုတ်ဆက်ချင်ပြီး ရှောင်မင် ၏ ပူးပေါင်းကြံစည်မှုများ မအောင်မြင်စေရန် သူမ မိသားစုအား သတိပေးချင်ခဲ့သည်။ ထိုမှသာ သူမသည် လင်း မိသားစု၏ ကျေးဇူးများကို ဆပ်ရာကျပေလိမ့်မည်။


ထို့ကြောင့် သူမသည် ဤအစွဲအလမ်းများကြောင့် ကြယ်တာရာခေတ်သို့ ပြန်ချင်စိတ်သာများနေခဲ့၏။သူမ နေရာမှာ အစားထိုးထားသည့် လင်းယောင်ယောင် မှာလည်း အလားတူ အတွေးမျိုး ရှိကောင်းရှိနိုင်သည်။ သို့မဟုတ် နောင်တရချင်ရနေပေလိမ့်မည်။


"လင်းယောင်ယောင်" ၏ နှလုံးသားသည် 21 ရာစု ရှေးခေတ်ကမ္ဘာမြေကို အတော်ပင် နှစ်သက်သွားရ၏။ သူမသည် မိသားစုဝင်များအား နှုတ်ဆက်ရန် ပြန်လာချင်ပြီး 21 ရာစုကို ပြန်သွားချင်မိသည်။ နောက်ထပ် အနှစ်30မှ 50အထိသာ အသက်ရှင်နေနိုင်လျှင်တောင် ပျော်ရွှင်နေမည်ဖြစ်သည်။ ဘဝ အဓိပ္ပါယ်က အသက်ရှည်ရှည် နေရခြင်း မဟုတ်ဘဲ ပျော်ရွှင်မှုသာဖြစ်၏။


ဆက်လက်၍ သူမသည် ထိုအချိန်နှင့် နေရာများတွင်ကြုံတွေ့ခဲ့ရသော သူမ၏ ကိုယ်ပိုင် အတွေးများနှင့် စိတ်ခံစားမှု အခြေအနေကို ရှင်းပြခဲ့သည်။ လင်းရွှမ် သည် တစ်ကိုယ်ကောင်းဆန်စွာ တွေးခေါ်မိသည့်အတွက် သူမကို အပြစ်တင်လိမ့်မည်ဟု ထင်ခဲ့သည်။ ထို့အပြင်၊ယောက်ျားတစ်ယောက်နှင့် အစားအသောက်များကြောင့် ငယ်စဉ်ကတည်းက စောင့်ရှောက်လာခဲ့သည့် မိဘ၊ အဘိုးနှင့် အစ်ကို ကိုတောင် စွန့်လွှတ်နိုင်သဖြင့် ဆူပူလိမ့်မည်ဟု ထင်ခဲ့မိ၏။ အကြောင်းမှာ လင်းရွှမ်သည် သူမအား ခပ်တန်းတန်းသာဆက်ဆံတတ်သလို စည်းကမ်းကြီးပြီး အနေတည်သူဖြစ်တာကြောင့် စိတ်ထဲက အလိုလိုကြောက်စိတ်ဝင်နေခြင်းပင်။သူသည် သူမနှင့် ရံဖန်ရံခါ စကားစမြည်ပြောဆိုသော်လည်း စည်းကမ်းရှိအောင် အမြဲဆူပူကြိမ်းမောင်းနေသည်ချည်းပင်။


သို့သော်လည်း၊ယခုတော့ လင်းရွှမ် သည် ထူးထူးခြားခြား အကြာကြီး တိတ်ဆိတ်နေခဲ့ပြီး သူမကို ဝေလည်း မဝေဖန်ပေ။


"မင်းပျော်နေတယ်ဆိုတာ သိရုံနဲ့ ရပါတယ်… မင်းဘယ်မှာနေနေ ကိစ္စမရှိပါဘူး"


သူ့အပြောကို ကြားရုံနှင့် လင်းရွှမ် သည် အခြား လင်းယောင်ယောင် နှင့် ရင်းနှီးသောဆက်ဆံရေးရှိပုံရသည်ကို သူမ သတိပြုမိခဲ့သည်။သို့မဟုတ်ပါက၊သူမ နိုးလာလာချင်း လင်းရွှမ်ကို အရင်မြင်ရမှာမဟုတ်ပေ။


"အစ်ကိုလည်း သူမကို ပြန်လာစေချင်တယ် မဟုတ်လား"


ထို့နောက် လင်းရွှမ် က တိုက်ရိုက်မဖြေဘဲဤနေရာကို လင်းယောင်ယောင် ရောက်လာပြီးနောက်မှာ ဖြစ်ပျက်ခဲ့သမျှကို အတိုချုံးပြောပြခဲ့သည်။ယခု သူမ ပြန်ရောက်လာတာကြောင့် မိဘများနှင့် အဘိုးဖြစ်သူတို့ကို တွေ့ရန်လည်း ပြောလိုက်သည်။သို့သော်၊သူမသည် အရင် လင်းယောင်ယောင် ဖြစ်ကြောင်းကို မသိစေလိုပေ။ဤကိစ္စကို သူသာ သိထားချင်၏။မိဘများကို အသိပေးလိုက်လျှင်လည်း စိတ်ဆင်းရဲရုံသာ ရှိပေတော့မည်။ယခင်က သူ့ကောင်မလေး ကောင်းထားသမျှသည် အလကားသဲထဲရေသွန်သလို အချည်းနှီးဖြစ်သွားနိုင်၏။


လင်းယောင်ယောင် အကြောင်းပြောသောအခါ လင်းရွှမ် က


"သူမကို စတွေ့တုန်းကတော့ ခပ်တန်းတန်းပဲနေခဲ့တာ...ဒါပေမယ့် သူမက ဖော်ဖော်ရွေရွေဘဲ ငါ့ကို တွေ့တွေ့ချင်း လက်မောင်းကို ဖက်ပြီး အစ်ကြီးလို့ ခေါ်တယ်လေ..."


ထို့နောက် လင်းယောင်ယောင်နှင့် သူတို့ကြားရှိ အတွေ့အကြုံအမျိုးမျိုးကို ပြောပြလိုက်သည်။ လင်းယောင်ယောင် သည် ရှေးတရုတ်အစားအစာများကို ချက်ပြ၍ မိဘများ၊ အတန်းဖော်များ၊ သူငယ်ချင်းများနှင့် ဆရာများတို့၏ စိတ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ သူမ၏လက်နှစ်ဖက်ဖြင့် အင်ပါယာတစ်ခုလုံးရှိ အစားအသောက်ကုထုံးဆရာများ၏ အဆင့်အတန်းကို မြင့်မားလာအောင် လုပ်ပေးခဲ့၏။ ထို့အပြင်၊ပျက်စီးနေသော စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ရှိသူများကို ကုသရန်အတွက် မျှော်လင့်ချက်ရောင်ခြည်ကို သူမက ယူဆောင်လာခဲ့သည်။ သူမသည် သူမ၏ ဟင်းချက်နည်းများကို ကိုယ်ကျိုးမဖက်ဘဲ ရှေးတရုတ်အစားအစာများ ရေပန်းစား လူကြိုက်များလာစေရန် တခြားသူများအား လက်ဆင့်ကမ်းပေးနိုင်ခဲ့သည်။သူမ၏ လမ်းညွှန်မှုကြောင့်ပင်၊ အလွန်ကြောက်စရာကောင်းသော ဇာ့ခ်များသည် စားကောင်းသောက်ဖွယ်တစ်ခုဖြစ်လာပြီး ဇာ့ခ်များကိုလည်း လူတွေ မကြောက်ကြတော့ပေ။


ထို့အပြင် လင်းရွှမ်က ဝေ့မိသားစု၏ တည်ရှိမှုကိုလည်း ပြောပြခဲ့သည်။


"မင်္ဂလာလက်စွပ်အတွက်ကို ကုန်ကြမ်းပစ္စည်းတွေတောင် ပြင်ဆင်ထားတယ်... အနီရောင် အိပ်မက်ကြယ်ကျောက်တုံးတစ်တုံးကို လက်စွပ်လုပ်မလို့… ဒါပေမယ့် မျှော်လင့်စရာ မရှိတော့ဘူးထင်ပါရဲ့… အခွင့်အရေးရရင်တော့ သူမကို ပေးချင်တယ်…သူမက လက်မခံရင်လည်း ကိစ္စမရှိပါဘူး...သူမ ဆန္ဒရှိလာတဲ့အထိ စောင့်နိုင်ပါတယ်"


လင်းရွှမ် သည် ယခင်က သူ၏မွေးစားညီမ "လင်းယောင်ယောင်" ကို စကားများများ မပြောပေ။ သို့သော်လည်း မောင်နှမနှစ်ယောက်သား ဤကဲ့သို့ ပြောဆိုရန် အခွင့်အရေးများ မရှိခဲ့တာလည်း ပါသည်။ယခုမူ၊ လင်းရွှမ်ကိုယ်တိုင် သူ့နှလုံးသားကို ပြုစားနိုင်ခဲ့သော လင်းယောင်ယောင် အကြောင်းကိုတော့ စိတ်ပါလက်ပါ ပြောနေလေသည်။ သူ၏ ယောင်ယောင် က သူမအတွက် ယန်လဲ့ လိုပင်၊သူ့အတွက်လည်း အရေးကြီးကြောင်း "လင်းယောင်ယောင်" ကို သိစေချင်သည်။


"လင်းယောင်ယောင်" အလွန်အံ့သြသွားသည်။ အမြဲတမ်း အေးစက်သည့် သူမအစ်ကိုကြီးသည် ရှက်စရာကောင်းလောက်အောင်ပင် သူမ ကိုယ်ထဲမှာ နေထိုင်သွားသည့် မိန်းကလေးတစ်ယောက်နှင့် ချစ်မိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။သို့သော်၊ သူမနှင့် လင်းရွှမ် ကြားက အကွာအဝေးမှာ မထင်မှတ်ထားဘဲ နီးစပ်လာကာ အစ်ကိုဖြစ်သူကိုလည်း သူမ မကြောက်တော့ချေ။


လင်းရွှမ် ၏စကားကို နားထောင်ပြီးနောက် "လင်းယောင်ယောင်" သည် အမှန်တစ်ကယ် အတော်အရည်အချင်းရှိသော မိန်းကလေးမှန်း နားလည်လာခဲ့သည်။


"ညီမလည်း သူ့ကို အရမ်း သဘောကျတယ်… သူမရဲ့ Weibo မှာ တင်ထားတဲ့ ဟင်းပွဲပုံတွေကိုလည်း ကြည့်ပြီးပြီ ..ဟင်းချက်လည်းတော်ပုံရတယ်…ညီမလည်း သူမရဲ့မှတ်ဥာဏ်တွေရလိုက်ပေမယ့် ကောင်းကောင်း မချက်တတ်ဘူး… ညီမရဲ့ ယန်လဲ့လေးက ဟင်းချက်တော်လို့ ကံကောင်းတယ်ပြောရမယ်"


"လင်းယောင်ယောင်" သည် သူမတွင် သွေးသားရင်းချာ ဆွေမျိုးများရှိကြောင်း သိရသောအခါ ပထမပိုင်းတွင် အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း မကြာမီ တည်ငြိမ်သွား၏


"သူမရဲ့ ဆွေမျိုးတွေနဲ့လည်း တွေ့ခဲ့တယ်… သူတို့က ဟိုခန္ဓာကိုယ်နဲ့ ဆက်စပ်နေပေမယ့် သွေးသားချင်းက မတော်နေဘူးဆိုတော့ သူတို့ကို မမှတ်မိဘူးလေ... သူတို့က တစ်ယောက်မှလည်း ညီမနဲ့ ဘာမှမဆိုင်ဘူး…သူတို့ကြောင့်လည်း ဟိုမှာပျော်တာမဟုတ်ပါဘူး…"


နောက်တစ်နေ့တွင် လင်းရွှမ် သည် လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း ကို အိမ်ပြန်လာခိုင်းပြီး လင်း မိသားစု အတူတကွ ပြန်လည်ဆုံဆည်းသည့်အနေဖြင့် ညစာစားကြသည်။ ယခု တစ်ခါတော့ သမီးငယ်လေး "လင်းယောင်ယောင်"သည် အရင်ကလိုပင် မရင့်ကျက်သေးသည့် ကလေးလေးတစ်ယောက်လို သွက်လက်တက်ကြွကာ ချစ်စဖွယ်ကောင်းလျက်ရှိသည်။ အခြား ယောင်ယောင် ကို အထင်အမြင်မလွဲမှားစေရန် သူမ သတိဖြင့်သာ အနည်းငယ်ထိန်းထားနိုင်ပေသည်။ သူမသည် နောက်ဆုံးတွင် အခြား လင်းယောင်ယောင် မနေ့ကပြုလုပ်သော အစားအစာကို စားကြည့်ခွင့်ရသည်။ လင်းယောင်ယောင် သည် အဘိုး လင်း အတွက် ဖြည့်စွက်အစားအစာကို နောက်ရက်များတွင် စားနိုင်ရန် ရှေးဟောင်း တရုတ်အစားအစာများနှင့် ဇာ့ခ်အသားအရသာမျိုးစုံကို များစွာ ပြုလုပ်ထားခြင်းဖြစ်သည်။


"လင်းယောင်ယောင်" သည် ရှေးခေတ်တွင် အသုံးဝင်မည်ဟု ထင်သော ဗဟုသုတများစွာကို တမင်တကာ အလွတ်ကျက်မှတ်ထားသည်။ဥပမာ၊ အစာခြေစနစ်ကောင်းအောင် သောက်ရသော ဆေးဝါးဖော်မြူလာများ၊ အသုံးများသော ဆေးဝါးအမျိုးမျိုး၏ ဖော်မြူလာများ... စသည်တို့ကို သူမ၏ အလင်းပြ ဦးနှောက်တွင် မအိပ်သေးခင် စာသားမက်ဆေ့ချ်များဖြင့် မှတ်သားထားလိုက်၏။ "သူမ" မနက်ဖြန်နိုးလာသည့်အခါ စနစ်မှနေ၍ အလိုအလျောက်ဖတ်ပြပေးသွားမည်ဖြစ်၏။


"ယောင်ယောင်...နင်နဲ့ ငါ ဘဝချင်း လဲခွင့်ရလို့ အရမ်းပျော်ပါတယ်…တစ်ခုကတော့ သိပ်မ‌‌ေကာင်းပါဘူး...နင်နဲ့ငါ တစ်ယောက်ချင်း မတွေ့နိုင်တာကိုပေါ့… မင်းနဲ့ ငါ့အစ်ကိုကြီးတို့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေနော်…ငါနဲ့ ငါ့ချစ်သူကလည်းထပ်တူပျော်နေပါတယ်"


ဤအကြောင်းကို မသိသူများကတော့ ထိုမက်ဆေ့ခ်ျများကို နားလည်နိုင်မှာမဟုတ်ပေ။


ထိုညတွင် လင်းရွှမ် သည် လုံးဝ အိပ်မပျော်နိုင် ဖြစ်နေ၏။ "လင်းယောင်ယောင်" သည် အခြား လင်းယောင်ယောင် လဲလှယ်ချင်နေပြီး အောင်မြင်နိုင်ဖို့ အခွင့်အလမ်းကောင်းများ ရှိနေတာကြောင့် ယနေ့ညမှာ ကြိုးစားကြည့်မည်ဟု ပြောနေ၏။ သို့သော်လည်း သူ၏ ယောင်ယောင် သည် ဤကမ္ဘာသို့ ပြန်မလာတော့မှာကို စိုးရိမ်နေခဲ့သည်။ သူမဘက်မှ သူ့လို လေးနက်သည့် ခံစားချက်များ မရှိမှာ ကြောက်မိသည်။



xxxxx

Ei Thet Hmue