အခန်း၁၀၈
Viewers 8k

Chapter 108

(ဝိညာဉ်ရေးရာ ဆက်သွယ်မှု)


လင်းယောင်ယောင် မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူမ ရှေ့ကမြင်ကွင်းသည် အနည်းငယ်ထူးဆန်းနေသော်လည်း ရင်းနှီးသလိုရှိသည်။ အရင်က ဤနေရာကို တစ်ခါမှမရောက်ဖူးတာကြောင့် ထူးဆန်းသလို ဖြစ်နေရကာ 21 ရာစုမှ အဆင့်မြင့် ဆေးရုံအတွင်းမှာ ဖြစ်နေသောကြောင့် ရင်းနှီးနေရခြင်းဖြစ်သည်။


သူမ လက်ကို ကိုင်ထားသည့် အေးစက်စက်နှင့် ချောမောသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသောကြောင့် လက်ကို ဖယ်လိုက်သည်။


"ရှင်က ဘယ်သူလဲ"


ထိုလူက အေးစက်သော မျက်လုံးများဖြင့် သူမကို ကြည့်သည်။


"ကိုယ့်ကိုတောင် မမှတ်မိဘူးလား… မင်း ကိုယ့်ကို မေ့ချင်ယောင်ဆောင်နေတာမဟုတ်ဘူးလား"


များမကြာမီပင် သူမသည် အမှန်တကယ် သတိမေ့နေဟန် ဆောင်နေခြင်းမဟုတ်ကြောင်း ယန်လဲ့ သိလိုက်ရသည်။ သူမသည် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင် အစစ်အမှန် ဖြစ်နေလေသည်။


ယန်လဲ့ ၏စကားကိုကြားပြီးနောက် ချောက်ကမ်းပါးမှ ပြုတ်ကျသောအခါ သူမ မသေခဲ့ကြောင်း သိလိုက်သည်။ စာအုပ်ထဲက လင်းယောင်ယောင် လည်း သူမ ဖြစ်သွားခြင်းပင်။သူမသည် 21 ရာစုတွင် အထူးအစွဲအလမ်း တစ်ခုမှ မရှိပေ။ သူမကို ကျွေးမွေးခဲ့သည့် အဘွားဖြစ်သူမှာ လွန်ခဲ့သော နှစ်နှစ်က ဆုံးပါးသွားခဲ့ပြီး ဦးလေးနှင့် အဒေါ်တို့ကိုလည်း မခင်တွယ်ပေ။သူမ၏ အတန်းဖော်များနှင့် သူငယ်ချင်းများသည်လည်း သူတို့လမ်းသူတို့ ကိုယ်စီလျှောက်နေကြသည်။


တခြား "လင်းယောင်ယောင်" သည် ဤကမ္ဘာတွင် ကောင်းမွန်စွာနေထိုင်သွားသည်။ သူမ အဘွား၏ စားသောက်ဆိုင်ကို ထိန်းသိမ်းထားနိုင်ရုံတင်မကဘဲ ကျွမ်းကျင်စားဖိုမှူး အများအပြားကိုလည်း ငှားရမ်းပြီး ဆိုင်ကိုသေချာဖွင့်ထားသည်။ အငြိမ်းစား အထူးစစ်သား အစ်ကိုကိုလည်း သူမ၏ချစ်သူအဖြစ် ပိုင်ဆိုင်ထား၏။


ယန်လဲ့ ၏ စိုးရိမ်သောက ရောက်နေပုံဖြင့်၊ "ကျွန်တော့်ရဲ့ ယောင်ယောင် ဘယ်မှာလဲ၊ ဘယ်တော့ပြန်လာမှာလဲ" ဆိုသည့်မေးခွန်းကို ရင်ဆိုင်ရသောအခါ တခြား လင်းယောင်ယောင်အား လင်းရွှမ်က ဘယ်လိုမျိုး ပြောဆိုနေမလဲဆိုသည်ကို သိချင်လာရသည်။ လင်းရွှမ် သည် သူမက သူ့ညီမ မဟုတ်ကြောင်းကို သိသွားခဲ့သည်။ထိုစဉ်က၊သူမလည်းထိတ်လန့်တကြားဖြင့် မူလပိုင်ရှင်ထံ ခန္ဓာကိုယ် ပြန်ပေးရမလားဟု တွေးနေမိခဲ့သည်။


"လင်းယောင်ယောင်" သည်လည်း ရောက်လာစဉ်က ထိုအတွေးမျိုး တွေးမိနိုင်သည်။ ထို့အပြင် မည်သို့ ပြန်လည်လဲလှည်ရမည်ဆိုသည်ကိုလည်း အတော် နားမလည်နိုင်ဖြစ်နေပေမည်။


"လင်းယောင်ယောင်"ကလည်း ဤရှေးခေတ် ကမ္ဘာသို့ပြန်လာရန် ဆန္ဒရှိမရှိနှင့် ပတ်သက်၍ သူမ သေချာမသိပေ။ဘာကြောင့် ကူးပြောင်းသွားရကြောင်းကို သူမကိုယ်တိုင်က ယောင်ဝါးဝါးသိသော်လည်း ထပ်မံ ကူးပြောင်း၍ ရမရကို အာမ,မခံနိုင်ပေ။


ကြယ်တာယာခေတ်တွင် လူ့သက်တမ်းနှင့် နည်းပညာတိုးတက်မှု နှစ်ခုစလုံးသည် 21 ရာစုကမ္ဘာထက် ကျော်လွန်နေသည်။ထို့ကြောင့်၊ သူမသည် ကြယ်တာရာခေတ်သို့ပြန်သွားချင်သော်လည်း ဤကမ္ဘာပေါ်တွင် နှစ်ပေါင်း 20 ကျော်နေထိုင်ခဲ့သူဖြစ်၍ အကယ်၍ ကြယ်တာရာခေတ်ကို တစ်ဖန်ပြန်သွားနိုင်ပါက၊ အနည်းဆုံး လက်ရှိ 21 ရာစုကမ္ဘာကြီးကို နောက်ဆုံးနှုတ်ဆက်စကား ပြောသင့်ပေသည်။


ပထမဦးစွာ လင်းယောင်ယောင် သည် သူမ၏ အဘွားဖြစ်သူ၏ ကျန်ရစ်သော စားသောက်ဆိုင်သို့ သွားရောက်လည်ပတ်ခဲ့သည်။ စားသောက်ဆိုင်ကြီးသည် များစွာ တိုးတက်စည်ကားနေကာ ဆိုင်ခွဲသစ်များစွာ ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။ စီးပွားရေးက အတော်လေး ကောင်းနေသည်။


ထို့နောက် သူမသည် အချိန်အတော်ကြာပြီးနောက် တရုတ်အရသာစစ်စစ်ဟင်းလျာများကို စားနိုင်ခဲ့သည်။ထို့အပြင် သူမ၏ ဦးလေး၊ အဒေါ်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ "လင်းယောင်ယောင်" သည် ယခုအခါ လုပ်ငန်းကြီးတစ်ခုအဖြစ် ဦးဆောင်လုပ်ကိုင်နေပြီး ယန်လဲ့ လိုမျိုး ခိုင်မာသော ကျောထောက် နောက်ခံရှိသောကြောင့် အတော်လေး အင်အားကြီးလျက်ရှိ၏။ မူလက အတော်လေး မောက်မာစွာပြောဆိုခဲ့သော ဦးလေးနှင့် အဒေါ်တို့သည် ယခု သူမအား ယဉ်ကျေးစွာ ဆက်ဆံကြပြီး ဖားယားနေကြတော့သည်။ သူမသည် သူတို့ကို တစ်ခါမှ မလွမ်းမိသော်လည်း ကျန်းမာရေးကောင်းနေသေးသည်ကို တွေ့ရသောအခါ စိတ်သက်သာရာရသွားမိသည်။ ထို့အပြင် သူငယ်ချင်းများ၏ လတ်တလော အခြေအနေများအကြောင်းကိုလည်း အစုံသိခဲ့ရသည်။အားလုံး နေကောင်းကျန်းမာပြီး ဘဝကိုအောင်မြင်စွာ ဖြတ်သန်းနေကြလေသည်။ သူငယ်ချင်းများ၏ အမြင်မှာတော့ သူမကသာ အကောင်းဆုံးဘဝကို ပိုင်ဆိုင်ထားသူပင်။


နေ့ရက်တွေက အတော်လေး လျင်မြန်စွာ ကုန်ဆုံးသွားခြင်း ဖြစ်နိုင်သည်။ အိပ်ရာမဝင်ခင်မှာ လင်းယောင်ယောင် ကို ယန်လဲ့ က တားထားပြီး ပြောလေသည်။


"သူမ ပြန်လာနိုင်အောင် ကြိုးစားပေးပါ.. သူမက ကျွန်တော်နဲ့ လမ်းခွဲချင်ရင်တောင်မှ ပြန်လာပေးပါလို့"


လင်းယောင်ယောင် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။


"အင်း... အဲဒီ့ခေတ်မှာ ကျွန်မ အတွက် အဖိုးတန်တဲ့သူတွေလည်း ရှိပါတယ်… ဒါပေမယ့် သူမလည်း ကျွန်မလိုပဲ ပြန်လာချင်နေမလားဆိုတာကိုတော့ ကြည့်ကြတာပေါ့"


စိတ်ခံစားမှုအရ၊ သူမသည် ကြယ်တာရာခေတ်တွင် အချိန်အကြာကြီးနေထိုင်ရန် မျှော်လင့်ထားပြီးသားဖြစ်သည်။ ထိုခေတ်တွင် သူမ မခွဲခွာနိုင်သော မိသားစုဝင်များ ၊ သူငယ်ချင်းကောင်းများစွာ နှင့် သူမ ချစ်ရသူတို့ ရှိနေကြ၏။ သို့သော် သူမသည် "လင်းယောင်ယောင်" ကို မခံစားစေချင်ပေ။ "လင်းယောင်ယောင်" က မပြန်ချင်ဘူးဆိုလျှင်လည်း ထိုစာအုပ်ထဲက ကမ္ဘာလေးကို လှပသည့် အိပ်မက်ကလေးတစ်ခုအဖြစ်သာ သတ်မှတ်ရတော့ပေမည်။


အိပ်ရာမဝင်ခင်မှာ သူမသည် "ဒဏ္ဍာရီထဲမှအရှင်သခင်" ၏ အပို အပိုင်းများကို ဖတ်လိုက်ရာ ရှောင်မင် သည် ဇာ့ခ်မျိုးနွယ်ထဲမှ ဖြစ်ကြောင်း သိလိုက်ရသည်။သူ အတော်လေး ပိပိရိရိ ဖုံးဖိထားနိုင်ခဲ့လေသည်။


ဇာတ်လမ်း အဆုံးသတ်ကို စာဖတ်သူတော်တော်များများ မကျေမနပ်ဖြစ်ခဲ့ကြသည်။ သို့သော် စာရေးဆရာ၏ နောက်ဆုံးစကားဖြစ်သော "ကိုယ့်ဘာသာကိုယ် ဇာတ်သိမ်းကြည့်ပါ" ဟူ၍ ပါလာသောအခါမှ လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြ၏။


လင်းယောင်ယောင် သည် နောက်ဆုံးအခန်းကိုဖတ်ပြီးနောက် သူမနှင့် ခန္ဓာကိုယ်ချင်း လဲလှယ်ခဲ့သည့် တခြား လင်းယောင်ယောင် အတွက် စာအချို့ ရေးထားခဲ့သည်။


"ကျေးဇူးတင်ပါတယ်…နင် အသက်ရှည်ပြီး ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…နောက်လည်း နင်နဲ့ တစ်ကယ်ဆုံတွေ့နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်…"


ထို့နောက် သူမ အိပ်နေစဉ်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများဖြင့် ဆွဲငင်လာသည့်၊ ရင်းနှီးကျွမ်းဝင်လျက်ရှိသော ခံစားချက်က တစ်ဖန်ပြန်ပေါ်လာသည်။ထို့နာက် ထူးဆန်းပြီး ကြင်နာတတ်သော စိတ်ဝိညာဉ်လှိုင်းတစ်ခု ဖြတ်သွားသည်ကို ဖျတ်ခနဲ ခံစားလိုက်ရသည်။သူမ အလိုလိုစိတ်ထဲမှ သိပြီး အတွေးထဲမှနေ၍ အချိန်မီအောင် အမြန်နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ယောင်ယောင်"


တစ်ဖက်မှ လင်းယောင်ယောင် သည်လည်း အလိုလိုသိနေပုံဖြင့်


"ယောင်ယောင် မင်္ဂလာပါ…"


ရိုးရှင်းသော နှုတ်ခွန်းဆက်စကားတစ်ခု ဖြစ်ကာ၊ နောက်ထပ် ထပ်ပြောဖို့ မဖြစ်နိုင်တော့ပေ။ သို့သော် သူတို့နှစ်ယောက်စလုံးသည် တစ်ဦးနှင့်တစ်ဦး ကြင်နာမှုနှင့်အတူ ပါးစပ်က ထုတ်မပြောနိုင်သော စကားလုံးထောင်ပေါင်းများစွာကို ခံစားလိုက်ကြရသည်။


' ဘဝသစ်ကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…ငါ အများကြီး စိတ်လှုပ်ရှားခဲ့ရသလို ငါ့ရဲ့ မူလဘဝကနေလည်း လွတ်မြောက်နိုင်ခဲ့ပြီ'


"လင်းယောင်ယောင်" သည်လည်း သူမလိုပင် စိတ်ဓာတ်ခိုင်မာနေပြီး နောက်ဆိုလျှင် ဘယ်တော့မှ ကိုယ်ချင်း လဲမှာ မဟုတ်ပေ။


နောက်တစ်နေ့တွင် လင်းယောင်ယောင် သည် လင်းမိသားစု၏ အိမ်ဟောင်းရှိ သူမ အခန်းထဲတွင် အိပ်ရာမှ နိုးလာသောအခါတွင် အခြေအနေများသည် အသစ်တစ်ခုလို ဆန်းသစ်နေ၏။


"လင်းယောင်ယောင်" သူမ အတွက်ထားခဲ့သော စာများကိုလည်း ဖတ်လိုက်သည်။ထိုစာကလည်း 21ရာစု ကမ္ဘာခေတ်မှာ သူမကို ထားခဲ့ပုံနှင့် ဆင်တူသည်။ သူမသည် "လင်းယောင်ယောင်"နှင့်အတူတူ တစ်ကမ္ဘာတည်း ရှိနေမည်ဆိုလျှင် သေချာပေါက် သူငယ်ချင်းများဖြစ်နေပေလိမ့်မည်။


ရေချိုးပြီးနောက် လင်းယောင်ယောင် သည် အိပ်ခန်းတံခါးကို ဖွင့်လိုက်ရာ အခန်းအပြင်ဘက်တွင် ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ ကောင်းကောင်းသိသည့် လူတစ်ယောက်ပင်။

သူက သူမကို စိုက်ကြည့်ရင်း


"ယောင်ယောင်"


ထိုအခါ သူမသည် မျက်နှာကို ညှိုးငယ်ပုံ‌ေပါက်ရန် အတတ်နိုင်ဆုံး ကြိုးစားကာ အနည်းငယ်စိတ်ပျက်သွားသလိုမျိုး ပြောလိုက်သည်။ သူမ လက်ဖဝါးအချင်းချင်း ပွတ်ကာ ခေါင်းကို ငုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။


"အစ်ကိုကြီး အဆင်မပြေဘူး..."


သူမ ယခုတစ်ခေါက်ပြန်ရောက်သောအခါ "လင်းယောင်ယောင်" က ဤခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ချိန်ဖြစ်သည့် မနေ့ညက မှတ်ဥာဏ်များကို သတိမရခဲ့ပေ။ထို့ကြောင့် မူလ "လင်းယောင်ယောင်" နှင့် လင်းရွှမ် တို့ ပြန်တွေ့သောအခါတွင် ဘာပြောကြသည်ကို သူမ မသိခဲ့ပေ။


သေချာသည်က၊ "လင်းယောင်ယောင်" သည် ယန်လဲ့ ကို မတွေ့ချင်ဘူးဆိုပါက သူမ ဤနေရာမှာ ရှိနေစရာအကြောင်းမရှိ ဆိုတာကိုပင်။


သူမနှင့် ယန်လဲ့သည် တစ်ယောက်နှင့်တစ်ယောက် မသိခဲ့ကြပေ။ ယန်လဲ့သည် သူ့ချစ်သူအပေါ် လုံးဝဘက်လိုက်စွာ ပြောဆိုနေခဲ့သော်လည်း "လင်းယောင်ယောင်" သည် လင်းရွှမ် ၏ မွေးစားညီမအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့သည်။ထို့ကြောင့်၊ အစ်ကိုဖြစ်သူ လင်းရွှမ်က ဘာတွေးနေမှန်း သူမ မသိနိုင်ပေ။


"လင်းယောင်ယောင်" က သူမအစား ဒီမှာနေဖို့ သူ ပိုမျှော်လင့်နေမှာလား…


မမျှော်လင့်ဘဲ၊ လင်းရွှမ် သည် ပြေးလာပြီး သူမခါးကို ဖက်ထားလိုက်သည်။


"ကောင်မလေး... မင်းပြန်လာပြီလား…ကိုယ့်ကိုတောင် လာလိမ်ချင်နေသေးတယ်"


ထိုလူက သူမကို ဘေးက နံရံမှာ ပြင်းပြင်းထန်ထန် ဖိထားလိုက်ပြီး သူမကို အုပ်မိုးထားကာ နမ်းလိုက်သည်။ ထို့နောက် သူမခါးကို သူ့ခန္ဓာကိုယ်နှင့် ဖိကပ်ထားလိုက်တော့သည်။


လင်းယောင်ယောင် သည် အနမ်းခံရပြီးနောက် အသက်ရှူမဝသလိုဖြစ်လာကာ ပြတ်တောင်းပြတ်တောင်းနှင့် ခက်ခက်ခဲခဲပြောလိုက်၏။


"အင်း... အစ်ကိုကြီးက ဘယ်လိုလုပ်ပြီး သိတာလဲ…အစ်ကိုကြီး တစ်ကယ်လို့ လူမှားသွားရင် ဘယ်လိုလုပ်မလဲ"


ထို့နောက် လင်းရွှမ် သည် သူမ၏ နှုတ်ခမ်းများကို ဒဏ်ခတ်သည့်နည်းဖြင့် ကိုက်လိုက်ရာ အနည်းငယ် နာကျင်သွားရသော်လည်း သူမကို အမှန်တစ်ကယ် မထိခိုက်စေခဲ့ပေ။သူက အေးစက်စက်နှင့် ပြောလာသည်။

"သူမက ကိုယ့်ကို အစ်ကိုကြီးလို့ တစ်ခါမှ မခေါ်ဖူးသလို မင်းလိုလည်း သနားစရာ ကောင်းအောင် မပြောတတ်ဘူး"


ပထမတော့ သူမတို့ကြားက ခြားနားချက်ကို မပြောနိုင်သော်လည်း "လင်းယောင်ယောင်" မနေ့က ပြန်ရောက်လာသည့်အခါမှာတော့ ယောင်ယောင် နှစ်ယောက်သားမှာ မျက်နှာချင်းတူသော်လည်း ကွာခြားချက်ကြီးကြီးမားမားရှိကြောင်း လင်းရွှမ် ခံစားခဲ့ရသည်။ "လင်းယောင်ယောင်" သည် သူ့ကို "အစ်ကို" ဟု အမြဲတစေ ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြောက်ရွံ့လေးစားမှုဖြင့် ခေါ်တတ်သည်။ သူမ၏ ပင်ကိုယ်စရိုက်က အနည်းငယ် လူကြောက်ပြီး အပြင်ပန်းမှာ အတင်းဖုံးဖိထားတတ်ခြင်းသာ။


ယောင်ယောင် ကမူ သူမကို ကုတင်ပေါ် ဖိထားပြီး အတင်းနမ်းတာကလွဲလျှင်... သူ့ကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။ သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးများသည် လိမ္မာပါးနပ်ပြီး ရဲရင့်တောက်ပြောင်ပြီး အလွန်သွက်လက်နေသည်။


တံခါးကို ဖွင့်လိုက်သောအခါတွင် သူမ၏ မျက်လုံးများထဲတွင် ကြည်နူးစရာကောင်းသည့်ခံစားချက်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသော်လည်း သူမသည် "လင်းယောင်ယောင်" ဖြစ်နေသေးသည်ဟု ဟန်ဆောင်ကာ လှည့်စားခဲ့သည်။ သူမ၏ စကားပြောပုံနှင့် သေးငယ်သော အလေ့အထ လှုပ်ရှားမှုများနှင့် ရင်းနှီးမှု ခံစားချက်တို့ကြောင့် သူမကို အမြန် မှတ်မိသွားခဲ့ရသည်။


မနေ့က မူရင်း "လင်းယောင်ယောင်" နှင့်တွေ့ဆုံပြီးနောက်၊သူ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်နှင့် ကိုက်ညီလိုက်ဖက်သူမှာ တစ်ခြားကမ္ဘာက လင်းယောင်ယောင် ဆိုသည်ကို ထပ်မံအတည်ပြုနိုင်ခဲ့သည်။


လင်းယောင်ယောင် သည် သူမမျက်နှာကို လင်းရွှမ် ၏လည်ပင်းတွင် မြတ်နိုးစွာ အပ်နှံထားကာ သူ့ပါးပြင်ကို ပွတ်သပ်လိုက်သည်။


"တောင်းပန်ပါတယ်... အစ်က်ိုကြီး သူမကို ခေါ်ထားချင်တာလားဆိုတာကို ညီမလေး သိချင်လို့..."


လင်းရွှမ် သည် ဤမိန်းကလေးကိုကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်လုနီးပါးပင်။


သူမ ဘယ်လိုတောင် တွေးခဲ့တာလဲ


"ဘာလို့ သူမကို ကိုယ်နဲ့အတူနေစေချင်တာလဲ…သူမက ကိုယ်နဲ့အတူ အမြဲမနေနိုင်ပါဘူး… သူမ မသေဘူးဆိုတာရယ်၊ ပျော်ပျော်နေနေတယ်ဆိုရင် ရပါပြီ…မင်း အဲ့ဒီကမ္ဘာကို နောက်တစ်ခေါက် ပြန်သွားခွင့် မပေးဘူး...မင်း ကိုယ်နဲ့ အတူတူ နေနိုင်တယ်...ကိုယ့်ကို ဖယ်ထုတ်ချင်လို့မရဘူး"


ထို့နောက် လင်းရွှမ် သည် လင်းယောင်ယောင် ၏ မေးစေ့ကိုဆွဲမော့ကာ နှုတ်ခမ်းကို နမ်းလိုက်သည်။ ဤအနမ်းသည် မိန်းကလေး၏ နူးညံ့သော နှုတ်ခမ်းများကို အကြိမ်ကြိမ်အခါခါ ကိုက်စားလုနီးးပါး ဖြစ်နေသည်။ ဤနည်းဖြင့်သာ သူ စိတ်ကူးယဉ်နေခြင်းမဟုတ်ဘဲ သူမ တစ်ကယ်ပြန်လာကြောင်း အတည်ပြုနိုင်သည်။


လင်းယောင်ယောင် ၏ နှုတ်ခမ်းများသည် လျင်မြန်စွာ နီရဲလာပြီး ရောင်ယမ်းလာသည်။ သူမ ပါးစပ်ကို နာကျင်စွာ အုပ်လိုက်ပြီး မျက်နှာလေးကို မော့လိုက်သည်။ သူမ၏ မက်မွန်ပွင့်မျက်လုံးများသည် မြူမှုန်များဖြင့် စွန်းထင်းနေပြီး မျက်လုံးထောင့်များမှာလည်း နီရဲနေသည်။


"လူဆိုး…ရှင့်ညီမရဲ့ ခန္ဓာကိုယ်တောင်မှ လုပ်ရက်တယ်..."


လင်းရွှမ် သည် ကြည်လင်သော သူမ မျက်လုံးများတွင် ဆာလောင်နေသော သူ့ကိုယ်သူ မြင်လိုက်ရပြီးနောက် သူမ၏ မျက်တောင်များကို ညင်သာစွာ နမ်းလိုက်သည်။


"မနေ့ကဆို သူ့လက်ကိုတောင် မကိုင်ဘဲနဲ့ မင်း မဟုတ်ဘူးဆိုတာကို စိတ်ထဲမှာ ခံစားလို့ရတယ်…ကိုယ့်ညီမရဲ့ ခန္ဓာကိုယ်ကို မင်းယူထားပေမယ့် မင်းကတော့ ကိုယ် ချစ်တဲ့သူပဲလေ…မင်းဟာ အခုကစပြီး လင်းယောင်ယောင် ပဲ"


မနေ့က "လင်းယောင်ယောင်" ကို မထိသည့် အမျိုးသားက ယခုတော့ သူမအား အိပ်ခန်းတံခါးပေါ်ကို အတင်း ဖိကပ်ထားလိုက်ပြီနမ်းနေလေသည် ။


လင်းယောင်ယောင် သည် သူမနှင့် လင်းရွှမ် အကြားမှာ ကွာဟချက်မရှိတော့သလို ခံစားမိသည်။ သူသည် သူမကို သူခိုးဟု မထင်ခဲ့ဘဲ သူမကို ချစ်နေဆဲပင်။ သူမ၏ နှုတ်ခမ်းများ အနည်းငယ် နာကျင်နေသည်ကိုတောင် ဂရုမစိုက်နိုင်ဘဲ မျက်နှာကို မော့လိုက်ပြီး လင်းရွှမ် ကို ကြမ်းကြမ်းတမ်းတမ်း နမ်းလ်ိုက်သည်။


လင်းရွှမ် စိတ်လှုပ်ရှားနေချိန်မှာ သူ့အတွက် အံ့အားသင့်စရာများ ပိုရှိသေးသည်ကို သူ မသိသေးပေ။ ကလေးမလေးသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းကို တုန်လှုပ်စွာ လွှတ်ပေးလိုက်သည်။ ထိုအခါ သူမ၏ ရွှေရောင်ဖျော့ဖျော့နှင့် အစိမ်းနုနု အလင်းရောင်များက သူမ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှ ထွက်လာပြီး မက်ဆေ့ခ်ျတစ်ခုကို အတွေးထဲမှတစ်ဆင့် ပေးလိုက်သည်။


"ဟေး...အစ်ကိုကြီး…ဝိဉာဥ်ရေးရာ လမ်းညွှန်မှု လိုချင်သလား"


မကြာမီ၊ လင်းရွှမ် ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ့ကိုယ်သူ မထိန်းထားတော့ဘဲ စိတ်ပိုင်းဆိုင်ရာနယ်ပယ်တွင် တံခါးအသစ်တစ်ခု ဖွင့်တော့မည်ဖြစ်သည်။ ကံကောင်းစွာနှင့်၊ အိပ်ခန်းအပြင်ဘက်မှာဖြစ်၍ တစ်ကယ့်နေရာကောင်းမဟုတ်ကြောင်း ခေါင်းထဲမှာ အကြောင်းပြချက်အနည်းငယ်ကျန်နေသေးသည်။ ဝိညာဉ်ရေးရာလမ်းညွှန်မှု သည် လုံးဝတိတ်ဆိတ်သောပတ်ဝန်းကျင်တစ်ခု လိုအပ်ပြီး ကြာချိန်မှာ ပြင်းထန်မှုပေါ်မူတည်၍ အကြာကြီးလည်းဖြစ်နိုင်သလို၊ခဏလေးလည်း ဖြစ်နိုင်ပေသည်။


လင်းရွှမ် သည် သူ၏ စိတ်စွမ်းအင်များအား စွန့်လွှတ်ချင်စိတ်ကို တွန်းလှန်ပြီး ပြုံးနေသော နတ်သမီးလေးကို ဆွဲယူလိုက်သည်။ ထို့နောက် သူသည် သူမ တစ်ကိုယ်လုံးကို ပွေ့ချီလိုက်ပြီး အိပ်ခန်းထဲသို့ အမြန်ဝင်လိုက်သည်။ တံခါးကို ခပ်သွက်သွက် ခြေထောက်နှင့်ပြန်ပိတ်လိုက်ပြီး ခရမ်းရောင်ဖျော့ဖျော့ အိပ်ရာခင်းလေး ခင်းထားသော နူးညံ့အိစက်သော ကုတင်ကြီးဆီကို လျှောက်သွားလေသည်။


ထိုခဏဝယ်၊ လင်းယောင်ယောင် ရုတ်တရက် သတိဝင်လာသည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများကို ရုပ်သိမ်းလိုက်ပြီး လင်းရွှမ် ကို အဝေးသို့ တွန်းထုတ်ရန် တစ်ကိုယ်လုံးကို ရုန်းကန်စပြုလာသည်။


"ဘာလုပ်နေတာလဲ…နှာဘူးကောင်ကြီး"


ဝိညာဉ်ရေးရာ လမ်းညွှန်မှုသည် တစ်ဖက်သား၏ အနူးညံ့ဆုံး စိတ်ပိုင်းဆိုင်ရာနယ်ပယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားနိုင်ပြီး တစ်ယောက်အတွေးကိုတစ်ယောက် ရိပ်မိသွားမည်ဖြစ်သည်။ လူများစွာအတွက်၊ ဤအရာသည် ရုပ်ပိုင်းဆိုင်ရာ ဖလှယ်ခြင်းထက် ပိုမိုရင်းနှီးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ဥပမာပြောရလျှင် စိတ်နှင့်လိင်ဆက်ဆံသလိုမျိုးပင်။ နှစ်ယောက်သား အလွန်ရင်းနှီးသည့် အခြအနေတစ်ခုကို ရောက်သွားခြင်းဖြစ်၏။


အကယ်၍ တိုက်ခိုက်ရေးသမား၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်သည် ပြင်းထန်စွာ ပျက်စီးသွားပါက၊ ရှောင်လွှဲ၍မရသော အခြေအနေများတွင်သာ သူ၏ ဝိညာဉ်ရေးရာ လမ်းညွှန်မှု မလုပ်ထားသူနှင့် ဝိညာဉ်ရေးရာ လမ်းညွှန်မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။ အများအားဖြင့်၊ ကိုယ့် ပါတနာနှင့်သာ ဝိညာဉ်ရေးရာ လမ်းညွှန်မှုလုပ်ကြရသည်။


"...မင်းကအရင် ကိုယ့်စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကိုလာပြီး နှာဘူးကျတာတွေ(pervert things) လာလုပ်ချင်နေတာမလား…သူပဲ အရင်လာပြောပြီးတော့"


ဝိညာဉ်ရေးရာ လမ်းညွှန်မှု၏ နက်နဲသောအဓိပ္ပါယ်ကို နားလည်ပြီးနောက်၊ လင်းယောင်ယောင် သည် ရုတ်တရက် ရှက်ရွံ့သွားပြီး အိပ်ယာပေါ်မှ စောင်ထဲတွင် တစ်ကိုယ်လုံး နှစ်ထားလိုက်၏။


"နောက်မှ လုပ်မယ်လေ..."


လင်းရွှမ် သည် အလွန်အရသာရှိသော စားကောင်းသောက်ဖွယ်များမှာ သူ့ခံတွင်းထဲအထိ ရောက်လာတော့မည်ဖြစ်သော်လည်း ပို၍ သက်တောင့်သက်သာနှင့် လုံခြုံသော ပတ်ဝန်းကျင်တစ်ခု လိုအပ်သောကြောင့် သားကောင်သည် လွတ်မြောက်သွားပြန်သည်။ သူ အလွန်ပင် စိတ်ဆိုးသွားရ၏။


သို့သော်လည်း သူမ ပြန်လာသရွေ့ထိုအရသာကို တစ်ချိန်ချိန်မှာ ခံစားရမည်ဖြစ်ပေသည်။


ဝေ့မိသားစုအိမ်မှ ပြန်လာပြီးနောက် သူနှင့် လင်းယောင်ယောင် ကြားက ဆက်ဆံရေးသည် မွေးချင်းတစ်ယောက်ထက်ပိုကြောင်း နားလည်ခဲ့ရသည်။ ဝေ့မိသားစုက မကန့်ကွက်သည့်အတွက် နားလည်မှုပေးထားသည်ဟု အဓိပ္ပါယ်ရသည်။ပြီးလျှင်၊ လင်း မိသားစုအားလုံးကလည်း သဘောတူကြသည်။


ဒါဆို သူဘာကိုစောင့်နေတာလဲ။


အဘိုးပြောသလိုပင်၊အခွင့်အရေးကိုရအောင် ယူတတ်ရပေမည်။ သူ့အပြင်၊ သူမကို လိုချင်တောင့်တနေသော ယောက်ျားများစွာလည်း ရှိနေတာကြောင့် စောင့်မျှော်နေသူများကို အခွင့်အရေးမပေးသင့်ချေ။


ထို့ကြောင့်၊ လင်းရွှမ်သည် သူတို့နှစ်ဦး တတ်နိုင်သမျှ အမြန်ဆုံး လက်ထပ်ရန် လျှို့ဝှက်စွာ ဆုံးဖြတ်ခဲ့သည်။ ဘွဲ့မရခင် အိမ်ထောင်မပြုစေချင်တာကြောင့် အရင် စေ့စပ်ထားရပေမည်။



xxxx

Ei Thet Hmue