အခန်း၁၀၉
Viewers 8k

Chapter 109

Chapter 109October 03, 2023

(မရေမတွက်နိုင်သော အရေးပေါ်ကိစ္စများ)


ပြန်လည်ဆုံဆည်းခြင်းသည် အမြဲတိုတောင်းသည်။ လင်းယောင်ယောင် သည် ကျောင်းသို့ပြန်ခဲ့ရပြီး လင်းရွှမ် လည်း လင်း မိသားစု၏ စစ်တပ်ကြယ်ပွင့်ထံသို့ ပြန်သွားခဲ့သည်။ ဇာ့ခ်တိုက်ခိုက်မှု ပြီးသွားသော်လည်း သူကမူ စိတ်အားထက်သန်မှု ရှိနေဆဲပင်။လူတိုင်း အိမ်မှာလည်း စားမကုန်သေးသည့် ဇာ့ခ်အသားတွေ အများကြီး ရှိနေဆဲဖြစ်သည်။


လင်းယောင်ယောင် သည် ဇာ့ခ်အသားကို ဂန္တဝင်ဆန်ဆန် ချက်ပြုတ်နည်း ဆယ်မျိုးကျော်ကို Star Network တွင် အပ်လုဒ်လုပ်ထားသည်။  အခြားသော အစားအသောက် ကုထုံးပညာရှင်များသည်လည်း ဇာ့ခ်အသားချက်ပြုတ်နည်းအသစ်များကို လေ့လာခဲ့ကြသည်။ လူအများစုသည် အရသာကောင်းအောင် မချက်တတ်သော်လည်း အသင့်စားဟင်းလျာများမှာလည်း ဆိုင်တိုင်းတွင် ရရှိနိုင်ပေသည်။


တစ်ချိန်တည်းမှာပင်၊ အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ်တွင်လည်း နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို အစားအသောက်ကုထုံးအဖွဲ့၏ အရသာရှိသော ပုံစံဖြင့် ဇာ့ခ်အသားစားနည်း အသစ်ကို ကြေညာခဲ့သည်။


အဓိကပါဝင်ပစ္စည်းများသည် စီစဉ်သူမှ  D-အဆင့် မှ S-အဆင့် ဇာ့ခ်အသားအထိ တိုက်ရိုက်ကန့်သတ်ပြီး ပေးထားသည်။ ကုထုံးအာနိသင် သည် ဤဖိုင်နယ်တွင် ရမှတ်၏ 20% သာဖြစ်သည်။ အရသာနှင့် အသစ်အဆန်းကို တီထွင်နိုင်မှု နှစ်မျိုးလုံးသည် ရမှတ်၏ 40% ဖြစ်သည်။


ပြိုင်ပွဲကျင်းပမည့် အချိန်သည် နောက်ထပ် 10ရက်အကြာမှ ဖြစ်ပြီး လာမည့် စနေနေ့ဖြစ်သည်။  ဤဇာ့ခ်ပွဲကို လူများပိုမိုအာရုံစိုက်နိုင်စေရန်အတွက် အစားအသောက်အဖွဲ့၏ ပြိုင်ပွဲအချိန်အား တနင်္ဂနွေအားလပ်ရက်တွင် အထူးသတ်မှတ်ထားသည်။


 ယခုတစ်ကြိမ်တွင်အကဲဖြတ်ဒိုင်များသည် ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာ၏ ထိပ်တန်းအဆင့် အစားအသောက်ကုထုံးပညာရှင်များနှင့် ဂရန်းမာစတာအဆင့် အစားအသောက် ကုထုံးပညာရှင် ချိုက်ယူဟုန် ဖြစ်သည်။ ထို့အပြင်၊ အလွှာပေါင်းစုံမှ အစားအသောက် ၀ါသနာရှင် ရာနှင့်ချီလည်း ပါဝင်မည်ဖြစ်သည်။


 ခဏအကြာ၊ ဖိုင်နယ်ကို လက်တွေ့ဘဝပြိုင်ပွဲတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသော အစားအသောက်ကုထုံးဌာနမှ ကျောင်းသားများသည် သူတို့ရှာဖွေတွေ့ရှိထားသည့် ဇာ့ခ်အသားချက်ပြုတ်နည်းအသစ်များကို မမျှဝေတော့ပေ။ ယခုအချိန်တွင် ထိုနည်းများကို ဖုံးကွယ်ထားခဲ့ပြီး တစ်နေ့တာလုံး ဇာ့ခ် ချက်ပြုတ်နည်း အသစ်များကို သုတေသနပြုခဲ့ကြသည်။


စစ်ပညာရေးအကယ်ဒမီ ၏ အစားအသောက်ကုထုံးဌာနမှ ကျောင်းသားသစ် 25 ဦးစလုံးသည် ဖိုင်နယ်သို့ မှော်ဆန်စွာ ဝင်ရောက်ခဲ့ကြသောကြောင့် ကျောင်းမှ သူတို့အား နှစ်ပတ်ခန့် အားလပ်ရက် ပေးခဲ့သည်။  သီအိုရီဆိုင်ရာ သင်တန်းများအားလုံးကိုလည်း ဆိုင်းငံ့ထားပြီး ကိုယ်ပိုင်လေ့လာမှုအချိန်ပေးထားသည်။  ကျောင်းဓာတ်ခွဲခန်းကိုလည်း သူတို့ လိုသလောက် သုံးနိုင်ကြသည်။


ချိုက်ယူဟုန် သည် လင်းယောင်ယောင် အား အစားအသောက် ကုထုံးသုတေသနအခြေစိုက်စခန်းသို့ နေ့စဉ်သတင်းလာပို့ရန် မတောင်းဆိုခဲ့ပေ။ သူမဘာသာသူ စီစဉ်ခွင့်ပေးလိုက်သည်။


ချိုက်ယူဟုန် ကိုယ်တိုင်လည်း ဒိုင်လူကြီးတစ်ဦးဖြစ်သောကြောင့် လင်းယောင်ယောင် ကို အလွန်အကျွံ အကြံပေးခြင်းသည် အဆင်မပြေနိုင်ချေ။ ပထမနေရာကိုရဖို့အတွက် ဆရာဖြစ်သူကို အားကိုးသည်ဟုလည်း လူပြောမခံချင်ပေ။


သူမ ချက်ပြုတ်သော ဖြည့်စွက် အစားအစာ အများစုသည် စီနီယာအဆင့် အစားအစာ ကုထုံး ပညာရှင်များ အဆင့်တွင်သာ ရှိသေးသော်လည်း စွမ်းအင်အဆင့်မှာ အဆင့် -3 သို့မဟုတ် အဆင့်-4တွင် ရှိပေသည်။ မာစတာအဆင့် ဖြည့်စွက် ကုထုံးပညာရှင်များပင်လျှင် ဤအရာကို အချိန်တိုင်း အောင်မြင်နိုင်မည် မဟုတ်ပေ။ သူမ ပြုလုပ်သော ဖြည့်စွက်အစားအစာများ သည် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူများကို ကုသရန်အတွက် အထူး ထိရောက်မှုရှိကြောင်းကို ပြောနေရန်ပင်မလိုပေ။ အစားအသောက်ကုထုံး ပြိုင်ပွဲကိုလည်း သူမသည် ကျောင်းသားသစ်များစွာကို ချန်ထားခဲ့ပြီး နံပါတ်1 ဖြစ်လာမည်မှာ သေချာသည်။ 


သို့သော်၊ လူတိုင်း၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးပြီး သူမ လက်ရာကို မြည်းလေ့ရှိသည့် ချိုက်ယူဟုန် အမြင်အရ၊ ဆန်းသစ်သော အရသာရှိသည့် ဇာ့ခ်အသားဟင်းကို ချက်ပြုတ်ဖို့ရာမှာ သူမအတွက် လွယ်ကူသည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။


အခြားနည်းလမ်းမရှိတော့။ လင်းယောင်ယောင် သည် သူမ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ယခင်က လျှိုဝှက်ထားခြင်းမရှိပေ။ ချက်နည်းပြုတ်နည်းများစွာကိုလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။


သူမ၏ အစားအသောက်ကုထုံးဆိုင်သည် တရုတ်ရှေးဟောင်းအစားအစာမျိုးစုံကို ရောင်းချပြီး ဟင်းပွဲအသစ်များကို အခါအားလျော်စွာ မိတ်ဆက်ပေးသည်။ ပုံမှန်အားဖြင့်၊ ဤဟင်းလျာအသစ်များ၏ ချက်ပြုတ်နည်းများကို သူမကိုယ်တိုင် တီထွင်ထားခြင်းပင်။သူမ ယခင်က ပြုလုပ်ခဲ့သော ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်းမှသည် ယခုအခါ သူမ၏ဆိုင်တွင် လူကြိုက်အများဆုံး ဟင်းပွဲများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ နေ့စဉ်ဝယ်ယူနိုင်ရန် ဟင်းပွဲ100 သာ ကန့်သတ်ထားသည်။  ကြိုတင်မှာယူမှုများကို လက်မခံဘဲ ဆိုင်တွင်သာ တိုက်ရိုက် ဝယ်ယူနိုင်သည်။


ဖုယင်း ပြုလုပ်သော ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်းမှ  လင်းယောင်ယောင် လောက် မကောင်းသော်လည်း အံ့မခန်းအရသာကို ပေးစွမ်းနေသည်။ စစ်ဘက်ဆိုင်ရာကျောင်းခရိုင်တွင်းမှ မဆိုထားနှင့်၊ တခြားခရိုင်မှာ နေထိုင်သည့် သူဌေးကြီးများကလည်း သူတို့ လက်အောက်ငယ်သားတွေကို ဟင်းပွဲများ ဝယ်ဖို့ တန်းစီစောင့်ခိုင်းထားတတ်ကြသည်။


ထို့အပြင်၊ ဖုယင်းတို့ ညီအစ်မများသည် ကပ်လျက် စတိုးဆိုင်နှစ်ဆိုင်ကို ဝယ်ယူပြီး ဘဲကင်အတွက် အထူးပြတင်းပေါက်တစ်ခုထားရှိပြီး ဇာ့ခ် အသားဟင်းလျာများအတွက် အထူးပြတင်းပေါက်တစ်ခု ဖွင့်လှစ်ခဲ့သည်။  


စီးပွားရေးက အတော်လေး အားကောင်းနေသည်။ ဆိုင်ခွဲများဖွင့်ရန် အစီအစဉ်သည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကာ အစားအသောက်ကုထုံး ပညာရှင်အသစ်များကို လေ့ကျင့်ရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။


လင်းယောင်ယောင် သည် ဤအရန်ကုထုံးပြိုင်ပွဲတွင် ပထမနေရာ မရရှိခဲ့လျှင်လည်း၊ သူမသည် ဘဝတွင် အောင်နိုင်သူဖြစ်နေပါပြီ။  လင်းယောင်ယောင် က သူမသည် ပထမ မဟုတ်ပါက သူ့ကို တိုက်ရိုက်တပည့်အဖြစ် လက်ခံနေဆဲဖြစ်ကြောင်း သီးသန့် ကတိပေးထားခဲ့သည်။ ထို့အပြင်၊ ပထမနေရာကို ရရှိသူအား သူ၏ တပည့်အဖြစ်လည်း အသိအမှတ်ပြုခံရမည်ဖြစ်သည်။သို့သော်၊ သူမသည်  လက်ရှိအောင်မြင်မှုများနှင့်သာ ကျေနပ်နေမှာ မဟုတ်ပေ။ယခင်က သူမသည် ကျောင်းသားသစ်ဖလားဖြည့်စွက်ကုထုံးပြိုင်ပွဲကိုအနိုင်ရလိုကြောင်း ကြွားဝါခဲ့တာကြောင့် အနိုင်ရအောင် လုပ်ရတော့မည်ဖြစ်သည်။ မဟုတ်ပါက၊ သူမသည် ချိုက်ယူဟုန် တပည့်ဖြစ်လာနိုင်သော်လည်း၊သူ၏ ဂုဏ်သိက္ခာကိုကျဆင်းစေမည်ဖြစ်သည်။ 


ဇာ့ခ်အသား ဖြည့်စွက်စာသည် အရသာရှိပြီး လူများကို ဇာ့ခ်အသားစားရန် အရင် ဦးစွာပြောပြသူမှာ သူမ ဖြစ်သော်လည်း နောက်ဆုံးတွင် သာမန်ကျောင်းသားသစ်များနှင့် ပြိုင်နေရဆဲပင်။ အပင်မြင့်လေလေ၊လေတိုက်လေလေပင်။ အောင်မြင်နေသူများအတွက် မလိုမုန်းတီးခံရခြင်းများသည် သဘာဝပေတည်း။


 ဒါဆို လူတိုင်းကို အံ့အားသင့်စေမယ့် အရသာကို ဘယ်လိုဖန်တီးနိုင်မလဲ… သူမ အရင်က မလုပ်ဖူးတဲ့ ဟင်းချက်နည်းတွေနဲ့ ဇာ့ခ်အသားကို ဘယ်လိုချက်ပြုတ်နိုင်မလဲ…


ထို့နောက် လင်းယောင်ယောင် သည် သူမ ချက်ပြုတ် စားသောက်ခဲ့သော ရှေးဟောင်း တရုတ်အစားအစာများအားလုံးကို ဂရုတစိုက် တွေးတောလာခဲ့သည်။ အစပိုင်းတွင် သူမသည် ဆန်းသစ်ထားသည့် ဟင်းလျာအမျိုးမျိုးကို တွေးတောခဲ့သည်။


ကြယ်ငါးပွင့် စားသောက်ဆိုင်တွေမှာ များသောအားဖြင့် ဘယ်လို ချက်ပြုတ်နည်းတွေ ရှိလဲ…ပွဲအတွက် များသောအားဖြင့် ဘယ်လိုချက်ပြုတ်နည်းတွေက သင့်တော်သလဲ…


သို့သော် သူမ၏ ချက်ပြုတ်မှု အဆင့်က ထိုအထိ မရောက်သေးကြောင်း သူမကိုယ်တိုင် သိသည်။ သူမသည် ရှေးခေတ်ကမ္ဘာတွင် စားဖိုမှူးမဟုတ်သေးပေ။ ထို့အပြင် လူကြိုက်အများဆုံး အစားအစာများမှာ လူတိုင်းလေ့လာရလွယ်ကူပြီး မကြာခဏ အလွယ်တကူ စားသောက်နေကြသည်။ထို့ကြောင့် သူမသည် ပြိုင်ပွဲအတွက် မာလာထန် ကို ချက်ပြုတ်ဖို့ ဆုံးဖြတ်ခဲ့သည်။


မာလာထန် အတွက် အသုံးများသော ဟင်းသီးဟင်းရွက်များသည် မရှိမဖြစ် လိုအပ်သော်လည်း အသားအားလုံးကို ဇာ့ခ် အသားဖြင့် ပြုလုပ်ထားသည်။ သူမသည် ဇာ့ခ်အသားအမျိုးအစားများစွာကို ဇာ့ခ်အသားဖက်ထုပ်များ၊ ဇာ့ခ်အသားလုံးများ၊အစာသွပ် ဇာ့ခ်အသားလုံးများ၊ ဇာ့ခ်တို့ဟူး၊ လတ်ဆတ်သော ဇာ့ခ်အသားပြားများ အစရှိသည်တို့ကို ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို ကိုင်တွယ်ရန် စိတ်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။


မာလာထန်၏ အရေးကြီးဆုံးအချက်မှာ ဟင်းချိုဖြစ်သည်။ မာလာထန် ဟင်းချိုကို ကြက်ရိုးများ၊ ဝက်ရိုးများနှင့် တရုတ်ဆေးဖက်ဝင်အပင် အမျိုးပေါင်း 20 ကျော်ဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် မာလာထန်ကို ဟော့ပေါ့နှင့် ခွဲခြားနိုင်သော အရေးကြီးဆုံးအချက်လည်း ဖြစ်သည်။ပဲငံပြာရည်မပါလျှင်တောင် အရသာပြည့်စုံနေပြီဖြစ်သည်။


ဟော့ပေါ့ အလွန်အကျွံစားပါက၊ ငြီးငွေ့လွယ်သော်လည်း မာလာထန်က မတူပေ။ဗိုက်ပြည့်သွားတာတောင် ထပ်စားချင်နေပေလိမ့်မည်။


 အသစ်အဆန်းဟု ခေါ်သည့် အစားအစာမျိုးသည် အရင်က တစ်ခါမှ မစာဖူးသော ဟင်းမျိုးမဟုတ်ဘဲ တစ်ခါမှ မမြင်ဖူးသော ပါဝင်ပစ္စည်းအသစ်များထည့်ချက်ခြင်းကို ဆိုလိုသည်။


လင်းယောင်ယောင် သည် ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ နှင့် ရှောင်ချီ တို့ကို သူတို့အား စမ်းသပ်ခံကြွက်လေးများလို ဟင်းများ မြည်းခိုင်းဆဲဖြစ်သည်။ နေရာကျယ်ဝန်းပြီး  လျှို့ဝှက်ထားနိုင်ရန် သူမသည် စစ်ပညာရေးအကယ်ဒမီ ကျောင်းဝင်းဧရိယာရှိ သူမ၏ ဗီလာသို့ ဖိတ်ခေါ်ခဲ့သည်။


သူမသည် 21 ရာစုတွင် အလွန်အသုံးများသည့် ပူပူစပ်စပ် မန်ဒရင်းဘဲသားဟင်းကို အထူးပြုလုပ်ထားသည်။  ပါဝင်ပစ္စည်းများ အစုံအလင်ထည့်ထားသော ဗီရိုငယ်တစ်ခုလည်း ဘေးနားမှာ ထားပေးလိုက်သည်။ သူတို့လေးယောက်သည် မန်ဒရင်းဘဲသားဟင်းရည်နှင့်အတူ ဇာ့ခ် အသားပါဝင်ပစ္စည်းများ အမျိုးမျိုးကို စားသုံးရန် ကြိုးစားရမည်ဖြစ်သည်။


 သူမ ဟင်းပွဲများကို မြင်ပြီးချင်းမှာပင်၊ ချောင်းမင်ယောင် က


 "ဒါက ဟော့ပေါ့မဟုတ်လား ညီမလေး ယောင်ယောင်…သိပ်လည်း မထူးခြားပါဘူး"


 "ဒါဆိုလည်း မစားနဲ့"

ချောင်းမင်ယောင် က ချက်ချင်းပြောလာပြန်သည်။


"မဟုတ်ပါဘူး…ညီမ ချက်သမျှက အရသာရှိတယ်ဆိုတော့ အစ်ကို အကုန်ကြိုက်တယ်"


ဝေ့ယွမ် သည် “မာလာထန်” ဟုခေါ်သော ဤအရသာနှင့် ဟော့ပေါ့၏ ခြားနားချက်ကို ကောင်းစွာ သဘောပေါက်သည်။  မာလာထန် တွင် ပဲငံပြာရည် မပါရှိပေ။


ရှောင်ချီ သည် အနီရောင် ပွက်ပွက်ဆူနေသော အိုးကို ကြည့်ကာ ပူစပ်စပ်အနံ့ကို ရလိုက်သည်နှင့် မသိမသာ သွားရည်များပင် လည်လာရသည်။   


"စားလို့ရပြီလား" 


ယဲ့ရှီ သည် လတ်ဆတ်သောပါဝင်ပစ္စည်းများနှင့် သန့်ရှင်းသပ်ရပ်သော ပန်းကန်လုံး4လုံးကို ကြည့်ပြီးပြောလေသည်။


" ဘာစားရမလဲ ဆိုတာ ရွေးလို့ရလား"


လင်းယောင်ယောင် က ပြုံးပြီး ပြောလိုက်သည်။


"ရတယ်… ဒါပေမယ့် အနည်းဆုံး အသားတစ်မျိုးစီတော့ ယူရမယ်" 


တစ်ကယ်တော့ သူတို့သည် လင်းယောင်ယောင် မပြောလည်း ထိုသို့စားမှာအမှန်ပင်။ 


လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသော မာလာထန် တစ်ပန်းကန်စီကို သူတို့ရှေ့တွင် ချထားပြီးနောက် လင်းယောင်ယောင် က လူတိုင်းကို ရေခဲရည် အေးအေးဖြင့် ဖျော်စပ်ထားသော ဆေးဖက်ဝင်လက်ဖက်ရည်တစ်ခွက် ပေးခဲ့သည်။


မာလာထန်သည် တစ်ဇွန်းစားကြည့်ပြီးနောက် လျှာပါ ကျင်တက်သွားအောင် ပူစပ်ပြီး  စွဲလမ်းသွားစေ၏။အရင်ဆုံး လက်မထောင်လာသူက ယဲ့ရှီဖြစ်သည်။


"စားလို့ကောင်းတယ်" 

ချောင်းမင်ယောင် မှာ ပူစပ်လွန်းသည်ဟု  ခံစားမိသော်လည်း ဆက်တိုက် စားချင်စိတ်ကို မတားနိုင်ခဲ့ပေ။


လင်းယောင်ယောင် အား အစပ်များများထည့်ရန် တိုက်တွန်းခဲ့သော ရှောင်ချီ သည် စားပြီးနောက် ချက်ချင်း မျက်ရည်များဝဲတက်လာပြီးနောက် ဆေးဖက်ဝင် လက်ဖက်ရည်အေးကို အမောတကော သောက်လိုက်သည်။


ဝေ့ယွမ် ကမူ အားလုံးထဲမှာတည်ငြိမ်ဆုံးပင်။ သပ်သပ်ရပ်ရပ်နှင့် ပူပူစပ်စပ် ဖြစ်နေသော်လည်း ကောင်းမွန်သော အရသာကို သေချာမြည်းနေလေသည်။


 "ပန်းကန်တစ်လုံးထဲမှာ ဒီလို ဟင်းအမည်စုံအောင် တစ်ခါမှ မစားဖူးဘူး…တစ်ကယ် သစ်ပြီး အရသာရှိတယ်…ပိုအရေးကြီးတာက အရမ်းကို လူကြိုက်များမယ်"


သူတို့လေးယောက်၏ တညီတညွတ်တည်း ထောက်ခံမှုဖြင့် လင်းယောင်ယောင် သည် ချက်ချင်းပင် ယုံကြည်မှုရှိလာခဲ့သည်။ ထို့နောက် ဟင်းချိုကို အကောင်းဆုံးအရသာဖြစ်အောင် ချိန်ညှိရန် နောက်ထပ်အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။


 မာလာထန်ကို စားသည့်အခါ သပ်သပ်ရပ်ရပ်မစားနိုင်လောက်အောင် စွဲလမ်းစေမည်ဖြစ်၏။သူ့အရသာကို ဘယ်သူမှ တောင့်ခံမထားနိုင်‌ပေ။


လင်း မိသားစု၏ စစ်တပ်ကြယ်ပွင့်တွင် လင်းရွှမ် သည် အလုပ်များလွန်းလျက်ရှိသည်။ ယခု ရှောင်မင် ၏ လျှို့ဝှက်ချက်များနှင့် ကတ်များအားလုံးကို သိပြီးဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရတော့သည်။ဇာ့ခ်ဒီရေသည် အပေါ်ယံရန်သူသာဖြစ်၍ အရေးအကြီးဆုံးရန်သူမှာ ဇာ့ခ်များကိုထိန်းချုပ်နိုင်သော တာဇာများဖြစ်သည်။ ၎င်းတို့တွင် အရှင်သခင် အင်ပါယာထက် အဆင့်မြင့်မားသော ယဉ်ကျေးမှုရှိသည်။


တာဇာတို့ လုံးဝမပျက်စီးပါက ဇာ့ခ်ဒီရေသည် အဆုံးသတ်မှာ မဟုတ်တော့ပေ။ စစ်ပွဲမဖြစ်မီ၊ တာဇာများသည် ဇာ့ခ်များကို ပိုမိုမွေးဖွားရန်ပြင်ဆင်ချိန်တစ်ခုလိုအပ်သည်။ ဥပမာအားဖြင့်၊ ယခင်တစ်သုတ်က ဇာ့ခ်များသည် သေချာမပြင်ဆင်ထား၍ ရှုံးနိမ့်ခဲ့ရသဖြင့် ယခုတစ်ခေါက် လာမည့် ဇာ့ခ်ဒီရေသည် အရေအတွက် များလာနိုင်ပြီးအရည်အသွေးလည်း ပိုရှိမည်ဖြစ်လာနိုင်သည်။


ရှောင်မင် သည် သူ့ကို ဧကရာဇ်မြို့တော်မှ မောင်းထုတ်ရန် ဇာ့ခ်ဘုရင်မကို အသုံးပြုလာမည်ဖြစ်သည်။


လင်းယောင်ယောင် သည် SSS အတန်းစား ဇာ့ခ်ဘုရင်မသည် လူဦးရေ တစ်ဘီလီယံခန့် နေထိုင်နိုင်သော ကြယ်တာရာ တစ်ခု၏ နယ်စပ်တွင် ပေါ်လာနိုင်သည်ဟု တစ်ချိန်က ပြောခဲ့ဖူးသည်။ သူမ ပြောသည့် အချက်များနှင့် ကိုက်ညီသည်မှာ ဂြိုဟ်သုံးလုံး ရှိနေသည်။  


ထို့ကြောင့်၊ လင်းရွှမ် သည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ တိုက်ခိုက်ရေးတပ်ဖြန့်မှုနှင့် နေ့စဥ်ကင်းလှည့်မှုကို တစ်ဖန် အားကောင်းစေခဲ့သည်။ ထိုအဖွဲ့များ၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ ဂြိုဟ်တိုင်းမှာလည်း ကင်းလှည့်တပ်များကို အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်လျက်ရှိသည်။


 ဇာ့ခ်စစ်ပွဲပြင်းထန်လာသောအခါ၊လူသားများသည် စိတ်ပါလက်ပါ ကြိုဆိုကြရမည်ဖြစ်သည်။ ညပိုင်းတွင် လင်းရွှမ် သည် Star Network တွင် လင်းယောင်ယောင် နှင့် စကားပြောရန် အချိန်များစွာပင် မရှိခဲ့ပေ။ သူ့မှာ လက်ထပ်ခွင့်တောင်းဖို့ အိမ်မက် ကြယ်ကျောက်တုံးကို လက်စွပ်အား သူကိုယ်တိုင် ပြုလုပ်ရန်အတွက်လည်း ရှိနေသေးသည်။ ယခုတစ်ကြိမ်တွင် လက်စွပ်သည် လျှို့ဝှက်အချစ်ကို ကိုယ်စားပြုသည့် အနီရောင်မဟုတ်တော့ဘဲ ပြင်းပြသောမေတ္တာနှင့် ရိုးသားမှုကို ကိုယ်စားပြုသည့် ရွှေရောင်ဖျော့ဖျော့ဖြစ်သည်။ သို့သော်လည်း လင်းယောင်ယောင် အံ့သြစေရန်အတွက် သူ့အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခြင်း လုံးဝမရှိခဲ့ပေ။ 


သူမ၏ ဆက်သွယ်ရေးကိရိယာနှင့် တစ်ကိုယ်ရည်သုံး အလင်းပြဦးနှောက် နှစ်ခုလုံးကို ရှောင်မင် ဘက်မှ လူများက စောင့်ကြည့်ခဲ့ကြသည်။ နည်းပညာသည် အလွန်အဆင့်မြင့်လွန်းသဖြင့် လုလင်းသည်  ၎င်းစနစ်ကို ဖြိုခွဲရန် သူ့ဦးနှောက်ကို တွန်းအားပေးနေရဆဲဖြစ်သည်။


အိမ်မှ ထွက်သွားကတည်းက လင်းယောင်ယောင် ကို လင်းရွှမ် က 4ရက်ကြာသည်အထိ၊ မဆက်သွယ်ခဲ့ပေ။ အကယ်၍ သူမ 21 ရာစုမှ ပြန်လာစဥ်က၊သူ၏ စိတ်ပါလက်ပါ နမ်းလိုက်သော အနမ်းကြောင့် မဟုတ်လျှင်၊ သူ စိတ်ပြောင်းသွားပြီဟု ထင်နေနိုင်သည်။


ယနေ့ Star Network သို့ သွားနေစဉ်  လင်းရွှမ်၏ စကားပြောရန် တောင်းဆိုချက်ကို မြင်သောအခါ သူမ စိတ်ဆိုးနေချိန်ဖြစ်၍ ငြင်းလိုက်သည်။  


ကံကောင်းစွာနှင့်၊ လင်းရွှမ် က မကြာခင်မှာ ထပ်ပြီး ဖုန်းဆက်လာသည်။ 


"လက်ခံလိုက်ပါ…အရေးတကြီးကိစ္စပေါင်း တစ်သိန်းမကရှိနေပြီ"


xxxxx


Ei thet hnue