အခန်း၁၁၀
Viewers 8k

Chapter 110

Chapter 110October 03, 2023

(ဝေ့လင်းနှင့်ချမ့်ယောင်တို့၏ သတင်းများ)


'ဘာတွေ ဒီလောက် အရေးတကြီး ဖြစ်နေတာလဲ…ဇာ့ခ်ဒီရေပြန်ရောက်လာလို့လား'


တာဇာများသည် ဇာ့ခ်များပိုမိုထုတ်လုပ်ရန် စွမ်းအင်နှင့် အချိန်များစွာယူရမည်ဖြစ်သည်။ နောက်ဆုံး ဇာ့ခ်တိုက်ခိုက်မှုက ရက်ပိုင်းသာ ရှိသေးတာမို့ ဤမျှမြန်မြန်ကြီး မဖြစ်သင့်ချေ။


လင်းရွှမ် သည် သူမကို စိတ်ပူပန်စေရန် တမင်တကာ ပြောခဲ့ခြင်း ဖြစ်နိုင်သည်။ ဤလူသည် မူလက လေးနက်တည်ကြည်သော အဘိုးကြီး ဖြစ်သော်လည်း မကြာသေးမီကစပြီး ရွှတ်နောက်နောက်ဖြင့် နှာဘူးပါကျလာသေး၏။


ချစ်သူတွေ တစ်ယောက်နှင့်တစ်ယောက် မတွေ့ကြသည့်အခါ နေ့တိုင်းဟာ ဆောင်းဦးရာသီလို အေးစက်စက်ဖြစ်နေတတ်သည် ဟူသော ဆိုရိုးစကားအတိုင်းပင်။ သူမ အလုပ်များနေသော်လည်း သူ့ကို အမြဲသတိရနေမိသည်။စောစောက သူမ ငြင်းဆိုလိုက်ခြင်းမှာ ရယ်စရာလှည့်ကွက်တစ်ခုသာ ဖြစ်ပေသည်။


 ဤတစ်ကြိမ်တွင်၊ လင်းယောင်ယောင် သည် စကားပြောဖို့ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။ မကြာမီ သူမသည် လင်းရွှမ် ၏ကိုယ်ပိုင်မက်ခါအခန်းထဲတွင် ပေါ်လာသည်။ ယခုတွင် လုလင်းသည် မက်ခါခန်းကို ကုဒ်ဝှက်ထား၍ အလွှာများခံထားပြီး ဘယ်လိုမှ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသောကြောင့် စကားပြောရန် လုံခြုံသောနေရာဖြစ်သည်။


လင်းယောင်ယောင် ၏ပုံစံသည် မက်ခါခန်းထဲတွင် ပေါ်လာသည်နှင့် ချက်ချင်းပင် သန်မာသော သံလက်ကြီးက သူမ ခါးကို ချုပ်နှောင်ထားလေသည်။ သူမကို လွတ်မြောက်ခွင့်မပြုဘဲ ကျန်လက်တစ်ဖက်ကလည်း သူမ၏ နူးညံ့သောပါးပြင်များကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။


လင်းရွှမ် သည် သူမကို နမ်းလိမ့်မည်ဟု တွေးမိသော်လည်း သူသည် သူမမျက်နှာကို စေ့စေ့စိုက်ကြည့်နေလေသည်။


 "မင်းအရင်ဘဝတုန်းက မင်းပုံစံက ဒီလိုပဲလား… မင်းအရမ်းကြည့်ကောင်းတာပဲ…မင်းပုံစံက ဘယ်လိုပဲဖြစ်နေနေ ကိုယ်ကြိုက်တယ်"

လင်းယောင်ယောင် သည် ချက်ချင်းပင် မျက်နှာများ နီရဲသွားကာ နူးညံ့သော မျက်လုံးများဖြင့် လင်းရွှမ် ကို စိုက်ကြည့်လိုက်၏။


 "ဒါက အရေးတကြီး ပြောစရာဆိုတာလား"


ထိုအခါ လင်းရွှမ် က ခေါင်းခါလိုက်ပြီး လေးနက်စွာဖြင့် ပြောလာသည်။  

"SSS အဆင့် ဇာ့ခ်ဘုရင်မနဲ့ ဇာ့ခ်လှိုင်းကို ကာကွယ်ဖို့အတွက်၊ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဂြိုလ်အားလုံးကို ကင်းလှည့်တာတွေကို အားကောင်း အောင် လုပ်ထားတယ်…ဒီတော့ ဇာ့ခ်ဘုရင်မက မြန်မြန်ကြီး လာဖို့ဆိုတာ မဖြစ်နိုင်သေးဘူး… ဒါပေမယ့် ချန်ပင်း က ရှေ့တန်းမှာ အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခုကို ရှာတွေ့ခဲ့တယ်… ”


လင်းရွှမ် ၏အမူအရာသည် စကားပြောရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေပုံရသည်။သူ့ပုံစံက သူမနှင့် ဆွေးနွေးရန် အရေးကြီးသော အရာတစ်ခု ရှိနေပေသည်။ထို့ကြောင့် သူမ သူ့ကို လေးလေးနက်နက် မေးလိုက်သည်။


  "ဟင်…ဘာကိစ္စရှိလို့လဲ"


 ' အဲဒီလူနှစ်ယောက်က ယောင်ယောင် ရဲ့ တကယ့်မိဘတွေ မဟုတ်ဘူး…  သူမ အရမ်း စိတ်မလှုပ်ရှားလောက်ပါဘူး'


လင်းရွှမ် သက်ပြင်းချပြီး ကိစ္စကို ရှင်းပြလိုက်သည်။


အရှင်သခင်အင်ပါယာနှင့် မဟူရာကြယ်ပွင့် နယ်စပ်တွင် ဖရိုဖရဲဖြစ်နေသော ဥက္ကာပျံခါးပတ်(ကွင်းပုံစံ)တစ်ခုရှိသည်။ တွင်းနက်များ၊ ပိုးပေါက်(အင်းဆက်ကောင်တွေ ကူးလာတဲ့ ဝဲလိုမျိုး အပေါက်ကြီး)များ၊ လှိုင်းထန်သော အချိန်နှင့် အာကာသစုပ်ဝဲများ စသည်တို့သည် အဆုံးမရှိ ထွက်ပေါ်လာသည်။  မကြာသေးမီက၊ ထိုနေရာ၌ စုပ်ဝဲတစ်ခုသည် အာကာသယာဉ်များနှင့် ကုန်သည်ယာဉ်ပျံများအားလုံးကို အသက်ရှင်နေလျက်နှင့် စုပ်ယူသွားလေသည်။


ချန်ပင်း ပါဝင်လာပြီးနောက်၊ ထိုပိုးပေါက် ၏ တစ်ဖက်ခြမ်းသည် အပြင်မှကြည့်လျှင် လုံးဝမထင်ရှားသော ကြယ်ကွင်းပြင်တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ နေထိုင်သူများသည် အခြေခံအားဖြင့် လူသားများနှင့် ဆင်တူပြီး တစ်ခုတည်းသော ခြားနားချက်မှာ သူတို့၏ ဦးခေါင်းပေါ်တွင် ထူးဆန်းသော အကောင်များ ရှိနေခြင်း ဖြစ်သည်။ ထိုနေရာသည် တာဇာကြယ်ပွင့်မဟာမိတ် တွင်ဖြစ်သည်။


လူများမှ ပစ္စည်းများအထိ ပိုးတွင်းက အတင်းစုပ်ယူခံရသော အာကာသယာဉ်နှင့် ကုန်သည်ယာဥ်အများစုသည် ၎င်းတို့အတွက် "စွမ်းအင်အရည်" များပြုလုပ်ရန် ကုန်ကြမ်းများဖြစ်လာခဲ့သည်။


 S အဆင့်ထက်ပိုသော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိသူအချို့သာ ရှင်သန်နိုင်ကြသည်။  သို့သော် ထိုသူများအား အလုပ်သမားများအဖြစ် ခိုင်းစေရန်အတွက် စောင့်ကြည့်ချစ်ပ်များနှင့် ချိန်ကိုက်ဗုံးအသေးစားများ တပ်ဆင်ထားခဲ့သည်။ အမျိုးသမီးများသည် သူတို့၏ မျိုးပွားကိရိယာများ ဖြစ်လာသည်။


ချန်ပင်း ဦးဆောင်သော လက်ရွေးစင်အဖွဲ့သည် လူသားစုံတွဲတစ်တွဲ၏ အကူအညီဖြင့် တာဇာကြယ်ပွင့်မဟာမိတ်၏ အမဲလိုက်ခြင်းကို သီသီကလေး လွတ်မြောက်နိုင်ခဲ့သည်။ လူသားစုံတွဲသည် တာဇာကြယ်ပွင့်မဟာမိတ် ၏ သုံ့ပန်းမဟုတ်ဘဲ ကြယ်ပွင့်များကြားမှာ လှည့်လည်သွားလာနေသူများ ဖြစ်သည်။


တာဇာ ကြယ်ပွင့်နယ်ပယ်သို့ လှည့်လည်နိုင်ကာ တာဇာ ကြယ်မဟာမိတ်အဖွဲ့၏ သုံ့ပန်းမဖြစ်သော လူသားများသည် ‌သေချာပေါက် SS အဆင့်ထက် ရှိသူများဖြစ်ရ‌ေပမည်။   သို့သော်၊သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရုံမျှသာဖြစ်ပြီး ကုန်ဆုံးသွားသော အရင်းအမြစ်များနှင့်အတူ စွန့်ပစ်ဂြိုဟ်အမျိုးမျိုးတွင် စစ်တပ်ကို ရှောင်တိမ်းနေသည့် ကြယ််ပွင့်များကြားတွင်လှည့်လည်သွားလာသူများသာဖြစ်လေသည်။သူတို့အတွက် ရှင်သန်ဖို့က တစ်ကယ်ခက်ခဲပေသည်။


သူတို့နှစ်ယောက်သည် လူသားတို့ နေထိုင်ရာ ကြယ်ပွင့်မှ လာခဲ့ကြသော်လည်း တာဇာကြယ်ပွင့် နယ်မြေကနေ ပြန်လမ်းရှာမတွေ့ခဲ့ကြပေ။ထို လူသားစုံတွဲသည် တာဇာကြယ်ပွင့်မဟာမိတ်မှပေးပို့သော ဇာ့ခ် ဒီရေတပ်ကို အာရုံပြောင်းအောင် လုပ်လိုက်ပြီးနောက်  ချန်ပင်း သည် ယာဉ်ပျံအား ပိတ်၍မရသော ပိုးပေါက်စုပ်ဝဲ သို့ ပြန်လည်ရောက်ရှိအောင် မောင်းနှင်ပြီး လူ့နယ်မြေသို့ အောင်မြင်စွာပြန်လာခဲ့သည်။


ဤသည်ကလည်း မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ က ဖန်တီးထားသော နောက်ဆုံးထုတ် ပင်မအာကာသယာဥ်ကို ချန်ပင်း ကိုယ်တိုင် ဦးဆောင်ပြီး အသုံးပြုသောကြောင့်လည်း ဖြစ်သည်။ လက်နက်၊ ကာကွယ်ရေးနှင့် ဉာဏ်ရည် စနစ်များအားလုံး အလွန်အစွမ်းထက်၏။ 


လင်းရွှမ် သည် X-312 ကြယ်ပွင့်သို့ နောက်ဆုံးအကြိမ် သွားရောက်ပြီး တစ်လကျော် စောင့်ကြပ်ထားခဲ့သော အဆိုပါ အာကာသယာဉ်အမျိုးအစားသစ်သည် အောင်မြင်စွာ ပြီးဆုံးသွားခြင်းဖြစ်သည်။ 


ထိုလူသားစုံတွဲ၏နာမည်များသည် ဝေ့လင်း နှင့် ချမ့်ယောင် တို့ဖြစ်ကြသည်။


သူတို့သည် တာဇာမဟာမိတ်အဖွဲ့ရှိ ဂြိုဟ်သေပေါ်တွင် ဆွေမျိုးများ ကျန်ရှိနေသေးသောကြောင့် ချန်ပင်း နှင့်အတူ ပြန်မလိုက်ခဲ့ပေ။ သို့သော် ချန်ပင်း က သူတို့ ဘေးကင်းကြောင်း အဘိုးကြီး ဝေ့ထံ မက်ဆေ့ချ်ပို့ပြီး ကူညီနိုင်မည်ဟု တွေးမိသော်ငြား၊ ဝေ့မိသားစုနှင့် ဆူးတပ်ဖွဲ့ကို သူတို့အားကယ်ပြီး အနစ်နာမခံရအောင် မပြောရန် သူတို့နှစ်ဦးက ထပ်ခါတလဲလဲ တောင်းဆိုခဲ့၏။ သူတို့သည် ဘေးကင်းသော်လည်း သူတို့၏ တစ်ပတ်ရစ် အာကာသယာဉ်သည် ဇာ့ခ်ဒီရေတပ်ထဲမှာ ရှင်သန်နိုင်ရုံမျှသာ ဖြစ်သည်။  ၎င်းယာဥ်သည် ပိုးပေါက်စုပ်ဝဲ နှင့် အားကောင်းသော အာကာသထဲမှ အဖျက်စွမ်းအားကို ခံနိုင်ရည်မရှိပေ။


ထို့အပြင်၊  ပိုးပေါက်စုပ်ဝဲ ကလည်း အမြဲမပွင့်ပေ။ မကြာသေးမီက တာဇာကြယ်ပွင့်မဟာမိတ် တွင် အရင်းအမြစ်များ ပြတ်လပ်မှုကြောင့်သာ ပိုးပေါက် တစ်ခု ဖွင့်လှစ်ရန် စွန့်စားရခြင်းဖြစ်သည်။


ဇာ့ခ်နောက်ဆုံးအသုတ်သည် ဧကရာဇ် မြို့တော်ကို တိုက်ခိုက်ခဲ့သော်လည်း မည်သူမျှ ပြန်မလာနိုင်ခဲ့‌ေပ။ တာဇာမဟာမိတ်အဖွဲ့၏ ဧကရာဇ် မက်ရှဲ သည် အရှင်သခင်အင်ပါယာကို ဘယ်တော့မှ လက်မလွှတ်နိုင်ပေ။


ထို့ကြောင့် မက်ရှဲသည် ပိုမိုအားကောင်းသော ဇာ့ခ်ကိုမွေးရန်အတွက် စွမ်းအင်အရည်များကို စုဆောင်းရမည်ဖြစ်သည်။ ထိုအရည်များဖြင့်ဆိုလျှင် အရှင်သခင် အင်ပါယာသည် လာမည့်တိုက်ခိုက်မှုတွင် လုံးဝစွမ်းအား ကင်းမဲ့သွားလိမ့်မည်ဟု မျှော်လင့်ရသည်။


ထိုစဉ်က၊ မက်ရှဲ သည် ဇာ့ခ်တိုက်ခိုက်မှုမအောင်မြင်သောကြောင့်  အရင်းအမြစ်များကို ရယူရန်၊ ကြယ်ပွင့်များ၏ သဘောတူညီချက်ကို ချိုးဖောက်ပြီး  ပိုးပေါက်စုပ်ဝဲအတုကိုအသုံးပြုခဲ့၏။


‌ဤကိစ္စများသည် အင်ပါယာနှင့် တာဇာတို့ကြား အမှန်တစ်ကယ် ပဋိပက္ခများဖြစ်စေသည့် လင်းယောင်ယောင် ပြောလိုက်သော ဇာ့ခ်ဟင်းချက်နည်းကြောင့်  ဖြစ်ပေါ်လာသော လိပ်ပြာအကျိုးသက်ရောက်မှုဟုလည်း မှတ်ယူနိုင်သည်။ ဤသည်မှာ "ဒဏ္ဍာရီထဲမှ အရှင်သခင်" စာအုပ်ရှိ တိုးတက်မှုနှင့် လုံးဝကွဲပြားသည်။ထို့ကြောင့် ယခုဝတ္ထုတွင် မပေါ်ခဲ့ဖူးသော ဝေ့လင်းနှင့် ချမ့်ယောင်အကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။


လင်းယောင်ယောင် သည် လင်းရွှမ် ၏ စကားကိုကြားပြီးနောက် သူမ အလွန်စိတ်လှုပ်ရှားသွားသည်။  


"အဖေနဲ့အမေ အသက်ရှင်နေသေးမယ်လို့ မမျှော်လင့်ထားဘူး…အဘိုးဝေ့နဲ့ အဘွားဝေ့လည်း အရမ်းပျော်နေမှာ သေချာတယ်…အို…ချက်ချင်းပဲ သွားခေါ်ချင်လိုက်တာ"


သူမသည် ဤလောက၏ "လင်းယောင်ယောင်" ကိုယ်စား နေထိုင်သောကြောင့် "သူမ" ဆွေမျိုးများသည်လည်း သူမ၏ ဆွေမျိုးများပင်။ အထူးသဖြင့် မကြာသေးမီက ဝေ့ မိသားစုနှင့် အဆက်အသွယ်ပိုရပြီးနောက် သူတို့အပေါ် ခံစားချက်များ ရှိလာခဲ့သည်။ ဝေ့မိသားစုသည် ဝေ့လင်း နှင့် ချမ့်ယောင် ကို ဆယ်နှစ်ကျော် လိုက်ရှာခဲ့သော်လည်း ဘာသံမှမကြားခဲ့ရပေ။ ယခု သူမ ရုတ်တရက် ထိုသတင်းကောင်းကိုကြားလိုက်ရတော့  ဘယ်လိုမှ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့‌ေပ။


လင်းရွှမ် က သက်ပြင်းချရင်း 


"ဟုတ်တယ်… အနာဂတ် ယောက္ခထီးနဲ့ ယောက္ခမတို့ အကယ်ခံရတော့မယ်… ဒါပေမယ့် ရေရှည်အတွက် အစီအစဉ်ကို စဉ်းစားရမယ်… တစ်ဖက်က ဇာ့ခ် ရဲ့ အခြေစိုက်စခန်းမလား… တာဇာ တွေမှာ ကိုယ်တို့ထက် နည်းပညာမြင့်တဲ့ စစ်သင်္ဘောတွေရှိတယ်... ကိုယ်တို့က သူတို့ကို အလကား သွားလုပ်ရင် စွမ်းအင်အရည်သွားပို့သလိုဖြစ်သွားလိမ့်မယ်"

လင်းယောင်ယောင် ၏ ဦးနှောက်သည် ခဏတာ နွေးထွေးသွားသော်လည်း တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားသည်။ လင်းရွှမ် ပြောနေသည်ကအမှန်တရားမှန်း သူမ သိပေသည်။ "အနာဂတ် ယောက္ခထီးနဲ့ ယောက္ခမ" ဟု ခေါ်လိုက်သော အသေးအမွှားကိစ္စလေးကိုတောင် သူမ  သေချာဂရုမစိုက်နိုင်ခဲ့ပေ။


 "သူတို့တွေ အသက်ရှင်နေသေးတယ်ဆိုတာ သိရတာ ကောင်းပါတယ်… တော်သေးတာက ချန်ပင်း အဲဒီနေရာကနေ ပြန်လာနိုင်ပေလို့ပဲ"

လင်းရွှမ် သည် ဝေ့မိသားစုကို အကြောင်းကြားချင်တာကြောင့် ဤသတင်းအကြောင်းကို လင်းယောင်ယောင် အား ပြောပြခဲ့ခြင်းဖြစ်ပေသည်။ ထို့အပြင်၊ ညသိမ်းငှက် ၏တပ်မှူးဖြစ်၍ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ ဓားတစ်လက် ဖြစ်သည့် သူသည် ထိုကဲ့သို့အရေးကြီးသောအချက်အလက်များရရှိပြီးနောက် သတင်းပို့ရန် နယ်ခြားကြယ်ပွင့်သို့ပြန်သွားခဲ့ရသည်။


ဝေ့လင်း နှင့် ချမ့်ယောင် ကို တာဇာကြယ်ပွင့်မဟာမိတ် မှ ကယ်တင်လိုပါက အင်ပါယာ၏ နံပါတ်တစ် SSS အတန်းအစား စစ်နတ်ဘုရား လင်းရွှမ် ထက် ပိုသင့်လျော်သော ခေါင်းဆောင် မရှိချေ။ သို့သော်လည်း သူ့မှာ ဝေ့လင်း နှင့် ချမ့်ယောင် ကို ကယ်တင်ရန်သာ စိတ်ကူးရှိနေသည်။ ငြိမ်ငြိမ်လေးနေပြီး  SSS-အတန်းစား ဇာ့ခ်ဘုရင်တွေ ၊ဘုရင်မတွေ ရောက်လာချိန်ကို စောင့်နေမည့်အစား အရှင်သခင် အင်ပါယာကို ကျူးကျော်ဖို့ ထိပ်သီးတပ်များကို ဦးဆောင်ပြီး ဇာ့ခ်ခေါင်းဆောင်ကို တိုက်ရိုက်တိုက်ခိုက်တာက ပိုကောင်းသည်။ ပြိုင်ဘက်က မသန်မာသေးခင် ပုခက်ထဲမှာပဲ သတ်ပစ်လိုက်ရမည်ဖြစ်၏။ ဤနည်းဖြင့်သာ အန္တရာယ်ကို တစ်ကြိမ်တည်းအပြီး ဖယ်ရှားနိုင်မည်ဖြစ်သည်။ ပြဿနာကို အမြစ်မှစ၍ ဖြေရှင်းနိုင်၏။


ဤသည်က လင်းရွှမ် ၏ အစီအစဉ်ဖြစ်ပြီး ဘယ်လို အကောင်အထည် ဖော်ရမလဲ ဆိုသည်ကို သေသေချာချာ စီစဉ်ဖို့ လိုအပ်သည်။ လင်းယောင်ယောင် စိတ်ပူနေမှာစိုး၍ ဤအကြောင်းကို ပြောပြဖို့ အစီအစဉ်မရှိပေ။ သူသည် ဧကရာဇ်မြို့တော်မှ ခဏတာ ထွက်ခွာခဲ့ရပြီး ပြန်လာမည့်ရက်မှာလည်း မသေချာပေ။ ဤကိစ္စကို ဖုံးကွယ်ရန် နည်းလမ်းမရှိသော်လည်း ချက်ချင်းကြီး  သူ၏ ချစ်လှစွာသော မိန်းကလေးအား မည်သို့ပြောရမည်ကို မသိခဲ့ပေ။ထို့ကြောင့်၊ အဆင်သင့်ဖြစ်နေသော မင်္ဂလာလက်စွပ်ကို သူ့ကိုယ်ပိုင် အာကာသခလုတ်တွင်သာ ထည့်ထားနိုင်ခဲ့သည်။


 သူထွက်သွားပြီး ပြန်မလာနိုင်လျှင်... 

လင်းယောင်ယောင် က တခြားလူအား ချစ်နေမှာကို မလိုလားသော်လည်း အားလုံးကို ရုန်းမထွက်နိုင်ဘဲ သူမ အမြဲ ဝမ်းနည်းနေသည်ကို မမြင်ချင်ပေ။သူ ဘေးကင်းစွာ ပြန်လာနိုင်မှ လက်ထပ်ခွင့်တောင်းရမည်ဖြစ်သည်။


လင်းရွှမ် ၏ အေးစက်သော မျက်လုံးများသည် မည်းမှောင်နေပြီး ထိုမကောင်းသော အရာများကို သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ဖုံးကွယ်ထားလိုက်သည်။

လင်းယောင်ယောင် က 

"အဖေ ဝေ့လင်း နဲ့ အမေ ချမ့်ယောင် ရဲ့ ဆွေမျိုးတွေက ဘယ်လိုလုပ်ပြီး  တာဇာကြယ်ပွင့်မဟာမိတ် မှာ ရှိနိုင်မှာလဲ…ကြည့်ရတာ ညီမလေးမှာ မောင်နှမ တစ်ယောက်ယောက် ရှိနေသေးလို့များလား"


လင်းရွှမ် ၏ တိတ်ဆိတ်သောအကြည့်ကို သူမ သတိပြုမိသောအခါ 


 "ဘာဖြစ်လို့လဲ စိတ်မပူပါနဲ့…ညီမလေးမှာ မိဘအရင်းတွေရှိလို့လည်း အခု မိဘတွေကို မေ့မှာမဟုတ်ဘူး…မောင်နှမ အသစ်တွေကြောင့်လည်း အစ်ကိုကြီးကို ပစ်မထားပါဘူး...အစ်ကိုကြီးက ညီမလေးအတွက် အရေးကြီးဆုံးပဲလေ"


လင်းရွှမ် သည် မိန်းကလေး၏ ဂရုစိုက်မှုကို နားထောင်ပြီး သူ့စိတ်နှလုံး ပျော့ပြောင်းသွားသည်။ ထို့နောက် သူမ၏ ပျော့ပျောင်းသော အနက်ရောင် ဆံနွယ်များကို နူးညံ့စွာ နမ်းလိုက်သည်။  


"အင်း သိပါတယ်… မင်းပျော်နေတာကိုပဲ ကိုယ် တွေ့ချင်တယ်"


လင်းယောင်ယောင် ၏ နှလုံးသားသည် ချိုမြိန်ပြီး ရှက်ရွံ့နေသော်လည်း ဤဘဝတွင် သူမ အလွန်ပျော်ရွှင်နေသည်ဟု ခံစားမိသည်။သူမ သူ့ရင်ဘတ်ထဲမှာ မျက်နှာအပ်ထားလိုက်သည်။


"အစ်ကိုကြီး ဘယ်တော့ ပြန်လာမှာလဲ၊ ညီမလေး အရသာရှိတဲ့ အစားအစာ အသစ်တွေကို သုတေသနလုပ်ပြီး အစ်ကိုကြီးကို ကျွေးချင်တယ်"


သူမသည် လက်တွေ့ဘဝတွင် ကျင်းပမည့် နောက်ဆုံးဖိုင်နယ်ပွဲကို ကြိုတင်ပြင်ဆင်ရန်အတွက် လတ်တလောတွင် Star Network မှာ သိပ်မရှိနေတတ်ပေ။ယခုထိ  သူမသည် မာလာထန်၏ virtual ဗားရှင်းကိုတောင် မဖန်တီးရသေးပေ။လင်းရွှမ် သည် ထိုအဖြေကို မလိုမလား ဖြစ်နေပုံရသည်။  


" ကိုယ် စစ်မှုထမ်းပြီး အလုပ်ရှုပ်နေတော့ သိပ်မအားဘူး...ခဏခဏ  မင်းကို ဆက်သွယ်ရတာ အဆင်မပြေတော့ ကိုယ့်အကြောင်း စဉ်းစားဖို့ မမေ့နဲ့နော်... ကိုယ့်သတင်းကို ကြားချင်ရင် အမေ့ကို မေးလို့ရတယ်"


သူမကို ဘယ်လိုနည်းနှင့်မှ၊ "ပြန်လာမည့်ရက်က မသေချာဘူး" ဟု မပြောနိုင်ပေ။ နယ်စပ်ကြယ်ပွင့်ကို သူ ရောက်ပြီးနောက် ရှန်းယွင်ကျင်း က သူမကို ပြောပြလိမ့်မည်ဖြစ်သည်။


အားလုံးအဆင်ပြေလျှင် သူပြန်လာဖို့ ကြာမှာမဟုတ်ပေ။ သူမ အတွေ့ချင်ဆုံး ဆွေမျိုးတွေကို ပြန်ခေါ်လာနိုင်ပေသည်။ ဤနည်းအားဖြင့် သူ၏ လက်ထပ်ခွင့်ကိုလည်း သူမ လက်ခံနိုင်လောက်သည်။


 ပြန်မလာနိုင်လျှင်…လက်ထပ်ဖို့ မဖြစ်နိုင်ပေ။

လင်းယောင်ယောင် သည် သူ့အတွေးကို သဘောမပေါက်ဘဲ  ဝေ့လင်း နှင့် ချမ့်ယောင် တို့ အသက်ရှင်နေကြောင်း ဝေ့မိသားစုဝင်များအား ပြောပြရန် စိတ်လှုပ်ရှားနေခဲ့သည်။ ခွဲခွာရမည်ဆိုတာကို သူမ မသိခဲ့ပေ။ 


လင်းရွှမ် က ဂွဒ်နိုက်အနမ်းတောင်းလိုက်သဖြင့် သူမသည် ဝတ်ကျေတန်းကျေဖြင့် သူ့ပါးကို ထိရုံမျှသာထိပြီး အော့ဖ်လိုင်းဖြစ်သွားခဲ့သည်။


ထို့နောက်တွင်၊ သူမသည် လင်းရွှမ် ကို အချိန်အကြာကြီး မဆက်သွယ်နိုင်မည်ဖြစ်၍ ယခုလို ဝတ်ကျေတန်းကျေ နှုတ်ဆက်သည့်အတွက် သူမ တွေးလိုက်တိုင်း နောင်တရနေမည်ဖြစ်သည်။


အကယ်၍ အကြာကြီး ခွဲခွာရမှန်းသာ သိခဲ့ပါက၊ သူ့ကို ကြမ်းပြင်ပေါ် ဖိပြီး အတင်း နမ်းလိုက်သင့်သည်။


xxxxx


Ei Thet Hmue