အပိုင်း ၁၅
Viewers 12k

ထိုအဖြစ်အပျက်ကို မြင်သည့်အခါ စစ်ကျွင်းတောက်ကသူ့ကို ရင်ခွင်ထဲလျင်မြန်စွာထည့်ပြီး ဖက်ထားလိုက်သည်။ သို့သော် ဝမ်မင်ယီက ဒေါသထွက်ပြီး ကျန်းဇီမော့ကို "မြှောင်" ဟု စိတ်ဆိုးစွာအော်နေသည်။ စစ်ကျွင်းတောက်က လိမ္မော်ရောင်ကြောင်လေး၏ အမွှေးလေးများကို ဖြည်းညှင်းစွာ ပွတ်ပြီး နှစ်သိမ့်နေသည်။
" ဘာမှမဖြစ်ပါဘူး ... သူမင်းကို မထိတော့ဘူးနော် ...လိမ္မာတယ် ..."
ကျန်းဇီမော့ သူ့ရှေ့မှ လိမ္မော်ရောင်ကြောင်လေးကို ကြည့်နေမိသည်။ ထိုကဲ့သို့ ပြင်းထန်စွာတုံ့ပြန်တတ်သည့်ကြောင်မျိုးကို သူမမြင်ဖူးခဲ့ပေ။ လက်ကိုငုံ့ကြည့်လိုက်သည့်အခါ ကုတ်ထားသည့် အစင်းရာသုံးကြောင်းကို မြင်လိုက်ရသည်။ သွေးမထွက်သော်လည်း ပူစပ်စပ်ဖြစ်ပြီး နာနေသည်။
ဝမ်မင်ယီလည်း သူ၏အပြောင်မြောက်ဆုံးလက်ရာကိုကြည့်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်ဖဝါးကို လျှာဖြင့်လျက်နေသည်။သို့သော် သူယခုပြုလုပ်လိုက်သည့်အမူအရာကို သတိထားမိသောအခါ ချက်ချင်းပင် အံ့ဩသွားပြန်သည်။
‌ဘာလို့ လက်ဖဝါးကို လျက်နေရပြန်တာလဲ ... သေစမ်း ... လိမ္မော်ရောင်ကြောင်တွေက သူတို့လက်ဖဝါးတွေကို ဘယ်လောက်တောင်လျက်ကြတာလဲ ... မင်းကိုယ့်ဘာသာကိုယ် ထိန်းချုပ်ထားစမ်း ...
ထို့နောက် ဝမ်မင်ယီ လက်ဖဝါးကိုပြန်ချ၍ စစ်ကျွင်းတောက် ရင်ခွင်ထဲကိုမှီနေလိုက်သည်။
ကျန်းဇီမော့၏လက်မှ ခြစ်ရာများကိုကြည့်ကာ စစ်ကျွင်းတောက် သူ့ညီလေးအတွက် ရှင်းပြရတော့သည်။
" တောင်းပန်ပါတယ် ... သူက အဲ့လိုလာထိရင်မကြိုက်ဘူး ... မင်းအခုသူ့ကိုခြောက်သလိုဖြစ်သွားလို့ သူကလှမ်းကုတ်လိုက်တာဖြစ်မယ် ..."
သူပြောပြီးသည့်အခါ လက်ကိုဆန့်ထုတ်ပြီး လိမ္မော်ရောင်ကြောင်လေး၏ လက်ဖဝါးကို သတိပေးသည့်အနေဖြင့် ညှစ်လိုက်သည်။ သို့သော် ကြောင်လက်ဖဝါးလေးက အလွန်နူးညံ့နွေးထွေးကာ ပျော့ပျောင်းနေသောကြောင့် ဖိညှစ်နေမိသည်။ အချိန်အတော်ကြာဖျစ်ညှစ်နေပြီးသည့်နောက် စစ်ကျွင်းတောက် လက်ဖဝါးလေးကို နူးနူးညံ့ညံ့သာ ထိနေတော့သည်။
" အဲ့လိုမရည်ရွယ်ပါဘူး ... သူက ချစ်စရာလေးမို့ ကိုင်ချင်နေတာ အဲ့လောက်ကြမ်းတမ်းမယ် မထင်ထားမိဘူး ..."
ကျန်းဇီမော့က ကြောင်ကုတ်ထားသည့်လက်ကို ပြန်ချလိုက်သည်။
စစ်ကျွင်းတောက်က ၎င်းကိုကြမ်းတမ်းသည်ဟုမထင်ပေ။ ဝမ်မင်ယီက လိမ္မော်ရောင်ကြောင်အဖြစ်‌ ပြောင်းသွားသည့်အခါ ပို၍ချစ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။ သူ တီးတိုးပြောလိုက်သည်။
" သူ့ကိုမထိရင် ရပါတယ် ..."
ကျန်းဇီမော့ကို ထိုသို့ချေပပြောဆိုခံရသည်ကို ကြားရခြင်းကို မကျေနပ်ပေ။ ဘေးမှ ကြောင်လေးကိုကြည့်လိုက်သည့်အခါ ထိုကြောင်လေးကသူ့ကို စူးစူးရဲရဲ ပြန်ကြည့်နေသည်။ သူ့ကိုမြင်သည့်အခါ ပါးစပ်ဟ၍ သွားစွယ်များ ထုတ်ပြနေသည်။
ကျန်းဇီမော့ မကျေမနပ်ဖြစ်သွားသည်။ မသိမသာအံကြိတ်ထားလိုက်ပြီး ကြောင်ကုတ်ခံရသည့်လက်ကို ဆုပ်ထားပြီး စစ်ကျွင်းတောက်ကို မေးလိုက်သည်။
" မင်း ဘယ်လိုဖြစ်လို့ ကြောင်တစ်ကောင် မွေးဖြစ်သွားတာလဲ ... ပုံမှန်အချိန်တွေဆို မင်းအလုပ်ရှုပ်နေကြပါ ... သူ့ကိုဂရုစိုက်ချိန် ရှိလို့လား ..."
" သူ့ကိုဂရုစိုက်ချိန်တော့ ရှိပါတယ် ..."
စစ်ကျွင်းတောက် ပြန်ဖြေလိုက်ချိန်တွင် သူ၏ရင်ခွင်ထဲမှ အကောင်ပိစိလေးက ရုတ်တရက် ခုန်ထွက်ပြီး ဘေးတစ်ဖက်သို့ ပြေးသွားသည်။ နေရာလွတ်တစ်ခုကို ပုတ်ပြပြီး သူ့ကိုကြည့်နေသည်။
" မြှောင် မြှောင် မြှောင်..."( ကောကော ဒီကိုလာထိုင် )
စစ်ကျွင်းတောက် "..."
သူကြောင်ဖြစ်သွားပြီးနောက် ပူပန်စရာ အလွန်များနေသည်ဟု စစ်ကျွင်းတောက် ထင်လိုက်မိသည်။
စစ်ကျွင်းတောက် မလှုပ်ရှားသည်ကို မြင်သဖြင့် နားမလည်ဟုထင်သွားပြီး ဝမ်မင်ယီက သူ၏ရှပ်အင်္ကျီကိုကိုက်ပြီး ဘေးသို့ ဆွဲသွားသည်။
စစ်ကျွင်းတောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချပြီး သူ့ကို ချီလိုက်သည်။ ထိုအခါ ကိုက်ထားသည့်အင်္ကျီစက ပါးစပ်ထဲမှ လွတ်ထွက်သွားသည်။ ပယင်းရောင် ကြောင်မျက်လုံးလေးများက သူ့ကိုစိုက်ကြည့်နေသည်။
" မြှောင် "
စစ်ကျွင်းတောက် တစ်ဖက်ကို တိုးလိုက်ကာ ကြောင်လေးကို ခြေထောက်ပေါ်တင်ထားပြီး သူ၏ပန်းနုရောင်နှာခေါင်းပိစိလေးကို ထိလိုက်သည်။ ဝမ်မင်ယီက ထိုအခွင့်အရေးကိုယူပြီး သူ၏လက်ဝါးကို ပွတ်နေကာ ကလိထိုးခွင့်ပေးလိုက်သည်။
ကျန်းဇီမော့ စစ်ကျွင်းတောက်နှင့် သူ၏အခြားတွင် နေရာလွတ်သွားသည်ကို မြင်သည့်အခါ ခပ်မြန်မြန်လှုပ်ရှားပြီး အနားကိုတိုးရန် ပြင်နေသည်။ သို့ရာတွင် ဝမ်မင်ယီက သူ့ကို မြင်သွားသည်။ ကျန်းဇီမော့ အနားမကပ်ရသေးမီမှာပင် ဝမ်မင်ယီက သူတို့နှစ်ယောက်ကြားကို ခုန်ချလာသည်။
" မြှောင် မြှောင် မြှောင်..." ( ငါ့ကောကောနဲ့ ဝေးဝေးနေ )
ကျန်းဇီမော့ အလွန်ရှက်သွားသဖြင့် စစ်ကျွင်းတောက်ကိုသာ ကြည့်နေသည်။
စစ်ကျွင်းတောက်က ဝမ်မင်ယီ ဘာကိုဆိုလိုကြောင်းမသိပေ။ လက်ကိုဆန့်ထုတ်ပြီး ရင်ခွင်ထဲပြန်ထည့်ရန် ပြင်သော်လည်း ဝမ်မင်ယီက စောင်အပါးတစ်ထည်ကို ကိုက်ဆွဲထားပြီး လက်သည်းများနှင့် သူ့ကိုယ်သူ ခြုံထားလိုက်သည်။
ဝမ်ရှန့် ဝင်လာသည့်အခါ ထိုမြင်ကွင်းကိုမြင်၍ အော်ဟစ်လိုက်သည်။
" စစ်ကျွင်းတောက် ငါအခုမှ ဒီစောင်ကို ယူလာတာနော် ... ကုတ်မိသွားရင် မင်းပြန်လျော်ရမယ် ..."
စစ်ကျွင်းတောက်က သူ့ကိုအာရုံစိုက်ရန် အလွန်ပျင်းနေမိသည်။ သူ၏အသိုက်မှ မဖယ်ချင်သည့် ‌လိမ္မော်ရောင်ကြောင်လေးကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" လွှတ်ပေးလိုက်ဦး ..."
သို့သော် ဝမ်မင်ယီက လုံးဝမလွှတ်ပေးပေ။
စစ်ကျွင်းတောက်က အကျင့်ပါပြီး သူ့ကို မင်မင်ဟု ခေါ်လုဆဲဆဲ ဖြစ်သွားသော်လည်း ထိုစကားလုံးများကို သတိထားကာ မျိုချလိုက်ရသည်။
" ဝမ်ဝမ် ..."
ဝမ်မင်ယီ : မြှောင် ...
ဝမ်ရှန့်က တစ်စုံတစ်ခုကို ယူလာပြီး ဆိုဖာပေါ်တင်လိုက်သည်။ သူ့လက်ထဲတွင် ဝမ်မင်ယီကိုစရန် ပင်လယ်ပြာရောင်ဘောလုံးလေး ယူလားသည်။
" ဒါလေး လိုချင်လား ..."
ဝမ်မင်ယီ "..."
ဝမ်မင်ယီက သူ့ကို လုံးဝ လျစ်လျူရှု့ထားသည်။
ဝမ်ရှန့် နားမလည်နိုင် ဖြစ်သွားပြီး စစ်ကျွင်းတောက်ကို အံ့ဩတကြီး ကြည့်လိုက်သည်။
" ကြောင်တွေက ဝိုင်းတဲ့ပစ္စည်းတွေ ကြိုက်တယ်မလား ..."
သို့ရာတွင် သူက ကြောင်အစစ် မဟုတ်သောကြောင့် စစ်ကျွင်းတောက်က မလှုပ်မရှက်ဖြင့် ပြန်ဖြေလိုက်သည်။
" သူမကြိုက်ဖူးဆိုတာ သိသာနေတာပဲကို ..."
ထိုအခါမှ ဝမ်ရှန့်က ဘောလုံးကိုဘေးတွင် ချထားလိုက်သည်။
" ဒီကြောင်လေးနာမည်က ဝမ်ဝမ်လား ..."
စစ်ကျွင်းတောက် " အာ " ဟုပြောပြီး ကြောင်လေး၏ ခေါင်းပိစိကို ထိလိုက်သည်။
" ဝမ်ဝမ် ..."
ဝမ်မင်ယီ "..."
ဝမ်မင်ယီ မကျေမနပ်ဖြစ်ကာ ခေါင်းမော့၍ စစ်ကျွင်းတောက်ကို မြှောင်ဟု အကြိမ်များစွာ အော်လိုက်သည်။ စစ်ကျွင်းတောက်က ခေါင်းခါပြီး ပြုံးပြလိုက်သည်။
" အဲ့လိုပဲခေါ်ပါ ငါသဘောကျတယ် ..."
ဝမ်မင်ယီ တစ်ဖက်သို့လှည့်ပြီး ခြေလက်များကို ‌ဒေါသတကြီးဖြင့် ဆန့်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် လှဲနေလိုက်သည်။
ဝမ်ဝမ် ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဲ့နာမည်တွေက မမိုက်ဘူး အိုကေလား ...
ဝမ်ရှန့်က ထိုအခွင့်အရေးကို အသုံးချပြီး အမြှီးကိုထိရန် ပြင်လိုက်သော်လည်း စစ်ကျွင်းတောက်က တားမြစ်လိုက်သည်။
ဝမ်ရှန့် ရယ်မောပြီး အခန်းထဲမှ ထွက်သွားသည်။
ဝမ်ရှန့် ထွက်သွားသောအခါမှ ကျန်းဇီမော့က သူ၏ဘေး‌မှကြောင်လေးကို ကြည့်လိုက်သည်။ ခဏအကြာတွင် စစ်ကျွင်းတောက်ကို မေးလိုက်သည်။
" ဒီကြောင်က တကယ်ပဲ မင်းကြောင်လား ... ဝမ်ဝမ်လို့ခေါ်တယ်ဆိုတော့ ‌ဝမ်မင်ယီရဲ့ကြောင် မဟုတ်ဖူးလား ..."
သူက ဉာဏ်ကောင်းသည်ဟု ဝမ်မင်ယီ တွေးလိုက်မိသည်။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူကနေ ကြောင်ဖြစ်သွားတယ်ဆိုတာတော့ တွေးမိမှာမဟုတ်ဖူး ... ကျန်းဇီမော့ ဆိုရင်တောင်မှပေါ့ ...
စစ်ကျွင်းတောက် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
" မဟုတ်ပါဘူး ..."
ဝမ်မင်ယီ၏ ကြောင်ခေါင်းလေးကို လက်ဖြင့်တို့ကာ ပြောလိုက်သည်။
" ငါ့ကြောင်ပါ ... ငါမွေးထားတာ ..."
ဝမ်မင်ယီ "..."
ဝမ်မင်ယီ သူ၏ရှေ့ခြေထောက်မှ အမွေးများကို စတင်လျက်နေသည်။
နပေါဦး ...
ဝမ်မင်ယီ သူ့ခေါင်းကို အလျင်အမြန် မော့လိုက်သည်။
သူဘာလို့ အမွေးတွေက်ု လျက်နေပြန်တာလဲ ...
သူနှင့် ကျန်းဇီမော့ကြားတွင် ဝမ်မင်ယီ ရှိနေသည်ကိုမြင်သောအခါ ရင်ခွင်ထဲထည့်၍ဖက်ထားရန် နှစ်ကြိမ်ကြိုးစားသော်လည်း ငြင်းဆန်နေသဖြင့် လွှတ်ထားလိုက်ရသည်။ ရီမုကိုယူလိုက်ပြီး ကျန်းဇီမော့ပြောသည့် ရုပ်ရင်ကားကို ရွေးလိုက်ပြီး သူနှင့်အတူ ကြည့်လိုက်သည်။ ကျန်းဇီမော့က စစ်ကျွင်းတောက်၏ဘေးကို ကပ်ချင်သော်လည်း အလယ်တွင် ဝမ်မင်ယီရှိနေသဖြင့် တစ်ဖက်သို့သာ တိုးပြီး လက်လျှော့လိုက်ရသည်။
စစ်ကျွင်းတောက် ရုပ်ရှင်ကြည့်နေစဉ် ရုတ်တရက် ခြေထောက်တွင် လေးလံလာသည်ဟု ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သည့်အခါ ‌လိမ္မော်ရောင်ကြောင်လေးက ဒေါင်လိုက်မှ အလျားလိုက်သို့ပြောင်းနေပြီး သူ၏ခြေထောက်ပေါ်၌ ခေါင်းလာတင်ထားသည်။ စစ်ကျွင်းတောက် ငုံ့ကြည့်လိုက်သည်ကို မြင်သောအခါ ခေါင်းစောင်း၍ နားရွက်လေးကို လှုပ်ပြလိုက်သည်။
စစ်ကျွင်းတောက်ရယ်၍ လက်ဖဝါးလေးကို ညှစ်လိုက်သည်။
ဝမ်မင်ယီ တစ်ဖက်လှည့်လာပြီး စစ်ကျွင်းတောက်၏ လက်ချောင်းများနှင့် ဆော့ကစားနေသည်။ ခဏခန့် ဆော့ကစားပြီးသည့်အခါ ဝမ်မင်ယီ တစ်စုံတစ်ခုကို တွေးမိသွားသည်။ လက်ကိုလွှတ်ပြီး စစ်ကျွင်းတောက်၏ပေါင်ကို ပုတ်လိုက်သည်။ စစ်ကျွင်းတောက်ကသူ့ကို ငုံ့ကြည့်လိုက်ပြန်သည်။
ထိုအချိန် သူရှာတွေ့သည်မှ။ ဝမ်မင်ယီ၏ လက်ဖဝါးက သူ၏ပေါင်ပေါ်တွင် စာလုံးအချို့ကို ရေးနေသည်။
စစ်ကျွင်းတောက် မြင်ရရန် စာလုံးကြီးကြီးရေးနေရသဖြင့် သူ၏လှုပ်ရှားမှုများက မသေးငယ်လှပေ။ ကျန်းဇီမော့က သူ့ကိုချောင်းကြည့်နေသည်။
သို့ရာတွင် အရှေ့မှ လိမ္မော်ရောင်ကြောင်လေးက စစ်ကျွင်းတောက်၏ အာရုံစိုက်မှု လိုချင်နေသည်ဟုသာ တွေးလိုက်မိသည့်အတွက် အထွေအထူး မတွေးလိုက်ပေ။
" သူ ဒီနေရာနဲ့ စိမ်းနေပုံပဲ ... ဒါမှမဟုတ် သူ့ကို ဘော့စ်ဆီမှာ အရင်သွားပို့ထားလိုက်မယ်လေ ... သူ ဒီနေရာမှာ မနေချင်ဘူးထင်တယ် ..."
ကျန်းဇီမော့က တမင်သက်သက်မေးလိုက်သည်။
ဝမ်မင်ယီ : ငါက ကောကောနဲ့ပဲ တူတူကြည့်မှာ cokeသောက်ချင်လို့တောင်းနေတာလေ ဘာလို့ ဒီမှာမနေချင်ရမှာလဲ ...
" မဟုတ်ဖူး သူက ငါနဲ့ဆော့ချင်ရုံပါ ..."
စစ်ကျွင်းတောက် ဖြေလိုက်သည်။
ထို့နောက် ဖုန်းထုတ်၍ အင်တာနက်ပေါ်တွင် ကြောင်များနှင့်cokeက တည့်မတည့်ကို ရှာဖွေနေသည်။
ပထမဆုံးရလဒ်က ရှင်းလင်းလှသည်။
သောက်၍ မရနိုင်ပေ။ ကြောင်နှင့်လူသားများ၏ အစာအိမ်က ကွာခြားလှသဖြင့် မရပေ။
Cokeကိုတောင်းနေသည်မှာ အချိန်ကြာပြီ‌ဖြစ်သော်လည်း သူ၏ ကောကောက မပေးသေးသည့်အပြင် ဖုန်းနှင့်ပါ ဆော့နေသေးသည်။ ထို့ကြောင့် ဒေါသတကြီးဖြင့် သူ့ကိုယ်ပေါ်တက်သွားပြီး လက်ဖဝါးပိစိလေးဖြင့် ဖုန်းကို အုပ်လိုက်သည်။
"မြှောင် မြှောင် မြှောင် ..." ( ဘာလို့ ဖုန်းကိုပဲ ကြည့်နေတာလဲ ... ကျွန်တော့ကိုကြည့် ..."
စစ်ကျွင်းတောက်က သူ၏လက်ဖဝါး‌လေးကိုမ၍ ဖုန်းပေါ်ရှိ Baidu search pageမှ " မရပါ" ဟူသည့် စာလုံးသုံးလုံးကို ထောက်ပြလိုက်သည်။
ဝမ်မင်ယီ "..."
ဝမ်မင်ယီ စစ်ကျွင်းတောက်ကို မော့ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် တမြှောင်မြှောင် အော်နေသည် –
" ကျွန်တော့်ကို ကြောင်လို ဆက်ဆံနေတာပဲ ... အရင်ဆုံးပြောပြဦးမယ် ကျွန်တော်ကလူနော် တကယ့်ကြောင်မဟုတ်ဖူး ..."
သူအော်ဟစ်နေသော်လည်း စစ်ကျွင်းတောက်က ‌နားမလည်သည်ဖြစ်၍ ခေါင်းခါလိုက်ပြီး လက်ဖဝါးလေးများကို ဝှေ့ယမ်းပြနေသည်။
စစ်ကျွင်းတောက်၏ စိတ်အခြေအနေက အလွန်ပြတ်သားလှသည်။ ဝမ်မင်ယီ၏ အော်သံများကို နားထောင်နေပြီး ခေါင်းခါနေသည်ကိုလည်း မြင်လိုက်သည်။ သူ၏ လက်ဖဝါးပိစိလေးများကို ကိုင်လိုက်ပြီး ဖုန်းပေါ်တွင် ကျောက်တုံး စက္ကူ ကတ်ကြေးကစား၍ အနိုင်ရသူပြောသည့်စကားကို နားထောင်ရမည်ဟု စာရိုက်ပြလိုက်သည်။
ဝမ်မင်ယီ : မြှောင်
စစ်ကျွင်းတောက် လက်နှစ်ချောင်းကို ကတ်ကြေးပုံလုပ်ပြလိုက်သည်။
ဝမ်မင်ယီ သူ၏ နူးညံ့ပျော့ပျောင်းသော ပန်းနုရောင် လက်ဖဝါးသေးသေးလေးများကို ငုံ့ကြည့်လ်ိုက်သည်။
ကြည့်လိုက်ရင်တော့ ချစ်စရာလေးပါ ... ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် စက္ကူပုံစံ‌ပဲ လုပ်လ်ို့ရတယ်လေ ဂါး ...
အဲ့လို ယှဉ်နေရင်ရော ဘာထူးလဲ ... ဒါကကြောင်တစ်ကောင်အတွက် လွန်လွန်းတယ်လေ ...ဒါက ဗြောင်ကျကျ အနိုင်ကျင့်တာပဲ ... အကြင်နာတရားကို မရှိဘူး ...
ဝမ်မင်ယီ အလွန်ဒေါသထွက်သဖြင့် စစ်ကျွင်းတောက်၏လက်ကို ပုတ်လိုက်သည်။ စစ်ကျွင်းတောက်က သူ့ကိုပြုံးကြည့်ကာ ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်ပြီး မျက်လုံးထဲတွင် နွေးထွေးမှုများဖြင့် ပြည့်နေသည်။
" ကောင်းကောင်းနေ ..."