အခန်း ၅၀၆
မင်းလည်းသေသင့်တယ်...
ကောင်းကင်ဆေးမြို့တော်၏ စစ်သင်္ဘော...
ရှေးဟောင်းအပြင်အဆင်နှင့်ခန်းမတစ်ခုထဲ၌ စားပွဲထိုင်ခုံများစွာ ခင်းကျင်းထားသည်။
အန်းရှန့်က ကျောက်စိမ်းရောင် ဆေးလုံးကို ကိုင်၍ ခြေချိတ်ကာ သက်တောင့်သက်သာ ထိုင်နေလေသည်။သူမက ကျောက်စိမ်းလုံးကို လှည့်ပတ်ကစားရင်း မျက်လုံးများမှေးစင်းကာ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ပေါ်လေသည်။
"ပုဖန်စားဖိုမှူးတစ်ယောက်... ပဉ္စလက်စုဝေးပွဲကိုဝင်ရောက်လာတဲ့ စားဖိုမှူး ပြီးတော့ အဂ္ဂိရတ်ပညာရှင်တွေရဲ့ ဘုံရန်သူ..."
မနေ့က သွမ့်ယင်က သူမကို ပုဖန်ဟုခေါ်သည့် လူတစ်ယောက်အကြောင်း ပြောပြသွားခဲ့သည်။အလေးအနက်ဖြင့်ပင် ထိုသူက အန္တရာယ်ရှိသည့်အကြောင်း သတိပေးသွားခဲ့၏။
ထိုအချင်းအရာက သူမကို အနည်းငယ်အံ့အားသင့်သွားစေသည်။အဘယ့်ကြောင့်ဆိုသော် သွမ့်ယင်နှင့် သူမ၏ ပတ်သတ်မှုအရ ထိုကောင်လေးက သူမ၏ စွမ်းရည်အဆင့်ကို ရှင်းရှင်းလင်းလင်းသိထားပေသည်။
သူ့မရဲ့ အဆင့်အရ ထိပ်သီး ၁၀ယောက်အတွင်းသို့ အလွယ်တကူပင် ဝင်ရောက်နိုင်သည်။သိူ့သော်လည်း သွမ့်ယင်ကမူ သူမတွင် နိုင် နိုင်ခြေမရှိဟု ထင်မြင်ချက်ပေးသွားပေသည်။
"ဒီစားဖိုမှူးက တကယ်ပဲ အားကောင်းလွန်းတာလား..."
သွမ့်ယင်နှင့် စကားပြောပြီးနောက် ထိုစားဖိုမှူး၏ အချက်အလက်များကို စုဆောင်းရန် သူမ လူတစ်ချို့စေလွှတ်လိုက်သည်။သူမက လက်ထဲမှ ဆော့ကစားနေသော ဆေးလုံးလေးကို သွားဖြူဖြူလေးများဖြင့် အသာအယာ ကိုက်ခွဲလိုက်သည်။
ဆေးလုံးကို မျိုချလိုက်ပြီးသည်နှင့် သူမ၏ ဖြူဖွေးလှသော မျက်နာက နီမြန်းလာပြီး ပို၍ ဆွဲဆောင်မှု ပြင်းပြလာလေသည်။သူမကို ခိုးကြည့်နေကြသော အနားရှိ အဂ္ဂိရတ်ပညာရှင်များစွာက မထိန်းနိုင်ပဲ နှုတ်ခမ်းသပ်လိုက်မိကြသည်။
အားလုံး သိထားကြသည့်အတိုင်းပင် မှော်ကဝေအန်းရှန့်က အံ့အားသင့်စရာကောင်စလောက်အောင် လှပလေသည်။အဆာခံ ဆေးလုံးလေး စားလိုက်သည့်ပုံကပင် နှလုံးခုန်မြန်စေသည့် မြင်ကွင်းမျိုးကို ဖန်တီးနိုင်ပေသည်။
"တိမ်ခိုးစားသောက်ဆိုင် ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ...ပြိုင်ပွဲတစ်ခုပြီးတိုင်း သူ့ရဲ့ ဆိုင်ကို ကြော်ငြာတယ်တဲ့ ...အဲ့ဒီစားသောက်ဆိုင်မှာ ဘယ်လိုထူးဆန်းအံ့သြဖွယ်ရာတွေရှိနေလဲဆိုတာ ငါသိချင်တယ်..."
အန်းရှန့်က ခပ်သာသာရယ်မောလိုက်သည်။ထိုအပြုံးလေးတစ်ချက်ကပင် ကြည့်နေကြသူအားလုံးကို သတိလက်လွတ်ဖြစ်သွားစေသည်။
..........
တိမ်ခိုးစားသောက်ဆိုင်။
စားသောက်ဆိုင်၏ ရှေ့၌ နန်ကုန်းဝူချယ်က ခုံတစ်ခုံဆွဲ၍ ထိုင်လိုက်သည်။သူက ပုဖန်ကို အတုခိုး၍ သက်တောင့်သက်သာ ထိုင်ချလိုက်ပြီး နေပူဆာလှုံနေလိုက်သည်။
ဆိုင်ဖွင့်ချိန်ဖြစ်နေသောကြောင့် ပုဖန်က မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေပေသည်။
ပတ်ဝန်းကျင်တွင်ရှိနေသော စားသုံးသူများကလည်း ထူးဆန်းသည့်အကြည့်များဖြင့် သူ့ကို ကြည့်နေကြသည်။နန်ကုန်းဝူချယ်၏ နာမည်က မြူကောင်းကင်မြို့တွင် အတော်လေး ကျော်ကြားလှပေသည်။
ထို့ပြင် သူက ယခုလက်ရှိ၌ နန်ကုန်းမိသားစု၏ ခေါင်းဆောင်လည်း ဖြစ်နေပေသည်။ထိုလူက ဒီစားသောက်ဆိုင်သေးသေးလေးတွင် အဘယ့်ကြောင့် နေပူဆာလာလှုံပါသနည်း။
"ဒါက တကယ်ပဲ ထူးဆန်းနေတယ်မဟုတ်ဘူးလား..."
....
နယ်သာရီက မျက်နာသေဖြင့်ပင် စားသုံးသူများ၏ အော်ဒာများကို ရေးမှတ်နေပေသည်။ထို့နောက် ပုဖန်ဆီသို့ လက်လွှဲပေးလိုက်၏။ဒီနေ့အတွက် သူမ၏ တာဝန်များစွာကို လုပ်ဆောင်ထားပြီးပေပြီ။ထိုအလုပ်များကို လုပ်နေရခြင်းမှာလည်း ပုဖန်ဆီက အစားအသောက်များကို စားလိုသောကြောင့် ဖြစ်သည်။
ထိုသို့မလုပ်လျှင် ပုဖန်က သူမကို နေ့တိုင်း ထမင်းကြော် မကျွေးလောက်ဟု ခံစားမိလေသည်။
အဲ့ဒီလူက...ထိူသို့ တကယ်လုပ်လောက်ပေသည်။
အခုအချိန်၌ နန်ကုန်းဝူချယ်က အရင်ကလောက် နယ်သာရီကို မကြောက်တော့ပေ။သူက စားသောက်ဆိုင်ရှေ့တွင်ပင် သက်တောင့်သက်သာနှင့် ထိုင်ရဲနေပေပြီ။
နန်ကုန်းဝမ်က နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်ကိုစားသောက်နေပေသည်။ဒီစွပ်ပြုတ်ကို နန်ကုန်းဝူချယ် ဝယ်ကျွေးခြင်းဖြစ်၏။သူမ ပဉ္စလက်စုဝေးပွဲမှ ထွက်လိုက်ရသောကြောင့် ဝမ်းနည်းနေလေရာ သူက ကျွေးမွေးမည့်အကြောင်း ကတိပေးခဲ့ခြင်းဖြစ်သည်။
ယခုလက်ရှိအချိန်၌ ပုဖန်က ပဉ္စလက်စုဝေးပွဲတွင် ကြော်ငြာမှုမြောက်များစွာ လုပ်ခဲ့သောကြောင့် ရလဒ်အနေဖြင့် တိမ်ခိုးစားသောက်ဆိုင်က လူသိများကျော်ကြားနေပေသည်။
စားသောက်ဆိုင်ငယ်လေးဆီသို့ အစားတစ်ပွဲအတွက် လူအမြောက်များစွာ ဝင်ထွက်သွားလာနေကြသည်။အဘယ့်ကြောင့်ဆိုသော် သူတို့က အဂ္ဂိရတ်ပညာရှင်များစွာကိုပင် နောက်ကောက်ကျနိုင်စေခဲ့သော ပုဖန်၏ ဟင်းပွဲကို မြင်တွေ့လိုခြင်းဖြစ်သည်။
ပြိုင်ပွဲ၌ ပုဖန်ချက်ခဲ့သောဟင်းပွဲ၏ မွှေးရနံ့များကြောင့် မြည်းကြည့်ချင်လွန်း၍ မရိုးမယွ ဖြစ်နေခဲ့ရသည်။သို့သော်လည်း သူတို့အခွင့်အရေးမရခဲ့ပေ။
ယခု အခွင့်အရေးရှိနေပြီဖြစ်လေရာ အလျှင်စလိုပင် လာရောက်၍ မြည်းစမ်းရပေမည်။ပုဖန်ပြိုင်ပွဲတွင်ချက်ခဲ့သော ဟင်းပွဲများကို ဆိုင်တွင်မရနိုင်ဟု ဆိုသော်လည်း တခြားရနိုင်သော ဟင်းပွဲများကလည်း သူတို့ကို လုံးဝဆွဲဆောင်ထားနိုင်ပေသည်။
အရသာရှိသည့် စားစရာများ၏ ဆွဲဆောင်မှုကို ခံရသည့်အခါတွင် ဆေးနန်းတော်မှ အရသာမဲ့ ခြောက်သွေ့လှသော အဆာခံဆေးလုံးကို မည်သူက စားချင်ပါမည်နည်း။
ထိုအရသာမျိုးစုံ အဆာခံဆးလုံးများက အဆင်ပြေလှသည်ဆိုသော်လည်း ပုဖန်မျက်လုံးထဲတွင် နေ့တိုင်းစားချင်စရာကောင်းသည့် အစားအစာဟုမမြင်ပေ။
စားကောင်းသောက်ဖွယ်များသာမရှိလျှင် ဘဝက ပျော်ရွှင်မှုများ ဆိတ်သုဉ်းသွားပေလိမ့်မည်။
.......
ရွဲ...
ခဏမျှမွှေလိုက်ပြီးနောက် ဒယ်အိုးကို လှုပ်ခါလိုက်လေရာ မွှေးပျံ့သည့်ရနံ့များထွက်ပေါ်လာလေသည်။ပုဖန်က ယောက်ချိုဇွန်းကိုသုံး၍ နီမြန်းစိုအိနေသော အသားနှစ်ဖက်ခပ်ယူ၍ ပန်းကန်လုံးထဲ ထည့်လိုက်သည်။
တထောင်းထောင်းထနေသော အပူငွေ့များ၏ အောက်တွင် အလင်းရောင်လေးများလည်း ယှက်သန်းနေသည်။အနီရောင်အသားနှပ်က ပတ္တမြားခဲနှင့်ပင် ဆင်တူလှ၏။
ပုဖန်က ဟင်းပွဲကို ပြတင်းပေါက်ဘောင်ပေါ်တွင်တင်လိုက်ပြီး နယ်သာရီကို လှမ်းခေါ်လိုက်သည်။
ယနေ့၌ နယ်သာရီက စားစရာများကို မခိုးပေ။
တကယ်တမ်းပြောရမည်ဆိုလျှင်သူမက စားသုံးသူများမှာယူထားသည့် ဟင်းပွဲများကို မနှိုက်စားတော့ပေ။အဘယ့်ကြောင့်ဆိုသော် သူမက ထိုဟင်းပွဲများအားလုံးကို ခိုးယူစားသောက်ခဲ့ပြီးပြီဖြစ်သောကြောင် စိတ်ဝင်စားမှုမရှိတော့ပေ။
စားသုံးသူများကို ဟင်းပွဲများ ချပေးပြီးနောက် ရုတ်တရက် နယ်သာရီမျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် ခေါင်းမော့၍ အပြင်ဘက်သို့လှမ်းကြည့်လိုက်၏။
အလှမ်းဝေးလှသော နေရာမှ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သူတစ်ယောက်က ဆိုင်ရှိရာဆီသို့ ချဉ်းကပ်လာလေသည်။
ထိုသူဆီမှ ထုတ်လွင့်နေသော အော်ရာများက အန္တရာယ်များလှသည့် အငွေ့အသက်များပာဝင်နေသည်။ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့၏ အော်ရာများက ပို၍ပင် ထူထဲလာသည်။
တန်းစီနေကြသော စားသုံးသူများကလည်း ထိုလူ နီးကပ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကို သတိထားမိလိုက်ကြသည်။
ထိုသူက ကြေးခေါင်းတလားတစ်ခုကို သယ်ဆောင်ထားလေရာ သူ့၏ပုံစံကို ပို၍ ထူးဆန်းနေစေသည်။
"တိမ်ခိုးစားသောက်ဆိုင်..."
ထိုသူက အက်ရှရှအသံဖြင့် တီးတိုးရေရွတ်လိုက်သည်။သူ့၏ အနက်ရောင်ဝတ်ရုံအောက်မှ အနီရောင်အလင်းနှစ်ခုတောက်ပလာလေသည်။
ထိုင်ခုံပေါ်မှာထိုင်၍ ပျော်ပျော်ကြီးနေပူဆာလှုံနေသော နန်ကုန်းဝူချယ်က ရုတ်တရက် အေးစိမ့်မှုကို ခံစားလိုက်ရပြီး တုန်ယင်သွားလေသည်။
သူ မျက်လုံးဖွင့်လိုက်သောအခါ အနက်ရောက်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။သူ ထိုသူကိုတွေ့လိုက်ချိန်၌ ထိုသူကလည်း ပြန်လည်ကြည့်နေလေသည်။
"မိတ်ဆွေ တန်းစီပါ...ဘော်ဒါပုက ဘယ်သူကိုမှ ကြားဖြတ်ဝင်ခွင့်ပြုမှာမဟုတ်ဘူး..."
နန်ကုန်းဝူချယ်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ထိုသူ၏ အနီရောင်မျက်ဝန်းများက နန်ကုန်းဝူချယ်ပေါ်ကျရောက်လာပြီးနောက် အေးစက်စွာ တုံ့ပြန်လိုက်လေသည်။
"တန်းစီရမယ်...အဲ့ဒီလိုစကားလုံးမျိုး ငါ့အဘိဓာန်မှာမရှိဘူး..."
"မဟုတ်...အွန်း...ကျုပ်က ခင်ဗျားကို ကြင်နာမှုနှင့် အသိပေးတာပါ နောက်မှ ခင်ဗျားနောင်တရလိမ့်မယ်..."
နန်ကုန်းဝူချယ်ကလည်း လျှင်မြန်စွာပင် ပြန်ပြောလိုက်သည်။သို့သော်လည်း ထိုအနက်ရောင်ဝတ်ရုံနှင့်လူ၏ အသက်ရှူသံများက ပြင်းထန်လာပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် အစစ်အမှန်စွမ်းအင်လှိုင်းလုံးများထွက်ပေါ်လာလေသည်။သူက နောက်ကျောမှ ခေါင်းတလားကိုမြှောက်၍ နန်ကုန်းဝူချယ်ကို ရွယ်လိုက်သည်။
"ဟမ်း...သဘောထားမတိုင်ဆိုင်တာလေးနဲ့ပဲ တိုက်ခိုက်မလို့လား...ငါနန်ကုန်းဝူချယ်က ဒီနေရာမှာ ဟာသလာလုပ်နေတယ်လို့ထင်နေလို့လား..."
နန်ကုန်းဝူချယ်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။နန်ကုန်းမိသားစုတွင် ပြဿနာများစွာဖြစ်ပြီးနောက် သူ့၏ နဂိုပုလူပျော် ပုံစံကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သော်လည်း အမှန်တကယ်လည်း သူ့၌ အပြောင်းအလဲများစွာရှိခဲ့ပြီဖြစ်သည်။
ဘုန်း...
ကြေးခေါင်းတလားက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။နန်ကုန်းဝူချယ်လည်း အလျှင်အမြန်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ခုန်ဆုတ်လိုက်သည်။
"ဟမ်...စိတ်ဝင်စားစရာပဲ ဒီမြေပြင်တောင်မှပဲ အကာအကွယ်အစီအရင်ရှိတယ်လား...လှုပ်တောင်မလှုပ်သွားဘူး..."
အနက်ဝတ်လူက အက်ရှရှအသံဖြင့် တီးတိုးရေရွတ်လိုက်ပြန်သည်။အနီး၌ရှိနေကြသော စားသုံးသူများက ထိတ်လန့်နေကြသည်။
ကြေးခေါင်းတလားသယ်ဆောင်ထားတဲ့ အနက်ဝတ်နဲ့လူ...
နန်ကုန်းဝူချယ်ကလည်း ထိုကြေးခေါင်းတလားကိုကြည့်၍ တစ်စုံတစ်ခုကိုမှတ်မိသွားပြီး အသက်ပြင်းပြင်းရှိုက်လိုက်မိသည်။
"ခင်ဗျားက ရုပ်သေးဂိုဏ်းက အားကောင်းတဲ့ သူတစ်ယောက်ဖြစ်တဲ့ ကြေးခေါင်းတလား အန်းကူ..."
ကြေးခေါင်းတလားအန်းကူသည် ရုပ်သေးဂိုဏ်း၏စွမ်းအားကြီးလှသောလူများထဲမှ တစ်ယောက်ဖြစ်သည်။သူက စိတ်ဝိညာဉ်ကြိုးသုံးကြိုးကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
သူ့၏ ရှေးဟောင်းရုပ်သေးအလောင်းကို ထိန်းချုပ်လိုက်သောအခါ၌ သူ့တိုက်ခိုက်နိုင်စွမ်းအင်အားက မြင့်တက်လာပြီး အဆင့်လေးဆင့် ချိုးဖျက်ပြီးသည့်သူနှင့်ပင် တူသွားလေသည်။
ရုပ်သေးဂိုဏ်း၌ ထိုသူကို မျိုးဆက်သစ်များကြားထဲမှ အကောင်းဆုံးဟုပင် ပြောနိုင်လေသည်။
သူက မဟာဂိုဏ်း၏ ကောင်းကင်ဘုံဆယ်ပါး အမွေခံထဲမှ နံပါတ်၃နှင့် ဆေးနန်းတော်မှ ပါရမီရှင် အဂ္ဂိရတ်ပညာရှင်နှင့်ပင် အဆင့်ချင်းတူလေသည်။
အဲ့ဒီလိုလူမျိုးက စားသောက်ဆိုင်သေးသေးလေးကို ဘာလို့ရောက်လာတာလဲ...ပြီးတော့ သူက ကြေးခေါင်းတလားကိုပါ သယ်လာသေးတယ် သူက ပြဿနာလာရှာတာများလား...
"နန်ကုန်းဝူချယ်...ပြီးတော့ ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင် မင်းတို့ ဘာလို့ အသက်ရှင်နေသေးတာလဲ..."
အန်းကူ၏ အသံက ကြမ်းရှနေသည်။သူက သူ့ဘာသာသူ အမေးအဖြေလုပ်နေပုံပေါ်သည်။သူ့၏ အသက်ရှုသံများက လျှင်မြန်လာပြီးနောက် သူ့၏ ဝတ်ရုံနက်က လေ၌ တဖျက်ဖျက်လွင့်ခါလာသည်။သူ့ဝတ်ရုံ၏ အရှိန်ကြောင့် ဘေးမှ လေဟာနယ်ပင် ကြမ်းတမ်းလာသလို ထင်ရသည်။
"ဘာအဓိပ္ပါယ်လဲ ငါတို့အသက်ရှင်နေတာက ထူးဆန်းလို့လား..."
သူ့စကားကြောင့် နန်ကုန်းဝူချယ်အူကြောင်ကြောင်ပင် ဖြစ်သွားမိသည်။
"ဒီလူက ရူးနေတာလားဟ...."
သူ နန်ကုန်းဝူချယ်က ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းခံရမည့် မည်သည့်အရာကိုမှ မလုပ်ဆောင်မိပေ။အဘယ့်ကြောင့် သူအသက်ရှင်နေခြင်းက ထူးဆန်းနေရသနည်း။
ဝီ...
သို့သော်လည်း နန်ကုန်းဝူချယ်စကားပြောလိုက်ချိန်မှာပင် အန်းကူ၏ အနီရောင်အလင်းများမှ ပို၍ တောက်ပလာသည်။နန်ကုန်းဝူချယ်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ရုပ်သေးဂိုဏ်းက တပည့်နှစ်ယောက်က လျှို့ဝှက်နယ်ပယ်ထဲမှာသေဆုံးခဲ့ရတယ်...အဲ့ဒါကို မင်းတို့က ဘာလို့ အသက်ရှင်နေသေးတာလဲ....ဘာလို့ သွားမသေတာလဲ..."
ခရက်ရှ်...
ထွက်ပေါ်လာသည့် ဆူညံသည့်အသံတစ်ခုက အားလုံးကို ကြောက်ရွံ့သွားစေသည်။ထိုကြေးခေါင်းတလားကြီးက နန်ကုန်းဝူချယ်ဆီသို့ လျှောတိုက်၍ သွားလေရာ မြေပြင်ကိုခြစ်သည့် အသံကျယ်ကြီးထွက်ပေါ်နေလေ၏။ခေါင်းတလားက အလွန်ပင်လေးလံလှသောကြောင့် တွန်းပို့နေသည့် လေပြင်းအားကလည်း ပြင်းထန်လှလေသည်။
ဘေးပတ်လည်မှ စားသုံးသူများကလည်း ဘေးလွှတ်ရာဆီသို့ ရှောင်ထွက်လိုက်ကြသည်။သူတို့အားလုံးကလည်း အန်းကူ၏အကြောင်းကို ကြားဖူးလေသည်။
ရုပ်သေးဂိုဏ်း၏ အင်အားသုံးပြီး လက်စားချေခြင်း...
သူတို့က အလွန်အမင်း ကာကွယ်တတ်လွန်းကြလေသည်။ပြောရမည်ဆိုလျှင် ရုပ်သေးဂိုဏ်း၌ တပည့်များများမရှိပေ။အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးကို လေ့ကျင့်သင်ကြားပေးရသည်က မလွယ်ကူလွန်းလှပေ။ထို့ကြောင့် ထိုရုပ်သေးဂိုဏ်းမှ တပည့်တစ်ယောက်ဆီတိုင်းကို သူတို့၏ အဖိုးတန်ရတနာလေးများဟုပင် သတ်မှတ်ယူနိုင်လေသည်။
မြူကောင်းကင်မြို့၏ လျှို့ဝှက်နယ်ပယ်ထဲတွင် ရုပ်သေးဂိုဏ်း၏ တပည့်နှစ်ယောက်သေဆုံးခဲ့လေရာ အန်းကူက ဒေါသမထွက်ပဲ ဘယ်လိုနေနိုင်ပါမည်နည်း။
နန်ကုန်းဝူချယ်က မြေပြင်ကို ထောက်ကန်လိုက်ပြီးနောက် ခေါင်းတလားဆီမှ ရှောင်တိမ်းလိုက်သည်။
...
ပုဖန် မီးဖိုချောင်ထဲမှ လျှောက်ထွက်လာခဲ့သည်။သူလက်မှ ရေများကို သုတ်နေရင်း အမူအရာမဲ့လှသော မျက်နာသေဖြင့်ပင် သူ့ရှေ့မှလူကို ကြည့်၍ ပြောလိုက်သည်။
"ဆိုင်ရှေ့မှာ ပြသနာမရှာနဲ့"
ပုဖန် အသံကြောင့် အန်းကူ ခဏမျှ တန့်သွားပြီးနောက်...ခေါင်းတလားကို လက်တစ်ဖက်ဖြင့် ထိန်းထားလိုက်ပြီး ဖြေးဖြေးချင်းလှည့်ကြည့်လိုက်သည်။သူ့၏ ဝတ်ရုံအောက်မှ အနီရောင်အလင်းများက ပုဖန်ပေါ်သို့ ကျရောက်နေပေပြီ။
"ဒီတော့ မင်းက စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ပေါ့..."
သူ့၏ အက်ရှလှသော ကြမ်းရှရှအသံထွက်ပေါ်လာပြန်သည်။ထိုအသံက ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်းအငွေ့အသက်များပါဝင်နေပေသည်။ပုဖန်ကအေးဆေးစွာပင် ပြန်ပြောလိုက်သည်။
"အင်း..."
"မင်းလည်း လျှို့ဝှက်နယ်ပယ်ထဲကို ဝင်ခဲ့ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်တယ်လား..."
အန်းကူ၏ ခြိမ်းခြောက်နေသောအသံက တိုးမြှင့်လာပြီး ခေါင်းတလားဆီမှ အသံကလည်း ပိုပြင်းလာခဲ့သည်။
"ဟုတ်တယ်..."
ပုဖန်က အေးဆေးတည်ငြိမ်စွာပင် ထပ်ပြောလိုက်သည်။
ထန်း...
ကြေးခေါင်းတလားက မြေပြင်နှင့် ပြင်းထန်စွာရိုက်မိသွားလေသည်
"ဒီလိုဆိုမှတော့ မင်းလည်း သေသင့်တယ်..."
အန်းကူက ထိုခြိမ်းခြောက်စကားများကို အေးစက်စွာ ပြောလိုက်ပြီးနောက် သူ့လက်ကိုမြှောက်လိုက်ရာ ခေါင်းတလားက ပုဖန်ဆီသို့ ပျံသန်းသွားလေသည်။
ဝေရာ...
အားလုံးက အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
နန်ကုန်းဝမ်၏ မျက်နာကလည်း စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပေသည်။
လူငယ်မျိုးဆက်များထဲတွင် အသန်မာဆုံးဖြစ်သော ကြေးခေါင်းတလား အန်းကူက ပိုင်ရှင်ပုကို သူ့လက်ထဲ၌ သေစေချင်နေပေသည်။
ခေါင်းတလားသွားသည့် လမ်းတစ်လျှောက်မြေပြင်က ပျက်စီးကျိုးကြေသွားသည်။ထိုခေါင်းတလားက အဆက်မပြတ် လည်ပတ်ရင်း ပုဖန်ဆီသို့ ချဉ်းကပ်သွားလေသည်။
ပုဖန်ကမူ မျက်ခုံးတစ်ချက်ပင့်မကြည့်ပဲ အေးဆေးတည်ငြိမ်စွာဖြင့်ပင် သူ့၏ ရှည်သွယ်လှသော လက်ချောင်းများကို ပွတ်သပ်နေလေသည်။
ခေါင်းတလားက လေပြင်းများကို သယ်ဆောင်လာသောကြောင့် စည်းနှောင်ထားသော ပုဖန်၏ ဆံပင်များပြေလျှော့သွားပြီး တဖျက်ဖျက်လွင့်ခါနေလေသည်။
"ငါ့ဆိုင်ရှေ့မှာ ပြဿနာလာမရှာနဲ့လို့ ငါပြောနေတယ်နားမလည်ဘူးလား..."
ခေါင်းတလားက ပုဖန်ကို ထိခိုက်တော့မည့်အချိန်မှပင် လျှင် သူပြောလိုက်သည်။
သူ့ စကားကြောင့် အားလုံး ထိတ်လန့်အံ့အားသင့်သွားကြပြန်သည်။
ပိုင်ရှင်ပုကတော့ ထုံးစံအတိုင်း အလွန်ပင် ယုံကြည်မှုရှိနေပေသည်။
ပုဖန်က သေမင်းနှင့် ရင်ဆိုင်ရသည့်အခ်ျိန်၌ပင် တည်ငြိမ်နေပေ၏။
ဝီ....
"ပြဿနာကောင်...တခြားလူတွေကို ဥပမာပေးဖို့အတွက် မင်းရဲ့ အဝတ်အစားတွေကို ချွတ်ပစ်ရမယ်..."
ဆိုင်အထဲမှ တုန်ခါသံများထွက်ပေါ်လာပြီးနောက် စက်ရုပ်သံထွက်ပေါ်လာသည်။ဆိုင်အတွင်းမှ သံနှင့် လုပ်ထားသည့် တစ်စုံတစ်ရာ လွင့်ပျံလာလေသည်။၎င်း၏ မျက်ဝန်းများက ခရမ်းရောင်တောက်ပနေပြီး ဖိနှိပ်နိုင်စွမ်းသော အော်ရာများကို ထုတ်လွင့်နေလေသည်။
....
အပြင်ဘက်၌...
လူနှစ်ယောက်လျှောက်လာနေသည်။သူတို့ထဲမှ ချောမောခန့်ညားသော သူတစ်ယောက်က မှင်နက်ရောင်ရှိသော ကြီးမားလေးလံလှသော ဓားကို သယ်ဆောင်ထားသည်။ကြည့်၍ကောင်းသော နောက်တစ်ယောက်က အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။
ထိုလူနှစ်ယောက်က စားသောက်ဆိုင်နှင့် နီးသည့်နေရာတွင် ရပ်တန့်လိုက်ပြီး ဆူညံပွက်လောရိုက်နေသည့်ဆ်ိုင်ကို အံ့အားတသင့်ကြည့်လိုက်သည်။
"ကြည့်ရတာတော့ ငါတို့ ပျော်ပွဲကျင်းပဖို့ နောက်ကျသွားပြီထင်တယ်...တစ်စုံတစ်ယောက်ကတော့ ငါတို့ထက် အရင်ရောက်နေပြီ..."
အပြာရောင်ဝတ်စုံကို ဝတ်ဆ်ထားသောလူငယ်က ရယ်မော၍ ပြောလိုက်သည်။ဓားသယ်ထားသော လူ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားလေသည်။
ရုတ်တရက် သူတို့အံ့အားသင့်သွားမိပြီး စားသောက်ဆိုင်ကို စူးစိုက်ကြည့်လိုက်ကြသည်။
ကျယ်လောင်လှသော အော်သံကို ကြားလိုက်ရပြီးနောက် ဘန်းခနဲမြည်သံကို ကြားလိုက်ရသည်။
စားသောက်ဆိုင်ထဲမှ တစ်စုံတစ်ယောက် လွင့်ပစ်ခံလိုက်ရလေသည်။