အခန်း ၅၁၂
အဂ္ဂိရတ်ပညာရှင်များရဲ့ ဘုံရန်သူက ရှုံးနိမ့်တော့မှာလား...
"ပဉ္စလက်စုဝေးပွဲရဲ့ ထိပ်တန်းအယောက် ၁၀၀ ပြိုင်ပွဲ မကြာခင်မှာ စတင်တော့မယ် ပြိုင်ပွဲဝင်တွေအားလုံး ပထမပြိုင်ကွင်းကို လာပေးကြပါ..."
ကျယ်လောင်လှသော အသံက ရင်ပြင်ကျယ်တစ်ခုလုံး ပဲ့တင်ထပ်ရိုက်ခတ်နေသည်။ထိုအသံနှင့်အတူ နာရီသံတစ်ချက်ချက်ပါ လိုက်ပါလာလေသည်။
ပရိတ်သတ်များကလည်းပြိူင်ပွဲဝင်များနည်းတူ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။သူတို့ကိုယ်တိုင် ကောင်းကင်ပေါ်သို့ ဖြတ်သန်းပျံရတော့မလို ခြိမ်းခြောက်မှုမျိုးကိုလည်း ခံစားနေရသည်။
"နောက်ဆုံးတော့ စတော့မယ် ငါလုံးဝ မစောင့်နိုင်တော့ဘူး..."
"နောက်ဆုံးတော့ ပြိုင်ပွဲကြီးစတော့မယ် ငါ့ရဲ့ နတ်သမီးလေးအန်းကို လိုချင်တယ်"
"..ငါ ဒီအချိန်ကိုစောင့်နေခဲ့တာကြာပြီ ငါ့ရဲ့ စီနီယာအကို မုပိုင်က အကောင်းဆုံးပဲ ..."
ပရိတ်သတ်များက စိတ်လှုပ်ရှားပျော်ရွှင်စွာပင် မရပ်မနားပြောဆိုနေကြလေသည်။ထိုလူများထဲတွင် တစ်ချို့က အဂ္ဂိရတ်ပညာရှင်များဖြစ်ပြီး တစ်ချို့ကတော့ မဟုတ်ကြပေ။သို့သော်လည်း သူတို့အားလုံး၌ လေးစားအားကျရသော စံပြပုဂ္ဂိုလ်တစ်ယောက်စီရှိလေသည်။
ဆေးနန်းတော်အတွင်း၌ ကြာမြင့်လှသော အချိန်ကတည်းကပင် ကိုယ်ပိုင်နည်းလမ်းဖြင့် ဆေးလုံးသန့်စင်ခြင်းက ခေတ်စားခဲ့ကြသည်။ထို့ကြောင့်ပင်လျှင် ပဉ္စလက်စုဝေးပွဲ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဆေးဆရာများနှင့် အဆိပ်သခင်များကမူ ဆေးလုံးသန့်စင်သည့် ပါရမီမရှိကြသော်လည်း အဂ္ဂိရတ်ပညာရှင်များနှင့် နည်းတူ ပါဝင်ခဲ့ကြသည်။အဘယ့်ကြောင့်ဆိုသော် ပဉ္စလက်စုဝေးပွဲက ထူးခြားသည့် ပါရမီစွမ်းအင်များအားလုံးကို အခြေခံထားခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း ပဉ္စလက်စုဝေးပွဲက အဂ္ဂိရတ်ပညာရှင်များကိုသာ အဓိကထားလည်ပတ်နေသည့် ပြိုင်ပွဲတစ်ခု ဖြစ်နေတုန်းပင်ဖြစ်သည်။အဂ္ဂိရတ်ပညာရှင်များ၏ အရည်အချင်းများကို ပြသရာနေရာတစ်ခုပင် ဖြစ်လာခဲ့လေသည်။
ပြောရမည်ဆိုလျှင် ဆေးဆရာများနှင့် အဆိပ်သခင်များက အဂ္ဂိရတ်ပညာရှင်များ၏ ဂုဏ်သတင်း ပွင့်လန်းလာဖို့အတွက် ရုန်းကန်၍ ပြပွဲအခမ်းအနား ဖွင့်ပေးရသည်နှင့်တောင်တူနေလေသည်။
ဒီတစ်ကြိမ်၌ ဒိုင်လူကြီးက ပုဖန် မည်သည့်ဟင်းလျာချက်မည့်အကြောင်းကို မမေးစမ်းပေထိုအတွက်ကြောင့် အန်းရှန့်၏ စိတ်ထဲတွင် အခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရသလိုမျိုး နှမြောတသဖြစ်သွားသည်။
ပုဖန်အပါအဝင် ပြိုင်ပွဲဝင်များအားလုံး ပထမစင်မြင့်စီသို့ ရောက်ရှိလာခဲ့ကြသည်။ထိပ်သီး အယောက် ၁၀၀ ပြိုင်ပွဲဖြစ်သော်လည်း ပြိုင်ပွဲဝင် ၉၁ ဦးသာ ရှိလေသည်။
ထို့ကြောင့် အယောက် ၁၀၀ ဖြစ်စေရန်အတွက် ၃ရက်အတွင်း ယှဉ်ပြိုင်ခဲ့ထားသည့် သူများထဲမှ ပြိုင်ပွဲဝင် ကိုးဦးကို ပြန်လည် ရွေးထုတ်လိုက်သည်။
ထိုကိုးဦးထဲတွင် ပုဖန်ကြောင့် ပြိုင်ပွဲမှ ထွက်သွားခဲ့ရသည့် စီနီယာအကိုလျှိုလည်း ပါလေသည်။စီနီယာအကိုလျှို ၏ မျက်လုံးထဲတွင်တော့ ယုံကြည်မှု အရိပ်အယောင်များ ထင် ဟပ်နေလေသည်။
ပြိုင်ပွဲစင်မြင့်ပေါ်၌ စီနီယာအကိုလျှီု ု၊ စီနီယာအကိုကျန်းနှင့် သွမ့်ယွင်တို့ တူတူရပ်နေကြသည်။သူတို့ ပုဖန်ကို မြင်သည့်အခါ၌ မျက်နာအမူအရာများက ကွဲပြားခြားနားသွားလေသည်။
စီနီယာအကိုကျန်း၏ မျက်နာ၌ စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်။ပုဖန်နှင့် ယှဉ်ပြိုင်ခဲ့ရသောပွဲတွင် သူခက်ခက်ခဲခဲ ကြိုးစား၍ အဆင့်တက်ခဲ့ရလေသည်။ထို့ကြောင့် ပုဖန်၏ စွမ်းရည်ကို ကောင်းစွာ သိလေပေသည်။အခုချိန်ထိတိုင်အောင် ထိုအချိန်က စိုးရိမ်ပူပန်မှုများက သူ့နှလုံးထဲ ကိန်းအောင်နေတုန်းပင်ဖြစ်သည်။
တခြားတစ် ဘက်တွင်မူ သွမ့်ယင်ကစိတ်လှုပ်ရှားနေသည်။ပဉ္စလက်စုဝေးပွဲတွင် ပါဝင်နိုင်လောက်အောင်အထိ မြင့်မားလှသော ပုဖန်၏ ပါရမီက သူ့ကို အံ့အားသင့်စေသည်။
စီနီယာအကိုလျှိုကမူ မြေခွေးတစ်ကောင်ကဲ့သို့ ပုဖန်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။သူကို အရှက်တကွဲဖြစ်စေခဲ့သော ထိုသူကို လက်စားပြန်ချေလိုလှပေသည်။
ထိုအကြည့်များကြောင့် ပုဖန် အနည်းငယ်ပင် ကြောင်အသွားမိသည်။သို့သော်လည်း သူက လေးနက်တည်ငြိမ်သော အမူအရာနှင့် ခေါင်းညိတ်၍ နှုတ်ဆတ်သမှု ပြုလိုက်သည်။
......
ပရိတ်သတ်များ၏ နေရာ၌ ကြီးမားလေးလံလှသည့် ဓားကို လွယ်ထားသည့် ရှီးမန်ရွှမ်က ထိုင်ခုံနေရာရှာ၍ ထိုင်ချလိုက်သည်။
"အကိုရှီးမန် မင်းလည်း ပြိုင်ပွဲကို လာကြည့်ဖို့ဆုံးဖြတ်လိုက်တာလား..."
တိုက်တိုက်ဆိုင်ဆိုင်ပင် သူနှင့် မနီးမဝေးတွင်ထိုင်နေသည့် ရှောင်ဟယ်က ပြုံး၍ လှမ်းနှုတ်ဆတ်လိုက်သည်။ရှီးမန်ရွှမ်က မျက်လုံးလှန်လိုက်ပြီးနောက် ပါးစပ်လှုပ်ရုံ စကားလုံးတစ်လုံးပြောလိုက်သည်။
ရှောင်ဟယ်အံ့အားသင့်သွားပြီးနောက် အလွန်ဒေါသထွက်လာလေသည်။
"နှာဘူး...ဒီလူကတော့ စကားသံမထွက်တာနဲ့ပဲ ငါမကြားနိုင်ဘူးလို့ ထင်နေတာလား..."
အမျိုးသမီးဆီက နှာဘူးဟု အခေါ်ခံရခြင်းက ကိစ္စမရှိသော်လည်း ယောင်္ကျားရင့်မာကြီးတစ်ယောက်ဆီမှ နှာဘူးဟု အခေါ်ခံရခြင်းက ဒေါသများကို ပေါက်ကွဲသွားစေသည်။သို့သော်လည်း သူမည်သို့မျှ မတက်နိုင်ပဲ ဒေါသများကို ကြိတ်မှိတ်မျိုချလိုက်ရလေသည်။
လွန်ခဲ့သည့် သုံးရက်က ပိုင်ရှင်ပု၏ ဆိုင်ထဲတွင် သူ အနီရောင်အသားနှပ်ဟင်းကို စားခဲ့ရသည်။ထိုအံ့အားသင့်စရာကောင်းလှသောအရသာကို ယခုထိတိုင်အောင် မှတ်မိနေဆဲဖြစ်ပြီး သူလုံးဝကို လက်မလွှတ်ချင်ပေ။
သူ့၏ စိတ်ခံစားချက်ကို မတွန်းလှန်နိုင်စွာဖြင့်ပင် နောက်ထပ် သုံးရက်လုံးလုံး ပိုင်ရှင်ပုဆိုင်ထဲသာအချိန်ကုန်ခဲ့ရလေသည်။ယခု ပိုင်ရှင်ပုကလည်း ပြိုင်ပွဲ၌ ပါဝင်နေလေရာ သူ၏ စပ်စုလိုစိတ်ကြောင့် ဒီနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ရှီးမန်ရွှမ်ကလည်း သူအခြေအနေနှင့် တူတူပင်ဖြစ်သည်။
သို့သော်လည်း အရင်နေ့က ရှောင်ဟယ်က သူနှင့်တူတူလာချင်သလားဟု မေးရာတွင် သူ ပြင်းပြင်းထန်ထန်ပင် ငြင်းထုတ်ခဲ့သည်။သို့သော်လည်း ယခုတော့ ရှောင်ဟယ်၏ ဘေးနားတွင် သူထိုင်နေပေသည်။တော်တော်ကို စိတ်မသက်မသာဖြစ်လှသည်။
စင်မြင့်ပေါ်၌....
စစ်သင်္ဘောပေါ်မှနေ၍ ပုံရိပ်တစ်ချို့ ဆင်းသက်လာလေသည်။ထိုသူများက ပဉ္စလက်စုဝေးပွဲ ပြိုင်ပွဲစဉ်တစ်ခုလုံးကို ဆုံးဖြတ်အကဲဖြတ်ပေးမည့် ဒိုင်လူကြီးများဖြစ်သည်။
မဟာသခင် ကုဟယ်က ကလေးတစ်ယောက်ကဲ့သို့ပင် ဖော်ရွေသည့် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
မြူကောင်းကင်မြို့တော်မှ တိမ်လေးစ အဂ္ဂိရတ်ပညာရှင် မဟာသခင် ရွှမ်မင်ကလည်း ဒီပွဲတွင် အဓိကတာဝန်ရှိသည့် သူတစ်ယောက်ပင် ဖြစ်သည်။ယှဉ်ပြိုင်မှု မျိုးမျိုး၏ အရေးကြီးသည့် အချက်အလက်မှန်သမျှက သူ့၏ ဆုံးဖြတ်ချက်ကို ခံယူရပေမည်။
"သုံးရက်ကုန်လွန်သွားပြီးပြီဆိုတော့ မင်းတို့ရဲ့ ပြင်ဆင်မှုတွေကလည်း ချောချောမွေ့မွေ့ဖြစ်သွားပြီလို့ ငါထင်တယ် ...ပြိုင်ပွဲကမကြာခင်မှာ စတင်တော့မယ် မင်းတို့ရဲ့ ပြိုင်ဘက်တွေနဲ့ မကြာခင်မှာပဲ ရင်ဆိုင်တွေ့ကြုံရတော့မယ် မင်းတို့ရဲ့ အစစ်အမှန်စွမ်းအင်တွေကို ထုတ်ဖော်ပြသပါ...ပြိုင်ပွဲတစ်ခုစီမှာ တစ်ယောက်စီပဲ ကျော်ဖြတ်နိုင်ပြီးတော့ ထိပ်သီး အယောက်၅၀ ထဲကို ဝင်ရောက်နိုင်မှာဖြစ်တယ်..."
မဟာသခင် ရွှမ်ပေက ထုတ်ဖော်ကြော်ငြာပြောဆိုလိုက်သည်။သူ့၏ အရှိန်အဝါများကလည်း မသေမျိုးတစ်ပါးကဲ့သို့ပင် တောက်ပနေလေ၏။
"မင်းတို့ရဲ့ ပြိုင်ဘက်တွေရဲ့ အကြောင်းအရာတွေကိုလည်း လွန်ခဲ့တဲ့ သုံးရက်ထဲက သိပြီးသားဖြစ်တယ်လို့ ငါယူဆတယ်...ယခု ပြိုင်ပွဲကို စတင်တာနဲ့ ဒီအစီအရင်နေရာကနေပြီးတော့ လူတိုင်းက မင်းတို့ကို ကြည့်နေကြလိမ့်မယ်..."
စကားဆုံးသည်နှင့် မဟာသခင်ရွှမ်ပေက လက်ကိုဝှေ့ယမ်းလိုက်သည်။
စင်၏ ထောင့်လေးထောင့်တွင်ရှိနေသော ဒိုင်လူကြီးများက ခေါင်းညိတ်လိုက်ပြီးနောက် သူတို့ဆီမှ အစစ်အမှန်စွမ်းအင်များ တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။
ထိုစွမ်းအင်များက အစီအရင်အတွင်းရှိ သလင်းကျောက်များအတွင်းသို့ ဝင်ရောက်သွားလေသည်။ကျယ်လောင်လှသည့် အသံများမြည်ဟီးလာပြီးနောက် အစီအရင်၏ ထောင့်လေးထောင့်ရှိ ကျောက်တိုင်များမှနေ၍ အလင်းတန်းများထိုးထွက်လာပြီး ကောင်းကင်ပေါ်သို့ ဖြာထွက်သွားသည်
အလင်းတန်းများက စုပေါင်းသွားပြီးနောက် ကောင်းကင်ယံ၌ အလင်းလိုက်ကာတစ်ခုသဖွယ် ဖြစ်ပေါ်လာလေသည်။ကောင်းကင်ပေါ်၌ မြောက်များလှစွာသော ကြယ်ကလေးများ တဖြတ်ဖြတ်လင်းလက်နေသည်နှင့်ပင် တူလှသည်။
ထိုသို့ဖြစ်နေစဉ်အတောအတွင်းမှာပင် ကောင်းကင်ဆေးမြို့တော်နှင့် တောက်ပကောင်းကင်မြို့တော်တို့၏ ဆေးနန်းတော်အတွင်းမှာလည်း အလင်းရောင်တန်းများ ကောင်းကင်ယံထက်သို့ ထိုးတက်သွားသည်။
ထိုအလင်းများက ကောင်းကင်ယံတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးနောက် ခပ်ဝါးဝါးပုံရိပ်များပေါ်လာလေသည်။ကနဦးတွင် ထိုပုံရိပ်များက အလွန်ပင်မှုန်ဝါးနေသော်လည်း တဖြေးဖြေးအလင်းများက တည်ငြိမ်လာပြီးနောက် ပုံရိပ်များက ကြည်လင်ပြတ်သားလာလေသည်။
ကောင်းကင်ယံထက်မှ ကြည်လင်နေသော ပုံရိပ်ကို ကြည့်လိုက်သည်နှင့် မြူကောင်းကင်မြို့၏ ရင်ပြင်ကျယ်ကို မြင်နိုင်ပေလိမ့်မည်။
ဟာ...
ပရိတ်သတ်များက အံ့သြတသင့်ဖြင့် ပါးစပ်အဟောင်းသားပင် ဖြစ်နေကြလေသည်။ထိုပုံရိပ်လွှဲပြောင်းခြင်း အစီအရင်ဖန်တီးသည့် ပညာက အလွန်ပင်နက်နဲလှသည်။
ထိုအစီအရင်က ဆေးလုံးသန့်စင်ခြင်းထက် ခက်ခဲသည်ဟု ဆိုခြင်းက ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။ထိုပုံရိပ်လွှဲပြောင်းခြင်းအစီအရင်က တိုက်ခိုက်ရေးစွမ်းရည်မရှိသော်လည်း သာမန်အစီအရင်များထက် ပို၍ ခက်ခဲနက်ရှိုင်းပေသည်။
ထို့နောက် မဟာသခင် ရွှမ်ပေက ပြိုင်ပွဲအကြောင်းအရာများကို ဆက်လက်ပြောကြားနေခဲ့သည်။ကောင်းကင်ယံရှိ အလင်းလိုက်ကာပေါ်၌ ပြောင်းလဲမှု ဖြစ်ပေါ်လာပြီး နာမည်များပေါ်လာလေသည်။
ဘေးချင်းကပ်တည်ရှိနေသော နာမည်တစ်စုံစီက ပြိုင်ဘက်များဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။
"ကြည့်ရတာတော့ ငါတို့က ပထမ ပြိုင်ကွင်းနေရာမှာတတိယအချီကျမှ ပြိုင်ရမယ်ထင်တယ်...ပိုင်ရှင်ပု နင့်ရဲ့ ဟင်းပွဲအကြောင်းကို ဒီအမကြီးဘာလို့ မပြောပြရတာလဲ ..."
အန်းရှန့်က နူးညံ့သည့် အသံလေးဖြင့် မေးမြန်းလိုက်သည်။အန်းရှန့်၏ ခန္ဓာကိုယ်မှ မွှေးရနံ့များက သူ့ခန္ဓာကိုယ်ပေါ်သို့ လာရောက်ကျီစယ်သောကြောင့် ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။သူက အန်းရှန့်ကို လုံးဝ လျစ်လျူရှူထားလေသည်။
အားလုံးက သူတို့၏ ပြိုင်ပွဲအခြေအနေများကို သိပြီးသည်နှင့် သူတို့၏ ပြိုင်ကွင်းနေရာမှ စတင်ထွက်ခွာသွားကြသည်။ပြိုင်ပွဲစင်မြင့်ငါးခုရှိသောကြောင့် ပြိုင်ပွဲဝင်များကို ခွဲဝေနေရာချထားခဲ့သည်။ပြိုင်ပွဲဝင်တိုင်းက သူတို့၏ ပြိုင်ဘက်ကို တိုက်ထုတ်ပြီးအကောင်းဆုံး ပညာရှင်တစ်ယောက်ဖြစ်လာရန် ရည်ရွယ်ထားကြသည်။
ပုဖန်က တတိယပွဲစဉ်၌သာ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် သူ့၏ ဆိုင်းဘုတ်ကိုသယ်၍ ပြိုင်ပွဲနေရာမှ ထွက်လာခဲ့လိုက်သည်။
ဒီတစ်ကြိမ်၌မူ အန်းရှန့်က ပြိုင်ပွဲအတွက် သူ့ကိုယ်သူအလေးအနက်ထားပြင်ဆင်ရမည်ကို သိသောကြောင့် ပုဖန်နောက်သို့ လိုက်မသွားတော့ပေ။သို့မဟုတ် ပုဖန်၏ နောက်သို့လိုက်၍လည်း သူ့အားနည်းချက်များကို ရှာ၍ တွေ့နိုင်မည်မဟုတ်ကြောင်းသူမတွေ့ ရှိသွား၍ ဖြစ်ပေမည်။
ပုဖန် ပြိုင်ကွင်းဆီသို့ ပြန်လည်ကြည့်လိုက်စဉ်မှာပင် ရင်းနီးနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုသူအမျိုးသားတစ်ယောက်ထက်ပင် ကြံ့ခိုင်သန်စွမ်းသည့် ကြွက်သားများကို ပိုင်ဆိုင်ထားသည့် သူဖြစ်သည်။သူက မဟာသခင် ရွှမ်ပေ၏ တင်းကြပ်ပြင်းထန်သော လေ့ကျင့်မှုများကြောင့် ရက်အနည်းငယ်ပျောက်နေသည့် ယန်မိန်ကျီပင်ဖြစ်သည်။
သူမကလည်း ထိပ်သီးအယောက် ၁၀၀ ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။သူမ၏ ပြိုင်ဘက်က တော်တော်လေးလှသည့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သည်။သူမ၏ ပြိုင်ဘက်ကို အန်းရှန့်နှင့် နှိုင်းယှဉ်လိုက်လျှင်တော့ အရှိန်အဝါလျော့သွားသော်လည်း ယန်မိန်ကျီနှင့် နှိုင်းယှဉ်မည်ဆိုပါက ...အဟွတ် ...အဟွတ်
ပြိုင်ပွဲစတင်ပြီး မကြာခင်မှာပင် ယန်မိန်ကျီ၏ ပြိုင်ကွင်းနေရာကို ကြည့်နေသော သူများအားလုံး အံ့အားတသင့် ဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ပုဖန်၏ ဘေးတွင် ထိုင်နေသော နန်ကုန်းဝူချယ်၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ့ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။
"ကောင်းကင်ကမ္ဘာမြေမီးလျှံလား...ငရဲ ဘုရင်ကိုးပါးမီးလျှံ..."
နန်ကုန်းဝူချယ် လေအေးတစ်ချက်ရှုရှိုက်လိုက်မိသည်။သူ့မျက်နာပေါ်၌လည်း မယုံကြည်နိုင်ဟန် အထင်းသားပေါ်လွင်နေသည်။ထိုကောင်းကင်ကမ္ဘာမြေ မီးလျှံအမျိုးအစား ငရဲဘုရင်ကိုးပါးမီးလျှံက သူပိုင်ဆိုင်ခဲ့သည့် အရာဖြစ်သည်။သူ့၏ တွဲဘက်ဟူ၍ပင် ပြော၍ရေလေသည်။သို့သော်လည်းထိုခွေးအိုကြီး နန်ကုန်းရွှမ်ဟယ်က သူ့ဆီမှ လုယူသွားခဲ့သည်။သူ့၏ မီးလျှံကို ယခုအချိန်၌ ပြန်လည် မြင်ရလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့မိပေ။
နန်ကုန်းဝူချယ်၏ မျက်နာအမူအရာက တည်ကြည်လေးနက်လာသည်။
ငရဲဘုရင် က်ိုးပါးမီးလျှံက ယန်မိန်ကျီ၏ ဆေးလုံးသန့်စင်ခြင်း စွမ်းအင်ကို အဆုံးအစမဲ့ တိုးတက်လာစေသည်။
ငရဲဘုရင်ကိုးပါးမီးလျှံက ပြိုင်ဘက်၏ မီးလျှံကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီးတော့ လုံးဝ အပြတ်အသတ်အနိုင်ရကာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့သည်။
အောင်မြင်မှု ရရှိခဲ့ပြီးနောက် သူမ၏ နှလုံးသားထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။ပုဖန်ရပ်နေသည့် နေရာကို လှမ်းကြည့်လိုက်သည်။ရုတ်တရက် ပုဖန်ဘေးတွင် ရပ်နေသည့် နန်ကုန်းဝူချယ်ကိုပါ သတိပြုမိသွားပြီး သူမ၏ နှလုံးသားလေးက ပါးစပ်ထဲမှ ထွက်ကျလာတော့မလို ခုန်လှုပ်သွားလေသည်။
နန်ကုန်းသခင်လေးက ငါ့ကိုကြည့်နေတယ် ငါအရမ်းပဲ ထိရှသွားပြီ...
ယန်မိန်ကျီ၏ မျက်နာပေါ်၌ ရှက်ရွံ့သည့် အရိပ်အယောင်များပေါ်လာပြီးနောက် သူပြိုင်ကွင်းထဲမှ အလျှင်စလို ပြေးထွက်သွားလေသည်။
ကြည့်ရှုနေသူ ပရိတ်သတ်များပင်လျှင် ကြောင်အသွားမိကြသည်။
ပြိုင်ပွဲများက အတော်လေးလျှင်မြန်လှသောကြောင့် ပုဖန်၏ အလှည့်သို့ မြန်မြန်ဆန်ဆန်ရောက်ရှိလာလေသည်။
ပုဖန်က မတ်တပ်ထရပ်လိုက်ပြီးနောက် သူ့၏ ဆိုင်းဘုတ်ကိုပါအပါသယ်၍ ပထမပြိုင်ကွင်းစင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။
"ပိုင်ရှင်ပု မင်းအကောင်းဆုံးကြိုးစားနော် အဲ့ဒီ ရင်သားကြီးကြီးအန်းကို ရှုံးရတာက ရှက်စရာမဟုတ်ဘူး..."
နန်ကုန်းဝူချယ်က စိတ်လှုပ်တရှားဖြင့် အော်ဟစ်အားပေးနေလေသည်။ပုဖန်သူ့မျက်နာကိုဖြတ်ရိုက်ချင်စိတ်ဖြင့် စူးစူးရဲရဲကြည့်လိုက်သည်။
ဒီကောင်ကတော့ ဘယ်သူကို အားပေးနေတာလဲ...
ပုဖန် စင်မြင့်ပေါ်သို့ ရောက်သွားသည်နှင့် ပရိတ်သတ်များက တက်ကြွလာကြသည်။လူများစွာကလည်း ပထမပြိုင်ကွင်းရှိရာဆီသို့ အလျှင်စလို ရောက်လာကြလေ၏။
သူက အဂ္ဂိရတ်ပညာရှင်များထဲမှ တစ်ယောက်တည်းသော စားဖိုမှူးဖြစ်သည်။အရမ်းစိတ်လှုပ်ရှားစရာကောင်းလှပေသည်။
"နောက်ဆုံးတော့ သူအလှည့်ရောက်လာပြီ ဟား...ဟား...ဟား...
"အဂ္ဂိရတ်ပညာရှင်များရဲ့ ဘုံရန်သူ အဂ္ဂိရတ်ပညာရှင်များအားလုံးကို အကြောက်တရားနှင့် တုန်လှုပ်သွားစေရမယ်..."
"ပိုင်ရှင်ပု ဖန်တီးမယ့် ထူးဆန်းအံ့သြဖွယ်ရာဟင်းပွဲတွေကိုတော့ စောင့်မျှော်ပြမိပြီ စားဖိုမှူးတစ်ယောက်ကသာ ထိပ်သီး ၅၀ ထဲကို ဝင်သွားနိုင်မယ်ဆိုရင်တော့ ဘယ်လောက်တောင်များ ရင်သက်ရှုမောစရာကောင်းလိုက်မလဲ..."
ပရိတ်သတ်များက ပြိုင်ပွဲ၏ ဖျက်မြင်းတစ်ကောင်ဖြစ်သော ပုဖန်ဘက်မှနေ၍ အပြည့်အဝ ထောက်ခံအားပေးနေကြလေသည်။ထိုသူများက ပုဖန်၏ ပြိုင်ဘက်မည်သူမှန်းမသိသေးသောကြောင့် စိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်။
လက်တစ်ဖက်စာ လူနည်းစုသာလျှင် ပုဖန်၏ ပြိုင်ဘက်က မှော်ကဝေအန်းရှန့်ဖြစ်ကြောင်း သိထားကြပေသည်။
လှပလှသော ပုံရိပ်လေးတစ်ခုက ပြိုင်ပွဲစင်မြင့်ဆီသ်ို့ ဝင်ရောက်လာသောအခါတွင် ပရ်ိတ်သတ်များအားလုံး ကြောင်အတိတ်ဆိတ်သွားကြလေသည်။
အချိန်ခဏတွင်းမှာပင် ပရိတ်သတ်များကြားထဲ၌ ဆွေးနွေးပြောဆိုမှုများ ရုန်းကြွလာလေ၏။
"ဘုရားရေ ပိုင်ရှင်ပုရဲ့ ပြိုင်ဘက်က မှော်ကဝေအန်းရှန့်လား ..."
"ပဉ္စလက်စုဝေးပွဲရဲ့ အကြီးဆုံးဖျက်မြင်း အဂ္ဂိရတ်ပညာရှင်များရဲ့ ဘုံရန်သူတစ်ယောက်က မှော်ကဝေအန်းရှန့်ရဲ့ အလဲထိုး အနိုင်ယူခြင်းကို ခံရတော့မှာလား..."