အပိုင်း ၅၁၆
Viewers 62k

အခန်း ၅၁၆

ငါ့ရဲ့အဖိုးတန်တပည့်မလေးတော့ သွေးဆောင်ဖြားယောင်းခံလိုက်ရပြီ...


သူဆီသို့ လေပြင်းတစ်ချက်ရိုက်ခတ်လာသောကြောင့် ဒိုင်လူကြီးချုပ် ခေါင်းမော့ကြည့်လိုက်သည်။သူရှိရာဆီသို့တည့်တည့်မတ်မတ်ပျံသန်းလာသော ဆေးမီးဖိုကို မြင်လိုက်ရလေ၏။


လခွမ်း...


သူအသက်ရှုများပင်ရပ်လိုက်မိပြီး ခန္ဓာကိုယ်တစ်လျှောက် ကြက်သီးမွှေးညှင်းများထောင်ထသွားလေသည်။ထိုမီးဖိုပျံကို မြင်လိုက်သည့်ခဏ၌ အေးစက်လှသော ရေခဲကန်ထဲသို့ နစ်မြှုပ်သွားခြင်းခံရသလို သူမျက်ဝန်းထဲ၌ ကြောက်ရွံ့မှုများပြည့်သွားလေသည်။


ပျံသန်းလာသော ထိုမီးဖိုက နှိုင်းယှဉ်၍ မရအောင် လေးလံရုံသာမက သူ့၏ အရောင်ကလည်းနီရဲနေသေးသည်။ထိုအချင်းအရာက အပူချိန် မည်မျှမြင့်မားကြောင်းကို ပြသနေပေသည်။


မီးဖိုပျံ၏ ပတ်လည်၌ ဆေးမီးတောက်များ လောင်ကျွမ်းနေဆဲရှိသလို မီးဖိုဆီက အပူငွေ့များကလည်း လာဟပ်နေသည်။လောင်နေသောစွမ်းအင်လှိုင်းများကလည်း သူမျက်နာဆီသို့ လာရောက်ရိုက်ခတ်နေလေသည်။ဒိုင်လူကြီး၏ မျက်နာ၌ ကြောက်ရွံ့အံ့သြမှုပြည့်နှက်နေပြီး ပါးစပ်အဟောင်းသားဖြစ်နေမိသည်။


"ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ..."


ဆေးမီးဖိုက ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ရစ်ပတ်နေသည့် ဆေးမီးတောက်များက တစ်စစီ ကွဲပြန့်သွားကာ ပေါက်ကွဲသွားလေသည်။


"ဆေးမီးဖို ပေါက်ကွဲသွားတာလား...သောက်ကျိုးနဲ နတ်ဘုရားမလေးရဲ့ ဆေးမီးဖိုက ဘယ်လိုဖြစ်ပြီး ပေါက်ကွဲသွားရတာလဲ...ဒါဆိုရင် နတ်ဘုရားမလေးအန်း ရှုံးသွားတာလား..."


အလင်းရောင်များတောက်ပနေသည့် မီးလျှံများကို ကြည့်ရှုနေကြသော ပရိတ်သတ်များက ထိတ်လန့်သွားကြသည်။


ကွဲကြေသွားသော မီးဖိုအပိုင်းအစများကိုကြည့်၍ သူတို့ မေးရိုးပြုတ်မတက် ပါးစပ်အဟောင်းသားဖြစ်နေသည်။ကွင်းပြင်ထဲမှ အဂ္ဂိရတ်ပညာရှင်များစွာက ပထမဦးဆုံးအကြိမ် မီးဖိုပေါက်ကွဲခြင်းကို မျက်ဝါးထင်ထင်တွေ့မြင်ရခြင်းဖြစ်သည်။


ပြိုင်ပွဲထဲမှ ဖျက်မြင်းတစ်ကောင်ဖြစ်သော စားဖိုမှူးက သူပြိုင်ဘက် အဂ္ဂိရတ်ပညာရှင်များ၏ မီးဖိုကို ပေါက်ကွဲအောင် ပြုလုပ်သည်ကို ကြားဖူးသော်လည်း သူတို့ကိုယ်တိုင်ကိုယ်ကျ ယခုမှ ကြုံတွေ့ရခြင်းဖြစ်သည်။


ပုဖန်က သူတို့၏ နှလုံးသားများကို တုန်ယင်သွားစေသည်။မှော်ကဝေအန်းရှန့်ပင်လျှင် ပုဖန်နှင့် ရင်ဆိုင်သည့်အချိန်၌ သူမ၏ ဆေးမီးဖို ပေါက်ကွဲသွားခဲ့သည်။


"သူက ဘာလို့ ဒီလောက်တောင်သန်မာနေရတာလဲ... ကောင်းကင်ဘုံကိုပဲ ပျံတက်သွားလိုက်ပါတော့လား ..."


ပြပွဲကောင်းတစ်ခုကို ကြည့်ရှုနေရာမှ ရုတ်တရက် လန့်နိုးလာသလိုမျိုး မျက်လုံးများ ပြူးကျယ်နေလေ၏။လေထုက ကသိကအောင့်ဖြစ်နေလေသည်။


မှော်ကဝေအန်းရှန့်၏ ခန္ဓာကိုယ်မှ စွမ်းအင်အတက်အကျလှိုင်းများ ဖြာထွက်နေသည်။မစည်းနှောင်ထားသည့် သူမ၏ ဆံနွယ်များကလည်း လေအရှိန်နှင့် တဖျက်ဖျက်လွင့်ခါနေ၏။


"အား ရား....သူက အဂ္ဂိရတ်ပညာရှင်များရဲ့ ဘုံရန်သူဆိုတဲ့ နာမည်နဲ့ တကယ်ပဲ ထိုက်တန်တယ်...ဒီအနံ့တွေရဲ့ အလယ်မှာ ဘယ်အဂ္ဂိရတ်ပညာရှင်တွေကများ ဆေးလုံးသန့်စင်နိုင်မလဲ..."


မှော်ကဝေအန်းရှန့်က နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီးနောက် သူမ၏။ မျက်နာချင်းဆိုင်ဘက်၌ မျက်နာအမူအရာ အပြောင်းအလဲမရှိ ရှိနေသည့် ပုဖန်ကို ခေါင်းမော့ကြည့်လိုက်သည်။


ပုဖန်၏ ဘေးနား၌ အဆက်မပြတ် တိုးပွားနေသည့် မီးခိုးငွေ့များကလည်း သူမကို စပ်စုချင်စိတ်များဖြစ်ပေါ်လာစေသည်။


"သူက ထိပ်တန်းဟင်းပွဲ လုပ်နေတာများ ဖြစ်နိုင်လား...ဒါပေမယ့် ဒါက အသားကင်တွေပဲ မဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီးတော့ ထိပ်တန်းအကောင်းဆုံးဟင်းပွဲ ဖြစ်နိုင်ပါ့မလဲ..."


ပြုလုပ်နေသည်က အသားကင်သီတံ တစ်ခုဆိုသော်လည်း ထွက်ပေါ်လာသည့် ရနံ့ကတော့ တကယ်ကို ပြင်းထန်လှသည်။အန်းရှန့်၏ နှုတ်ခမ်းပါးလေးများပင် စတင် တုန်ခါလာသည်။သူမလက်ပိုက်လိုက်ပြီးနောက် ပုဖန်၏ ဘေးဆီသို့ ပျံသွားလိုက်သည်။


အဟွတ်...အဟွတ်...


ဒိုင်လူကြီးချုပ်၏ အခြေအနေက တကယ့်ကို သနားစရာကောင်းလှသည်။သူ့ခန္ဓာကိုယ်ကို မီးခိုးငွေ့များဖုံးလွှမ်းနေသည်ကို တွေ့လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်း၍ အခိုးအငွေ့များကို ဖယ်ရှားလိုက်သည်။


သူချောင်းအနည်းငယ်ဆိုးလိုက်ပြီးနောက် မျက်ရည်အဝိုင်းသားဖြစ်သွားလေသည်။သူက အဆင့် ၃ဆင့် ချိုးဖောက်ပြီးသည့် မသေမျိုးခန္ဓာပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ဆေးမီးဖိုပေါက်ကွဲခြင်းက သူ့ကိုထိခိုက်ဒဏ်ရာရဖို့ မဖြစ်နိုင်ပေ။ထိုတိုက်ခိုက်မှုကို ကြိုတင်မျှော်လင့်ထားခြင်းမရှိဆိုသော်လည်း သူ့၏ အစစ်အမှန်စွမ်းအင်များကို ခန္ဓာကိုယ်ပတ်ပတ်လည်ကို ကာကွယ်လိုက်ပြီး ပေါက်ကွဲမှုမှ လွတ်မြောက်စေခဲ့သည်။


မီးဖိုပေါက်ကွဲမှုကြောင့် ဒဏ်ရာမရခဲ့ဘူးဆိုသော်လည်း သူ့၏ အသွင်အပြင်ကတော့ ပေညစ်ရှုပ်ပွနေပေသည်။မီးဖိုပေါက်ကွဲမှုဒဏ်ကို ခံရပြီးနောက် စင်ပေါ်မှ ရပ်နေရခြင်းကို ရှက်ရွံ့မှု အနည်းငယ်ခံစားရလေသည်။


အန်းရှန့်က လက်ပိုက်၍ ဒိုင်လူကြီးဆီသို့ ကြည့်လိုက်သည်။ထိုသူ၏ ဆံပင်များက မီးခိုးရောင် နက်မှောင်နေပြီး အသက်ရှုထုတ်လိုက်တိုင်းလည်း မီးခိုးငွေ့များထွက်ပေါ်နေလေသည်။


ဒိုင်လူကြီးချုပ်ကို တောင်းပန်ဟန် တစ်ချက်ကြည့်လိုက်သော်လည်း အကြည့်ထဲ၌ လှောင်ပြောင်မှုများလည်း အနည်းငယ် စွက်နေသေးသည်။ထို့နောက် သိချင်စိတ်ပြင်းပြသည့် မျက်နာဖြင့် ပုဖန်၏ စင်မြင့်ဆီသို့သာ ပျံသန်းသွားလိုက်တော့သည်။


"ဒီကောင်မလေးကတော့ ..."


ဒိုင်လူကြီးချုပ်လည်း ရယ်ရမလို ငိုရမလို ဖြစ်နေလေသည်။သူတို့၏ မီးဖိုပေါက်ကွဲသွားပြီးနောက် ထိုပြိုင်ပွဲကို ဆုံးရှုံးသွားပြီဟု ယူဆရပေသည်။သူပထမဦးဆုံး အနေဖြင့် အမူအရာမပျက်ရှုံးသွားသည့် သူမျိုးကို မြင်ဖူးခြင်းဖြစ်သည်။


သူက သူ့၏ ဆေးမီးဖိုကိုပင် ဒိုင်လူကြီးရှိရာဆီသို့ ကိုယ်တိုင် ရိုက်ထုတ်လိုက်ပြီး ပေါက်ကွဲစေခဲ့သည်။ဒါက တကယ့်ကို များလွန်းသည်။


ဒီဒိုင်လူကြီးကများ မင်းကို နှောင့်ယှက်ခဲ့မိလို့လား ဒါမှမဟုတ် ငါကို ဘာမဆို လုပ်လို့ရတယ်လို့ ထင်နေတာလား...


အန်းရှန့်က သူမ၏ အရှုံးအနိုင်ကို ဂရုမစိုက်ပုံရလေသည်။ထိုအစားသူက ပုဖန်ဘေးနား၌ ရပ်၍ မျက်လုံးတောက်တောက်များဖြင့် ဟင်းပွဲကို မနားတမ်းစိုက်ကြည့်နေလေသည်။


"နင့်ရဲ့ အကောင်းတကာ့အကောင်းဆုံး ထိပ်တန်းဟင်းပွဲပေါ့ ဟုတ်လား ..."


အန်းရှန့်ကထူးဆန်းသည့် အမူအရာဖြင့် မေးလိုက်သည်။အဆုံးသတ်ပြင်ဆင်နေသော ပုဖန်က အန်းရှန့်၏စကားကို ကြားလိုက်သောကြောင့် အံ့အားသင့်သွားသည်။သူအရှေ့၌ ရပ်နေသည့် သူမကို လှည့်ကြည့်လိုက်လေသည်။


"မင်းကဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ..."


ပုဖန်၏ မျက်ဝန်းထဲ၌ သင်္ကာမကင်းမှုများပြည့်နှက်သွားလေသည်။


သူက ဆေးလုံးသန့်စင်နေသင့်တာ မဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီး သူရဲ့ စင်မြင့်ဆီ ရောက်လာတာလဲ...


ပုဖန်က သူမကိုကျော်၍ သူမ၏ စင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။ထိုနေရာ၌ လုံးဝ ပြောင်ရှင်းနေပေသည်။စင်မြင့်နှင့် အနီး၌ တစ်ကိုယ်လုံး ကျပ်ခိုးများစွဲနေသည့် ဒိုင်လူကြီးသာ ရပ်နေလေသည်။


ဒိုင်လူကြီးက ပြိုင်ပွဲဝင်နှစ်ယောက်စလုံးကို မယုံနိုင်ဟန် အကြည့်များဖြင့် ငေးနေလေသည်။


"ကြည့်ရတာတော့ မင်းရဲ့ မီးဖိုပေါက်ကွဲသွားပုံပဲ..."


ပုဖန်က ထူးဆန်းသည့် အမူအရာနှင့် အန်းရှန့်က်ိုကြည့်လိုက်ပြီး သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထိုအပြုံးက ကြိတ်မှိတ်၍ ပြုံးပြလိုက်ပုံနှင့် တူလေသည်။အန်းရှန့်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။


"ဟမ်း...ငါ့ရဲ့ မီးဖ်ိုပေါက်ကွဲသွားတော့ကော ဘာဖြစ်လဲ နင်ကငါ့က်ို အထင်လာသေးနေတာလား...ထူးချွန်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေနဲ့ မီးဖိုအနည်းငယ်လောက် ပေါက်ကွဲတာက ငါအတွက်မထူးဆန်းဘူး...မီးဖိုအသေးလေးတစ်ခု ပေါက်ကွဲသွားတာနဲ့ ငါ့ကိုလာလှောင်မနေနဲ့ ..."


အန်းရှန့်က မောက်မာဟန်အပြည့်ဖြင့် လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။သူ့အကြည့်များကမူ ပုဖန်ပြင်ဆင်ထားသည့် အသားကင်သီတံများပေါ်တွင်သာ ကျရောက်နေသည်။ထိုရနံ့မွှေးမွှေးလေးများက သူမ၏ စားချင်စိတ်ကို ဆွဲဆောင်နေပြီး တံတွေးအနိုင်နိုင် မျိုချနေရလေသည်။


"မွှေးလိုက်တာ အရသာရှိမယ့်ပုံပဲ..."


......


"အဲ့ဒီကလေးမ ဘာလုပ်နေတာလဲ..."


မဟာသခင်ကုဟယ်၏ မျက်နာပေါ်၌ ခါးသီးလှသည့် အပြုံးတစ်ခုရှိနေသည်။သူက ပုဖန်၏ စင်မြင့်ဆီသို့ အလျင်စလိုပြေးဆင်းသွားသည့် အန်းရှန့်ကိုကြည့်၍ ကြောင်အနေလေသည်။


ဆေးမီးဖိုပေါက်ကွဲသွားတယ် ဒီကောင်မလေးက သူ့ရဲ့ မီးဖိုကိုတောင် ပေါက်ကွဲသွားအောင် လုပ်ပစ်လိုက်တယ်...


မဟာသခင်ကုဟယ် သတ်ိပြန်ဝင်လာပြီး သူ့ရင်ဘတ်များပင် တုန်ခါလာလေသည်။သူ့၏ မျက်နာကို တစ်စုံတစ်ယောက်က ဖြတ်ရိုက်လိုက်သလိုမျိုးခံစားနေရသည်။


သူ့ဘေးနားရှိနေသော မဟာသခင်များက သူ့ဆီသ်ို့ လှည့်ကြည့်လာကြသည်။ထို့ကြောင့် သူအလွန်အမင်းမသက်မသာ ခံစားလာမိသည်။


"ဒီကလေးမကတော့လေ တကယ်ကို ဂရုမစိုက်လုပ်နေတာပဲ...သူ့ရဲ့ ဆေးမီးဖိုက ဆေးလုံးဆောက်အဦးမှာ ဆေးသန့်စင်တဲ့ အချိန်မှာလည်းပေါက်ကွဲနေကြပဲထူးဆန်းတာမျိုးတော့မဟုတ်ပါဘူး...ခင်ဗျားတို့ တစ်ကြိမ်ကြုံပြီးသွားတာနဲ့ ရိုးသွားလိမ့်မယ်..."


မဟာသခင်ကုဟယ်က ချောင်းခြောက်ဆိုးလိုက်ပြီးနောက် အလျှင်အမြန်ရှင်းပြလိုက်သည်။သူက လျှင်မြန်စွာပင် အကျိုးသင့်အကြောင်းသင့်တွေးလိုက်မိသော်လည်း သူမျက်နာကတော့ ရှက်ရွံ့မှုဖြင့် နီရဲနေသေးသည်။ထို့အပြင် သူ့၏ နှလုံးသားထဲ၌လည်း ထိတ်လန့်မှုများပြည့်နှက်နေလေသည်။


ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူ့ရဲ့ မီးဖိုက ဘယ်လိုဖြစ်ပြီး ပေါက်ကွဲနိုင်မှာလဲ...သူမက ဂရုမစိုက်လုပ်တက်သည်ဆိုသော်လည်း သူ့၏ အဂ္ဂိရတ်ပညာရှင်အရည်အချင်းက တော်တော်လေးကောင်းမွန်လှပေသည်။


ထို့အပြင် သူမ၏ စိတ်စွမ်းအားက သန်မာလှလေရာ မီးဖိုပေါက်ကွဲသွားဖို့ မဖြစ်နိုင်ပေ။


ဒါမှမဟုတ် တစ်စုံတစ်ရာ သက်ရောက်မှုကြောင့် ဖြစ်နိုင်မလား...ဒီစားဖိုမှူးပဲဖြစ်မယ်...


မဟာသခင်ကုဟယ်က ပုဖန်၏ စင်မြင့်ရှေ့တွင် အစားအစာများကို ဆာလောင်မွတ်သိပ်နေသည့် မျက်ဝန်းဖြင့် ကြည့်နေသော အန်းရှန့်ကိုကြည့်၍ သူနှလုံးသားက လွှတ်ပစ်ခံလိုက်ရသလို မငြိမ်မသက်ဖြစ်သွားလေသည်။သူ့ရဲ့ အဖိုးတန်တပည့်လေးက ဖြားယောင်းသွေးဆောင်ခံလိုက်ရပြီဟု ခံစားမိလေသည်။


"ဒါတွေအားလုံးက ဟိုစားဖိုမှူးကြောင့်ပဲ ဖြစ်ရမယ် မင်းတို့အားလုံး လေထဲက မွှေးရနံ့တွေကို ရတယ်မဟုတ်လား...အဲ့ဒီအနံ့က တကယ့်ကို သာမန်မဟုတ်ဘူး...ဒီလူအိုကြီးက အဲ့ဒီလိုဆွဲဆောင်မှုရှိတဲ့ မွှေးရနံ့မျိုးကို ပထမဦးဆုံးရဖူးတာပဲ...မဟာသခင်ရွှမ်မင်က မျက်ဝန်းတောက်တောက်များဖြင့် စိတ်လှုပ်ရှားစွာပြောလိုက်သည်။


မဟာသခင်များကလည်း သဘောတူလိုက်ကြ၏။


"ငါတို့က အဲ့ဒီစင်မြင့်နဲ့ အဝေးကြီးမှာ ထိုင်နေတာတောင်မှ ဒီအထိ လွင့်ပြယ်လာတဲ့ ရနံ့ကတောင်မွှေးလွန်းနေသေးတယ်...ဒီကလေးမလေး အန်းရှန့်က စားဖိုမှူးနဲ့ စင်မြင့်တစ်ခုထဲမှာ ပြိုင်နေကြတာလေ...အဲ့ဒီနေရာမှာ မွှေးရနံ့တွေက သိပ်သည်းပြင်းထန်နေမှာပဲ ...သူ မွှေးရနံ့တွေရဲ့ နှောင့်ယှက်မှုကြောင့် သူ့ရဲ့ မီးဖိုကို ကောင်းကောင်းမထိန်းသိမ်းနိုင်တော့ပဲ ပေါက်ကွဲသွားတာပဲ ဖြစ်မယ်..."


မဟာသခင်ရွှမ်မင်က ပုဖန်ကိုစိုက်ကြည့်၍ ပြောလိုက်သည်။သူ့၏ အမူအရာကလည်း ပထမဦးဆုံးအကြိမ်နဲ့ အလေးအနက်အမူအရာအဖြစ်သို့ ပြောင်းလဲသွားလေသည်။


"ဒီစားဖိုမှူးက လုံးဝ သာမန်စားဖိုမှူးတစ်ယောက်မဟုတ်ဘူး..."


ယခုပွဲ၌ ထိုစားဖိုမှူးက လုံးဝ အောင်ပွဲခံနိုင်နေပေပြီ။သူ့၏ ဟင်းပွဲက အမှတ် ၁ဆေးလုံးနှင့် ယှဉ်နိုင်သရွေ့ သူ နောက်ထပ်အဆင့်သို့ တက်ရောက်ခွင့်ရနိုင်ပေပြီ။


"အနောက်ကို နည်းနည်းဆုတ် ငါနဲ့ ဝေးဝေးမှာနေ ငါတို့က ပြိုင်ဆိုင်နေတဲ့ ပြိုင်ဘက်တွေ..."


အန်းရှန့်ကို တစ်ချက်ကြည့်ရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။သူက ပြောပြီးသည်နှင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လှည့်လိုက်ပြီး သံဆန်ကာကွက်ပေါ်မှ သီတံများကို ကောက်ယူလိုက်သည်။


သူစားပွဲပေါ်မှာ တင်ထားသည့် ပန်းကန်ပြားထဲသို့ သီတံများကို တင်လိုက်ပြီးနောက် အရင်းမှနေ၍ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။ထို့နောက် လက်တစ်ဖက်ဖြင့် ထိုးသီထားသည့် ပါဝင်ပစ္စည်းများကို တွန်း၍ ဝါးတံများကို ဆွဲထုတ်လိုက်သည်။


သူဟင်းခတ်အမွှေးအကြိုင်အမှုန့်များကို လက်ဖြင့် ဆုပ်ယူလိုက်ပြီးနောက် အသားကင်များပေါ်သို့ ဖြူးလိုက်သည်။သူ့၏ လှုပ်ရှားမှုက အနုစိတ်ကျနချောမွတ်နေပြီး ကြည့်၍ ကောင်းလှပေသည်။


သူက လတ်ဆတ်သည့် စိတ်ဝိညာဉ် သစ်သီးတစ်ချို့ကို ယူ၍ လှပစွာ ပုံဖော်လိုက်ပြီး ပန်းကန်ထဲ ထည့်လိုက်သည်။သူ့၏ အဆင့်မြင့် သားရဲ အသားကင် ဟင်းပွဲ ပြီးဆုံးသွားလေပြီ။အသားသီတံများကိုလည်းယူ၍ ထိုပုံစံအတူအတိုင်း ပြင်ဆင်လိုက်သည်။


"မထိနဲ့ ဒီဟင်းပွဲက ငါ့ပြိုင်ပွဲအတွက်..."


သူပန်းကန်နားသို့ တရွေ့ရွေ့တိုးကပ်လာသည့် အန်းရှန့်၏ လက်ကိုဖမ်း၍ ပြောလိုက်သည်။အန်းရှန့်က နှုတ်ခမ်းကိုကိုက်၍ ပုဖန်ကို ဆိုးဆိုးရွားရွားအော်လိုက်သည်။


"ငါက မြည်းကြည့်ယုံပဲလေ ငါ့ရဲ့ ဆေးလုံးသန့်စင်မှုက နင့်ဟင်းပွဲကြောင့် ဆုံးရှုံးသွားတာလေ ဒါတောင်မှ ငါ့ကို ပေးမမြည်းဘူးဆိုရင်တော့ နင်တော်တော်များသွားပြီ..."


ပုဖန် စကားတစ်ခွန်းမှမဆိုနိုင်ပဲ မျက်နာသေဖြင့်သာ ကြည့်ရုံ ကြည့်နေနိုင်တော့သည်။


"ငါထင်တာတော့ နင်ရဲ့ မီးဖိုပေါက်ကွဲမှုကို နင်ဂရုမစိုက်ဘူးမဟုတ်ဘူးလား...ပြီးတော့ နင်မီးဖိုပေါက်ကွဲသွားတာ နင်စိတ်ပြန့်လွင့်သွားလို့လေဒါက နင်အာရုံစူးစိုက်မှုလိုသေးတယ်ဆိုတာကို ပြနေတာပဲ ပိုပြီးတော့ လေ့ကျင့်သင့်တယ်..."


"ကျုပ်ရဲ့ ဟင်းပွဲက ပြီးသွားပြီ အခု ခင်ဗျားလာပြီးတော့ စစ်ဆေးကြည့်နိုင်ပြီ..."


စိတ်ဓာတ်ကျနေသည့် ဒိုင်လူကြီးချုပ်က ပုဖန်၏ စကားကို ကြားလိုက်သည်နှင့် ပြန်လည်၍ အသက်ဝင်လာလေသည်။သူက ကျပ်ခိုးပေနေသောမျက်နာဖြင့်ပင် ပုဖန်ဆီသို့လျှောက်လာသည်။


အန်းရှန့်က အခိုးအငွေ့များထွက်နေဆဲဖြစ်သည့် ဒိုင်လူကြီး၏ ဆံပင်ကောက်ကောက်များကိုကြည့်၍ အနည်းငယ်ရှက်ရွံ့မှုကို ခံစားလိုက်ရပြီးနောက် ခြောက်ခြောက်ကပ်ကပ်ရယ်မောလိုက်၏။ဒိုင်လူကြီးချုပ်က ကြေကွဲနေသည့် အမူအရာနင့် သူမဘက်သို့လှည့်ကြည့်လိုက်သည်။


"ဒီကောင်မလေးကတော့ ..."


သူ့၏ အကြည့်များက ပုဖန်၏ ဟင်းပွဲဆီသို့ ကျရောက်သွားပြီးနောက် ဝမ်းနည်းမှုများက လျှင်မြန်စွာကျရောက်သွားပေသည်။ဟင်းပွဲက သူ့၏ မျက်ဝန်းများကို တောက်ပလင်းလက်သွားစေသည်။သူ အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်သည်။


"ဒီဟင်းပွဲကို ဘယ်လိုခေါ်လဲ ..."


ဒိုင်လူကြီးမင်းက စူးစမ်းမှုအပြည့်ဖြင့်မေးလိုက်သည်။ဒီတစ်ကြိမ်၌ ဟင်းပွဲအများကြီးရှိနေပေသည်။အမျိုးမျိုးသောပါဝင်ပစ္စည်းများ အမျိုးမျိုးသော အမယ်များ စုံလင်သည့် ဟင်းပွဲကိုးပွဲ ပြင်ဆင်ထားလေသည်။


ထိုဟင်းပွဲများကြား၍ ပြုလုပ်ထားသည့် နည်းလမ်းပုံသဏ္ဍာန်ကတော့ တူညီနေပေသည်။ထို့အပြင် ဟင်းပွဲကိုးပွဲ၏ ဆက်သွယ်ချက်ကလည်း ထူးဆန်းအံ့သြဖွယ်ရာကောင်းလှပေသည်။ဟင်းပွဲကိုးပွဲ၏ ပတ်ပတ်လည်၌ စိတ်ဝိတ်ညာဉ် စွမ်းအင်များရစ်ဝဲနေလေသည်။


ဟင်းပွဲများကြား၌ မမြင်နိုင်သည့် မုန်တိုင်းငယ်တစ်ခု တိုက်ခိုက်နေသလိုမျိုး ကြည့်လိုက်သည်နှင့် ထူးခြားဆန်းကြယ်သည့် ခံစားချက်မျိုးကို ပေးစွမ်းလေသည်။


"ဒီဟင်းပွဲတွေက နာမည်မရှိဘူး သူတို့ကို အသားကင်လို့ပဲ ခေါ်လိုက်လို့ရတယ်..."


ပုဖန်က အေးဆေးစွာပင် ပြောလိုက်သည်။သူပြောပြီးသည်နှင့် သူ့၏ စင်မြင့်ရှေ့တွင် ချထားသော ဆိုင်းဘုတ်ကိုကိုင်မြောက်လိုက်ပြီးနောက် တိမ်ခိုးစားသောက်ဆိုင်ကြော်ငြာခြင်းလုပ်ငန်းကို စတင်လိုက်သည်။ဒိုင်လူကြီးမင်းလည်း စွံ့အသွားလေသည်။


"သူက နောက်ထက် ကြော်ငြာမှု လုပ်နေပြန်ပြီလား..."


အန်းရှန့်က ပါးစပ်ကို အသာကာ၍ တခစ်ခစ်ရယ်မောလိုက်သည်။ရုတ်တရက် ပုဖန်က ချစ်စရာကောင်းသည်ဟု ထင်မြင်လာမိသည်။ပရိတ်သတ်များကလည်း ပုဖန်၏ ကြော်ငြာမှုကို ကြားသည်နှင့် ရယ်မောလိုက်ကြသည်။သို့သော် ဒီတစ်ကြိမ်ရယ်မောမှု၌ လှောင်ပြောင်မှုများ ပါဝင်မနေတော့ပေ။


ပုဖန်က စိတ်ဝင်စားမှုကောင်းသည်ဟု တွေးမိသောကြောင့်သာဖြစ်သည်။


"မှော်ကဝေအန်းရှန့်ကို အနိုင်ယူခဲ့တဲ့ စားဖိုမှူးတစ်ယောက်ပိုင်ဆ်ိုင်သော စားသောက်ဆိုင်..."


သူတို့နှလုံးသားထဲ၌ မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်ထွက်လာပေသည်။


ဒိုင်လူကြီးချုပ်က ပုဖန်၏ ကြော်ငြာမှုကို ပြီးဆုံးအောင်စောင့်ပြီးနောက် တူကို ကောက်ကိုင်လိုက်သည်။သူ ဟင်းပွဲများကို မြည်းဖို့ရန် မစောင့်နိုင်တော့ပေ။အငွေ့အသက်များက ပြိုင်ပွဲတစ်ခုလုံးကိုပင် ဖုံးလွှမ်းနေသည်။


"ဒီလောက်မွှေးတဲ့ ဟင်းပွဲတွေကို ဘယ်လိုများ မြည်းစမ်းရပါ့မလဲ..."


သို့သော်လည်း ဒိုင်လူကြီးချုပ်၏ တူတစ်စုံက ဟင်းခွက်ထဲ မရောက်ခင်မှာပင် အသံတစ်ခု ပြိုင်ကွင်းကို ဖြတ်သန်း ထွက်ပေါ်လာလေသည်။


"ဒိုင်လူကြီးချုပ် အဲ့ဒီ ဟင်းပွဲကို ဒီကိုယူလာခဲ့ ဒီတစ်ပွဲကို ငါကိုယ်တိုင် အကဲဖြတ်မယ်..


အကဲဖြတ်ထိုင်ခုံတွင်ထိုင်နေသော မဟာသခင်ရွှမ်မင်၏ အကြည့်များက တောက်ပလင်းလက်နေသည့် ဟင်းပွဲကိုးပွဲပေါ်တွင် ကျရောက်နေသည်။သူ့၏ ဘေးနားတွင်ထိုင်နေကြသောမဟာသခင်များ၏ မျက်နာကလည်း တည်ငြိမ်လေးနက်နေကြ၏။သူတို့က မဟာသခင်ရွှမ်မင်၏ ညွှန်ကြားချက်များကို သဘောတူခောင်းညိတ်လိုက်ကြလေသည်။


ဒိုင်လူကြီးချုပ်က အံ့အားသင့်သွားပြီး အကဲဖြတ်ထိုင်ခုံများဆီသို့ လှမ်းကြည့်လိုက်မိသည်။သူ့၏ နှလုံးသားထဲ၌လည်းတုန်ခါသွားလေသည်။


ထိုသူများက တကယ့်ကိုအရှက်မရှိကြပေ။ထုတ်ကုန်များကို အကဲဖြတ်သည်က ဒိုင်လူကြီးများ၏ အလုပ်သာဖြစ်သည်။