အပိုင်း ၅၁၇
Viewers 52k

အခန်း ၅၁၇

လူသောင်းချီက မင်းကိုကြည့်နေတယ်...


ထိုမျှအရှက်မဲ့သည့် သူမျိုးကို သူတခါမှ မကြုံခဲ့ဖူးပေ။ဟင်းပွဲမြည်းရမည့်သူက သူသာလျှင် ဖြစ်ပေသည်။


ဒိုင်လူကြီးမင်းတွေက ဘာလို့ ဟင်းပွဲမြည်းရမယ့်အခွင့်အရေးကို ဘာလို့ သူနဲ့လာလုချင်နေရတာလဲ...ဘာလို့ လူကိုလာပြီး အနိုင်ကျင့်နေကြတာလဲ...


ဒိုင်လူကြီးချုပ်၏ နှလုံးသားထဲ၌ ခါးသီးမှုများ ပြည့်နှက်သွားလေသည်။သူင်ိုချချင်နေပေပြီ။သို့သော်လည်း ထိုသူများကို သူ မဆန့်ကျင်နိုင်ပေ။ထိုသူများက အဆင့် ၄ဆင့် ချိုးဖောက်ပြီးသည့် သူများဖြစ်ရုံသာမက ဒီပဉ္စလက်ပြိုင်ပွဲကြီး၏ တကယ့်အကဲဖြတ်လူကြီးမင်းများလည်းဖြစ်ပေသည်။


သူက ဒိုင်လူကြီးလေးတစ်ယောက်မျှသာ ဖြစ်သည်။တကယ့်ကို နာကျင်စရာကောင်းလှပေသည်။ဒိုင်လူကြီးမင်း၏ မျက်နာက မှောင်မဲလာခဲ့သည်။သူ ဒီနေ့ အိမ်က မထွက်ခင် ကံကောင်းမှုကို တွက်ချက်ဖို့ မေ့လျော့ခဲ့သည်။ထို့ကြောင့်ကံဆိုးနေခြင်းဖြစ်ပေလိမ့်မည်။


ကောင်မစုတ်လေး အန်းရှန့်ကလည်း သူ့၏ မျက်နာဆီသို့ ပေါက်ကွဲတော့မည့် မီးဖိုဖြင့် ပစ်ပေါက်ခဲ့သည်။ပုဖန်၏ အရသာရှိလှသော ဟင်းပွဲလေးကို မြည်းရမည့်အချိန်၌လည်း အရှက်မဲ့လှသော သူများက သူဆီက လာရောက်လုယူကြပြန်သည်။


......


မဟာသခင်ရွှမ်မင်၏ အသံကို ပြိုင်ကွင်းထဲရှိ ပရိတ်သတ်များအားလုံးလည်း ကြားလိုက်ရသောကြောင့် အံ့သြသွားမိကြသည်။ပဉ္စလက်ပြိုင်ပွဲများစွာကို ကြုံခဲ့ဖူးသည့် သူများဖြစ်သောကြောင့် အကဲဖြတ်ဒိုင်လူကြီးများကိုယ်တိုင် မြည်းစမ်းချင်သည့် တစ်စုံတစ်ရာက သာမန်မဟုတ်ကြောင်းသိကြပေသည်။


ယခင်ကလည်း ထိပ်သီး ဆယ်ယောက်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်လူကြီးများကိုယ်တိုင် စမ်းသပ်ချင်သည့် အရာများရှိခဲ့ဖူးပေသည်။သို့သော်လည်း ယခု ထိပ်သီး ၁၀၀ ပြိုင်ပွဲ၌ပင် ထိုအဂ္ဂိရတ်ပညာရှင်များက ပုဖန်၏ ဟင်းပွဲကို မြည်းစမ်းချင်လိမ့်မည်တော့ မည်သူမှ မမျှော်လင့်ထားခဲ့မိပေ။


သူတို့ သက်စောင့်ဆေးမဟုတ်သည့် တစ်စုံတစ်ရာကို မြည်းစမ်းလိုခြင်းကပင် ပရိတ်သတ်များကို စွံ့အမှင်သက်နေစေဖို့ လုံလောက်နေပေပြီ။


တောက်ပကောင်းကင်မြို့နှင့် ကောင်းကင်ဆေးမြို့တော်တို့မှ ပရိတ်သတ်များက ပို၍ပင် အံ့အားသင့်နေမိကြသည်။အဘယ့်ကြောင့်ဆိုသော် သူတို့က အစီအရင်မျက်နာပြင်ပေါ်မှ ကြည့်ရှုနေရသောကြောင့် ပြိုင်ပွဲတစ်ခုလုံးကို ဖုံးလွှမ်းနေသည့် မွှေးရနံ့များ မရရှိခဲ့ကြပေ။


ထို့အပြင် ဒိုင်လူကြီးများကပင် ထိုဟင်းပွဲကို မြည်းစမ်းချင်သည်ဟု ဆိုလာသောအခါ၌ သူတို့၏ ကမ္ဘာပေါ်အမြင်များပင် ဇောက်ထိုးဖြစ်သွားလေသည်။


"ဒါကြီးက ဘာတွေ ဖြစ်ကုန်တာလဲ ဒီပြိုင်ပွဲက အဂ္ဂိရတ်ပညာရှင်တွေအတွက် ထားတာမဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့ စားဖိုမှူးတွေ အတွက် ပြုလုပ်ထားတဲ့ပြိုင်ပွဲလို့ ခံစားနေမိရတာလဲ..."


သူက အဆင့် ၁၀ ထဲသို့ ဝင်နိုင်မည့် မှော်ကဝေအန်းရှန့်၏ ဆေးမီးဖိုကို ပေါက်ကွဲအောင်လုပ်နိုင်ခဲ့သည့်အပြင် ဒိုင်လူကြီးများ သူ့ဟင်းပွဲကို မြည်းချင်လာအောင်လည်းဆွဲဆောင်နိုင်ခဲ့ပေသည်။


ဒါက ဒီပြိုင်ပွဲကို ထိပ်သီး ၁၀၀ ပြိုင်ပွဲမဟုတ်ပဲ ထိပ်သီး ၁၀ ယောက်ပြိုင်ပွဲဟု ထင်မြင်လာမိပေသည်။ယခင် ပဉ္စလက်ပြိုင်ပွဲများတွင် ထိပ်သီး ၁၀ ယောက်သည်သာ အာရုံစူးစိုက်မှုများစွာကို လက်ခံရရှိခြင်းဖြစ်သည်။ထိုပြိုင်ပွဲက ပါရမီရှင်များကြားထဲမှ အားပြိုင်မှုပင် ဖြစ်သောကြောင့် ပရိတ်သတ်များက စိတ်ဝင်တစားဖြင့် မလွှဲတမ်းစောင့်ကြည့်ကြခြင်းဖြစ်သည်။သို့သော် ယခုတစ်ကြိမ်ပြိုင်ပွဲကမူ ထူးဆန်းလှပေသည်။


"အဲ့ဒီလူက နိုင်သွားတော့မှာလား ...ငါ့နတ်သမီးလေးအန်းရဲ့ မီးဖိုက ပေါက်ကွဲသွားတယ် ..."


"ဝု...ဝု...ငါ့နတ်သမီးလေး...ဘုရားရေ သူမရှုံးသွားတယ် ငါနတ်သမီးလေးအန်းက တကယ်ပဲ ရှုံးသွားတယ် သူမက အဲ့ဒီ ကြောင်တောင်တောင်စားဖိုမှူးကို ရှုံးသွားတယ်..."


ပရိတ်သတ်များက အံ့သြသင့် ထိတ်လန့်နေကြသည်။အထူးသဖြင့် တောက်ပကောင်းကင်မြို့မှ သူများက သူတို့၏ နှလုံးသားများပင် ကိုက်ခဲလာသလို ခံစားနေရပေသည်။


 ပရိတ်သတ်များကြားမှ အဂ္ဂိရတ်ပညာရှင်များကလဲ စိတ်လှုပ်ရှားမှူဖြင့် တုန်ယင်နေကြပေသည်။


"မဟာသခင် အဂ္ဂိရတ်ပညာရှင်က အဲ့ဒီ အနှိမ်ခံစားဖိုမှုးရဲ့ ဟင်းပွဲကို တကယ်ကြီး မြည်းကြည့်မယ်ပေါ့...နောက်ဆုံးတော့ အဲ့ဒီအနှိမ်ခံ စားဖိုမှူးက လူတွေရဲ့ အာရုံကို ဆွဲဆောင်သွားနိုင်ပြီလား..."


"ဟုတ်တာပေါ့ နတ်သမီးအန်းရှန့်ရဲ့ မီးဖိုတောင် ပေါက်ကွဲသွားပြီ ဆိုမှတော့ ဒါ ကိစ္စသေးသေးလေးမှ မဟုတ်တော့တာ..."


......


"ဒီကိုယူလာခဲ့ ...ငါတို့ ကိုယ်တိူင် မြည်းကြည့်မယ်..."


 မဟာသခင် ရွှမ်မင်က ဒိုင်လူကြီးချုပ်ကို တည့်တည့်ကြည့်၍ အမိန့်ပေးလိုက်သည်။သူ့၏ အမူအရာကလည်းလေးနက်တည်ကြည်နေသည်။


သူ့ဘေးနားမှ အဂ္ဂိရတ်ပညာရှင်များကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်၏သူတို့က ရှာဖွေမှု ကြီးကြီးမားမားကိုတွေ့ရှိသွားသည့် ပုံသာပေါ်နေလေသည်။


ဒိုင်လူကြီးချုပ်ကလည်း တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားရလေသည်။အကဲဖြတ်ဒိုင်လူကြီးများ၏ အမူအရာက သိပ်မူမမှန်ပေ။


"ဟင်းပွဲထဲမှာ ထူးခြားဆန်းကြယ်တဲ့ အရာတွေများ ဖုံးကွယ်ထားလို့လား..."


ဒိုင်လူကြီးချုပ်က စကားတစ်ခွန်းမှ မဆိုပဲ ပန်းကန်နှစ်ခုကို ကောက်ယူလိုက်သည်။မွှေးပျံ့ကြိုင်လှိုင်သည့် ရနံ့များက သူ့၏ နှာခေါင်းထဲ တိုးဝင်သွားပြီး အကြောအဆစ်များကို ဖွင့်လိုက်သလို ခံစားလိုက်ရ၏။ချက်ချင်းဆိုသလိုပင် သူ့၏ ပါးစပ်ထဲ၌ သရေများ ပြည့်နှက်လာလေသည်။


ဆိုးလိုက်တာ ဒီလောက်မွှေးတဲ့ ဟင်းပွဲကို ငါမမြည်းနိုင်တော့ဘူး...ငါမစားနိုင်တော့ဘူး...


သူ တံတွေးအသာထိန်း၍ မျိုချလိုက်ပြီးနောက် ဟင်းပွဲကို သေချာစွာကိုင်၍ အကဲဖြတ်ဒိုင်လူကြီးများဆီသို့ လျှောက်သွားလိုက်သည်။


ခဏမျှစဉ်းစားပြီးနောက် မှော်ကဝေအန်းရှန့်က ပုဖန်ကို မျက်စိတစ်ဖက်မှိတ်ပြ၍ ပြောပြလ်ိုက်သည်။


"ငါလည်း ကူညီပါရစေ..."


ပုဖန်က စကားတစ်ခွန်းမှမဆိုပဲ မျက်လုံးတစ်ချက်သာ လှန်ကြည့်လိုက်လေသည်။ပုဖန်ကို မျက်စိမှိတ်ပြပြီးနောက် အန်းရှန့်၏ မျက်နာတွင် အပြုံးကြီးကြီးဖြစ်ပေါ်နေလေ၏။


ပုဖန်လည်း ဟင်းပွဲ နှစ်ပွဲကို သယ်ဆောင်လိုက်ပြီး အကဲဖြတ်ဒိုင်များဆီသို့ သွားလိုက်သည်။တခြားဟင်းပွဲများကို တခြားဒိုင်လူကြီးများက သယ်ဆောင်လာခဲ့လေသည်။


သူ့၏ တပည့်မကို ကြည့်၍ မဟာသခင်ကုဟယ်၏ မျက်နာက မဲမှောင်သွားလေသည်။


ဒီကောင်မလေးကတော့လေအရှက်မရှိတော့ဘူးလား...ဒါက ဟင်းပွဲလေးတစ်ပွဲပဲလေအဲ့ဒီလိုမျိုးလုပ်နေစရာလိုလို့လား...နင်က ငါ့ရဲ့ တပည့် ဒီ မဟာသခင် ကုဟယ်၏ တပည့် ဟုတ်ပြီလား


....


နီးကပ်လာသည်နှင့် မွှေးရနံ့များကပို၍ သိပ်သည်းလာသည်။ဟင်းပွဲကိုးပွဲဆီမှ ထွက်လာနေသော အလင်းများက တောက်လောင်ပေါက်ကွဲထွက်လာတော့မလို တောက်ပလင်းလက်နေသောကြောင့် မဟာသခင်များပင် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။


"ဒါကြောင့် အန်းရှန့်ရဲ့ မီးဖိုက ပေါက်ကွဲသွားတာကို..."


 ဒီမွှေးရနံ့တွေက သူတို့၏ စိတ်ဝိညာဉ်များကိုပင် တုန်လှုပ်သွားစေသည်။ဒီဟင်းပွဲ၌ ထူးခြားသည့် ဟင်းခတ်အမွှေးအကြိုင်တစ်ခုခု ပါဝင်နေပုံရလေသည်။ထိုအမွှေးအကြိုင်က သူတို့၏ စိတ်ဝိညာဉ်ကိုပင် ဆွဲဆောင်နိုင်လေသည်။


စင်ပေါ်၌ ဟင်းပွဲကိုးပွဲကို စက်ဝိုင်းပုံသဏ္ဍာန်ခင်းကျင်းထားလေသည်။


ပေပွနေပြီး ခေါင်းမှ မီးခိုးငွေ့များထွက်နေဆဲဖြစ်သည့် ဒိုင်လူကြီးက ဘေး၌ရပ်နေလေသည်။


သူအရှေ့မှ ဟင်းပွဲများကိုဆာလောင်မွတ်သိပ်နေသည့် အမူအရာဖြင့် စူးစူးရဲရဲစိုက်ကြည့်နေလေ၏။


အန်းရှန့်ကလည်း သိချင်စိတ်အပြည့်ဖြင့် ဘေး၌ မတ်တပ်ရပ်နေသည်။


အစောပိုင်းက သူစားမ်ိတော့မလိုပင် ဖြစ်သွားသည်။သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် အချိန်မီထိန်းချုပ်နိုင်သွားသည်။အကယ်၍သာ သူမစားခဲ့လိုက်လျှင် သူမ၏ ဆရာသခင်က သူမပိုင်ဆိုင်သော သလင်းကျောက်များကို နှုတ်ယူလိုက်မည်ကို စိုးမိပေသည်။


ထိုလူအိုကြီး၏ အမြဲတမ်းပြုံးနေတဲ့ မျက်နာကိုပဲ မကြည့်နဲ့ တကယ်တမ်းမှာတော့ သူက အရမ်းမကောင်းဆိုးဝါးဆန်တယ်...


မဟာသခင်ကုဟယ်က ရုတ်တရက် နှာခေါင်းများ ယားလာသလိုခံစားလိုက်ရသောကြောင့် သူ ဇဝေဇဝါဖြင့် ဝေ့ဝဲအကဲခတ်ကြည့်လိုက်သည်။သူအကြည့်များက ခပ်ပြုံးပြုံးဖြင့် သူကိုစိုက်ကြည့်နေသော အန်းရှန့်ဆီသို့ ရောက်သွားလေသည်။


ဒီကောင်မလေးကတော့ အခုထိ ပြုံးနေသေးတယ်ဟုတ်လား...


မဟာသခင်ကုဟယ်ကလည်း သူ့ကို စူးစူးရဲရဲပြန်စိုက်ကြည့်လိုက်၏။အန်းရှန့်က လျှာတစ်လစ်ထုတ်၍ ပြောင်ပြလိုက်ပြီးနောက် မျက်နာလွှဲသွားလေသည်။


...


မဟာသခင်ရွှမ်မင် ၊ မဟာသခင်ယောင်ကွမ်နှင့် တခြားမဟာသခင်များက လက်နှစ်ဖက်ကို နောက်ပစ်၍ ထိုင်ခုံမှထကာ စင်မြင့်အနားသ်ို့ လျှောက်လာခဲ့သည်။သူတို့၏ လေးနက်တည်ကြည်သော အကြည့်များက ဟင်းပွဲများကိုသာ စူးစိုက်ကြည့်နေ၏။


"စိတ်ဝိညဉ် စွမ်းအင်တွေက ပန်းကန်တစ်ခုနှင့်တစ်ခု ဆွဲငင်နေတယ် တစ်ခုကနေ တစ်ခုထဲကို ဝင်ရောက်နေတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို ဆက်သွယ်ပေးနေတဲ့ ကွင်းဆက်တစ်ခုလည်းရှိနေတယ်...စွမ်းအင်လှိုင်းတွေကလည်း တစ်ခုနှင့်တစ်ခု မတိုက်ခိုက်ပဲ အတူတကွ လှည့်လည်နေတယ် စိတ်ဝင်စားစရာပဲ..."


မဟာသခင်ရွှမ်မင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၍ ပြောလိုက်သည်။မဟာသခင် ယောင်ကွမ်ကလည်း တည်ကြည်လေးနက်စွာပင် ထပ်လောင်းပြောလိုက်၏။


"စားဖိုမှူးက ဒီဟင်းပွဲကို အသားကင်လ်ို့ပဲ ခေါ်တယ်လို့ပြောခဲ့တယ်မဟုတ်လား ဒီဟင်းပွဲက လုံးဝ သာမန်မဟုတ်ဘူး...ငါတို့ အဂ္ဂိရတ်ပညာရှင်တွေရဲ့ လောကမှာ သက်စောင့်ဆေးကို ပြုလုပ်တဲ့ ပုံစံတူ နည်းလမ်းရှိနေတယ် အဲ့ဒီနည်းလမ်းကို သက်စောင့်အစီအရင်လို့လည်းခေါ်တယ်..."


 မဟာသခင် ကုဟယ်က ဝင်ပြောလိုက်သည်။မဟာသခင်သုံးယောက်က ဟင်းပွဲမှ ထွက်ပေါ်နေသော ထူးခြားဆန်းကြယ်သည့် စွမ်းအင်လှိုင်းများကို စိတ်ဝင်တစားဖြင့် ဆက်လက်လေ့လာနေသည်။


ဒီဟင်းပွဲက သက်စောင့်ဆေးပြုလုပ်သည့် အဆင့်မြင့်နည်းလမ်းနှင့် အလားသဏ္ဍာန်တူသည်။သက်စောင့်အစီအရင်က အမျိုးမျိုးသော စိတ်ဝိညာဉ် စွမ်းအင်များမှ စွမ်းအင်ထုတ်ယူခြင်း နိယာမကို အခြေခံထားပြီး တစ်ဦးနှင့်တစ်ဦး ပြန်လည်ဖြည့်စွက်သည့် နည်းက်ို သုံးထားသည်။


အပင်တစ်ပင်ချင်းစီမှ ထုတ်လွင့်သော စွမ်းအင်များအခြား ဆက်စပ်မှုကို သက်ဝင်လှုပ်ရှားစေပြီး အမြင့်ဆုံးစွမ်းရည်ကို ဆွဲထုတ်ယူခြင်းဖြစ်သည်။၎င်းက အဆင့်မြင့် နည်းပညာတစ်ခုဖြစ်သည်။ထိုကဲ့သို့ နည်းစနစ်မျိုးကို စားဖိုမှူးတစ်ယောက်စီတွင် တွေ့လိုက်ရမည်ဟု မထင်ထားခဲ့မိပေ။


သူ့တ်ို့အဆင့်ရှိ မဟာသခင်များပင်လျှင် ထိုနည်းလမ်းကို အသုံးပြု၍ မရပေ။သူတို့ အရည်အချင်းမရှိ၍ မဟုတ်ပဲ ထိုနည်းလမ်းကို အသုံးပြုရန် လိုအပ်သော စိတ်ဝိညာဉ် ပမာဏက များပြားလွန်းလှသောကြောင့် ဖြစ်သည်။


သူတို့၏ စိတ်စွမ်းအားက ထိုအစီအရင်ကို ပြုလုပ်နိုင်ရုံမျှသာ ရှိပေလိမ့်မည်။သို့သော်လည်း သူတို့ မည်သူမှ မကြိုးစားကြည့်ပေ။


"မြည်းကြည့်ကြစို့ ....ဒါက ...ကြက်ကန်းဆန်အိုးတိုးတာဆိုရင်ကော ဘယ်လိုလုပ်မလဲ..."


အကဲဖြတ်လူကြီးမင်းတစ်ယောက်က ပြောလိုက်သည်။


သူတို့အားလုံး ခေါင်းညိတ်သဘောတူလိုက်သည်။


မဟာသခင်ရွှမ်မင်က ခရမ်းရောင်ဝါးတူကို ကောက်ယူလိုက်ပြီးနောက် ပူပူလောင်လောင်အသားတစ်ဖက်ကို ကောက်ယူလိုက်သည်။


သူ ပါးစပ်ထဲသို့ အသားဖက်ကို ထည့်လိုက်သည်နှင့် အနား၌ရပ်နေသော ဒိုင်လူကြီးချုပ်နှင့် အန်းရှန့်ကလည်း ပါးစပ်လိုက်ဟလိုက်ကြလေသည်။သူတို့ ပါးစပ်အပြည့် တံတွေးတစ်လုတ်စီ မျိုချလိုက်ကြသည်။


မဟာသခင်ရွှမ်မင်၏ မျက်ဝန်းများက ပန်းကန်ပြားလောက်ပြူးကျယ်သွားလေသည်။သူခဏမျှဝါးပြီးနောက် ရပ်တန့်လိုက်၏။သူ့၏ မုတ်ဆိတ်ဖြူဖြူများက လှုပ်ခါနေပြီး သူ့အသားအရည်က အနီရောင်သို့ ပြောင်းလာလေသည်။ထင်ရှားလွန်းလှသောကြောင့် အားလုံးက သတိထားလိုက်မိကြသည်။


"ရွှမ်မင် ဘယ်လိုဖြစ်တာလဲ...ဘယ်လိုနေလဲ..."


မဟာသခင်ကုဟယ်က အလျှင်စလိုပင် မေးလိုက်သည်။


ရှလွတ်...ရှလွတ်...


ခဏချင်းမှာပင် မဟာသခင်ရွှမ်မင်က မြန်မြန်ဆန်ဆန်ဖြင့် အလျှင်စလို ဝါးလိုက်သည်။ထို့နောက် သူပါးစပ်ထဲမှ အသားကင်ကကုန်သွားပြီး ဗိုက်ထဲသို့ လျှောကျသွားလေသည်။


သူ စကားတစ်ခွန်းမှမဆိုပဲ မဟာသခင်ကုဟယ်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ဒုတိယမြောက် အသားကင်ကို လှမ်းယူလိုက်ပြီး အရှိန်နှစ်ဆလောက်တင်၍ ဝါးတော့သည်။ထိုအခိုက်အတန့်၌ အားလုံး သတိလက်လွတ်ဖြင့် ကြောင်အနေကြလေသည်။သူတို့အားလုံး အံ့သြသင့်နေကြသည်။


"အဓိပ္ပါယ်မရှိလိုက်တာ...လူအိုကြီး မင်းက မင်းဘာသာမင်းတစ်ယောက်တည်း မောင်ပိုင်စီးချင်နေတာလား..."


 သို့သော်လည်း မဟာသခင်ကုဟယ်က တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတ်ိပြုမိသွားလေသည်။သူ စူးစူးရဲရဲစိုက်ကြည့်ကြီး အော်လိုက်သည်။မဟာသခင်ရွှမ်မင်က စကားတစ်ခွန်းမျှပင်ပြန်မပြောပဲ နောက်ထပ်အသားတစ်ဖက်ကို ကောက်ယူ၍ ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။


ကျယ်လောင်ပြတ်သားလှသည့် အသားဝါးသံကို အားလုံးအတိုင်းသားကြားနေရလေသည်။မဟာသခင် ကုဟယ်က စိတ်ဆိုးမာန်ဆိုးဖြင့် နှုတ်ခမ်းများပင် ဆူထွက်လာလေသည်။ထို့နောက် သူတူကို ကောက်ယူလိုက်ပြီး ဂျင်းစင်းတစ်ဖတ်ကို ယူလိုက်သည်။


ဂျင်းစင်းဖတ်လေး ပါးစပ်ထဲဝင်သွားသည်နှင့် သူဘာမှမတွေးနိုင်ခင်မှာပင် သူမျက်နာအမူအရာက ပြောင်းလဲလာလေသည်။ခဏအတွင်း၌ သူ့တူ၏ လှုပ်ရှားမှုက တရပ်စပ်မြန်ဆန်လာသည်။သူစကားတစ်ခွန်းမှမဆိုပဲ အဆက်မပြတ်စားသုံးနေတော့သည်။


တခြားသူများလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် စတင်၍ စားသုံးကြတော့သည်။တစ်ယောက်နှင့်တစ်ယောက် စကားမဆိုနိုင်ကြပဲ တူများက ပန်းကန်ပြားပေါ်တွင် လူးလားခေါက်ပြန် ပျံသန်းနေကြတော့သည်။


လူသောင်းပေါင်းများစွာ၏ စင်မြင့်ပေါ်၌ ရိုသေလေးစားရသော အဂ္ဂိရတ်ပညာရှင်ငါးယောက်က သူတို့၏ ပုံရိပ်ကိုပင် ဂရုမစိုက်ပဲ အစားကြူးသူများကဲ့သို့ အလောတကြီးစားသောက်နေလေတော့သည်။


ပုဖန်က အသားကင်များပေါ်တွင် ငရုတ်ရည်သုတ်ထားသောကြောင့် စားနေစဉ်အတွင်းတွင် ရှူးရှူးရှဲရှဲဖြစ်နေကြသည်။သူတို့၏ မျက်နာများက နီရဲလာပြီး ချွေးများစိုစွတ်နေကြသည်။တစ်ခါတစ်ရံ သူတို့လျှာများကိုပင် အပြင်သို့ ထုတ်ထားရလေသည်။


အန်းရှန့်နှင့် ဒိုင်လူကြီးချုပ်က ဆူပုပ်ပုပ်ဖြင့် ရပ်ကြည့်နေကြလေသည်။


"ကိ်ု့ယ်ရဲ့ ပုံရိပ်ကိုလည်း ဂရုစိုက်ပါဦး...ဆရာ ကိုယ့်ပုံရိပ်ကိုလည်း ကို ဂရုစိုက်ပါဦး ဒီပုံရိပ်လွှဲပြောင်း အစီအရင်က ပြိုင်ပွဲတစ်ခုလုံးကို လွှမ်းခြုံထားတာနော်...ဆရာစားနေတာကို ဆေးနန်းတော်တစ်ခုလုံးက သိနေလိမ့်မယ်...ဆရာကျွန်မအတွက်လည်းချန်ပါဦး..."


လူအိုကြီးငါးယောက် ပျော်ရွှင်စွာစားသောက်နေသည်ကို ကြည့်၍ သူမကိုယ်သူမ ထိန်းချုပ်ထားရသည်မှာ ခက်ခဲလာခဲ့သည်။ထို့ကြောင့် သူမ၏ ဆရာကို အော်ပြောလိုက်ပြီးနောက် တူတစ်စုံကို ဆွဲယူလိုက်ပြီး ဝင်ရောက်လုယက်တော့သည်။


"ကောင်မစုတ်လေး မင်းရဲ့ ဆရာက ဒီဟင်းပွဲထဲက စိတ်ဝိညာဉ် စွမ်းအင်အဆင့်အတန်းကို ခွဲခြားနေတာ ငါ့ဆီက လာမလုနဲ့ ..."


ပလုတ်ပလောင်းစားသောက်နေသည့် မဟာသခင်ကုဟယ်က အန်းရှန့်၏ရုတ်တရက်တိုက်ခိုက်မှုကြောင့် ကြောင်အသွားသည်။


အန်းရှန့်က ထိုလူအိုကြီး ဘာပြောပြောဂရုမစိုက်ပေ။


"ဟင်းပွဲကိုစစ်ဆေးနေတာ...သက်ရောက်မှုကို အကဲဖြတ်နေတာ... ဆရာကျွန်မကို သုံးနှစ်ကလေးများ ထင်နေလား..."


ပိုင်ရှင်ပုရဲ့ အချက်အပြုတ်စွမ်းရည်တွေကို ကိုယ်တိုင် သွားရောက်စမ်းသပ်ပြီးပါပြီနော် သူ့ဟင်းပွဲရဲ့ အရသာကို လုံးဝ သိတယ်...အဖိုးကြီးက ငါ့ကို ခြောက်လှန့်လို့ရမယ်ထင်နေလား...


အန်းရှန့်က ကျန်နေသည့် ဂျင်စင်းတစ်ဝက်ကိုဆက်ခနဲကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်ကာ စတင်ဝါးတော့သည်။မဟာသခင်ကုဟယ်က ရဲရဲနီနေသည့် မျက်ဝန်းများဖြင့် သူ့ကို စူးစိုက်ကြည့်လိုက်သည်။


ထိုတပည့်မကို တကယ့်ကို သည်းမခံနိုင်တော့ပေ။ထို့နောက် သူ့၏ တူက မဟာသခင်ရွှမ်မင်၏ အသားကင်ဆီသို့ ပျံသန်းသွားလေသည်။


"အဖိုးကြီးကုဟယ် မင်းက ငါ့ရဲ့ ဟင်းပွဲကို လာလုရဲတယ်ပေါ့လေ ငါမင်းကို သေအောင်ရိုက်ပစ်မယ်..."


လူများစွာ၏ ရှေ့မှောက်၌ အဂ္ဂိရတ်ပညာရှင်ငါးယောက်နှင့် မှော်ကဝေအန်းရှန့်တို့က အစားအစာအတွက်တိုက်ခိုက်နေကြပေသည်။ဒီမြင်ကွင်းကို ပုံရိပ်လွှဲပြောင်းအစီအရင်မှ တစ်ဆင့် ဆေးနန်းတော်အားလုံးဆီသို့ ထုတ်လွင့်ပြသနေလေသည်။