အပိုင်း ၅၁၈
Viewers 62k

အခန်း ၅၁၈

ဒီ ဒိုင်လူကြီး စိတ်ဆင်းရဲတယ်...


မြင်ကွင်းက တကယ့်ကို ထူးဆန်းလွန်းလှသည်။ကြည့်ရှုနေကြသူများက ပဉ္စလက်စုဝေးပွဲကို ပြသနေသည့် အစီအရင်က ဒီတစ်ကြိမ်၌ မှားယွင်းနေသည်ဟုပင် တွေးမိကြသည်။


"မယာသခင် ငါးယောက် ဂုဏ်သရေရှိတဲ့ အဂ္ဂိရတ်ပညာရှင်ငါးယောက်က အသားကင်တွေကို လောဘတကြီးစားနေတယ် ဒါတွေမဟုတ်သေးဘူး သူတို့က ပရိတ်သတ်တွေရဲ့ရှေ့မှာ တစ်ယောက်စီက တစ်ယောက် လုနေသေးတယ်..."


အလွန်ပင်ရှက်စရာကောင်းလှသည်။အဂ္ဂိရတ်ပညာရှင်များစွာက ကူကယ်ရာမဲ့စွာဖြင့်ပင် သူတို့နဖူးကို ပြန်ရိုက်မိကြသည်။သွမ့်ယင်က သူ့၏ စီနီယာအစ်မအန်းနှင့် ဆရာကိုကြည့်၍ ပြောစရာစကားမဲ့နေပေသည်။


"တကယ်ပဲ အဲ့ဒီလောက်ကောင်းလို့လား ...ငါနင်တို့ရဲ့ ဂျူနီယာနဲ့ တပည့်ဖြစ်ရတာကို ရှက်လာပြီနော် ..."


ပုဖန်ကမူ ထိုအရာများကို ဂရုမစိုက်ပေ။ပြောရမည်ဆိုလျှင် ထိုအပြုအမူမျိုးက သူတွေးထားသည့်အတိုင်းပင် ရှိနေသေးသည်။ဒီပြိုင်ပွဲ၌ သူအသားကင်ပြုလုပ်ရန် ရွေးချယ်ခဲ့ခြင်းမှာ စမ်းသပ်မှု တစ်ခုပြုလုပ်ခြင်းလဲ ဖြစ်သည်။


အသားကင်သည့် မူလနည်းလမ်းက ပါဝင်ပစ္စည်းများကို သီးခြားစီ ကင်ရခြင်းဖြစ်သည်။သို့သော်လည်း ထိုနည်းလမ်းက ဟင်းပွဲအတွင်းရှိ စိတ်ဝိညာဉ် စွမ်းအင်များပျောက်ကွယ်သွားဖို့ အလွန်လွယ်ကူလေသည်။


ပုဖန်က လျာကဝေ အစီအရင်၏ နည်းလမ်းမှ အကြံဉာဏ်တစ်ချို့ကို ရယူနိုင်ခဲ့သည်။ထိုအစီအရင်ဖြင့် အသားကင် ပြုလုပ်လိုက်လျှင် အချင်းချင်းအထောက်အကူပြုနိုင်သည်ဟု သူတွေးမိခဲ့သည်။


ထို့ကြောင့် အသားကင်ရန်အတွက် သလင်းကျောက်များကို မီးသွေးအဖြစ်အသုံးပြုလိုက်သည်။သူ့၏ သန်မာလှသော စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး ဟင်းပွဲမှ စွမ်းအင်များ အပြင်ဘက်သို့ လွင့်ထွက်မသွားအောင် ထိန်းချုပ်ပေးခဲ့သည်။


ထိန်းချုပ်မှုအောက်တွင် စိတ်ဝိညာဉ် စွမ်းအင်များက ချောချောမွေ့မွေ့ ငြိမ်ငြိမ်သက်သက်ဖြစ်သွားခဲ့သည်။ထို့အပြင် သူရွေးချယ်ခဲ့သည့် ပါဝင်ပစ္စည်းများ၏ အဆင့်ကလည်း တစ်ခုနှင့်တစ်ခု သိပ်မကွားခြားလှပေ။


သူတို့ထဲတွင် ပါဝင်သည့် စိတ်ဝိညာဉ် စွမ်းအင်ကလည်း တူညီနေသည်။ထို့ကြောင့် စိတ်ဝိညာဉ် စွမ်းအင်များက ညီညွှတ်မျှတပြီး ယခုကဲ့သို့ ရလဒ်မျိုး ထွက်လာခြင်းဖြစ်သည်။


လျာကဝေ အခင်းအကျင်းက သော့ချက်ဖြစ်သည်။သူ့၏ အသားကင်က လျာကဝေအခင်းအကျင်းကြောင့် အဆင့်မြင့်သွားခြင်းဖြစ်သည်။ဟင်းပွဲက အလွန်အံ့အသင့်စရာကောင်းသည် မဟုတ်သော်လည်း သူ့၏ သက်ရောက်မှုကတော့ မြင့်မားလှသည်။သူခန့်မှန်းချက်အရ အမှတ် ၂ သက်စောင့်ဆေးလုံးဖြင့် အာနိသင်ချင်း တူညီပေလိမ့်မည်။


အဆင့်မြင့် သားရဲနှင့် အဆင့်ချင်းတူညီသည့် ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် အမှတ် ၂ ဆေးလုံးနှင့် အာနိသင်ခြင်း တူညီခြင်းဖြစ်သည်။ထိုအချင်းအရာကို အဂ္ဂိရတ်ပညာရှင်များပင် စိတ်ကူးကြည့်နိုင်မည်မဟုတ်ပေ။


ပုဖန်က သူ့၏ ပစ္စည်းများကို သိမ်းဆည်းခြင်းမပြုပဲ စင်ပေါ်မှာ ကျန်ရှိနေသေးသည့် သီတံများကို သံဆန်ကာပေါ် ထပ်တင်လိုက်သောကြောင့် ပရိတ်သတ်များအံ့အားသင့်သွားကြသည်။


"ထပ်ချက်နေသေးတာလား...စားဖိုမှူးက သူအောင်ပွဲခံနိုင်နေပြီမဟုတ်ဘူးလား...သူဘာလို့ ထပ်ချက်နေတာလဲ ဘာလဲ အသားကင်ရတာကို စွဲလမ်းနှစ်သက်နေတာလား..."


ပုဖန်က အသားကင်ရခြင်းကို စွဲလမ်းနေခြင်းကြောင့် ထပ်မံချက်ပြုတ်နေခြင်းမဟုတ်ပေ။သူက ပါဝင်ပစ္စည်းများကို အလဟဿ မဖြစ်စေလိုခြင်းကြောင့် ဖြစ်သည်။ယခုပြိုင်ပွဲအတွက် သူ အသားကင် ပွဲနှစ်ပွဲစာပြင်ဆင်ခဲ့ခြင်းဖြစ်သည်။


ထိုအချိန်မှာပင် အသားကင်မှ မွှေးရနံ့လေးများ ထွက်ပေါ်လာပြီး အသားကင်များဆီသို့ ရနံ့များလွင့်ပျယ်သွားလေသည်။အကဲဖြတ်လူကြီးမင်း ငါးယောက်က မျက်နာများနီရဲလာသည့်တိုင်အောင် သူတို့၏ အစားကို ဆက်စားနေတုန်းဖြစ်သည်။သူတို့က ပါးစပ်ဟ၍လည်း ရှူးရှဲရှူးရှဲဖြင့် လေပူများ မှုတ်ထုတ်နေကြလေသည်။


ပုဖန်က ပူစပ်စပ် ငရုတ်ရည်ကို အများကြီးမသုတ်လိမ်းခဲ့သော်လည်း အသားကင်က စပ်နေတုန်းဖြစ်သည်။တကယ်လို့ သူအစပ်အရသာ မသုံးခဲ့လျှင် အသားကင်စားရသည်က ငါးစားနယ် စားရသည်နှင့် ကွာတော့မည် မဟုတ်ပေ။


"ဘာမှမရှိတော့ဘူး ..."


နောက်ဆုံးကျန်သည့် အသားပိုင်းက အန်းရှန့်၏ ပါးစပ်ထဲ ရောက်သွားပြီးနောက် သူတို့တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားကြသည်။


ထိုအချိန်မှာပင် မွှေးရနံ့များက သူတို့ နှာခေါင်းဝကို တို့ထိကျီစယ်လာသောကြောင့် မျက်ဝန်းများ လက်တောက်သွားကြပြီး စင်မြင့်ရှိရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။


ပုဖန်၏ စင်မြင့်ဆီမှ မီးခိုးများထပ်မံထွက်နေသည်ကို သူတို့ တွေ့လိုက်ရသည်။အနားတွင်ရှိနေသော ဒိုင်လူကြီးချုပ်က သတိမထားမိလိုက်ခင်မှာပင် ပုဖန်၏ စင်မြင့်ဆီသို့ ပျံသန်းသွားပြီးဖြစ်သည်။


သူ့၏ မျက်နာက မီးခိုးငွေ့များပေကျံနေပြီး မျက်ဝန်းများကလည်း ရဲရဲနီနေကာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျနေသည်။ပုဖန်ပင်လျှင် တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားလိုက်မိသည်။


ဒီဒိုင်လူကြီးချုပ်က ဘယ်လိုဖြစ်လို့ နောက်မဆုတ်တာလဲ...ဘယ်လိုဖြစ်ပြီးတော့ သူက မီးခိုးငွေ့လုံးတွေကြားထဲမှာ မတ်တပ်ရပ်နေရတာလဲ ...ဒီကမ္ဘာပေါ်မှာ မီးခိုးငွေ့ကို ကြိုက်တဲ့သူရှိနေသေးတာလား...


အဟွတ်...အဟွတ်


ဒိုင်လူကြီးချုပ်က ချောင်းတဟွတ်ဟွတ်ဆိုးရင်းဖြင့် ပုဖန်၏ အသားကင်ကို စူးစိုက်ကြည့်နေလေသည်။


ခဏမျှစွံ့အသွားမိပြီးနောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကော့တက်သွားလေသည်။ထို့နောက် သူ ကြုံရာအသားကင် တစ်ချောင်းကို စွဲယူလိုက်ပြီး ဒိုင်လူကြီးဆီသို့ ကမ်းပေးလိုက်သည်။


ရွှေညိုရောင်သမ်းပြီး ဆီတစ်စက်စက်ကျနေသော အသားကင်သီတံကိုကြည့်၍ ဒိုင်လူကြီ၏ မျက်ဝန်းများက လက်ခနဲ တောက်ပသွားလေသည်။


ချက်ချင်းဆိုသလိုပင် သူငိုချချင်စိတ်ပေါက်သွားမိသည်။ပုဖန်ကသာ သူကို ကောင်းကောင်းဆက်ဆံသည့် တစ်ယောက်တည်းသောသူပင်ဖြစ်သည်။


သူ အသားကင်သီတံကို လှမ်းယူလိုက်သည်။သို့သော်လည်း သူလက်ကမရောက်ခင်မှာပင် သူခန္ဓာကိုယ်က အေးခဲ တောင့်တင်းသွားလေသည်။ထိုနေရာ၌ ပုံရိပ်တစ်ရိပ်ပေါ်လာပြီးနောက် သူ့အတွက် အသားကင်ကို ဆက်ခနဲ ဆွဲယူသွားလေသည်။ထို့နောက် ထိုသူက ဆီတစ်စက်စက်စီးကျနေဆဲဖြစ်သည့် ပူပူနွေးနွေးအသားကင်ကို အကိုက်ကြီးကြီးကိုက်လိုက်သည်။


"မင်းမှာ တကယ့်ကို ကောင်းမွန်တဲ့ နည်းစနစ်တွေ ရှိနေတာပဲ ...ဒီအသားကင်ရဲ့အရသာက တော်တော်လေးကို ကောင်းတယ်...သူ့ရဲ့အရသာက ဒီလူအိုကြီးကိုတောင် ဖမ်းချုပ်ထားနိုင်တယ်...ဒီအရသာက အရသာမျိုးစုံ အဆာခံ ဆေးလုံးတွေထက် အများကြီး ကောင်းတယ်..."


မဟာသခင်ကုဟယ်က လက်တစ်ဖက်ဖြင့် အသားကင်သီတံကို ကိုင်ထားရင်း အပြုံးကြီးကြီးပြုံးရင်းပြောလိုက်သည်။သူ့နောက်၌ရှိနေသော ဒိုင်လူကြီးချုပ်ကို လုံးဝ သတိမပြုမိပုံပေါ်လေသည်။


မှော်ကဝေ အန်းရှန့်ကလည်း ပုဖန်ရှေ့သို့ ရောက်လာပြီး သံဆန်ကာကွက်ပေါ်မှ ခရမ်းသီးနှင့် ဆင်တူသည့် စိတ်ဝိညာဉ် ဆေးပင်ကို ကြည့်နေလေသည်။


ပုဖန်က ပူစပ်စပ်ငရုတ်ရည်ထဲကို ဘရက်ရ်ှနှစ်လိုက်ပြီးနောက် အကင်ပေါ် သုတ်လိမ်းလိုက်သည်။ကင်၍ ပြီးဆုံးသွားသည်နှင့် မွှေးရနံ့များက ပို၍ ထူထပ်လာသည်။အန်းရှန့်လည်း မထိန်းသိမ်းနိုင်စွာဖြင့် နှုတ်ခမ်းတစ်ချက်သပ်လိုက်မိသည်။

မွှေးရနံ့များထဲနစ်မြုပ်နေသော သူမ၏ အသွင်အပြင်က ပို၍ပင် ဆွဲဆောင်မှုရှိနေလေသည်။


သူရှေ့၌ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာသော သူများကိုကြည့်၍ ဒိုင်လူကြိးချုပ်၏ မျက်နာအမူအရာက မဲမှောင်လာပေသည်။


ဆန့်တန်းထားသော သူ့၏ လက်က တဆက်ဆက်တုန်ရီနေပြီး နှုတ်ခမ်းများပင် တဆက်ဆက်တုန်နေပေသည်။မဟာသခင်ကုဟယ်၏ လက်ထဲမှ အသားကင်ကိုကြည့်၍ သူ အသဲကွဲသွားသလို ခံစားလိုက်ရသည်။စိတ်ဓာတ်များပင် ကျလာပြီး အသက်ပင်ကောင်းကောင်းမရှူနိုင်တော့ပေ။


သူ နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီးနောက် အသက်တစ်ချက် ရှိုက်လိုက်သည်။သို့သော်လည်း မီးခိုးငွေ့များက နှာခေါင်းပေါက်ထဲသို့ အလုံးအရင်း တိုးဝင်သွားသောကြောင့် သီးနင်သွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးသွားလေသည်။


ပရိတ်သတ်များကလည်း အံ့အားသင့်နေကြသည်။


"သူတို့က ဘာလို့ စားနေကြသေးတာလဲ..."


"ပြိုင်ပွဲက စတင်တုန်းက အလေးအနက်စတင်ခဲ့ပြီးတော့ ဘာလို့ ရုတ်တရက် ဟာသပြဇာတ်တစ်ခုအဖြစ် ပြောင်းလဲသွားတာလဲ..."


ပျော်ရွှင်မှုအပြည့်ဖြင့် အစားအစာများကို နှစ်ခြိုက်စွာ စားသုံးနေသည့် အန်းရှန့်ကို မြင်လိုက်သည့်အခါ၌လည်း သူမ ပြိုင်ပွဲကို ရှုံးသွားတာတောင် ဘာကြောင့် ဝမ်းမနည်းတာလဲဟု သူတို့ သိချင်နေကြသည်။


"အခုဘာပစ္စည်းမှ မရှိတော့ဘူး...အားလုံး ငါလုပ်ပြီးသွားပြီ..."


နောက်ဆုံးကျန်သည့် သီတံတစ်ချို့ကို မဟာသခင်တစ်ယောက်က လုယူသွားပြီးနောက် ပုဖန်၏ စင်မြင့်ပေါ်၌ အားလုံးရှင်းလင်းသွားပေသည်။သူ လက်နှစ်ဖက်ကို ရိုက်ခါလိုက်ပြီး စိတ်သက်သာရာရစွာသက်ပြင်းတစ်ချက်ချလိုက်သည်။


သူ့လက်နှစ်ဖက်ကို သုတ်လိုက်ပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးနှင့် တခြားပစ္စည်းများကို ဖယ်ထားလိုက်ပြီး မဟာသခင်များဘက်သို့ လှည့်လိုက်သည်။


"ဒါလေးပဲလား...မင်းမှာ တခြားဘာမှမရှိတော့ဘူးလား လုပ်စမ်းပါ...နောက်ထပ်အသားကင်နည်းနည်းလောက်ထပ်ကင်ပါဦး..."


ကုဟယ်က ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။


"ဘာပစ္စည်းမှမရှိတော့ဘူး...ပြီးတော့ ငါလည်း ထပ်ပြီးတော့ အသားမကင်ချင်တော့ဘူး..."


ပုဖန်က မဟာသခင်ကုဟယ်ကိုကြည့်လိုက်ပြီး မျက်ဝန်းထောင့်စွန်းလေးများပင် ကွေးတက်သွားအောင် ပြုံးလိုက်သည်။


ဒီလူအိုကြီးကတော့ စွဲလမ်းသွားပြီ...


"ပစ္စည်းတွေမရှိတော့ဘူးဟုတ်လား...မရှိတော့ရင် ငါထောက်ပံ့ပေးမယ်ငါ့မှာ နတ်ဘုရားတစ်ပိုင်း အဆင့်ရှိတဲ့ စိတ်ဝိညာဉ် ဆေးပင်ရှိတယ် အဲ့ဒါကို ကင်လိုက်..."


အစားစားနေသည့် အန်းရှန့်ပင်လျှင် နင်သွားလေသည်။သူမချောင်းခြောက်အနည်းငယ်ဆိုးလိုက်ပြီးနောက် ပြောစရာစကားမဲ့စွာဖြင့် သူ့၏ ဆရာကို ကြည့်လိုက်သည်။


အဆင့် ၃ နတ်ဘုရားတစ်ပိုင်း စိတ်ဝိညာဉ် ဆေးပင် အဲ့ဒါကို ကင်လိုက်မယ် ဟုတ်လား...ဆရာ ဘယ်လိုလုပ်များ အဲ့ဒါကို စဉ်းစားနိုင်ရတာလဲ...


"ဟုတ်လား...ဒါဆို ထုတ်လိုက်လေ ကြည့်ကြည့်ရအောင် ..."


ပုဖန်ကလည်း စိတ်ဝင်စားစရာဖြင့် ပြောလိုက်သည်။သူ့၌ နတ်ဘုရားတစ်ပိုင်း စိတ်ဝိညာဉ် ဆေးပင်များကို အများကြီးမပိုင်ဆိုင်ထားပေ။ထို့ကြောင့် အခုအခွင့်အရေးက သူ၏ ဗဟုသုတများ တိုးပွားလာနိုင်မည့် အခွင့်အရေးပင်ဖြစ်သည်။


မဟာသခင်ကုဟယ်လည်း ထိတ်လန့်သွားပြီးနောက်မှ သူခြောက်ကပ်ကပ် ချောင်းအနည်းငယ်ဆိုးလိုက်ပြီး လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။


"ဒီအဖိုးကြီးက ဒီပြိုင်ပွဲမှာမင်းရဲ့ ကြိုးစားမှုတွေကို မြင်လိုက်ရပြီးသွားပြီ နောက်ထပ် ပြိုင်ပွဲတစ်ခုကို ထပ်စကြရအောင်..."


ပုဖန် နှုတ်ခမ်းတွန့်ရုံ မဲ့လိုက်သည်။သို့သော်လည်း သူက အများကြီးမတွေးတော့ပေ။သူ့၏ ပစ္စည်းများကို ကောက်ယူသိမ်းဆည်းလိုက်ပြီးနောက် ဆိုင်းဘုတ်ကိုကိုင်၍ အဖိုးကြီးများဘက်သို့ လှည့်၍ ပြောလိုက်သည်။


"ဒီတော့ ဒီတစ်ကြိမ်မှာ ကျုပ်နိုင်သွားတာလား..."


သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် ခေါင်းညိတ်၍ အတည်ပြုလိုက်ကြသည်။အသားကင်၏ အရသာက ကောင်းလွန်းလှသည့်အပြင် သူ့၏ အကျိုးသက်ရောက်မှုကလည်း အသိအမှတ်ပြုနိုင်ပေသည်။


အသားကင်ကို အသုံးပြုထားသည့် နည်းလမ်းက သူတို့၏ ဆေးလုံးအစီအရင်နှင့်ပင် တူညီနေပြီးသက်ရောက်မှုကလည်း အမှတ် ၂ စိတ်ဝိညာဉ် ဆေးလုံးများဖြင့်ပင် ယှဉ်နိုင်သောကြောင့် သူတို့ပင် အံ့အားသင့်ခဲ့ရသည်။


"ဒီတစ်ပွဲကိုတော့ ငါတို့ရဲ့ မိတ်ဆွေလေးက နိုင်သွားပါပြီ...ဒါပေမယ့် ဒီအဖိုးကြီး နားမလည်တာနည်းနည်းတော့ရှိနေတယ် ငါတို့ရဲ့ မိတ်ဆွေလေးက အဂ္ဂိရတ်ပညာရှင်များလား...အသားကင်ဖို့ အသုံးပြုလိုက်တဲ့ နည်းလမ်းက ငါတို့ အဂ္ဂိရတ်ပညာရှင်တွေရဲ့ နည်းလမ်းနဲ့ တော်တော်လေးကို တူညီနေတယ်..."


မဟာသခင် ရွှမ်မင်က ပုဖန်ကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။ပရိတ်သတ်များက ထပ်မံ အံ့အားသင့်သွားကြပြန်သည်။ရုတ်တရက် မဟာသခင်ရွှမ်မင်က ထိုမေးခွန်းမျိုးမေးလိုက်မယ်လို့ မမျှော်လင့်ထားမိပေ။ပုဖန်ဘက်သို့ အကြည့်ရောက်သွားကြ၏။


"ကျုပ်က အဂ္ဂိရတ်ပညာရှင်မဟုတ်ပါဘူး...ကျုပ်က စားဖိုမှူးတစ်ယောက်ပါပဲ..."


မဟာသခင်ရွှမ်မင်နှင့် တခြားသူများက သူ့စကားကို လက်မခံနိုင်ကြပေ။သူတို့တောင် အသုံးမပြုရဲတဲ့ နည်းလမ်းကို စားဖိုမှူးတစ်ယောက်က ဘယ်လိုလုပ် အသုံးပြုရဲရတာလဲ။ဆိုင်းဘုတ်ကိုသယ်၍ တရွေ့ရွေ့ထွက်ခွာသွားသော ပုဖန်ကိုကြည့်၍ သူတို့၏ မျက်ဝန်းထဲ၌ ဆန်းကြယ်မှုများ ပိုမိုများပြားလာလေသည်။


"ဒီစားဖိုမှူးက တော်တော်ကို စိတ်ဝင်စားစရာကောင်းတဲ့ လူပဲ..."


မဟာသခင် ကုဟယ်က သူ့၏ မုတ်ဆိတ်မွှေးကိုပွတ်သပ်လိုက်ရင်း ခပ်ဟဟရယ်မောလိုက်သည်။


"ပိုင်ရှင်ပုက တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်..."


အန်းရှန့်က ပလုတ်ပလောင်းအသံဖြင့် ဝင်ရောက်ပြောဆိုလိုက်လေသည်။မဟာသခင် ကုဟယ်က သူမဘက်သို့ လှည့်၍ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။


"ဒီကောင်မလေးက စကားပြောရဲသေးတယ်ပေါ့လေ မင်းဒီပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ပြီဆိုမှတော့ ထ်ိပ်သီး ငါးဆယ်ထဲက်ို ဝင်မပါနိုင်တော့ဘူး...ဒီတော့ နင့်ရဲ့ သလင်းကျောက် သုံးလစာ ဖြတ်တောက်ခံရမယ်..."


 မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး အန်းရှန့်၏ မျက်လုံးများပင် ပြာဝေသွားမိသည်။


"ကောင်းပြီ ...ဒိုင်လူကြီးချုပ်အခုဒီပြိုင်ပွဲရ့ ရလဒ်ကို ကြေငြာသင့်တယ် ထိပ်သီး ၁၀၀ ပြိုင်ပွဲရဲ့ နောက်ထပ်ပွဲစဉ်တွေကို ဆက်လက်ကျင်းပရဦးမယ်..."


ပုဖန်၏ ပုံရိပ်ကို စွဲစွဲနစ်နစ်စိုက်ကြည့်နေသော မဟာသခင်ရွှမ်မင်က ဒိုင်လူကြီးချုပ်ကို လှမ်းပြောလိုက်သည်။သို့သော်လည်း ဒိုင်လူကြီးချုပ်က စကားတစ်ခွန်းမှ ပြန်မပြောပေ။သူ့၏ မျက်နာက မဲမှောင်နေပြီး အမူအရာက အလွန်ပင် ဝမ်းနည်းကြေကွဲသလို ဖြစ်နေပေသည်။သူ့၏ နှာခေါင်းက ရှုံ့ပွရှုံ့ပွဖြစ်နေကာ နေရာမှာပင် မရွှေ့တမ်းရပ်နေလေသည်။


ငါ့ရဲ့ စားစရာတွေကို လုသွားတယ် အခု ဒီဒိုင်လူကြီးချုပ်က အရမ်းကို စိတ်ဓာတ်ကျနေပါပြီနော်...