အခန်း ၅၂၀
ထိပ်သီး ၅၀ထဲမှ ပုဖန်၏ ပြိုင်ဘက်...
"နန်ကုန်းဝူချယ်ရဲ့ ဆေးလုံးက အဆင့်မမှီခဲ့ဘူးဆိုရင် သူပြိုင်ပွဲထဲ ပါဖို့ မစဉ်းစားနဲ့တော့..."
စင်မြင့်ထက်တွင်ထိုင်နေသော မဟာသခင် ရွှမ်မင်က ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။သူနန်ကုန်းဝူချယ်ကို အေးစက်စွာစိုက်ကြည့်နေလေသည်။မြူကောင်းကင်မြို့ထဲတွင် နေထိုင်သူများအားလုံး နန်ကုန်းဝူချယ်ကို သိကြသည်။တကယ်တမ်းတွင် နန်ကုန်းဝူချယ်က သူ့၏ တပည့်တစ်ပိုင်းဟုပင်ပြောနိုင်သည်။ နန်ကုန်းဝူချယ်နှင့် ဆက်ဆံရေးမှာ မဆိုးလှပေ။
ဒီနေ့မှာတော့ နန်ကုန်းဝူချယ်၏ အပြုအမူများက အလွန်စိတ်ပျက်စရာကောင်းသည်ကို သူတွေ့ခဲ့ရသည်။အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေဖြင့် ညစ်ပတ်လှသည့် နည်းလမ်းများကို မသုံးလျှင် သူအနိုင်ရရန် မလွယ်ကူဘူးလား...
ထိုကဲ့သို့ နည်းဖြင့် ရလာသော အနိုင်က မည်သည့်အဓိပ္ပါယ်ရှိပါမည်နည်း။ဟိုစားဖိုမှူးလေး၏ ပြိုင်ပွဲတွင် အဂ္ဂိရတ်ပညာရှင်များ၏ ဆေးမီးဖိုပေါက်ကွဲရခြင်းက ဟင်းပွဲများ၏ မွှေးရနံ့ကို တောင့်မခံနိုင်သောကြောင့်ဖြစ်သည်။
ထို့အပြင် သူ့၏ ဟင်းပွဲများ၏ အကျိုးသက်ရောက်မှုကလည်း တကယ့်ကို ထူးခြားလှသည်။ထိုစားဖိုမှူး၏ အပြုအမူများက လက်ခံနိုင်စရာရှိပေသည်။
နန်ကုန်းဝူချယ်အတွက်ကမူ ဒီနေရာတွင် ရွှေကြည်ရောင်ရိုးတံကို သုံးစရာအကြောင်းမရှိပေ။သူက ထိုကိစ္စကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းသာဖြစ်ပေလိမ့်မည်။
မဟာသခင် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သော သူပင်လျှင် နန်ကုန်းဝူချယ် မည်ကဲ့သို့ တွေးတောနေသည်က်ို မပြောနိုင်ပေ။
"နန်ကုန်းဝူချယ် ငါမင်းကိုသတ်မယ်..."
ရှုံးသွားသော လင်းစန်းဖောင်က အချိန်အတော်ကြာမှသာ သတိဝင်လာလေသည်။ယခုအချိန်၌ သူတစ်ကိုယ်လုံး မီးခိုးများ ညစ်ပေနေပြီး အဝတ်အစားများမှာလည်း ဆုတ်ပြဲနေလေသည်။သူဒေါသတကြီးဖြင့် ခြေဆောင့်လိုက်လေရာ စင်ပင် သိမ့်သိမ့်ခါသွားလေသည်။
နန်ကုန်းဝူချယ်က လင်းစန်းဖောင်ကို ကြည့်လိုက်ပြီးနောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းများတွန့်ကွေးသွားကာ နတ်ဆိုးဆန်ဆန်ပြုံးလိုက်လေသည်။
ထိုကြောက်စရာကောင်းလှသော အပြုံးကြောင့် ကြည့်ရှုနေသူများပင်လျှင် ကြောင်အသွားပြီး နန်ကုန်းဝူချယ်ကို အံ့အားတသင့်စိုက်ကြည့်နေမိကြသည်။
နန်ကုန်းဝူချယ်က ချောမောခန့်ညားရုံသာမက ပျော်ပျော်လည်းနေတတ်သည်။သို့သော်လည်း ယခု သူ့၏ နတ်ဆိုးဆန်လှသော ရက်ရက်စက်စက်ကြောက်မက်ဖွယ်အပြုံးကို မြင်လိုက်ရသောအခါ၌ သူတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
သို့သော်လည်း လူအများစုကမူ သူပြဿနာကို မည်ကဲ့သို့ ဖြေရှင်းမည်ကိုသာ စိတ်ဝင်စားနေကြလေသည်။တိုက်ခတ်နေသော လေပြင်းများကြောင့် နန်ကုန်းဝူချယ်၏ အနီရောင် ဆံနွယ်များက တဖျက်ဖျက် လွင့်ခါနေသည်။ သူပြုံးလိုက်၏။ထို့နောက် လက်ဖဝါးနှစ်ဖက်ကို မြှောက်လိုက်ပြီး သူ့၏ အစစ်အမှန်စွမ်းအင်များကို စတင်လည်ပတ်စေလိုက်သည်။
သူ့၏ စိတ်စွမ်းအားကို ထိန်းချုပ်လိုက်ပြီး ဆေးမီးဖိုကို လှည့်ပတ်လိုက်စေသည်။ရုတ်တရက် ဆေးမီးဖိုမှ အပူငွေ့များ ထုတ်လွင့်လာပြီးနောက် လေထဲ၌ ပြန့်နှံ့နေသည့် အနံ့ဆိုးများက ဆေးမီးဖိုဆီသို့ ပြန်လည် ဝင်ရောက်သွားပြီး အနံ့ကင်းစင်သွားလေသည်။
"အနံ့ဆိုးတွေပျောက်သွားပြီ...တကယ်ကို အံ့သြစရာပဲ...နန်ကုန်းဝူချယ်က သူ့ရည်ရွယ်ချက်ပြည့်သွားလို့လား...သူက သူ့ပြိုင်ဘက်ကို အလဲထိုးပြီး ဆေးမီးဖိုပေါက်ကွဲစေချင်ရုံပဲလား...ဒါက နည်းနည်းတော့ အကျင့်မကောင်းရာကျတယ်မဟုတ်လား..."
အဂ္ဂိရတ်ပညာရှင်များစွာလည်း သတိထားမိသွားပြီး အချင်းချင်းတီးတိုးဆွေးနွေးနေကြလေသည်။နန်ကုန်းဝူချယ်က သူ့၏ ဆေးလုံးသန့်စင်ခြင်းကိုသာ အာရုံစူးစိုက်ထားလေသည်။
ဆေးမီးဖိုအတွင်း၌ ဆေးရည်လုံးလေးက လှည့်ပတ်နေသည်။ဆေးမီးဖို၏ မြင့်တက်လာသောအပူချိန်ကြောင့် ထိုဆေးရည်လုံးလေးက တဖြေးဖြေးချင်း ခဲလာလေသည်။
မကြာခင်မှာပင် ဆေးမီးဖ်ိုထဲမှ နက်မှောင်နေသည့် စိတ်ဝိညာဉ်ဆေးလုံး ပျံသန်းထွက်လာပြီး သူ့၏ လက်ဖဝါးပေါ်ဆင်းသက်လာလေသည်။ဆေးလုံးက ပူနွေးနေပြီး အနည်းငယ်ပင် တောက်ပနေသည်။
ထိုစိတ်ဝိညာဉ် ဆေးလုံး၏ မျက်နာပြင်ပေါ်တွင် လိုင်းကြောင်းနှစ်ခုက ထင်ထင်ရှားရှားပေါ်လွင်နေသည်။ထိုအနက်ရောင်ဆေးလုံးလေးက အမှတ် ၂ စိတ်ဝိညာဉ် ဆေးလုံးပင်ဖြစ်ပေသည်။
လင်းစန်းဖောင် မှင်သက်တုန်လှုပ်နေမိသည်။
နန်ကုန်းဝူချယ်က အမှတ် ၂ ဆေးလုံးကိုသန့်စင်လိုက်တယ်လား...သူက ကောင်းကင်ကမ္ဘာမြေမီးလျှံကိုဆုံးရှုံးသွားပြီလေ...ဘယ်လိုလုပ်ပြီး အမှတ် ၂ ဆေးလုံး သန့်စင်နိုင်သေးတာလဲ...
ယခင်က နန်ကုန်းဝူချယ်က သူ့၏ ကောင်းကင်ကမ္ဘာမြေမီးလျှံအားကိုးဖြင့် အမှတ် ၂ စိတ်ဝိညာဉ် ဆေးလုံးနှင့် သန့်စင်ခဲ့ဖူးသည်။သို့သော် ယနေ့တွင်မူ သူ့၏ စွမ်းရည်စစ်စစ်ဖြင့် အမှတ် ၂ ဆေးလုံးကို သန့်စင်နိုင်ခဲ့လေပြီ။
အကဲဖြတ်လူကြီးမင်းများလည်း အံ့အားသင့်သွားကြသည်။မဟာသခင်ရွှမ်မင် မျက်မှောင်ကြုတ်လိုက်၏ သို့သော်လည်း သူ စကားများများပြောခဲ့ပြီးပြီဖြစ်သောကြောင့် စကားမဆိုတော့ပေ။ထိုကောင်စုတ်လေး နန်ကုန်းဝူချယ်က အရည်အချင်းတစ်ချို့တော့ရှိပေသည်။သူက သူ့ကို စိတ်မပျက်စေခဲ့ပေ။
ဒိုင်လူကြီးက အစီအရင်ဖြင့် ဆေးလုံး၏ အရည်အသွေးကို စစ်ဆေးပြီးနောက် ဒီပြိုင်ပွဲ၏ အောင်မြင်သူက နန်ကုန်းဝူချယ်ဖြစ်ကြောင်း ကြေငြာလိုက်လေသည်။
ပရိတ်သတ်များကလည်း ဆူညံစွာ အော်ဟစ်အားပေးနေကြသည်။
"ဒီလိုဆိုရင် နန်ကုန်းဝူချယ်က လင်းစန်းဖောင်ကို အနိုင်ယူဖို့ သူမှာအင်အားမရှိတာကြောင့် ညစ်ပတ်တဲ့နည်းလမ်းကို အသုံးပြုခဲ့တာမဟုတ်ဘူးပေါ့...သူက လင်းစန်းဖောင်ကို စိတ်အနှောင့်အယှက်ဖြစ်စေချင်လို့ သုံးခဲ့တာ သက်သက်ပဲ..."
ပရိတ်သတ်များက ရှင်းရှင်းလင်းလင်းနားလည်သွားကြပေသည်။လင်းစန်းဖောင်က သန့်ရှင်းမှုကို အလွန်အမင်းကြိုက်နှစ်သက်သောအရူးတစ်ယောက်ဖြစ်သည်။ထို့ကြောင့် နန်ကုန်းဝူချယ်က သူ့ကို အနံ့ဆိုးများဖြင့် ဖုံးလွှမ်းလိုခြင်းကြောင့်သာဖြစ်သည်။
သူ့၏ ပြိုင်ဘက် လင်းစန်းဖောင်က ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ရလေသည်။နန်ကုန်းဝူချယ်က သူ့လက်ထဲမှ အနက်ရောင်ဆေးလုံးလေးကို ကစားနေပြီးနောက် လင်းစန်းဖောင်ကို ကြည့်လိုက်သည်။ထို့နောက် သူ့၏လက်ကို အသာလှုပ်ရှားလိုက်လေရာ ဆေးလုံးက လင်းစန်းဖောင်ဆီသို့ ပျံသန်းသွားလေသည်။
"ငါ့ရဲ့ အရည်အချင်းကို မယုံကြည်ဘူးမဟုတ်လား...ဒီလိုဆိုမှတော့ စိတ်ဝိညာဉ်ဆေးလုံးကို မြည်းကြည့်လိုက်..."
လင်းစန်းဖောင်က လေထဲမှ ဆေးလုံးကို လက်မြှောက်၍ ဖမ်းယူလိုက်သည်။ထို့နောက် သူသေချာစွာ အနီးကပ်ကြည့်ရှုလိုက်လေသည်။ဆေးလုံး၏ ပေါ်တွင် အမှတ် ၂ ခုက ထင်းထင်းရှားရှားကိုပေါ်လွင်နေသောကြောင့် ခဏမျှ ငြိမ်သက်သွားလေသည်။
"သူတကယ်ပဲ လုပ်နိုင်ခဲ့တာပဲ..."
လင်းစန်းဖောင် အသက်ပြင်းပြင်းချလိုက်မိသည်။ထို့နောက် ဆေးလုံးကို နှာဝနားကပ်၍ အနံ့ရှူကြည့်လိုက်လေရာ မွှေးပျံ့သည့် ရနံ့နံ့သင်းသင်းလေးကို ရလိုက်လေသည်။ထို့နောက် သူ ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး သွားဖြင့် ကိုက်ခွဲလိုက်လေသည်။
ခရက်ရှ်...
သူ့မျက်လုံးများ ပြူးကျယ်သွားလေသည်။
ဖူး...
ဆေးလုံးပါးစပ်ထဲ ဝင်သွားသည်နှင့် သန့်စင်နေစဉ်ကထက်ပင် ဆိုးရွားလှသော အနံ့များ ထွက်ပေါ်လာလေသည်။
ဒိုင်လူကြီးမင်းက မိုက်မဲလှသော လင်းစန်းဖောင်ကို သနားသည့်အကြည့်များဖြင့်သာ စိုက်ကြည့်နေလေသည်။သူ ခေါင်းအသာခါယမ်းရင်း သက်ပြင်းချလိုက်မိသည်။
လင်းစန်းဖောင်က ဒီရွှေကြည်ရောင်ရိုးတံနဲ့ လုပ်ထားတဲ့ ဆေးလုံးကို တကယ်ပဲ ပါးစပ်ထဲ ထည့်ရဲတယ်ပေါ့ ...မင်းက ငတုံးလား...ဒါမှမဟုတ် ယုံလွယ်တာလား...
လင်းစန်းဖောင်၏ အမူအရာကိုမြင်သည်နှင့် နန်ကုန်းဝူချယ် အော်ဟစ် ရယ်မောနေတော့သည်။သူ အတောမသတ်ရယ်မောရင်းဖြင့် စင်ပေါ်မှ ဆင်းလာလေသည်။
အော့အန်နေသည့် လင်းစန်းဖောင်ကိုကြည့်ရင်း ပုဖန် အနည်းငယ် သနားသွားမိသည်။တို့ဟူးပုပ်က အနံ့ဆိုးလှသော်လည်း သူ့အရသာက တကယ့်ကို ကောင်းမွန်လှသည်။စိတ်ဝိညာဉ် ဆေးလုံးကမူ သန့်စင်နေစဉ်အတွင်းတွင် အနံ့ဆိုးသည့်အပြင် စားသည့်အခါတွင်လည်း အရသာဆိုးလှသည်။
အချိန်များကုန်ဆုံးသွားပြီးနောက် နောက်ဆုံး တွင် ထိပ်သီး ၁၀၀ ပြိုင်ပွဲကြီးလည်း ပြီးဆုံးသွားလေပြီ။ကောင်းကင်ယံ၌ လနှစ်စင်းထွက်ပေါ်လာပြီး အေးမြသည့် လရောင်က ကမ္ဘာမြေကို လွှမ်းခြုံထားလေသည်။
မြူကောင်းကင်မြို့၏ ရင်ပြင်ကျယ်၌ နောက်တစ်ပွဲသို့ တက်ရောက်ခွင့်ရခဲ့သော ပြိုင်ပွဲဝင်များက ပထမပြိုင်ကွင်းတွင် ရပ်စောင့်နေကြသည်။ဆိုင်းဘုတ်ကို ပခုံးပေါ်ထမ်းတင်ထားသော ပုဖန်က ထိုစင်မြင့်ပေါ်တွင်ရှိနေလေသည်။သူ့၏ အမူအရာက မျက်နာသေဖြင့်ပင်ဖြစ်သည်။
အခြားလူကလည်း ပုဖန်တို့ နန်ကုန်းဝူချယ်တို့လို ကိုယ်ပိုင်နည်းလမ်းဖြင့်ပင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။စင်မြင့်ပေါ်၌ ထိပ်သီး အယောက် ၁၀၀ ပြိုင်ပွဲကို ဖြတ်ကျော်လာနိုင်ခဲ့သော ပြိုင်ပွဲဝင် ငါးဆယ်ရှိနေသည်။ယခုသူတို့က ထိပ်သီး ပြိုင်ပွဲဝင်ငါးဆယ်ဖြစ်သွားပေသည်။ထိုသူများထဲမှ တစ်ချို့က ပုဖန်ကို စူးစမ်းသည့်အကြည့်များဖြင့် ကြည့်နေကြလေသည်။
စားဖိုမှူးတစ်ယောက်...
ပဉ္စလက်ပြိုင်ပွဲတွင် ပါဝင်သော တစ်ဦးတည်းသော စားဖိုမှူးက ထိပ်သီး ငါးဆယ်ထဲသို့ ဝင်ရောက်နိုင်ခဲ့တာက တကယ့်ကို အံ့အားသင့်စရာကောင်းလွန်းလှသည်။
ထို့အပြင် ထိုစားဖိုမှူးက သူ့၏ အကန့်အသတ်သို့ ရောက်သေးပုံမပေါ်ပေ။သူ့၏ သန်မာမှုအရ ထိပ်သီး ၁၀ယောက်အတွင်းသို့ ဝင်ရောက်ရန်မှာလည်း မဖြစ်န်ိုင်ပုံမရပေ။
ယခု ထိုစားဖိုးမှူးက ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်၍ အဂ္ဂိရတ်ပညာရှင်များဖိအားနှင့် အန္တရာယ်ကို ခံစားမိလေသည်။
အဂ္ဂိရတ်ပညာရှင်များအတွက် စားဖိုမှူးတစ်ယောက်ကို ရှုံးနိမ့်ရခြင်းက ရှက်စရာကောင်းလှပေသည်။မှော်ကဝေအန်းရှန့်ပင်လျှင် ထိုစားဖိုမှူးကို ရှုံးနိမ့်ခဲ့ရသည်။သို့သော် အရေထူပြီး စိတ်ထဲမထားတက်သည့်သူမက သူတို့နှင့်မတူပေ။
သူတို့က သူတို့သာ ရှုံးနိမ့်ခဲ့လျှင် လူတိုင်း၏ ရယ်စရာဖြစ်လာပေလိမ့်မည်။ထို့ကြောင့် သူတို့က ပုဖန်၏ လုပ်ဆောင်မှုများကို အလေးအနက်ထားကာ ကြည့်ကြည့်နေကြခြင်းဖြစ်သည်။
"ကောင်းပြီ...အခု ထိပ်သီး ၁၀၀ ပြိုင်ပွဲက ပြီးဆုံးသွားပြီ...အခု ကျန်ခဲ့တဲ့ လူတွေက ထိပ်သီး အယောက် ၅၀ထဲကို ဝင်သွားတဲ့ သူတွေ ဖြစ်တယ်...ထုံးစံအတိုင်းပဲ ပြိုင်ပွဲကို နောက်သုံးရက်နေရင် ကျင်းပမယ် နောက်ထပ် ပြိုင်ပွဲအတွက် မင်းတို့ သုံးရက်အတွင်းမှာ ပြင်ဆင်စရာတွေအားလုံး ပြင်ဆင်ထားလို့ရတယ်...နောက်တစ်ချီပြိုင်ပွဲအတွက် မင်းတို့ရဲ့ ပြိုင်ပွဲကို ရွေးချယ်ပေးမယ်..."
မဟာသခင်ရွှမ်မင်က လက်နှစ်ဖက်ကိုနောက်ပစ်၍ စစ်သင်္ဘောပေါ်မှ ဆင်းသက်လာကာ ပြိုင်ပွဲအကြောင်းကို ကြော်ငြာပေးလိုက်သည်။
လေအရှိန်ဖြင့် တဖျက်ဖျက်လွင့်ခါနေသော သူ့၏ ဝတ်ရုံက သူ့ကို သူတော်စင်တစ်ယောက်အလား ထင်မှတ်မှားစေသည်။
ပြိုင်ပွဲဝင် ငါးဆယ်က ကျောမတ်မတ်ရပ်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ထိပ်သီး ငါးဆယ်က သူတို့၏ ပန်းတိုင်မဟုတ်သေးပေ။သူတို့၏ ရည်ရွယ်ချက်က ထိပ်သီး ၁၀ ယောက်ထဲ ဝင်ဖို့ဖြစ်သည်။
ဝီ...
မဟာသခင်ရွှမ်မင်၏ လက်ထဲ၌ အဆောင်အစီအရင်ပြားတစ်ခု ပေါ်လာသည်။ထို့နောက် အစီအရင်ပြားမှ အလင်းများစွာတောက်ပလာပြီး ညအမှောင်ယံကို လင်းထိန်သွားစေသည်။
ဒိုင်လူကြီးမင်းတစ်ယောက်က ကျောက်စိမ်းပြားများကို ထုတ်ယူလိုက်ပြီးနောက် ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီကို လိုက်ပေးလိုက်လေသည်။
ရွှမ်မင်၏ အစစ်အမှန်စွမ်းအင်များက အစီအရင်များနှင့် ဆက်သွယ်ထားပြီးနောက် ကျောက်စိမ်းပြားများက ပို၍ တောက်ပလာလေသည်။ပြိုင်ပွဲတစ်ခုလုံးတွင်လည်း လေတိုးသံများဖုံးလွှမ်းနေလေသည်။
ကောင်းကင်ယံကို ဖုံးလွှမ်းထားသော ပုံရိပ်လွှဲပြောင်းအစီအရင်က တောက်ပလာပြီး ပြိုင်ပွဲဝင်နာမည်များပေါ်လာလေသည်။တစ်စုံစီ ပေါ်နေသော နာမည်များက နောက်တစ်ပွဲတွင် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်များဖြစ်ကြသည်။
ပုဖန်က သူ့လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။ပေါ်နေသည့် နာမည်က ရှုံးရှစ်....
"ရှုံးရှစ်...ဒီလူကကော ကျော်ကြားတဲ့လူပဲလား...သူ့ရဲ့ နာမည်ကတော့ နည်းနည်းထူးဆန်းတယ်..."
ပုဖန်၏ ဘေးနားတွင်ရပ်နေသော နန်ကုန်းဝူချယ်ကလည်း သူ့၏ ကျောက်စိမ်းပြားကိုကြည့်လိုက်သည်။သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် သူအကြည့်များက ရှုပ်ထွေးသွားလေသည်။
ပုဖန်က နန်ကုန်းဝူချယ်၏ အမူအရာပြောင်းသွားသည်ကို သတိထားမိပြီး သူ့ကျောက်စိမ်းပြားကို လှမ်းကြည့်လိုက်သည်။
"ယန်မိန်ကျီ...ဟမ် အဲ့ဒီ ထွားကြိုင်းသန်မာတဲ့ အမျိုးသမီးလား..."
ပုဖန်က အံ့အားတသင့်ဖြင့် မျက်လုံးပင့်ပြီး မေးလိုက်မိသည်။သူ ထိုအရာကို တိုက်ဆိုင်မှုဟုပင် မတွေးမိပေ။
"ဟုတ်တယ် သူပဲ ...ငါ့ရဲ့ ကောင်းကင်ကမ္ဘာမြေမီးလျှံကို ယူသွားတဲ့ အမျိုးသမီး..."
နန်ကုန်းဝူချယ် ခါးသီးစွာ ပြောလိုက်သည်။နောက်တစ်ကြိမ်ပြိုင်ဘက်က ယန်မိန်ကျီဖြစ်နေခြင်းမှာ ကံကြမ္မာ၏ စီရင်မှုသာဖြစ်ပေလိမ့်မည်။
"ကံကောင်းပါစေ..."
ပုဖန် တည်ငြိမ်စွာပင် ပြောလိုက်လေသည်။သူတို့နားတွင် ရပ်နေသော သွမ့်ယင်ကလည်း သူ့၏ ကျောက်စိမ်းပြားကို မျက်မှောက်ကြုတ်၍ ကြည့်နေလေသည်။
ထိပ်သီး ငါးဆယ်ထဲသို့ ဝင်ရောက်လာပြီးသည့်နောက် ပြိုင်ဘက်များက အားနည်းတော့မည်မဟုတ်ကြောင်း သူမျှော်မှန်းထားခဲ့ပြီးဖြစ်သည်။သူကဲ့သို့ပင် အားကောင်းသည့် အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်သော ကောင်းကင် ဆေးမြို့တော်မှ သူနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရလေပြီ။နောက်တစ်ပွဲကို အောင်မြင်နိုင်ဖို့ သူ့တွင် ယုံကြည်ချက်မရှိတော့ပေ။
"ပိုင်ရှင်ပု မင်းကကော ဘယ်သူနဲ့ ကျလဲ..."
နန်ကုန်းဝူချယ်နှင့် သွမ့်ယင်က ပုဖန်လက်ထဲမှ ကျောက်စိမ်းပြားကို ငုံ့ကြည့်ရင်း ပြိုင်တူမေးလိုက်သည်။ကျောက်စိမ်းပြားပေါ်မှ နာမည်ကိုမြင်လိုက်သောအခါတွင် သူတို့ အသက်ရှူပင်ရပ်သွားမိ၏။
"ဘာလဲ ဒီလူက တကယ့်ကိုပဲ နာမည်ကြီး ကျော်ကြားလို့လား..."
ပုဖန်က သူတို့၏ အံ့အားသင့်သွားသော အမူအရာကြောင့် ပုဖန်မေးလိုက်မိသည်။
"ပိုင်ရှင်ပု ရိုးရိုးသားသားပြောရရင်တော့ မင်းက တကယ်ကို ကံမကောင်းတာ...ထိပ်သီး အယောက် ၁၀၀ တုန်းကလဲ မင်းရင်ကြီးကြီးအန်းနဲ့ ကြုံရတယ်...အခုထိပ်သီး ၅၀ ပွဲမှာ ကျတော့လည်း မင်းက အရူးရှုံးနဲ့ ရင်ဆိုင်ခံရတယ်...ထိပ်သီး ၁၀ ယောက်ထဲကို ဝင်မယ့် အလားလာရှိတဲ့သူတွေကို ရွေးထုတ်ဖို့ ကြံစည်ထားတာလား...ဒါမှမဟုတ်ရင် အဲ့ဒီ မဟာသခင်အဂ္ဂိရတ်ပညာရှင်တွေက မင်းဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာလား..."
နန်ကုန်းဝူချယ်က ထူးဆန်းသည့် မျက်နာထားဖြင့် မေးလိုက်သည်။သွမ့်ယင်ကလည်း ပုဖန်ကို သနားစွာ စိုက်ကြည့်နေလေသည်။
"ပိုင်ရှင်ပု ...အဲ့ဒီအရူးရှုံးက စီနီယာအန်းထက် ပိုပြီး ကိုင်တွယ်ရခက်ခဲလိမ့်မယ်...ပြီးတော့ မင်းပိုပြီး ဂရုစိုက်ဖို့လည်း လိုတယ်...အရူးရှုံးကို အရူးလို့ တပ်ခေါ်ရတဲ့ အကြောင်းက သူက အနိုင်ရဖို့အတွက် ဘာမဆိုလုပ်နိုင်တဲ့အတွက်ကြောင့်ပဲ..."
"ရှုံးရှီ ...ဒီလောက်ရိုးသားတဲ့ နာမည်ပိုင်ရှင်က သူတို့ပြောသလိုပဲ ကြောက်စရာကောင်းလား..."
ပုဖန်၏ ပြိုင်ဘက်က ရှုံးရှီဖြစ်ကြောင်း မြင်သည့်အခါတွင် သွမ့်ယင်၏ စိတ်အခြေအနေက ပို၍ တိုးတက်ကောင်းမွန်လာသည်။နှိုင်းယှဉ်လိုက်လျှင် သူပြိုင်ဘက်က ပို၍ အားနည်းနေပေသည်။
ဒီတစ်ကြိမ် ပဉ္စလက်ပြိုင်ပွဲတွင် မည်သူက အာရုံအစိုက်ခံရဆုံးသူ ဖြစ်မည်နည်း။၎င်းက အဂ္ဂိရတ်ပညာရှင်များ၏ ဘုံရန်သူ ပုဖန်ဖြစ်နေသည်မှာ မလွဲပေ။
ကောင်းကင်ပေါ်ရှိ အစီအရင်ပေါ်တွင် နာမည်များ ပေါ်လာသည်နှင့် ပရိတ်သတ်များက ပုဖန်၏ အမည်ကိုသာ လိုက်လံရှာဖွေကြလေသည်။ပုဖန်၏ ဘေးမှ နာမည်ကို သူတို့မြင်လိုက်သည့်အခါ၌ ပြိုင်ကွင်းတစ်ခုလုံး အံ့အားတသင့် ပင့်သက်ရှိုက်သံများသာ ပြည့်နှက်သွားလေသည်။
.....
ခပ်လှမ်းလှမ်းနေရာ၌ရှိနေသော ကြံ့ခိုင်သန်မာလှသည့် လူတစ်ယောက်က ပုဖန်နေရာဆီသို့ လှည့်ကြည့်လာလေသည်။သူ့၏ မျက်ဝန်းထဲ၌ အလင်းရောင်တစ်ချက်လက်သွား၏။
"အဂ္ဂိရတ်ပညာရှင်များရဲ့ ဘုံရန်သူ...အစတုန်းကတော့ ဒီထိပ်သီး ငါးဆယ်ပြိုင်ပွဲက အရမ်းပျင်းစရာကောင်းတယ်လို့ထင်ထားတာ အခုတော့ စိတ်ဝင်စားစရာကောင်းလာပြီ...မှော်ကဝေအန်းရှန့်ကိုတောင် အနိုင်ယူခဲ့တဲ့ သူဆိုတော့ သန်မာမှုတစ်ချို့တော့ရှိနေလိမ့်မယ်...."
တောင့်တလွန်းလို့ ကိုယ်ထင်ပြလိုက်ပါပြီ 🤣🤣 မအားပေမဲ့ ment တွေတက်လာတော့ မနေနိုင်တော့ဘူး ရောက်လာရရော....... မျော်နေပေးကြတာကျေးဇူးတင်ပါတယ်