အပိုင်း ၅၂၁
Viewers 53k

အခန်း ၅၂၁

စိတ်မနှံသူတစ်ယောက် ဆိုင်ထဲဝင်လာတယ် ...


ပုဖန်ဆိုင်သို့ ပြန်ရောက်သည့်အချိန်၌ မိုးစုန်းစုန်းချုပ်နေပြီဖြစ်သည်။သူတို့အားလုံး တစ်နေ့တာအတွက် ပြန်လည် အနားယူကြပြီ ဖြစ်သောကြောင့် ဆိုင်ပတ်ဝန်းကျင်တွင် လူရိပ်လူယောင်ပင်မတွေ့ရတော့ပေ။


ဆိုင်တံခါးဝဆီသို့ အေးဆေးစွာပင်လျှောက်သွားလိုက်သည်။ထို့နောက် ကြီးမားလေးလံသည့် တံခါးကို ဖွင့်လိုက်ပြီး ဆိုင်ထဲသို့ ဝင်ရောက်လိုက်သည်။သူ့၏ ဆိုင်းဘုတ်ကို အသာအယာချလိုက်၏။


ဆိုင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အကြည့်စူးစူးနှစ်စုံကို ခံစားလိုက်ရသည်။နယ်သာရီနှင့် ဘလက်ကီတို့က တံခါးနှင့် ခပ်လှမ်းလှမ်းရှိစားပွဲတွင်ထိုင်၍ မျက်လုံးဝိုင်းဝိုင်းနှစ်စုံဖြင့် သူ့ကိုကြည့်နေကြလေသည်။ထိုအကြည့်များကြောင့် ပုဖန်ပင် ခြေလှမ်းရပ်သွားမိသည်။


"ဘာတွေ ဖြစ်နေကြတာလဲ..."


ထိုင်ခုံတစ်ခုံကို ဆွဲထုတ်လိုက်ပြီး မေးလိုက်သည်။ထို့နောက် ထိုင်ခုံပေါ် သက်တောင့်သက်သာထိုင်ချလိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်သည်။


သူခဏမျှ အနားယူရန် ဆုံးဖြတ်လိုက်သည်။ဒီနေ့ သူ အသားကင်သီတံများကို ပြင်ဆင်ခဲ့သည်။ထိုဟင်းပွဲက အလွန်အမင်း အာရုံစူးစိုက်ထားဖို့ လိုအပ်သည်။


ထို့အပြင်သူက လျာကဝေအခင်းအကျင်းကိုလည်း အသုံးပြုခဲ့သောကြောင့် သူ့၏ စိတ်အာရုံက အလွန်ပင်ပန်းနွမ်းနယ်နေပေပြီ။လူအားလုံးက ပုဖန်၏ ချက်ပြုတ်နေသည်ကိုကြည့်လျှင် လွယ်ကူသည်ဟု ထင်ရသော်လည်း နောက်ကွယ်၌ မည်မျှပင် ခက်ခဲသည်ကို မည်သူမှသိလိုက်မည်မဟုတ်ပေ။


"ငါတို့ ဗိုက်ဆာနေကြပြီ..."


နယ်သာရီက နှုတ်ခမ်းများ တစ်ချက်သပ်လိုက်ရင်း ပုဖန်ကို မျက်နာငယ်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ခွေးဘုရင်ကလည်း မျက်တောင်ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်သည်။ထို့နောက် လျှာတန်းလန်းထုတ်၍ နယ်သာရီ၏ စကားကို ထောက်ခံအားပေးလိုက်သည်။


"ဒီအစားသရဲ နှစ်ယောက်ကတော့ ..."


ပုဖန် သက်ပြင်းအသာချလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး မီးဖိုခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ပုဖန်၏ ပုံရိပ်ကို လိုက်ကြည့်နေသော နယ်သာရီ၏ မျက်ဝန်းများက ကြယ်ပွင့်များကဲ့သို့ တောက်ပလင်းလက်လာပေသည်။


မကြာခင်မှာပင် မီးဖိုခန်းဆီမှ မွှေးရနံ့များ ထွက်ပေါ်လာလေသည်။ပုဖန်က ထိုနှစ်ယောက်အတွက် ပြင်ဆင်နေကြအတိုင်းပင်ပြင်ဆင်လိုက်သည်။သူ ထိုနဂါးသွေးထမင်းကြော်နှင့် နံရိုးချိုချဉ်ကြော်ကို ချက်ပြုတ်ရလွန်းသောကြောင့် တရေးနိုးထချက်လို့ပင် ရနေပေပြီ။ယခုအချိန်မှာတော့ ထိုဟင်းပွဲနှစ်ပွဲကို ပြင်ဆင်ရခြင်းက သူအတွက် အလွန်လွယ်ကူနေပေပြီ။


မွှေးရနံ့များနှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုးနှင့် ဇွန်းဖျားတို့ ထိခတ်သံကလည်း စားသောက်ခန်းထဲအထိတ်ိုင်အောင် လွင့်ပျံနေလေသည်။ခဏအကြာ၌ မီးဖိုခန်းဝဆီ၌ ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာလေသည်။


စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆ်ိုင်းနေကြသော နယ်သာရီတို့ နှစ်ယောက်၏ အကြည့်များက မီးဖိုခန်းဆီသို့သာ မလွှဲတမ်းစိုက်ကြည့်နေကြသည်။


"ဒီမှာ နယ်သာရီအတွက် ထမင်းကြော်နဲ့ ဘလက်ကီအတွက် နံရိုးချိုချဉ်ကြော်..."


သူတို့နှစ်ယောက်၏ မျက်ဝန်းများက တောက်ပသွားပြီးနောက် ချက်ချင်းပင် အလောတကြီး စားသောက်ကြတော့သည်။ခွေးနှင့် အမျိုးသမီး၏ စားသောက်ပုံက ယဉ်ကျေးမှုမရှိပဲ ထပ်တူညီနေလေသည်။


သူက ဗိုက်မဆာသောကြောင့် ထိုင်ခုံတွင်သာထိုင်လိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်နေလိုက်သည်။ထိပ်သီး ငါးဆယ်ပြိုင်ပွဲအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သော်လည်း စနစ်က ပါဝင်ပြီးမြောက်ကြောင်း မကြေငြာသည်ကို သတိပြုမိလိုက်သည်။ကြည့်ရသည်မှာ ခရီးဝေးဝေးလျှောက်ရန် လိုသေးပုံပေါ်လေသည်။


ယာယီမစ်ရှင် အောင်မြင်ရန်အတွက် ပဉ္စလက်စုဝေးပွဲ၏ ထိပ်သီး ငါးဆယ်အတွင်းသို့ ဝင်ရောက်ခြင်းက မလုံလောက်သေးပုံပေါ်လေသည်။


ခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရပြီး နားထင်ကို လက်ဖြင့် ပွတ်နေမိသည်။ပြိုင်ပွဲက သူ့၏ ဆိုင်စီးပွားရေးကိုလည်း ထိခိုက်မှုရှိသည်။ထိုအရာက သူ့၏ စွမ်းအင်ကျင့်ကြံမှု တိုးတက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသောကြောင့် အနည်းငယ် စိတ်မကျေမနပ်ဖြစ်စေမိသည်။


လေအလင်းအင်ပါယာမှ ဖန်ဖန်ဆိုင်ငယ်လေးကလည်း သူ့၏ စွမ်းအင်အဆင့် တိုးတက်ခြင်းကို အထောက်အကူပြုနေသည်ဆိုသော်လည်း မြူကောင်းကင်မြို့က အရင်းအမြစ်ပျောက်ဆုံးသွားသည်ကိုလည်း သူစိုးရိမ်မိတုန်းပင်ဖြစ်သည်။


နယ်သာရီနှင့် ခွေးဘုရင်တို့က လျှင်မြန်စွာပင် စားပြီးသွားကြလေပြီ။ တစ်ယောက်က သိမြင်မှု သစ်သီးပင်ဘေးနားသို့ ပြန်သွားလိုက်ပြီး တစ်ယောက်က သင်္ဘောပေါ်သို့ ပြန်သွားလေသည်။


ပုဖန်က စားပွဲ သုတ်လိုက်ပြီး ပန်းကန်များကို ထပ်လိုက်သည်။ထို့နောက် တချက်သန်းဝေလိုက်ပြီး ပန်းကန်များကိုသယ်၍ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။


ခရမ်းရောင် မျက်ဝန်းနှင့်ဝှိုက်တီက မီးဖိုချောင် အပေါက်ဝတွင် ရပ်နေသည်။ ပုဖန်က သူ့ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး ပန်းကန်များကို ဆေးကြောမည့်နေရာသို့ ထည့်လိုက်သည်။


သူ့ပုခုံးပေါ်၌ အိပ်ပျော်နေသော ပုစွန်ပိစိကို ဝှိုက်တီ၏ ခေါင်းပေါ်တင်ပေးလိုက်ပြီးနောက် သူ့အခန်းဆီသို့ ပြန်သွားလိုက်သည်။ထို့နောက် ရေမိုးချိုး သန့်စင်ကာ အိပ်ရာဝင်လိုက်လေသည်။


......


မြေပြင်ပေါ်၌ တောင်သေးသေးလေးတလုံးအရွယ်အစားရှိ အရိပ်တခုပေါ်ထွက်လာသည်။


ထိုအရိပ်က စိတ်ဝိညာဉ်သားရဲ ဝက်ဝံတစ်ကောင်နှင့် ဆင်တူလှပြီး ထွက်ပေါ်နေသောအော်ရာများကလဲ ကြောက်စရာကောင်းလှသည်။ထိုသားရဲ၏ဘေးတွင် လူရိပ်တရိပ်ရှိနေပြီး ထိုသူက ရှုံးရှီ ဖြစ်သည်။


"ဆိုတော့...ဒါကတိမ်ခိုးစားသောက်ဆိုင်ပေါ့... မြူခိုးစားသောက်ဆိုင်ပေါ့...မြူကောင်းကင်မြို့ထဲမှာ စားသောက်ဆိုင်ရှိနေဦးမယ်လို့ မထင်မိဘူး "


ရှုံးရှီ ကရယ်မောလိုက်သည်။


သူ့၏ နောက်တကြိမ်ပြိုင်ဘက်က ပုဖန်ဖြစ်ပြီး ထိုသူက ပဉ္စလက်စုဝေးပွဲ ကြီး၏ အကြီးမားဆုံး ပြိုင်ဘက်တယောက်ဟု ကြားသိထားလေသည်။


စားဖိုမှူး တစ်ယောက်...


သူ့၏ပြိုင်ဘက်က စားဖိုမှူးတစ်ယောက်ဟု တွေးလိုက်ရုံဖြင့် စိတ်ထဲတွင် ကလိကလိဖြင့် ရီချင်လာမိသည်။သူ စားဖိုမှူးများနှင့် တစ်ခါမှမပြိုင်ဆိုင်ဖူးပေ။


သို့သော်လည်း ထိုအချက်ဖြင့် သူ့အာရုံများကို လျော့ချလိုက်မည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ထိုစားဖိုမှူးက မှော်ကဝေအန်းရှန့် ကိုပင်အနိုင်ယူထားသူဖြစ်သည်။ထို့ကြောင့်သူလည်း အလေးအနက်ထားထားပေသည်။


သူနှင့်အန်းရှန့် မတူညီသည့် မြို့များမှ ပါရမီရှင်များဖြစ်သော်လည်း သူတို့၏ အရည်အချင်းများကတော့ တစ်ာက်နှင့်တစ်ယောက် အနီးစပ်ဆုံး တူညီကြလေသည်။


တိတိကျကျ ပြောရမည်ဆိုလျှင် မှတ်တမ်းပေါ်တွင်တော့ ရှုံးရှီက အန်းရှန့်ထက် အနည်းငယ်ပိုသာပိုပေသည်။


ထိုအချက်ကလဲ ကျွမ်းကျင်မှူ ကြောင့်မဟုတ်ပဲ သူ့၏ နောက်ကွယ်မှ လှည့်ကွက်များကြောင့်ဖြစ်သည်။


ရှုံးရှီက သူ့ပြိုင်ဘက်များ၏ အသေးစိတ် အချက်အလက်များကို အမြဲတမ်းကြိုစားရှာဖွေလေ့ရှိသည်။


ပြိုင်ဘက်၏ အကြောင်းကို သိထားခြင်းက တိုက်ပွဲတရာကို အောင်နိုင် နိုင်သည်ဟူသော ဆိုရိုးစကားလဲ ရှိထားပေသည်။


သူ့ပြိုင်ဘက်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိရသည်နှင့် ရင်ဆိုင်ရမည့်နည်းလမ်းကို အစီအစဉ်ရေးဆွဲပေလိမ့်မည် ထို နည်းလမ်းဖြင့် သူု့ပြိုင်ပွဲများအားလုံးကို လွယ်လွယ်ကူကူအနိုင်ရလာခဲ့ခြင်းဖြစ်သည်။


"ဝက်ဝံကြီး...ဒါက ငါတို့ရဲ့နောက်တကြိမ်ပြိုင်ဘက်ပဲ...မင်းလက်ဝါးကို သုံးပြီး ဒီဆိုင်ကို ဆိုင်ပြားဖြစ်သွားအောင် ဘာလို့မလုပ်သေးတာလဲ...စားဖိုမှူးက ဒီဆိုင်ကဆိုမှတော့ သူ့စိတ်ထဲမှာ ရှုပ်ထွေးမှူတွေ ထားပေးရမှာပေါ့...ဒါဆိုရင် ငါတို့ရဲ့ပြိုင်ဘက်ကို အနိုင်ရပြီးသားဖြစ်သွားပြီလို့ ပြောလို့ရပြီ မဟုတ်ဘူးလား..."


ရှုံးရှီက ဝက်ဝံကြီး၏ ဝမ်းဗိုက်ကို ပွတ်၍ ခပ်ပြုံးပြုံးဖြင့်ပြောလိုက်သည်။


ဝက်ဝံကြီးကလဲ ဟိန်းဟောက်သံ တချက်ဖြင့် သဘောတူကြောင်းပြလိုက်သည်။


သို့သော်လဲ ရှုံးရှီက အလျင်မလိုပေ ။သူဆိုင်ကို အတန်ကြာအောင်စိုက်ကြည့်နေပြီးနောက် ဝက်ဝံကြီးကိုခေါ်၍ လှည့်ထွက်သွားလေသည်။


.....


နောက်တနေ့မက်ခင်း၌...


ပုဖန်က ပုံမှန်တိုင်းပင် စောစီးစွာ နိုးထလာခဲ့သည်။သူ မျက်နှာသစ် သန့်စင်ပြီးသည်နှင့် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့လိုက်သည်။


ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ပြီးနောက် မနက်စာပြင်ကာ နယ်သာရီနှင့် ဘလက်ကီတို့အတွက် ချပေးလိုက်

သည်။သူတို့စားသောက်ပြီး ဆိုင်ဖွင့်သည့်အချိန်တွင် ဆိုင်ရှေ့၌ လူတန်းရှည်ကြီး ရှိနေပြီဖြစ်သည်။


လူတန်းရှည်၏ထိပ်ဆုံးမှ သန်မာထွားကြိုင်းလှသော သူကို မြင်လိုက်ပြီး ပုဖန် ငေးမိသွားလေသည်။ထိုသူ၏ အသွင်အပြင်က ကြောက်စရာကောင်းပြီး ကြွက်သားအပြည့်ဖြင့် ကြံ့ခိုင်သန်မာကာ ဝက်ဝံတစ်ကောင်နှင့်ပင်တူလှသည်။


ထိုသူက မျက်လုံးနှစ်လုံးသာဖော်ထားကာ မျက်နှာတပြင်လုံးကို အဝတ်ဖြင့်ဖုံးအုပ်ထားသည်။သူ့၏ ပုံရိပ်ကို လျှို့ဝှက်ထားချင်ပုံရလေသည်။


"ခဗျား ဘာမှာ မှာလဲ..."


ပုဖန် ထိုသူကိုကြည့်၍ မေးလိုက်သည်။


သူ့စိတ်ထဲ၌ သိချင်စိတ်များပြည့်နှက်နေသော်လည်း မေးမြန်းခြင်းတော့ မပြုလိုက်ပေ။


ထိုလူထွားကြီးက ဆိုင်ထဲဝင်လာပြီးနောက် ဘေးဘယ်ညာကို ဝေ့ဝဲ အကဲခတ်နေလေသည်။

သူက ဆိုင်ထဲရှိ အရာဝတ္ထုများကို မှတ်သားနေပုံပေါ်လေသည်။


ထို့နောက် သူက စားပွဲတစ်ခုတွင် ဝင်ထိုင်ကာ နံရံပေါ်မှ မီနူးစာရွက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


"မှာ..."


နယ်သာရီက ထိုလူရှေ့ ရုတ်တရက်ပေါ်လာပြီး မျက်နှာသေဖြင့်ပြောလိုက်သည်။


လူထွားကြီးက ခဏမျှ စဉ်းစားနေပြီးနောက်... "ဥထမင်းကြော်တပွဲ"


နယ်သာရီက စကားပြန်မဆိုပဲ အကြည့်ဖြင့်ပင်တုံ့ပြန်လိုက်ပြီး နောက်စားပွဲ တစ်ခုဆီသွားလိုက်သည်။


စားသုံးသူများ၏ အော်ဒါကို လက်ခံပြီးနောက် မီးဖိုချောင်ပြတင်းပေါက်ဆီသွားကာ.ပုဖန်ကို ပြောပြလိုက်သည်။


လူထွားကြီး၏ မျက်ဝန်းများက ဆိုင်ထဲ အဆက်မပြတ် ဝေ့ဝဲကြည့်ရှူရင်းအကဲဖြတ် သုံးသပ်နေသည်။


ဆိုင်ထဲတွင် သိမြင်မှု သစ်သီးပင်တပင်ရှိနေသည်။ထိုအပင်ဘေးတွင် ခွေးနက်တကောင်နှင့် မျက်နှာသေနှင့်မိန်းမတစ်ယောက် ရှိနေသည်။


ဆိုင်၏အပြင်ဆင်က ရိုးရှင်းပြီး အနည်းငယ်ပင်ရှေးကျနေလေသည်။ထိုစားဖိုမှူးက ရှေးဟောင်းအသုံးအဆောင်များကိုကြိုက်နှစ်သက်သူဖြစ်ပေလိမ့်မည်။


မီးဖိုခန်းက ဆိုင်ရှေ့နှင့်အလှမ်းကွာလွန်းသောကြာင့် အတွင်းပိုင်းအပြင်ဆင်ကို သူမမြင်ရပေ။


ထိုစားဖိုမှူးက တသီးတသန့်ဆန်သည့်သူဖြစ်မည်ဟု သူတွေးမိလိုက်ပြန်သည်။


လူထွားကြီးက သူ့ကျောက်စိမ်းပြားကို ထုတ်ပြီး ထိုအချက်အလက်များကို မှတ်ထားလိုက်သည်။


ဘေးပတ်လည်ရှိ စားသုံးသူများက ထိုသူကို ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်နေမိကြသည်။ထိုသူက မသင်္ကာစရာကောင်းနေပေသည်။ထို့နောက် နယ်သာရီဆီသို့ လှမ်းကြည့်မိလိုက်ကြပြန်သည်။


ဒီလူက အစ်မကြီးနယ်သာရီဆီမှာ အရိုက်ခံရမှာကို မကြောက်ဘူးလားမသိဘူး...


"ဒီမှာ ရှင့်ရဲ့ထမင်းကြော်...

"


နယ်သာရီက အဖက်မလုပ်ချင်သောလေသံမျိုးဖြင့်ပြောလိုက်သည်။သူ လူထွားကြီးကို တချက်သာကြည့်လိုက်ပြီး အဝေးသို့ပြန်လျောက်သွားလိုက်သည်။


ဥထမင်းကြော်...အနံ့က တော်တော်မွှေးတယ်...


ရွှေရောင်သန်းနေသောထမင်းကြော်ကြောင့် သူ့နှလုံးသားပင် ဆွဲဆောင်ခံလိုက်ရလေသည်။မွှေးပျံ့သောရနံများက သူ့နှာခေါင်းထဲတိုးဝင်သွားပြီး အရိုအဆစ်များကို ဖွင့့်လိုက်သလိုပင် ခံစားလိုက်မိသည်။


သူပါးစပ်ကျယ်ကျယ်ဟနိုင်ရန်အတွက် မျက်နှာကိုစည်းထားသည့်အဝတ်ကိုပင်အနဲငယ်ဖြေလျော့လိုက်သည်။


ထို့နောက် ထမင်းကြော် တဇွန်းပြည့်ပြည့်ခပ်ယူ၍ ပါးစပ်ထဲထည့်လိုက်သည်။လျှာပေါ့သို့ ထမင်းစေ့အနဲငယ်ကျရောက်သွားသည်နှင့် သူ့မျက်လုံးများပြူးကျယ်သွားသည်။


ဒီ...ဒီ အရသာက...


သူပြောစရာ စကားလုံးပင်ပျောက်ရှသွားသလို ခံစားလိုက်မိသည်။


သူသက်ပြင်းတချက်ချလိုက်ပြီး သူ့ကျောက်စိမ်းပြားကို ထုတ်ယူကာ မှတ်တမ်း တင်တော့သည်။ထမင်းတလုတ်စားလိုက်တိုင်းလဲ ကျောက်စိမ်းပြားထဲတွင် တစ်စုံတရာ မှတ်တမ်းတင်နေပုံပေါ်လေသည်။


မကြာခင်မှာပင် ထမင်းကြော်များပြောင်သလင်းခါသွားလေသည်။


" ပိုင်ရှင်... နောက်ထပ် ထမင်းကြော်တပွဲ ထပ်ပေးပါဦး"


လူထွားကြီးက အော်ပြောလိုက်ပြီးနောက် သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။


နယ်သာရီ ထိုလူ့ဆီသို့ လျောက်လာလိုက်ပြီး အေးစက်စွာပြောလိုက်သည်။


"ဒီဆိုင်ထဲမှာ... စားသုံးသူတစ်ယောက်က တစ်နေ့မှာ ဟင်းပွဲတမျိုးကို တကြိမ်ပဲ မှာခွင့်ရှိတယ်... "


လူထွားကြီးလဲကြောင်အသွားသည်။


" တစ်ကြိမ်ပဲမှာရမယ်..."


ထိုအချက်က ထိုစားဖိုမှူးသည် ခေတ်နောက်ကျပြီး ခေါင်းမာကြောင်းပြနေသည်။သူ ကျောက်စိမ်းပြားထဲတွင် ထပ်မံ မှတ်သားထားလိုက်ပြန်သည်။


နယ်သာရီ ထိုလူကိုစေ့စေ့စပ်စပ်ကြည့်လိုက်သည်။သို့သော်လည်း သူဘာလုပ်နေသည်ကိုတော့ သူမ မသိပေ။လူထွားကြီးက ထပ်မံစကားမဆိုလာတော့သောကြောင့် သူမ ပြန် ထွက်သွားလိုက်သည်။


လူထွားကြီးက ဘေးဘယ်ညာကို ထပ်မံကြည့်ရှူလိုက်ပြီး ကျောက်စိမ်းပြားထဲ မှတ်တမ်းတင်လိုက်ပြန်သည်။


ဘေးနားရှိ တခြားစားသုံးသူများက ထိုသူ စိတ်မနှံ့ဟု ထင်လိုက်မိကြသည်။


လူထွားကြီးက မီးဖိုခန်းဘက်ဆီသို့ဝင်ရန်ကြိုးစားလိုက်သော်လည်း ဝှိုက်တီ၏ တားဆီးခြင်းကို ခံလိုက်ရသည်။သူ ဝှိုက်တီကို မြင်သည့်ခဏ၌ အံ့အောထိတ်လန့်သွားပြီး ကျောက်စိမ်းပြားထဲ အလျင်အမြန်မှတ်တမ်းတင်တော့သည်။


ထိုရုပ်သေးက မသေမျိုးခန္ဓာအဆင့်ထက် အားနည်းလိမ့်မည်မဟုတ်ပေ။


ထို့နောက် ဒီနေရာတွင် အရေးကြီးသည့် မှတ်တမ်းတင်စရာမရှိတော့ဟု သူခံစားလိုက်ရသည်။


ထို့ကြောင့် ထူးဆန်းစွာကြည့်နေသော အကြည့်များအောက်မှာပင် ဆိုင်ထဲမှ ထွက်သွားလိုက်သည်။


ထိုအရာများက အချိန်တိုအတွင်းဖြစ်သွားခြင်းဖြစ်သည်။ထို့ကြောင့် ပုဖန် လုံးဝ မသိလိုက်ပေ။


တိမ်ခိုးစားသောက်ဆိုင်၏ စီးပွားရေးက အရှိန်အဟုန်ဖြင့်လည်ပတ်နေလေသည်။ပုဖန်၏ ကြေညာမှူများအပြီး၌ သူ့ဆိုင်၏ စီးပွားရေးက ပေါက်ကွဲမှုတစ်ခုကဲ့သို့ တရှိန်ထိုး မြင့်တက်လာခဲ့သည်။


.......


အတော်ဝေးဝေးထိလျှောက်သွားပြီးနောက်လမ်းကြားလေးတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်ပြီး သူမျက်နှာကို စည်းနှောင်ထားသော အဝတ်များကို ဖယ်ရှားလိုက်သည်။


ထိုသူက ရှုံရှီ ပင်ဖြစ်သည်။


သူ ကျောက်စိမ်းပြားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်းကျယ်လောင်စွာရယ်မောလိုက်သည်။


"ဒီအချက်လက်တွေက ငါ့အတွက် အဲဒိစားဖိုမှူးရဲ့ အပြုအမှု ၊အမူအကျင့်နဲ့ စွမ်းရည်တွေကိုလေ့လာဖို့လုံလောက်တယ်...အခုသူကိုတိုက်ခိုက်ဖို့တွက်မှန်ကန်တဲ့နည်းစနစ်တစ်ခုကိုရှာနိုင်တော့မယ်...အောင်မြင်မှုက ငါ့အတွက်ပဲ..."


ရှုံးရှီက အလွန်ပင်ယုံကြည်စိတ်ချမှုရှိနေသည်။ ဒီမနက်ခင်းမှာပင် အချက်လက်များကိုစုဆောင်းပြီးနောက် ထိုစားဖိုမှူး၏အကြောင်းကို စိတ်ပူနေစရာမလိုတော့ပေ။


အစစ်မှန်တိုက်ပွဲက ပြိုင်ကွင်း၏အပြင်ဘက်မှာဖြစ်ပြီး ၄င်းကလည်းစတင်နေပြီဖြစ်သည်။


ပြိုင်ကွင်း၏အပြင်ဘက်၌အနိုင်ရရှိသူကသာလျှင် ပြိုင်ကွင်းထဲ၌အောင်ပွဲခံနိုင်ပေလိမ့်မည်။


သူ့ဘေးနား၌ အစီရင်တစ်ခုပေါ်လာပြီးထိုထဲမှ ကြီးမားသည့်ဝက်ဝံကြီးတစ်ကောင်ထွက်ပေါ်လာသည်။


ရှုံးရှီက ဝက်ဝံ၏ဝမ်းဗိုက်ကိုပွတ်လိုက်ပြီး ပြုံးကာပြောလိုက်သည်။


"ဝက်ဝံကြီးရေ...ဒီသခင်မှာမင်းတွက် စမ်းသပ်မှုတစ်ခုရှိတယ်...ဒီည..."