အပိုင်း ၅၂၂
Viewers 62k

အခန်း ၅၂၂

ဝက်ဝံကြီး... မင်းအပေါ်မူတည်တယ်...


"အိုး...ဝက်ဝံကြီး...ဒီသခင်က မင်းကို တာဝန်တစ်ခုပေးစရာရှိတယ်...ဒီညတော့ ငါတို့တွေ မင်းရဲ့ ဖျော်ဖြေမှုအပေါ်ပဲ မှီခိုရတော့မယ်..."


ဝက်ဝံကြီး၏ ဝမ်းဗိုက်ကိုပွတ်ရင်းပြောလိုက်သည်။ထိုဝက်ဝံက သူအချစ်ဆုံးစိတ်ဝိညာဉ်သားရဲဖြစ်သည်။ဝက်ဝံကြီးက သူနှင့်တူသည်ဟု ခံစားမိသည်။ထို့ကြောင့်ပင် သူတို့ကြား၌ သန်မာသည့် ဆက်သွယ်ချက်မျိုးရှိနေခြင်းဖြစ်မည်။


ဝက်ဝံကြီးက လက်နှစ်ဖက်ကိုမြှောက်ရင်း သူ့ရင်ဘတ်ကိုပုတ်ကာ မာန်ဖီလိုက်သည်။သူ့ ၏ ဟိန်းဟောက်နေသည့် အသံက ရပ်တန့်မသွားပဲ ရှုံးရှီ၏ စကားကို နားလည်သည့်အလား အဆက်မပြတ်ထွက်ပေါ်နေလေသည်။


ရှုံးရှီက မျက်ဝန်းများမှေးစင်း၍ နှုတ်ခမ်းများကော့တက်အောင်ပြုံးလိုက်သည်။


"ပြိုင်ပွဲဆိုတာက ပြိုင်ကွင်းထဲမှာပဲ သတ်မှတ်ထားတာမဟုတ်ဘူးလေ...အပြင်ကမ္ဘာဆိုရင်တော့ နည်းလမ်းလေးတစ်ချို့တော့လိုအပ်တာပေါ့..."


......


ညအချိန် ကျရောက်လာသည်နှင့် ကောင်းကင်ယံထက်တွက် လခြမ်းကွေးလေးနှစ်ခု ပေါ်ထွက်လာလေသည်။အေးမြလှသော လရောင်က ကမ္ဘာမြေပြင်ပေါ်ကို တောက်ပစွာ ဖြန့်ကျက်ထားလေသည်။


ညအချိန်၌ တိမ်ခိုးစားသောက်ဆိုင်က ငြိမ်သက်တိတ်ဆိတ်နေလေသည်။ဘေးပတ်လည်၌ ရှိနေသော သက်စောင့်ဆေးဆိုင်များကလည်း တံခါးများပိတ်ထားပြီး သူတို့၏ စီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းသွားပြီဖြစ်သည်။


နန်ကုန်းမိသားစု၏ လက်အောက်တွင်ရှိနေသော ထိုဆိုင်များက ပျက်စီးမှုကို ပြန်ပြင်ပြီးနောက် ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သည်။ယခုလက်ရှိ၌ နန်ကုန်းဝူချယ်သည် မိသားစု၏ စီးပွားရေးကို တင်းတင်းကျပ်ကျပ် ပြန်လည် ထိန်းချုပ်ထားလေသည်။ထို့ကြောင့် လင်းနှင့် ကျန်းမိသားစုတို့က မည်သည့်ပြဿနာမှ လာမရှာရဲတော့ပေ။


ထို့ကြောင့် သက်စောင့်ဆေးဆိုင်ပိုင်ရှင်များက နောက်ဆုံး၌ အသက်ဝဝ ရှူနိုင်ပြီဖြစ်သည်။


အုန်း....


လရောင်၏ အောက်၌ ကြီးမားလှသည့် အရိပ်တစ်ခု လျှောက်လှမ်းလာနေသောကြောင့် မြေပြင်ပင် သိမ့်သိမ့်တုန်သွားသည်။သူ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများကို အဆက်မပြတ် ထုတ်လွင့်နေသည်။


ထိုအရိပ်ကြီးက ရှုံးရှီ၏ စိတ်ဝိညာဉ်သားရဲကြီးဖြစ်သည်မှာ မလွဲပေ။


ညအချိန်မတော် ဒီနေရာ၌ ဘာလို့ ပေါ်လာရသနည်း။အဘယ့်ကြောင့် ကြောက်မက်ဖွယ်ရာအော်ရာများကို ထုတ်လွင့်နေသနည်း။


ထိုဝက်ဝံ၏ အရိပ်က ကြီးမားလွန်းလှသောကြောင့် သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်က တုန်ခါသွားသည်။


ဂါး...


၎င်းက စားသောက်ဆိုင်နှင့် မနီးမဝေးတွင် ရပ်တန့်လိုက်ပြီး ရင်ဘတ်ကိုထု၍ အော်ဟစ်လိုက်သည်။ထို့နောက် စားသောက်ဆိုင် ပတ်လည်၌ လှည့်ပတ်လျှောက်လိုက်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။


အော်သံကျယ်က တိမ်ခိုးစားသောက်ဆိုင် တစ်ခွင်ကို ဖြတ်သန်းသွားလေသည်။ထိုနေရာ နှင့် မနီးမဝေးအမှောင်ထုထဲ၌ ရှုံးရှီးက ပုန်းအောင်းနေလေသည်။သူက ဖြစ်ပျက်သမျှကို တွေ့မြင်နေရသောကြောင့် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားအောင်ပင် ပြုံးလိုက်သည်။


"မင်းလုပ်တာ ကောင်းတယ် ငါ့ရဲ့ အဖိုးတန်လေး...ဆက်ပြီးတော့ ဟိန်းဟောက်နေ ဒီစားသောက်ဆိုင်မှာ ဘယ်လို စွမ်းအင်တွေရှိမလဲဆိုတာ ကြည့်ကြရတာပေါ့...အဲ့ဒီ စားဖိုမှူးရဲ့ အိပ်စက်ခြင်းကို နှိပ်စက်ကြစို့ ကောင်းကောင်း မအိပ်စက်နိုင်ဘူးဆိုရင် သူဘယ်လိုလုပ်ပြီး ချက်ပြုတ်ရမလဲဆိုတာ ကြည့်ရသေးတာပေါ့..."


ရှုံးရှီ၏ အပြုံးက ပို၍ပင် ကြီးမားလာသည်။ပြိုင်ပွဲစရန် နှစ်ရက်သာ လိုတော့သော်လည်း သူ အလျှင်လိုခြင်းမရှိပေ။အော်သံကို အသုံးပြု၍ ထိုစားဖိုမှူး၏ စွမ်းအင်များကို ကျဆင်းသွားအောင် လုပ်ရန် စီစဉ်ထားလေသည်။


ပြည့်ဝသည့် စွမ်းအင်များမရှိပဲနှင့် အရသာရှိသည့် ဟင်းပွဲများကို ဘယ်လိုချက်မလဲကို မြင်ချင်လွန်းလှသည်။ရှုံးရှီ၏ အစီအစဉ်က ဝက်ဝံကြီးကို စားသောက်ဆိုင်ဆီသို့ တိုက်ရိုက်သွားတိုက်ခိုက်ခြင်းမဟုတ်ပေ။


ဝက်ဝံကြီး၏ သန်မာမှုက အားနည်းနေခြင်းကြောင့် မဟုတ်ပဲ ယခုချိန်၌ ဟိန်းဟောက်နေခြင်းက ပိုကောင်း၍ ဖြစ်သည်။


ဂါး...


ညအချိန်မတော်၌ ကျယ်လောင်လှသော ဟိန်းဟောက်သံက အဆက်မပြတ် ထွက်ပေါ်နေသည်။ထိုအသံက တစ်ကြိမ်ထက် တစ်ကြိမ်ပိုကျယ်လာကာ နားကွဲမတက်ပင် ဖြစ်သွားမိသည်။


စားသောက်ဆိုင်အတွင်း၌ ခွေးဘုရင်သည် ငါးလမ်းကြောင်း သိမြင်မှု သစ်ပင်အောက်တွင် အိပ်ပျော်နေသည်။သူ့၏ နားရွက်များက အုပ်ကျနေပြီး နှာခေါင်းက အနည်းငယ် ပွစိပွစိ ဖြစ်နေသည်။


ခွေးဘုရင်၏ ဘေးဘက်တွင် အနက်ရောင် ငရဲကမ္ဘာသင်္ဘောရှိနေသည်။ထို သင်္ဘော၏ အခန်းငယ်ထဲတွက် နယ်သာရီ အိပ်ပျော်နေ၏။ရုတ်တရက် ဟိန်းဟောက်သံကျယ်ကျယ်ကြောင့် သိမြင်မှု သစ်သီးပင်မှ သစ်ရွက်လေးတစ်ရွက် လှုပ်ခါသွားပြီး ကြွေကျလာလေသည်။


သစ်ရွက်လေးက တဖြေးဖြေးချင်း ဝေ့ဝဲကျလာပြီးနောက် ခွေးဘုရင်၏ နှာခေါင်းပေါ်သို့ ကျရောက်သွားလေသည်။ခွေးဘုရင် အသက်ရှုလိုက်သောအခါ၌ ယားယံမှုကို ခံစားလိုက်ရသည်။


ဂါး....


ဝက်ဝံကြီးက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ပြန်သည်။အကြောင်းအရင်းမရှိ သူ့ရင်ဘတ်ကို ရိုက်နှက်လိုက်ပြီး အဆက်မပြတ် ဟိန်းဟောက်နေ၏။


ဒုတိယထပ်တွင်ရှိနေသော ပုဖန်က အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေဆဲဖြစ်သည်။သူ့၏ ပုံစံက နှိုးထလာမည့်အခြေအနေမရှိပေ။ငရဲကမ္ဘာသင်္ဘောထဲတွင် အိပ်ပျော်နေသော နယ်သာရီကလည်း ထိုဟိန်းဟောက်သံ၏ သက်ရောက်မှုကို မခံရပေ။


ခွေးဘုရင်က မျက်လုံးအသာဖွင့်လိုက်ပြီး သူ့နှာခေါင်းပေါ် ကျနေသော သစ်ရွက်ကို နှာမှုတ်၍ ဖယ်ရှားလိုက်သည်။ခွေးဘုရင်၏ နားရွက်များက အနည်းငယ်လှုပ်ခါသွားပြီးနောက် သတိပေးချက်တစ်ခုကို ရလိုက်သလိုမျိုး ချက်ချင်း ခေါင်းထောင်လိုက်သည်။


ထို့နောက် သူ့၏ ပတ်ဝန်းကျင်ကို ချက်ချင်း စူးစမ်းကြည့်ရှုလိုက်သည်။နောက်ဆုံး၌ ခွေးဘုရင်၏ အကြည့်များက စားသောက်ဆိုင်၏ နံရံတစ်နေရာကို စိုက်ကြည့်၍ ရပ်တန့်သွားလေသည်။


အရာဝတ္တုများကို ထွင်းဖောက်၍ မြင်နိုင်နေလေသည်။သူမြင်နေရသည့်အရာက ဝက်ဝံကြီး၏ ကျောဘက်ဖြစ်သည်။ဝက်ဝံကြီးက အော်ဟစ်နေခြင်းကို ရပ်တန့်လိုက်သည်။သူကြာမြင့်စွာ အော်ဟစ်ပြီးပြီဖြစ်သောကြောင့် သူသခင်ရှိရာဆီသို့ ပြန်သွားလိုက်လေသည်။ခွေးဘုရင်က မျက်လုံးလှန်ကြည့်လိုက်မိသည်။


"ဒီအရူးဝက်ဝံက ဘယ်ကရောက်လာတာတုန်း..."


အိပ်စက်နေခြင်းကို နှောင့်ယှက်ခံရရ၍ ဒေါသထွက်သွားသော်လည်း ထိုဝက်ဝံက ပြန်သွားပြီဖြစ်သည့်အပြင် သူကလည်း ရင်ဆိုင်ရန် ပျင်းလွန်းလှသည်။


ထို့ကြောင့် ခေါင်းပြန်ချလိုက်ပြီး မျက်လုံးအသာမှိတ်၍ ပြန်လည်အိပ်စက်လိုက်တော့သည်။


......


နောက်တစ်နေ့မနက်၌....


 သူမနက်စာစားသောက်ပြီးသည်နှင့် ပုံမှန်အတိုင်းပဲ ဆိုင်ဖွင့်လိုက်သည်။ဆိုင်၏ တံခါးကို ဖွင့်လိုက်သည်နှင့် ပထမနေ့က မျက်နာကို ဖုံးအုပ်ထားသော လူထွားကြီးကိုပင် မြင်လိုက်ရသောကြောင့် ခဏရပ်တန့်သွားမိသည်။


ပုဖန်ကို မြင်လိုက်သည်နှင့် ရှုံးရှီး၏ မျက်ဝန်းများက တောက်ပသွားသည်။သူ ပုဖန်၏ မျက်နာကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။သူ ထိုစားဖိုမှူးကို ထွင်းဖောက်မြင်နိုင်ဖို့ပင် ဆန္ဒရှိပေသည်။


"ပိုင်ရှင်ပု မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား..."


 ရှုံးရှီးက အက်ရှရှအသံဖြင့် မေးလိုက်သည်။


ပုဖန်ခဏမျှ ကြောင်အသွားမိသည်။ဒီလူက ဘာကြောင့် ထိုမေးခွန်းမေးလဲ မသိပေ။


"ငါကောင်းကောင်းအိပ်ပျော်ပါတယ်...ကျေးဇူးပါပဲ...မင်းဘာမှာမှာလဲ..."


ပုဖန်က အေးဆေးစွာပင် ပြန်ပြောလိုက်သည်။


"ကာင်းကောင်းအိပ်ပျော်တယ် ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဝက်ဝံကြီးက တစ်ညလုံး မင်းဆိုင်ရှေ့မှာ အော်ဟစ်နေတာလေ...ဝက်တောင်မှ နှိုးလိမ့်မယ်...


ရှုံးရှီး မယုံသင်္ကာဖြင့် ပုဖန်၏ မျက်နာကို ကြည့်လိုက်သည်။သူ လိမ်နေခြင်း ဖြစ်ပေလိမ့်မည်။သေချာပေါက် သူ့၏ မျက်ဝန်းများ ညိုနေသည်က်ို တွေ့ရပေလိမ့်မည်။


သို့သော်လည်း သူမကြာခင်မှာပဲ စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်၏ မျက်ဝန်းများက ကြည်လင်နေပေသည်။သူ့၏ ခြေဆုံးခေါင်းဆုံးကို အပြန်အလှန်ကြည့်လိုက်မိသည်။


အဓိပ္ပါယ်က သူတကယ့်ကို ကောင်းကောင်းအိပ်စက်ခဲ့ရပုံပင် 


"သဘာဝ ကျလိုက်တာ ဝက်ဝံကြီးက ကျယ်ကျယ်မအော်ခဲ့လို့များလား ..."


ရှုံးရှီ၏ စိတ်ထဲ၌ သံသယများစွာဖြင့် ပြည့်နှက်နေသည်။ဒီတစ်ကြိမ်၌ သူ နံရိုးချိုချဉ်ကြော်ကို မှာယူလိုက်သည်။ထိုဟင်းပွဲကို စားပြီးသည့်နောက် သူအံ့သြမှု တစ်ခု ကျန်ရစ်ခဲ့လေသည်။ဝက်နံရိုးကြော်က ခက်ခက်ခဲခဲ ကိုက်ဝါးစရာမလိုပဲ ပါးစပ်ထဲကို ထည့်လိုက်သည်နှင့် လုံးဝ ပျော်ဝင်သွားပေသည်။


ထိုဟင်းပွဲ၏ အရသာက သက်စောင့်ဆေးလုံးများထက်ပင် ကောင်းမွန်လွန်းပြီး သက်ရောက်မှုကလည်း အနည်းငယ်မျှပင် အားနည်းမနေပေ။


နောက်ဆုံးတော့ ပုဖန် ထိပ်သီး ငါးဆယ်ထဲသို့ ဘယ်လို ဝင်ရောက်လာသည်ကို သူသတိပြုမိသွားလေပြီ။သူက ထူးဆန်းအံ့သြဖွယ်ရာ စားဖိုမှူးတစ်ယောက်ပင်။


"မှော်ကဝေ အန်းရှန့်က သူ့ပြိုင်ဘက်မဟုတ်တာ အံသြစရာမဟုတ်တော့ဘူးပဲ..."


ရုတ်တရက် သူ ဖိအားများ ပိုများလာသလို ခံစားလိုက်ရသည်။ဒီည၌ ဝက်ဝံကြီးကို မနေ့ညကထက် အသံကျယ်ကျယ်နှင့်အချိန်ကြာကြာ ပိုအော်ခိုင်းရပေမည်။


....


မှော်ကဝေ အန်းရှန့်က ပန်းလေးတစ်ပွင့် ပွင့်လန်းလာသလို ဆိုင်ထဲသို့ အသာအယာ လျှောက်ဝင်လာသည်။သူ့၏ စီနီယာ မောင်လေး သွမ့်ယွင်ကိုလည်း တရွတ်တိုက် ဆွဲခေါ်လာ၏။


နန်ကုန်းဝူချယ်၊ နန်ကုန်းဝမ်နှင့် ဒိုင်လူကြီးလည်း စားသောက်ဆိုင်သို့ လာရောက်ခဲ့သည်။တိမ်ခိုးစားသောက်ဆိုင်၏ ဂုဏ်သတင်းက မြို့တစ်ခွင်ကို ပြန့်နှံ့သွားပြီဖြစ်သည်။သူတို့အားလုံးကလည်း အစားအသောက်ကောင်းများ၏ ကျေးကျွန်များပင် ဖြစ်နေလေပြီ။


"ကြည့်ရတာ ဒီလူကို ရင်းနီးနေသလိုပဲ...."


အန်းရှန့်က ရှုံးရှီ၏ ထွားထွားကြိုင်းကြိုင်းခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။ထိုသူက သူ့မျက်နာကို အဝတ်ဖြင့် စည်းနှောင်ထားသော်လည်း သူ့ပုံရိပ်ကို ရင်းနီးနေသလို ခံစားရလေသည်။


 ရှုံးရှီ အသာအယာ ပင့်သက်ရှိုက်လိုက်သည်။သူ့စိတ်ထဲ၌လည်း နှောင့်ယှက်ခံရမှုကြောင့် စိတ်တိုနေပေသည်။


ဒီလူတွေက ဘယ်လိုလုပ်ရောက်လာတာလဲ...


ပုဖန်က သူ့ကို သတိပြုမိခြင်းမရှိပေ။သို့သော် သူ့၏ ပြိုက်ဘက်ဟောင်း မှော်ကဝေအန်းရှန့်ကတော့ သတိပြုနိုင်ပေသည်။ကျေးဇူးပြုပြီး ငါကို သတိမပြုမိပါစေနဲ့...."


နောက်ဆုံး နံရိုးကြော်ကို ပါးစပ်ထဲ ထည့်လိုက်ပြီးသည်နှင့် ကျသင့်သည့် သလင်းကျောက်ကို အလျှင်အမြန် ထုတ်ပေးလိုက်ပြီး ဆိုင်ထဲမှ ထွက်ခွာသွားလေသည်။


"ဒီလူရဲ့ လှုပ်ရှားမှုက အရူးရှုံးနဲ့ တော်တော်လေးတူနေတယ်..."


ရှုံးရှီ ဆိုင်ထဲမှ ထွက်တော့မည့်အချိန်၌ပင် အန်းရှန့်က ကျယ်လောင်စွာ ပြောလိုက်လေသည်။


ရှုံးရှီခလုတ်တိုက် လဲတော့မလိုပင်ဖြစ်သွားသည်။


ဒီအမျိုးသမီးက အမြင်စူးရှလိုက်တာ...ဒီအမျိုးသမီးက ဒီလိုမြင်လိုက်ရုံနဲ့ပဲ သူကို မှတ်မိသွားတယ်လား...


နန်ကုန်းဝူချယ် ပြောစရာစကားမဲ့သွားခဲ့သည်။


"အမကြီးအန်းရေ အဲ့ဒီလောက်အရူးမထလို့ရလား...နင်က တစ်ချက်လေးကြည့်လိုက်ရုံနဲ့ ဒီလူပြက်က အရူးရှုံးလို့ပြောနိုင်တယ်ပေါ့ ..."


အန်းရှန့်နှင့် သွမ့်ယွင်နှစ်ယောက်လုံး ဆူပုတ်သွားလေသည်။


နန်ကုန်းဝူချယ်ကလွဲပြီး ဒီမှာ လူပြက်လို့ခေါ်လို့ရနိုင်တဲ့ လူတစ်ယောက်ရှိသေးတယ်လား...


မီးဖိုခန်းထဲမှ ဟင်းပွဲတစ်ချို့ကို သယ်၍ ထွက်လာသော ပုဖန်ကလည်း ထိုစကားများကို ကြားလိုက်သည်။သူက ဆိုင်ထဲမှ ထွက်ခွာသွားခါနီး ရှုံးရှီကိုကြည့်၍ တွေးလိုက်မိသည်။


ဒီတော့ ဒီလူက ငါ့နောက်တစ်ပွဲရဲ့ ပြိုင်ဘက်ပေါ့... ကြည့်ရတာတော့ ဟိုအန်းဆိုတဲ့ တစ်ယောက်လို အရူးပဲ ထင်တယ်..."


......


ရှုံးရှီက ဝက်ဝံကြီးကိုခေါ်၍ ဆိုင်၏ ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာ အော်ရန် စီစဉ်ထားပြန်သည်။ပို၍ ကျယ်လောင်စွာအော်လျှင် ထိုစားဖိုမှူး ကောင်းကောင်းအိပ်စက်နိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။


 သို့သော် ပုဖန်က ကောင်းမွန် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။တစ်ကြိမ်အိပ်မောကျသွားသည်နှင့် ဝက်ဝံအော်သံမပြောနှင့် မိုးကြိုးပစ်လျှင်ပင် ပုဖန် နှိုးလိမ့်မည်မဟုတ်ပေ။


သို့သော်လည်း ခွေးဘုရင်၏ မျက်ဝန်းများက ပွင့်လန်းလာပြီး ပြန်လည်ဆုတ်ခွာသွားပြီးဖြစ်သော ဝက်ဝံကို လှမ်းကြည့်နေလိုက်သည်။သူတီးတိုးရေရွတ်လိုက်၏


"ဒီ ဝက်ဝံစုတ်ကတော့ ခွေးဘုရင်ကို ကောင်းကောင်းအိပ်ခွင့်မပြုနိုင်ဘူး..."


.......


နောက်တနေ့မနက်၌ ရှုံးရှီက စားသောက်ဆိုင်သံတံခါး၏ အရှေ့ လူအုပ်ကြီး၏ ရှေ့၌ ရှိနေပေသည်။သို့သော်လည်း အနည်းငယ်မျှပင် မောပန်းမှုမရှိပဲ လန်းဆန်းတက်ကြွနေသော ပုဖန်၏ ပုံရိပ်ကို မြင်ပြီး သူအနည်းငယ် စိတ်ပျက်သွားသည်။


ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီစားဖိုမှုးက ဝက်လား...ဒီလောက် ဝက်ဝံကြီး အော်ဟစ်နေတာတော် မနှိုးဘူးလား...


ရှုံးရှီ၏ မျက်ဝန်းများက နီရဲနေပေပြီ။သူ နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်တစ်ပွဲကို မှာလိုက်သည်။ထို စွပ်ပြုတ်က သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများကို ပို၍ ပြင်းထန်လာစေသည်။ထိုစားဖိုမှူး၏ ကျွမ်းကျင်မှုက သူ့ကို ဖိအားများစေသည်။


"ဒီတိုင်းဆက်သွားနေလို့ မရတော့ဘူး...ဒီညတော့ ဝက်ဝံကြီးကို အဲ့ဒီဆိုင်ကို ပြားသွားအောင်ပဲ လုပ်ခိုင်းလိုက်တော့မယ်...မင်းကောင်းကောင်းအိပ်နိုင်ဦးမလားလို့ ကြည့်ရတာပေါ့..."


သူ့မျက်ဝန်းထဲ၌ အေးစက်စက် အလင်းရောင်တစ်ချက်လက်သွားသည်။တခြားသူများက သူ့ကို အရူးရှုံးဟု ခေါ်ကြသည့်အတိုင်း သူ့တွင် ရူးသွပ်မိုက်မဲသည့် လုပ်ဆောင်ချက်များရှိနေလေသည်။


မနက်ဖြန်က နောက်တစ်ချီ ပြိုင်ပွဲဖြစ်သည်။အကယ်၍ သူသာ ပုဖန်၏ စိတ်အာရုံကို ဆိုးဆိုးဝါးဝါးထိခိုက်အောင် မလုပ်နိုင်ခဲ့ပါက သူ့၏ အောင်မြင်န်ိုင်နှုန်းက ငါးဆယ်ရာခိုင်နှုန်းကျရှုံးသွားပေလိမ့်မည်။သူ ရှုံးရှီက ယုံကြည်မှုမရှိတဲ့ ဒီအရာမျိုးကို ဘယ်တော့မှ လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။


"ကဲ ဒီတော့ ဝက်ဝံကြီးရေ...မင်းပဲပေါ်မှာပဲ မူတည်နေတော့တယ်..."


......


မှောင်မိုက်ပြီး လေထန်သည့် ညအချိန်၌ ကြီးမားသည့် ဝက်ဝံတစ်ကောင်ရောက်လာပြန်သည်။ဝက်ဝံကြီးက သူ့ရင်ဘတ်ကို တဘုန်းဘုန်းရိုက်၍ မရပ်မနားအော်ဟစ်နေသည်။


ဒီအချိန်၌ ရှုံးရှီက အနားပတ်ဝန်းကျင်တွင်ရှိမနေပေ။ဝက်ဝံကြီး အဆင့် ၃ဆင့်ကို ချိုးဖျက်ပြီးပြီဖြစ်သည်။ထို့ကြောင့် သူအပြည့်အဝ ယုံကြည်ထားပေသည်။


၎င်း၏ ကျင့်ကြံဆင့်က သူ့လောက်မမြင့်သော်လည်း သူ စိုးရိမ်ပူပန်မှုမရှိပေ။ထိုစားသောက်ဆိုင်ကို ပြားချပ်သွားအောင် လုပ်ပြီးသည်နှင့် ပြန်လာခဲ့ရန် ဝက်ဝံကြီးအားမှာထားလေသည်။


မနက်ဖြန်က ပြိုင်ပွဲစပြီဖြစ်သောကြောင့် သူ့၏ အခြေအနေကို ထိပ်ဆုံး ရောက်အောင် ထိန်းသိမ်းထားရန်လိုအပ်ပေသည်။သူ အမှတ် ၃ စိတ်ဝိညာဉ် ဆေးလုံးကို သန့်စင်ရပေမည်။


သူအမှတ် ၃ စိတ်ဝိညာဉ်ဆေးလုံးကို မသန့်စင်လျှင် ပုဖန်ကို အနိုင်ယူဖို့ ယုံကြည်ချက်မရှိပေ။ထိုစားဖိုမှူးက တကယ့်ကို ထူးဆန်းလွန်းသည်။


.....


ဝက်ဝံကြီးဆီမှ အစစ်အမှန်စွမ်းအင်များ ပျံ့လွင့်ထွက်လာပြီး မြေပြင်က သိမ့်တုန်ခါသွားသည်။အိပ်မောကျနေသော ဘလက်ကီက မြေပြင်တုန်ခါမှုကို သိလိုက်သည်။


ငါးလမ်းကြောင်း သိမြင်မှု သစ်ပင်မှ သစ်ရွက်တစ်ရွက် သူ့နှာခေါင်းပေါ်သို့ ပြုတ်ကျလာသောကြောင့် မျက်လုံးများ ဖွင့်လိုက်သည်။သူ နှာမှုတ်၍ ထိုသစ်ရွက်ကို အဝေးသို့ လွင့်သွားအောင် လုပ်လိုက်သည်။နှောင့်ယှက်ခံရမှုကြောင့် အံတင်းတင်းကြိတ်ပြီး ထရပ်လိုက်သည်။သူ့၏ အကြည့်များကလည်း ရေခဲတမျှ အေးစက်နေပေသည်။


"ဒီဝက်ဝံက ဆော့လို့မဝသေးဘူးလား ဟမ်...သူက ညတိုင်းလာနေတယ်ပေါ့...ဒီညတောင် ထပ်လာသေးတယ်လား...ဒီညတော့ ငါမင်းကို ဒီတိုင်းထွက်သွားခွင့်မပြုနိုင်တော့ဘူး...မင်းက ဒီခွေးဘုရင်ကြီးရဲ့ အိပ်စက်ခြင်းကို သုံးရက်သုံးညတိုင်အောင် လာပြီး နှောက့်ယှက်ခဲ့တယ်...ငါမင်းကို ဝက်ဝံ နံရိုးချိုချဉ်ကြော်အဖြစ်ပြောင်းပစ်မယ်...ဝု..."