အပိုင်း ၅၂၃
Viewers 62k

အခန်း ၅၂၃

ပါဝင်ပစ္စည်းလား...ကျေနပ်စရာပဲ...


လေထန်သည့် ညတစ်ည၌ ဝက်ဝံကြီးရောက်လာပြန်သည်။ဝက်ဝံကြီးက အော်ဟစ်လိုက်သည်နှင့် မြေပြင်မှာ သိမ့်ခနဲ တုန်သွားသည်။ထို့နောက် သူ တိမ်ခိုးစားသောက်ဆိုင်ရှိရာဆီသို့ တိုးဝင်သွားသည်။


ဒီည၌ သူက လည်ချောင်းကွဲသည်အထိ အော်ဟစ်မနေတော့ပဲ လက်တွေ့ကျကျလုပ်ဆောင်ဖို့သာ ဆုံးဖြတ်လိုက်သည်။၎င်းက ဆိုင်ကို ပိပြားသွားအောင် ရိုက်ချဖို့သာဖြစ်သည်။


တကယ်တမ်းတွင် သူထိုကဲ့သို့ လုပ်ချင်သည်မှာ ကြာလှပြီဖြစ်သည်။သို့သော်လည်း ရှုံးရှီက အော်ဟစ်ပြီး ပြန်လာရန်သာ ညွှန်ကြားထားခဲ့သောကြောင့် သူ စောင့်နေရခြင်းဖြစ်၏။


ဝက်ဝံကြီးက သူ့လက်ဗလာဖြင့်ပင် ရင်ဆိုင်မည်ဖြစ်သည်။အကယ်၍ သူ့လက်တစ်ဖက်ဖြင့် မလုံလောက်လျှင်လည်း လက်နှစ်ဖက်နှင့်ဆိုရင် လုံလောက်ပေပြီ။


 တိုက်ခိုက်နေသော လေကြမ်းများက အေးစက်မှုကိုလည်း သယ်ဆောင်လာသည်။ထိုဝက်ဝံကြီး၏ အမွှေးများပင် တဖျတ်ဖျတ်လှုပ်ရှားနေသည်။


ဂါး...


သူဆိုင်နားသို့ရောက်သည်နှင့် နောက်တစ်ခါ ထပ်မံ အော်ဟစ်လိုက်သည်။ထို့နောက် စားသောက်ဆိုင်အနားသို့ စက်ဝိုင်းခြမ်းပုံသဏ္ဍာန်ချဉ်းကပ်လိုက်သည်။


သူ ဆိုင်ပတ်လည်ကို တစ်ချက်လှည့်ပြေးလိုက်ပြန်သည်။သူထိုကဲ့သို့ လုပ်နေခဲ့သည်မှာ နှစ်ည ကုန်လွန်ခဲ့ပြီဖြစ်သည်။တကယ်တမ်းတွင် စားသောက်ဆိုင်ကို ဘာကြောင့် ပတ်ပြေးနေလဲ သူကိုယ်တိုင်ပင်မသိပေ။


သူကလက်ဖဝါးနှစ်ဖက်ကို မြင့်မြင့်မြှောက်၍ အသံမြည်အောင်ရိုက်လိုက်သည်။လက်ဖဝါးမှ ချွန်ထက်နေသည့် လက်သည်းများမှ အလင်းရောင်ပင် လက်သွားသည်။


ဝက်ဝံကြီးက သာမန်သားရဲ မဟုတ်ပဲ အဆင့် ၃ဆင့်ကိုပင် ကျော်ဖြတ်ပြီးသည့် မသေမျိုးခန္ဓာအဆင့်ဖြစ်သည်။လက်ဝါးရိုက်ချက်တစ်ခုကပင် တောင်ကုန်းငယ်တစ်ခုကို ပိပြားသွားအောင်လုပ်ဖို့ လုံလောက်သည်။သာမန်အဆောက်အဦးတစ်ခုဆိုရင် ဆိုဖွယ်ရာမရှိတော့ပေ။


ထို့ကြောင့်ပင် ဝက်ဝံကြီးက သူ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မည်ဟု ယုံကြည်ချက် ပြင်းပြနေလေသည်။


အေးစက်လှသော လေပြင်းများက ရပ်တန့်သွားသည်။သူကြောင်အနေသည့် အချိန်မှာပင် စားသောက်ဆိုင်တံခါးက ဖြေးညှင်းစွာ ပွင့်လာလေသည်။


တံခါးဖွင့်သည့်အသံက ငရဲကြီးကိုးထပ်မှ လာသည့်အသံကဲ့သို့ပင် တဖြေးဖြေးချင်း ဆက်လက်ထွက်ပေါ်နေလေသည်။ဝက်ဝံကြီး၏ မျက်လုံးပြူးဝ်ိုင်းဝိုင်းများက စားသောက်ဆိုင်တံခါးဆီသ်ို့ မလွှဲတမ်းစိုက်ကြည့်နေလေသည်။


ဒီညတွင်ထွက်ပေါ်နေသော လရောင်က ဆိုင်၏ တံခါးဝဆီသို့ အလင်းထိုးထားသလို ဖြာကျလာလေသည်။ထိုနေရာမှ ထွက်ပေါ်လာသည့် ကြောင်တစ်ကောင်၏ အရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။


"ကြောင်တစ်ကောင်မဟုတ်ဘူး...အဲ့ဒါက ခွေးနက်တစ်ကောင်ပဲ...ဘယ်လိုဖြစ်လို့ ခွေးက ကြောင်လို့ လမ်းလျှောက်နေတာလဲ..."


သူ့၏ အသိဉာဏ်အရ ထိုကဲ့သို့ သဘာဝမကျသည့် အမူအရာများကို နားလည်နိုင်ခြင်းမရှိပေ။သို့သော်လည်း ၎င်းက ကြောင်ဖြစ်ဖြစ် ခွေးဖြစ်ဖြစ် အရေးမကြီးပေ။သူလက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သေအောင်ရိုက်သတ်နိုင်ပေသည်။


သူကိုယ်တိုင်က မသေမျိုးခန္ဓာအဆင့်ဖြစ်နေလေရာခွေးနက်လေးတစ်ကောင်ကို ဘာကြောင့် ကြောက်ရမည်နည်း။


"ဒီဝက်ဝံကပဲ အရာအားလုံးကို အောင်နိုင်သူဖြစ်ရမယ်...ငါ့လမ်းမှာ...ဘယ်သူမှ လာရှုပ်လို့မရဘူး..."


ဝက်ဝံကြီးက ဘလက်ကီဆီသို့ တည့်တည့်ဟိန်းဟောက်လိုက်သည်။


ဘလက်ကီကမူ ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် ဆက်လျှောက်လာဆဲဖြစ်သည်။သူ့၏ မျက်ဝန်းများက ကြီးမားလှသည့် ဝက်ဝံကြီးကိုသာ မလွှဲတမ်းစိုက်ကြည့်နေလေ၏။သူ ဝက်ဝံကြီး၏ ဟိန်းဟောက်သံကြောင့် မျက်လုံးများ လှည့်လိုက်မိသည်။


"ဘာတွေ လာအော်ပြနေတာလဲ..."


ဘလက်ကီ၏ တည်ငြိမ်ပြီး ယောက်ကျားဆန်လှသော အသံက ပတ်ဝန်းကျင်တစ်ခွင်ကို ဖုံးလွှမ်းသွားလေသည်။ဝက်ဝံကြီးက အံ့သြသင့်သွားပြီး သူ့မျက်ဝန်းများပြုးကျယ်လာကာ ပါးစပ်အဟောင်းသားပွင့်နေလေသည်။


"ခွေးက စကားပြောနိုင်တယ်..."


ဝက်ဝံကြီး၌ ဖြစ်ပျက်သမျှအရာများကို သိနားလည်နိုင်ရန်အတွက် လုံလောက်သည့် အသိဉာဏ် မပိုင်ဆိုင်ထားပေ။သူကိုယ်တိုင်က စကားမပြောတတ်လေရာ ထိုခွေးစကားပြောတက်ခြင်းကို အလွန်အံ့အားသင့်နေမိသည်။


ဝက်ဝံကြီးက နောက်တစ်ခေါက်ထပ်မံ ဟိန်းဟောက်လိုက်သော်လည်း သူ့၏ အသံက အားပျော့သွားသည်။သူက သူကိုယ်သူ အားဖြည့်သည့်အနေဖြင့် ခန့်ညားသည့်အသံကို ထုတ်လိုက်ခြင်းဖြစ်သည်။


ဝက်ဝံကြီးက ထိုခွေးကို မေးခွန်းထုတ်နေဆဲဖြစ်သော်လည်း မည်သို့ပင်ဆိုစေ ထိုခွေးက သူ့၏ လက်ဖဝါးစွမ်းရည်အောက်တွင် အသားပြားဖြစ်ရပေမည်။


"အား...မင်းကဘာတွေလာပြီး ဟိန်းဟောက်နေတာလဲ ...ဒီလိုညသန်းခေါင်ကြီးမှာ အသံကျယ်ကျယ်ဟိန်းဟောက်တာက ပျော်စရာကောင်းတယ်လို့ ထင်နေလား...မင်းရဲ့ ဟိန်းဟောက်သံကြောင့် ဒီခွေးဘုရင်ရဲ့ မျက်ဝန်းအောက်မှာမဲမဲအကွင်းတွေ ဖြစ် လာပြီ...ညဘက် ကောင်းကောင်းအိပ်စက်ခြင်းက ဒီခွေးဘုရင်အတွက် ဘယ်လောက်တောင်အရေးကြီးလဲဆိုတာ မင်းသိလား..."


ဘလက်ကီက ဟိန်းဟောက်ခြင်းကို ရပ်တော့မည့်ပုံမပေါ်သော ဝက်ဝံကြီးကိုကြည့်၍ ပျင်းရိစွာပြောလိုက်သည်။ဝက်ဝံကြီး ကြောင်အသွားသည်။


"မျက်လုံးအောက်က အနက်ရောင်ကွင်း...ဒီခွေးရဲ့ မျက်လုံးအောက်မှာ အနက်ရောင်အကွင်းရှိတယ်လား...ခွေးတွေအတွက်လည်း အိပ်စက်ခြင်းက အရေးကြီးတယ်လား..."


ခဏချင်းမှာပင် ဝက်ဝံကြီး၏ အံ့အားသင့်မှုများက ဒေါသများအဖြစ်သို့ ပြောင်းလဲသွားသည်။သူလက်နှစ်ဖက်ကိုဆန့်တန်း၍ ရင်ဘတ်ကိုအသားကုန်ထုရိုက်ကာ အဆက်မပြတ်အော်ဟစ်လိုက်သည်။


ဘုန်း...


သူ့၏ ခြေလက်တစ်စုံလုံးဖြင့် ပြိုင်ခုန်လိုက်လေရာ တောင်ကုန်းတစ်ခုလောက်ရှ်ိမည့် ဖုန်လုံးကြီး လုံးခနဲ ထသွားသည်။ဖုန်လှိုင်းလုံးက စားသောက်ဆိုင်ဆီသို့ ရိုက်ခတ်သွားသည်။


ထိုအင်အားက ဘလက်ကီကိုဆိုင်အတွင်းသို့ ရောက်သွားအောင် ရည်ရွယ်လိုက်ခြင်းဖြစ်သည်။သို့သော်လည်း ဖုန်လုံးများ ပြယ်လွင့်သွားသည့် အခါ၌ သူ့ကို အံ့အားတသင့်ကြည့်နေသည့် ဘလက်ကီကို တွေ့လိုက်ရလေသည်။


"ဒီဝက်ဝံက ဆိုင်ကို ပိပြားအောင်ရိုက်ဖို့များ ရည်ရွယ်နေတာလား..."


ဝက်ဝံကို အထင်အမြင်သေးစွာကြည့်ရင်း နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။


"ဒီဝက်ဝံက ဘယ်ကနေ သတ္တိတွေရလာတာလဲ...ဒီခွေးဘုရင်ကိုများ ထိပ်တိုက်တွေ့ဖို့ ကြံစည်ရဲတယ်..."


ဘလက်ကီက သူ့၏ ချစ်စရာကောင်းလှသော ခွေးလက်ဖဝါးလေးကို မြှောက်လိုက်ပြီး ဝက်ဝံကြီးဆီသို့ ရည်ရွယ်လိုက်သည်။ထိုအပြုအမူကို မြင်လိုက်သည်နှင့် ဝက်ဝံကြီးက လျှင်မြန်စွာပင်ပြေးလာသည်။သူ့၏ ခန္ဓာကိုယ်ကလည်း ပို၍ပင် ကြီးမားလာလေသည်။အဆင့် ၃ဆင့် ချိုးဖျက်ပြီးသော သူ့ဆီမှ ထွက်လာသော ဖိအားများက ကြောက်မက်ဖွယ်ကောင်းလှသည်။


ဝက်ဝံလက်ဖဝါးဖြင့် မြေပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီးနောက် သူ့၏ ခန္ဓာကိုယ်ကို လေထဲသို့ ခုန်တက်လိုက်သည်။ထို့နောက်လေပေါ်မှနေ၍ ဘလက်ကီရှိရာဆီသို့ ပြင်းထန်းစွာ ရိုက်ချလိုက်လေသည်။


"ဒီဝက်ဝံက အရာရာအားလုံးကို အောင်နိုင်ရမယ်...ဘုန်း..."


ပြင်းထန်သည့် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ဝက်ဝံကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်က လေထဲသို့ အထိန်းအကွပ်မရှိ လွင့်ပျံသွားပြီး ခပ်လှမ်းလှမ်းတွင်ရှိသော သက်စောင့်ဆေးဆိုင်တစ်ဆိုင်နှင့် တိုက်မိသွားသည်။


သူ့ခန္ဓာကိုယ်က စပရင် တစ်ခုကဲ့သို့ အနည်းငယ်မျှ အကြိမ်အနည်းငယ်မျှ တုန်ခါနေပြီးမှ နောက်ဆုံးလုံးဝ ရပ်တန့်သွားလေသည်။ဘလက်ကီက သူ့၏ လက်ဖဝါးလေးကို အသာအယာပြန်ချလိုက်ပြီး နှုတ်ခမ်းများသပ်၍ ဝက်ဝံကြီးကို ကြည့်လိုက်သည်။ထိုဝက်ဝံက အပျက်အစီးပုံများကြားထဲမှ တဖြေးဖြေးချင်း ပြန်လည်ကုန်းထလာလေသည်။


တွင်းထဲမှ ပြန်ထလာပြီးနောက် ဝက်ဝံက အလွန်အံ့အသင့်နေလေသည်။သူ့ ဝက်ဝံလက်ဖြင့် တွေဝေစွာပင် ခေါင်းကုတ်လိုက်မိသည်။သူ့နှာခေါင်းမှလည်း သွေးများစီးကျနေလေ၏။


"ဘာဖြစ်သွားတာလဲ ဘာလို့ သွေးတွေထွက်လာတာလဲ..."


အရာအားလုံးက ရုတ်တရက် ဆန်လွန်းလှသည်။သူအချိန်အတော်ကြာ တွေဝေနေမိပြီးမှ အိပ်မက်များလန့်နိုးလာသလို သတိဝင်လာလေသည်။ဒေါသတကြီးဖြင့် မြေပြင်ကို အကြိမ်ပေါင်းများစွာ ရိုက်ခတ်လိုက်သည်။


ဘုန်း...ဘုန်း...ဘုန်း...


ထို့နောက် ထိုခွေးကို အားဖြင့် ပြေးစောင့်လိုက်သည်။


ဒီခွေးသေရမည်။


သူ့၏ ဝက်ဝံလက်က မြင့်တက်လာပြီး ခွေးဆီသို့ နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ချလိုက်သည်။


"ဝက်ဝံလက်ဖဝါးက အရာအားလုံးကို အောင်နိုင်ရမယ်..."


ဘလက်ကီက မျက်လုံးတစ်ချက်လှန်လိုက်ပြီး သူ့၏ ခွေးလက်ဖဝါးလေးကို အသာအယာမြှောက်လိုက်လေသည်။


ဘုန်း...


ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်သည်။ဝက်ဝံ ခန္ဓာကိုယ်က အညှာအတာမဲ့ လွင့်ထွက်သွားပြီးနောက် နောက်ထပ် သက်စောင့်ဆေးဆိုင်နှင့် တိုက်မိသွားပြန်သည်။


ထို့နောက် သူ့၏ ခန္ဓာကိုယ်က အကြိမ်ပေါင်းများစွာ ခုန်နေပြီးမှ ရပ်တန့်သွားလေသည်။ဝက်ဝံကြီးက တွင်းဖြစ်သွားသော မြေကြီးထဲမှ ကုန်းရုန်းတက်လာရင်း အံ့သြတွေဝေနေပြန်သည်။တဖြေးဖြေးချင်း ပြန်လည်စဉ်းစားနေမိသည်။


"ဘယ်လိုဖြစ်လို့ နှစ်ကြိမ်တောင် လွင့်ထွက်သွားရတာလဲ..."


"ဒီဝက်ဝံက တော်တော်လေးရူးမိုက်တာပဲ..."


ဘလက်ကီက ကြောင်တစ်ကောင်ကဲ့သို့ တင့်တယ်လှသော ခြေလှမ်းများဖြင့်လျှောက်၍ ဝက်ဝံကြီးဆီသို့ လျှောက်လာလေသည်။


ဝက်ဝံကြီးက သွေးတစ်လုတ် အန်ထုတ်လိုက်လေသည်။


"မိုက်မဲတဲ့ ဝက်ဝံရူး မင်းရဲ့ ခန္ဓာကိုယ်က တော်တော်လေးထိခိုက်သွားပြီ..."


ဝက်ဝံကြီးက ခေါင်းမော့၍ ကြည့်လိုက်သည်။ထိုအချိန်၌ ဘလက်ကီ၏ ခွေးလက်ဖဝါးလေးက နောက်နစ်ကြိမ် မြင့်တက်သွားပြန်သည်။


ဖတ်...


တုန်ခါသံ တစ်ခုထွက်ပေါ်လာပြီးနောက် ခွေးလက်ဖဝါးကြောင့် ဝက်ဝံကြီး မြေပြင်ပေါ် ပြားနေအောင် ရိုက်ချခံလိုက်ရလေသည်။


"တစ်ညလုံးလုံး ဒီခွေးဘုရင်ရရဲ့ အိပ်စက်ခြင်းကို လာနှောင့်ယှက်တယ်...မင်းကိုယ်မင်း ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းအဖြစ်နဲ့ လာရောက်ကမ်းလှမ်းတာလား...မင်းပြဿနာရှာချင်တယ်ဆိုရင်လည်း ဆိုင်ထဲကို တည့်တည့် ဝင်သွားလိုက်လေ...ဒါဆိုရင် မကြာခင်မှာပဲ မင်းသေသွားလိမ့်မယ်...မြန်မြန်ဆန်ဆန်ပဲ နောက်ဘဝကို ကူးသွားလိမ့်မယ်...သောက်ကျိုးနဲ ညလယ်ခေါင်ကြီးမှာ ဆူဆူညံညံလာလုပ်နေတယ်...အော်ဟစ်ပြီးတာနဲ့ ချက်ချင်းပဲ ထွက်ပြေးသွားတယ်ဟုတ်လား...ဟမ်...ရူးများနေတာလား..."


ခွေးဘုရင်၏ သိမ်းဆည်းထားရသော ဒေါသများ ပေါက်ကွဲလာကာ ဝက်ဝံကြီးကို လက်ဖဝါးဖြင့် ထပ်ခါထပ်ခါ ရိုက်နေလေသည်။ဝက်ဝံကြီးက ပြောစရာစကားမဲ့သွားလေသည်။သူဖြစ်ပျက်သမျှ အရာရာအားလုံးကို လိုက်မစဉ်းစားနိုင်တော့ပေ။


"ဘယ်လိုဖြစ်ပြီး မသေမျိုး ခန္ဓာပညာရှင် တစ်ယောက်က ခွေးလေးတစ်ကောင်ရဲ့ အရိုက်အနှက်ကို ခံနေရတာလဲ...သူ့လို ဝက်ဝံတစ်ကောင်က ခွေးတစ်ကောင်ထက် နိမ့်ကျတယ်ဆိုတာမဖြစ်နိုင်ဘူး...ဂါး..."


ဝက်ဝံကြီးက အလျှင်အမြန်ပင် ငုတ်တုတ်ထိုင်ကာ နားကွဲလောက်ဖွယ်အသံဖြင့် အော်ဟစ်လိုက်လေသည်။


"ဝက်ဝံတန်ခိုးစွမ်းရည်နဲ့ အရာအားလုံးကို အောင်နိုင်ရမယ်..."


"ဘာကို ဝက်ဝံတန်ခိုးစွမ်းရည်လဲ..."


ဘလက်ကီ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်လိုက်မိသည်။ထို့နောက် လက်ဖဝါးကို တစ်ဖက်မြှောက်တင် လိုက်ပြီး ထိုဝက်ဝံကောင်ကို မြေကြီးထဲ နစ်ကျွံသွားအောင် ရိုက်ချလိုက်လေသည်။


.....


နောက်တစ်နေ့မနက်ခင်း၌ 


တောက်ပလှသော နေရောင်ခြည်က အခန်းထဲသို့ ဖြာကျလာပြီး ပုဖန်၏ မျက်နာပေါ် ကျရောက်လာလေသည်။သူ အိပ်ယာမှထလိုက်ပြီးနောက် အကြောဆန့်၍ သန်းဝေလိုက်သည်။ထို့နောက် သန့်ရှင်းရေးလုပ်၍ အခန်းထဲမှ ထွက်လာခဲ့သည်။


သူအောက်ထပ်သို့ ရောက်သည်နှင့် ပြင်းထန်သည့် သွေးနံ့ကို ရလိုက်ပြီး နှာခေါင်းရှုံ့လိုက်မိသည်။သူ ဆိုင်၏ အလယ်သို့ ကြည့်လိုက်သောအခါ၌ မျက်လုံးများပင် ပြူးသွားမိသည်။တောက်ကုန်းငယ်တစ်ခုမျှ ကြီးမားသော ဝက်ဝံကြီးတစ်ကောင် လဲလျောင်းနေသည်ကို တွေ့လိုက်သောကြောင့် ကြက်သီးမွှေးညှင်းများပင် ထသွားမိသည်။


စားပွဲ၌ ထိုင်နေပြီဖြစ်သော နယ်သာရီနှင့် ဘလက်ကီတို့က ပုဖန်ကို တောက်ပသော မျက်ဝန်းတစ်စုံဖြင့် ကြည့်နေကြလေသည်။


"ဒီဝက်ဝံကြီး... ဘယ်က ရောက်လာတာလဲ..."


ပုဖန်က ထိုဝက်ဝံကို မျက်လုံးဖြင့် တိုင်းတာကြည့်ရင်း သံသယမကင်းမေးလိုက်သည်။ထိုဝက်ဝံဆီမှထွက်ပေါ်နေသော စွမ်းအားများက အလွန်သိပ်သည်းလှသည်။မသေမျိုးနယ်ပယ်အဆင့် ဖြစ်နိုင်ပေသည်။


"မနက်စောစောစီးစီး ဘယ်လိုဖြစ်ပြီး မသေမျိုးခန္ဓာ ဝက်ဝံတစ်ကောင်ရောက်လာရတာလဲ...ဘာတွေ ဖြစ်နေတယ်ဆိုတာ တစ်ယောက်ယောက်များ ပြောပြနိုင်မလား..."


"ပုဖန်ကောင်လေး...မင်းအခုထိ ပြိုင်ပွဲ ဝင်နေရတုန်းပဲ မဟုတ်လား...ဒီဝက်ဝံရဲ့အသားက အရည်အသွေးမြင့်တဲ့ ပါဝင်ပစ္စည်းဖြစ်နိုင်တယ်...ပြီးတော့ ဒီခွေးဘုရင်ကလည်း ဝက်ဝံနံရိုးချိုချဉ်ကြော် စားချင်တယ်..."


ဘလက်ကီက လျှာတန်းလန်းထုတ်၍ ပြောလိုက်သည်။


"ဝက်ဝံသားကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုရမယ်...အင်း...မဆိုးဘူး ကျိုးကြောင်း ဆီလျော်တယ်..."


ပုဖန်၏ မျက်ဝန်းများက တောက်ပသွားပြီး ခေါင်းညိတ်၍ သဘောတူလိုက်သည်။သူ့မျက်လုံးများက ဝက်ဝံ၏ အရွယ်အစားကို တိုင်းတာနေတုန်းဖြစ်သည်။


အဲ့ဒီ ဝက်ဝံကြီး ဘယ်ကရောက်လာတယ်ဆိုတာ ငါမသိပေမယ့် ပါဝင်ပစ္စည်းအဖြစ် သုံးရမှာကတော့ ကျေနပ်စရာပဲ...


သူ လက်ကို ဆန့်ထုတ်လိုက်ပြီး ဝက်ဝံ ခန္ဓာကိုယ်ကို သိုလှောင်နယ်မြေထဲသို့ ထည့်သိမ်းလိုက်သည်။ထို့နောက် စားသောက်ဆိုင်၏ အလိုအလျောက်စနစ်က ထို သွေးနံ့ဆိုးများကို ဖယ်ရှားပစ်သွားသောကြောင့် သူအလုပ်ရှုပ်သက်သာသွားလေသည်။


ပုဖန်က မီးဖိုခန်းဘက်ဆီသို့ လျှောက်သွားလိုက်ပြီး ပုံမှန်အတိုင်း လေ့ကျင့်ခန်းများကို ပြုလုပ်လိုက်သည်။ထို့နောက် နယ်သာရီနှင့် ဘလက်ကီတို့အတွက် မနက်စာပြင်ပေးလိုက်သည်။


ဆေးကြော သိမ်းဆည်းပြီးသည်နှင့် သူ့၏ ဆိုင်းဘုတ်ကြီးကိုကိုင်ကာ စားသောက်ဆိုင်ထဲမှ ထွက်လာလိုက်လေသည်။


ဒီနေ့ ပဉ္စလက် စုဝေးပွဲ၏ ထိပ်သီး ငါးဆယ်ပြိုင်ပွဲ ဖြစ်သည်။


စနစ်၏ ယာယီမစ်ရှင်ကို ပြီးမြောက်စေရန်အတွက် သူ ထိပ်သီး ငါးဆယ်ပြိုင်ပွဲ၌ အကောင်းဆုံးကြိုးစားရမည်ဟု ခံစားမိလေသည်။သို့မှသာ အဆင့်တက်နိုင်ပေလိမ့်မည်။


.....


ထိုနေ့မနက်ခင်း၌ပင် ရှုံးရှီမျက်လုံးများဖွင့်လိုက်ပြီး သူ့၏ စိတ်စွမ်းအားကို အသုံးပြု၍ ဝက်ဝံကြီးကို ဆက်သွယ်လိုက်သည်။သူ့၏ ဝက်ဝံကြီးက သားရဲ လှောင်အိမ်အစီအရင်ထဲသို့ပြန်ရောက်မလာသည်ကို တွေ့လိုက်ရသည်။


"ဒီဝက်ဝံကြီးကတော့ သူအလုပ်ပြီးတာနဲ့ ဝက်ဝံ မလေးတွေ လိုက်ရှာနေပြီလား..."


ရှုံးရှီ ရယ်မောလိုက်ပြီးနောက် ဝတ်ရုံ လဲလှယ်ဝတ်ဆင်လိုက်သည်။တစ်ခါတစ်ရံ၌ ထိုဝက်ဝံကြီးက ဝက်ဝံအမလိုက်ရှာနေတက်သောကြောင့် ထိုအချင်းအရာကို သူရိုးနေပြီဖြစ်သည်။


ဝက်ဝံကြီးပင် သူ့ကြင်ဖော်သွားရှာနေပြီဖြစ်သောကြောင့် ထိုစားသောက်ဆိုင်ကြီးက အပျက်အစီးပုံကြီး ဖြစ်နေပြီဖြစ်ကြောင်း ယုံကြည်ပေသည်။


သူ့၏ ဂရုတစိုက် ပြုစုမှုလေးကြောင့် ထိုစားသောက်ဆိုင်စားဖိုမှူးတော့ ငိုယိုနေလောက်ပေပြီ။ထို မယုံကြည်နိုင်စရာ ဆုံးရှုံးမှုထဲမှ နစ်မြှုပ်နေသောကြောင့် သူတို့၏ ထိပ်သီး ငါးဆယ်ပြိုင်ပွဲ၌ သူရှုံးရှီသာ အနိုင်ရမည်မှာ သေချာနေပေသည်။


သူ့၏ ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးသိမ်း၍ စည်းနှောင်လိုက်သည်။လွန်ခဲ့သည့် သုံးရက်က သူ့ကိုယ်သူ ဖုံးကွယ်ရန်အတွက် ဆံပင်များကို ရှုပ်ပွထားခဲ့ရသည်။


သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် စိတ်အခြေအနေကောင်းမွန်နေသော ရှုံးရှီက စစ်သင်္ဘောပေါ်မှ လျှောက်၍ ထွက်လာပြီး ရင်ပြင်ကျယ်ဆီသို့ ဦးတည်လိုက်သည်။


သူသာ မည်သည့် နည်းလမ်းကိုမှ အသုံးပြုထားလျှင် အနိုင်ရနိုင်ခြေငါးဆယ်ရာခိုင်နှုန်းရှိနေလေသည်။သို့သော်လည်း ယခု ထိုစားဖိုမှူး၏ စိတ်အခြေအနေက မကောင်းတော့လေရာ အနိုင်ရနိုင်ခြေ ၇၀% ထိတိုးတက်လာခဲ့သည်။


၅၀% အောင်နိုင်ခြေနဲ့သာဆိုလျှင် သူစိတ်ပူနေရပေလိမ့်မည်။ယခုတော့ သူ့၏ စိတ်အခြေအနေက ငြိမ်သက်အေးဆေးနေပေပြီ။တကယ်တမ်းတွင် ၃၀% ချန်ထားရခြင်းမှာလည်း အလွန်မဝင့်ကြွားချင်သောကြောင့်ဖြစ်သည်။


"အကယ်လို့ ငါသာ ပဉ္စလက်ပွဲကြီးရဲ့ ဖျက်မြင်းတစ်ကောင်ကို အနိုင်ရမယ်ဆိုရင် ငါပိုပြီးတော့ ကျော်ကြားလာမယ်...ပြီးတော့ အဲ့ဒီ ဖျက်မြင်းစားဖိုမှူးက ဟိုကောင်မလေးအန်းရှန့်ကိုလည်း အနိုင်ယူထားတာလေ တကယ်လို့ငါသာ အနိုင်ရသူ ဖြစ်လာလျှင် အန်းရှန့်ထက်သာကြောင်းကို အလိုလိုသက်သေပြပြီးသားဖြစ်သွားပေလိမ့်မယ်..."


ပျော်ရွှင်သော အတွေးများဖြင့် လျှောက်လှမ်းလာသော ရှုံးရှီက မကြာခင်မှာပင် ရင်ပြင်ကျယ်ဆီသို့ ရောက်လာခဲ့သည်။ရှုပ်ထွေးများပြားနေသော လူများက သူ့၏ စိတ်အခြေအနေကို အနှောင့်အယှက်မပေးနိုင်ပေ။


စိတ်ပျော်ရွှင်နေသောကြောင့် သူ့ဝက်ဝံကြီးအတွက် ဝက်ဝံမတစ်ကောင် ကိုယ်တိုင်ကိုယ်ကျ ရှာပေးရန်ပင်တွေးလိုက်မိသည်။


"ဒီထိပ်သီး ငါးဆယ်ပွဲ အရင်ဆုံးပြီးဆုံးအောင်သာ စောင့်လိုက်တော့..."