အခန်း ၅၂၄
မင်း ငိုကြွေးရအောင် ပြုလုပ်ပေးပါရစေ...
ရှုံးရှီ၏ စိတ်အခြေအနေက ကောင်းမွန်နေသောကြောင့် သူအေးအေးဆေးဆေးလမ်းလျှောက်ရုံသာမက သီချင်းခပ်တိုးတိုးပင် ညီးနေသေးသည်။
တိုက်ခတ်နေသော လေပြင်းများကြောင့် သူ့၏ ဆံပင်များ အသာအယာ လှုပ်ခတ်သွားသည်။နူးညံ့သည့် လှုပ်ခါမှုလေးကြောင့် သူ့၏ ခံစားချက်များပင် ပို၍ ကောင်းမွန်သွားပြီး ယုံကြည်မှုများ ပိုတိုးပွားလာလေသည်။
...
မြူကောင်းကင်မြို့ ရင်ပြင်ကျယ်ထဲ၌ လူများစည်းကား သိုက်မြိုက်နေသည်။ရင်ပြင်ကျယ်ထဲ၌သာမက လူစီးကြောင်းက အပြင်ဘက်သို့ပင် ပြန့်နေပြီး အဆုံးမဲ့ရှိနေသလိုပင် ထင်ရသည်။
ထိပ်သီး ၁၀၀ ပြိုင်ပွဲနှင့် ယှဉ်လိုက်လျှင် ထိပ်သီး ၅၀ ပြိုင်ပွဲက လူတိုင်း၏ အာရုံကို ပို၍ပင် ဆွဲဆောင်နိုင်လေသည်။ပွဲကြည့်စင်၌ ပရိတ်သတ်များ ပြည့်နှက်နေကာ သူတို့၏ မျက်နာများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
အချိန်တိုင်း ပျော်ရွှင်စွာဖြင့်ပင် သူတို့အားပေးသည့် ပညာရှင်တိုင်း၏ အမည်ကို အော်ဟစ်အားပေးနေကြလေသည်။
ရှုံးရှီက စင်မြင့်ဆီသို့ လျှောက်လာပြီးနောက် ပရိတ်သတ်များဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။
သူက တောက်ပကောင်းကင်မြို့မှ ပါရမီရှင်တစ်ယောက်ဖြစ်သောကြောင့်သူ့ကို ထောက်ခံအားပေးသည့် ပရိတ်သတ်များစွာရှိလေသည်။
.....
ထိပ်သီး ၅၀ ပြိုင်ပွဲအတွက် ပြိုင်ပွဲစင်မြင့် ငါးစင်ကိုသာ အသုံးပြုထားလေသည်။
ပြိုင်ပွဲစင်မြင့် တစ်ခုစီ၌ ခန့်ညားထည်ဝါသည့် ကြေးဝါစင်မြင့် နှစ်ခုစီ ရှိနေသည်။ထိပ်သီး ငါးဆယ် ပြိုင်ပွဲဖြစ်သည့်အတွက် အသုံးပြုသည့် ပစ္စည်းများက ယခင်ရှုံးထွက် ပြိုင်ပွဲများထက် ပို၍ အဆင့်မြင့်လေသည်။
ခန့်ညားထည်ဝါလှသော ထိုကြေးဝါ စင်မြင့်များက အဂ္ဂိရတ်ပညာရှင်များအပေါ်သို့ များစွာ မသက်ရောက်သော်လည်း ပရိတ်သတ်များကိုတော့ အံ့အားသင့်မိစေတုန်းပင်ဖြစ်သည်။
အသွင်အပြင်က အရည်အချင်းပေါ်တွင် သက်ရောက်မှုမရှိဆိုသော်လည်း လူအများက ထိုပကာသနများကို ဂရုစိုက်နေတုန်းပင်ဖြစ်သည်။
ကြော်ငြာဆိုင်းဘုတ်ကြီးကို သယ်ဆောင်လာသော ပုဖန်လည်း ထိုနေရာသို့ရောက်ရှိလာသည်။
ပရိတ်သတ်များက အော်ဟစ် အားပေးကြပြီး သူ့အတွက် လမ်းဖယ်ပေးလိုက်သည်။
ပြိုင်ပွဲ၏ ဖျက်မြင်းတစ်ကောင်ဖြစ်သော သူက ပြိုင်ပွဲ အနည်းငယ် ပြိုင်ပြီးသောနောက်တွင် သူတို့၏ နှလုံးသားများကို သိမ်းယူသွားန်ိုင်ပေသည်။လူများစွာ၏ နှလုံးသားထဲမှ အိုင်ဒေါ တစ်ယောက်ဖြစ်လာပြီး သူ့ကိုအားပေးနေသူလည်း များစွာရှိလာပေသည်။
မြူကောင်းကင်မြို့တွင် သူ့ရဲ့ တည်ရှိမှုက ပါရမီရှင် အဂ္ဂိရတ်ပညာရှင်များ၏ အဆင့်နှင့်ပင် တူညီနေပေသည်။ထိုအချင်းအရာက မယုံချင်စရာကောင်းလှသည်။ဒါက မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီဟု ပြော၍ ရပေသည်။
ထိုအချိန်၌ ပုဖန်ကို ပျော်ရွှင်စွာကြည့်နေသော ရှုံးရှီ၏ မျက်နာတွင် အေးစက်မှုများ အစားထိုးဝင်ရောက်လာသည်။
သူက ဘယ်လိုဖြစ်လို့ မျက်ကွင်းတွေ မည်ိုနေတာလဲ...ဘာလို့ ပင်ပန်းနွမ်းနယ်မနေရတာလဲ...
ပုဖန်၏ အသွင်အပြင်ကို သတိထားမိသွားပြီးနောက် သူ ဂနာမငြိမ် ဖြစ်လာမိသည်။
"အားလုံးပဲ ကြည့်ကြဦး...ဒီတစ်ကြိမ် စားဖိုမှူးရဲ့ ပြိုင်ဘက်က တောက်ပကောင်းကင်မြို့က ရှုံးရှီပဲ..."
"အဲ့ဒီ ရှုံးရှီဆိုတာက အရူးရှုံးလို့ ခေါ်တဲ့ တစ်ယောက်မဟုတ်လား...ဒီတစ်ပွဲတော့ စားဖိုမှူးလေး ရှုံးတော့မယ်ထင်တယ်..."
"အဲ့ဒီ ရှုံးရှီက ဉာဏ်များပြီး လှည့်ဖျားတက်တယ်...သူက သေချာပေါက် သူ့အပေါ် အစီအစဉ်တွေ လုပ်ထားပြီးလောက်ပြီ..."
"သူက ပြိုင်ဘက်ကို ပြိုင်ပွဲစင်အတွင်းမှာပင် ရင်ဆိုင်တက်တဲ့သူမဟုတ်ဘူး..."
ရှုံးရှီနှင့် ပုဖန်ကိုကြည့်၍ ပရိတ်သတ်များကြားထဲ၌ တီးတိုးပြောသံများထွက်ပေါ်လာသည်။ရှုံးရှီ၏ ကျော်ကြားမှုက တစ်ခြားသော အဂ္ဂိရတ်ပညာရှင်များနှင့် ယှဉ်လိုက်လျှင် နိမ့်ကျမနေပေ။သို့သော်လည်းသူက နာမည်ဆိုးဖြင့် ကျော်ကြားခြင်းဖြစ်သည်။
ဤပွဲစဉ်၌လည်း ပရိတ်သတ်များအားလုံး သူ့ကို ထောက်ခံနေခြင်းမဟုတ်ပေ။တစ်ချို့က ပွဲကြည့်ရုံသက်သက်သာရှိနေကြခြင်းဖြစ်သည်။ရှုံးရှီ၏ စွမ်းရည်က အန်းရှန့်နှင့် ယှဉ်လိုက်လျှင် များစွာ ကွာခြားမှုမရှိပေ။ထို့ကြောင့် ဒီတစ်ပွဲတွင်လည်း ပုဖန်အနိုင်ရရန်ဖြစ်နိုင်ပေသည်။
ရှုံးရှီ၏ ပြိုင်ဘက်က ပုဖန်ဖြစ်သည်ကို သိလိုက်သည်နှင့် သူတို့ ပုဖန်သာ ဆက်လက်အနိုင်ရရန် မျှော်လင့်နေကြသည်။
....
ခဏမျှ စဉ်းစားပြီးနောက် ရှုံးရှီ၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။သူမျက်ဝန်းများမှေးစင်းပြီး ပုဖန်ကို ကြည့်လိုက်သည်။
ဟန်ဆောင်နေတယ်ပေါ့...ဟမ့်...ဆက်ပြီးတော့ ဟန်ဆောင်နေလိုက်...
ဒီစားဖိုမှူးက ဟန်ဆောင်ကောင်းလှပေသည်။သူတောင်အရူးလုပ်ခံရနီးပါးဖြစ်သွားလေ၏။သူ့၏ စားသောက်ဆိုက်ဖျက်စီးခံရပြီးတောင်မှ ဘာမှမဖြစ်သလို ဟန်ဆောင်နိုင်ပေသည်။ထိုသူ မင်းသားမလုပ်သည်မှာ နှမြောစရာကောင်းလှသည်။
ရှုံးရှီသဘောကျစွာဖြင့် ရယ်မောလိုက်သည်။ပုဖန်က သူ့ကို စူးစိုက်ကြည့်နေသလို ခံစားရသောကြောင့် ကြည့်လိုက်လေရာ အရူးတစ်ယောက်လို ရယ်မောနေသည့် ရှုံးရှီကို တွေ့လိုက်ရသည်။
သူရှုံးရှီကိုကြည့်၍ အေးဆေးတည်ငြိမ်စွာပင် ခေါင်းညိတ်နှုတ်ဆတ်လိုက်သည်။သူ အကြည့်များက စိတ်ရောဂါရှိသည့် သူတစ်ယောက်ကိုကြည့်သလို သနားသည့် အကြည့်များ ဖြစ်နေလေသည်။
ရှုံးရှီ ခဏမျှ ကြောင်အသွားပြီးနောက် ဒေါသများထွက်လာလေသည်။
"ဒီအကြည့်က ဘာလဲဟ..."
ထိပ်သီး ၅၀ ပြိုင်ပွဲဝင်အားလုံးက ပထမစင်မြင့်၌ လျှင်မြန်စွာ စုဝေးလာကြသည်။သူတို့အထက်က လေထုကပင် ခန့်ညားထည်ဝါနေ၏။သူတို့က ထိပ်သီး ၅၀ ထဲသို့ပင် ဝင်ရောက်ပြီးပြီဆိုသောကြောင့်ပို၍ မျှော်လင့်ချက်များတောက်ပနေသည်။သူတို့ နည်းနည်းလေး အားစိုက်လိုက်ရုံဖြင့် ဒီထက်ပို ဝေးဝေးသွားနိုင်ပေလိမ့်မည်။
ထိပ်သီး ၅၀ ပြိုင်ပွဲက တစ်ခြားပြိုင်ပွဲများလို မဟုတ်ပေ။စည်းမျဉ်းများအရ ထ်ိပ်သီး ၅၀ ထဲမှ အမြင့်ဆုံး ၁၀ယောက်ကို ခွဲခြားသတ်မှတ်ပေးလိမ့်မည်။ထို့နောက် အခြားအယောက် ၄၀ကိုလည်း သူတို့၏ အဆင့်များအရ သတ်မှတ်ပေးလိမ့်မည်။
ထို့ကြောင့် သူတို့အားလုံး သူတို့၏ အကောင်းဆုံးစွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသရန် လိုအပ်သည်။သူတို့ ထိပ်သီး ၁၀ ယောက်ထဲ မပါန်ိုင်လျှင်တောင် ထိပ်သီး ၅၀ထဲ၌ အဆင့်ကောင်းကောင်းသတ်မှတ်ခံထားရရင်တောင် အရှုံးမရှ်ိပေ။
စင်မြင့်ပေါ်၌ နန်ကုန်းဝူချယ်လည်းရှိနေသည်။ဒီတစ်ကြိမ်၌ သူ့၏ မျက်နာက အလွန် လေးနက်တည်ငြိမ်နေသည်။သူနောက်ထပ်ပြိုင်ရမည့် ပြိုင်ဘက်က အလွန်ထူးခြားလေသည်။သူမက ကောင်းကင်ကမ္ဘာမြေမီးတောက် ပိုင်ဆိုင်ထားရုံသာမက ထိုမီးတောက်က သူယခင်ပိုင်ဆိုင်ဘူးသည့် တစ်ခုလည်း ဖြစ်နေပေသေးသည်။
ထိုအကြောင်းအရာက သူ့၏ နှလုံးသားက်ို မွှေနှောက်နေသလိုပင် ခံစားနေရသည်။သွမ့်ယွင်ကလည်း သူ့၏ ပြိုင်ဘက်က အလွန်သန်မာလှသောကြောင့် စိုးရိမ်နေသည်။သို့သော်လည်း ထိပ်သီး ၅၀ ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သောကြောင့် သူ့၏ ရည်ရွယ်ချက်က ပြည့်နေလေပြီ။သူ ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့လျှင်ပင် ထိပ်သီး စာရင်းထဲ၌ ပါဝင်သွားပြီး ဖြစ်သည်။
.....
ကောင်းကင်ထက်၌ မိုးကောင်းကင်ကို အပြည့်အဝ ဖုံးကွယ်ထားသော စစ်သင်္ဘောကြီးထွက်ပေါ်လာလေသည်။၎င်းက ကျယ်လောင်စွာ တိုက်ခတ်နေသော လေပြင်းများကိုပါ သယ်ဆောင်လာသည်။
ဖိနှိမ့်နိုင်စွမ်းသော အော်ရာများက အောက်၌ ရှိနေကြသူများ ကူရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိကြသည်။သင်္ဘောကြီးထက်မှ လူငါးယောက်၏ ပုံရိပ်ပေါ်လာပြီးနောက် လေထဲတွင်မျောလွင့်ကာ ဆင်းလာလေသည်။
ထိုလူငါးယောက်က သာမန်ထက် ထူးခြားဆန်းကြယ်သော အော်ရာများကို ထုတ်လွင့်နေသည်။ထိုသူများက ပဉ္စလက်စုဝေးပွဲကို ကြီးကြပ်နေကြသည့် တိမ်လေးစ အဂ္ဂိရတ်ပညာရှင်များဖြစ်သည်။
သူတို့ကြားထဲ၌ တည်ကြည်လေးနက်သော အမူအရာဖြင့် မဟာသခင်ရွှမ်မင်လည်းရှိနေလေသည်။သူ့၏ မျက်ဝန်းအကြည့်များကလည်း ထက်မြက်စူးရှလှသည်။ပဉ္စလက် ပြိုင်ပွဲကြီး၏ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အနေဖြင့် သူ့၌လည်း ကိုယ်ပိုင်ဂုဏ်သိက္ခာရှိလေသည်။
မဟာသခင်များက စင်ပေါ်သို့ ဆင်းသက်လာပြီးနောက် သူတို့၏ ထိုင်ခုံနေရာများဆီသို့ သွားကာ ထိုင်လိုက်သည်။မဟာသခင်ရွှမ်မင်ကမူ လေထဲ၌ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ပထမစင်မြင့်ဆီသို့ ရောက်ရှိလာသည်။
သူ လက်နှစ်ဖက်ကိုနောက်ပစ်၍ ရပ်နေပြီး ပြိုင်ပွဲဝင်များကို တည်ငြိမ်အေးဆေးစွာ ကြည့်လိုက်သည်။
"ဒီနေ့ ထိပ်သီး ၅၀ ပြိုင်ပွဲကို တရားဝင်စတင်ပြီ...ပြိုင်ပွဲက မင်းတို့ တွေ့ကြုံခဲ့ပြီးတဲ့ ပြိုင်ပွဲတွေနဲ့ မတူညီဘူး...ပြိုင်ပွဲထဲက အသန်မာဆုံး ဆယ်ယောက်ကို ရွေးထုတ်မှာဖြစ်တယ်...ပြီးတော့ ဒီအယောက် ၅၀ လုံးကိုလည်း အဆင့်သတ်မှတ်ချက်တွေ သတ်မှတ်ပေးမှာ ဖြစ်တယ်...ထိပ်သီး ၅၀ ထဲမှာ မင်းတို့ ဘယ်လို အဆင့်ကို ရကြမလဲဆိုတာကိုလည်း မင်းတို့ သိချင်နေကြလိမ့်မယ်...အရင်လိုပဲ ဒီပွဲမှာလည်း မင်းတို့ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ရမယ်...ဒါပေမယ့် မတူညီတာကတော့ မင်းတို့ရဲ့ စင်မြင့်ကို အစီအရင်တစ်ခုနှင့် လွှမ်းခြုံထားပြီး မင်းတို့လုပ်သမျှအားလုံးကို မှတ်တမ်းတင်ထားမှာဖြစ်တယ်...ပြီးတော့မင်းတို့ ပြုလုပ်လိုက်တဲ့ ပစ္စည်းရဲ့ အရည်အသွေးကိုလည်း မှတ်တမ်းယူထားမှာဖြစ်တယ်...အဲ့ဒီ မှတ်တမ်းတွေအရ မင်းတို့ရဲ့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ပေးမှာဖြစ်တယ်...ဒီအချိန်က မင်းတို့ရဲ့ ပုံရိပ်ကို တည်ဆောက်ရမယ့်အချိန်ဖြစ်တယ်...ဒီအချိန်က မင်းတို့ရဲ့ စွမ်းဆောင်ရည်တွေ အရည်အချင်းတွေအားလုံးကို အကောင်းဆုံးထုတ်ပြရမယ့် အချိန်လည်းဖြစ်တယ်...မင်းတို့ အယောက် ၅၀ လုံး အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်..."
မဟာသခင် ရွှမ်မင်က လေးနက်တည်ငြိမ်စွာဖြင့် ပြောကြားလိုက်ပြီးနောက် အားလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။သူ့ကြေငြာမှုဆုံးသွားသည်နှင့် ပရိတ်သတ်များက အားပေး အော်ဟစ်လိုက်ကြသည်။နောက်ဆုံးတော့ ပဉ္စလက်ပြိုင်ပွဲကြီး၏ အပြင်းထန်ဆုံး အပိုင်း စတင်လေပြီ။
"ပြိုင်ပွဲဝင်တွေက မင်းတို့ ယှဉ်ပြိုင်ရမယ့် စင်မြင့်ကို သွားနိုင်ပါပြီ...မင်းတို့ ပြင်ဆင်စရာရှိတဲ့ အရာတွေကို ပြင်ဆင်ထားကြပါ...မင်းတို့ အကောင်းဆုံးလုပ်ဆောင်ရမယ်ဆိုတာကို မြဲမြဲသတိရကြပါ..."
မဟာသခင်ရွှမ်မင်က ပြောပြီးသည်နှင့် သူ့၏ ထိုင်ခုံသို့ ပြန်သွားလိုက်သည်။စင်မြင့်ငါးခု၌လည်း ကြီးကြပ်မည့်ဒိုင်လူကြီးများ ရှိနေပြီးသားဖြစ်သည်။
ဒီတစ်ကြိမ်က အရေးကြီးဆုံးဖြစ်သည်ကို သူတို့ သိသောကြောင့် သူတို့၏ အမူအရာကလည်း လေးနက်တည်ကြည်နေသည်။မည်သူမှ ပေါ့ပေါ့ဆဆမလုပ်ရဲကြပေ။
ပုဖန်က သူ့၏ ကြော်ငြာဆိုင်းဘုတ်ကို သယ်ဆောင်၍ တတိယစင်မြင့်ဆီသ်ို့ လျှောက်လာခဲ့သည်။ထို စင်မြင့်ရှိ ဒိုင်လူကြီးက သူနှင့် ရင်းနီးကျွမ်းဝင်နေသော ဒိုင်လူကြီးချုပ်မဟုတ်ပဲ တခါမှ မမြင်ဖူးသည့်သူ တစ်ယောက်ဖြစ်နေသည်။
သို့သော်လည်း သူ့၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။သူထိုဒိုင်လူကြီးကို အေးဆေးစွာဖြင့် ခေါင်းညိတ်နှုတ်ဆတ်လိုက်ပြီး သူစင်မြင့်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။ပရိတ်သတ်များစွာ၏ အကြည့်များက တတိယစင်မြင့်ဆီ စူးစိုက်နေပေသည်။
"အရူးရှုံးနှင့် ဖျက်မြင်း စားဖိုမှူး... ဒီပြိုင်ပွဲက စိတ်လှုပ်ရှားစရာ အကောင်းဆုံးပင်..."
"ဟန်ဆောင်နေတာကို ရပ်လိုက်တော့ မင်းဝမ်းနည်းနေတယ်ဆိုရင်လည်း အော်ဟစ်ငိုကြွေးလိုက်...ဒီလိုမှသာ ခဏနေ ယှဉ်ပြိုင်မှသာ ခံစားချက်တွေ ကောင်းမွန်နေလိမ့်မယ်...ဒီလိုမှ မဟုတ်ပဲနဲ့ မျိုသိပ်ထားမယ်ဆိုရင်တော့...မင်းစိတ်ခံစားချက်တွေ မကောင်းပဲနဲ့ ကောင်းကောင်းအာရုံမစိုက်နိုင်ဖြစ်နေလိမ့်မယ်...ဒါကြောင့် ထုတ်ဖော်ငိုကြွေးလိုက် ဖိနှိမ်မထားနဲ့တော့..."
ရှုံးရှီက ရယ်မောရင်းဖြင့် ပုဖန်၏ စင်မြင့်ဆီသို့လျှောက်လာသည်။သူအားရပါးရ ရယ်မောနေသောကြောင့် သွားဖြူဖြူများပင် အကုန်ပေါ်လွင်နေလေသည်။
သူ့၏ ဆိုင်းဘုတ်ကို နေရာချနေသော ပုဖန်က ရှုံးရှီ၏ စကားများကြောင့် အံ့သြသင့် ကြောင်အသွားသည်။သူ စိတ်ကျန်းမာရေးမကောင်းဟု ယူဆထားသော ရှုံးရှီကို လှည့်ကြည့်လိုက်သည်။
သို့သော် သူပြိုင်ဘက်ကို ပြန်လည်ပြောဆိုဖို့ရာအတွက် အလွန်ပျင်းရိနေပေသည်။သူ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ အစိမ်းရောင်အခိုးအငွေ့များပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ပေါ်လာသည်။
ထို့နောက် ပစ္စည်းများကို သူ့၏ စင်မြင့်ပေါ်၌ နေရာချထားလိုက်သည်။ထိုအပြုအမူများကြောင့် ရှုံးရှီ၏ မျက်ဝန်းများ မှေးစင်းသွားသည်။
ဒီစားဖိုမှူးက တော်တော်အိုက်တင်ကောင်းတာပဲ...ဒါကြောင့်လည်း အန်းရှန့်ကို လွယ်လွယ်လေး အနိုင်ရသွားတာကို..."
မည်သို့ပင်ဆိုစေ သူ ထိုစားဖိုမှူးကို ဖိနှိမ်န်ိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။နောက်ဆုံး၌ ထိုကောင်လေးပုဖန်ကသာ ငိုကြွေးရပေမည်။
သူနှုတ်ခမ်းထောင့်စွန်းများက အထင်အမြင်သေးဟန် အဖြစ် တွန့်ကွေးသွားသည်။ထို့နောက် သူ့၏ စင်မြင့်ဆီိသို့ ပြန်လည်လျှောက်သွားလိုက်သည်။
သူ့၏ ဆေးမီးဖိုကို ထုတ်ယူလိုက်ပြီး စင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်းတင်လိုက်သည်။ ထိုကြီးမားလှသော ဆေးမီးဖိုကြီးက အလွန်တရာလေးလံမည့်ပုံလည်း ပေါ်နေလေသည်။
ဆေးမီးဖိုကြီး၏ အောက်ခြေ၌ ခြေထောက်သေးသေးလေး သုံးချောင်းရှိနေသည်။ထိုနေရာ၌ လေဝင်ပေါက် သုံးခုလည်းရှိနေသေးသည်။ရှုံးရှီက ထိုဆေးမီးဖိုကို သူအတွက်သူ အထူးတလည်ပြုလုပ်ထားခြင်းဖြစ်သည်။
ရှုံးရှီက သူ့၏ သိုလှောင်ကိရိယာထဲမှ စိတ်ဝိညာဉ် ဆေးပင်များကို စတင်ထုတ်ယူလိုက်သည်။ထို့နောက် ထိုဆေးပင်များကို စင်မြင့်ပေါ်၌ သေချာစွာ စီထားလိုက်သည်။ယခုအချိန်၌ ရှုံးရှီက တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ထင်ရသည်။သူ့အပြုအမူများက အလွန်တည်ငြိမ်နေကာ သူ့အကြည့်များကလည်း စူးရှထက်မြက်နေပေသည်။
ထို့နောက် သူအဝတ်ဖြူတစ်စကို ထုတ်ယူလိုက်ကာ ဆေးမီးဖ်ိုအတွင်း ငုံ့ကြည့်လိုက်ပြီး အတွင်းထဲကို နေရာမကျန် သန့်စင်သုတ်သင်လေတော့သည်။သူ့ကို အရူးရှုံးဟု ခေါ်ကြခြင်း၏ နောက်တစ်ချက်မှာ ဆေးလုံးသန့်စင်ရာ၌ အလွန်တရာ အနုစိတ်ကျသောကြောင့်လည်းဖြစ်သည်။
ဆေးလုံးသန့်စင်သည့်အချိန်၌ သူ အလွန် အသေးစိတ်ကျသည့် အချက်အလက်များကိုပင် သေချာစွာ ဂရုတစ်ိုက် လုပ်နေပေလိမ့်မည်။ဥပမာအနေဖြင့် သူ့၏ ဆေးမီးဖိုကို သန့်ရှင်းနေသည်ကလည်း တစ်ချက်တစ်ချက်ပင် ဖြစ်သည်။ဆေးမီးဖို၌ မည်သည့်အညစ်အကြေးအစအနမျှ အတင်ခံမည်မဟုတ်ပေ။
မင်းက တကယ်ကြီးကို ဟန်ဆောင်ကောင်းတာပဲ...ဒါပေမယ့်လည်း ကိစ္စတော့မရှိပါဘူး နောက်ခဏနေရင် မင်းဘယ်လိုမှ ဟန်ဆောင်ကောင်းနိုင်တော့မှာ မဟုတ်ဘူး...ဟင်း...ဟင်း...
ရှုံးရှီက ခပ်တိုးတိုးရယ်မောလိုက်သည်။သစ်ခွပန်းနှင့် ဆင်တူသော စိတ်ဝိညာဉ် ဆေးပင် တစ်ခုကို ထုတ်ယူလိုက်သည်ထို့နောက် ပွင့်ဖတ်များကို တစ်ဖတ်ပြီးတစ်ဖတ် ချွေချလိုက်သည်။
သူ မျက်နာကာတစ်ခုကို ထုတ်ယူလိုက်ပြီး နှာခေါင်းနှင့် ပါးစပ်ကို သေချာစွာ အုပ်ကာလိုက်၏ ပွဲမစတင်ခင်ကတည်းကပင် ပုဖန်၏ အကြောင်းကို သူ သေချာစွာ နားလည်သဘောပေါက်ထားပြီဖြစ်သည်။
စားဖိုမှူးက ပြင်းထန်သည့်အနံ့ဆိုးများနှင့် မွှေးပျံ့လွန်းသော ရနံ့များကို ထုတ်လွင့်ပြီး သူ့၏ ပြိုင်ဘက်များကို အနှောင့်အယှက်ပေးကာ ပြိုင်ပွဲကို အနိုင်ယူခြင်းဖြစ်သည်။
သူ့ကိုလည်း ထိုနည်းအတိုင်း လုပ်ဆောင်နိုင်ပေသည်။ပြောရမည်ဆိုလျှင် သူတို့နှစ်ယောက်စလုံးက ကလိမ်ကကျစ် လှည့်ကွက်များကို သုံးသည်ဟု ဆိုနိုင်ပေသည်။သို့သော်လည်း ယခုပြိုင်ပွဲ၌ မည်သူ၏ လှည့်ကွက်က ပို၍ အံ့သြစရာကောင်းသည်ကို မြင်ရပေတော့မည်။
"သောကသစ်ခွက လောင်ကျွမ်းသွားတဲ့အခါ သူထုတ်လွင့်လိုက်တဲ့ ရနံ့တွေက တစ်စုံတစ်ယောက်ရဲ့ နှလုံးသားကို ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်သွားစေတယ်...မင်းက အရမ်းဟန်ဆောင်ကောင်းတယ် မဟုတ်လား...သောကသစ်ခွရဲ့ မွှေးရနံ့တွေကို ရတဲ့အခါ ဟန်ဆောင်နိုင်ဦးမလားလို့ ငါကြည့်ချင်သေးတယ်...မင်းစိတ်ထဲမှာက ဝမ်းနည်းပူဆွေးမှုတွေ အများကြီး ဖြစ်နေပြီးသားမဟုတ်ဘူးလား...ငါက မင်းကိုပိုပြီး ပုံပေါ်လာအောင်လုပ်ပေးမယ်..."
သူတီးတိုး ရေရွတ်၍ ခပ်လှောင်လှောင်ရယ်မောလိုက်ပြီးနောက် လက်ကိုမြှောက်လိုက်ရာ ပန်းရောင်အရောင်အသွေးရှိသည့် မီးလုံးတစ်လုံးပေါ်လာလေသည်။ထို့နောက် သူ လက်ညွှန်လိုက်လေရာ ထိုပန်းရောင်မီးလုံးက မီးပြင်းဖိုဆီသ်ို့ ပျံသန်းသွားလေသည်။
မီးပြင်းဖိုအတွင်းမှ ကျယ်လောင်သည့် ဟိန်းဟောက်သံနှင့်အတူ မီးတောက်များ ဟုတ်ခနဲ ထတောက်လာလေသည်။ထိုပန်းရောင်မီးတောက်က ကြည့်ရှုသူများကိုလည်း များစွာ အံ့အားသင့်စေသည်။
ရှုံးရှီက သူခြွေချထားသည့် ပွင့်ဖတ်ကလေးများကို မီးဖိုဆီသို့ ပစ်လိုက်သည်။ပြီးသည်နှင့် သူ့၏ ဆေးဖက်ဝင် ဆေးပင်များကို ထုတ်ယူလိုက်သည်။သူ့၏ ဆေးလုံးသန့်စင်ခြင်းစတင်ပေပြီ။
ငရဲမီးလျှံ တောက်လောင်လာသည်နှင့် ခပ်ဆိုးဆိုး ရနံ့များ စတင်ပြန့်လွင့်လာလေသည်။သို့သော်လည်း မကြာခင်မှာပင် ရှုံးရှီ၏ လှုပ်ရှားမှုများက ရပ်တန့်သွားသည်။အံ့အားတသင့်ဖြင့် သူ ပုဖန်ဘက်ဆီသို့ လှည့်ကြည့်လိုက်လေ၏။
မယုံနိုင်စရာကောင်းသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသလို သူ့၏ မျက်ဝန်းများက လင်ကွင်းလောက် ပြူးကျယ်သွားသည်။
ပုဖန်က သူ့၏ သိုလှောင်နယ်မြေထဲမှ အလွန်ကို ကြီးမားသည့် တစ်စုံတစ်ရာကို ထုတ်ယူလိုက်လေသည်။
ထိုအရာက စင်ပေါ်သို့ ကျသွားပြီး ကျယ်လောင်လှသည့် အသံတစ်ခု ထွက်ပေါ်လာကာ ငလျင်အသေးစားလေးတစ်ခုကဲ့သို့ လှုပ်ခတ်သွားလေသည်။
"ဒါ ဘာကြီးလဲ...အဲ့ဒါ ပိုင်ရှင်ပု ရဲ့ ပါဝင်ပစ္စည်းလား...ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်အရမ်းကြီးမားနေရတာလဲ..."
ထိုအရာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အချိန်၌ ရှုံးရှီ လုံးဝ ထိတ်လန့်အံ့အားသင့်သွားမိသည်။အရာအားလုံး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အံ့အားတသင့် အော်သံများ ထွက်ပေါ်လာလေသည်။