အခန်း ၅၂၅
ဝမ်းနည်း...ငိုကြွေး...အိုး ငါ့အချစ်ကလေး...
ကျယ်လောင်သည့် အသံနှင့်အတူ ပြိုင်ကွင်းစင်တစ်ခုလုံး လှုပ်ခါသွားသည်။ပရိတ်သတ်များ၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သော ကြီးမားသည့် အရာတစ်ခု ထွက်ပေါ်လာလေသည်။
"အဲ့ဒါ ဘာလဲ ..."
အံ့အားသင့်သံများ နေရာအနှံ့မှ ထွက်ပေါ်လာသည်။
ဒီတစ်ခေါက် ပုဖန်ယူလာသည့် ပစ္စည်းက တကယ့်ကို ကြီးမားလှပေသည်။ပထမဆုံး ထိုအရာက မည်သည့်အရာဟု မပြောနိုင်ခဲ့သော်လည်း ခဏအကြာ၌ သူတို့ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်တစ်ချက်ရှိုက်လိုက်မိကြသည်။
သူတို့ ပုဖန်မျက်နာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆန့်ကျင်ဘက်တွင်ရှိနေသော ရှုံးရှီဆီသို့အလျှင်အမြန် လှမ်းကြည့်လိုက်ကြသည်။သူတို့၏ မျက်နာအမူအရာများကလည်း ထူးဆန်းနေပေသည်။
သူထုတ်ယူလိုက်သည့်အရာက ရိုးရှင်းသည့် အရာတစ်ခုမဟုတ်ပေ။၎င်းက ကြီးမားလှသော ဝက်ဝံကြီးတစ်ကောင်ဖြစ်သည်။ထိုသို့ဆိုလျှင် ပုဖန်က ထိုပြိုင်ပွဲအတွက် ဝက်ဝံသားကို ချက်ပြုတ်တော့မည်လား။
သို့သော်လည်း ဝက်ဝံသားက အားလုံးအရသာရှိနေသည်မဟုတ်ပေ။အများဆုံးမှ သူ့၏ ခြေလက်များလောက်သာ အရသာရှိလေသည်။ထိုအရာကို သူတို့လို အဂ္ဂိရတ်ပညာရှင်များပင် ရှင်းရှင်းလင်းလင်းနားလည်ပေသည်။
"အဲ့ဒီ ဝက်ဝံလက်ကို ရှုံးရှီရဲ့ အရှေ့မှာချက်မယ်ဆိုတော့ တကယ်ကိုကောင်းတဲ့ အကြံအစည်ဟုတ်လို့လား...အဲ့ဒီ ရှုံးရှီ ရူးသွပ်သွားပြီး သူ့ကို လာတိုက်ခိုက်မှာကို တကယ်ပဲ မကြောက်ဘူးလား..."
အရူးရှုံးက သူပိုင်ဆိုင်ထားသည့် စိတ်ဝိညာဉ် သားရဲများအားလုံးထဲတွင် ထိုဝက်ဝံကြီးကို အချစ်ဆုံးဖြစ်မှန်း တောက်ပကောင်းကင်မြို့မှ လူတိုင်းသိကြပေသည်။
သို့သော်လည်း ယခု ပဉ္စလက်ပြိုင်ပွဲ၌ တစ်စုံတစ်ယောက်က ထိုဝက်ဝံကြီးကို ချက်ပြုတ်ရန် စီစဉ်ခြင်းဖြစ်သည်။ပိုဆိုးသည်က ထိုသူက ရှုံးရှီ၏ ပြိုင်ဘက်လည်း ဖြစ်နေသေးသည်။ပရိတ်သတ်များအားလုံးက ထိုစားဖိုမှူး ရှုံးရှီကို တမင်သက်သက်ရန်စနေသည်ဟုသာ ထင်နေလေသည်။
"ပိုင်ရှင်ပုက သူ့ရဲ့ နာမည် ဂုဏ်သတင်းနဲ့ တကယ်ပဲ ထိုက်တန်တယ် သူက အနိုင်ကျင့်တဲ့ နေရာမှာတော့ ထိပ်တန်းပဲ...ပြိုင်ဘက်ရဲ့အားနည်းချက်ကို အမိအရ ဖိနင်းနိုင်တယ်..."
ထိုဝက်ဝံကြီး ဘယ်လိုရောက်လာသည်ကို မသိကြပဲ ပရိတ်သတ်များ တွေးနေသည့် အတွေးဖြစ်သည်။တကယ်တမ်းတွင် ထိုဝက်ဝံကြီးဘယ်လိုရောက်လာသည်ကို ပရိတ်သတ်များသာမက ပုဖန်လည်း မသိပေ။
ခွေးဘုရင်က ထိုဝက်ဝံကြီးကို သူ့လက်ဖဝါးဖြင့် သေအောင်ရိုက်သတ်လိုက်သည်ကိုလည်း သူမသိပေ။ထိုဝက်ဝံက ညသန်းခေါင်ယံ၌ ခွေးဘုရင်၏ အိပ်စက်ခြင်းကို လာရောက်နှောင့်ယှက်သည်ကိုလည်း သူမသိပေ။
အစပိုင်းတွင် ခွေးဘုရင်က ထိုဝက်ဝံကို သတ်ရန် မရည်ရွယ်ထားပေ။သို့သော်လည်း တစ်စုံတစ်ယောက်က သူ့ကိုယ်သူ ပါဝင်ပစ္စည်းတစ်ခုဖြစ်ရန် လာရောက်တောင်းဆိုခြင်းသာဖြစ်သည်။
ရှုံးရှီ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး သူ့၏ မျက်နာကာကို ချက်ချင်းဆွဲချွတ်လိုက်သည်။သူ့ကို မိုးကြိုးပစ်ချလိုက်သလိုပင်ခံစားမ်ိလိုက်၏။
ဒါက သူ့ရဲ့ ဝက်ဝံကြီးမဟုတ်လား...ဒါတကယ်ပဲ သူ့ရဲ့ ဝက်ဝံကြီးပဲ...
ပုံပန်းသဏ္ဍာန်ကိုကြည့်လိုက်သည်နှင့် သူ့ဝက်ဝံကြီးဖြစ်သည်မှာ သေချာပေသည်။
ဝက်ဝံကြီးက ကြင်ဖော်သွားရှာနေတာမဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီး ဒီနေရာမှာပေါ်လာတာလဲ ...ပြီးတော့ သေနေသေးတယ်...
ကြမ်းပြင်ပေါ်၌ လဲနေသော ဝက်ဝံကြီးကိုကြည့်၍ ရှုံးရှီ၏ မျက်ဝန်းများ နီရဲလာလေသည်။ပုဖန်ကို လုံးဝ မုန်းတီးနေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။သို့သော် ထိုကောင်က သူ့ကို လျစ်လျူရှုထားပေသည်။
ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လှည့်၍ ကစားလိုက်ပြီး ဝက်ဝံကြီးဆီသို့ လျှောက်သွားလိုက်သည်။သူ့၏ အကြည့်များက ဝက်ဝံလက်များထံတွင်သာကျရောက်နေပြီး တစ်ခြားအစိတ်အပိုင်းများကို လုံးဝ လျစ်လျူရှုထားလေသည်။
တစ်ကိုယ်လုံး၌ အကောင်းဆုံးအစိတ်အပိုင်းမှာ လက်များပင်ဖြစ်သည်။ထို့အပြင် ထိုလက်များက ဆေးဖက်ဝင် ကောင်းကျိုးများလည်းရှိပေသည်။
ပုဖန်က လုံးဝ အပြောင်းအလဲမရှိသောအမူအရာဖြင့် ဝက်ဝံကြီးရှေ့၌ မတ်တပ်ရပ်မိသည်။သူ့၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိူင်းများ ထွက်ပေါ်လာပြီး ဆံပင်များပင် တဖျပ်ဖျပ်လွင့်သွားသည်။
ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှလည်း အလင်းရောင်များ တောက်ပလာပြီးနောက် ထိုနဂါးတစ်ကောင်လှည့်ပတ် ဟိန်းဟောက်သလို အသံများထွက်ပေါ်လာသည်။
ထို့အပြင် နဂါးတစ်ကောင်၏ ပုံရိပ်ပါ ထွက်ပေါ်လာသောကြောင့် ပရိတ်သတ်များအားလုံးကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
ဝါး...
ညှင်သာသိမ်မွေ့လှသော ဓားချက်တစ်ချက်တည်းဖြင့် ဝက်ဝံလက်များကို ဖြတ်တောက်လိုက်လေသည်။ထိုဝက်ဝံကြီးက မသေမျိုးနယ်ပယ်ပင်ဖြစ်သော်လည်း သေဆုံးပြီးပြီဖြစ်သောကြောင့် သူ့၏ မူလသန်မာမှု ဆယ်ပုံတစ်ပုံမျှပင် မပိုင်ဆိုင်ထားတော့ပေ။
ထိုစွမ်းရည်များမရှိတော့သောကြောင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို တစ်ချက်ယမ်းလိုက်ရုံဖြင့်ပင် တိခနဲ ဖြတ်တောက်ပစ်လိုက်နိုင်သည်။
ထိုဝက်ဝံလက်ကို ယူလိုက်ပြီးနောက် ကျန်သည့် ခန္ဓာကိုယ်ကိုသိုလှောင်နယ်မြေထဲ ပြန်လည် သိမ်းဆည်းလိုက်ကာ သူ့စင်ရှိရာဆီသို့ ပြန်လျှောက်လာလိုက်သည်။
ပုဖန် ဝက်ဝံလက်ကို ဖြတ်တောက်လိုက်သည်ကို မြင်လိုက်သောအခါ ရှုံးရှီ၏ နှလုံးသားက တင်းကျပ်သွားပြီး မျက်လုံးများပို၍ နီရဲလာခဲ့သည်။သူ့၏ နှလုံးသားကို ဖြတ်တောက်လိုက်သကဲ့သို့ပင် ခံစားလိုက်ရ၏။
"နာကျင်လိုက်တာ...တကယ့်ကို နာကျင်တယ်...အိုး...ငါ့ရဲ့ ဝက်ဝံကြီး ဘာကြောင့် တစ်စုံတစ်ယောက်ရဲ့ ဟင်းချက်စရာ ပါဝင်ပစ္စည်းဖြစ်လာရတာလဲ...အဲ့ဒီစားသောက်ဆ်ိုင်ကို ပြားသွားအောင်လုပ်ပြီးတာနဲ့ ထွက်ပြေးဖို့ ငါမပြောခဲ့ဘူးလား...ဘာကြောင့် မင်းအောင်အောင်မြင်မြင်နဲ့ ပြန်မဆုတ်ခွာနိုင်ခဲ့တာလဲ..."
နာကျင်ရလွန်းသောကြောင့် သူအသက်ရှုရပင် ခက်ခဲလာခဲ့သည်။သူ့၏ မျက်နာကာကို ဆွဲချွတ်၍ လွင့်ပစ်လိုက်ပြီးနောက် သူ့၏ အမူအရာကလည်း ကိုယ့်ကိုကိုယ် သတ်သေတော့မည့် လူတစ်ယောက်ကဲ့သို့ မှိုင်းညှို့လာလေသည်။
ဆေးမီးဖိုမှ ထွက်လာသော ပန်းရောင်အခိုးအငွေ့များက သူ့၏ နှာခေါင်းပေါက်ထဲသို့ တိုးဝင်သွားပြီးနောက် ခန္ဓာကိုယ်က တောင့်တင်းသွားကာ တုန်တုန်ရီရီဖြစ်လာလေသည်။
ဝမ်းနည်းမှု ...သူ တကယ်ကို ငိုချင်နေပေပြီ။
"ဟူး...ငါ့ရဲ့ ဝက်ဝံကြီး...ဝု..ဝူ..ဝု.."
ရှုံးရှီက သူ့မျက်ရည်များကိုပင် မထိန်းချုပ်နိုင်တော့ပဲ တကယ့်ကို ဝမ်းနည်းပက်လက်ဖြစ်နေပေပြီ။သူလက်နှစ်ဖက်ဖြင့် မျက်နာကို အုပ်ကာ၍ ငိုကြွေးလိုက်သည်။သူ့၏ နှလုံးသားထဲ၌လည်း ပြောမပြနိုင်လောက်အောင် နာကျင်မှုများ ပြည့်နှက်နေလေသည်။သူပို၍ ငိုကြွေးလေလေ ပိုဝမ်းနည်းလာလေလေဖြစ်လာသည်။
"မင်းက အခုချိန်မှာ မင်းရဲ့ ကြင်ဖော်ကို သွားရှာနေသင့်တာလေ...တစ်စုံတစ်ယောက်ရဲ့ ပါဝင်ပစ္စည်းဖြစ်နေသင့်တာမဟုတ်ဘူး...မင်းတာဝန်ကို ပြီးမြောက်ပြီးတာနဲ့ ချက်ချင်းပြန်လာပါလို့ ငါမပြောခဲ့ဘူးလား...ဘာလို့ ပြန်မလာရတာလဲ...အိုး...ငါ့ရဲ့ သနားစရာဝက်ဝံလေး..."
သူ့၏ ဝမ်းနည်းမှုများက ပိုမိုများပြားလာပြီးနောက် နှလုံးသားထဲက နာကျင်မှုများကလည်း တိုးပွားလာကာ ငိုကြွေးခြင်းကို မရပ်တန့်နိုင်တော့ပေ။
ကြမ်းပြင်ကို ပုတ်ခပ်ကာ အော်ဟစ်ငိုကြွေးနေတော့သည်။ဆေးမီးဖိုမှ ထွက်လာသောပန်းရောင်အခိုးအငွေ့များကလည်း ပို၍ ထူထပ်လာပြီး သူ့၏ နှာခေါင်းပေါက်ထဲသို့ စိမ့်ဝင်သွားလေသည်။သူ အသက်ပို၍ ရှုလေလေ ပို၍ ငိုကြွေးလေလေပင်။
"ဘယ်လိုဖြစ်လို့ သူက အဲ့ဒီလောက်ကြီး ဝမ်းပန်းတနည်း ငိုကြွေးနေတာလဲ ..."
ပုဖန် အံ့အားသင့်နေသည်။ပရိတ်သတ်များကလည်း သူ့နည်းတူစွာအံ့အားသင့်နေလေသည်။
"ရှုံးရှီက ဘာဖြစ်နေတာလဲ...ပွဲက အခုမှစတာလေ...သူက ကြမ်းပေါ် ခြေဆင်းထိုင်ပြီး ငိုကြွေးနေပြီ..."
ပရိတ်သတ်များအားလုံးက ထူးဆန်းသည်ဟု တွေးနေမိကြသည်။သို့သော်လည်း အဂ္ဂိရတ်ပညာရှင်များ၏ ဘုံရန်သူ စားဖိုမှူးက ဟာသပွဲများပြုလုပ်တက်သည်ကိုတော့ သူတို့ သိကြပေသည်။
ဒီတစ်ကြိမ်၌ ဆေးမီးဖိုများပေါက်ကွဲခြင်းမဟုတ်ပဲ ထိုစားဖိုမှူးက သူ့၏ နည်းလမ်းကို ပြောင်းလဲလိုက်ပုံရသည်။ယခု သူ့ပြိုင်ဘက်ကို ငိုကြွေးအောင်လုပ်ခြင်းပင်။
"ဒါကတော့ တကယ့်ကို ရက်စက်ရာကျလွန်းတယ်...ကြည့်ရတာတော့ ဒီဖျက်မြင်းက ထိပ်သီး ၁၀ ယောက်ထဲကို ပါဝင်နိုင်မယ်နဲ့တူတယ်...သူ့ရဲ့ ပြိုင်ဘက်တွေအားလုံးက ဆေးမီးဖိုပေါက်ကွဲခြင်း သို့မဟုတ် ငိုကြွေးခြင်းနှင့် အဆုံးသတ်နေလျှင် သူတို့ မည်ကဲ့သို့ ဆေးလုံးသန့်စင်နိုင်ပါတော့မည်နည်း။
နှလုံးသားတစ်ခုလုံး ဆုတ်ဖြဲ ခံလိုက်ရသလိုမျိုး နာကျင်နေသော ရှုံးရှီက မရပ်မနားအော်ဟစ်ငိုကြွေးနေလေသည်။ထိုကဲ့သို့ ဝမ်းနည်းပက်လက်ငိုကြွေးနေရခြင်း၏ အကြောင်းပြချက် သက်သက်ရှိနေပေသည်။ထိုအရာက ဝက်ဝံကြီး သေဆုံးသွားခြင်းကြောင့် တစ်ခုတည်းမဟုတ်ပေ။
သူ့ရင်ဘတ်ကို ထုရိုက်၍ မျက်ရည်များ ရပ်တန့်သွားအောင် ကြိုးစားလိုက်သည်။သို့သော်လည်း ပါးပြင်ပေါ်သို့ မျက်ရည်များ အဆက်မပြတ် ကျဆင်းနေတုန်းပင်ဖြစ်သည်။
"ဒါက သောက သစ်ခွကြောင့်များလား..."
ရှုံးရှီ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီးနောက် ခပ်မြန်မြန်ပြန်ရပ်လိုက်သည်။သောကသစ်ခွက လူတစ်ယောက်၏ ဝမ်းနည်းမှုများကို ပို၍ တိုးပွားလာစေသည်။သူ့၏ မူလ ရည်ရွယ်ချက်က ထိုစားသောက်ဆိုင်ဆုံးရှုံးထားရသည့် စားဖိုမှူး၏ ဝမ်းနည်းမှုများ တိုးပွားလာအောင်လုပ်လိုခြင်းဖြစ်သည်။
အဆုံးသတ်၌ သူ့ကိုယ်သူသာ ဖျက်စီးမိသွားလေသည်။စားဖိုမှူးက ငိုကြွေးခြင်းမရှိပဲ သူသာအသက်ရှုရပ်မတက် ငိုကြွေးလိုက်ရလေသည်။ဆေးမီးဖိုကို လျှင်မြန်စွာပင် ဖွင့်လိုက်ပြီး သူ့၏ ငရဲမီးတောက်ကို ဆွဲထုတ်လိုက်သည်။ထို့နောက် သောကသစ်ခွ၏ အနံ့သက်များက ပြန်လည်ပျောက်ကွယ်သွားလေသည်။
သို့သော်လည်း သူ့၏ ဝမ်းနည်းမှုများက အချိန်ခဏကြာ ရှိနေတုန်းဖြစ်သည်။ထို့နောက် သူသူ့၏ စိတ်က တဖြေးဖြေးပြန်လည်ကြည်လင်လာပြီး အော်ဟစ်ငိုကြွေးခြင်းကို ရပ်တန့်နိုင်သွားသည်။သို့သော်လည်း မျက်ရည်များ စီးကျနေခြင်းကိုတော့ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။
သူ မုန်းတီးမှုအပြည့်ဖြင့် ပုဖန်ကို စိုက်ကြည့်လိုက်သည်။သူ့၏ ဒေါသများက ပေါက်ကွဲထွက်လာလေသည်။
"မင်းငါ့ဝက်ဝံကြီးကို သတ်လိုက်တယ်...မင်းက ငါ့ဝက်ဝံကြီးကို သတ်လိုက်ပြီးတာတောင်မှ ငါမြင်အောင်လို့ စင်ပေါ်ကို ယူလာရဲသေးတယ်..."
ရှုံးရှီ စူးစူးရဲရဲကြည့်၍ အော်ပြောလိုက်သည်။သူထိုစားဖိုမှူးကို တကယ့်ကို လျှော့တွက်ခဲ့မိပေသည်။ ထိုစားဖိုမှူးက ထိုမျှဉာဏ်များလိုက်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ရှုံးရှီက ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ပုဖန် ဇဝေဇဝါဖြင့် ရှုံးရှီကို ကြည့်လိုက်သည်။ထို့နောက် သူ့လက်ထဲမှ ဝက်ဝံလက်များကို ပြန်လည် ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းများ ရှုံ့မဲ့သွားလေသည်။
"ဒီနှစ်ယောက်ကြားထဲမှာ ပတ်သက်မှုတစ်စုံတစ်ရာရှိနေတာလား..."
သူတကယ့်ကို မသိခဲ့ပေ။ဒါက မရည်ရွယ်ပဲ ဖြစ်သွားခြင်းသာဖြစ်သည်။
"မင်းထပ်ငိုစရာမလိုတော့ပါဘူး...ငါ ဒီဝက်ဝံလက်ကို အကောင်းဆုံးဟင်းပွဲတစ်ပွဲဖြစ်အောင် ချက်ပြုတ်ပေးမယ်...ဒီ ဝက်ဝံလက်ကို ချက်ပြုတ်လိုက်ပြီးတော့ မင်းအတွက် တရားမျှတမှု ရှာဖွေလာပေးမယ်..."
ပုဖန်၏ အလေးအနက်ပြောစကားကြောင့် ရှုံးရှီ ခဏမျှ တိတ်ဆိတ်သွားလေသည်။
"မင်းက တကယ်ပဲ ဒါကို ချက်ချင်နေတာပေါ့ အိုး...ငါ့ရဲ့ သနားစရာ ဝက်ဝံကြီး ..."
ပုဖန်စကားကို ကြားပြီးနောက် ရှုံးရှီ၏ ခန္ဓာကိုယ်က တုန်ယင်လာလေသည်။
"မင်းက ငါ့ရဲ့ ဝက်ဝံကြီးကို သတ်ပစ်ပြီးသွားပြီ ...အခု အဲ့ဒါကို ဟင်းပွဲလုပ်ချင်နေပြန်ပြီပေါ့..."
သူ့၏ ချစ်လှစွာသော ဝက်ဝံကြီးကို တစ်စုံတစ်ယောက်က ဟင်းပွဲလုပ်နေသည့်အား မြင်ရခြင်းက ဝမ်းနည်းစရာ အကောင်းဆုံး မြင်ကွင်းတစ်ခုပင်။ပုဖန်ကမူ သူပြောဆိုပြီးသည်နှင့် ငိုကြွေးနေဆဲဖြစ်သည့် ရှုံးရှီကို လျစ်လျူရှုလိုက်ပြီး ဝက်ဝံလက်များကိုသာ ကိုင်တွယ်လိုက်သည်။
သူ ရွှေရောင်မီးတောက်ကို မှုတ်ထုတ်လိုက်၏။ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်က အိုးအောက်ခြေသို့ လွင့်သွားပြီး စတင်၍ တောက်လောင်လာလေသည်။
အိုးထဲသို့ စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နှက်နေသော နွေဦးစမ်းရေကို ထည့်လိုက်သည်။ထို့နောက် သူသန့်စင်ပြီးသည့် ဝက်ဝံလက်ကို ထည့်၍ ပြုတ်လိုက်လေသည်။
သူ ဝက်ဝံလက်ကို ပြုတ်ထားတုန်း တခြားပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်လိုက်သည်။ဒီဟင်းပွဲအတွက် ပါဝင်ပစ္စည်းမြောက်များစွာ ပြင်ဆင်ရန်ရန်လိုအပ်ပေသည်။
စိတ်ဝိညာဉ် ဆေးပင်အမြောက်အများကို ခုတ်ဖြတ်ပြီးနောက် လေထုထဲ၌ပင် စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နှက်နေပေသည်။ထို စွမ်းအင်များက စိတ်ကို လန်းဆန်းသွားသည်။
ပုဖန်က အရသာကို ဖြည့်စွက်ထောက်ပံ့ပေးနိုင်မည့် တခြားအဆင့်မြင့် သားရဲများအသားကိုလည်း ပြင်ဆင်လိုက်သည်။သူ အဆင့်မြင့် ကျိုင်းပုစွန်၏ အသားတစ်ပိုင်းကို ထုတ်ယူလိုက်ပြီး လှီးဖြတ်လိုက်သည်။
ပြီးသည်နှင့် အဆင့်မြင့်သားရဲအသားများနှင့် ရောနယ်လိုက်ပြီး ဘေးပတ်၌ ပုံထားလိုက်သည်။ပုဖန်က ဝက်ဝံလက်ကိုပြုတ်ထားသည့် ဒယ်အိုးကို အာရုံစိုက်ထားလိုက်သည်။ရွှေရောင်မီးတောက်၏ အပူချိန်အောက်၌ ရေများ ပွက်ပွက်ဆူနေပေပြီ။ဒယ်အိုးအတွင်းမှ ဝက်ဝံလက်များက တဝဲဝဲလှည့်လည်နေ၏။
ခဏအကြာ၌ မွှေးရနံ့သင်းသင်းများ ထွက်ပေါ်လာလေသည်။ပုဖန်က ထိုအိုးထဲမှ ဝက်ဝံလက်များ ဆယ်ထုတ်လိုက်ပြီးနောက် အေးသွားအောင် ရေခဲရေထဲ ပစ်ထည့်လိုက်သည်။
သူ ဒယ်အိုးထဲသို့ နွေဦးစမ်းရေများ နောက်တစ်ခေါက် ထပ်ဖြည့်လိုက်ပြီးနောက် လှီးဖြတ်ထားပြီးသား ဆေးပင်များကို ထည့်လိုက်သည်။
ထို့နောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ဆွဲကိုင်လိုက်ပြီး ရေအေးထဲမှ ဝက်ဝံလက်ကို ဆယ်ထုတ်လိုက်သည်။သူ ဝက်ဝံလက်ကို လက်တစ်ဖက်ဖြင့် ဖိကိုင်ထားလိုက်ပြီး မျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်သည်။ဝက်ဝံ၏ အရေပြားက အလွန်ထူထဲလှသော်လည်း အလွန်တရာထက်မြက်မှုကို ပိုင်ဆိုင်ထားသည့် မီးဖိုချောင်သုံးဓားက အလွယ်တကူ ဖြတ်တောက်နိုင်ပေသည်။
ပုဖန်က ဝက်ဝံလက်ကို သူ့၏ အစစ်အမှန်စွမ်းအင်များပင် ဖုံးကာလိုက်ပြီး အမွှေးများကို ဆွဲနှုတ်လိုက်သည်။သူ ဝက်ဝံလက်ကို ခပ်ကြာကြာ ရိုက်ပုတ်လိုက်သည်။ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အသားများ ပျော့ပျောင်းသွားအောင် ကူညီပေးနိုင်ပေသည်။
ပြီးသွားသည်နှင့် မျက်စိဖမ်းစားနိုင်သော ဓားစွမ်းအင်များကို ထုတ်ဖော်ပြသလိုက်လေသည်။ပရိတ်သတ်များအားလုံး၏ အာရုံက ပုဖန်ဆီ၌သာ ကျရောက်နေပေသည်။ထိုသူ၏ အချက်အပြုတ် စွမ်းရည်သာမက ဓားကိုင်ပညာကလည်း အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းမွန်လှပေသည်။
သူ့၏ လှုပ်ရှားမှုက အလွန်ပင် မြန်ဆန်လှရုံသာမက ဓားတစ်ချက် လှုပ်လိုက်တိုင်း အရိုးတစ်ခု ဖယ်ရှားပြီးသား ဖြစ်သွားလေသည်။မကြာခင်မှာပင် အရိုးထုတ်ခြင်း ပြီးစီးသွားလေပြီ။မြန်ဆန်လွန်းလှသောကြောင့် ပရိတ်သတ်များ ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရပေ။
နောက်ဆုံး၌ ကျယ်လောင်သောအသံနှင့်အတူ ထိုဝက်ဝံလက်က စင်မြင့်ပေါ် ကျရောက်သွားပေပြီ။ဝက်ဝံလက်မှ ခပ်ဖျော့ဖျော့ စိတ်ဝိညာဉ် စွမ်းအင်များဝေ့ဝဲ ထွက်ပေါ်နေတုန်းဖြစ်၏။
ပုဖန်က သူ့၏ သိုလှောင်နယ်မြေထဲမှ ကျောက်စိမ်းနှလုံးသား ဝိုင်ပုလင်းကို ထုတ်ယူလိုက်ကာ အဖုံးဖွင့်လိုက်သည်။ထို့နောက် ဝက်ဝံလက်ကို ဆက်လက်၍ ပြင်ဆင်နေလေသည်။
ရှုံးရှီ အသဲကွဲသွားသလိုပင် ခံစားနေရသည်။ပုဖန်က သူ့၏ ဝက်ဝံသားကို ပြင်ဆင်နေသည်ကို မြင်ရသောအခါ၌ သူ့နှလုံးသားက မခံနိုင်အောင် ကိုက်ခဲလာပေသည်။သူ ထပ်ငိုချင်လာသလို ခံစားလိုက်ရသည်။
နောက်ဆုံး၌ ဒိုင်လူကြီးမင်းက ထိုအဖြစ်အပျက်ကို ကြည့်မနေနိုင်တော့ပေ။သူ ရှုံးရှီဆီသို့ လျှောက်သွားပြီး တည်ကြည်လေးနက်သော မျက်နာထားဖြင့် ပြောလိုက်သည်။
"မြန်မြန်စပြီးတော့ မင်းရဲ့ ဆေးလုံးသန့်စင်မှုကိုပြုလုပ်သင့်နေပြီ...သူချက်နေတဲ့ ဝက်ဝံကလည်း မင်းရဲ့ ဟာမဟုတ်ဘူးလေ...ဘာလို့ ငိုကြွေးနေတာလဲ...ဒီဝက်ဝံက မင်း အိမ်က ဝက်ဝံမဟုတ်ဘူး...ဘာကြောင့် ဝမ်းနည်းနေသေးတာလဲ...ငါ မင်းကို သတိပေးလိုက်မယ်...ဒီပြိုင်ပွဲမှာ မင်းရဲ့ ပြိုင်ဘက်က ပုဖန်တစ်ယောက်တည်းမဟုတ်ဘူး...မင်းသာ ဒီပြိုင်ပွဲမှာ ရှုံးသွားမယ်ဆိုရင် အဆင့် သတ်မှတ်ချက်အတွက် နောက်ထပ်ပြိုင်ပွဲဝင် သုံးဆယ်နဲ့ ယှဉ်ပြိုင်ရလိမ့်မယ်..."
ဒိုင်လူကြီးက တင်းမာစွာဖြင့် သတိပေးလိုက်သည်။ရှုံးရှီက ဒိုင်လူကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။သူတင်းမာခတ်ထန်နေသော ဒိုင်လူကြီး၏ မျက်နာကို မြင်လိုက်သည်နှင့် နောက်တစ်ဖန် ငိုချင်လာပြန်သည်။
"ဒါပေမယ့် အဲ့ဒီ ဝက်ဝံက ငါ့အိမ်က ဝက်ဝံလေလို့..."
သူ့မျက်ဝန်းများ နောက်တစ်ဖန် စိုစွတ်လာပြန်သည်။သူ တကယ်ကို မငိုချင်ပေ။သို့သော်လည်း သူနှလုံးသားထဲ၌ ပြင်းပြစွာ နာကျင်မှုကို ခံစားနေရလေသည်။အသားနံမွှေးမွှေးလေးများ လေထဲ ပြန့်နှံ့လာသောအခါ၌သူ့၏ နာကျင်မှုများ ပိုမိုတိုးပွားလာလေသည်။