အပိုင်း ၅၂၆
Viewers 53k

အခန်း ၅၂၆

ဝက်ဝံလက်သားနှပ်...


"ဝက်ဝံလက်က အရသာအရှိဆုံးလား..."


လူအများစုက ဝက်ဝံလက်ကအရသာရှိသော စားကောင်းသောက်ဖွယ်တစ်ခုဟုဟထင်နေကြသည်။လူသုံးများသည့် ဆိုရိုးစကားတစ်ခုကြောင့် ထိုသို့ တွေးထင်နေကြခြင်းဖြစ်နိုင်ပေသည်။ထိုစကားက 


"ငါ ငါးစားချင်သလို ဝက်ဝံလက်လည်း စားချင်တယ်...ဒါပေမယ့် နှစ်ခုထဲက တစ်ခုရွေးရမယ်ဆိုရင်တော့ ငါက ငါးကို ပစ်ပြီး ဝက်ဝံလက်ကိုပဲ ရွေးမယ်..."


ထိုသို့ပင် ဝက်ဝံလက်က အရသာရှိသည်ဟု လူများတွေးနေကြခြင်းဖြစ်သည်။သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့ တွေးသလောက်အရသာရှိသည့် စားကောင်းသောက်ဖွယ်မဟုတ်ပေ။


မည်သို့ပင်ဆိုစေ ပုဖန်ကတော့ ထိုအကြောင်းအရာများကို အများကြီး တွေးမနေပေ။ဝက်ဝံလက်က အရသာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူအကောင်းဆုံးဟင်းပွဲတစ်ခုအဖြစ် ပြောင်းလဲမည်သာ ဖြစ်သည်။


ဝက်ဝံလက်၏ အရသာက ဆိုးဝါးနေလျှင်ပင် အကောင်းဆုံး ပါဝင်ပစ္စည်းများနှင့် နတ်ဘုရားတစ်ပိုင်း သားရဲ ရဲ့ အသားနှင့် ထောက်ပံ့ပေးလိမ့်မည်ဆိုရင် မည်ကဲ့သို့ မထူးခြားပဲနေပာမည်နည်း။


ဝက်ဝံလက်ကို အိုးထဲ ထည့်ပြီးနောက် အေးခဲ ကျောက်စိမ်း နှလုံးသားဝိုင်ကို အပေါ်က လောင်းထည့်လိုက်သည်။ဝက်ဝံလက်မြှုပ်သွားသည်နှင့် ချက်ချင်းပင် မွှေးရနံ့လေးများ လွင့်ထွက်လာသည်။


မူလက ထိုဝက်ဝံလက်ကို သူပျားရည်သုတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။သို့သော်လည်း သူ့၌ ပြင်ဆင်ထားသည့် ပျားရည်မရှိပေ။ထို့ကြောင့် မွှေးရနံ့များရစေရန်အတွက် အေးခဲ ကျောက်စိမ်း နှလုံးသားဝိုင်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။


ပြင်ဆင်မှုက မဆိုးလှပေ။အေးခဲကျောက်စိမ်းနှလုံးသားဝိုင်တွင် စိတ်ဝိညာဉ် စွမ်းအင်အများအပြား ပါဝင်နေသည်ဖြစ်လေရာ ဝက်ဝံလက်အတွင်းမှ စွမ်းအားများနှင့် ပေါင်းစည်းသွားပြီး လှည့်လည်နေလေသည်။


မဟူရာလိပ်ခုံးဒယ်အိုးထဲမှ စွပ်ပြုတ်ရည်များကလည်း ပွက်ပွက်ဆူလာလေသည်။ပုဖန်က သူထည့်ထားသည့် စိတ်ဝိညာဉ် ဆေးပင်များကို မွှေလိုက်သည်နှင့် မွှေးရနံ့များ ကြိုင်လှိုင်စွာ ထွက်ပေါ်လာလေသည်။


သူ ဝက်ဝံလက်ကို ပြန်ထုတ်ယူလိုက်ပြီးနောက် ပွက်ပွက်ဆူနေသည့် အိုးထဲသို့ ထည့်လိုက်သည်။


နောက်ဆုံး၌ ရှုံးရှီက သူ့၏ နှလုံးသားထဲမှ ဝမ်းနည်းမှုများကို ဖိနှိပ်နိုင်သွားပြီဖြစ်သည်။အော်ဟစ်ငိုကြွေးနေလို့လည်း အကျိုးမရှိသည်ကို သူသတိပြုမိသွားပြီဖြစ်သည်။


ယခုအချိန်က သက်စောင့်ဆေးကို သူအကောင်းဆုံးကြိုးစား၍ သန့်စင်ရမည့်အချိန်ဖြစ်ကြောင်း ကောင်းစွာ သိပေသည်။သူသာ ဒီပွဲကို အောင်မြင်လျှင် သေဆုံးခဲ့ရသော သူ့၏ ဝက်ဝံကြီးအတွက် လက်စားချေနိုင်ပေမည်။


သို့သော်လည်း ထိုစားဖိုမှူးက သူ့ဝက်ဝံကြီး၏ လက်ကို ချက်ပြုတ်နေသည်ကို တွေးလိုက်သည့်အခ်ျိန်၌ သူ့နှလုံးသားကို ဓားဖြင့် ထိုးစိုက်သလို ခံစားနေရလေသည်။


သူမသက်မသာဖြစ်မှုက သောကသစ်ခွ၏ သက်ရောက်မှုကြောင့် ဟုတ်မဟုတ်ကို သူမသိတော့ပေ။သူတကယ့်ကို ငိုချင်နေမိပေသည်။


သူ အားတင်းထိန်းချုပ်လိုက်သောကြောင့် မျက်ရည်များ စီးကျမလာတော့ပေ။ထို့နောက်သူ့၏ ဆေးမီးဖိုကို အာရုံစိုက်လိုက်သည်။သူ့လက်ဖဝါးပေါ်၌ ပန်းရောင်မီးလုံးတစ်လုံး ထွက်ပေါ်လာပြီး ဆေးမီးဖိုထဲသို့ ခုန်ဝင်သွားလေသည်။နောက်ဆုံး၌ ဆေးလုံးသန့်စင်ခြင်းကိုသာ အပြည့်အဝ အာရုံစိုက်လိုက်နိုင်ပေသည်။


ဒီတစ်ကြိမ်ပြိုင်ပွဲက နောက်ဆုံးတော့ ပုံမှန်အခြေအနေသို့ ပြန်လည်ရောကိရှိသွားပြီဖြစ်သည်။ရှုံးရှီ၏ အဂ္ဂိရတ်ပညာစွမ်းအင်က တကယ့်ကို သန်မာလှသည်။


ထို့ကြောင့် ထိုနေရာ၌ရှိနေကြသော လူအများစုက ပုဖန်အတွက် စိုးရိမ်နေကြသည်။သို့သော်လည်း တစ်ချို့ ပရိတ်သတ်များကမူ ရှုံးရှီကသာ ကြောက်ရွံ့သင့်သည့်သူဟု တွေးမိနေကြပေသည်။


ပြောရမည်ဆိုလျှင် ပုဖန်၏ ပြိုင်ဘက်များ၏ မီးဖိုများ ပေါက်ကွဲသွားသည့် မြင်ကွင်းကို သူတို့မေ့မရနိုင်သေးပေ။


....


ပုဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ မျက်လုံးမှိတ်ကာ တိတ်တဆိတ်ရပ်နေလေသည်။သူ့၏ ပုံစံက အချိန်များကို တိတ်တဆိတ်ရေတွက်နေပုံရလေသည်။


ခဏအကြာ၌ မျက်လုံးများ ဖွင့်လိုက်ပြီး အငွေ့တထောင်းထောင်းထနေပြီဖြစ်သော ဝက်ဝံလက်ကို ဆယ်ထုတ်လိုက်သည်။ဝက်ဝံလက်က အပူငွေ့များနှင့်အတူ အသားရနံ့ မွှေးမွှေးလေးများ ထွက်ပေါ်နေလေသည်။


ထို့နောက် သူ မဟူရာလိပ်ခုံးဒယ်အိုး သန့်ရှင်းလိုက်ပြီး နွေဦးစမ်းရေများ ထပ်မံ လောင်းထည့်လိုက်ပြန်သည်။ထို့နောက် ပြင်ဆင်ထားသည့် စိတ်ဝိညာဉ် ဆေးပင်အမျိုးမျိုးကိုလည်း ထပ်မံ ထည့်လိုက်ကာ ဝက်ဝံလက်ပါ ထပ်ထည့်လိုက်ပြီး တတိယအကြိမ်မြောက် ထပ်မံ တည်ထားလိုက်ပြန်သည်။


ဒီတစ်ကြိမ်၌ ရေများဆူပွက်လာသည်က အလွန်မြန်ဆန်လေသည်။ပုဖန်က အိုးထဲမှ ဝက်ဝံလက်ကို ဆယ်ထုတ်လိုက်ပြန်သည်။ဒီအချိန်က ဝက်ဝံလက်ကို သေချာပြင်ဆင်ရမည့်အခ်ျိန်ရောက်ပေပြီ။


ပုဖန် ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်းများကို ဒယ်အိုးထဲသို့ အနည်းငယ်ထည့်လိုက်သည်။ထို့နောက် စိတ်ဝိညာဉ် စွမ်းအင်များပြည့်နေသည့် ဆေးပင်များကို အိုးထဲ ထည့်လိုက်ကာ သုံးကြိမ်ပြုတ်ထားပြီးပြီဖြစ်သည့် ဝက်ဝံလက်ကိုပါ ပေါင်းထည့်လိုက်သည်။


ပြီးသည်နှင့် အဆင့်မြင့်သားရဲ အသားနှင့် စိတ်ဝိညာဉ်ဆေးပင်အချို့ကို ထပ်မံ ပေါင်းထည့်လိုက်ပြန်သည်။အားလုံးပြီးသည်နှင့် စွပ်ပြုတ်ရည်အနည်းငယ်ထည့်လိုက်ကာ ဆူသည်အထိ တည်ထားလိုက်သည်။ဟင်းအိုးဆူပွက်လာသည်နှင့် အရသာမှုန့်တစ်ချို့နှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်သည်။


သူ ဟင်းအိုးကို အဖုံးမဖုံးထားသောကြောင့် ထွက်လာသည့် အပူငွေ့များနှင့်အတူ ပါလာသည့် မွှေးရနံ့များက ပြိုင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းနေလေသည်။


ထိုရနံ့များထဲ၌ အသားနံ့များ ပါဝင်နေသည်။သို့သော်လည်း ညှီနံ့ နံနေခြင်းမဟုတ်ပေ။ပြောရမည်ဆိုလျှင် ထိုရနံ့က အလွန်ပြိုင်ဘက်ကင်းလှသည်။


ပရိတ်သတ်များအားလုံးက ပုဖန်၏ ဒယ်အိုးကိုသာ မလွှဲတမ်းစိုက်ကြည့်နေကြသည်။ထို့အပြင် သူတို့ကိုသူတို့ မသိကြပဲ အချင်းချင်း တီးတိုးပြောဆိုနေကြသည်။


ပရိတ်သတ်များကထိုဝက်ဝံသား၏ အရသာက မည်သို့ရှိသည်ကို သိချင်နေကြသည်။


အကဲဖြတ် ထိုင်ခုံတွင် ထိုင်နေသည့် မဟာသခင်ငါးယောက်ကလည်း ပုဖန်ကို လေးလေးနက်နက်စိုက်ကြည့်နေကြသည်။သူတို့က ပုဖန်ချက်ပြုတ်သည့် ဟင်းကို မြည်းစမ်းခဲ့ဖူးပြီ ဖြစ်ပြီး ဒီတစ်ကြိမ်တွင်လည်း ဝက်ဝံလက်ချက်ပြုတ်နေသည်ကို တွေ့ခဲ့ရသည်။


ဝက်ဝံအသားက မည်သို့အရသာရှိသည်ကို မသိသလို ပုဖန်၏ ဟင်းပွဲက မည်သည့်သက်ရောက်မှုမျိုးရှိမည်ကိုလည်း သူတို့ မတွေးတက်ပေ။


"တကယ်တမ်းတော့ ဒီတစ်ကြိမ်က လုံးဝ ဆိုးဝါးမှာမဟုတ်ဘူး...ကြည့်လိုက်လေ...သူ စိတ်ဝိညာဉ် ဆေးပင်ဘယ်လောက်များများထည့်ထားလဲဆိုတာကို တစ်ခုနှင့်တစ်ခုကလည်း လိုက်ဖတ်ညီနေတယ်...ဒါက ဆေးလုံးသန့်စင်တာထက်တောင် ပိုပြီးခက်ခဲနေသေးတယ်...အွန်း...ဒီဟာနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ငါတို့အဂ္ဂိရတ်ပညာကတောင်မှ ပိုပြီးလွယ်ကူနေသေးတယ် ဒါပေမယ့်လည်း အဲ့ဒီလိုလွယ်ကူတာကြောင့် ဆေးပင်တွေရဲ့ တကယ်အကျိုးသက်ရောက်မှုကို ငါတို့ မဖော်ထုတ်နိုင်ဘူး..."


"အဂ္ဂိရတ်ပညာရှင်တွေနဲ့ စားဖိုမှူးတွေက လုံးဝ ကွဲပြားခြားနားတယ်...အဲ့ဒါနဲ့ ပတ်သတ်ပြီး ငါတို့ ဆွေးနွေးစရာအကြောင်းမရှိဘူး..."


ထိုစားဖိုမှူး၏ ချက်ပြုတ်သည့် နည်းလမ်းများက တမူထူးခြားနေသည်ဟု ခံစားမိသောကြောင့် မဟာသခင်များအားလုံး တီးတိုးဆွေးနွေးနေကြသည်။ကြည့်ရသည်မှာ သူတို့လည်း ပုဖန်ဆီက နည်းလမ်းတစ်ချို့ ယူရမည့်ပုံပေါ်သည်။တစ်ချို့ နည်းလမ်းများက ကွာခြားမှုကို ညှိရန်မှာ အလွန်ခက်ခဲလှသည်။


...


ရှုံးရှီက သူ့၏ ဆေးလုံးသန့်စင်ခြင်း၌ လုံးဝ အာရုံ နစ်ထားပေသည်။သူ့ကိုကြည့်ရသည်မှာ ရူးသွပ်သွားတော့မည့်ပုံပေါ်နေသည်။သူ့၏ မျက်ဝန်းများက သွေးနီရောင်ရဲရဲနီနေပြီး သန်မာလှသည့် အရှိန်အဟုန်များကိုလည်း ထုတ်လွင့်နေသည်။


ပန်းရောင်မီးတောက်ကလည်း ဆေးမီးဖိုအတွင်း၌ အကြမ်းပတမ်းလှည့်လည်နေ၏။သူ့၏ ဆေးမီးဖိုမှလည်း ဆေးရနံ့ဖျော့ဖျော့လေးများ ထွက်ပေါ်လာပေသည်။


....


ဝက်ဝံလက်ကို နေ့တစ်ဝက်ခန့်မျှ တည်ထားပြီးနောက်တွင် အသားက နူးညံ့ပျော့ပျောင်းလာပေပြီ။ဝက်ဝံလက်အသားက ထိုးဖောက်မြင်ရတော့မလို ကြည်လင်ပျော့ပျောင်းနေကာ ဂျယ်လီတုံးလေးကဲ့သို့ တုန်ခါနေလေသည်။


ကြည့်ရသည်မှာ အလွန်ပင် လှပဆွဲဆောင်မှုရှိလှသည်။ကြီးမားသည့် ပန်းကန်ပြားဝိုင်းတစ်ချပ်ကို ထုတ်ယူလိုက်ပြီးနောက် ဝက်ဝံလက်ကို အလယ်တွင် နေရာချလိုက်သည်။ထို့နောက် ဘေးပတ်ပတ်လည်မှ စိတ်ဝိညာဉ် ဆေးပင်များ ဝန်းရံ၍ အလှဆင်လိုက်သည်။


နူးညံ့ပျော့ပျောင်းသည်အထိ ချက်ပြုတ်ထားပြီးသော အဆင့်မြင့်သားရဲ၏ အသားကိုလည်း ဝက်ဝံလက်၏ ဘေးနားသို့ ပတ်ရံလိုက်သည်။သူတို့ကို ပန်းပွင့်ဘေးမှာကြွေကျနေသည့် သစ်ရွက်ကလေးများပုံသဏ္ဍာန် ပုံဖော်လိုက်လေသည်။


ပန်းကန်၏ ဘေးနား၌ပင် အပူငွေ့များ သိပ်သည်းလာလေသည်။သို့သော်လည်း သူ ထိုအရာအားလုံး လုပ်ပြီးသည့်တိုင်အောင် ဟင်းပွဲက မပြီးသေးပေ။


အား...


ပုဖန်ဟင်းပွဲကို အဆုံးသတ်ပြင်ဆင်နေစဉ်မှာပင် ရှုံးရှီဘက်မှ အော်သံကျယ်တစ်ခု ထွက်ပေါ်လာလေသည်။မိုးကြိုးပစ်သလို ကျယ်လောင်သည့်အသံနှင့်အတူ ဆေးမီးဖိုက လေထဲ မြောက်တက်သွားပြီး စင်ပေါ်သို့ အရှိန်ပြင်းစွာ ပြန်ကျလာလေသည်။ပြိုင်ကွင်းစင်တစ်ခုလုံး တုန်ခါသွားလေ၏။


ရှုံးရှီ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများပင်စိုရွှဲသွားကာ သူ့ဆံပင်များလည်း ရှုပ်ပွနေပေသည်။သူ့မျက်ဝန်းများက သွေးနီရောင်ရဲရဲနီနေကာ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာများကို ထုတ်လွင့်နေပေသည်။


သူ့၏ မျက်ဝန်းအကြည့်များက ပုဖန်ဆီ၌ စူးစိုက်ကျရောက်နေသည်။သို့သော်လည်း ပို၍ တိတိကျကျပြောရမည်ဆိုလျှင် ပန်းကန်ထဲမှ ဝက်ဝံလက်ဆီသို့ ကျရောက်နေခြင်းဖြစ်သည်။


သူ အံတင်းတင်းကျိတ်လိုက်ပြီး လက်တစ်ချက်ဝှေ့ယမ်းကာ ဆေးမီးဖို အဖုံးကို ဖွင့်လိုက်သည်။ဆေးမီးဖို၏ အလယ်မှ မမြင်နိုင်သော စွမ်းအင်လှိုင်းများ ထိုးထွက်လာပြီး အဘက်ဘက်သို့ ပြန့်နှံ့သွားလေသည်။


စွမ်းအင်လှိုင်းများ၏ နောက်မှနေ၍ ပန်းရောင် ဆေးလုံးတစ်လုံး မျောလွင့်ထွက်ပေါ်လာလေသည်။ထိုဆေးလုံးပေါ်၌ လိုင်းနှစ်လိုင်းရှိနေပြီး တောက်ပသည့် အလင်းရောင်များကို ထုတ်လွင့်နေသည်။


သူ ဆေးလုံးသန့်စင်ခြင်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ပေသည်။ထို့အပြင် သူသန့်စင်သည့်အခ်ျိန်က အလွန်ပင် မြန်ဆန်လှသည်။ပရိတ်သတ်များအားလုံး သတိပြုမိသွားပြီး ရှုံးရှီကို စိုက်ကြည့်လိုက်ကြသည်။


"သူဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ဆေးလုံးသန့်စင်သွားနိုင်တာလဲ..."


ဒီတစ်ကြိမ်၌ ဆေးမီးဖိုကလည်း မပေါက်ကွဲသွားပေ။ထိုအချက်ကပင် အရမ်းကို ဆန်းကြယ်နေပေပြီ။ပရိတ်သတ်များစွာက ဆေးမီးဖို မပေါက်ကွဲသည်ကို မြင်လိုက်သည်နှင့် သူတို့၏ မျက်နာပေါ်တွင် စိတ်ပျက်လက်ပျက်အမူအရာများ အထင်းသားပေါ်လွင် သွားလေသည်။


သူ့၏ ပန်းရောင်ဆေးလုံးကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီး ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ပုဖန်က ရှုံးရှီကို သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီး သူ့၏ ဟင်းပွဲကိုသာ ဆက်လက်ပြင်ဆင်နေလေသည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လျှင်မြန်စွာလှည့်ပတ်လိုက်ပြီး ပါဝင်ပစ္စည်းတချို့ကို ခပ်ပါးပါးလှီးဖြတ်လိုက်သည်။ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ ဆီအနည်းငယ်လောင်းထည့်လိုက်ကာ ထိုပါဝင်ပစ္စည်းများကို ကြော်လိုက်သည်။


ထို့နောက် သူ ရေအနည်းငယ်လောင်းထည့်လိုက်၏။အချိန်ခဏမျှစောင့်ပြီးသည်နှင့် စွပ်ပြုတ်ရည်က ပို၍ ပျစ်နှစ်လာသည်။စွပ်ပြုတ်မျက်နာပြင်၌ ပူစီဖောင်းများထလာပြီး တပွက်ပွက်ဆူသံကိုပင် ကြားနေရလေသည်။


ပတ်ဝန်းကျင်၌လည်း စိတ်ဝိညာဉ် စွမ်းအင်အငွေ့အသက်များ သိပ်သည်းလာလေသည်။ထိုပတ္တမြားရောင် အဆင်းရှိသော ဟင်းအနှစ်ရည်က သူ နံရိုးချိုချဉ်ကြော်တွင် သုံးနေကြ ဟင်းအနှစ်ရည်များနှင့်ပင် တူနေလေသည်။


သို့သော်လည်း ဒီဟင်းအနှစ်က ပို၍ ပျစ်နှစ်ပေသည်။အမွှေးနံ့များ ကြိုင်လှိုင်စွာ ထွက်ပေါ်နေပြီဖြစ်သည့် ပျစ်နှစ်လှသော စွပ်ပြုတ်အရည်ကို ခပ်ယူကာ ဝက်ဝံလက်ပေါ်တွင် လောင်းလိုက်သည်။


ခဏအတွင်းဆိုသလိုပင် ဟင်းပွဲမှထွက်လာသော မွှေးရနံ့များက ပြိုင်ကွင်းတစ်ခုလုံး ပြန့်နှံ့သွားလေသည်။ထိုအနံ့ကို ရှူရှိုက်လိုက်သည်နှင့် ပရိတ်သတ်များ၏ မျက်နာတွင် မူးရစ်ရီဝေသွားသည့် အမူအရာများ ပေါ်ပေါက်လာလေသည်။


"ဒီရနံ့က အရမ်းကိုကောင်းတယ်...တကယ်ပဲ ဒီစားဖိုမှူးချက်လိုက်တဲ့ ဟင်းပွဲတိုင်းက တကယ့်ကို သာမန်မဟုတ်ဘူး...ဒီမွှေးရနံ့က အသားကင် ရနံ့လောက် မပြင်းထန်ပေမယ့် သိမ်သိမ့်မွေ့မွေ့လေး ခံစားရတယ်...ဒါက ကွဲပြားခြားနားချက်တစ်ခုပဲ...ဟင်းပွဲကနေလာတဲ့ မွှေးရနံ့က အရမ်းမပြင်းထန်ဘူး ဒါပေမယ့် သူ့ရဲ့ အရသာကတော့ အကောင်းဆုံးပဲ..."


ပရိတ်သတ်များက အစားအသောက်အကဲအဖြတ်သူများသကဲ့သို့ ဟင်းပွဲ၏ ရနံ့ကို ခံ၍ မှတ်ချက်ချနေကြလေသည်။ပုဖန်က ဖြူဖွေးဝတုတ်နေသော မုန်လာဥတစ်လုံးကို ထုတ်ယူလိုက်သည်။ထို့နောက် သူ ရှုံးရှီဆီသို့ တစ်ချက်လှမ်းကြည့်လိုက်၏။သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက လေပေါ်ပျံဝဲနေသလို လျှင်မြန်စွာ လှုပ်ရှားသွားလေသည်။ပရိတ်သတ်များက ထိုလှုပ်ရှားမှုများကိုပင် မမြင်နိုင်ပဲ သူ့လက်ထဲမှ အရာဝတ္တုပုံရိပ် ဝဝကိုသာ မြင်ကြရလေသည်။


ပုဖန်က မုန်လာဥကို ဟိန်းဟောက်နေသည့် ဝက်ဝံတစ်ကောင်၏ ပုံစံ ဖော်လိုက်လေသည်။ဝက်ဝံ၏ ပုံစံက အစွမ်းသတ္တိကြီးမားပုံရလေသည်။


ထို့နောက် သူ ထိုဝက်ဝံရုပ်ကို ပန်းကန်ပြားအလယ်တွင် တင်လိုက်လေသည်။သူ့၏ ဟင်းပွဲ ပြီးဆုံးသွားလေပြီ။


"အနီရောင် ဝက်ဝံ လက်နှပ် ပြီးပြီ..."


သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်ရင်း ဝှေ့ယမ်းကစားလိုက်သည်။သူ့ဟင်းပွဲ ပြီးမြောက်သွားပြီဖြစ်သောကြောင့် သူ့မျက်နာအမူအရာက ကြည်လင်နေပေသည်။


ဂလု ...


ပရိတ်သတ်များက သူတို့၏ စားချင်စိတ်ကို သူတို့ကိုသူတို့ မထိန်းချုပ်နိုင်တော့ပဲ တံတွေးတစ်လုတ်မျိုချလိုက်မိကြသည်။ထိုဝက်ဝံလက်နှပ်က သူတို့၏ စားချင်သောက်ချင်စိတ်များကို တဖွားဖွားပေါ်ပေါက်လာစေသည်။


ပန်းကန်ပြားထဲမှ တောက်ပနေသော ဝက်ဝံလက်နှပ်ကို ကြည့်၍ ရှုံးရှီ၏ နှလုံးသားထဲ၌ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်သွားပြန်သည်။


"အိုး...ငါ့ရဲ့ ဝက်ဝံလေး..."


နှစ်ဖက်လုံး လုပ်ငန်းများ ပြီးဆုံးသွားသည်ကို မြင်သောကြောင့် ဒိုင်လူကြီးမင်းက အလယ်သို့ လျှောက်လာလိုက်သည်။သူ့၏ အကြည့်များက ကြည်လင်နူးအိနေသည့် ဝက်ဝံလက်နှပ်ပေါ်သို့ ကျရောက်သွားသည်။


လှပပြီး ချစ်စရာကောင်းလှသော ဝက်ဝံလက်နပ်ကြောင့် သူ မထိန်းချုပ်နိုင်ပဲ တံတွေးတစ်လုတ်မျိုချလိုက်မိသည်။သူ သက်စောင့်ဆေးအမြောက်အများစားခဲ့ဖူးသည် သို့သော်လည်း ထိုကဲ့သို့ လှပမွှေးကြိုင်လှသော ဟင်းပွဲမျိုးကိုမူ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


ထိုအချိန်၌ အော်ဟစ်လိုက်သလို ထူးဆန်းသည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။မည်သူမှ မသိလိုက်ခင်မှာပင် အကဲဖြတ်လူကြီးမင်း ငါးယောက်လုံးစင်မြင့်ပေါ်သို့ ရောက်ရှိနေပေပြီ။ဒိုင်လူကြီးပင်လျှင် အံ့အားသင့်သွားပြီး ထ်ို ငါးယောက်ကို အလျှင်အမြန် အရိုအသေပေးလိုက်သည်။


"ဒီတစ်ပွဲက ထူးခြားဆန်းကြယ်မှုတွေရှိနေတယ် ဒါ့ကြောင့်မလို့ ငါတ်ို့ကိုယ်တိုင်ပဲ အကဲဖြတ် ဆုံးဖြတ်ပေးလိုက်တော့မယ်..."


မဟာသခင်ရွှမ်မင်က လက်နောက်ပစ်၍ ရပ်နေပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။စကားဆုံးသည်နှင့် ကျန်သည့် မဟာသခင်များကလည်း လေးနက်တည်ကြည်သည့် အမူအရာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။သူတို့အားလုံးက ခေါင်းညိတ်လိုက်ကြသော်လည်း အကြည့်များကမူ ဝက်ဝံလက်ပေါ်မှ လုံးဝ မရွေ့လျားသွားပေ။


"ဒီဟင်းပွဲကို ဘယ်လိုခေါ်လဲ..."


မဟာသခင် ရွှမ်မင်က ပုဖန်ကို ကြည့်၍ မေးလိုက်သည်။သူတို့အားလုံးက ထိုဟင်းပွဲကို စတင်၍ စစ်ဆေးကြည့်လိုက်ကြသည်။တောက်ပပြီး လှပလှသော ဝက်ဝံလက်၏ အတွင်း၌ စိတ်ဝိညာဉ် စွမ်းအင်များ လှည့်ပတ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။အစောပိုင်းက အသားကင်နှင့် ယှဉ်လျှင် ထိုဝက်ဝံလက်က ပို၍ နှစ်သက်စရာကောင်းလှသည်။


အမှတ် ၂ ဆေးလုံးကို ဆုပ်ကိုင်ထားသော ရှုံးရှီ၏ မျက်နာ၌ စိတ်ရှုပ်ထွေးမှုများပေါ်လွင်နေသည်။


မဟာသခင် ငါးယောက်က ဘာကြောင့် ဒီနေရာကို ဆင်းချလာတာလဲ...ဒီနေရာကို ဆင်းချလာတယ်ဆိုရင်လည်း ဘာလို့ သူတို့က ငါ့ကို သတိမပြုမိကြတာလဲ...မတရားခံရတဲ့သူက ဒီမှာပါ...အဲ့ဒီကောင်ချက်လိုက်တဲ့ ဝက်ဝံလက်က ငါ့ရဲ့ ဝက်ဝံကြီးဆီကနေ လာတာပါ...


ရုတ်တရက် သူ့ကို တစ်ကမ္ဘာလုံးက ပစ်ပယ်ထားသလိုပင် ရှုံးရှီ ခံစားလိုက်ရသည်။သူ့၏ နှလုံးသားထဲ၌ ဖိနှိပ်ဖို့ ခက်ခဲလှသော ဝမ်းနည်းပူဆွေးမှုများ ပေါ်ပေါက်လာပြန်သည်။


"ဒီဟင်းပွဲကို ကျုပ်ကတော့ အနီရောင် ဝက်ဝံလက်နှပ်လို့ပဲ ခေါ်မယ်...သူ့ရဲ့အရသာကလည်း တကယ်ကောင်းတယ်..."


ပုဖန်က မဟာသခင်ရွှမ်မင်ကို ပြန်လည်ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ပြီးသည်နှင့် သူ့၏ ဆိုင်းဘုတ်ကို ဆုပ်ကိုင်လိုက်ကာ တိမ်ခိုးစားသောက်ဆိုင် ကြော်ငြာခြင်းကိုအလေးအနက် စတင်ဆောင်ရွက်တော့သည်။


လူတိုင်းက ပုဖန်၏ ကြော်ငြာများနှင့် ရင်းနီးနေပြီဖြစ်သောကြောင့် သူတို့ ဝက်ဝံလက်ဆီ၌သာ အာရုံစိုက်ထားကြလေသည်။မဟာသခင်များက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး တူတစ်စုံစီ ကောက်ယူလိုက်ကြသည်။ထို့နောက် စင်ပေါ်၌ တူကိုခေါက်လိုက်ပြီးနောက် ပန်းကန်ထဲမှ ဝက်ဝံသားတစ်ဖက်စီ ဖဲ့ယူလိုက်ကြသည်။


သူတို့၏ တူက ဝက်ဝံလက်နှင့် ထိလိုက်သည့်ခဏ၌ မဟာသခင်များ အားလုံး အံ့အားသင့်သွားကြသည်။အဘယ့်ကြောင့်ဆိုသော် အသားက အလွန်ပင် နူးညံ့ပျော့ပျောင်းနေပြီး အသာလေး ထိလိုက်ရုံနှင့် ပေါက်သွားပေသည်။


ထိုနေရာမှ တောက်ပလှသော အလင်းရောင်များ ဖြာထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားလေသည်။