အပိုင်း ၅၂၇
Viewers 53k

အခန်း ၅၂၇

ဘာကြောင့် အဲ့လောက်ဝမ်းနည်းနေရတာလဲ...


ဝက်ဝံလက်အတွင်းမှ အလင်းရောင်လေးများ တောက်ပလာသောအခါ အားလုံး အံ့သြတကြီး အာမေဋိတ်ပြုလိုက်မိကြသည်။ထိုမြင်ကွင်းက အံ့အားသင့်စရာကောင်းလောက်အောင် လှပကာ အားလုံးကိုပင် ယစ်မူးသွားစေသည်။


လှပလှသော အလင်းရောင်လေးများနှင့် မွှေးပျံ့လှသည့် ရနံ့များ၏ ပေါင်းစပ်မှုက ကြည့်ရှုသူအားလုံး မခုခံနိုင်လောက်အောင် တောက်ပလွန်းလှသည်။


"အလင်းရောင်ထုတ်လွင့်နေတဲ့ နောက်ထပ် ဟင်းပွဲတစ်ခုလား..."


မဟာသခင်ရွှမ်မင်က လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။အလင်းရောင်ထုတ်လွင့်နိုင်သည့် ဟင်းပွဲတစ်ပွဲက စိတ်ဝိညာဉ် စွမ်းအင်ပမာဏ အမြောက်အများပါဝင်ပြီး အဆင့်တစ်ခုထိ ရောက်နေပြီဟု ပြောနိုင်ပေသည်။ဒါ့အပြင် ထိုဟင်းပွဲ၏ အကျိုးသက်ရောက်မှုကလည်း အနည်းငယ်မျှ နိမ့်ကျနိုင်မည်မဟုတ်ပေ။


ပျစ်နှစ်လှသော အနီရောင်ဟင်းရည်ထဲတွင် နစ်မြှုပ်နေသည်။ကြည်လင်နေပြီဖြစ်သော ဝက်ဝံလက်ကို ပူနွေးနီရဲနေသည့် အရောင်က ပို၍ စားချင်စဖွယ် ဖြစ်လာအောင် ထောက်ပံ့ထားလေသည်။


မဟာသခင်ရွှမ်မင်က တူတစ်စုံကို ကောက်ယူလိုက်ပြီး ဝက်ဝံလက်အသားကို ညှပ်ယူလိုက်သည်။သို့သော်လည်း တုန်အိနေသည့် အသားက တူကြားထဲမှ ချော်ထွက်သွားပြီး ဖမ်းယူရန် ခက်ခဲလှသည်။


ထိုအဖြစ်အပျက်ကြောင့် သူအနည်းငယ် ရှက်ရွံ့သွားသည်။ အကြိမ်အနည်းငယ် ကြိုးစားပြီးသည့်နောက် နူးအိနေသည့် ဝက်ဝံသားလေးကို ဆွဲယူနိုင်သွားလေသည်။


အဖျားမှ အသားပိုင်းလေးဆီမှ အနီရောင်ဟင်းရည်များတစ်စက်စက်စီးကျနေသည်။ထုတ်လွင့်နေသော မွှေးရနံ့များကလည်း အလွန်ပင် သိပ်သည်းလှ၏။


ထိုအသားလေးကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် မွှေးရနံ့များက လည်ချောင်းတစ်လျှောက် နေရာအနှံ့မကျန်အောင် ပြန့်နှံ့သွားလေသည်။သူ့၏ ရနံ့က လန်းဆန်းစေပြီး အညှီနံ့ လုံးဝမရှိပေ။


တကယ်တမ်းတွင် တစ်ချက်ဝါးလိုက်တိုင်း ထွက်ပေါ်လာသည့် ထိုရနံ့က အသား၏ အရသာကိုပင် ပို၍ ကောင်းမွန်လာအောင် ထောက်ပံ့ပေးနေလေသည်။


တခြားအသားများစွာနှင့် ကွဲပြားစွာပင် ဝက်ဝံအသားက အနည်းငယ် ဝါးရလေသည်။တစ်ချက်ဝါးလိုက်တိုင်းလည်း အတွင်းထဲ၌ ရောနှောပါနေသည့် နုတ်နုတ်စင်းထားသော ဆေးပင်လေးများကို ဝါးမိနေလေသည်။


ဝက်ဝံသားကို ကြည်လင်ပျော့ပျောင်းနေအောင်ပင် ချက်ထားပြီး ဖြစ်ပေမယ့် ပါးစပ်ထဲတွင် ပျော်မသွားပဲ အနည်းငယ် ဝါးစရာကျန်နေတုန်းဖြစ်သည်။


အသားကို ဝါးနေသည့် မဟာသခင်ရွှမ်မင်၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။ပရိတ်သတ်များကလည်း နှုတ်ခမ်းများကိုလျှာဖြင့်သပ်၍ မလွှဲတမ်း သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြလေသည်။


"ဘယ်လိုနေလဲ...သူ့အရသာက ဘယ်လိုနေလဲ ..."


မဟာသခင် ကုဟယ်က စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။သူ့လည်း ဝက်ဝံသားကို မြည်းစမ်းကြည့်ချင်ပေသည်။သို့သော်လည်း ဒီနေရာ၌ မဟာသခင်ရွှမ်မင်က ကြီးကြပ်နေသူဖြစ်သောကြောင့် သူ့ကို မျက်နာသာပေးရပေမည်။


"နူးညံ့တယ်...ဒါပေမယ့် အဆီမများဘူး...လတ်ဆတ်တယ်...အနံ့လည်းမညှီဘူး...အရသာက လုံးဝ ထိပ်တန်းပဲ..."


မဟာသခင်ရွှမ်မင်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ထိုအသား၏ အရသာက သူ့၏ လျှာပေါ်၌ ရစ်ဝဲနေတုန်းဖြစ်လေသည်။အရသာရှိလွန်းလှသောကြောင့် သူ့နာမည်သူပင် မေ့သွားမိမတက်ဖြစ်ရလေသည်။ဒီမတိုင်ခင်က သူ့ဘဝတစ်လျှောက်လုံး ထိုကဲ့သို့ အရသာရှိသော ဟင်းပွဲမျိုးကို မစားသုံးခဲ့ဖူးပေ။


ဒီဟင်းပွဲက ထိုစားဖိုမှူးငယ်လေးက သာမန်လူတစ်ယောက်မဟုတ်ကြောင်း သက်သေပြလိုက်ပေသည်။ဒီဟင်းပွဲက အရင်တခါပြုလုပ်ခဲ့သော အသားကင်နှင့် လုံးဝ ကွဲပြားခြားနားသည်။


အရင်ဟင်းပွဲက သူခြေချော်လက်ချော် ဖြစ်နေနိုင်သည့် အခွင့်အရေးများ ရှိနေပေသေးသည်။သို့သော် ဒီတစ်ကြိမ်၌မူ သူ့၏ ထူးကဲလှသော အချက်အပြုတ် ပါရမီစွမ်းရည်ကို လုံးဝ လှစ်ဟပြလာလေသည်။


ထို့အပြင် ပုဖန်၏ ဝက်ဝံလက်ဟင်းပွဲက သူ့၏ ကောင်းမွန်လှသော အရသာပေါ်တွင်သာ မှီခိုနေခြင်းမဟုတ်ပေ။အရေးကြီးဆုံးပြောရမည်ဆိုလျှင် အလွန်လည်း ဆေးဖက်ဝင်ပေသည်။၎င်းက အလွန်အဖိုးတန်လှသော ဆေးဖက်ဝင် ပစ္စည်းများနှင့်ပင် ဆင်တူနေလေသည်။


ပုဖန်၏ ဝက်ဝံလက်ဟင်းပွဲ နတ်ဘုရားတစ်ပိုင်း အဆင့်ပင် ရောက်နေသည်ဟု ထင်ရသည်။ပမာဏများစွာပါဝင်နေသော စိတ်ဝိညာဉ် စွမ်းအင်များက စားသုံးလိုက်သူကို အကျိုးကျေးဇူးများစွာ ရရှိစေပေလိမ့်မည်။


ထို့အပြင် ထိုသူပိုင်ဆိုင်ထားသော စွမ်းဆောင်ရည်များကိုလည်း အဆပေါင်းများစွာ တိုးတက်လာပေစေလိမ့်မည်။


မဟာသခင်ရွှမ်မင်၏ ဝေဖန်ပိုင်းခြားမှုက ကြားလိုက်ရသော သူများအားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။ထိုဟင်းပွဲက ထိုမျှ ချီးကျူးစရာဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ယခုသူတို့ မြည်းစမ်းကြည့်ချင်ပေလာပေပြီ။


မဟာသခင်ကုဟယ်က တူကိုအလျှင်အမြန်ကောက်ယူလိုက်ပြီး ဝက်ဝံအသားကို ယူလိုက်သလို တခြားသူများကလည်း အလျှင်အမြန်ပင် လှုပ်ရှားလိုက်ကြသည်။


သူတို့အားလုံး အလျှင်အမြန်စားလိုက်ကြသည်။အသားပါးစပ်ထဲ ဝင်သွားသည်နှင့် မဟာသခင်များ၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။သူတို့၏ မျက်ဝန်းများက တဖျပ်ဖျပ်လှုပ်ခါသွားပြီး မျက်နာက နီရဲလာလေသည်။


"ဒီခံစားချက်က ငါစကားလုံးနဲ့ ခံစားလို့မရဘူး ဘယ်လိုပြောရမလဲ...ငါတို့ ငယ်ရွယ်စဉ်က ခံစားချက်လိုမျိုး..."


မဟာသခင်ကုဟယ်က စိတ်လှုပ်ရှားမှုများစွာဖြင့် ပြောလိုက်သည်။သူ့၏ မုတ်ဆိတ်ဖြူဖြူများပင် တလှုပ်လှုပ် လှုပ်ခါနေလေသည်။တခြားတစ်ဖက်တွင် ရှုံးရှီက ဝမ်းနည်းပက်လက် ငိုကြွေးနေပေသည်။


"ဝက်ဝံကြီးရဲ့ အသားက ငယ်ရွယ်နုပျိုမှုကို ခံစားရစေတယ်ပေါ့...ခင်ဗျားက ငယ်ငယ်တုန်းက ဝက်ဝံတစ်ကောင်လ်ိုမျိုး အချိန်ဖြုန်းခဲ့တာ မလို့လား...ငါ့ရဲ့ ဝက်ဝံကြီးရေ ဘယ်လိုဖြစ်ပြီး တစ်ခြားသူတွေရဲ့ ဟင်းပွဲအဖြစ် အဆုံးသတ်သွားရတာလဲ..."


ရှုံးရှီ အရမ်းမတရား ခံရသလိုမျိုး မျက်ရည်များ အဆက်မပြတ် စီးကျနေသေးသည်။အစမှ ယခုချိန်ထိတိုင်အောင် သူ့လက်ထဲတွင်ရှိနေသည့် စိတ်ဝိညာဉ် ဆေးလုံးကို မည်သူမှ ဂရုစိုက်ခြင်းမပြုသေးပေ။ဒါက တကယ့်ကို အကြီးအကျယ် ကံဆိုးမိုးမှောင်ကျခြင်းဖြစ်သည်။


သူ့၏ ဝက်ဝံကြီးက သူ့ကိုယ်သူ ဘာအတွက် အနစ်နာခံခဲ့တာလဲ..


နောက်တစ်ချီတွင် သူ့၏ ပြိုင်ဘက်ကို အနိုင်ယူနိုင်ရန်အတွက် အနစ်နာခံခဲ့ခြင်းဖြစ်သည်။သို့သော်လည်း နောက်ဆုံး၌ မည်သို့ အဆုံးသတ်ခဲ့သနည်း။သူ့၏ အနစ်နာခံမှုကို လျစ်လျူရှုခံရပြီး ရိုးရှင်းစွာပင် အစားခံခဲ့ရသည်။ထိုအဖြစ်အပျက်က သူ့နှလုံးသားကို အလွန်တရာ ကြေကွဲစေသည်။


"ဝမ်းနည်းဖို့ကောင်းတယ်...တကယ့်ကို ဝမ်းနည်းဖို့ကောင်းတယ်..."


သူအသက်ရှုရပင် ခက်ခဲလာလေသည်။


ဘေး၌ ရပ်နေသော ဒိုင်လူကြီးက ရှုံးရှီဘက်သို့ လှည့်ကြည့်လိုက်သည်။ရှုံးရှီ၏ မျက်နာက တစ်စက္ကန့်တွင် သုံးကြိမ်လာက်ပြောင်းလဲနေသည်ကို တွေ့ရသောကြောင့် သူ့စိတ်ထဲ တင်းကျပ်သွားသည်။ထို့နောက် သူပြောလိုက်လေသည်။


"ငါ မင်းရဲ့ ဆေးလုံးကို ကြည့်ပါရစေ...ဒါပေမယ့် ဒီတစ်ချီမှာ မင်းအတွက် အခွင့်ရေးကောင်းတွေအများကြီး မရှိဘူးဆိုတာတော့ မမေ့နဲ့နော်..."


ရှုံးရှီ၏ မျက်ဝန်းများ ချက်ချင်းလင်းလက်သွားသည်။သို့သော်လည်း သူစိတ်ရှုပ်ထွေးမှုကို ခံစားနေရတုန်းဖြစ်သည်။သူက သောကသစ်ခွ၏ အကျိုးသက်ရောက်မှုကို ခံခဲ့ရသည်ဆိုသော်လည်း ထိုအရာသေးသေးလေးက တကယ်ပဲ သူ့ကို မျက်ရည်ကျအောင်လုပ်နိုင်ခဲ့သလား...


"မဟာသခင်တွေရဲ့ မျက်နာအမူအရာမျိုးကို ငါ အရင်တုန်းက တစ်ခါမှ မမြင်ခဲ့ဖူးဘူး...ကြည့်ရတာတော့ ဒီစားဖိုမှူးရဲ့ ဟင်းပွဲက သူတို့ကို တော်တော်လေး စိတ်ကျေနပ်စေပုံရတယ်...မင်းကလည်း အချိန်တိုလေးအတွင်းမှာ စိတ်ဝိညာဉ်ဆေးလုံးကို သန့်စင်နိုင်ခဲ့တယ်ဆိုပေမယ့် ဒီတစ်ကြိမ်မှာတော့ အဲ့ဒီစားဖိုမှူးကို အနိုင်မယူနိုင်မှာ ငါစိုးမိတယ်..."


ဒိုင်လူကြီးက သူ့၏ ကျောက်စိမ်းပြားကို ဆွဲထုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ကျောက်စိမ်းပြားမှ အလင်းရောင်များတောက်ပလာပြီး အထဲမှ အစီအရင်တစ်ခုပေါ်လာလေသည်။


ဒိုင်လူကြီးမင်းက ရှုံးရှီလက်ထဲမှ ဆေးလုံးကိုယူ၍ အစီအရင်ထဲတွင် ထားလိုက်သည်။အစီအရင်မှ အလင်းရောင်များတောက်ပလာလေသည်။ရှုံးရှီ၏ စိတ်ဝိညာဉ်ဆေးလုံးက အမှတ် ၂ စိတ်ဝိညာဉ်ဆေးလုံးဖြစ်သည်။ဒီဆေးလုံးက အနုပညာ လက်ရာတစ်ခုကဲ့သို့ လှပသေသပ်လှသည်။


ထိုဆေးလုံးအပေါ်၌ နဂါးနှစ်ကောင် ပျံသန်းနေသလို လိုင်းနှစ်လိုင်းရှိနေသည်။သူ့၏ အသွင်အပြင်က အံ့သြစရာကောင်းလှသည်။


"ဒီဆေးလုံးရဲ့ အရည်အသွေးက အံ့အားသင့်စရာပဲ...သာမန်ဆိုရင်တော့ ဒီအမှတ် ၂ စ်ိတ်ဝိညာဉ် ဆေးလုံးက အဆင့်မြင့် အဆင့်ကိုရောက်နေပြီလို့ပြောလို့ရတယ်...ဒါပေမယ့်လည်း မင်းရဲ့ ဆေးလုံးက အံ့သြသင့်စရာကောင်းလောက်အောင် သက်ရောက်မှုမရှိဘူးဆိုရင်တော့ ဒီစားဖိုမှူးကို အနိုင်ယူဖို့ ခက်ခဲလောက်တယ်..."


တခြားတစ်ဖက်တွင် မဟာသခင် ငါးယောက်က ပုဖန်၏ ဟင်းပွဲကို လောဘတကြီးစားသောက်နေတုန်းဖြစ်သည်။ပရိတ်သတ်များက ထိုမဟာသခင်များဆီမှ တကျွတ်ကျွတ် တကျွမ်းကျွမ်းအသံများကို ကြားနေရသောကြောင့် စွံံ့အနေကြလေသည်။


ထို့အပြင် ထိုပြိုင်ပွဲအဖြစ်အပျက်ကို တောက်ပကောင်းကင်မြို့နှင့် ကောင်းကင်ဆေးမြို့တော်တို့မှ ကြည့်ရှုသူများလည်း မြင်နေရလေသည်။သူတို့ ရိုသေလေးစားရသော မဟာသခင်များ၏ ယခုလို ပုံရိပ်ကို မြင်လိုက်ရခြင်းက သူတို့အားလုံးကို စွံ့အ မှင်သက်သွားစေသည်။


"အဲ့ဒီ စင်ပေါ်ကလူတွေက သူတို့ရိုသေလေးစားရတဲ့ မဟာသခင်တွေကော ဟုတ်ရဲ့လား..."


သူတို့နားလည်သဘောပေါက်ထားသည့် မဟာသခင်များ၏ အမူအရာနှင့် စင်မြင့်ပေါ်မှ လူများ၏ အပြူအမူက လုံးဝ ကွဲပြားခြားနားလေသည်။သူတို့ စားဖိုမှူးဘက်သို့ ကြည့်လိုက်ကြသည်။ထိုစားဖိုမှူး၏ ကျွမ်းကျင်မှုနှင့် စွမ်းအင်များကို အသေးစိတ်ထိန်းချုပ်နိုင်ခြင်းတို့က သူ့၏ အင်အားနှင့် စွမ်းရည်ကို မီးမောင်းထိုးပြလိုက်သလိုပင်။


အစီအရင်မှတစ်ဆင့် ကြည့်နေသူများပင်လျှင် အချက်အပြုတ်ချက်ပြုတ်ခြင်းက လွယ်ကူသည့်အရာမဟုတ်ကြောင်း သတိပြုမိခဲ့ကြသည်။ပုဖန်ပြသသွားသော လှုပ်ရှားမှုများက အချိန်တစ်ခုအကြား လေ့ကျင့်ထားခြင်သမရှ်ိပဲ တက်မြောက်လာနိုင်သော ပညာရပ်များမဟုတ်ပေ။


မကြာခင်မှာပင် ဝက်ဝံလက်နှပ် ဟင်းပွဲ ကုန်သွားလေပြီ။ပန်းကန်ကို လျှာဖြင့် လျက်ထားသကဲ့သို့ ပြောင်သလင်းခါနေပြီး ဟင်းရည်တစ်စက်မျှပင် အလေအလွင့်မရှိခဲ့ပေ။မဟာသခင်ငါးယောက်လုံး ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။သူတို့၏ မျက်နာပေါ်၌ စိတ်ကျေနပ်သော အမူအရာ အထင်းသားပေါ်လွင်နေလေသည်။


"စားဖိုမှူးလေး မင်းက တော်တော်လေးတော်တာပဲ...ဒါကြောင့် ရှေ့ဆက်ပြီးလည်း ကောင်းကောင်းကြိုးစားပါ...ဒီတစ်ပွဲမှာ မင်းက အနိုင်ရသူပဲ..."


မဟာသခင်ရွှမ်မင်က ပြုံး၍ ပြောလိုက်သည်။သူ ပုဖန်ကို ကြည့်လိုက်သည့်အချိန်တိုင်း အရင်ကထက်ပင် ကျေနပ်မှုကို ခံစားရလေသည်။ထိုစားဖိုမှူးက မြူကောင်းကင်မြို့တော်မှ ဖြစ်သည်။ထို့ကြောင့် ပဉ္စလက်ပြိုင်ပွဲအတွင်းတွင် သူက မြူကောင်းကင်မြို့ကို ကိုယ်စားပြုလေသည်။


ထိုစားဖ်ိုမှူး၏ စွမ်းဆောင်ရည်က အကြီးဆုံးဖျက်မြင်းတစ်ကောင်အဖြစ် ထိပ်သီး ၁၀ ယောက်အထဲသို့ ဝင်ရောက်နိုင်ပေမည်။ထိုအချင်းအရာကမဟာသခင် ရွှမ်မင်ကို အလွန်ပင် ဂုဏ်ယူဝင့်ကြွားစရာဖြစ်စေသည်။


"ခင်ဗျား ဒီပြိုင်ပွဲဝင် ရှုံးရှီရဲ့ ဆေးလုံးကို မကြည့်ရသေးဘူးလေ..."


မဟာသခင်ရွှမ်မင်က ပုဖန်ကို အနိုင်ရသူအဖြစ် တိုက်ရိုက်ပဲ ပြောလိုက်သောအခါ၌ ဒိုင်လူကြီးမင်းက အလျင်စလိုပင် ရှုံးရှီဘက်မှ ဝင်ပြောပေးလိုက်သည်။မဟာသခင် ရွှမ်မင်က ဖြေးညှင်းစွာ လှည့်ကြည့်လိုက်ပြီး လက်ပိုက်၍ ပြောလိုက်သည်။


"မင်းအဲ့ဒီဆေးလုံးကို စစ်ဆေးပြီးပြီလား...ဆေးလုံးက အမှတ် ၂ စိတ်ဝိညာဉ် ဆေးလုံးဖြစ်တယ်ဆိုရင် မင်းသူ့ရဲ့ အကျိုးသက်ရောက်မှုကိုကော စစ်ဆေးပြီးပြီလား..."


ဒိုင်လူကြီးမင်း ခဏမျှ တောင့်တင်းသွားပြီးနောက် ခေါင်းအသာ ယမ်းခါပြလိုက်သည်။


"ဒါဆိုလည်း မင်းစမ်းသပ်ကြည့်လိုက် ...ပြီးရင်တော့ ဒီပြိုင်ပွဲမှာ စားဖိုမှူးလေးကို ငါဘာကြောင့် အနိုင်ပေးလိုက်လဲဆိုတာကို နားလည်သွားလိမ့်မယ်..."


ထိုစကားကို ဆိုပြီးသည်နှင့် မဟာသခင်ရွှမ်မင်က ထပ်ပြောရန် ပျင်းရိသွားပေပြီ။သူ ပုဖန်ဘက်သို့ လှည့်၍ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး ပြည့်အင့်အောင် စားထားသော မဟာသခင်များနှင့်အတူ ထွက်ခွာသွားလေသည်။


ထွက်ခွာသွားသော မဟာသခင်ကိုကြည့်၍ ဒိုင်လူကြီးမင်း မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် မျက်လုံးပြူးနေသော ရှုံးရှီဘက်သို့ လှည့်ကြည့်လိုက်သည်။


"ပြောချင်တဲ့ အဓိပ္ပါယ်က ဒီဆေးလုံးရဲ့ သက်ရောက်မှုက အားနည်းနေတာလား..."


ဒိုင်လူကြီးမင်းလည်း အံတင်းတင်းကြိတ်လိုက်ပြီး ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ပန်းရောင် စိတ်ဝိညာဉ်ဆေးလုံးမှ ထွက်လာသော စိတ်ဝိညာဉ် စွမ်းအားများက တကယ့်ကို သိပ်သည်းလှပေသည်။မည်သို့ပင်ဆိုစေ ထိုအမှတ် ၂ စ်ိတ်ဝိညာဉ်ဆေးလုံးကို အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင်များနှင့်သာ ပြုလုပ်ထားသည်။


ဆေးလုံးပါးစပ်ထဲရောက်သွားသည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ် စွမ်းအားများက မုန်တိုင်းငယ်တစ်ခုကဲ့သို့ လည်ပတ်လာလေသည်။သူ့ဆံပင်များပင် ခပ်ကြမ်းကြမ်းလွင့်ခါသွားသည်။မျက်ဝန်းများက တောက်ပလာကာ ခန္ဓာကိုယ်ထဲရှိ အရိုးအဆစ်များအားလုံး ပွင့်ထွက်သွားတော့မယ့်ပုံ ပေါ်သည်။


သူ့၏ နောက်ကျောဘက်မှ စိတ်ဝိညာဉ်ကြိုးသုံးချောင်းထွက်ပေါ်လာပြီး ကောင်းကင်ကမ္ဘာမြေဖိအားများကို ထုတ်လွင့်နေလေသည်။ရှုံးရှီ၏ ဆေးလုံးက လူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအင်ကို မြှင့်တင်ပေးနိုင်ကြောင်းကို မေးခွန်းထုတ်စရာပင်မလိုတော့ပေ။


သ်ို့သော်လည်း ဒိုင်လူကြီး၏ အမူအရာက ပြောင်းလဲသွားသည်။တစ်စုံတစ်ရာက မမှန်ကန်သလိုမျိုး သူခံစားလိုက်မိသည်။အကြောင်းပြချက်မရှိ သူ့နှလုံးသားထဲ၌ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်လာလေသည်။


တကယ်တမ်းတွင် သူဒီနေ့မနက် အိမ်ကမထွက်ခွာခင် ဆေးလုံးသန့်စင်ရန် အားထုတ်မှုက ကျရှုံးခဲ့ရလေသည်။ဒိုင်လူကြီး၏ နှုတ်ခမ်းများက မထိန်းချုပ်နိုင်စွာပင် မဲ့ကျသွားသည်။သူ့၏ မျက်နာကလည်း တဖြေးဖြေးချင်း ပျက်ယွင်းလာလေသည်။သူ့နှလုံးသားထဲ၌ ဝမ်းနည်းကြေကွဲမှုများ အဆမတန် တိုးပွားလာလေ၏။


"ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်ထိ ဝမ်းနည်းနေရတာလဲ...ဒါက ဆေးလုံးသန့်စင်မှု ကျဆုံးတာလေးပဲ မဟုတ်ဘူးလား...ဝု...ဝု...ဝု...ဒီခံစားချက်ကြီးက မသက်သာလိုက်တာ...ငါငိုချင်လာပြီ...ငါဘာလို့ အဲ့ဒီလောက်ထိ ဝမ်းနည်းနေရတာလဲ...ဘယ်လိုအကြောင်းကြောင့် ဒီလိုတွေ ဖြစ်လာရတာလဲ..."


ဒိုင်လူကြီးမင်းက သူ့၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာလိုက်ပြီး စတင်၍ ငိုရှိုက်လေသည်။မျက်ရည်များကလည်း ပါးနှစ်ဖက်ပေါ်သို့ အဆက်မပြတ် စီးဆင်းကျလာ၏။


"ဘာတွေ ဖြစ်နေတာလဲ...ဒီဝမ်းနည်းမှုကြီးက ဘယ်လိုလုပ်ရောက်လာတာလဲ..."


ဒိုင်လူကြီးမင်းက ငိုကြွေးနေပေသည်။သူ အရမ်းဝမ်းနည်းပက်လက် ဖြစ်နေသည်ကို ပရိတ်သတ်များ အံ့သြတသင့်သာ ကြည့်နေကြလေသည်။ရှုံးရှီ ကြောင်အမ်းအမ်းဖြစ်နေမိသည်။


"ဘာလို့ ဒီလိုတွေဖြစ်လာရတာလဲ...ဒိုင်လူကြီးမင်းကရုတ်တရက်ကြီး ဘာကြောင့် ထငိုနေရတာလဲ..."


ရုတ်တရက် ရှုံးရှီ အဓိက အချက်ကို တွေးမိသွားသည်။


"သူဒီလို ဝမ်းနည်းပက်လက် ဖြစ်သွားတာ သောကသစ်ခွကြောင့်များလား...ဘုရားရေ သောက်ကျိုးနဲ ငါသောကသစ်ခွကို မထုတ်လိုက်မိဘူးလား..."


သူ့၏ အပြုအမူများကို ပြန်လည်တွေးတောလိုက်ပြီး ရှုံးရှီ၏ ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။ထိုအချိန်က သူ သောကသစ်ခွမှ ထွက်လာသည့် ပန်းရောင်အခိုးအငွေ့များကို ဖယ်ရှားရှင်းလင်းခဲ့သည်။


အဘယ့်ကြောင့်ဆိုသော် ဝက်ဝံကြီး၏သေဆုံးမှုကြောင့် ဝမ်းနည်းမှုများကို သောကသစ်ခွက ပို၍ အားကောင်းလာအောင် လုပ်နေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။သို့သော် ဆေးမီးဖိုထဲတွင် ကြွင်းကျန်နေသည့် သောကသစ်ခွကိုတော့ ဖယ်ရှားရန်မေ့လျော့ခဲ့လေသည်။


ထို့ကြောင့် သောကသစ်ခွက တခြားဆေးဖက်ဝင်ဆေးပင်များနှင့် အပြည့်အဝ ရောစပ်သွားလေသည်။ထိုသောကသစ်ခွက စိတ်ဝိညာဉ်ဆေးလုံး၏ အကျိုးသက်ရောက်မှုကို အနည်းငယ်မျှ နှောင့်ယှက်ခြင်းမရှိသော်လည်း နှလုံးသားထဲတွင်တော့ ကြီးမားလှသော ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်လာစေပေလိမ့်မည်။


"ငါ အဲ့ဒီလို လုပ်ဖို့ မရည်ရွယ်ပါဘူး..."


ရှုံးရှီ မျက်ရည်ကျမတတ် ဖြစ်လာမိပြန်သည်။သူတကယ့်ကိုပဲ ထိုသို့ ရည်ရွယ်ခြင်းမဟုတ်ပေ။ထိုအချိန်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ခြင်းသာဖြစ်သည်။


ဒိုင်လူကြီးမင်းက ငိုရှိုက်ရင်းဖြင့် ရှုံးရှီကို စူးစူးရဲရဲ ကြည့်လိုက်သည်။နောက်ဆုံးတော့ မဟာသခင်ရွှမ်မင် ပုဖန်ကို အနိုင်ရသူအဖြစ် အဘယ့်ကြောင့် ရှင်းရှင်းလင်းလင်းကြော်ငြာရဲသည်ကို နားလည်သွားပေသည်။ရှုံးရှီ၏ ဆေးလုံးက ပြစ်ချက်များရှိနေပေသည်။


ဒိုင်လူကြီးမင်းက ရှုံးရှီကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး ငိုရင်းတန်းလန်းဖြင့် ပုဖန်အနိုင်ရကြောင်း ကြော်ငြာပေးလ်ိုက်သည်။ထိုနောက် သူ့ပါးစပ်ကိုအုပ်၍ စင်ပေါ်မှ အလျင်စလို ထွက်ပြေးသွားလေသည်။သူ့၏ ငိုရှိုက်သံက ပရိတ်သတ်များ၏ နှလုံးသားများကိုပင် တင်းကျပ်လာစေသည်။


ပုဖန် ဒိုင်လူကြီးမင်းကို စွံ့အစွာဖြင့် ငေးစိုက်ကြည့်နေမိသည်။ထို့နောက် သူ့၏ ပြိုင်ဘက်ရှုံးရှီဆီရာသို့ လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးအောင် ပြုံးပြလိုက်သည်။


တခြားတစ်ဘက်တွင် ရှုံးရှီက လည်း အလွန်တရာ ဝမ်းနည်းနေပေသည်။သူရှုံးသွားခဲ့ပြီ သူတကယ်ကို ရှုံးသွားခဲ့ပြီ။သူပုဖန်ကို လှမ်းကြည့်မိလိုက်သည့်အခါ၌ သူနှလုံးသားထဲ၌ ဝမ်ူနည်းမှုများပြန်လည်ပြည့်နှက်လာပြန်သည်။


"ငါမင်းကို မြင်တဲ့အခါတိုင်း ငါ့ရဲ့ ဝက်ဝံကြီးကို သတိရမိတယ်..."


ရှုံးရှီပြောလိုက်ပြီးနောက် မျက်ရည်စက်လက်ဖြင့် ငိုယိုထွက်ပြေးသွားလေသည်။ပြိုင်ပွဲစင်ပေါ်၌ အံ့အားတသင့်ကြောင်အနေသောပုဖန်တစ်ယောက်တည်း သာ ကျန်ခဲ့လေသည်။


"ဘာတွေဖြစ်သွားလဲဆိုတာ ငါ့ကို တစ်ယောက်ယောက်များ ပြောပြပေးနိုင်မလား..."


"ဝမ်..."


ရုတ်တရက် ပုဖန်၏စိတ်ထဲ၌ တည်ကြည်လေးနက်သော အသံတစ်သံထွက်ပေါ်လာသည်။ထိုအသံက သူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော စနစ်၏ အသံဖြစ်သည်။


"တိမ်ခိုးစားသောက်ဆိုင်၏ ဂုဏ်သတင်းကို မြူကောင်းကင်မြို့ တစ်ခွင်ပြန့်နှံ့နေစေခြင်း...ယာယီမစ်ရှင် ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ် ပိုင်ရှင်...ရရှိတဲ့ဆုကို စတင်ဖော်ပြပါတော့မယ်..."